အခန်း (၁၁၁-၁၁၂)
Vol. 6 Ch. 111-112
အခန်း (၁၁၁) - ရဲ့ယွီကျိုး
‘ငါက တည်တည်ငြိမ်ငြိမ်နဲ့ စီစဉ်နိုင်လို့ တော်သေးတာပေါ့... ရန်ကျဲ... မင်း ဘယ်လောက်ပဲ ထက်မြက်ပါစေ၊ သက်သေမရှိဘဲ ငါ့ကို ဘာလုပ်နိုင်မှာလဲ... ပြီးတော့ လင်းကျင်း... သူက အဆင့် ၂ အကဲဖြတ်မှူး ဖြစ်လာလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ... အာဏာရှိသူနောက် လိုက်ဖားတတ်တဲ့ ငါ့ဦးလေးကလည်း လင်းကျင်း အခြေအနေ ပြန်ကောင်းလာတာ မြင်တော့ အရှက်မရှိ ပြန်ကပ်ဖို့ ကြိုးစားနေပြန်ပြီ...ငါက အသာတကြည် လွှတ်ပေးမယ့်အစား အားလုံးကို ဖျက်ဆီးပစ်မယ်’
ချန်ချန်းသည် မိမိကိုယ်ကို ကျေနပ်နေမိပြီး တစ်ကိုယ်တည်း တဟားဟား ရယ်မောလိုက်၏။
၎င်းမှာ ယုတ်မာလှသော ရယ်သံတစ်ခုပင် ဖြစ်သည်။
ထိုအချိန်တွင် ရန်ကျဲသည် သူ၏ဆရာနှင့် သီးသန့်သင်ခန်းစာ တက်ရောက်ရန် ဆရာ့စာကြည့်ခန်းသို့ ရောက်ရှိနေပြီ ဖြစ်၏။
ဒါဟာ အသင်းထဲမှာ ဘယ်သူမှ မရနိုင်တဲ့ အခွင့်ထူးတစ်ခု ဖြစ်သည်။
ရန်ကျဲ၏ဆရာ ‘ရဲ့ယွီကျိုး’ သည် ကျင့်ကြံသူများအသင်း၏ နံပါတ်တစ် ဆရာကြီးအဖြစ် လူသိများသူ ဖြစ်၏။
ထိပ်သီးဆရာနှင့် ထိပ်သီးတပည့် ဖြစ်သည့်အတိုင်း ရန်ကျဲ၏ မာန်မာနရှိသော အမူအရာများမှာ ရဲ့ယွီကျိုးထံမှ ရရှိထားခြင်း ဖြစ်သည်မှာ သိသာလှသည်။
ရဲ့ယွီကျိုး၏ ကျင့်ကြံရာနေရာမှာ အတော်လေး ထူးခြားလှ၏။ ရေကန်တစ်ခုပေါ်တွင် ဆောက်လုပ်ထားခြင်းဖြစ်ပြီး စာကြည့်ခန်း ကြမ်းပြင်၏ တစ်ဝက်မှာ အလွတ်ဖြစ်ကာ အောက်တွင် ရေကန်ရေများ ရှိနေသည်။
အခန်းထဲတွင် အဘိုးအိုတစ်ဦးမှာ ကြမ်းပြင်ပေါ်၌ တင်ပျဉ်ခွေ ထိုင်နေ၏။ သူ၏ ဝတ်စုံပေါ်တွင် တိမ်တိုက်ပုံစံ ရှစ်ခု ပါရှိရာ ၎င်းမှာ သူသည် သွေးစာချုပ် ကျင့်စဉ် အဆင့် ၈ သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဖော်ပြနေခြင်းပင်။
ရန်ကျဲက ဂါရဝပြုပြီးနောက် ဆရာ့ရှေ့တွင် ဝင်ထိုင်လိုက်သည်။
ရန်ကျဲ၏ သားရဲဖြစ်သော ‘ဖြူပြာရောင် ဒေါင်း’ မှာလည်း ထောင့်တစ်နေရာတွင် ငြိမ်သက်စွာ ရပ်နေ၏။ ၎င်းမှာ အဆင့် ၃ သားရဲ ဖြစ်သော်လည်း ရေကန်ထဲတွင် တစ်ခုခု ရှိနေသကဲ့သို့ စိုက်ကြည့်ရင်း ငြိမ်သက်နေပေသည်။
“ဒီနေ့ ငါတို့ ဆွေးနွေးမယ့် သားရဲတွေအကြောင်း သင်ခန်းစာကတော့...”
ရဲ့ယွီကျိုး၏ သင်ကြားမှုများမှာ အမြဲတမ်း နက်နဲလှပြီး သူသည် ရန်ကျဲအပေါ် အတတ်ပညာများ လက်ဆင့်ကမ်းပေးရန် ဝန်မလေးပေ။
“ရန်ကျဲ... မင်း သိထားရမှာက အဆင့် ၉ ဟာ သွေးစာချုပ်ကျင့်စဉ်ရဲ့ အမြင့်ဆုံး အဆင့်ပဲ... ကိုးဆိုတာ လူသားတွေရဲ့ အကန့်အသတ်ဖြစ်ပြီး အဆင့် ၁၀ ကို ရောက်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ... ဒါပေမဲ့ အဆင့် ၉ ကို ရောက်ရင်တောင် ငါတို့ရဲ့ အင်အားက ငါတို့ သားရဲတွေအပေါ်မှာပဲ အဓိက မူတည်တယ်... ငါတို့ သားရဲ သန်မာရင် ငါတို့ သန်မာမယ်... ဒါဟာ ရှေးခေတ်ကတည်းက မပြောင်းလဲတဲ့ အမှန်တရားပဲ”
“နားလည်ပါပြီ ဆရာ”
“ကဲ... မင်းရဲ့ ဝိညာဉ်စွမ်းအင် လက်ညှိုးကနေ ဝိညာဉ်ဓားကို ထုတ်ဖော်ပြစမ်း... မင်း ဘယ်လောက်အထိ တိုးတက်လာလဲဆိုတာ ငါ ကြည့်ချင်တယ်”
“ဟုတ်ကဲ့ပါ”
ရန်ကျဲက ဂါထာကို ရွတ်ဆိုလိုက်ပြီး သူ၏ လက်ညှိုးများကို လေထဲတွင် အားပါပါ ဝှေ့ယမ်းလိုက်၏။
သို့သော် ရဲ့ယွီကျိုးက ဒါကို မြင်သောအခါ မျက်မှောင်ကြုတ်သွားသည်။
“ရန်ကျဲ... မင်းရဲ့ ညာဘက်လက်မောင်းက စွမ်းအင်တွေ ကမောက်ကမ ဖြစ်နေပါလား... မင်း ဒဏ်ရာရထားတာလား”
ရန်ကျဲမှာ မှင်တက်သွားရ၏။
သူသည် လင်းကျင်းနှင့် ဖြစ်ပွားခဲ့သော ကိစ္စကို အတတ်နိုင်ဆုံး ဖုံးကွယ်ထားသော်လည်း သူ၏ဆရာက ရိပ်မိသွားခဲ့ပြီ ဖြစ်သည်။ ရဲ့ယွီကျိုးက ထပ်မံ မေးမြန်းနေသဖြင့် ရန်ကျဲမှာ လင်းကျင်းနှင့် ထိပ်တိုက်တွေ့ခဲ့သည့် အကြောင်းကို အမှန်အတိုင်း ပြောပြလိုက်ရတော့သည်။
ရဲ့ယွီကျိုးသည် ထိုအကြောင်းကို ကြားသောအခါ မျက်မှောင်ကြုတ်ကာ ဆို၏။
“မင်း ပြောချင်တာက မင်း တစ်ယောက်ယောက်နဲ့ တိုက်ခိုက်ခဲ့တယ်၊ ဒါပေမဲ့ အကြောင်းရင်း မသိဘဲ မင်းရဲ့ ချိုင်းအောက်မှာ အပ်နဲ့ အထိုးခံရသလို နာကျင်သွားပြီး လက်မောင်းတစ်ခြမ်း ထုံကျင်သွားတယ်ပေါ့... ဟုတ်လား”
ရန်ကျဲက ရှက်ရွံ့စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ဒီလင်းကျင်းဆိုတာ ဘယ်သူလဲ...သူ့ရဲ့ဆရာကရော ဘယ်သူလဲ... ငါ ဘာလို့ သူ့အကြောင်း မကြားဖူးတာလဲ”
ရဲ့ယွီကျိုးက မေးမြန်းလိုက်၏။
အကယ်၍ အသင်းထဲတွင် ရန်ကျဲနှင့် ယှဉ်နိုင်သူ ရှိနေလျှင် သူ အနည်းဆုံးတော့ ကြားဖူးရမည် မဟုတ်ပါလား။
ရန်ကျဲက အမှန်အတိုင်းပင် ဖြေကြားလိုက်သည်။
“အဲဒီလင်းကျင်းက ဒီနေ့မှ အသင်းထဲကို တပည့်အဖြစ် ဝင်လာတာပါ ဆရာ”
“ဒီနေ့မှ ဝင်တာလား... အဲဒါဆိုရင် ဆရာတစ်ယောက်ယောက်က ထောက်ခံပေးလိုက်တာ ဖြစ်ရမယ်...ဘယ်သူလဲ”
“ဆရာကြီးဟွမ်ဖူပါ”
“သူလား...”
ရဲ့ယွီကျိုး၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွား၏။
ရန်ကျဲနှင့် လုယွန်ဟယ်တို့ကဲ့သို့ပင် ရဲ့ယွီကျိုးနှင့် ဟွမ်ဖူမင်တို့မှာလည်း ဆက်ဆံရေး မကောင်းကြပေ။ သူတို့နှစ်ဦးမှာ အမြဲတမ်း ပြိုင်ဆိုင်နေကြသူများ ဖြစ်သည်။
“ဒါဆိုရင် အဲဒီလင်းကျင်းက ဟွမ်ဖူမင်ရဲ့ တပည့်ပေါ့... ကောင်းပြီ... ဟွမ်ဖူမင်မှာ လုယွန်ဟယ် တစ်ယောက်တည်း ရှိတယ် ထင်နေတာ၊ အခုတော့ အရန်လူ ရှိနေသေးတာကိုး... သူက လာမယ့်ပြိုင်ပွဲမှာ ငါ့ကို အရှက်ခွဲဖို့ ကြံစည်နေတာပဲ... ရန်ကျဲ... ဒီနေ့ကစပြီး ငါနဲ့အတူ သုံးရက်တိုင်တိုင် တံခါးပိတ် ကျင့်ကြံရမယ်... ငါ မင်းကို ‘ဝိညာဉ်စွမ်းအင် ဓားသွား’ ရဲ့ တတိယပိုင်းကို သင်ပေးမယ်”
ရဲ့ယွီကျိုးက ပြတ်သားစွာ ဆိုလိုက်သည်။
ရန်ကျဲက လင်းကျင်းသည် ဟွမ်ဖူမင်၏ တပည့်မဟုတ်ကြောင်း ပြောရန် ပြင်သော်လည်း၊ နောက်မှ ပြန်စဉ်းစားပြီး နှုတ်ဆိတ်နေလိုက်၏။ လင်းကျင်းနှင့် ဟွမ်ဖူမင်တို့မှာ တစ်နည်းနည်းဖြင့် ပတ်သက်မှု ရှိရမည်၊ မဟုတ်လျှင် ဟွမ်ဖူမင်က ဘာကြောင့် ထောက်ခံပေးပါမည်နည်း။
ရဲ့ယွီကျိုးက ‘ဝိညာဉ်စွမ်းအင် ဓားသွား’ တတိယပိုင်းကို သင်ပေးမည်ဟု ပြောလိုက်သောအခါ ရန်ကျဲ၏ မျက်လုံးများ ဝင်းလက်သွားတော့သည်။
အရင်က သူသည် ပထမနှစ်ပိုင်းကိုသာ သိထားပြီး တတိယပိုင်းကို သင်ပေးရန် အထပ်ထပ် တောင်းဆိုသော်လည်း ရဲ့ယွီကျိုးက ငြင်းပယ်ခဲ့ခြင်း ဖြစ်၏။ ယခုတော့ သူ အလိုချင်ဆုံး ကျင့်စဉ်ကို သင်ယူရတော့မည် ဖြစ်သည်။
“ဒါ့အပြင် ငါ့မှာ သားရဲတွေ ကျင့်ကြံဖို့အတွက် လျှို့ဝှက်ကျင့်စဉ်အချို့ ရှိသေးတယ်... ဒါက မင်းကို ပိုမြင့်တဲ့ အဆင့်ကို ရောက်စေလိမ့်မယ်... အကယ်၍ ဒါနဲ့မှ အဆင်မပြေသေးရင် ငါ မင်းကို သားရဲအကဲဖြတ်မှူး အသင်းချုပ်က ငါ့သူငယ်ချင်းတွေဆီ ခေါ်သွားပေးမယ်... ရန်ကျဲ... မင်းရဲ့ ဒေါင်းဖြူက အဆင့် ၃ မှာ ကြာလှပြီ... သူ့ကို အဆင့်တက်အောင် လုပ်နိုင်ရင် ဝိညာဉ်ဓားသွားထက် ပိုပြီး အစွမ်းထက်လိမ့်မယ်... အဓိကကတော့ မင်းရဲ့ သားရဲ အင်အားပဲ”
လင်းကျင်းမှာတော့ တစ်နေ့လုံး စိတ်အနှောင့်အယှက် ဖြစ်နေရ၏။
အခြေအမြစ်မရှိသော ကောလာဟလများကြောင့် သူ အတော်လေး ဒေါသထွက်မိသည်။
ယခုအခါ လူတိုင်းက လင်းကျင်းသည် ချန်ယွမ်ယွမ်အတွက်ကြောင့်သာ ကျင့်ကြံသူများအသင်းသို့ ဝင်လာပြီး ရန်ကျဲကို ရန်စနေခြင်း ဖြစ်သည်ဟု ပြောနေကြ၏။ သူတို့က ဖြစ်ရပ်မှန်များကို လိမ်ညာကာ ယုတ္တိရှိသလိုလိုနှင့် ပြောဆိုနေကြခြင်းပင်။
သို့သော် လင်းကျင်းသည် ထိုစကားများကို ဂရုမစိုက်သင့်ကြောင်း နားလည်သည်။ သူက ရှင်းပြရန် ကြိုးစားလေလေ ပိုဆိုးလေလေ ဖြစ်လာနိုင်သည် မဟုတ်ပါလား။
‘ငါ သည်းခံရမယ်’
ညပိုင်းတွင် လုယွန်ဟယ်သည် သူ ကတိပေးထားသည့်အတိုင်း လုဘကို ခေါ်ဆောင်လာခဲ့သည်။ လုဘ အဆင့်တက်နိုင်ခြင်း ရှိ၊ မရှိမှာ လုယွန်ဟယ်အတွက် အလွန် အရေးကြီးလှ၏။
ဒါဟာ အလွန်ကောင်းသော သင်ယူမှု အခွင့်အရေး ဖြစ်သဖြင့် ကျောက်ရင်း၊ လုရှောင်ယုနှင့် ဟန်ဒုန်းတို့မှာလည်း လင်းကျင်းကို ကူညီရန်နှင့် ဆေးဝါးများ ပြင်ဆင်ရန် စောစောစီးစီး ရောက်ရှိနေကြသည်။ သူတို့အနေဖြင့် ဤရှားပါးသော အခွင့်အရေးကို လွတ်သွားစေမည် မဟုတ်ပေ။
“အစ်ကို... ရောက်လာပြီလား”
သူမ၏ အစ်ကို ဝင်လာသည်ကို မြင်သောအခါ လုရှောင်ယုက နှုတ်ဆက်လိုက်၏။
လုယွန်ဟယ်မှာ သိသိသာသာကို စိုးရိမ်နေပုံရသည်။
သူ၏ လုဘ တကယ် အဆင့်တက်နိုင်ပါ့မလားဟူသော သံသယမှာ လင်းကျင်းက အာမခံထားသော်လည်း သူ၏ စိတ်ထဲတွင် ရှိနေဆဲပင်။
“အစ်ကို... စိတ်အေးအေးထားပါ... ဆရာလင်းက လုဘ အဆင့်တက်နိုင်မယ်လို့ ပြောရင် သေချာပေါက် ဖြစ်မှာပါ”
လုရှောင်ယုက အားပေးလိုက်၏။
“အင်း... ငါလည်း အဲဒီလိုပဲ မျှော်လင့်ပါတယ်”
လုယွန်ဟယ် ခြံထဲဝင်လာပြီးမှ လုဘ တစ်ယောက် သူနှင့်အတူ ပါမလာသည်ကို သတိထားမိလိုက်သည်။
သူ လှည့်ကြည့်လိုက်သောအခါ လုဘသည် ခြံဝင်းတံခါးဝတွင် တုန်တုန်ယင်ယင်ဖြင့် ရပ်နေသည်ကို တွေ့လိုက်ရ၏။
“လုဘ... အထဲဝင်ခဲ့လေ”
လုယွန်ဟယ်က ခေါ်လိုက်သော်လည်း လုဘမှာ မလှုပ်မယှက် ရပ်နေဆဲပင်။ သူ၏ အကြည့်များမှာ ခြံထဲက တစ်ခုခုကို စိုက်ကြည့်နေဟန် ရှိသည်။
လုယွန်ဟယ် လိုက်ကြည့်လိုက်သောအခါ လင်းကျင်း၏ သားရဲ ရှောင်ဟော့ကို တွေ့လိုက်ရ၏။
ထိုစဉ်က ရှောင်ဟော့မှာ မျက်လုံးများကို မှိတ်ထားပြီး အနေအထား တစ်ခုကို ယူထားသည်။ သူ၏ ကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါများမှာ တဖြည်းဖြည်း ပိုမို သန်မာလာနေသည်ကို သူတို့ ခံစားမိလိုက်ကြ၏။
လုဘမှာ ရှောင်ဟော့၏ ဖိအားကို ခံစားလိုက်ရသဖြင့် အရင်က ဝံပုလွေ၏ နှိပ်စက်မှုကို ခံခဲ့ရသည့် ကြောက်စိတ်များ ပြန်လည် ပေါ်လာခြင်း ဖြစ်သည်။ ထို့ကြောင့် သူ ခြံထဲသို့ မဝင်ရဲခြင်းပင်။
နောက်ဆုံးတွင် လင်းကျင်းကိုယ်တိုင် ထွက်လာပြီး ကြောက်နေသော လုဘကို ချော့မော့ကာ အထဲသို့ ခေါ်ခဲ့ရတော့သည်။
“အစ်ကိုလု... ခင်ဗျားရဲ့ သားရဲက နည်းနည်းတော့ ကြောက်တတ်လွန်းမနေဘူးလား”
လင်းကျင်းက နောက်ပြောင်လိုက်၏။ လုယွန်ဟယ်က ခပ်ယောင်ယောင် ရယ်လိုက်မိပြီး ‘ဒါက အရင်တစ်ခါ ရှောင်ဟော့ဆီမှာ အရှုံးကြီး ရှုံးခဲ့လို့ ဖြစ်ရတာပါ... မင်းရဲ့ ရှောင်ဟော့နဲ့ မတွေ့ခင်က ငါ့ရဲ့ လုဘက တကယ်ကို သတ္တိရှိတဲ့ ကောင်ပါ’ ဟု စိတ်ထဲက တွေးနေမိသည်။
“ကဲ... အားလုံး စုံပြီဆိုရင် စကြရအောင်”
လင်းကျင်းသည် လုဘ၏ ခေါင်းကို ပွတ်သပ်လိုက်၏။ အဆင့်တက်မည့် နည်းလမ်းကို ရွေးချယ်ပြီးနောက် သူ၏ အပ်များကို ထုတ်ယူလိုက်ပြီး၊ လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ကာ အပ်ပေါင်း တစ်ဒါဇင်ကျော်ကို လုဘ၏ ခန္ဓာကိုယ်ထဲသို့ ထိုးစိုက်လိုက်တော့သည်။
လုဘသည် နာကျင်မှုကြောင့် ဟိန်းဟောက်လိုက်သော်လည်း မလှုပ်မယှက် ငြိမ်နေ၏။ ထိုသားရဲသည် နာကျင်မှုကို အလိုက်တသိဖြင့် သည်းခံနေရှာသည်။
အခန်း (၁၁၂) - လုဘ အဆင့်တက်ခြင်း
လင်းကျင်း၏ အပ်စိုက်အတတ်ပညာမှာ အလွန်ပင် နက်နဲလှသည်ဟု ဆိုရပေမည်။ လင်းကျင်း မည်သို့ ပြုလုပ်လိုက်သည်ကို ဤနေရာရှိ မည်သူမျှ သေချာမမြင်လိုက်ကြပေ။
ကျောက်ရင်း၊ လုရှောင်ယုနှင့် ဟန်ဒုန်းတို့မှာ အသေးစိတ်အချက်အလက်တစ်ခုမျှ လွတ်သွားမည်စိုးသဖြင့် လည်ပင်းရှည်အောင် အစွမ်းကုန် အာရုံစိုက်ကြည့်နေကြသည်။
လုယွန်ဟယ်မှာ မနေနိုင်တော့ဘဲ ရေရွတ်မိ၏။
“ညီလေးလင်းရဲ့ အပ်စိုက်နည်းစနစ်က တကယ်ကို အံ့ဩဖို့ကောင်းတာပဲ... ကြည့်ရတာ တကယ့် ဆရာကြီးတစ်ယောက် အလုပ်လုပ်နေသလိုပဲ”
လင်းကျင်းမှာတော့ သူ၏ အပ်များကို ကိုင်တွယ်ရာတွင် အာရုံအားလုံး နစ်ဝင်နေသည်။ သူ၏ တပည့်များနှင့် လုယွန်ဟယ်တို့မှာ သွေးကြောရှာနည်းစနစ်၏ အံ့ဖွယ်စွမ်းအင်များကို မမြင်နိုင်ကြသည်မှာ သိသာလှ၏။
ဤခြင်္သေ့ ‘လုဘ’ မှာ ဖုံးကွယ်ထားသော သွေးမျိုးဆက်ပါဝင်သည့် ရှားပါးသားရဲတစ်ကောင် ဖြစ်သည်။ လင်းကျင်းသည် အပ်စိုက်ကုထုံး၊ ဆေးလုံးများနှင့် ဝိညာဉ်တံဆိပ်များကို ပေါင်းစပ်အသုံးပြုကာ လုဘ၏ ဖုံးကွယ်ထားသော သွေးမျိုးဆက်ကို နှိုးဆော်ရန် ကြံစည်နေခြင်း ဖြစ်၏။ ထိုသို့ နှိုးဆော်လိုက်ခြင်းဖြင့် ရရှိလာမည့် စွမ်းအားက လုဘကို အဆင့်တက်ရန် အထောက်အကူပြုပေးပေလိမ့်မည်။
၎င်းမှာ သားရဲပြတိုက်မှ အကြံပြုထားသော အဆင့်မြှင့်တင်မှု နည်းလမ်းများထဲမှ တစ်ခုပင် ဖြစ်သည်။
သို့သော် နည်းလမ်းတိုင်းမှာ အောင်မြင်မည်ဟု အာမခံချက်မရှိပေ။ အချို့မှာ ကျဆုံးနိုင်ခြေ ရှိနေသေးသည်။
နာရီဝက်ခန့် ကြာပြီးနောက်...
လုဘ၏ ကိုယ်တွင်းမှ စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး လေပြင်းတစ်ချက် ဝှေ့ယမ်းသွားသည်။ နောက်ဆုံးတွင် သူသည် အဆင့်တက်မည့် အရိပ်အယောင်များ ပြသလာခဲ့ပြီ ဖြစ်၏။
စိတ်လှုပ်ရှားနေသော လုယွန်ဟယ်မှာ ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်မိသည်။ သူကိုင်ထားသော လက်ဖက်ရည်ခွက်မှာ စိုးရိမ်စိတ်ဖြင့် တင်းတင်းဆုပ်ထားမိသဖြင့် အက်ကွဲသံပင် ထွက်ပေါ်လာ၏။
အဆင့် ၂ သားရဲတစ်ကောင်က အဆင့် ၃ သို့ တက်လှမ်းခြင်းမှာ အလွန်ပင် တွေ့ရခဲသော မြင်ကွင်းဖြစ်၏။ မေပယ်မြို့တွင် အဆင့် ၃ သားရဲ ပိုင်ဆိုင်သူမှာ အလွန်နည်းပါးလှပြီး ထိပ်သီးပညာရှင် အနည်းငယ်သာ ထိုကဲ့သို့သော သတ္တဝါမျိုးကို ပိုင်ဆိုင်ကြသည်။
ရုတ်တရက် လင်းကျင်း မျက်မှောင်ကြုတ်သွားသည်။
သွေးမျိုးဆက် နိုးကြွလာသည်နှင့်အမျှ လုဘ၏ အရှိန်အဝါမှာ သိသိသာသာ မြင့်တက်လာ၏။ ပုံမှန်ဆိုလျှင် ဤစွမ်းအင်မှာ အတားအဆီးကို ဖြတ်ကျော်ပြီး အဆင့်တက်ရန် လုံလောက်သင့်သော်လည်း၊ ယခုအခါ လုဘ၏ အရှိန်အဝါမှာ တဖြည်းဖြည်း ပြန်လည် အားနည်းလာနေသည်။
“ဒါက သူ့ရဲ့ အကန့်အသတ်လား”
လင်းကျင်း ပြဿနာကို ရိပ်မိလိုက်ပြီ။ လုဘတွင် ဖုံးကွယ်ထားသော သွေးမျိုးဆက် ရှိနေသော်လည်း ၎င်းမှာ အလွန်ပင် အားနည်းနေသည်။ နှိုးဆော်ပြီးသည့်တိုင်အောင် အဆင့်တက်ရန် အခက်အခဲ ရှိနေသေးခြင်းပင်။
လင်းကျင်း၏ အကူအညီဖြင့် အောင်မြင်နိုင်ခြေမှာ ရှစ်ဆယ်ရာခိုင်နှုန်းအထိ ရှိသော်လည်း၊ ကျန်ရှိနေသော နှစ်ဆယ်ရာခိုင်နှုန်းသော ကျဆုံးနိုင်ခြေနှင့် လုဘ တိုးသွားပုံရသည်။
အဆင့်တက်ခြင်းလုပ်ငန်းစဉ်မှာ ဆက်မသွားနိုင်တော့သည်မှာ သိသာလှ၏။
သူ၏ အရှိန်အဝါမှာ တဖြည်းဖြည်း မှေးမှိန်သွားသည်။ လုဘသည် အစွမ်းကုန် ကြိုးစားနေသော်လည်း သူ၏ ခန္ဓာကိုယ်က ထိုပြောင်းလဲမှုကို လိုက်မမီတော့ပေ။ လုယွန်ဟယ်မှာလည်း ဘာဖြစ်နေသည်ကို ရိပ်မိလိုက်၏။ သွေးစာချုပ်မှတစ်ဆင့် လုဘ၏ လက်မလျှော့ချင်သော စိတ်နှင့် အားကုန္ရုန်းကန်နေရမှုကို သူ ခံစားနေရသည်။
“ကျရှုံးသွားပြီ”
လုယွန်ဟယ်မှာ စိတ်ပျက်လက်ပျက်ဖြင့် ဟိုဟိုဒီဒီ လမ်းလျှောက်နေမိတော့သည်။
ဤကဲ့သို့ ရွှေရောင်အခွင့်အရေးမျိုးတွင် မအောင်မြင်ပါက နောက်တစ်ကြိမ် ကြိုးစားရန်မှာ အလွန်ပင် ခက်ခဲသွားပေလိမ့်မည်။ ၎င်းမှာ သားရဲလောက၏ အခြေခံဗဟုသုတပင် ဖြစ်၏။ သားရဲတစ်ကောင်၏ အဆင့်တက်ခြင်းမှာ လှိုင်းတစ်ခုကဲ့သို့ တစ်ရှိန်ထိုး တက်သွားရမည်ဖြစ်ပြီး တစ်ကြိမ် ကျရှုံးပါက နောက်တစ်ကြိမ်တွင် ကျရှုံးနိုင်ခြေမှာ အဆမတန် မြင့်တက်သွားလေ့ရှိသည်။ အချို့ကဆိုလျှင် တစ်ကြိမ် ကျရှုံးသွားသော သားရဲမှာ နောက်ဘယ်တော့မှ အဆင့်တက်နိုင်တော့မည် မဟုတ်ဟုပင် ဆိုကြသည်။
ထိုစကားများမှာ လက်တွေ့သာဓကများစွာ ရှိခဲ့ဖူး၏။
လုယွန်ဟယ်၏ လက်ထဲမှ လက်ဖက်ရည်ခွက်မှာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားတော့သည်။
လုရှောင်ယုက သူမအစ်ကို၏ ခံစားချက်ကို နားလည်သဖြင့် အနားသို့ သွားကာ ဆိုလိုက်သည်။
“မပြီးသေးပါဘူး အစ်ကိုရဲ့”
လုယွန်ဟယ်မှာ ကြောင်သွားရ၏။
လုဘမှာ အဆင့်တက်ရန် စွမ်းအင်များ ကုန်ခမ်းနေပြီ ဖြစ်သည်။ အောင်မြင်နိုင်မည့် အခွင့်အရေး ကျန်ပါသေးသလား။
အရှိန်အဝါ လျော့ကျသွားပြီးမှ ပြန်လည် မြင့်တက်လာရန်မှာ မဖြစ်နိုင်သလောက်ပင်။ ကျင့်ကြံသူများအသင်းတွင် ဤကဲ့သို့သော ဖြစ်ရပ်မျိုးကို လုယွန်ဟယ် အများကြီး မြင်ဖူးသည်။
“ဆရာလင်းမှာ နည်းလမ်းရှိမှာပါ”
လုရှောင်ယုက ယုံကြည်မှုအပြည့်ဖြင့် အားပေးလိုက်၏။
လုယွန်ဟယ် လင်းကျင်းကို လှမ်းကြည့်လိုက်သောအခါ၊ လင်းကျင်းသည် လုဘ၏ အရှိန်အဝါ ကျဆင်းသွားသည်ကို မြင်သော်လည်း လက်လျှော့မည့်ပုံ မပေါ်ပေ။ သူ၏ မျက်နှာပေါ်တွင် စိတ်ပျက်သော အရိပ်အယောင်ပင် မရှိချေ။
“ငါ စိတ်လောသွားတာပဲ”
လုယွန်ဟယ် သက်ပြင်းတစ်ချက် ချလိုက်ကာ စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်သည်။
ထိုစဉ် လုဘ၏ အရှိန်အဝါမှာ အောက်ဆုံးသို့ ထိုးဆင်းသွားပြီး ကျဆုံးရန် လက်တစ်လုံးအလိုသို့ ရောက်ရှိနေပြီ ဖြစ်၏။
“မင်းရဲ့ သွေးမျိုးဆက်တစ်ခုတည်းနဲ့တင် အဆင့်တက်ဖို့ဆိုတာ မင်းအတွက် ခက်ခဲနေပုံရတယ်”
လင်းကျင်းသည် အေးအေးဆေးဆေးပင် ရှိနေသေးသည်။ ပြတိုက်တွင် အဆင့်တက်ခြင်း ကျရှုံးပါက ကုစားနိုင်သည့် နည်းလမ်းများ ရှိနေသောကြောင့် ဖြစ်၏။
သူ၏ လက်ချောင်းများကို လှုပ်ရှားလိုက်ရာ အပ်တစ်ချောင်းမှာ လုဘ၏ သွေးကြောထဲသို့ စိုက်ဝင်သွားတော့သည်။
၎င်းမှာ ရစ်ပတ်အပ်ပင် ဖြစ်၏။
လင်းကျင်းသည် ဤအတတ်ကို ကျွမ်းကျင်နေပြီ ဖြစ်သဖြင့် သားရဲများကို အကဲဖြတ်ရန်နှင့် ရန်သူကို တိုက်ခိုက်ရန်သာမက၊ သွေးကြောများကို ပြုပြင်ရန်အတွက်လည်း အသုံးပြုနိုင်ပေသည်။
အပ်သည် လုဘ၏ သွေးကြောများတစ်လျှောက် ကူးခတ်သွားပြီး နောက်ဆုံးတွင် နှလုံးသားဆီသို့ ရောက်ရှိသွား၏။
သွေးကြောရှာနည်းစနစ်တွင် အပြင်ဘက် အပ်စိုက်ခြင်းနှင့် အတွင်းပိုင်း အပ်စိုက်ခြင်းဟူ၍ နှစ်မျိုး ရှိသည်။ အများအားဖြင့် အပြင်ဘက် အပ်စိုက်ခြင်းကိုသာ သုံးကြသော်လည်း၊ ဤနည်းစနစ်၏ အနှစ်သာရမှာ အတွင်းပိုင်း အပ်စိုက်ခြင်းတွင် ရှိသည်။
သတ္တဝါတစ်ကောင်၏ အတွင်းအင်္ဂါများမှာ အကြီးမားဆုံးသော ‘အကြောမှတ်’ များပင် ဖြစ်၏။
လင်းကျင်းသည် အရင်က ဤနည်းစနစ်ကို သေချာ မကျွမ်းကျင်သေးသဖြင့် ယခုအချိန်အထိ အတွင်းပိုင်း အပ်စိုက်ခြင်းကို မလုပ်ဆောင်ခဲ့ပေ။
ယခုမူ လုဘမှာ အဆင့်တက်ရန် အခက်တွေ့နေသဖြင့် လင်းကျင်းအနေဖြင့် အတွင်းပိုင်း အပ်စိုက်နည်းကို အသုံးပြုကာ ကူညီပေးရတော့မည် ဖြစ်သည်။
လင်းကျင်း၏ ထိန်းချုပ်မှုအောက်တွင် ရစ်ပတ်အပ်သည် လုဘ၏ နှလုံးသားရှိ အကြောမှတ်တစ်ခုထဲသို့ ထိုးစိုက်လိုက်၏။
လုဘသည် ချက်ချင်းပင် ဟိန်းဟောက်သံကြီးတစ်ခုကို ထုတ်လွှတ်လိုက်တော့သည်။
ထိုဟိန်းဟောက်သံကြောင့် အနားရှိ သားရဲများမှာ ထိတ်လန့်သွားကြသော်လည်း၊ ရှောင်ဟော့ကတော့ ‘သားရဲစွမ်းအင် စုစည်းခြင်း နည်းစနစ်’ ကို ကျင့်ကြံနေသဖြင့် ဘာကိုမျှ မကြားသည့်အလား ငြိမ်သက်နေဆဲပင်။
ရွှေဝါလေးသည် အမိုးပေါ်မှ ခုန်ဆင်းလာပြီး စွမ်းအင်များ ပြန်လည် နိုးကြားလာသော လုဘကို စူးစမ်းစွာ ကြည့်နေ၏။ အရိပ်ဝံပုလွေသည်လည်း ခေါင်းပြူကာ လှမ်းကြည့်နေသည်။ ကျောက်ရင်းတို့၏ သားရဲများမှာတော့ အနည်းငယ် ကြောက်လန့်နေကြပုံရသည်။
လင်းကျင်းသည် ပို၍ သေချာသွားစေရန်အတွက် ‘သားရဲစွမ်းအင် စုစည်းခြင်း နည်းစနစ်’ ပထမပိုင်းမှ အစိတ်အပိုင်းအချို့ကို လုဘထံသို့ လက်ဆင့်ကမ်းပေးလိုက်၏။
၎င်းကြောင့် လုဘ၏ အသိဉာဏ်မှာ ပိုမို ပွင့်လင်းလာပြီး ရှောင်ဟော့၏ ပုံစံကို အတုယူကာ ဝပ်စင်းလိုက်သည်။ ထို့နောက် ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကို စတင် စုပ်ယူတော့သည်။
ဂျောက် ဂျောက် ဂျောက်...။
လုဘ၏ အရေပြားနှင့် အမွှေးအမျှင်များမှာ လွင့်စင်ထွက်သွားပြီး အသားအသစ်များ ချက်ချင်းပင် အစားထိုး ထွက်ပေါ်လာ၏။ ဤလုပ်ငန်းစဉ်အတွင်း လုဘ၏ ခန္ဓာကိုယ်မှာ အဆမတန် ကြီးမားလာတော့သည်။
လင်းကျင်း၏ ခြံဝင်းတစ်ခုလုံးမှာ လုဘ၏ ခန္ဓာကိုယ်ကြီးနှင့်ပင် ပြည့်နှက်လုနီးပါး ဖြစ်သွားရ၏။
သူ ခေါင်းမော့လိုက်လျှင် သူ၏ အမြင့်မှာ အိမ်ခေါင်မိုးထက်ပင် ကျော်လွန်နေပြီး၊ သူ၏ လက်သည်းများမှာ ကြိတ်ဆုံခဲကြီးများအလား ကြီးမားလှသည်။
“သူ တကယ်ပဲ အဆင့်တက်သွားပြီ” လုယွန်ဟယ်မှာ အလွန်အမင်း စိတ်လှုပ်ရှားသွားသဖြင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေတော့သည်။ သူသည် အစောပိုင်းက ကျရှုံးသွားပြီဟု ယူဆထားခဲ့သဖြင့် အခုလို အောင်မြင်သွားချိန်တွင် ဝမ်းသာလုံးဆို့နေရခြင်းပင်။
အဆင့် ၃ သို့ ရောက်ရှိသွားသော လုဘမှာ အလွန်ပင် ခန့်ညားထည်ဝါလှ၏။ သူသည် ရရှိလာသော စွမ်းအားများကြောင့် မိုးကောင်းကင်ကို မော့ကြည့်ကာ ဟိန်းဟောက်ရန် ပြင်လိုက်သော်လည်း၊ ရုတ်တရက် တစ်နေရာမှ ထွက်ပေါ်လာသော ဟိန်းသံတိုးတိုးတစ်ခုကြောင့် သူ၏ သွေးများ အေးခဲသွားသလို ခံစားလိုက်ရသည်။
ရှောင်ဟော့သည် မျက်လုံးများကို ဖွင့်လိုက်ပြီး လုဘကို ကြည့်ကာ သတိပေးသည့်အနေဖြင့် ဟိန်းလိုက်ခြင်း ဖြစ်၏။
လုဘ အဆင့်တက်စဉ်က ဖြစ်ပေါ်ခဲ့သော ဝိညာဉ်စွမ်းအင် လှုပ်ခတ်မှုများမှာ ရှောင်ဟော့၏ ကျင့်ကြံမှုကို အနှောင့်အယှက် ဖြစ်စေခဲ့သဖြင့်၊ ထိုဝံပုလွေလေးမှာ အတော်လေး စိတ်အနှောင့်အယှက် ဖြစ်သွားပုံရပေသည်။