သိုင်းတူလေး ရှီကျန့်၊ သိုင်းဦးလေးကို ဂါရဝပြုပါတယ်
Vol. 6 Ch. 60
“ဂိုဏ်းခွဲတိုင်းမှာ မတူညီတဲ့ လျှို့ဝှက်ပညာရပ်တွေ ရှိကြတယ်။ ငါ့ရဲ့ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ လျှို့ဝှက်ပညာကတော့ ‘နတ်တိုင်ပင် စစ်သူကြီးစေခိုင်းခြင်း’ လို့ ခေါ်တယ်။”
ဒုတိယ ဦးလေးဘိုးဘိုးက သူ၏လက်နှစ်ဖက်ကို နောက်ပစ်ကာ အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း ပြောလိုက်သည်။
“ပူဇော်ပွဲပြင်ဆင်ပြီး နတ်မင်းတွေကို ပင့်ဖိတ်တာ၊ နတ်စစ်သည်နဲ့ နတ်စစ်သူကြီးတွေကို စေခိုင်းတာက မင်းတို့ရဲ့ မြေနင်းပညာနဲ့ ဆင်တူသလိုလိုရှိပေမဲ့ တကယ်တော့ လုံးဝကွာခြားတယ်။”
ဆရာတစ်ယောက်အနေဖြင့် ဒုတိယ ဦးလေးဘိုးဘိုးမှာ အသက်ကြီးနေပြီဖြစ်ရာ ကိုယ်တိုင်လက်တွေ့ပြသရန် ခက်ခဲနိုင်သော်လည်း တပည့်များကို သင်ကြားပြသရာတွင်တော့ အလွန်ကျွမ်းကျင်လှပေသည်။ သူသည် အတွေ့အကြုံများစွာရှိသော သက်ရှိစွယ်စုံကျမ်းကြီး တစ်စောင်ကဲ့သို့ပင်။
“မြေနင်းအတတ်ဆိုတာက နတ်ဘုရားတစ်ပါးရဲ့ တန်ခိုးစွမ်းအားကို ခေတ္တငှားရမ်းပြီး ဘေးဒုက္ခတွေကို နှိမ်နင်းတာပဲ။ အစွမ်းထက်ပေမဲ့ ကိုယ့်ရဲ့ သက်တမ်းကို တိုစေသလို ခန္ဓာကိုယ်ကိုလည်း ထိခိုက်စေတယ်။ အဲ့ဒါကြောင့် တတ်နိုင်သမျှ မသုံးတာ အကောင်းဆုံးပဲ။ ဒါပေမဲ့ နတ်တိုင်ပင် စစ်သူကြီးစေခိုင်းခြင်းကတော့ နတ်ဘုရားတစ်ပါးကို စစ်သူကြီးအဖြစ် ခန့်အပ်ပြီး နတ်စစ်သည်တွေကို စေခိုင်းတာပဲ။ နတ်ဘုရားရဲ့ စောင့်ရှောက်မှုပါတာကြောင့် မင်းကို မထိခိုက်စေတဲ့အပြင် ငရဲပြည်ကို ဘေးကင်းကင်း ဖြတ်သန်းနိုင်ဖို့နဲ့ မသေနိုင်တဲ့ အဆင့်ကို ရောက်တဲ့အထိ ကာကွယ်ပေးနိုင်တယ်။”
“ဒါဆို အဲ့ဒါက အဲ့လောက် အစွမ်းထက်နေရင် ဒုတိယ ဦးလေးဘိုးဘိုး နတ်စစ်သည်တွေ ဆင့်ခေါ်တာကို ကျုပ် ဘာလို့ တစ်ခါမှ မမြင်ဖူးတာလဲ။”
ကျူးအူမကြီးက ဘေးမှ နားထောင်နေရင်း သူ၏ ပေါင်ဖြင့်သာ တွေးတတ်သော ဦးနှောက်ဖြင့် ပညာသင်ရန်ထက် စိတ်တိုစရာ မေးခွန်းများကိုသာ ထုတ်မေးနေတော့သည်။
“မယားကိတ်ထဲမှာ တကယ်ပဲ မယားပါလို့လား။ အိုးကပ်ထမင်းထဲမှာ တကယ်ပဲ အိုးကပ်ပါလို့လား။ ကြွက်ခေါက်ဆွဲထဲမှာ တကယ်ပဲ ကြွက်ပါလို့လား။ ငါ့ဆရာ့ဆရာက ငါ့ဆရာကို ဒီလိုပဲ သင်ပေးခဲ့တာ။ ငါ့ဆရာကလည်း ငါ့ကို ဒီလိုပဲ သင်ပေးခဲ့တယ်။ ငါက မင်းကို ဒီလိုသင်ပေးတာ ဘာပြဿနာရှိလို့လဲ။”
ဒုတိယ ဦးလေးဘိုးဘိုးက မေးခွန်းပေါင်းများစွာဖြင့် ပြန်လည် တုံ့ပြန်လိုက်၏။
“ကျုပ်က ဒီတိုင်း မေးကြည့်တာပါ။ ဦးလေးဘိုးဘိုး စိတ်မဆိုးပါနဲ့။”
“ငါ စိတ်ဆိုးနေလို့လား။”
“နည်းနည်းတော့ ဆိုးနေသလိုပဲ။”
တန်ဝမ်ကျဲက ဘာမှမပြောဘဲ ငြိမ်နေလိုက်သည်။ ကျူးအူမကြီးကတော့ သူရှာသည့်ပြဿနာမို့ သူ့ဘာသာ ခံပေလိမ့်မည်။
“အခု မင်း ပြောမှာလား၊ ငါ ပြောရမှာလား။”
“ဆရာပဲ ပြောပါဗျာ...ဟဲဟဲ...ဆရာပဲ ပြောပါ။”
ကျူးအူမကြီးက တန်ဝမ်ကျဲ၏ နောက်ကွယ်တွင် ပုန်းလိုက်၏။ သူသည် ဗလတောင့်တောင့် လူကြီးဖြစ်တစ်ယောက်သော်လည်း နူးညံ့သိမ်မွေ့သော မိန်းကလေးတစ်ဦးကဲ့သို့ ရှက်ကိုးရှက်ကန်းနှင့် ပုန်းနေပြီး ဒုတိယ ဦးလေးဘိုးဘိုး သူ့ကို မရိုက်တော့မှန်း သေချာမှ ထွက်လာရဲလေသည်။
“ဟွန့်...”
ဒုတိယ ဦးလေးဘိုးဘိုးက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးမှ အရင်အမူအရာသို့ ပြန်ပြောင်းလိုက်သည်။
“ပူဇော်ပွဲ ပြင်ဆင်တာက လွယ်ပေမဲ့ နတ်ဘုရား ကြွရောက်လာဖို့ကတော့ မလွယ်ဘူး။ အောင်မြင်သွားရင်တော့ အမိန့်ပေးအလံကို သုံးပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ပြီ။”
ထိုသို့ပြောရင်းနှင့် ဒုတိယ ဦးလေးဘိုးဘိုးသည် ပြင်ဆင်ထားသော ပူဇော်ပွဲကို ညွှန်ပြလိုက်၏။ သူသည် ယနေ့တွင် တပည့်ကို သင်ကြားရန် အလွန်စိတ်အားထက်သန်နေပြီး တန်ဝမ်ကျဲသည်လည်း ပထမဆုံးအကြိမ်အဖြစ် တစ်စုံတစ်ဦးက သူ့ကို အလေးအနက် သင်ကြားပေးနေသည့် အကျိုးကျေးဇူးကို ခံစားလိုက်ရသည်။
နောက်ဆုံးတွင် နတ်တိုင်ပင် စစ်သူကြီးစေခိုင်းခြင်း၏ အကွာအဝေး ၁၀ မီတာဆိုသည်မှာ ဘာကိုဆိုလိုမှန်း သူ နားလည်သွားခဲ့ချေပြီ။ ၎င်းမှာ ပူဇော်ပွဲ စားပွဲရှည်ကြီးကို ဗဟိုပြု၍ တိုက်ခိုက်လှုပ်ရှားနိုင်သော နယ်မြေပင် ဖြစ်သည်။
နတ်ဘုရား၏ စောင့်ရှောက်မှုကို ရရှိထားလျှင် မန္တန်ချင်း ယှဉ်ပြိုင်ရာတွင် အရှုံးမရှိနိုင်ပေ။ အကယ်၍ မကောင်းသော ဝိညာဉ်များ အနားကပ်လာပါက ပြန်လည်တိုက်ခိုက်ခြင်းကိုပင် ခံရနိုင်ပေသည်။
ဒုတိယ ဦးလေးဘိုးဘိုး ပြောသော အမိန့်ပေးအလံဆိုသည်မှာ တြိဂံပုံစံဖြစ်ပြီး အဝါရောင်မျက်နှာပြင်ပေါ်တွင် အနီရောင် အနားကွပ်လွှသွားပုံစံ ပါရှိသည်။ အလံတိုင်မှာ ကြိမ်ဖြင့် ပြုလုပ်ထားပြီး ‘အမိန့်တော်အရ နတ်အပေါင်းကို ဆင့်ခေါ်သည်။’ ဟု ရေးသားထားသည်။
သူသည် အမိန့်ပေးအလံကို သူတို့နှစ်ဦးထံသို့ ယူဆောင်လာပြီးနောက် ရုတ်တရက် လက်ကိုမြှောက်ကာ ကျူးအူမကြီး၏ ခေါင်းကို ရိုက်ချလိုက်၏။
“မင်း ဘာကို ကြည့်နေတာလဲ။ ငါ့မျက်နှာပေါ်မှာ အမိန့်ပေးအလံ ရှိနေလို့လား။”
ကျူးအူမကြီးသည် အလန့်တကြားဖြင့် အမိန့်ပေးအလံကိုသာ စိုက်ကြည့်နေလိုက်သည်။
တန်ဝမ်ကျဲက မေးလိုက်သည်။
“ဆရာ နတ်ဘုရားကို အကူအညီတောင်းတဲ့အခါ နတ်ဘုရားက သေချာပေါက် ကြွလာမှာလား။ တကယ်လို့ မလာရင် ဘာဖြစ်မလဲ။”
အကယ်၍ ကောင်းကင်မှ နတ်မင်းများ၊ နတ်ဘုရားများနှင့် ဗုဒ္ဓများကို မပင့်ဖိတ်နိုင်လျှင် ဤပညာမှာ အသုံးမဝင် ဖြစ်မနေဘူးလား။
“အဟမ်း...မလာတဲ့ အခြေအနေတွေက ပိုများပါတယ်။”
ဒုတိယ ဦးလေးဘိုးဘိုးက အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။
“ကောင်းကင်က နတ်မင်းကြီးတွေကို ပင့်ဖိတ်တဲ့အခါ သူတို့မှာလည်း လူမှုရေးကိစ္စတွေ ရှိသလို အလုပ်လည်း အရမ်းများကြတာကိုး။”
နားလည်ပြီ၊ ဒါကလည်း လူမှုဆက်ဆံရေး ပေါ်မှာ မူတည်နေတာပဲ။
နတ်ဘုရားတွေလည်း မာကျောက်ကစားချင် ကစားနေမှာပေါ့။ ကောင်းကင်မှာ တစ်ရက်က မြေကြီးမှာ တစ်နှစ်ဆိုတော့ ညလုံးပေါက် ကစားနေရင် ဒါကပုံမှန်ပါပဲ။ တကယ်လို့ သူတို့က ရှုံးလို့ မျက်လုံးတွေနီရဲပြီး ဇွဲနပဲနဲ့ ကစားနေလို့ တစ်နှစ်၊ နှစ်နှစ်လောက် ကြာသွားရင် မြေပြင်က တပည့်တွေမှာတော့ နတ်ဘုရားကို တစ်သက်လုံး ပင့်ဖိတ်လို့ ရမှာတောင်မဟုတ်တော့ဘူး။ ကျိုးကြောင်းဆီလျော်ပါတယ်။ တကယ့်ကို ဆီလျော်လှပါတယ်။
သူ့၏ လက်ရှိ နတ်ဘုရား အသိုင်းအဝိုင်းတွင်မူ စစ်သူကြီးကျိုးချန်းတစ်ပါးသာ ရှိသေးသည်။
ဒုတိယ ဦးလေးဘိုးဘိုးအနေဖြင့် အခြားနတ်ဘုရားအချို့နှင့် မိတ်ဆက်ပေးနိုင်မလားဟု သူ တွေးလိုက်မိသည်။ သူက လောဘမကြီးချေ။ သူသည် နတ်မင်းကြီး သုံးပါးလုံးကို သူ၏ပူဇော်ပွဲမှာ လာပြီး အလုပ်ဆင်းခိုင်းဖို့ မရည်ရွယ်ထားပေ။ ကောင်းကင်နတ်မင်း ၂၈ ပါးထဲကဖြစ်စေ၊ မိုးကြိုးနတ်မင်းများထဲကဖြစ်စေ တစ်ပါးပါးကို ဆွဲခေါ်နိုင်လျှင် သူကျေနပ်ပြီဖြစ်သည်။
“ဆရာ... ဆရာကရော ဘယ်နတ်ဘုရားတွေကို ပင့်ဖိတ်ဖူးလဲ။”
“အဟမ်း အများကြီးပဲပေါ့။”
ထိုသို့ပြောရင်းနှင့် ဒုတိယ ဦးလေးဘိုးဘိုး၏ အကြည့်မှာ ကျူးအူမကြီးဆီသို့ ရောက်သွားခဲ့သည်။ သူသည် အမိန့်ပေးအလံကို ငတုံးတစ်ယောက်လို စိုက်ကြည့်နေသည်ကို မြင်သောအခါ ဒေါသထွက်လာပြီး သူ၏ခေါင်းကို လက်သီးဖြင့် ထပ်မံ ထုလိုက်ပြန်သည်။
“အား...,”
ကျူးအူမကြီးသည် သူ၏ခေါင်းကို ပွတ်ရင်း ကြောင်တောင်တောင် ဖြစ်နေ၏။
သူ ဘာလို့ ထပ်အရိုက်ခံရပြန်တာလဲ။
ဒုတိယ ဦးလေးဘိုးဘိုး: “မင်းက အလံကိုပဲ ဘာလို့ ကြည့်နေတာလဲ။ ငါ့ကို ကြည့်စမ်း။”
တန်ဝမ်ကျဲသည်သူ သူ လိမ္မာနေ၍သာ တော်တော့သည်ဟု စိတ်ထဲက တွေးလိုက်မိသည်။ ဦးလေးကျိုးနှင့် ရုပ်ချင်းတူသူများမှာ အလွန် အသေးအဖွဲကိစ္စကအစ စိတ်ကောက်တတ်မှန်း သူသိသည်လေ...။
...
မင်း ငါပြောတာကို မယုံဘူးလား။”
ကျူးအူမကြီးသည် သူ၏ ထမင်းပန်းကန်လုံးကို ချလိုက်ပြီး တန်ဝမ်ကျဲကို ရိုးသားသော မျက်နှာဖြင့် ကြည့်ကာ မေးလိုက်၏။
တန်ဝမ်ကျဲသည် စားပွဲပေါ်ရှိ ထပ်နေသော ပန်းကန်များကို တစ်ချက်ကြည့်လိုက်သည်။
“ယုံပါတယ်။ မင်းက လေးပန်းကန်တောင် စားထားတာလေ။ ငါသာ မင်းကို မယုံရင် ငါပဲ အရှုံးကြီး ရှုံးတော့မှာပေါ့။”
“အား...ဒီနေ့ ဒုတိယ ဦးလေးဘိုးဘိုးဆီမှာ အတော်လေး အရိုက်ခံလိုက်ရလို့ ဗိုက်က တော်တော့်ကိုဆာနေတာ။”
ကျူးအူမကြီးသည် သူ၏ဗိုက်ကို ပွတ်ရင်း ကျေနပ်နေသော ပုံစံရှိသည်။
သူ့တွင် အဖေမရှိတော့ဘဲ ဒုတိယ ဦးလေးဘိုးဘိုးကသာ ပြုစုပျိုးထောင်ခဲ့ခြင်း ဖြစ်သည်။ ငယ်ငယ်ကတည်းက အရိုက်ခံလာရသူမို့ ဤသည်မှာ သူ့အတွက်တော့ အသေးအဖွဲပင်။
“ဒီဆိုင်က ငါ့ဝမ်းကွဲညီမလေးရဲ့ နောင်လာမည့် ယောက္ခမကြီး ဖွင့်ထားတာလေ။ အရသာရှိတယ် မဟုတ်လား။”
“အင်း...ဒီမှာ လက်ဖက်ရည်သောက်ဖို့အတွက် နာရီဝက်လောက် ပိုပြီးလမ်းလျှောက်ရတာ တန်ပါတယ်။”
တန်ဝမ်ကျဲက ခေါင်းညိတ်ကာ ကျူးအူမကြီး၏ အကြံပြုချက်ကို ထောက်ခံလိုက်သည်။ အရသာမှာ အန်နီ၏ လက်ဖက်ရည်ဆိုင်ထက် အများကြီး ပိုကောင်းသော်လည်း ပတ်ဝန်းကျင်ကတော့ အတော်လေး ဆိုးရွားလှပေသည်။
ဈေးနှုန်းက သင့်တင့်ပြီး ခရီးသွားများလည်း အများအပြား ရှိကြသည်။ ကုန်စိမ်းတန်းတစ်ခုကဲ့သို့ပင် ဖြစ်ရာ လက်ဖက်ရည်သောက်ရန် ကောင်းသော်လည်း စီးပွားရေးစကားပြောရန်တော့ မသင့်တော်ပေ။
“ဒါနဲ့ ဘာလို့ ဒီမှာ သခင်လေးတွေ ဒီလောက်တောင် များနေရတာလဲ။”
ထိုအပျော်အပါးမက်သူ သခင်လေးများမှာ အရေးပါသောသူများ မဟုတ်ကြဘဲ အလွန်ဆုံး ချမ်းသာသော မိသားစုများမှ သားသမီးများသာ ဖြစ်ကြသည်။
သို့သော် ထိုသူများကို အသုံးမကျသူများဟုတော့ ပြော၍မရပေ။ တန်ဝမ်ကျဲ၏ အမြင်အရ ထိုသူများသည် အမျိုးကောင်းသမီးများကို လမ်းမှားသို့ ဆွဲခေါ်ရာ၌ အတော်ဆုံးသူများ ဖြစ်ကြသည်။ ၎င်းတို့သည် သင့်ဆီတွင် ငွေရှိလျှင် သင့်ဆီက ငွေများ ကုန်သည့်အထိ ချော့မြှောက်ပွေလီပြီး နောက်ဆုံးမှာတော့ အကြွေးတောင်ကြီးနှင့် ထားခဲ့မည့်သူများသာ ဖြစ်သည်။
ထို့ပြင် သူတို့သည် အရာရှိများနှင့် ပေါင်းစားရာတွင်လည်း ဆရာကြီးများ ဖြစ်ကြ၏။ သတိမထားမိပါက ဘိန်းစွဲသည်အထိပင် ဖြစ်သွားနိုင်ပေသည်။
သူတို့သည် နားစွင့်၊ မျက်စိစွင့်ကာ ဘယ်သူ့မှာ ငွေရှိသည်၊ ဘယ်သူ့မှာ မရှိသည်ကို ကောင်းကောင်းသိကြသည်။
သို့သော် သူတို့သည် တန်ဝမ်ကျဲအနားသို့တော့ မကပ်ရဲကြပေ။ တန်ဝမ်ကျဲ၏ ငွေကို မမက်မော၍ မဟုတ်ဘဲ သူတို့၏ ကစားကွက်များမှာ တန်ဝမ်ကျဲအတွက် အဆင့်မမှီလှသောကြောင့်ပင်။ တန်ဝမ်ကျဲကဲ့သို့ ဂုဏ်ကျက်သရေကို မြတ်နိုးပြီး အောက်တန်းကျမှုကို ရှောင်ကြဉ်သူတစ်ဦးအတွက် ထိုသခင်လေးများ၏ ယဉ်ကျေးမှုဆိုသည်မှာ ဝင်ခွင့်လက်မှတ်ပင် မဝယ်နိုင်လောက်အောင် နိမ့်ကျလှချေသည်။
“ဘာဖြစ်ရမှာလဲ။”
ကျူးအူမကြီးက နှုတ်ခမ်းတစ်ချက်မဲ့လိုက်၏။
“ပုလဲလေး...”
ထိုစဉ် အဝေးမှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“လာပါပြီ...။”
တန်ဝမ်ကျဲ လှည့်ကြည့်လိုက်ရာ ကျစ်ဆံမြီးနှစ်ဖက်ကျစ်ထားသော မိန်းကလေးတစ်ဦး အလုပ်ရှုပ်နေသည်ကို မြင်လိုက်ရ၏။
ဟမ် ဒါက... ဒီညီမလေးကိုလည်း ငါ တစ်နေရာမှာ မြင်ဖူးသလိုပဲ။
နှမြောစရာကောင်းသည်က သူမသည်လည်း ၄၀၊ ၅၀ ရာခိုင်နှုန်းလောက်သာ ဆင်တူနေပြန်၏။ ရုပ်ချင်းတူသော်လည်း စိတ်ဝိညာဉ်ကတော့ မတူချေ။ ရှောင်ယွမ်တုန်းကလိုပင်၊ သူမကို နုနုနယ်နယ် အလှလေးဟုသာ ခေါ်နိုင်ပေလိမ့်မည်။
“အစ်ကို အူမကြီး ဟင်းရည် လာပါပြီ။”
ပုလဲလေးသည် ဟင်းရည်ပန်းကန်များကို ကိုင်ကာ စားပွဲဆီသို့ လျှောက်လာခဲဘသည်။
“ပုလဲလေး ရတနာဖက်တီး မလာဘူးလား။”
“မလာပါဘူး...,ဟိုဘက်မှာ ကျွန်မကို ခေါ်နေကြပြီ။ အလုပ်အရင်သွားလုပ်လိုက်ဦးမယ်နော်။”
“အေးအေး...သွားလေ။”
ကျူးအူမကြီးက ခေါင်းငြိမ့်လိုက်ပြီး တန်ဝမ်ကျဲကို ပြောပြလာခဲ့သည်။
“သူမက ငါ့ဝမ်းကွဲညီလေးနဲ့ စေ့စပ်ထားတဲ့သူလေ။ သူတို့မမွေးခင်ကတည်းက လူကြီးချင်း စီစဉ်ထားကြတာ။”
“မင်းလည်း အဲ့ဒီလို စီစဉ်ထားတာပဲ မဟုတ်ဘူးလား။”
“ငါ့အဖေရဲ့ အဖေက ငါ့အဖေကို မွေးပြီးတော့ သေသွားတယ်လေ။ ပြီးတော့ ငါ့အဖေက ငါ့ကိုမွေးပြီးတော့ သေသွားပြန်တယ်။ မသေခင်မှာ သူက လက်ညှိုးထိုးပြီး ဒီလက်ထပ်ပွဲကို စီစဉ်သွားခဲ့တာ။”
ကျူးအူမကြီးက ပြောလိုက်၏။
“ငါက ရည်မှန်းချက်ကြီးတဲ့ လူတစ်ယောက် မဟုတ်ပါဘူး။ ဒါပေမဲ့ ရှောင်ယွမ်ကိုတော့ ဒုက္ခမပေးချင်ဘူး။ မဟုတ်ရင် ရှောင်ယွမ်က ငါ့ကို လက်ထပ်ပြီးတဲ့အခါ ပုလဲလေးလိုပဲ နေ့တိုင်း လူရှေ့ထွက် အလုပ်လုပ်ပြီး တခြားယောက်ျားတွေရဲ့ နှောင့်ယှက်တာကို ခံရမှာ စိုးလို့ပါ။”
“ဟုတ်လား။ ဒါဆို ငါ သူမကို လိုက်ကြည့်လိုက်ရမလား။”
“ဟမ်...”
ကျူးအူမကြီးသည် သူ၏ ငါးပန်းကန်မြောက် ထမင်းကို စားရန်ပြင်နေစဉ် ကြောင်အသွား၏။
“အားကျဲ မင်း အတည်ပြောနေတာလား။”
“မင်းမှ သူမကို လက်မထပ်ချင်တာ။ ရှောင်ယွမ်ကလည်း ဘယ်လိုလင်မျိုးရရ လိုက်မယ့် အမျိုးသမီးမျိုးပဲလေ။ ငါက ဘာလို့ သူမကို မလိုက်ရမှာလဲ။”
တန်ဝမ်ကျဲက ပြန်ပြောလိုက်သည်။
“ရှောင်ယွမ်အတွက်တော့ ဘာမှ ထူးခြားမှာ မဟုတ်ပါဘူး။ ဘဝကို ဒီလိုပဲ ဖြတ်သန်းသွားရမှာပဲလေ။”
မိန်းကလေးတစ်ယောက်ကို လိုက်ဖို့ဆိုတာ ရုပ်ရည်ရှိရင် ရပြီမဟုတ်ဘူးလား။ သူ ဘာအကွက်မှ သုံးစရာ မလိုပါဘူး။
သူ့ရဲ့ ပရိယာယ်တွေကိုတော့ သရဲတစ္ဆေတွေကို လိမ်ဖို့၊ သတ်ဖို့နဲ့ လူယုတ်မာတွေကို ကိုင်တွယ်ဖို့အတွက်ပဲ သုံးတယ်။
“ဦးလေးကျဲ... ဦးလေးက ရုပ်လည်းချော၊ ငွေလည်းချမ်းသာတာပဲ။ ကျုပ်မိန်းမကိုတော့ လာမလုပါနဲ့ဗျာ ဟုတ်ပြီလား။”
ကျူးအူမကြီးက မျက်နှာငယ်လေးဖြင့် ပြောလိုက်သည်။ သူမကို ပေးတုန်းကတော့ မယူချင်ဘဲ၊ တခြားလူက လုတော့မည်ဆိုမှ သူက လက်မလွှတ်နိုင် ဖြစ်နေရှာသည်။
တန်ဝမ်ကျဲသာ ရှောင်ယွမ်ကို တကယ်လိုက်မည်ဆိုပါက သူမက သေချာပေါက် ပါသွားလိမ့်မည်ဟု သူ ယုံကြည်နေ၏။
တန်ဝမ်ကျဲသည် ကျူးအူမကြီးကို ကြည့်ကာ စကားနှစ်ခွန်းကို ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“တကယ့်ကို...လူယုတ်မာပဲ။”
...
ဒုတိယ ဦးလေးဘိုးဘိုးသည် တန်ဝမ်ကျဲကို စာအုပ်တစ်အုပ် ပေးလိုက်ပြီး အိမ်ပြန်လျှင် စက္ကူဝါ၊ ဟင်္သာပြဒါးနှင့် စုတ်တံများ ပြင်ထားရန်၊ လက်ကွက်ဖြင့် အဆောင်လက်ဖွဲ့များ ရေးဆွဲနည်းကို သင်ယူရန် ပြောလိုက်၏။
မျက်စိဖွင့်ရန်၊ တစ္ဆေများကို ကုသရန်၊ ဆုတောင်းရန်၊ ကာကွယ်ရန်နှင့် အလောင်းများကို နှိမ်နင်းရန် အဆောင်များ စသည်ဖြင့် အားလုံး ပါဝင်ပေသည်။
တန်ဝမ်ကျဲသည် အစမှအဆုံး တစ်ခါစီ ရေးဆွဲကြည့်ပြီးနောက် ကြွက်သားသရဲပုကို ခေါ်ကာ တစ်ခုချင်းစီ စမ်းသပ်ကြည့်လိုက်သည်။ ထို့နောက် သူ၏ထုတ်ကုန် အဆင့်အတန်းမှာ ပျမ်းမျှသာ ရှိသည်ဟု သူ အတည်ပြုလိုက်နိုင်ခဲ့သည်။ ဆေးထိုးထားသော ကြွက်သားသရဲကိုပင် သူ မကိုင်တွယ်နိုင်ပေ။
အလောင်းနှိမ်နင်းခြင်း အဆောင်ကတော့ ဖုန်ကောင်ဦးလေးတုန်းကို ကြာကြာ မထိန်းထားနိုင်ပေ။ အကယ်၍ အမြွှာညီအစ်မနှင့် ဖုတ်ကောင်တို့ တစ္ဆေ-အလောင်း ပေါင်းစည်းခြင်းကို လုပ်ဆောင်နိုင်ပါက ထိုအဆောင်မှာ အမှိုက်စက္ကူကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
သို့သော် ဒုတိယ ဦးလေးဘိုးဘိုးကလည်း လူတစ်ယောက်တည်းက ပညာအားလုံးကို ကျွမ်းကျင်ရန်မှာ မဖြစ်နိုင်ကြောင်း ပြောခဲ့ဖူးသည်။ အဆောင်လက်ဖွဲ့များမှာ အပြင်ပန်း နည်းလမ်းများသာ ဖြစ်ပြီး အရေးကြီးဆုံးမှာ အတွင်းစိတ် ကျင့်ကြံမှုပင် ဖြစ်သည်။
တန်ဝမ်ကျဲကိုယ်တိုင်လည်း အဆောင်လက်ဖွဲ့ ပညာရပ်တွင် ကျွမ်းကျင်ရမည်ဟူသည့် အစွဲအလမ်းမျိုး မရှိပေ။ မြေနင်းအတတ်ဖြစ်စေ၊ နတ်တိုင်ပင် စစ်သူကြီးစေခိုင်းခြင်းဖြစ်စေ သူ၏ တစ္ဆေဖမ်းစတိုင်မှာ ကိုယ်ပိုင် ဂါထာမန္တန်များနှင့် ကျွမ်းကျင်မှုများအပေါ်တွင်သာ အခြေခံနေမည်မှာ သေချာသည်။ သူ နှမြောသည်မှာ အဆောင်လက်ဖွဲ့များက သခင်ကြီးတန်၏ ငွေသုံးသည့် အကျင့်နှင့် အလွန် ကိုက်ညီနေသောကြောင့်သာ ဖြစ်သည်။
အဆောင်တစ်ခုက သရဲကို ရိုက်မိသွားမယ်ဆိုရင် အဆောင်တစ်ရာဆိုရင်ကော။ တစ်ထောင်၊ တစ်သောင်း၊ တစ်သိန်း...
ဤသည်မှာ တန်မိသားစု၏ ငွေနှင့်ပေါက်သည့် နည်းလမ်းနှင့် အတော်လေး ကိုက်ညီလှပေသည်။
တည်ငြိမ်ပြီး မောက်မာတဲ့ နည်းလမ်းပေါ့။
မွန်းလွဲပိုင်းတွင် တန်ဝမ်ကျဲကို ကျူးအိမ်တော်သို့ ထပ်မံ ခေါ်ယူခဲ့ပြန်သည်။
“ကျင့်ကြံခြင်းဆိုတာ ရေဆန်မှာ လှေလှော်သလိုပဲ၊ ရှေ့မတိုးရင် နောက်ဆုတ်သွားမှာပဲ။”
ဒုတိယ ဦးလေးဘိုးဘိုးက တန်ဝမ်ကျဲကို နောက်ထပ် စာအုပ်တစ်အုပ် ပေးလိုက်သည်။
ထိုစာအုပ်ထဲတွင် ရက်တစ်ရာ အခြေခံတည်ဆောက်ခြင်းအကြောင်း ရေးသားထားသည်။ ရက်တစ်ရာ အခြေခံ တည်ဆောက်ပြီးမှသာ တကယ့်ဂိုဏ်းဝင်တစ်ဦးအဖြစ် သတ်မှတ်နိုင်မည်ဖြစ်သည်။ သို့သော် ဒုတိယ ဦးလေးဘိုးဘိုးက ထိုအရာကို သိပ်ပြီး ဂရုမစိုက်ဘဲ သတိပေးရုံမျှသာ ပေးသည်ဟု တန်ဝမ်ကျဲ ခံစားလိုက်ရသည်။
ဒုတိယ ဦးလေးဘိုးဘိုး၏ သက်တမ်းမှာ ရက်တစ်ရာပင် မခံတော့သလို တန်ဝမ်ကျဲမှာလည်း ကျွမ်းကျင်မှုများ ပြည့်နှက်နေသော ခန္ဓာကိုယ် ရှိနေသဖြင့် ဤကဲ့သို့ အခြေခံလေ့ကျင့်ခန်းများအတွက် စိုးရိမ်စရာ မလိုပေ။
“ငါ ငရဲပြည်ကို အစီရင်ခံပြီးရင် ငါ့ရဲ့ နာရေးကိစ္စတွေကို ကျူးအူမကြီးက ကိုင်တွယ်ပေးလိမ့်မယ်။ မင်းမှာ ချမ်းသာကြွယ်ဝမှုတွေ ရှိမှန်း ငါသိပေမဲ့ မင်းကို ငွေကုန်ကြေးကျ မခံစေချင်ဘူး။ ငါ့ရဲ့ ထွက်ခွာခြင်းဟာ ကောင်းချီးတစ်ခုဖြစ်ပြီး ဘေးဒုက္ခမဟုတ်တာကြောင့် အခမ်းအနား အကြီးအကျယ် လုပ်ဖို့လည်း မလိုပါဘူး။ ဒီနေ့ မင်းကို ခေါ်လိုက်တာက နောက်ထပ် ကိစ္စတစ်ခု ရှိလို့ပါ။ ငါ့ရဲ့သိုင်းတူမြေးလေးတစ်ယောက် ဒီနေရာကို ဖြတ်သွားမယ်လို့ သတင်းရထားတယ်။ ငါ ငရဲပြည်ကို သွားတော့မယ်ဆိုတာ သိလို့ သူက ငါ့ဆီ လာလည်ချင်နေတာ။ သူက မော်ရှန်းဂိုဏ်းရဲ့ အကြီးဆုံးစီနီယာအစ်ကိုကြီးပဲ။ မင်း တစ်ချိန်ချိန်မှာ အကူအညီ လိုအပ်ရင် သူ့ကို ရှာလို့ရတယ်။ ဒီနေ့ ငါ မင်းတို့နဲ့ မိတ်ဆက်ပေးမယ်။”
ဒုတိယ ဦးလေးဘိုးဘိုးက စကားအများကြီး ထပ်မပြောတော့ပေ။ လူမှုဆက်ဆံရေး နယ်ပယ်မှာတော့ တန်ဝမ်ကျဲက သူ့ထက် ပိုနားလည်မှန်း သူသိသည်။ အထူးသဖြင့် ပေးကမ်းရမည့် ပမာဏကို တန်ဝမ်ကျဲက ကျေနပ်စရာကောင်းအောင် ပေးနိုင်မည်မှာ သေချာပေသည်။
သူဌေးကျောက်၏ နာရေးအခမ်းအနားကို လုပ်ပေးစဉ်ကလည်း တန်ဝမ်ကျဲ ပေးသော ပမာဏအပေါ် ဒုတိယ ဦးလေးဘိုးဘိုးက အလွန်ကျေနပ်ခဲ့ရသည်။
“နားလည်ပါပြီ ဆရာ။”
တန်ဝမ်ကျဲက ခေါင်းငြိမ့်ပြလိုက်သည်။ မော်ရှန်းဂိုဏ်း၌ အဝေးမှ ဆက်သွယ်နိုင်သည့် နည်းလမ်းရှိ၏။ အဆောင်တစ်ခုကို ရေးဆွဲပြီး ရေဇလုံတစ်ခု ရှာလိုက်ရုံပင်။ သို့သော် နှစ်ဖက်စလုံးက ထိုပညာကို တတ်ထားမှ ရမည်ဖြစ်ရာ အပြင်လူများကိုတော့ ဘယ်တော့မှ လက်ဆင့်မကမ်းပေ။
မော်ရှန်းဂိုဏ်းခွဲများစွာမှ လူအများစုမှာ ဤအရာကို မသိကြပေ။ ဆန်မေးခြင်းဆိုတဲ့ ပညာနှင့်တင် လူတစ်ယောက်ကို လုပ်ကျွေးနိုင်ပြီဖြစ်၏။ ဤခေတ်၌ အသက်မွေးဝမ်းကျောင်း ပြုနိုင်ရင် တော်ပြီဖြစ်ပြီး အများကြီး သင်ယူနေလည်း အသုံးမဝင်ချေ။ ထို့ပြင် တပည့်တစ်ယောက်၌ ကမ္ဘာအနှံ့ ကျောင်းသားများရှိနေဖို့ဆိုတာ မဖြစ်နိုင်သဖြင့် သင်ယူထားလျှင်ပင် ဖုန်းကိုင်မယ့်လူမရှိပါက အလကားပဲမို့ မသင်ယူကြခြင်းက ပိုကောင်းပေသည်။
ဤကဲ့သို့သော ဘဝအတွက် အသုံးဝင်တဲ့ နည်းလမ်းလေးများ အများအပြား ရှိသော်လည်း ၎င်းတို့ကို တရားဝင်ဂိုဏ်းသို့ ဝင်ရောက်မှသာ သိနိုင်မည်ဖြစ်သည်။
တန်ဝမ်ကျဲ ရုတ်တရက် မော့ကြည့်လိုက်၏။
ခဏလေး မော်ရှန်းဂိုဏ်းရဲ့ အကြီးဆုံးစီနီယာအစ်ကိုကြီးလား။ ပြီးတော့ သိုင်းတူမြေးတဲ့လား။
သူ လူလွှတ်ပြီး ဖိတ်ခေါ်ထားသည့် ရှီကျန့်မှာ ဤနှစ်ရက်အတွင်း ရောက်လာရမည် ဖြစ်သည်။ ဤသို့ဆိုလျှင် ဒုတိယ ဦးလေးဘိုးဘိုး၏ သိုင်းတူမြေးလေးဟာ သေချာပေါက် ရှီကျန့်သာ ဖြစ်ရပေမည်။
စကားပြောနေစဉ်မှာပင် တံခါးအပြင်ဘက်မှ အသံတစ်သံ ကြားလိုက်ရလေသည်။ ဧည့်သည် ရောက်လာပြီ ဖြစ်သည်။
ရောက်လာသူမှာ ယင်နှင့်ယန် တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး အားမာန်ပါပါ လျှောက်လှမ်းလာကာ သဘာဝအတိုင်း ထည်ဝါသော အရှိန်အဝါ ရှိလေသည်။ လူငယ်တစ်ဦးက သူ၏နောက်တွင် လိုက်ပါလာခဲ့သည်။ အထဲသို့ ဝင်လာပြီးနောက် ထိုလူငယ်က ရိုသေစွာ လက်အုပ်ချီ နှုတ်ဆက်လေသည်။
“သိုင်းတူဘိုးဘိုး။”
ဒုတိယ ဦးလေးဘိုးဘိုးက ပြုံးကာ မိတ်ဆက်ပေးလိုက်သည်။
“အားကျန့် မင်း အချိန်ကိုက် ရောက်လာတာပဲ။ ဒါက ငါ လက်ခံထားတဲ့ တပည့် တန်ဝမ်ကျဲတဲ့။ မင်းရဲ့ သိုင်းတူဦးလေးပေါ့။”
ရှီကျန့်သည် စည်းမျဥ်းကို အလေးအနက်ဆုံး ထားသူဖြစ်ရာ အပြင်ပန်းအားဖြင့်တော့ သူ ဘယ်တော့မှ အမှားမခံပေ။
ထို့ကြောင့် တန်ဝမ်ကျဲမှာ လူငယ်တစ်ဦးဖြစ်နေသည်ကို မြင်သော်လည်း သူ ဘာမှမပြောဘဲ စံပြကျင့်ဝတ်အတိုင်း ရိုရိုသေသေပင် အရိုအသေ ပေးလိုက်သည်။
အမှောင်ရိပ်ထဲ၌ ဘာတွေဖြစ်ပျက်နေသလဲဆိုတာကိုတော့ ရှီရှောင်ကျန့်၏ ပြစ်မှုများအားလုံးကို ရှီကျန့် သိနေကြောင်း တန်ဝမ်ကျဲက ရုပ်ရှင်ထဲမှတစ်ဆင့် မှတ်မိနေသေးသည်။ ဖော်ထုတ်မခံရသရွေ့ သူက ဂရုမစိုက်သည့်အပြင် ဖုံးကွယ်ဖို့တောင် ကူညီပေးဦးမှာ ဖြစ်သည်။
“သိုင်းတူလေး ရှီကျန့် သိုင်းတူဦးလေးကို ဂါရဝပြုပါတယ်။”
တန်ဝမ်ကျဲ ရုတ်တရက် ဦးလေးကျိုးကို သတိရသွားခဲ့သည်။ သူက စိတ်ပုပ်၍တော့ မဟုတ်ပါချေ။ တစ်ဖက်လူက သူ့ကို သိုင်းတူဦးလေးဟု ခေါ်သည်ကို ကြားချင်ရုံတင်ပါ။ ထို့ပြင် သူကလည်း သိုင်းတူလေး အားကျိုးဟု အကြိမ်အနည်းငယ် ပြန်ခေါ်ပြီး မျိုးဆက်နှစ်ခုကြား ရင်းနှီးအောင် လုပ်ချင်ရုံလေးဖြစ်ပေသည်။