သခင်ကြီးတန်က သရဲကို စစ်ဆေးမေးမြန်းချင်နေတယ်
Vol. 6 Ch. 57
တန်ဝမ်ကျဲသည် သူ၏ မော်ဆာပစ္စတိုကို ခါးကြားတွင် အသေအချာ ဝှက်သိမ်းရင်း ညဈေးတန်းထဲသို့ လျှောက်လှမ်းလာခဲ့သည်။ ဈေးတန်းတစ်ခုလုံး ဆူညံသံများဖြင့် စည်ကားနေပြီး ဆန်ပြုတ်ရောင်းသူ၊ ဇာတ်ကသူ၊ အရုပ်ပြဇာတ်ကစားသူနှင့် သကြားရုပ်လုပ်သူများ စသည်ဖြင့် စုံလင်လှပေသည်။
ဒါက တကယ်ကို အပြိုင်ကမ္ဘာတစ်ခုပါပဲ။
ဤကဲ့သို့ မြင်ကွင်းမျိုးမှာ သူ၏မူလကမ္ဘာမှ တရုတ်သမ္မတနိုင်ငံခေတ်ဦးမှာပင် တွေ့ရခဲလှ၏။ ၂၁ ရာစု အစောပိုင်းအကြောင်းကိုတော့ ပြောနေစရာပင် မလိုတော့ပေ။ လမ်းမှာ ပစ္စည်းပျောက်လျှင် ကောက်မည့်သူမရှိ၊ ညဘက်ဆိုလျှင်လည်း တံခါးပိတ်စရာမလိုဘဲ နေ့ဘက်အလုပ်ပြီးလျှင် ညဘက်တွင် စိတ်လွတ်ကိုယ်လွတ် လည်ပတ်နိုင်ကြသည်။ သူတို့မှာ ငွေရော၊ အားလပ်ချိန်ပါ ရှိကြ၏။
တန်ဝမ်ကျဲ မျက်တောင်တစ်ချက် ခတ်လိုက်စဉ် ကုက္ကိုပင်တစ်ပင်၏ နောက်ကွယ်တွင် ပုန်းကွယ်နေသော သရဲတစ်ကောင်ကို မြင်လိုက်ရလေသည်။ ၎င်း၏အကြည့်မှာ ထုံထိုင်းနေပြီး လူသားများ၏ အော်ရာကြောင့် ရှေ့သို့မတိုးရဲသော်လည်း အရုပ်ပြဇာတ်ကိုတော့ စိတ်ဝင်တစား ချောင်းကြည့်နေကြရှာ၏။
သရဲများနှင့် အတူယှဉ်တွဲနေထိုင်ရသည်မှာ ရှောင်လွှဲ၍မရသော်လည်း ဤကမ္ဘာရှိ သေမင်းတမန်များမှာ ယခင် သူရောက်ခဲ့သည့် ယင်နှင့်ယန် လောကနှစ်ခု ရှုပ်ထွေးနေသော လျှို့ဝှက်နယ်မြေနှင့်မတူဘဲ အတော်လေး ကြိုးစားအားထုတ်ကြပုံရသည်။
အခြေအနေအတော်များများတွင် တစ္ဆေများမှာ လူသားများကို ခုနစ်ဆယ်ရာခိုင်နှုန်းခန့် ကြောက်ရွံ့တတ်ကြသည်။
သူ တစ်ချက်လှမ်းကြည့်လိုက်သောအခါ ထိုထုံထိုင်းနေသော သရဲမှာ တစ်ခုခုကို ခံစားမိသွားပုံရပြီး ယိုင်တိုင်တိုင်ဖြင့် ထွက်ခွာသွားတော့သည်။
“ဦးလေး...”
ထိုစဉ် နူးညံ့ပြီး ညို့ယူဖမ်းစားနိုင်သော ခေါ်သံလေးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအသံမှာ အန်နီပင် ဖြစ်ရပေမည်။
တန်ဝမ်ကျဲသည် သူမ၏ ပုလဲဆွဲကြိုးများကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူမ၏ဘေးတွင် ရှိနေသော အခြားလူတစ်ဦးဖြစ်သူ ဒေးဗစ်ဆီသို့ အကြည့်ရွှေ့လိုက်သည်။
ငါနဲ့တွေ့တာတောင် အပိုဘီးတစ်လုံးပါအောင် ခေါ်လာရဲတယ်ပေါ့လေ။
ထိုစဉ် အန်နီက ချက်ချင်းပင် ရှင်းပြလာခဲ့သည်။
“ဒေးဗစ်နဲ့က လမ်းမှာ အမှတ်မထင် ဆုံမိခဲ့တာပါ။ သူက ကျွန်မတို့နဲ့ လိုက်မှာမဟုတ်ပါဘူး။”
ဒေးဗစ်မှာမူ စကားပင်မပြောရသေးခင် အန်နီ၏ ငြင်းပယ်ခြင်းကို ခံလိုက်ရသဖြင့် အံ့အားသင့်သွားခဲ့သည်။
ယနေ့တွင် သူသည် နိုင်ငံခြားပြန်တစ်ဦး၏ ခန့်ညားထည်ဝါမှုကို ဤတောရွာမှ မြေပိုင်ရှင်သူဌေးရှေ့တွင် ပြသချင်နေခြင်းဖြစ်၏။ သူ၏ အရှိန်အဝါနှင့် ပါရမီတို့ဖြင့် ဖိနှိပ်ကာ ‘မိန်းကလေးတွေက မင်းရုပ်ချောပြီး ချမ်းသာရုံနဲ့ သဘောကျမှာမဟုတ်ဘူး’ ဆိုသည်ကို သိအောင်လုပ်ပေးချင်နေခြင်းဖြစ်သည်။
လူဆိုတာက အောက်ခြေလွတ်လွန်းရင် မကောင်းဘူးလေ။
“သူဌေးတန်...။”
ဒေးဗစ်က တန်ဝမ်ကျဲအနားသို့ လျှောက်လာခဲ့သည်။ ဧပြီ၊ မေလ၏ အိုက်စပ်သော ရာသီဥတုဖြစ်သော်လည်း သူကတော့ ကုတ်အင်္ကျီအထူကြီးကို ဝတ်ထားပြီး ဆံပင်ကို ဆီများဖြင့် ပြောင်နေအောင် ဖိကပ်ကာ ဖြီးသင်ထားလေသည်။
“ဟမ် မစ္စတာဘစ် ဘာကိစ္စရှိလို့လဲ။”
တန်ဝမ်ကျဲက သူ၏အဝတ်အစားကို မလိုက်စဉ် ခါးကြားမှ မော်ဆာပစ္စတို၏ လက်ကိုင်မှာ အမှတ်မထင် ပေါ်ထွက်သွားခဲ့သည်။
အဝတ်အစားအသစ်များက အဟောင်းလောက် မသက်သောင့်သက်သာရှိလှပေ။ အတွင်းခံဘောင်းဘီလိုပဲ ကြာကြာဝတ်လေ ပိုသက်သောင့်သက်သာရှိလေပင်။
ထိုအခါ တစ်စုံတစ်ခု ပြောရန်ပြင်နေသော ဒေးဗစ်၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားပြီး ယဉ်ကျေးပျူငှာသော အပြုံးဖြင့် ပြောလိုက်၏။
“အန်နီပြောတာ မှန်ပါတယ်။ ကျုပ်က ဒီတိုင်း ဖြတ်သွားရုံပါပဲ။ လက်ဖက်ရည်ဆိုင်မှာ စီးပွားရေးကိစ္စ ပြောဖို့ရှိလို့လေ။ ကျုပ် ဖီးနစ်မျှော်စင်ရဲ့ ဆိုင်ပိုင်ရှင်အစ်မ၊ ယွမ်ယန်ဘိန်းခန်းပိုင်ရှင်နဲ့ ကာစီနိုပိုင်ရှင်တို့နဲ့ ချိန်းထားတာ ရှိပါသေးတယ်။ ကျုပ်ကို သွားခွင့်ပြုပါဦး။ ခင်ဗျားနဲ့ အန်နီတို့ ပျော်ပျော်ပါးပါး လည်ပတ်ကြပါ။”
သူက ကြွားချင်တာလား၊ မကြွားချင်တာလား မသိသော်လည်း ထွက်မသွားခင် သူနှင့်ပတ်သက်နေသည့် နာမည်ကြီးများကို စာရင်းဇယားနှင့်တကွ ရွတ်ပြသွားခဲ့သေးသည်။
“မင်းတို့ တစ်အုပ်စုတည်း ပေါင်းမိနေတာ မထူးဆန်းပါဘူး။ ငှက်ချင်းတူရင် အတူပျံကြတာပါပဲ။ ခိုးသားချင်းဆိုတော့လည်း အတူအောင်းကြမှာပေါ့။”
တန်ဝမ်ကျဲက အားနာမနေဘဲ ခပ်ပြတ်ပြတ်ပင် ပြောလိုက်၏။
အကုန်လုံးက အောက်တန်းစားတွေချည်းပါပဲ။ ဒါကိုများ သူ့ရှေ့မှာ လူကြီးလူကောင်းလိုလိုနဲ့ နာမည်လာရောင်းနေသေးတယ်။
ဒေးဗစ်ကတော့ သူသည် တစ်ဖက်လူကို ကြောက်၍မဟုတ်ဘဲ အန်နီ၏ရှေ့တွင် သူ၏ပုံရိပ်ကို ထိန်းသိမ်းနေခြင်းသာဖြစ်သည်ဟု ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်ရင်း ပြုံးလျက် ထွက်သွားခဲ့သည်။
“ကိုက်တတ်တဲ့ခွေးက အသံမထွက်ဘူး။”
တန်ဝမ်ကျဲသည် ဒေးဗစ်၏ ကျောပြင်ကို ကြည့်ကာ တွေးလိုက်၏။
ထိုလူသည် ဘိန်းရောင်း၏။ ယခုလည်း ပြည့်တန်ဆာရုံများ၊ ကာစီနိုမိားနှင့် ပတ်သက်နေပြန်ပြီ။ ဒေးဗစ်၏ အတ်ပညာများက အလကားပင်။ သူတစ်ယောက်တည်းကြောင့် ဤပတ်ဝန်းကျင်ရှိ မြို့ရွာများအပေါ် သက်ရောက်သည့် ဆိုးကျိုးများနှင့် ပျက်စီးသွားသော မိသားစုဝင်ဦးရေမှာ ဖုတ်ကောင်အကောင် ရာဂဏန်းထက်တောင် ပိုဆိုးပေဦးမည်။
အလုပ်ကောင်းတစ်ခုလုပ်ရင် လူတစ်ယောက်ကို ကယ်တင်နိုင်တယ်။
မကောင်းတဲ့လူတစ်ယောက်ကို သတ်ရင် လူတစ်သောင်းကို ကယ်တင်နိုင်တယ်။
ငါ့ရဲ့ သတ်ဖြတ်ခြင်းက လူတွေကို ကယ်တင်ဖို့ပဲ။ ဒါကမှ တကယ့် မဟာကရုဏာတရားပဲ။
အဲ့ဒါကြောင့် သူ့ကို ပစ်သတ်ဖို့ အကြောင်းပြချက်တစ်ခုခု ရှာရမယ်။
ဘေးနားတွင် ရှိနေသော အန်နီက တန်ဝမ်ကျဲ၏ လက်မောင်းကို ဆွဲကာ ပြုံးလိုက်၏။
“ဦးလေး ခုနက ဒေးဗစ်ကို တော်တော်ပြင်းပြင်းထန်ထန် စော်ကားလိုက်တာပဲနော်။ အဲဒါကရော ‘အသံထွက်တာ’ ထဲမှာ ပါလား။”
“ငါက ဝံပုလွေကွ...ကလေးမရဲ့။ ဝံပုလွေဆိုတာ အသားစားဖို့အတွက် မိုင်တစ်ထောင်ဝေးရင်တောင် ရောက်အောင်သွားတယ်။ ငါ့ကို အီးစားတဲ့ကောင်တွေနဲ့ လာမနှိုင်းစမ်းနဲ့။”
တန်ဝမ်ကျဲက သူမကို အသာပုတ်ကာ ပြောလိုက်သည်။
အပြင်ထွက်လည်ပတ်ရာတွင် အဖော်လုပ်ပေးသူမှာ တက်ကြွပြီး စိတ်ဝင်စားစရာကောင်းမှ ခရီးက ပျော်စရာကောင်းသည် မဟုတ်ပါလား။
ဈေးဝယ်တယ်၊ ငွေသုံးတယ်ဆိုတာ ဘာဝယ်လိုက်သလဲဆိုတာက အရေးမကြီးပါဘူး။ စိတ်ကျေနပ်ဖို့ပဲလိုတယ်။
စိတ်ကျေနပ်မှုပေးသည့်နေရာမှာတော့ အန်နီက ထိပ်တန်းဖြစ်၏။ သူမက ဘက်စုံတော်သည့် ပါရမီရှင်တစ်ယောက်ပင်။
ထိုစဉ် သူတို့နှင့် မလှမ်းမကမ်းနေရာ၌ ရင်းနှီးနေသည့် လူတစ်ယောက်ကို မြင်လိုက်ရလိမ့်မည်ဟုတော့ သူ မထင်ထားခဲ့ဘူး။ ထိုလူမှာ အရူးတစ်ယောက်လို ကိုယ့်ဘာသာ စကားတွေပြောပြီး လက်ဟန်ခြေဟန်များ အကြီးအကျယ် ပြုလုပ်နေခဲ့သည်။
“ငါ မင်းကို ငါ့ကို လာမနှောင့်ယှက်နဲ့လို့ ပြောထားတယ်မဟုတ်ဘူးလား။”
ကျူးအူမကြီးသည် လမ်းဘေးဆိုင်တစ်ခုမှ အိုးတစ်လုံးကို လက်ညှိုးထိုးကာ အော်ဟစ်နေသဖြင့် ဆိုင်ရှင်မှာ သူ့ကို ကြောင်ကြည့်နေ၏။
“မင်းဘာသာ မင်းရှာတဲ့ပြဿနာကို အခုမှ ငါ့ဆီလာပြောနေတာလား။”
“ငါ့ထက် တော်တဲ့လူဆီပဲ သွားရှာချေ။”
တခြားလူများ မမြင်ရသော်လည်း ယင်ယန်မျက်လုံးရှိသော တန်ဝမ်ကျဲကတော့ ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ၎င်းမှာ အသုဘဝတ်စုံ ဝတ်ထားသည့် အမျိုးသားတစ္ဆေတစ်ကောင်ဖြစ်ပြီး နှာခေါင်းကြီးကြီးနှင့် အောက်သွားခေါနေကာ အရက်သမားကြီးဟွားနှင့်ပင် အနည်းငယ် ဆင်တူပေသည်။
ထို့ပြင် ထိုတစ္ဆေမှာ လူသားတို့၏ အရှိန်အဝါကို မကြောက်ရွံ့သည့်အပြင် သူ၏ကိုယ်တွင် ပြင်းထန်သော အာဃာတများ ရှိနေသည်မှာ သိသာလှ၏။ ၎င်းသည် သေချာပေါက် အသေဆိုးဖြင့် သေဆုံးခဲ့ရခြင်းပင်။
ဒါဆို ဒါက မာလင်ရှန်းပေါ့။
ဒီကောင် တကယ်သေသွားလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး။ အခုတော့ ကျူးအူမကြီးကိုတောင် လာပြီးခြောက်လှန့်နေပြီ။
“ကျူးအူမကြီး...မင်း ငါ့ကို တကယ်မကူညီဘူးလား။”
မာလင်ရှန်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ အန်နီကို ရုတ်တရက် မြင်သွားခဲ့သည်။
“မင်း ငါ့ကို မကူညီမှတော့ ငါ့ကို ရိုင်းတယ်လို့ မပြောနဲ့တော့။”
သူက အန်နီ၏ ပုလဲဆွဲကြိုးများကို လှမ်းဆွဲရန် ကြိုးစားလိုက်၏။
“နေဦး...”
ကျူးအူမကြီးက အော်ဟစ်ကာ ရှေ့သို့ လှမ်းခုန်လိုက်သည်။
“အား...”
အန်နီသည် လန့်ဖျပ်သွားပြီး တန်ဝမ်ကျဲ၏ နောက်ကွယ်တွင် ဝင်ပုန်းလိုက်၏။
သာမန်လူတစ်ယောက်အတွက်တော့ ကျူးအူမကြီး၏ လုပ်ရပ်မှာ အန်နီကို နှောင့်ယှက်စော်ကားရန် ကြိုးစားနေသည့်ပုံစံမျိုး ပေါက်နေခဲ့လေသည်။
“သူဌေးတန်...”
ကျူးအူမကြီးသည် တန်ဝမ်ကျဲကို မြင်သောအခါ မျက်နှာပျက်သွားခဲ့၏။
“ကျုပ် ရှင်းပြပါရစေ။”
တန်ဝမ်ကျဲ၏ ခါးရှိ မော်ဆာပစ္စတိုကို ကြည့်ရင်း သူက ထပ်ခါတလဲလဲ ပြောလိုက်သည်။
“ကျုပ် ရှင်းပြပါရစေ၊ ကျုပ် တကယ်...”
ဘယ်အရာနဲ့မဆို ကစားလို့ရပေမဲ့ သေနတ်ကိုင်ထားတဲ့လူနဲ့တော့ မကစားသင့်ဘူးလေ။
“မင်းတော့ သွားပြီ။ သေနတ်ကိုင်ထားတဲ့လူကိုမှ သွားစော်ကားမိတာပဲ ဟားဟားဟားဟား...။”
မာလင်ရှန်းက ရယ်မောရင်း တန်ဝမ်ကျဲ၏ ရှေ့သို့ တိုးလာခဲ့သည်။
“ကျူးအူမကြီး၊ မင်း ဒီနေ့ ငါ့ကို မကူညီရင် ငါ မင်းကို ‘ကူညီ’ ပေးရလိမ့်မယ်။”
မာလင်ရှန်းသည် တန်ဝမ်ကျဲ၏ မျက်နှာကို ပါးရိုက်ရန် လက်ရွယ်လိုက်သော်လည်း သူ၏လက်ကို မြှောက်လိုက်သည်နှင့် တန်ဝမ်ကျဲ၏ မျက်လုံးများက သူ့ကို စိုက်ကြည့်နေသည်ကို သတိထားမိသွားခဲ့လေသည်။
သူ၏ ဝိညာဉ်မှာ တုန်လှုပ်သွားခဲ့၏။ တစ္ဆေတစ်ကောင်အနေဖြင့် လူသားတစ်ဦး၏ ခြောက်လှန့်မှုကို ခံရလိမ့်မည်ဟု သူ တစ်ခါမှ မစဉ်းစားခဲ့ဖူးပေ။
“သူ ငါ့ကို မြင်နေရတာလား။ ဒါက မဖြစ်နိုင်တာ။”
မာလင်ရှန်းသည် ဘယ်ညာ ဝဲပျံကြည့်လိုက်သော်လည်း တန်ဝမ်ကျဲ၏ မျက်လုံးများက တစ္ဆေ၏ လှုပ်ရှားမှုနောက်သို့ တောက်လျှောက် လိုက်ပါနေခဲ့သည်။
သူ၏ မျက်လုံးများက မာလင်ရှန်းနောက်ကို လိုက်နေသည်မှာ သိသာလှပေသည်။
ဂလု...။
မာလင်ရှန်းသည် လူသားဘဝက အကျင့်အတိုင်း တံတွေးကို မသိမသာ မျိုချလိုက်မိ၏။
“သူ ငါ့ကို တကယ် မြင်နေရတာလား။”
သူ ဒုက္ခရောက်ပြီဆိုတာ သိလိုက်ရသဖြင့် ချက်ချင်းပင် လှည့်၍ ထွက်ပြေးရန် ကြိုးစားလိုက်လေသည်။
သို့သော် တန်ဝမ်ကျဲက လက်ညှိုးနှစ်ချောင်းကို ထောင်ကာ သူရှိရာဘက်သို့ အသာလေး ညွှန်းပြလိုက်သည်။
ဝှစ်
မာလင်ရှန်း၏ ဝိညာဉ်မှာ တူကြီးတစ်လုံးနှင့် အထုခံလိုက်ရသလို ခံစားလိုက်ရပြီး လေဟုန်စီးနေသကဲ့သို့ နောက်သို့ လွင့်စင်သွားတော့သည်။ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီးနောက် သူသည် အကြိမ်ကြိမ် ကြိုးစားသော်လည်း ပြန်မထနိုင်တော့ပေ။
တန်ဝမ်ကျဲက သူ့ကို ထပ်မံ၍ လက်ညှိုးထိုးရန် ပြင်နေသည်ကို မြင်သောအခါ ထိုလက်ညှိုးမှာ တစ္ဆေတစ်ကောင်အတွက် သေနတ်ပြောင်းထက်ပင် ပို၍ ကြောက်စရာကောင်းနေသည်ဟု မာလင်ရှန်း ခံစားလိုက်ရသည်။ သူက ချက်ချင်းပင် အော်ဟစ်လိုက်၏။
“ကျူးအူမကြီး မင်း ငါ့ရဲ့ဝိညာဉ် လွင့်စင်ပျက်စီးသွားတာကို တကယ်ပဲ ထိုင်ကြည့်နေတော့မှာလား။ ငါ့ကို ကယ်ပါဦး။”
ကျူးအူမကြီးသည် သံယောဇဉ်ကြောင့် အံကြိတ်ကာ ပြောလိုက်သည်။
“သူဌေးတန် မာနျန့်ချန်းကလည်း အသတ်ခံခဲ့ရတာပါ။ သူ ခင်ဗျားဆီ နောက်တစ်ခါ ဘယ်တော့မှ မလာစေရဘူးလို့ ကတိပေးပါတယ်။ ကျေးဇူးပြုပြီး သူ့ကို လွှတ်ပေးလိုက်ပါဗျာ။”
တန်ဝမ်ကျဲက ခေါင်းယမ်းလိုက်သည်။
“တစ္ဆေတွေရဲ့ စကားက ယုံကြည်လို့မရသလို မင်းရဲ့ အာမခံချက်ကလည်း အသုံးမဝင်ဘူး။ နောက်ပြီး မင်းကိုယ်တိုင်တောင် ခြောက်လှန့်ခံနေရတာကို ဘာလို့ သူ့အတွက် လာတောင်းပန်နေရတာလဲ။”
အန်နီသည် တစ်စုံတစ်ခုကို ခံစားမိသွားပုံရ၏။ သူမက တန်ဝမ်ကျဲ၏ နောက်ကွယ်တွင် ပုန်းနေရင်း နားစွင့်နေသော်လည်း အော်ဟစ်ငိုယိုခြင်းတော့ မပြုခဲ့ပေ။
ဤအမျိုးသမီးသည် အမြဲတမ်း သတ္တိရှိသူ ဖြစ်သည်။
“လင်ရှန်း မင်း တစ်ခုခု ပြောဦးလေ။”
ကျူးအူမကြီးက စိတ်ပျက်လက်ပျက် ပြောလိုက်၏။
မာလင်ရှန်းသည် အတော်ကြာ ကြိုးစားပြီးမှသာ ပြန်ထလာနိုင်ခဲ့သည်။ သူ မပျံသန်းနိုင်တော့ပေ။ သူ အသက်ရှင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ တန်ဝမ်ကျဲ၏ ခွင့်လွှတ်မှုရရှိရန်သာ ဖြစ်သည်ကို သိနေခဲ့သည်။
“သခင်ကြီး ကျုပ်က ကျူးအူမကြီးကို တမင်နှောင့်ယှက်နေတာ မဟုတ်ပါဘူး။ ကျုပ် မေးချင်တာက—ကျုပ် အသတ်ခံခဲ့ရတာပါ။ ကျုပ် ကလဲ့စားမချေသင့်ဘူးလား။”
သူသည် တန်ဝမ်ကျဲ၏ စာနာမှုကို ရရန်နှင့် ကျိုးကြောင်းပြရန် ကြိုးစားနေခြင်းဖြစ်သည်။
ကျူးအူမကြီးကိုတော့ သူက နိုင်သဖြင့် အနိုင်ကျင့်နိုင်သော်လည်း တန်ဝမ်ကျဲကတော့ မတူပေ။ အကယ်၍ ထိုလက်ညှိုးဖြင့် သူ့ကို နောက်တစ်ကြိမ် ထိုးမိပါက သူ၏ ဝိညာဉ်မှာ သေချာပေါက် ပျက်စီးသွားပေလိမ့်မည်။
“နာကြည်းချက် ရှိနေတာလား။”
တန်ဝမ်ကျဲက မျက်ခုံးတစ်ချက် ပင့်လိုက်သည်။
ဒီကောင်က သူ့လက်ထဲကို အလိုလို ရောက်လာမှတော့ သခင်ကြီးတန်အနေနဲ့ တစ္ဆေကို စစ်ဆေးမေးမြန်းရမယ့် အချိန်ရောက်လာပြီပေါ့ကွာ...။