← Chapters

တစ္ဆေတစ်ကောင်က ငါ့ကို လာစိန်ခေါ်ရင်

Vol. 6 Ch. 58

တစ္ဆေတစ်ကောင်က ငါ့ကို လာစိန်ခေါ်ရင်

Vol. 6 Ch. 58

အနီးအနားရှိ လက်ဖက်ရည်ဆိုင်၏ သီးသန့်ခန်းတစ်ခုတွင် လူသုံးယောက်နှင့် သရဲတစ်ကောင် ထိုင်နေကြ၏။ အန်နီသည် သရဲကို မမြင်ရသော်လည်း သူမမှာ အလွန်စပ်စုချင်နေပြီး ထွက်သွားရန်လည်း အစီအစဉ်မရှိပေ။

သူမက ဦးဆောင်ကာ တန်ဝမ်ကျဲအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးပြီးနောက် ကျူးအူမကြီးအတွက်ပါ ငှဲ့ပေးလိုက်ရာ ကျူးအူမကြီးမှာ လန့်ဖျပ်သွားပြီး လက်ကို အတင်းယမ်းကာ ငြင်းဆိုနေတော့သည်။

ကံမကောင်းစွာဖြင့် တန်ဝမ်ကျဲသည် လူတစ်ဦး၏နတ်မျက်စိအား မည်သို့ဖွင့်ပေးရမည်ကို မသိရာ သူမမှာ ဘာမှမမြင်ရဘဲ ဘေးမှ ဝိုင်းကြည့်နေရုံသာ တတ်နိုင်ရှာသည်။

တန်ဝမ်ကျဲ ထိုင်လိုက်ရာ သူ၏ ကိုယ်နေဟန်ထားမှာ ထင်းရှူးပင်ကဲ့သို့ ဖြောင့်မတ်ပြုနေပြီး ကြည့်ရသည်မှာ ပြဇာတ်ထဲမှ သရဲကို စစ်ဆေးမေးမြန်းနေသော ပေါင်ကုန်းနှင့် တကယ်ပင် တူလှပေသည်။

မာလင်ရှန်း သည်လည်း ပါးနပ်သော သရဲတစ်ကောင် ဖြစ်ရာ သူသည် ကြမ်းပြင်ပေါ်တွင် ချက်ချင်းပင် ဒူးထောက်လိုက်ကာ အလွန်ပင် ပူးပေါင်းဆောင်ရွက်ပြနေခဲ့သည်။

“ကျုပ်က အသုံးမကျတဲ့ အကောင်ဆိုတာကို ဝန်ခံပါတယ်။ ကျုပ် မာမိသားစုရဲ့ အသုဘ အဆောင်အယောင်တွေကို လိမ်ယူချင်လို့ ဟို ဖောက်ပြန်နေတဲ့ အတွဲနဲ့ ပူးပေါင်းခဲ့တာပါ။ အဲ့ဒီမိန်းမမှာ ကျုပ်ရဲ့ရင်သွေး ရှိနေတယ်လို့ လိမ်ညာပြီး အသုဘကို လိုက်လာခိုင်းပြီး အမွေတွေကို ၃၀-၇၀ ခွဲယူဖို့ ကြံစည်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီအတွဲက ယုတ်မာလွန်းတယ်။ ကျုပ်အဖေကြီးက ငွေပြားတစ်သိန်းခွဲလောက် ချန်ခဲ့တယ်ဆိုတာလည်း ကြားပြီးရော သူတို့က ပြဇာတ်ကို အစစ်အမှန်ဖြစ်အောင် လုပ်လိုက်ကြတယ်။ ကျုပ်ကို သတ်ပစ်ပြီး အဲ့ဒီငွေတစ်သိန်းခွဲလုံးကို သူတို့ဘာသာ သိမ်းပိုက်လိုက်ကြတယ်။”

မာလင်ရှန်း၏ ဝိညာဉ်က ပြောပြလာ၏။ ထို့နောက် သူက နာကြည်းချက်များဖြင့် ဆက်ပြောလိုက်သည်။

“ကျုပ်က သေသင့်လို့ သေခဲ့ရတာဆိုပေမဲ့ သခင်ကြီး... အဲ့ဒီလူယုတ်မာတွေကိုတော့ ဒီအတိုင်း အလွတ်မပေးပါနဲ့။”

“ဒါက မင်း ကျူးအူမကြီးကို လာရှာတာနဲ့ ဘာဆိုင်လို့လဲ။ သူက မင်းကိုယ်စား အာဏာပိုင်တွေကို သွားတိုင်ပေးရမှာမို့လို့လား။”

တန်ဝမ်ကျဲက လှည့်မေးလိုက်သည်။

“အာဏာပိုင်တွေကို တိုင်ပေးရုံတင်ဆိုရင် ကျူးအူမကြီး... မင်း ဘာလို့ သဘောမတူခဲ့တာလဲ။”

“ဗျာ...”

ကျူးအူမကြီးက ကြောင်အသွားခဲ့သည်။ မာလင်ရှန်းက သူ့ကို အာဏာပိုင်တွေဆီ တိုင်ပေးဖို့ မတောင်းဆိုခဲ့ချေ။

“အာဏာပိုင်တွေကို တိုင်မှာလား။ ဒီလောက်လေးနဲ့ ကျုပ်ရဲ့ အာဃာတက ကျေအေးသွားမှာ မဟုတ်ဘူး။”

မာလင်ရှန်းက ပြောလိုက်သည်။

“ကျုပ်က သူ့ရဲ့ ကိုယ်ခန္ဓာကို ခဏငှားပြီး အဲ့ဒီအတွဲကို အသေရိုက်သတ်ပြီး ကလဲ့စားချေချင်တာ။”

“အင်း...။”

တန်ဝမ်ကျဲက ခေါင်းငြိမ့်လိုက်သည်။

“မင်းကို ငွေမက်လို့ သတ်ခဲ့တဲ့ အဲ့ဒီလူမိုက်အတွဲကို ခဏဘေးဖယ်ထားလိုက်ပါဦး။ မင်းခုနက ပြောခဲ့တာတွေအရဆိုရင် ဒီနေ့ မင်းရဲ့ ဝိညာဉ် လွင့်စင်ပျက်စီးသွားအောင် ငါ မင်းကို အသေသတ်လိုက်တာကမှ ပိုပြီး တရားမျှတလိမ့်မယ်။”

ထိုအခါ မာလင်ရှန်းက နာနာကျင်ကျင်ဖြင့် မေးလိုက်၏။

“ဘာကြောင့်လဲ။ ဥပဒေဆိုတာက လူ့လောကရဲ့ စာနာမှုထက် မပိုဘူး။ ကျုပ် ဒုက္ခရောက်နေတာကို ကျုပ်ရဲ့ ညီအစ်ကိုအရင်းအခြာ ကျူးအူမကြီးကို အကူအညီတောင်းတာ ဘာမှားလို့လဲ။”

“လူ့လောကရဲ့ စာနာမှု ဟုတ်လား။”

တန်ဝမ်ကျဲသည် သူငယ်ချင်းကို မကူညီနိုင်သဖြင့် အပြစ်ရှိသလို ခံစားနေရသော ကျူးအူမကြီးကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ ငတုံးများအပေါ် သည်းမခံနိုင်သောစိတ်မှာ ပေါက်ကွဲလာတော့သည်။ ဝမ်ကျဲသည် သူငယ်ချင်းကို မကူညီနိုင်သဖြင့် အပြစ်ရှိသလို ခံစားနေရသော ကျူးအူမကြီးကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ ငတုံးများအပေါ် သည်းမခံနိုင်သောစိတ်မှာ ပေါက်ကွဲလာတော့သည်။

“မင်းက ကျူးအူမကြီးရဲ့ ကိုယ်ခန္ဓာကို ကလဲ့စားချေဖို့ သုံးမယ်။ လူသတ်ပြီးသွားတဲ့အခါ လူသတ်သမားက မင်းလား၊ ကျူးအူမကြီးလား။ မင်းကတော့ ကလဲ့စားချေပြီး ပျော်ပျော်ကြီး ငရဲပြည်ကို သွားအစီရင်ခံမယ်။ ကျူးအူမကြီးအတွက် ထောင်နန်းစံရမယ့် ဒုက္ခကိုကျ ဘယ်သူက ခံပေးမှာလဲ။”

ကျူးအူမကြီး လန့်ဖျန့်သွား၏။

သူသည် သူငယ်ချင်းကို ကလဲ့စားချေပေးရန်သာ စဉ်းစားခဲ့ပြီး အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်း ပြန်ပေးဆပ်ရမည်ကိုတော့ တစ်ခါမှ မစဉ်းစားခဲ့မိပေ။ ပုံပြောသူများ ပြောပြလေ့ရှိသည့် လူသတ်ပြီး ကလဲ့စားချေသော သူရဲကောင်းဓားသမား ပုံပြင်များတွင်လည်း ဤကဲ့သို့သော ပြဿနာများကို ထည့်သွင်းစဉ်းစားလေ့ မရှိကြပေ။

ကျူးအူမကြီးသည် အမြဲတမ်း ဤကဲ့သို့ပင် ပြုမူတတ်ပြီး အနာဂတ်ကို ဘယ်တော့မှ မစဉ်းစားတတ်ပေ။ လွန်ခဲ့သည့်အကြိမ်က တန်မိသားစုကို စက္ကူရုပ်များ မရောင်းခဲ့သည်မှာလည်း ထိုအကြောင်းကြောင့်ပင်ဖြစ်၏။ သူက စိတ်လိုက်မာန်ပါသာ လုပ်ဆောင်တတ်သူဖြစ်သည်။

သူသည် ပေါင်ကို တစ်ချက်ပုတ်ကာသာ ဆုံးဖြတ်ချက် ချလိုက်တတ်သည်။ ဦးနှောက်ကိုတော့ ဘယ်တော့မှ မသုံးပေ။

မာလင်ရှန်း၏ သေဆုံးမှုမှာ အမှုပိတ်ထားပြီး သားဖြစ်သည်။ ထိုအတွဲက သတ်ခဲ့သည်ဆိုသော အထောက်အထားကို ရှာရန်မှာလည်း ခက်ခဲပေလိမ့်မည်။ အကယ်၍ ကျူးအူမကြီးက သူတို့ကို သတ်လိုက်ပါက ကျူးအူမကြီးကသာ လူသတ်သမား ဖြစ်လာပေလိမ့်မည်။

“ဒါက... ကျူးအူမကြီးက ကံကောင်းတဲ့ ကြယ်ပွင့်ပါတဲ့ လူကောင်းတစ်ယောက်ပါ။”

မာလင်ရှန်းက ထိုကိစ္စကို သူ လုံးဝဂရုမစိုက်ကြောင်း မပြောရဲပေ။ သူသည် သူ၏ရင်ထဲရှိ အာဃာတနှင့် မုန်းတီးမှုများကိုသာ ဖွင့်ထုတ်ပြီး ငရဲပြည်သို့ အစီရင်ခံချင်နေခြင်း ဖြစ်သည်။

“ဒါက သရဲတွေရဲ့ လိမ်ညာမှုသက်သက်ပဲ။”

တန်ဝမ်ကျဲက မာလင်ရှန်းကို လက်ညှိုးထိုးပြကာ ကျူးအူမကြီးကို ပြောလိုက်သည်။

“သူ အသက်ရှင်စဉ်ကတည်းကတော့ မင်းကို သူငယ်ချင်းလိုတောင် သဘောမထားခဲ့ဘဲနဲ့ သေချင်ယောင်ဆောင်ပြီး မင်းကို လိမ်ခဲ့တာ။ အခု သူက လူတောင်မဟုတ်တော့တာကို မင်းက ဘာလို့ သူ့စကားတွေကို ယုံနေသေးတာလဲ။”

“မင်း လူယုတ်မာ မာလင်ရှန်း...ငါ မင်းကို တကယ်ပဲ လူမှားပေါင်းခဲ့မိတာပဲ။ မင်းက စစ်မှန်တဲ့သူငယ်ချင်း မဟုတ်ဘူး။”

ကျူးအူမကြီးက စားပွဲကို ရိုက်ကာ မတ်တပ်ထရပ်လိုက်၏။ နောက်ဆုံးတော့ သူ နားလည်သွားပြီ ဖြစ်သည်။ မာလင်ရှန်းသည် သူ၏အခြေအနေကို လုံးဝ ထည့်သွင်းမစဉ်းစားခဲ့ပေ။ အကယ်၍ သူသာ ထိုကောင်၏စကားကို ယုံမိပါက သူသည် အသက်ရှင်လျက် အရေခွံခွာမခံရလျှင်ပင် ကျေးဇူးတင်ရပေလိမ့်မည်။

ဘေးနားရှိ အန်နီမှာမူ အခြေအနေကို ပိုမိုသက်ဝင်အောင် လုပ်ပေးသူအဖြစ် အကောင်းဆုံး တာဝန်ကျေပွန်နေခဲ့သည်။ သူမ ဘာမှနားမလည်သော်လည်း ကျူးအူမကြီး၏ ရုတ်တရက် ဒေါသထွက်မှုကြောင့် လန့်သွားခဲ့ရ၏။

အဲ့ဒီမှာ တကယ်ပဲ တစ်ခုခု ရှိနေတာလား။ မမြင်ရတာ နှမြောစရာပဲ။

“သခင်ကြီး ပြောတာတွေ အားလုံး မှန်တယ်ဆိုရင်တောင် ကျုပ်ရင်ထဲမှာတော့ မကျေနပ်နိုင်သေးဘူး။”

မာလင်ရှန်းက အရှုံးမပေးသည့်ပုံစံဖြင့် ပြောလိုက်သည်။

“ကျုပ် ကလဲ့စားချေဖို့ ကျူးအူမကြီးကို အကူအညီ မတောင်းတော့ပါဘူး။ သူ့ကိုလည်း ထောင်ကျအောင် မလုပ်ရသေးတဲ့အတွက် သခင်ကြီးအနေနဲ့လည်း ကျုပ်ကို အပြစ်ပေးစရာ အကြောင်းမရှိတော့ဘူး။ ဒါပေမဲ့ ဟိုလူတွေကိုတော့ အလွတ်မပေးပါနဲ့။ အဲ့ဒီအတွဲက ကျုပ်ကို သတ်ပြီး ကျုပ်အိမ်က ပစ္စည်းတွေကို ခိုးယူဖို့ ကြံနေကြတာ။ သခင်ကြီးက ဒါကို ဒီအတိုင်းပဲ ကြည့်နေတော့မှာလား။”

သူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက် ရှိခဲ့ရင်တောင် လုပ်ရပ်က မဖြစ်မြောက်သေးသရွေ့ သူက အပြစ်မရှိသေးပေ။

အကယ်၍ သူက သေနတ်လည်းရှိ၊ ကျိုးကြောင်းလည်း ဆင်ခြင်တတ်တဲ့ တန်ဝမ်ကျဲကို ဤပြဿနာထဲသို့ ဆွဲသွင်းနိုင်လျှင် ပိုကောင်းပေလိမ့်မည်။

“ဒီအတိုင်း ကြည့်နေတော့မှာလားတဲ့လား။”

တန်ဝမ်ကျဲက လက်ဖက်ရည်ခွက်ကို မကာ တစ်ငုံသောက်လိုက်သည်။

“ဘယ်သူက အဲ့ဒီလို ပြောလို့လဲ။”

“ကျုပ်အဖေကြီး မဆုံးခင်က ငွေပြားတစ်သိန်းခွဲလောက် ချန်ထားခဲ့ပြီး မြို့က လူကြီးလူကောင်းတွေကို စီမံခန့်ခွဲဖို့ အပ်ခဲ့တာ။ ကျုပ်မှာ သားတစ်ယောက်ရှိရင် အဲ့ဒီငွေတွေကို ပေးမယ်လို့ ပြောခဲ့တယ်။ အခုတော့ အဲ့ဒီငွေတွေက အဲ့ဒီအတွဲအတွက် အလကား အကျိုးအမြတ် ဖြစ်သွားတော့မှာ မဟုတ်ဘူးလား။ သခင်ကြီးမှာ သေနတ်ရှိမှတော့ လူတွေကိုလည်း စစ်ဆေးမေးမြန်းနိုင်မှာပေါ့။ တစ္ဆေတွေကိုတင် မဟုတ်ဘဲနဲ့လေ။”

“အင်း၊”

တန်ဝမ်ကျဲက ခေါင်းငြိမ့်လိုက်သည်။

“ဒါပေမဲ့ မင်းအဖေက ငွေတစ်သိန်းခွဲ ချန်ခဲ့တာနဲ့ သူတို့ အလကားရသွားတာနဲ့ ဘာဆိုင်လို့လဲ။”

မာလင်ရှန်းက စိတ်ပျက်လက်ပျက်ဖြင့် သူ၏ခေါင်းကို ကုတ်လိုက်သည်။ သူ၏ရှေ့တွင်ရှိနေသော ဤလူမှာ မြေပဲစေ့လောက်တောင် ဦးနှောက်မရှိဘူးဟု သူ ခံစားလိုက်ရသည်။ ဤမျှ ရိုးရှင်းပြီး ထင်ရှားလှသော အကြောင်းပြချက်ကို ဘာကြောင့် နားမလည်နိုင်ရသနည်း။

“ဘယ်လိုလုပ် မဆိုင်ရမှာလဲ။ အခု လူတိုင်းက အဲ့ဒီမိန်းမဗိုက်ထဲက ကလေးက ကျုပ်ရဲ့မျိုးဆက်လို့ သိထားကြတာလေ။ ကျုပ်မိသားစုက မျိုးဆက်တစ်ခုမှာ တစ်ယောက်တည်းပဲ ရှိတာ။ ကလေးမွေးလာတာနဲ့ အဲ့ဒီငွေတစ်သိန်းခွဲက သူတို့ဆီကို သေချာပေါက် ရောက်သွားတော့မှာပေါ့။”

တန်ဝမ်ကျဲသည် ယနေ့ညတွင် သူ၏တစ်သက်တာလုံး တွေ့ခဲ့ဖူးသမျှ ငတုံးများထက်ပင် ပို၍ တုံးအသည့်သူတစ်ယောက်ကို တွေ့လိုက်ရပြီဟု ခံစားလိုက်ရသည်။ ဖြစ်နိုင်သည်က ဤသည်မှာ ဒဏ္ဍာရီလာ “အရည်အသွေးဖြင့် အောင်ပွဲခံခြင်း” ပင် ဖြစ်ပေလိမ့်မည်။

“မုဆိုးမတစ်ယောက်နဲ့ မိဘမဲ့ကလေးတစ်ယောက်၊ ငွေပြားတစ်သိန်းခွဲ၊ ပြီးတော့ မြို့က လူကြီးလူကောင်းတွေဆီမှာ အပ်ထားတယ်...။ မင်းက တကယ်ပဲ အဲ့ဒီလူကြီးလူကောင်းတွေကို စိတ်ကြိုက်ငွေထုတ်လို့ရတဲ့ ဘဏ်လို့ ထင်နေတာလား။ တကယ်တော့ ဘဏ်မှာဆိုရင်တောင် မင်း အဲ့ဒီငွေတွေကို ထုတ်နိုင်မှာ မဟုတ်ဘူး။”

တန်ဝမ်ကျဲက ပြောလိုက်၏။

ဒါက ငွေတစ်သိန်းခွဲလေ။

ရေလိုကြည်လင်ပြီး မှန်လိုတောက်ပကာ စည်းစိမ်များကို အညစ်အကြေးလို သဘောထားသည့် ပေါင်လုံရှင်းပင် ထိုအရာကို မတွန်းလှန်နိုင်ခဲ့ချေ။ မြို့က လူကြီးလူကောင်းများသည် အလကားသက်သက်ဖြင့် ထိုအရာကို ပေးလိုက်ကြမှာတဲ့လား။ အိမ်မက်မက်လျှင်ပင် အခြေခံ ကျိုးကြောင်းဆင်ခြင်မှုတော့ ရှိသင့်ပေသည်။

မာလင်ရှန်းရဲ့ ငွေတစ်သိန်းခွဲက နံစော်နေလို့လား။ ဒါကို ယူလိုက်ရင် ယားနာတွေ ပေါက်လာမှာမို့လို့လား။ ဝင်းလက်နေတဲ့ ငွေဖြူတွေက မစင်တွင်းထဲ ကျနေရင်တောင် လူတွေက အလုအယက် ခုန်ဆင်းပြီး ကောက်ယူသုံးစွဲကြမှာပဲ။

ကလေးက မာလင်ရှန်း၏ ကလေးမဟုတ်ခြင်းကို ထားလိုက်ပါ။ အကယ်၍ ကလေးက သူ့မျိုးဆက် ဖြစ်နေလျှင်ပင် ရက်အနည်းငယ်အတွင်း၌ ထိုကိုယ်ဝန်ဆောင်မိန်းမနှင့် သူမ၏ နောက်လင်သည် “သေဆုံးသွားတဲ့ လင်သားအတွက် ဝမ်းနည်းလွန်းလို့ ကိုယ့်ကျောကို ဓားနဲ့ အကြိမ်ကြိမ်ထိုးပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြပါတယ်” ဆိုသည့် သတင်းနှင့်အတူ ပျောက်ကွယ်သွားကြပေလိမ့်မည်။ သူတို့ သေသွားရင်လည်း ဘယ်သူမှ လာတိုင်မှာမဟုတ်သလို တဖြည်းဖြည်းနဲ့ အားလုံး မေ့သွားကြမည်ပင်။

အာဏာပိုင်များက တိုင်သူမရှိလှင် မစစ်ဆေးသော ခေတ်မျိုးတွင် လူပေါင်းများစွာသည် နည်းလမ်းမျိုးစုံနှင့် နှစ်စဉ် သေဆုံးနေကြသည်ချည်းပင်။

ယခင်က တန်ဝမ်ကျဲ၏ အမွေများကို သိမ်းပိုက်ရန် ကြိုးစားခဲ့တဲ့ လူကြီးအချို့သည်လည်း မာလင်ရှန်း ပြောနေသည့် လူကြီးလူကောင်းများနှင့် တစ်ဖွဲ့တည်း ဖြစ်ပေသည်။

တန်ဝမ်ကျဲ၏ ရိုးရှင်းသော ခွဲခြမ်းစိတ်ဖြာမှုကို ကြားလိုက်ရပြီးနောက် ကျူးအူမကြီး၏ ဦးနှောက်မှာ ရပ်တန့်သွားပြီး ဘာကိုမှ ဆက်လက်မတွေးတောနိုင်တော့ပေ။ ဤအကြောင်းအရာများမှာ သူ၏ ဦးနှောက်စွမ်းဆောင်ရည်ထက် ကျော်လွန်နေပြီ ဖြစ်သည်။ သူကတော့ “မဖြစ်နိုင်ပါဘူး၊ လူကြီးလူကောင်းတွေက စကားပြောရတာ အဆင်ပြေပြီး ဖော်ရွေကြပါတယ်” ဟုသာ တတွတ်တွတ် ရွတ်နေတော့သည်။

အန်နီမှာမူ ကြားရသမျှ အပိုင်းအစများကို ပေါင်းစပ်ကာ ဇာတ်လမ်းအကျဉ်းကို နားလည်ရန် ကြိုးစားနေ၏။ သို့သော် အမွေသိမ်းသည့် ကိစ္စကို ပြောသည့်အခါ တန်ဝမ်ကျဲက သူမကို အကြိမ်အနည်းငယ် လှမ်းကြည့်သည်ကို သတိထားမိလိုက်သည်။

မာလင်ရှန်းမှာမူ ရုတ်တရက် ရယ်မောလိုက်၏။

“သခင်ကြီး ပြောတာတွေက တကယ်ပဲလား။ လူယုတ်မာတွေက နောက်ဆုံးမှာ ပိုပြီး ယုတ်မာတဲ့ လူတွေရဲ့ နှိပ်စက်မှုကို ခံရဦးမှာပဲပေါ့။”

သူက စိတ်သက်သာရာ ရသွားသလို ပုံစံပြလိုက်သော်လည်း ထိုအရာက တန်ဝမ်ကျဲကို လိမ်ညာလှည့်ဖြားရန် ဟန်ဆောင်နေခြင်းသာ ဖြစ်နိုင်သည်။ အကြောင်းမှာ သရဲဆိုသည်မှာ လိမ်ညာတတ်သောကြောင့် ဖြစ်သည်။ လူတစ်ယောက် သေဆုံးပြီး တစ္ဆေဖြစ်သွားသည့်အခါ သူတို့သည် လူသားနှင့် မျိုးစိတ်တူသူများ မဟုတ်တော့ပေ။ သိပ္ပံနည်းကျ ပြောရလျှင် ဟော်မုန်းများ၏ လွှမ်းမိုးမှု မရှိတော့သဖြင့် သူတို့၏ တွေးခေါ်ပုံမှာ အသက်ရှင်စဉ်ကနှင့် လုံးဝ ကွာခြားသွားပေလိမ့်မည်။

လောကီအမြင်အရ ပြောရလျှင် သရဲတစ္ဆေဆိုသည်မှာ မသေခင်က နာကြည်းချက်နှင့် မုန်းတီးမှုများ၏ လွှမ်းမိုးမှုကို ခံထားရသူ ဖြစ်သည်။ သူတို့၏ အလုပ်လုပ်ပုံမှာ အလွန်အမင်း ပြောင်းလဲသွားပြီး အစွန်းရောက်ခြင်းနှင့် ရည်မှန်းချက် အောင်မြင်ရန် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုခြင်းတို့ ဖြစ်လာတတ်ပေသည်။

အကယ်၍ သရဲတစ္ဆေတစ်ကောင်သည် အသက်ရှင်စဉ်ကအတိုင်း ပြုမူနေပါက ထိုတစ္ဆေမှာ ကျင့်စဉ်အချို့ ရှိနေပြီး ယင်ချီ၏ လွှမ်းမိုးမှုကို မခံရခြင်း ဖြစ်နိုင်သည်။ သို့သော် သူတို့က ဟန်ဆောင်ကောင်းနေခြင်းသာ ဖြစ်ဖို့ ပိုများပေသည်။ မာလင်ရှန်းမှာ သေချာပေါက် ဒုတိယ အမျိုးအစားဖြစ်၏။ သူ သေဆုံးခဲ့သည်မှာ မကြာသေးပေ။

သရဲကို စစ်ဆေးမေးမြန်းခြင်း ပြီးဆုံးသွားပြီးနောက် ကျူးအူမကြီးက နှုတ်ဆက်ကာ ထွက်ခွာသွားခဲ့သည်။ သူသည် ဤကိစ္စကို ဒုတိယ ဦးလေးဘိုးဘိုးနှင့် ပြန်လည်ဆွေးနွေးသင့်သည်ဟု ခံစားလိုက်ရသည်။ အရင်က သူသည် မာလင်ရှန်းကို သနားပြီး သူ၏ကိုယ်ခန္ဓာကို ငှားကာ လူသတ်ရန်ပင် စဉ်းစားခဲ့မိ၏။ အခု ပြန်တွေးကြည့်သောအခါ ထိုအရာမှာ တကယ်ကို မသင့်တော်လှပေ။

ကံကောင်းလို့ ဒီည သူဌေးတန်နဲ့ တွေ့ခဲ့လို့ တော်သေးတာပေါ့။ မဟုတ်ရင် သူ လူသတ်သမား ဖြစ်နေလောက်ပြီ။

သူ မသိသည်မှာ ငွေတစ်သိန်းခွဲကိစ္စဖြစ်စေ၊ မာလင်ရှန်း အသတ်ခံရမှုဖြစ်စေ၊ အမွေသိမ်းသည့် ကိစ္စဖြစ်စေ ဘယ်အရာကမှ ဒုတိယ ဦးလေးဘိုးဘိုးကဲ့သို့ အဖိုးအိုတစ်ဦး ဝင်ရောက်စွက်ဖက်နိုင်သည့် အရာများ မဟုတ်ပေ။ သူက ဤအကြောင်းကို ပြောတောင်ပြောရဲလိမ့်မည် မဟုတ်ချေ။

ဒုတိယ ဦးလေးဘိုးဘိုးမှာ လူကြီးတစ်ယောက်မျှသာ ဖြစ်ပြီး မြို့က လူကြီးလူကောင်းများနှင့် စကားပြောနိုင်သည့် အဆင့်အတန်းမျိုး မရှိပေ။

“သခင်ကြီး စိတ်ချပါ၊ ကျုပ် အဲ့ဒီအတွဲ သေတာကို မြင်တာနဲ့ ငရဲပြည်ကို ချက်ချင်း သွားပါ့မယ်။ သခင်ကြီးနဲ့ ကျူးအူမကြီးကိုလည်း နောက်တစ်ခါ ဘယ်တော့မှ မနှောင့်ယှက်တော့ပါဘူး။”

မာလင်ရှန်းက တည်တည်ငြိမ်ငြိမ် ကတိပေးပြီးနောက် သူ၏သွားများကို တင်းတင်းကြိတ်လိုက်သည်။

“ဒါပေမဲ့ အဲ့ဒီအတွဲက မော်ရှန်းအောက်လမ်းပညာနည်းနည်း တတ်ထားတော့ ကျုပ် သူတို့အနားကို ကပ်လို့မရဘူး။ အဲ့ဒီအတွဲက နတ်ဆိုးတာအိုဆရာတွေသာ မဟုတ်ခဲ့ရင် ကျုပ် ကိုယ်တိုင် သေချာပေါက် သွားလုပ်ပစ်မယ်။ ဒီလိုမှမဟုတ်ရင် ကျုပ်ရင်ထဲက အာဃာတတွေက ပြေပျောက်မှာ မဟုတ်ဘူး။ သူတို့ သေပြီးသွားရင်လည်း သူတို့အလောင်းတွေကို ရိုက်နှက်ပြီး သူတို့ရဲ့ ဝိညာဉ်တွေကိုပါ ဝါးစားပစ်မယ်။”

ထိုသို့ ပြောပြီးနောက် သူသည် လှည့်၍ ထွက်သွားရန် ပြင်လိုက်၏။ အခြေအနေမှာ အနည်းငယ် ထူးဆန်းနေသည်ကို သူ ခံစားမိလိုက်သောကြောင့် ဖြစ်သည်။

“ငါ့မှာ ကိုယ်ပိုင်နည်းလမ်းတွေ ရှိပါတယ်။ အဲ့ဒါကြောင့် မင်း စိတ်ချလက်ချ နေနိုင်တယ်။ မင်းအနေနဲ့လည်း စိုးရိမ်စရာ မလိုတော့ဘူး။”

တန်ဝမ်ကျဲ၏ အသံမှာ ရုတ်တရက် သူ၏အနားသို့ ရောက်ရှိလာခဲ့သည်။

မာလင်ရှန်းသည် ရုတ်တရက် တန်ဝမ်ကျဲ၏ လက်ထဲတွင် နတ်ဆိုးချီများ လွှမ်းခြုံနေသော ဓားမကြီးတစ်လက် ပေါ်ထွက်လာသည်ကို မြင်လိုက်ရပြီး ထိုဓားသွားမှာ သူ၏ လည်ပင်းနှင့် ထိကပ်နေသည်ကို တွေ့လိုက်ရလေသည်။

“သခင်ကြီး... ဒါက ဘာသဘောလဲ။”

“မင်းနဲ့ ငါက သူစိမ်းတွေပဲ။ လမ်းမှာ အမှတ်မထင် ဆုံမိရုံတင် ရှိသေးတာကို မင်းက ဘာအကြောင်းမှ မရှိဘဲ ငါ့ကို ပါးရိုက်ဖို့ ကြိုးစားခဲ့တယ်။ ဒါက မင်းရဲ့ စိတ်ဓာတ် ယုတ်မာမှုကို ပြနေတာပဲ။ ကျူးအူမကြီးက မင်းကို အကြိမ်ကြိမ် ကူညီခဲ့ပေမဲ့ မင်းက သူ့ရဲ့ ကျေးဇူးကို အာဃာတနဲ့ ပြန်ဆပ်ဖို့ ကြံစည်ခဲ့တယ်။ ဒါက မင်းရဲ့ သီလမရှိမှုကို ပြနေတာပဲ။ အခု ငါ မင်းကို ဝိညာဉ်လွင့်စင်လုနီးပါး ဖြစ်အောင် ရိုက်နှက်ခဲ့ပြီးပြီဆိုတော့ ငါတို့ကြားမှာ ရန်ငြိုးရှိသွားပြီ။ မင်းက နေ့ရောညပါ ငါ့ကို ကလဲ့စားချေဖို့ကိုပဲ တွေးနေတော့မှာ သေချာတယ်။ မင်းက အငြိုးအတေး ကြီးတဲ့ တစ္ဆေတစ်ကောင် ဖြစ်သလို ငါကလည်း စိတ်သဘောထား ကြီးမားတဲ့ လူတစ်ယောက် မဟုတ်ဘူး။ သူခိုးကိုတော့ ရက်တစ်ထောင် စောင့်ကြည့်လို့ ရပေမဲ့ သူခိုးကို ရက်တစ်ထောင်တော့ ကာကွယ်လို့ မရဘူးလို့ ငါ ကြားဖူးတယ်။ မင်းရဲ့ ကတိကို ယုံပြီး ငါ့အိမ်သားတွေရဲ့ အေးချမ်းမှုကို ငါက ဘာလို့ လောင်းကြေးထပ်ရမှာလဲ။ မင်းလည်း သဘောတူတယ် မဟုတ်လား။”

မာလင်ရှန်း၏ ဦးနှောက်မှာ ထူပူသွားခဲ့သည်။ သူက ထပ်မံ၍ အာမခံချက်အချို့ ပေးရန် ပါးစပ်ဟလိုက်သော်လည်း...

ဓားသွားက ကျဆင်းလာသည်ကိုသာ သူ မြင်လိုက်ရတော့သည်။

ဝိညာဉ် လွင့်စင် ပျက်စီးသွားချေပြီ။

ဦးလေးကျိုးပြောတာ မှန်ပါသည်။ တန်ဝမ်ကျဲ၌ အမှန်တကယ်ပင် ပြင်းထန်သည့် နတ်ဆိုးချီများ ရှိနေနေခဲ့သည်။

အကယ်၍ လူတစ်ယောက်က သူ့ကို လာစိန်ခေါ်ရင် ထိုလူဟာ အနည်းငယ် ဒုက္ခရောက်ရင်တောင် အသက်ရှင်နိုင်ပေဦးမည်။ သို့သော် တစ္ဆေတစ်ကောင်က သူ့ကို လာစိန်ခေါ်ရင်တော့... သေခြင်းတရားကသာ အဖြေဖြစ်ပေလိမ့်မည်။

All Chapters