← Chapters

“မီးလျှံများအတွင်းမှ သမာဓိတရားကို သင် အနည်းငယ် သဘောပေါက်နားလည်သွားပါပြီ”

Vol. 6 Ch. 56

“မီးလျှံများအတွင်းမှ သမာဓိတရားကို သင် အနည်းငယ် သဘောပေါက်နားလည်သွားပါပြီ”

Vol. 6 Ch. 56

တန်ယွီခေါ် သူဌေးကြီးတန်၏ ခုနစ်ရက် ခုနစ်လီ (၄၉ ရက်ပြည့်) အလှူတော်ကို အလွန်ခမ်းနားစွာ ကျင်းပခဲ့သည်။

မီးရှို့လိုက်သော စက္ကူပြာများမှာ နှင်းပွင့်များကဲ့သို့ ကောင်းကင်ယံတစ်ခွင်လုံး ပျံ့နှံ့နေပြီး အမွှေးတိုင်နံ့နှင့် စက္ကူပြာနံ့များကို သုံး၊လေး၊ငါးမိုင်အကွာကပင် ရနိုင်ပေသည်။ အသုဘပို့ဆောင်သည့် စီတန်းလှည့်လည်မှုမှာလည်း နဂါးကြီးတစ်ကောင်သဖွယ် ရှည်လျားလှသည်။ မျိုးဆက်ပြတ်လုနီးပါး အကြိမ်ကြိမ် ကြုံခဲ့ရသော တန်မိသားစုတွင် ထိုနေ့၌ ဝမ်းနည်းပူဆွေးကြသည့် သားမြေးမြစ် အရေအတွက်မှာ တစ်ရာ၊ နှစ်ရာခန့် ရှိနေခဲ့လေသည်။

တန်ဝမ်ကျဲသည်လည်း လာသမျှလူတိုင်းကို ကြိုဆိုခဲ့သည်။ အရှေ့ရွာမှ ချန်ပိုင်သဖြစ်စေ၊ မြို့ထဲမှ အရက်သမားကြီးဟွားဖြစ်စေ ကူညီရန် ရောက်လာသူမှန်သမျှကို မနှင်ထုတ်သည့်အပြင် သူတို့ စားသောက်သွားခြင်း သို့မဟုတ် ပစ္စည်းများ ယူဆောင်သွားခြင်းကိုလည်း စိတ်မဆိုးခဲ့ပေ။

စားသောက်စရိတ်နှင့် အခြေခံလိုအပ်ချက်များက ဘယ်လောက်ကုန်မှာမို့လို့လဲ။ ထို့ပြင် ဤလူများ ငွေရပြီး မြို့ထဲ၌ ပြန်သုံးစွဲသည့်အခါ သူတို့၏ နေ့စဉ်လိုအပ်ချက်များမှာ သူဌေးကြီးတန်၏ လုပ်ငန်းများနှင့် မလွတ်ကင်းနိုင်ပေ။ ထိုငွေများသည် နောက်ဆုံးတွင် တန်ဝမ်ကျဲ၏ အိတ်ကပ်ထဲသို့သာ ပြန်လည်ရောက်ရှိလာမည် ဖြစ်သည်။ သူတို့က ခေတ္တခဏ ကိုင်ထားပေးရုံသာ ရှိပြီး လက်ထဲမှာတောင် နွေးအောင် ကိုင်ထားနိုင်မည် မဟုတ်ပေ။

စားသောက်ခြင်း၊ လောင်းကစားလုပ်ခြင်းနှင့် ပြည့်တန်ဆာရုံသွားခြင်းတို့အတွက်မူ စိုးရိမ်စရာမလိုပေ။ သူတို့သည် ဤငွေအနည်းငယ်ဖြင့် ထိုနေရာများသို့ ဝင်ခွင့်ပင် ရမည်မဟုတ်ပေ။ အလွန်ဆုံးရှိမှ သူတို့၏ ဝမ်းဗိုက်ကို ခေတ္တခဏဖြည့်ဆည်းပေးနိုင်ရုံသာ ရှိသည်။

၄၉ ရက်ပြည့် အလှူပြီးနောက်တွင်တော့ နှစ်ပတ်လည်နေ့များ၊ ချင်းမင်ပွဲတော်နှင့် အခြားသော ထူးခြားသည့် ရက်စွဲများတွင်သာ ပုံမှန်ကန်တော့ရန် လိုတော့သည်။

အထက်မှာရှိသူက စက္ကူငွေများ မှန်မှန်ရှို့ပေးနေသရွေ့ အောက်မှာရှိသူက ပြဿနာရှာမည် မဟုတ်ပေ။

တန်ဝမ်ကျဲသည် ကျူးအူမကြီးနှင့် “Hocus Pocus” ဇာတ်လမ်းမှ ဖြစ်ရပ်များကိုလည်း ခေတ္တဘေးဖယ်ထားလိုက်၏။ သူသည် သေမင်းတမန်များနှင့် ငွေကြေးအရ ဆက်ဆံမှု ရှိထားပြီးသားဖြစ်ရာ သူတို့ကို သွားရောက်ရန်စနေစရာ မလိုပေ။ ထို့ပြင် တစ္ဆေဖမ်းခြင်းမှာ သူတို့၏ တာဝန်ဖြစ်ပြီး လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်နေခြင်းဖြစ်ရာ သူ ဝင်ရောက်စွက်ဖက်ရန်လည်း အကြောင်းမရှိပေ။

နေ့စဉ်နေ့တိုင်း သူသည် ကျန်းမာရေးလေ့ကျင့်ခန်း လုပ်ခြင်း၊ စိတ်ဓာတ်ကို လေ့ကျင့်ခြင်းနှင့် စီးပွားရေးကိစ္စများကို ကိုင်တွယ်ခြင်းတို့ဖြင့်သာ အချိန်ကုန်ဆုံးစေခဲ့သည်။ ရက်အနည်းငယ် ဆက်တိုက် သူဌေးကြီးဘဝဖြင့် နေထိုင်ရသည်မှာ အတော်လေးသက်သောင့်သက်သာ ရှိလှသည်။ တစ်ခုတည်းသော ပြဿနာမှာ အဲကွန်းမရှိခြင်းပင်။

ဧပြီနှင့် မေလ၏ ရာသီဥတုမှာ စိုထိုင်းဆများပြီး အလွန်အမင်း အိုက်စပ်လှ၏။ ပြဇာတ်ကြည့်ခြင်း၊ လက်ဖက်ရည်သောက်ခြင်း၊ ငှက်များနှင့် မျောက်များကို ကစားပေးခြင်းတို့မှအပ သူသည် အခြားသော ညစ်ပတ်နံစော်သည့် ဝါသနာဆိုးများ မရှိပေ။ ညဘက် လည်ပတ်ခြင်းပင် မရှိဘဲ ကျန်းမာရေးလိုက်စားသော ရေသေ့တစ်ပါးကဲ့သို့ ရိုးရှင်းစွာ နေထိုင်ခဲ့ပေသည်။

[သင်၏ ကြိုးစားအားထုတ်မှုဖြင့် ရုတ်တရက် ရရှိလာသည့် အသိဉာဏ်ကြောင့် သင်၏ ‘မီးထိန်းချုပ်ခြင်း’ စွမ်းရည်ဟာ အဆင့်မြင့်သွားပါပြီ။ ယခု သင်သည် မီးလျှံများအတွင်းရှိ သမာဓိတရားကို အနည်းငယ် သဘောပေါက် နားလည်သွားပါပြီ။]

တန်ဝမ်ကျဲ ချက်ချင်း ရပ်လိုက်သည်။ သူ “မီးထိန်းချုပ်ခြင်း” ကို ပြန်ကြည့်လိုက်သောအခါ အတွေ့အကြုံဘားမှာ ပျောက်ကွယ်သွားပြီး ၎င်း၏နောက်တွင် စာသားအသေးလေးတစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရလေသည်။

စွမ်းရည်: မီးထိန်းချုပ်ခြင်း အဆင့် ၂၊ မန်နာကုန်ဆုံးမှု: ၅/၁စက္ကန့် (မီးလျှံများအတွင်းမှ သမာဓိတရားကို သင် အနည်းငယ် သဘောပေါက်နားလည်သွားပါပြီ။)

မီးလျှံများအတွင်းမှ သမာဓိတရားဟုတ်လား။

ဒါက မျောက်မင်းကို မျက်ရည်ကျအောင် လုပ်ခဲ့တဲ့ နီကျားရဲ့ သမာဓိ အစစ်အမှန်မီးတောက်တော့ မဟုတ်တာ သေချာတယ်။

သို့သော် တန်ဝမ်ကျဲသည် ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သွားသလို ခံစားလိုက်ရ၏။ သူ၏လက်ချောင်းကို တစ်ချက်တောက်လိုက်ရာ သဘာဝအတိုင်း ဖြစ်ပေါ်လာသည့်အလား လက်ချောင်းထိပ်မှ မီးတောက်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် မီးသုံးမျိုးဖြစ်သော နှလုံးမှ ‘ဘုရင်မီး’၊ ကျောက်ကပ်မှ ‘ဝန်ကြီးမီး’ နှင့် ဆီးအိမ်မှ ‘ပြည်သူ့မီး’ တို့ ပေါင်းစပ်သွားခြင်း ဖြစ်သည်။

ဤစွမ်းရည်မှာ အလွန်အမင်း အစွမ်းထက်လှသည်တော့ မဟုတ်ပေ။ ဦးလေးကျိုးသည် လက်ဖဝါးကို လှန်လိုက်ရုံဖြင့် အဆောင်လက်ဖွဲ့အား မီးတောက်စေသည်ကို သူ ခဏခဏ မြင်ဖူးသည်။ ၎င်းမှာ သာမန်မျက်လှည့်ပြကွက်တစ်ခုမျှသာ ဖြစ်နိုင်သည်။ သို့သော် ဆရာရှိခြင်းနှင့် ဆရာမရှိဘဲ ကိုယ့်ဘာသာ သင်ယူခြင်းမှာ အလွန်ကွာခြားလှ၏။ သူသည် မြစ်ကို ဖြတ်ကူးရာတွင် ကျောက်တုံးများကို စမ်းနင်းကယ ကိုယ့်အားကိုယ်ကိုးပြီး စနစ်မှ အမှတ်များပေါင်းထည့်ကာ လေ့ကျင့်ခဲ့ရခြင်း ဖြစ်သည်။

“ဒါက ငါ ဒီစွမ်းရည်ကို အကန့်အသတ်အထိ လေ့ကျင့်ပြီးပြီမို့ ထပ်ပြီး တိုးတက်လို့မရတော့ဘူးလို့ ဆိုလိုတာပဲ။”

သူ ထပ်မံလေ့ကျင့်ကြည့်သောအခါ “မီးထိန်းချုပ်ခြင်း” မှာ တိုးတက်မှု အမှတ်များ ထပ်မရတော့ပေ။

တန်ဝမ်ကျဲသည် သူ၏ လေ့ကျင့်မှုကို ဓားလက်ချောင်းနှင့် မော်ရှန်း ကျန်းမာရေးလက်သီးသိုင်းကျင့်စဉ်တို့ဆီသို့ ချက်ချင်း ပြောင်းလဲလိုက်သည်။ နည်းစနစ်တစ်ခုနှင့် လက်သီးပုံစံတစ်ခုကို တွဲဖက်လေ့ကျင့်ခြင်းဖြင့် ကျွမ်းကျင်မှု အဆင့်မြင့်လာပါက အခြားသော အသိအမြင်သစ်များကို ရရှိလာမည်မှာ သေချာပေသည်။

နောင်အနာဂတ်တွင် သူသည် စွမ်းရည်များ ပိုမိုသင်ယူရုံသာမက လောဘကြီးကြီးဖြင့် များများသင်ယူသင့်သည်ဟု သူတွေးလိုက်မိ၏။ အကယ်၍ သူသာ ထာဝရနုပျိုခြင်းကို တစ်နည်းနည်းဖြင့် နားလည်သွားခဲ့လျှင် သူ၏ဘဝမှာ ပြည့်စုံသွားပေလိမ့်မည်...။

နံနက်စောစောတွင် တန်ဝမ်ကျဲသည် သူ၏ကြက်ဖကြီးကို အရင်သွားကြည့်လိုက်သည်။

သူသည် ထိုကြက်ဖကြီးအတွက် မယားကြီးသုံးယောက်နှင့် မယားငယ်လေးယောက် ဆိုလိုသည်မှာ ကြက်မ တစ်ဒါဇင်ကျော်ကို စီစဉ်ပေးထား၏။ ၎င်းသည် တန်အိမ်တော်ရှိ သီးသန့်ကြက်ခြံထဲတွင် နေ့တိုင်း မော်ကြွားစွာ လမ်းလျှောက်နေပြီး အစာရေစာလည်း အလျှံအပယ် ရရှိနေခဲ့သည်။ ကြည့်ရသည်မှာ တန်ဝမ်ကျဲထက်ပင် ချမ်းသာသော သူဌေးကြီးနှင့် ပိုတူနေသေးသည်။

ကြက်မွေးသော အမျိုးသမီး၏ ပြောပြချက်အရ နောက်ထပ် ရက်အနည်းငယ်ကြာလျှင် ကြက်မများ၏ ဥများမှ ကြက်ပေါက်လေးများ ထွက်လာတော့မည် ဖြစ်သည်။ ထိုအခါမှစ၍ ဥမှ ကြက်ဖြစ်၊ ကြက်မှ ဥဖြစ်ကာ စည်းစိမ်များ ပိုမိုတိုးပွားလာပေလိမ့်မည်။

တန်ဝမ်ကျဲသည် ပိုမိုချမ်းသာလာရန် စိတ်မဝင်စားပေ။ သူ စိတ်ဝင်စားသည်မှာ စနစ်ဈေးဆိုင်မှ ရလာသော ဤကြက်ဖမျိုးဆက်မှာ မျိုးရိုးလိုက်ခြင်း ရှိ၊ မရှိဆိုသည်ကိုပင်။ အကယ်၍ မျိုးရိုးလိုက်ပါက သူ၏ကြက်မှာ အလွန်ကောင်းမွန်သော မျိုးစိတ်ဟု သတ်မှတ်နိုင်ပေသည်။ ကြက်ခြံတစ်ခုဖွင့်ပြီး ကြက်ပေါက်များ ရောင်းရုံဖြင့်ပင် သူသည် အလွန်အမင်း ချမ်းသာလာနိုင်၏။

ယနေ့တွင် သူဌေးကျောက်သည် ဝိုင်ချက်စက်ရုံလုပ်ငန်းအကြောင်း ဆွေးနွေးရန် သူ့ကို ထပ်မံဖိတ်ကြားထားခဲ့သည်။ သူ ရောက်ရှိနေပြီဖြစ်သော်လည်း တစ်ဖက်လူမှာ ပေါ်မလာသေးပေ။

“ဦးလေး မင်္ဂလာနံနက်ခင်းပါ။ စီးပွားရေးအကြောင်း ပြောဖို့ လာတာလား။”

သူ လက်ဖက်ရည်ဆိုင်တွင် ထိုင်လိုက်သည်နှင့် အန်နီက သူ့အနားသို့ တိုးကပ်လာခဲ့၏။ သူမသည် အမှန်တကယ်ကို စွဲမြဲသည့်အလှတစ်ပါးဟု ပြောရပေလိမ့်မည်။ တန်ဝမ်ကျဲက သူမကို သူ၏တူမဟု နောက်ပြောင်ခဲ့သည်ကို အန်နီက တကယ်မှတ်ကာ သူ့ကို ဦးလေးဟု ဆက်တိုက်ပင် ခေါ်နေတော့သည်။

အန်နီက ဘယ်လောက်တောင် ရဲတင်းလိုက်သလဲ။

ရုပ်ရှင်ထဲတွင် ဘုရားကျောင်း ပြန်ဖွင့်သည့်အခါ အလှူငွေထည့်သူမှန်သမျှကို သူမက အနမ်းပေးခဲ့သည်။ သူမက အလှူငွေအတွက် ဆုလာဘ်ကို ချက်ချင်းပေးခြင်း ဖြစ်သည်။

ထို့ပြင် သူမကိုယ်သူမ ငါးစာအဖြစ် အသုံးချပြီး ဦးလေးကျိုး၏ ရုပ်ရှင်ဇာတ်လမ်းများထဲတွင် ဦးလေးကျိုး၏ အစောင့်အရှောက်အောက်၌ ရှိနေသည့် တပည့်တစ်ဦးကို ဒုက္ခပေးနိုင်ခဲ့သည့် တစ်ဦးတည်းသော အမျိုးသမီးဖုတ်ကောင်လည်းဖြစ်၏။ သူမ၏ မှတ်တမ်းမှာ ခိုင်မာလှပေသည်။

ဒေသခံ လူကုံထံ ဆိုင်ရှင်ချွန်သည်လည်း အလွန်ပါးနပ်သူ ဖြစ်သည်။ တန်ဝမ်ကျဲသည် ပုလဲဆွဲကြိုးများအား ကြည့်ရသည်ကို အလွန်သဘောကျသည်ဟု သူ တစ်နည်းနည်းဖြင့် ကြားသိထားရာ တန်ဝမ်ကျဲ လက်ဖက်ရည်သောက်လာတိုင်း သူ၏သမီး အန်နီကို ထိုပုလဲများ ပြသရန် လွှတ်လိုက်လေ့ရှိသည်။

သို့သော် တန်ဝမ်ကျဲသည် သကာကိုသာ စားပြီး အမြောက်ဆန်ကိုတော့ ဘယ်တော့မှ မျိုချမည့်သူမဟုတ်ပေ။

အန်နီက ယဲ့မိသားစုမှ သားကြီးနှင့် ရင်းနှီးသည်။ သူတို့နှစ်ဦးမှာ ချစ်သူများ မဟုတ်ကြသော်လည်း တွေ့သည့်အခါ ပါးချင်းအပ် နမ်းလေ့ရှိကြ၏။ သူမ နိုင်ငံခြားမှာရှိစဉ်က ဘယ်လောက်တောင် ရဲတင်းခဲ့သလဲဆိုသည်ကို မည်သူသိနိုင်မည်နည်း။ သူမသည် ကမ္ဘာကြီးကို မြင်ဖူးပြီး အဖြူရောင်နှင့် အမည်းရောင် ချောကလက်မျိုးစုံကို မြည်းစမ်းဖူးသူပင် ဖြစ်နိုင်ပေသည်။ ရူယီဂေဟာမှ ရှောင်ချွေ့ပင်လျှင် သူမထက် ပို၍ စင်ကြယ်နိုင်သေးသည်။ ထို့ကြောင့် တန်ဝမ်ကျဲသည် အမြဲတမ်း အချိန်မီ ရပ်တန့်လေ့ရှိပြီး ပုလဲဆွဲကြိုးကိုသာ ငေးမောကာ ကမာခွံကိုဖွင့်၍ ပုလဲယူရန်တော့ မကြိုးစားပေ။

“ဟုတ်တယ်...စီးပွားရေး အပေးအယူသေးသေးလေး တစ်ခုပါပဲ။”

တန်ဝမ်ကျဲက ခေါင်းညိတ်ရင်း သူမ၏စကားကို တုံ့ပြန်လိုက်သည်။

အန်နီက ထိုစီးပွားရေးများကို နားမလည်ပေ။ အမှန်တော့ သူမသည် ငွေကို သိပ်စိတ်မဝင်စားဘဲ လွတ်လပ်မှုနှင့် ရိုမန်တစ်ဆန်မှုကိုသာ နှစ်သက်သူဖြစ်သည်။ သူမဖခင်က တန်ဝမ်ကျဲနှင့် ပိုမိုထိတွေ့ရန် ပြောထားသဖြင့် သူမကလည်း မနေသာဘဲ သဘောတူခဲ့ခြင်း ဖြစ်သည်။ ဤဦးလေးဖြစ်သူက စကားဖြင့်သော်လည်းကောင်း၊ ခန္ဓာကိုယ်ဖြင့်သော်လည်းကောင်း ကျီစယ်တတ်သော်လည်း အမြဲတမ်း အကန့်အသတ်တစ်ခုမှာ ရပ်တန့်သွားကာ ပိုမိုနက်ရှိုင်းသော ဆက်ဆံရေးဆီသို့ ဦးတည်မသွားသည်မှာ နှမြောစရာပင်။

နောက်ပိုင်းတွင် သူသည် သူ၏ဦးလေးသေဆုံးမှုကြောင့် လူသစ်စိတ်သစ်ဖြင့် ပြုပြင်ပြောင်းလဲနေသည်ဟု ကြားလိုက်ရသောအခါ သူမသည် တန်ဝမ်ကျဲမှာ ရွှေရောင်ဝင်းပနေပြီး ဆွဲဆောင်မှုအပြည့် ရှိနေသည်ဟု ချက်ချင်းပင် ခံစားလိုက်ရလေသည်။

တန်ဝမ်ကျဲ၏ ပြင်းအားများမှာ မကြာသေးမီက အလွန်ပြင်းထန်နေခြင်းဖြစ်သည်။ သူသည် လူမသတ်လျှင် လူသားများအား ဖန်တီးရပေမည် (ကလေးရအောင်လုပ်ရမည်)။ ထိုကဲ့သို့ လှပနုနယ်သည့်အရာများကို ကြည့်ရသည်မှာ သူ၏စိတ်ကို ထိန်းချုပ်ရန် ခက်ခဲစေသဖြင့် သူသည် တစ်ချက်သာကြည့်ကာ မျက်နှာလွှဲလိုက်၏။

စစ်မှန်သော လူကြီးလူကောင်းတစ်ဦးက ဘယ်တော့မှ ခိုးမကြည့်ပေ။

တန်ဝမ်ကျဲက မကြည့်ချင်သော်လည်း အန်နီကတော့ တကယ်ပြချင်နေခဲ့သည်။ သူမသည် သူ၏ရှေ့တွင် ရင်ဘတ်ကို မို့လိုက်ပြီး လက်ဖက်ရည်ငှဲ့ပေးရန် ကိုင်းချလိုက်လေသည်။

အခြေအနေက ဒီလိုဖြစ်နေမှတော့ သူလည်း ကြည့်လိုက်ရုံပဲပေါ့။

တန်ဝမ်ကျဲ၏ အားနည်းချက်မှာ ငြင်းပယ်ရမည်ကို မသိရှိခြင်းပင် ဖြစ်သည်။

‘ဝိုး...’

“သူဌေးတန် ကျုပ်လာတာ နောက်ကျသွားတယ်။”

သူဌေးကျောက် လျှောက်ဝင်လာပြီး တန်ဝမ်ကျဲကို နှုတ်ဆက်လိုက်သော်လည်း သူ၏မျက်လုံးများမှာမူ အန်နီဆီသို့သာ ရောက်သွားခဲ့၏။

ဤအမူအရာ၊ ဤကိုယ်လုံးကိုယ်ပေါက်မျိုးမှာ ပြည့်တန်ဆာရုံမှ မိန်းမများ ဘယ်လိုမှ တုပ၍မရနိုင်ပေ။ သူမတွင် လောကီအငွေ့အသက် ရှိသော်လည်း ထိုလုပ်ငန်း၏ အနံ့အသက်မျိုးတော့ မရှိပေ။ သူမသည် ပွင့်လင်းရဲတင်းသော်လည်း တစ်ဖက်တွင်လည်း ရှက်ရွံ့သော အမူအရာ ရှိနေပေသည်။ သူဌေးကျောက်မှာ သူမကိုကြည့်ရင်း သွားရည်တမျှားမျှားကျနေတော့သည်။

သို့သော် သူမသည် တန်ဝမ်ကျဲ၏ ဘေးပတ်လည်တွင်သာ တဝဲလည်လည်လုပ်နေသည်ကို မြင်သောအခါ သူ စိတ်ပျက်သွားခဲ့၏။ ငွေရှိလျှင် ဘာမဆို ရနိုင်သည် မဟုတ်ပါလား။ မိန်းမတင်မကဘဲ အမျိုးသားများကိုပင် စိတ်ကြိုက် လဲလှယ်နိုင်သည်လေ။

ထိုအရာကိုမြင်သောအခါ အန်နီသည် သူတို့စကားပြောခြင်းကို မနှောင့်ယှက်ရဲတော့ဘဲ နောက်သို့ ဆုတ်ပေးလိုက်လေသည်။

ထို့နောက် နှစ်ဦးသား ဝိုင်ချက်စက်ရုံလုပ်ငန်းအကြောင်း ဆွေးနွေးလိုက်ကြသည်။ အမှန်တော့ တန်ဝမ်ကျဲသည် သူဌေးကျောက်မှာ ဆက်လက်တောင့်ခံနိုင်စွမ်း မရှိတော့သည်ကို သိထားခဲ့၏။ သူသည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း တစ္ဆေနှင်ရန် လူအများအပြားကို ရှာဖွေခဲ့မှာ သေချာပေသည်။ အတည်ပြုချက် မရသေးသော်လည်း မအောင်မြင်ခဲ့သည်မှာတော့ ခန့်မှန်းရုံဖြင့်ပင် သိနိုင်သည်။

“ငွေနှစ်ထောင်။”

တန်ဝမ်ကျဲက လက်နှစ်ချောင်း ထောင်ပြကာ လိုရင်းကို တိုက်ရိုက်ပြောလိုက်၏။

ထို့ပြင် သူသည် ဘာမှမစုံစမ်းဘဲ နေခဲ့သည် မဟုတ်ပေ။ သူဌေးကျောက်၏ ဝိုင်ချက်စက်ရုံ၌ သရဲခြောက်ခြင်းမှာ သူ၏ လူမဆန်သော လုပ်ရပ်များနှင့် ဆက်စပ်နေခြင်းဖြစ်သည်။ ဝိုင်ချက်စက်ရုံကို ရောင်းမရရုံတင်မကဘဲ ရောင်းလိုက်ရလျှင်ပင် သူဌေးကျောက်မှာ အသက်ရှည်ရှည် နေရမည် မဟုတ်ပေ။

ရှောင်ယွီ လာလည်ခဲ့စဉ်ကလည်း စက်ရုံမှ သရဲမှာ သူမထက် အများကြီး ပိုကြမ်းသည်ဟု ပြောခဲ့ဖူးသည်။ ရှောင်ယွီက ဖျားနာပြီး သေဆုံးခဲ့ခြင်း ဖြစ်သော်လည်း စက်ရုံမှ သရဲမမှာမူ နာကြည်းချက် အာဃာတများစွာဖြင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။

“အရင်က သုံးထောင်လို့ပြောထားပြီးသားလေ။ သူဌေးတန်...ခင်ဗျားက ကျုပ်ရဲ့ အခက်အခဲကို အခွင့်ကောင်းယူနေတာပဲ။”

“ဟုတ်တယ် ကျုပ်က ခင်ဗျားရဲ့ အခက်အခဲကို အခွင့်ကောင်းယူနေတာပဲ။”

တန်ဝမ်ကျဲက ခေါင်းငြိမ့်ပြလိုက်သည်။

“နှစ်ထောင့်ကိုးရာ... အခုချက်ချင်း လက်မှတ်ထိုးပေးမယ်။”

“တစ်ထောင့်ကိုးရာ၊ ငွေကို ဒီနေ့ချက်ချင်း ပေးမယ်။”

“ဘာလို့ ထပ်လျော့သွားတာလဲ။”

သူဌေးကျောက်က မေးလိုက်သည်။

“အတင်းအကျပ် လုပ်တဲ့ အပေးအယူက တန်ဖိုးမရှိဘူးလေ။”

တန်ဝမ်ကျဲသည် လက်ဖက်ရည်ကို တစ်ငုံသောက်ကြည့်ကာ မျက်မှောင်ကျုံ့လိုက်၏။ သူသည် စားပွဲပေါ်ရှိ မုန့်များကို ကြည့်လိုက်ရင်း ဤဆိုင်မှာလည်း အနောက်တိုင်း စားသောက်ဆိုင်အဖြစ် ပြောင်းလဲရန် ကြိုးစားနေသည့် လမ်းမှားရောက်နေသော ဆိုင်ဟောင်းတစ်ဆိုင် ဖြစ်နေခဲ့ပြန်သည်။

“နှစ်ထောင့်ငါးရာ။”

“တစ်ထောင့်ငါးရာ။”

“ထားလိုက်တော့ဗျာ...နှစ်ထောင်ပဲ ထားပါတော့။”

သူဌေးကျောက်က စားပွဲကို ချက်ချင်း ရိုက်လိုက်၏။

“ဂုဏ်ယူပါတယ် သူဌေးတန်။ နောင်အနာဂတ်မှာ စည်းစိမ်တွေ အရပ်မျက်နှာ ပေါင်းစုံကနေ စီးဝင်လာပါစေ။”

“ဟားဟားဟား.... ခင်ဗျားလည်း အတူတူပါပဲ။”

တန်ဝမ်ကျဲက သူ၏တူကို ချလိုက်သည်။

သူဌေးကျောက်က သူသည် ပူလောင်လှသော ပြဿနာတစ်ခုကို နောက်ဆုံးတော့ လွှင့်ပစ်နိုင်ခဲ့ပြီဟု တွေးနေသော်လည်း တန်ဝမ်ကျဲကတော့ အနည်းဆုံး ငွေတစ်သောင်း တန်ဖိုးရှိသော ဝိုင်ချက်စက်ရုံတစ်ခုကို ငွေနှစ်ထောင်တည်းဖြင့် ရလိုက်ပြီဟု တွေးနေခဲ့လေသည်။

တန်မိသားစုမှာ ဤစီးပွားရေး အင်ပါယာကို တည်ဆောက်ရန် မျိုးဆက်ပေါင်းများစွာ ကြိုးစားခဲ့ရပြီး တစ်နှစ်တာ အသားတင် အမြတ်မှာပင် သောင်းဂဏန်းအချို့သာ ရှိနိုင်ခဲ့သည်။ ယနေ့တွင်တော့ သတင်းအချက်အလက် ကွာဟမှုကို အသုံးချကာ သရဲခြောက်သည့် စက်ရုံကို ရယူခဲ့ခြင်းဖြင့် အမြတ်အစွန်း အမြောက်အမြား ရရှိခဲ့လေပြီ။ ဤအချက်က တန်ဝမ်ကျဲအား ချမ်းသာရန်အတွက် သရဲခြောက်သော အိမ်များကိုသာ လိုက်လံဝယ်ယူသည့် အလုပ်သို့ ပြောင်းလဲလုပ်ကိုင်ချင်စိတ်ပင် ပေါက်သွားစေခဲ့သည်။

“ဒါဆိုရင် ရှီကျန့်ကို ဖိတ်ခေါ်ဖို့အတွက် အကောင်းဆုံး အကြောင်းပြချက် ရသွားခဲ့ပြီပေါ့။”

ဝိုင်ချက်စက်ရုံ တည်ရှိရာ ကျိုးချွမ်မြို့ရှိ ဘုရားကျောင်းတွင် သာမန်လူများ မကိုင်တွယ်နိုင်သော နှစ်မျိုးစပ်ဖုတ်ကောင်တစ်ကောင် ရှိနေသည်ကို သူမှတ်မိပေသည်။ သို့သော် ရှီကျန့်သာ လာခဲ့လျှင်တော့ အခြေအနေက ပြောင်းလဲသွားနိုင်သည်။

ထိုဘုရားကျောင်းမှာ သူ၏ မှတ်ဉာဏ်ထဲကအတိုင်း ဟုတ်၊ မဟုတ်တော့ ပြောရန် ခက်နေသေးသည်။ ဦးလေးကျိုး သို့မဟုတ် ဦးလေးကျန့် မရောက်မချင်း သူသည် ဝေးဝေးက ရှောင်နေရန်သာ ဆုံးဖြတ်ထားလိုက်၏။ အရာအားလုံးမှာ ဘေးကင်းရေးအတွက် ပင်။ ထမင်းကောင်းလျှင် နောက်ကျမှ စားရလည်း ကိစ္စမရှိပေ။ သူတို့သည် နှစ်ပေါင်းများစွာ အေးအေးချမ်းချမ်း နေလာခဲ့ကြရာ နောက်ထပ် အနည်းငယ် စောင့်ရခြင်းက ဘာမှမဖြစ်ပေ။

ဝိုင်ချက်စက်ရုံက ငွေရစေမည်၊ ရှီကျန့်ကိုလည်း တွေ့ရမည်၊ ထို့ပြင် ဖုတ်ကောင်ဘီ၏ ဘေးအန္တရာယ်ကိုလည်း ဖယ်ရှားနိုင်မည်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်မက သုံးချက်ပြတ်ပင် ဖြစ်သွားပေဦးမည်။

ထိုအရာကို တွေးလိုက်မိသောအခါ တန်ဝမ်ကျဲ စိတ်ဓာတ်များ တက်ကြွလာခဲ့သည်။ ရုတ်တရက်ဆိုသလို လက်ဖက်ရည်ဆိုင်၏ အနောက်တိုင်းလည်းမကျ၊ တရုတ်လည်းမကျသော နံနက်စာမှာ သူ၏ အကြိုက်နှင့် ကိုက်ညီနေသလိုပင် ခံစားလိုက်ရပြီး မုန့်တစ်ဆင့်ပင် ထပ်တိုးစားလိုက်မိလေသည်။

သို့သော် ရှီကျန့်ကို ရှာရန်မှာ မလွယ်ကူလှပေ။ ထိုလူမှာ အတည်တကျ နေထိုင်သူ မဟုတ်ပေ။ အစောပိုင်းက ရှောင်ယွီ၏ပြောပြချက်အရ သူသည် ကွမ်းရှီမှာ ရှိနေသည်ဟုဆိုသော်လည်း ယခု ဘယ်ရောက်နေသည်ကို မသိရသေးပေ။ ယနေ့ည ရှောင်ယွီကို ဆင့်ခေါ်ပြီး ထပ်မေးရပေမည်။

အကယ်၍ ရှောင်ယွီသာ အလှပြင် Filter ကို မသုံးထားလျှင် သူ အမှန်တကယ် မကြည့်ရဲပေ။ သူ၏ စိတ်ပိုင်းဆိုင်ရာကို ကြိုတင်ပြင်ဆင်ထားရန် လိုပေသည်။

သူ ထွက်ခွာတော့မည့် အချိန်တွင် အန်နီက ထပ်မံရောက်ရှိလာပြီး သူမသည် ဤနေရာတွင် လူသစ်ဖြစ်ပြီး ပတ်ဝန်းကျင်ကို မကျွမ်းကျင်သေးသဖြင့် ညဈေးတွင် ဒေသထွက် မုန့်များ သွားစားရန်အတွက် သူ့ကို ဖိတ်ခေါ်လာခဲ့သည်။

မင်းက မကျွမ်းကျင်ဘူးဆိုတော့ ငါကရော ကျွမ်းကျင်နေလို့လား။ မုန့်စားချင်တာလား။ မင်းက ကြက်သား စားချင်တာပဲ ဖြစ်ရမယ်။

တန်ဝမ်ကျဲက ချက်ချင်းပင် ခေါင်းငြိမ့်ကာ သဘောတူလိုက်သည်။ ညဈေးသွားခြင်းမှာ ပြဿနာမရှိပေ။ ခေတ်သစ်လူသားတစ်ဦးအနေဖြင့် သူသည် မှောင်လျှင် အိပ်ပြီး လင်းလျှင် နိုး၏။ ထို့ပြင် သူ၏ လေ့ကျင့်ရေး ‘Cheat’ ကြောင့် အချိန်ကုန် သက်သာပြီး နေ့တိုင်း အားလပ်ချိန်များစွာ ရှိပေသည်။ ဤသည်မှာ အချိန်ဖြုန်းရန် နည်းလမ်းကောင်းတစ်ခု ဖြစ်သော်လည်း သည်ည အန်နီကိုတော့ အချိုပေးမည်မဟုတ်ဟု သူ စိတ်ပိုင်းဖြတ်ထားလိုက်သည်။

မွန်းလွဲပိုင်းတွင် စာချုပ်များ လက်မှတ်ထိုးကာ ပိုင်ဆိုင်မှုများ လွှဲပြောင်းခဲ့သည်။ ကျိုးချွမ်မြို့မှ ဝိုင်ချက်စက်ရုံမှာ တန်ဝမ်ကျဲ၏ ပိုင်ဆိုင်မှု ဖြစ်လာခဲ့သော်လည်း သူရော သူဌေးကျောက်ပါ စက်ရုံသို့ သွားကြည့်ရန် ဆန္ဒမရှိကြပေ။

မင်းလည်း သရဲရှိတာ သိတယ်၊ ငါလည်း သရဲရှိတာ သိတယ်။ လူတိုင်းက မသိချင်ယောင် ဆောင်နေကြတာပဲ။ ဘာလို့ အသက်အန္တရာယ် အဖြစ်ခံရမှာလဲ။

စံပြ ဗီလိန်နှစ်ဦး၏ အကြည့်ချင်းဖလှယ်မှုနှင့် ရယ်မောသံတို့ဖြင့် ကိစ္စမှာ ပြီးမြောက်သွားခဲ့သည်။

နေဝင်ရိုးရီအချိန်တွင် တန်ဝမ်ကျဲသည် ရှောင်ယွီကို ဆင့်ခေါ်ကာ ရှီကျန့်၏ တည်နေရာကို မေးမြန်းပြီးနောက် သူ့ကို ဖိတ်ကြားရန် လူလွှတ်လိုက်တော့၏။ ကံကောင်းထောက်မစွာပင် ရှီကျန့်မှာ ကွမ်းရှီမှ ပြန်လာနေသည့် လမ်းတွင် ရှိနေခဲ့လေသည်။

ရှောင်ယွီ၏ လူပြန်ဝင်စားရေး ကိစ္စအတွက်ကတော့...

ကောင်းပြီ၊ မကြာခင်ပေါ့...မကြာခင်လာမှာပါ။ မလောပါနဲ့။ လာပါ၊ မမလေးတုန်းကို ကိတ်မုန့်လေး ကျွေးပါရစေဦး။

All Chapters