အခန်း (၁၁၇-၁၁၈)
Vol. 6 Ch. 117-118
အခန်း (၁၁၇) - မြှောက်ပင့်၍ လူသတ်ခြင်း
လင်းကျင်းကို မြင်သည်နှင့် ကျောက်ဖီသည် ချက်ချင်းပင် အလွန်တရာ ရိုးသားလှပါသည်ဆိုသော အပြုံးမျိုးဖြင့် ပြုံးပြလိုက်၏။
“အကဲဖြတ်မှူးလင်း” သူက လက်အုပ်ချီကာ နှုတ်ဆက်လိုက်သည်။
ကျောက်ဖီနောက်မှ လိုက်လာသူများသည်လည်း ‘ရိုရိုသေသေ’ ပင် အနားသို့ တိုးလာကြ၏။
လင်းကျင်းမှာ ကြောင်သွားပြီး ဤလူက ဘယ်သူလဲဟု သိချင်စိတ်ဖြင့် မော့ကြည့်လိုက်သည်။
သူ ဤလူကို တစ်ခါမျှ မတွေ့ဖူးပေ။
သို့သော် ပြုံးနေသော မျက်နှာကိုတော့ လက်သီးဖြင့် မပစ်ရက်စရာ မရှိပေ။ တစ်ဖက်လူက ရန်လိုသည့်အမူအရာ မပြသဖြင့် လင်းကျင်းလည်း ထိုနည်းတူပင် ပြန်လည် ဆက်ဆံလိုက်၏။ မောက်မာရိုင်းစိုင်းပြနေခြင်းက ယဉ်ကျေးရာ မရောက်ပေ။
“အကဲဖြတ်မှူးလင်း... ခင်ဗျား ကျွန်တော်တို့ ကျင့်ကြံသူများအသင်းကို ဝင်လာတယ်လို့ ကြားကတည်းက ကျွန်တော် တွေ့ချင်နေတာ... ဒါပေမဲ့ အခွင့်အရေး မရခဲ့ဘူး... ဒီနေ့ ဝိညာဉ်စာကြည့်တိုက်မှာ ဆုံရတာ တကယ့်ကို တိုက်ဆိုင်တာပဲဗျာ” ကျောက်ဖီက သူငယ်ချင်းဟောင်းကြီး တစ်ယောက်လို ရင်းရင်းနှီးနှီး ပြောဆိုနေတော့သည်။
ကျန်တဲ့လူတွေကလည်း ဖော်ဖော်ရွေရွေ ကြည့်နေကြသော်လည်း ကျောက်ဖီကသာ စကားအများဆုံး ပြောနေခြင်း ဖြစ်၏။
သူတို့၏ စကားပြောသံမှာ အတော်လေး ကျယ်လောင်သဖြင့် ဘေးပတ်ဝန်းကျင်မှ လူများ၏ အာရုံကို ဆွဲဆောင်လိုက်သလို ဖြစ်သွားရသည်။ အစက လင်းကျင်းကို မသိသောသူများပင် ယခုအခါ လင်းကျင်းဆိုသည်မှာ ဘယ်သူလဲဆိုသည်ကို သိသွားကြပြီ ဖြစ်၏။
“ဒါနဲ့ ခင်ဗျားက...”
လင်းကျင်းက ထိုလူကို ဘယ်လိုမှ မမှတ်မိသဖြင့် မေးလိုက်ရတော့သည်။
ကျောက်ဖီက သူ၏နဖူးကို ချက်ချင်း လက်ဝါးဖြင့် ရိုက်လိုက်ကာ ဆို၏။
“အကဲဖြတ်မှူးလင်း ပြောတာလည်း ဟုတ်တာပါပဲ... ပညာရှိတွေက မှတ်ဉာဏ်တိုတတ်ကြတယ်ဆိုတာ ဒါမျိုးကိုး... ကျွန်တော် သားရဲအကဲဖြတ်မှူး အသင်းချုပ်မှာ ခင်ဗျားဆီ သားရဲလာပြဖူးပါတယ်ဗျာ... ဒါပေမဲ့ ခင်ဗျားက တစ်နေ့တစ်နေ့ လူတွေအများကြီးနဲ့ တွေ့နေရတာဆိုတော့ ကျွန်တော့်ကို မမှတ်မိတာ မဆန်းပါဘူး”
သူ၏ ရည်ရွယ်ချက်ဆီသို့ ရောက်ရန် စကားတစ်ခွန်းဖြင့် အနီးကပ် ချဉ်းကပ်လိုက်ခြင်းပင်။
အကယ်၍ လူစိမ်းတစ်ယောက်က ရုတ်တရက် လာရောက် မိတ်ဖွဲ့နေလျှင် သံသယဝင်စရာ ကောင်းလှပေလိမ့်မည်။
ယုတ်မာပရိယာယ် ကြွယ်ဝသော ကျောက်ဖီက ဤအချက်ကို မတွေးမိဘဲ နေပါမည်လော။
ထို့ကြောင့် သူသည် လင်းကျင်းနှင့် ပတ်သက်မှုရှိသယောင် အကြောင်းပြချက်တစ်ခု ဖန်တီးလိုက်ခြင်း ဖြစ်၏။
သာမန်လူဆိုလျှင် ဤကဲ့သို့ဆိုပါက သံသယဝင်မည် မဟုတ်သလို၊ အမှန်အကန် စစ်ဆေးရန်လည်း ခက်ခဲလှသည်။ သားရဲအကဲဖြတ်မှူးတစ်ဦးက တစ်နေ့လျှင် သားရဲများစွာကို အကဲဖြတ်ပေးရသည်ဖြစ်ရာ လာရောက်ပြသသူတိုင်းကို မှတ်မိနေရန်မှာ မဖြစ်နိုင်သလောက်ပင်။
ထို့ကြောင့် ကျောက်ဖီသည် သူ၏ လိမ်ညာမှု ပေါ်သွားမည်ကို မစိုးရိမ်ပေ။
ဝန်ခံရလျှင် သူ၏ ယူဆချက်နှင့် အစီအစဉ်မှာ အတော်လေးကို ကောင်းမွန်လှသည်။ အပြစ်ပြောစရာ မရှိသလောက်ပင်။
သို့သော် သူ မသိလိုက်သည့် အချက်မှာ လင်းကျင်းတွင် သားရဲပြတိုက် ရှိနေခြင်းပင် ဖြစ်၏။
လင်းကျင်းသည် ကျောက်ဖီနောက်မှ လိုက်လာသော သားရဲကို ငုံ့ကြည့်လိုက်သည်။ ၎င်းမှာ ကြွက်ကြီးတစ်ကောင် ဖြစ်၏။
လင်းကျင်း ပြုံးလိုက်ပြီး ထိုကြွက်၏ ခေါင်းကို ပွတ်သပ်ပေးကာ ဆိုလိုက်သည်။
“အင်း... ကျွန်တော့်ကိုတော့ မရယ်ပါနဲ့ဗျာ... တစ်နေ့တစ်နေ့ သတ္တဝါတွေ အများကြီးနဲ့ တွေ့နေရတော့ ခင်ဗျား ဘယ်သူလဲဆိုတာ တကယ် မမှတ်မိတော့လို့ပါ”
ကျောက်ဖီကတော့ စိတ်ထဲတွင် ကျိတ်ရယ်နေ၏။ ‘ဒါ ငါ လိုချင်တဲ့ အဖြေပဲ... အကယ်၍ မင်းက ငါ့ကို မှတ်မိတယ်လို့ ပြောရင်တော့ မင်းက လိမ်နေတာ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ငါ့အစီအစဉ်ကို သိနေတာ ဖြစ်ဖြစ် တစ်ခုခုပဲ’
“အကဲဖြတ်မှူးလင်းရဲ့ ထူးချွန်တဲ့ အရည်အချင်းနဲ့ သားရဲတွေ အများကြီးကို ကုသပေးနေတာဆိုတော့ မမှတ်မိတာက ပုံမှန်ပါပဲ... ဒါပေမဲ့ ကျွန်တော် ကျောက်ဖီကတော့ ခင်ဗျားရဲ့ တော်ပုံတွေကို ဘယ်တော့မှ မမေ့ပါဘူး... အခု အကဲဖြတ်မှူးလင်း ကျင့်ကြံသူများအသင်းကို ဝင်လာပြီဆိုတော့ ခင်ဗျားနဲ့ ခင်မင်ခွင့်ရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲဗျာ” ကျောက်ဖီက လေသံအေးအေးဖြင့် အပိုင်ပြောနေ၏။
လင်းကျင်းက ပြုံးပြီး ပြန်လုနှုတ်ဆက်သော်လည်း၊ ဤလိမ်ညာနေသော လူစိမ်းကို စတင် သံသယဝင်လာပြီ ဖြစ်သည်။
ကျောက်ဖီ၏ သားရဲမှာ ပြတိုက်တွင် ပထမဆုံးအကြိမ် မှတ်တမ်းတင်ခံရခြင်း ဖြစ်၏။ တစ်နည်းအားဖြင့် ဤလူသည် မဟုတ်ကဟုတ်ကတွေ လျှောက်ပြောနေခြင်းပင်။ သို့သော် အခြား ဖြစ်နိုင်ခြေတစ်ခုလည်း ရှိသေးသည်။
သူ၏ မူလခန္ဓာကိုယ် ပိုင်ရှင်က ဤလူ၏ သားရဲကို အရင်က အကဲဖြတ်ပေးခဲ့ဖူးခြင်းမျိုး ဖြစ်ပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ၊ ဤလူက ရုတ်တရက်ကြီး သူ့ကို လာရောက် ဖားနေခြင်းမှာ တစ်ခုခုတော့ မှားနေပြီ ဖြစ်၏။
‘သူ ဘာတွေ ဆက်ပြောမလဲ ကြည့်ရသေးတာပေါ့’ ဟု လင်းကျင်း ကိုယ့်ကိုယ်ကိုယ် ပြောလိုက်သည်။
“ဒါတွေက ကျွန်တော့် သူငယ်ချင်းတွေပါ၊ တကယ့် လူကောင်းတွေပါ... အချင်းချင်း မိတ်ဆက်ထားကြရအောင်၊ နောင်ကျရင် အသင်းထဲမှာ တစ်ယောက်ကိုတစ်ယောက် ကူညီပေးလို့ ရတာပေါ့” ကျောက်ဖီက တက်တက်ကြွကြွ မိတ်ဆက်ပေးနေ၏။
စကားပြောနေရင်း ကျောက်ဖီသည် လင်းကျင်းလက်ထဲက စာအုပ်ကို သတိပြုမိသွားကာ မေးလိုက်သည်။
“အကဲဖြတ်မှူးလင်း... ခင်ဗျား သွေးစာချုပ် အဆင့်မြှင့်ဖို့ ပြင်နေတာလား”
လင်းကျင်း သူ၏လက်ထဲက စာအုပ်ကို ငုံ့ကြည့်လိုက်သည်။ ‘ဒြပ်ငါးပါး သွေးစာချုပ် ကျင့်ကြံခြင်း အခြေခံ’ ဆိုသော စာအုပ် ဖြစ်၏။
၎င်းမှာ သူ ကျပန်း ယူလိုက်သော စာအုပ်သာ ဖြစ်သည်။
“မသိပါဘူးဗျာ... စိတ်ဝင်စားဖို့ ကောင်းမယ်ထင်တဲ့ စာအုပ်တွေကို လျှောက်ဖတ်ကြည့်နေတာပါ” လင်းကျင်းက ပြုံးပြီး အမှန်အတိုင်း ဖြေလိုက်သည်။
ကျောက်ဖီက ချက်ချင်းပင် ခေါင်းခါပြကာ ဆို၏။
“အကဲဖြတ်မှူးလင်းကတော့ နှိမ့်ချလွန်းပြန်ပြီ... ခင်ဗျားက သားရဲအကဲဖြတ်တဲ့ နေရာမှာ ဒီလောက် တော်နေတာဆိုတော့၊ သွေးစာချုပ် ကျင့်ကြံတဲ့ နေရာမှာလည်း ဒီလိုပဲ ဖြစ်မှာ သေချာပါတယ်... ကျွန်တော်ဆိုရင် အဲဒီစာအုပ်ကို လေ့လာနေတာ နှစ်တွေ အများကြီး ရှိပြီ၊ အခုထိ ဘာမှ နားမလည်သေးဘူး... အကဲဖြတ်မှူးလင်းက အသင်းထဲ ဝင်လာတာနဲ့ ဒီကျင့်စဉ်ကို လေ့လာနိုင်တယ်ဆိုတာ တကယ့်ကို ပါရမီရှင်လို့ ခေါ်ထိုက်ပါတယ်... ကျွန်တော် ကျောက်ဖီကတော့ တကယ်ကို အထင်ကြီးသွားပြီဗျာ”
“ခင်ဗျားကလည်း ချီးမွမ်းလွန်းနေပါပြီ”
လင်းကျင်းမှာ ဇဝေဇဝါ ဖြစ်သွားရ၏။
သူသည် ဤစာအုပ်ထဲက အကြောင်းအရာတွေကို တစ်ချက်ကလေးတောင် မကြည့်ရသေးပေ။ သို့သော် ဤလူက နှစ်ပေါင်းများစွာ လေ့လာတာတောင် နားမလည်ဘူးဆိုလျှင် ၎င်းမှာ အလွန်ပင် နက်နဲသော ကျင့်စဉ် ဖြစ်ရပေမည်။
ရုတ်တရက် ဘေးနားက လူအချို့က မထီမဲ့မြင် ကြည့်ကာ လှောင်ပြောင်လိုက်ကြသည်။
“တော်စမ်းပါကွာ... သူ့ကိုယ်ပေါ်မှာ တိမ်တိုက်ပုံစံ တစ်ခုတောင် မပါဘဲနဲ့ မင်းက သူ့ကို ပါရမီရှင်လို့ ခေါ်ရဲသေးတယ်လား.. အန်ဖတ်ထွက်ချင်စရာကြီး”
၎င်းကို အလွန်ကျယ်လောင်စွာ အော်ဟစ်လိုက်ခြင်း ဖြစ်၏။
ကျောက်ဖီက ချက်ချင်းပင် ဒေါသတကြီးဖြင့် ပြန်အော်လိုက်သည်။
“ဘယ်ကောင် ပြောလိုက်တာလဲ... အခု ချက်ချင်း ရှေ့ထွက်ခဲ့စမ်း”
စောစောက ပြောလိုက်သောသူမှာလည်း စိတ်တိုတိုဖြင့် ရှေ့တိုးလာ၏။
“အေး... ထွက်လာပြီ...မင်းက ငါ ကြောက်လိမ့်မယ် ထင်နေလား... မင်းက ဒီလင်းကျင်းဆိုတဲ့ လူကို မြှောက်ပေးနေတယ်၊ ဒါပေမဲ့ သူ့မှာ တရားဝင် တိမ်တိုက်ပုံစံ တစ်ခုတောင် မရှိသေးဘူး... ဒါဟာ သူ သွေးစာချုပ် အဆင့် ၁ ကိုတောင် မရောက်သေးဘူးလို့ အဓိပ္ပာယ်ရတယ်... သူ့ကို ပါရမီရှင်လို့ ခေါ်တာ ငါတို့ကို လှောင်နေတာလား”
“မဟုတ်တာ”
ကျောက်ဖီက ပြန်ဟောက်လိုက်သည်။
“အကဲဖြတ်မှူးလင်းက ထူးခြားတဲ့ လူတစ်ယောက်ဆိုတာ ဘယ်သူမသိဘဲ နေမှာလဲ... ဝတ်စုံပေါ်မှာ တိမ်တိုက်ပုံစံ မပါတိုင်း သူက အဆင့်မရှိဘူးလို့ မဆိုလိုဘူး...အကဲဖြတ်မှူးလင်းလို လူမျိုးကတော့ ပထမဆုံးအကြိမ် စစ်ဆေးမှုမှာတင် သွေးစာချုပ် အဆင့် ၃ ကို ရောက်နိုင်စွမ်း ရှိတယ်... အဲဒီလို ဖြစ်လာရင်တော့ မင်းတို့လို မျက်စိကန်းနေတဲ့ လူတွေ အကဲဖြတ်မှူးလင်းကို တောင်းပန်ရလိမ့်မယ်”
“ကြွားတာတော့ လွယ်တာပေါ့ကွာ... မင်းတို့ရဲ့ အကဲဖြတ်မှူးလင်း စစ်ဆေးမှု ခံယူတဲ့အခါကျရင်တော့ ကြောက်ပြီး ထွက်မပြေးဖို့ပဲ မျှော်လင့်ပါတယ်”
“အကဲဖြတ်မှူးလင်းလို လူမျိုးက ကြောက်တတ်မလားဗျာ... စောင့်ရုံသာ စောင့်ကြည့်လိုက်ပါ... အကဲဖြတ်မှူးလင်းက အခု ချက်ချင်းပဲ အဆင့်စစ်ဆေးမှု သွားခံယူပြီး ခင်ဗျားတို့အားလုံးကို အမှန်တရား ပြပေးလိမ့်မယ်”
သူတို့၏ အငြင်းအခုန်မှာ ဝိညာဉ်စာကြည့်တိုက်ထဲရှိ လူတိုင်း၏ အာရုံကို ဖမ်းစားသွားတော့သည်။
လူသစ်တိုင်းသည် ပထမဆုံး အကြိမ်အဖြစ် အခြေခံ အဆင့်စစ်ဆေးမှုကို မဖြစ်မနေ ခံယူရ၏။ ၎င်းမှာ ထိုလူ၏ သွေးစာချုပ် မည်သည့်အဆင့်သို့ ရောက်နေသည်ကို တိုင်းတာခြင်း ဖြစ်သည်။
ကျင့်ကြံသူများအသင်းအကြောင်း သိသူတိုင်းသည် လူသစ်အများစုမှာ ပထမဆုံး စစ်ဆေးမှုတွင် ကျရှုံးတတ်ကြပြီး အနည်းငယ်သာ အဆင့် ၁ ကို ရောက်နိုင်ကြောင်း သိကြ၏။ ၎င်းမှာလည်း အခြေခံကောင်းသူများ သို့မဟုတ် အနည်းဆုံး သုံးလခန့် ကြိုတင်ကျင့်ကြံထားသူများသာ ဖြစ်တတ်သည်။
ပထမဆုံး စစ်ဆေးမှုမှာတင် အဆင့် ၃ ကို ရောက်ရှိမည့်သူ...။
တစ်ခါမျှ မကြားဖူးခဲ့ပေ။
အနည်းဆုံးတော့ မေပယ်မြို့ ကျင့်ကြံသူများအသင်း သမိုင်းတွင် ထိုကဲ့သို့သော ဖြစ်ရပ်မျိုး မရှိခဲ့ဖူးချေ။ နံပါတ်တစ် တပည့်ဟု သတ်မှတ်ခံရသော ရန်ကျဲပင်လျှင် ပထမဆုံး စစ်ဆေးမှုတွင် အဆင့် ၂ ကိုသာ ရရှိခဲ့ခြင်း ဖြစ်သည်။
၎င်းမှာလည်း ရန်ကျဲသည် သုံးလတိုင်တိုင် ကြိုးစားပမ်းစား ကျင့်ကြံပြီးမှ ရရှိခဲ့ခြင်း ဖြစ်၏။
ဒါဆိုလျှင် လင်းကျင်းကော...။
သူ အသင်းထဲ ဝင်လာတာ နှစ်ရက်ပင် မပြည့်သေးပေ။ သူသည် သားရဲအကဲဖြတ်မှူး တစ်ယောက် ဖြစ်သော်လည်း၊ ဤနယ်ပယ် နှစ်ခုမှာ မိုးနှင့်မြေလို ကွာခြားလှသည်။ အခု ချက်ချင်း စစ်ဆေးမှု ခံယူလျှင် အဆင့် ၁ ရရန်ပင် မနည်း ကြိုးစားရပေလိမ့်မည်။
အဆင့် ၃ ဆိုတာလား။
၎င်းမှာ မဖြစ်နိုင်သော အရာဖြစ်သည်မှာ သိသာလှ၏။
ဒါဟာ သေချာပေါက် ‘မြှောက်ပင့်ပြီး လူသတ်ခြင်း’ ပင် ဖြစ်တော့သည်။
တစ်ဖက်ကလည်း ကျောက်ဖီနှင့် ထိုလှောင်ပြောင်နေသောသူမှာ တစ်ဖွဲ့တည်း ဖြစ်ရပေမည်။ သူတို့၏ ရန်ဖြစ်မှုမှာ လင်းကျင်းကို မြှောက်တင်ပေးရန် ဟန်ဆောင်နေခြင်းသာ ဖြစ်၏။ လင်းကျင်းအပေါ် လူတွေ၏ မျှော်လင့်ချက်ကို များလေလေ၊ အမှန်တရား ပေါ်လာသည့်အခါ သူ ပြုတ်ကျမည့် ဒဏ်ရာက ပိုပြင်းလေလေ ဖြစ်ပေလိမ့်မည်။
အကယ်၍ ကျောက်ဖီ ပြောသလို ပထမဆုံး စစ်ဆေးမှုမှာ အဆင့် ၃ ကို မရရှိခဲ့လျှင် လင်းကျင်းမှာ တစ်သင်းလုံး၏ လှောင်ပြောင်စရာ ဖြစ်သွားပေလိမ့်မည်။
၎င်းမှာ ကျောက်ဖီ၏ ရည်ရွယ်ချက်ပင် ဖြစ်၏။
လင်းကျင်းမှာ အတော်လေးကို ကျပ်တည်းသော အခြေအနေသို့ ရောက်ရှိသွားသည်။ သူသည် အဆင့်စစ်ဆေးမှု ခံယူရန် ငြင်းဆန်၍ မရတော့ပေ။ မဟုတ်လျှင် သူသည် အသင်းတစ်ခုလုံး၏ အမြင်တွင် သူရဲဘောကြောင်သူအဖြစ် ထာဝရ သတ်မှတ်ခံရပေလိမ့်မည်။
လင်းကျင်းကတော့ အေးစက်စွာဖြင့်သာ ကြည့်နေ၏။
နောက်ဆုံးတွင် ကျောက်ဖီတို့ တစ်သိုက်သည် သူ့ကို ထောင်ချောက်ဆင်နေခြင်း ဖြစ်ကြောင်း သူ ရိပ်မိသွားသည်။
သို့သော် ဝန်ခံရလျှင် သူတို့၏ သရုပ်ဆောင်မှုမှာ တကယ်ကို အပိုင်ပင်။
လင်းကျင်းသည် အဆင့်စစ်ဆေးမှု သွားခံယူရန် ဆုံးဖြတ်လိုက်သည်။ သူသည်လည်း သူ၏ သွေးစာချုပ်မှာ မည်သည့်အဆင့်သို့ ရောက်နေသည်ကို သိချင်နေခဲ့သည် မဟုတ်ပါလား။
သို့သော် သူ အဆင့် ၃ ရနိုင်၊ မရနိုင်ဆိုသည်မှာ သူ့အတွက်လည်း လျှို့ဝှက်ချက်တစ်ခုပင်။
မည်သို့ပင်ဆိုစေကာမူ သားရဲပြတိုက်ထဲရှိ ဖော်ပြချက်အချို့က သူ့ကို အရိပ်အယောင် ပေးနေခဲ့သည်။
တစ်ခုမှာ ‘ရစ်ပတ်အပ်’ နည်းစနစ်သည် သွေးကြောရှာနည်းစနစ်၏ အဆင့်မြင့် လှုပ်ရှားမှုတစ်ခု ဖြစ်ပြီး၊ ၎င်းကို အသုံးပြုရန်အတွက် သွေးစာချုပ် အဆင့်အတန်အသင့် ရှိရန် လိုအပ်သည်ဟု ဖော်ပြထား၏။
ထို့ပြင် ဤစာကြည့်တိုက်ရှိ အခြေခံစာအုပ်များကို ဖတ်ကြည့်ရသလောက်၊ သွေးစာချုပ် အဆင့် ၃ ကို ‘အတန်အသင့်ရှိသော အဆင့်’ ဟု သတ်မှတ်ထားသည်ကို လင်းကျင်း သတိရလိုက်သည်။
သူသည် ထိုကဲ့သို့သော အဆင့်အတန်းရှိသူဟု ယူဆကြည့်လျှင်၊ စောစောက သူ ကျင့်ကြံခဲ့သော ဝိညာဉ်ဖမ်းယူခြင်းနှင့် အကြောမြှင့်တင်ခြင်း နည်းစနစ်များကြောင့်၊ သူသာ အနည်းငယ် ပိုပြီး ကြိုးစားလိုက်လျှင် အဆင့် ၃ ရရှိရန်မှာ ကြီးမားသော ပြဿနာတစ်ခု မဟုတ်နိုင်တော့ပေ။
အခန်း (၁၁၈) - သွေးစာချုပ် အဆင့်စစ်ဆေးခြင်း
အခြေခံအချက်အလက်များကို အတော်အသင့် နားလည်သွားပြီဖြစ်ရာ လင်းကျင်းသည် မိမိကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာခဲ့သည်။
ကျောက်ဖီနှင့် ထိုလူမှာတော့ သရုပ်ဆောင်ကောင်းနေဆဲပင်။
ထိုစဉ် ကျောက်ဖီက ဒေါသထွက်နေဟန်ဖြင့် လင်းကျင်းအနား တိုးလာပြီး မေးလိုက်၏။
“အကဲဖြတ်မှူးလင်း... ဒီကိစ္စကို ခင်ဗျား ဘယ်လိုသဘောရလဲ”
ဤသရုပ်ဆောင်မှုအားလုံးမှာ လင်းကျင်း၏ မာန်မာနကို ဆွပေးရန်ဖြစ်ပြီး၊ လင်းကျင်းကိုယ်တိုင် သွေးစာချုပ်အဆင့်ကို သွားရောက်စစ်ဆေးစေရန် တွန်းအားပေးခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ထိုစစ်ဆေးမှုရလဒ်ကို လူအများသိအောင် ချပြရန်လည်း သူတို့ ကြံစည်ထားကြ၏။
ကျောက်ဖီ၏ ဇာတ်ညွှန်းအတိုင်းဆိုလျှင် စစ်ဆေးမှုရလဒ် ထွက်လာသည်နှင့် လင်းကျင်းမှာ လူအများ၏ ကဲ့ရဲ့လှောင်ပြောင်မှုကို ခံရတော့မည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ လင်းကျင်းအတွက်တော့ ကောင်းကျိုးမရှိပေ။
‘ကောင်းပြီလေ... မင်းတို့က သရုပ်ဆောင်ရတာ ဝါသနာပါမှတော့ ငါလည်း လိုက်ပြီး သရုပ်ဆောင်ပေးရတာပေါ့’
လင်းကျင်းသည် မျက်နှာတွင် ‘တွေဝေတုံ့ဆိုင်း’ နေသည့် အမူအရာကို ဖော်ပြလိုက်ပြီး ခေါင်းခါကာ တိုးတိုးလေး ပြောလိုက်၏။
“ဒါကတော့ သိပ်မကောင်းဘူးထင်တယ်ဗျာ... ကျွန်တော် အခုလောလောဆယ် စစ်ဆေးမှုခံယူဖို့ ဘာမှ မပြင်ဆင်ရသေးဘူး”
ထိုအခါ ကျောက်ဖီက ချက်ချင်းပင် ပြန်ပြောလိုက်သည်။ “အကဲဖြတ်မှူးလင်း... သူတို့က ခင်ဗျားကို ဒီလောက်အထိ အထင်သေးပြီး အနိုင်ကျင့်နေတာဗျာ... ခင်ဗျား နောက်ဆုတ်လို့ မဖြစ်ဘူး... ကဲ... ရှေ့ထွက်ပြီး သူတို့ကို ပညာပေးလိုက်စမ်းပါ”
အခြားတစ်ယောက်ကလည်း ကျောက်ဖီကို အားပေးသည့်အနေဖြင့် လှောင်လိုက်၏။
“မင်းမှာ သတ္တိမရှိတာ မဟုတ်လား... ကြောက်ရင်လည်း ကြောက်တယ်လို့ ပြောလိုက်ပါ... ခေါင်းမာပြီး အသုံးမကျတဲ့ကောင်”
သူ၏ အော်သံမှာ ခွေးဟောင်သံကဲ့သို့ပင် စူးရှလှသည်။
လင်းကျင်းသည် ဒေါသထွက်သည့် အရိပ်အယောင်ပြကာ မျက်မှောင်ကြုတ်ပြီး စဉ်းစားဟန် ပြုလိုက်၏။ ထို့နောက် ကျောက်ဖီ၏ လက်မောင်းကို ဆွဲကာ ပြောလိုက်သည်။ “ကျွန်တော် မသွားချင်လို့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကျွန်တော့်ဆီမှာ အခုလောလောဆယ် ဝိညာဉ်ကျောက်တုံး တစ်တုံးမှ မပါလာလို့ပါ... အင်း... ဟုတ်တယ်၊ ဝိညာဉ်ကျောက်တုံး မရှိဘူး... ရှိရင်တော့ ကျွန်တော် သွားစစ်ဆေးမှာပေါ့”
ကျင့်ကြံသူများအသင်း၏ သွေးစာချုပ် အဆင့်စစ်ဆေးခြင်းမှာ အလကား မဟုတ်ပေ။
၎င်းအတွက် အခကြေးငွေ ပေးရသည်။
ထိုဈေးနှုန်းမှာလည်း အတော်လေး ကြီးမြင့်လှ၏။
ပြင်ပလောကနှင့် မတူဘဲ ကျင့်ကြံသူများအသင်းတွင် ငွေကြေးအစား ဝိညာဉ်ကျောက်တုံးများကိုသာ အသုံးပြုကြသည်။ ဧကရာဇ်မြို့တော်နှင့် အခြား မြို့ကြီးအချို့တွင်လည်း ဝိညာဉ်ကျောက်တုံးများကိုသာ အဓိက အသုံးပြုကြသည်ဟု ဆို၏။
ပျမ်းမျှအားဖြင့် သွေးစာချုပ် အဆင့် ၁ ကို စစ်ဆေးရန် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး အလုံး ၃၀ ပေးရသည်။ အဆင့် ၂ အတွက်ဆိုလျှင် အလုံး ၇၀ အထိ တက်သွားပြီး၊ အဆင့် ၃ အတွက်ဆိုပါက အလုံး ၁၅၀ အထိ ကုန်ကျမည် ဖြစ်၏။ နောက်ဆုံး အဆင့် ၄ ကို စစ်ဆေးမည်ဆိုလျှင်တော့ အရင်ကထက် နှစ်ဆဖြစ်သော ဝိညာဉ်ကျောက်တုံး အလုံး ၃၀ဝ အထိ ပေးဆောင်ရမည် ဖြစ်သည်။
စစ်ဆေးမှု အောင်မြင်သည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ ထိုငွေပမာဏကိုတော့ မဖြစ်မနေ ပေးဆောင်ရမည် ဖြစ်၏။
လင်းကျင်းက ဆင်ခြေတစ်ခု ပေးလိုက်ပြီဟု လူတိုင်းက ထင်မှတ်လိုက်ကြသည်။
‘ငါက ကြောက်လို့ မဟုတ်ဘူး၊ အခု ဝိညာဉ်ကျောက်တုံး မရှိလို့... ဒါကြောင့် မင်းတို့ ငါ့ကို သူရဲဘောကြောင်တယ်လို့ ပြောလို့မရဘူး’ ဟု ဆိုလိုခြင်းပင်။
လင်းကျင်းက ဤကဲ့သို့ မျက်နှာပြောင်တိုက်ပြီး ဆင်ခြေပေးလိမ့်မည်ဟု ကျောက်ဖီ မထင်ထားပေ။
‘ဟင်း... ငါ ကျောက်ဖီက နာမည်ကျော် စစ်ဗျူဟာမှူးတစ်ယောက်ကွ... မင်း ပေးမယ့် ဆင်ခြေမှန်သမျှကို ငါ တွက်ချက်ထားပြီးသား... လင်းကျင်း... မင်း ဒီနေ့တော့ အရှက်ကွဲရတော့မှာပဲ’
ကျောက်ဖီ စိတ်ထဲမှ တွေးတောပြီးနောက် လက်ဝှေ့ယမ်းကာ သဘောထားကြီးဟန်ဖြင့် ပြောလိုက်၏။
“ရပါတယ်... အကဲဖြတ်မှူးလင်းရဲ့ စစ်ဆေးခအတွက် လိုအပ်တဲ့ ဝိညာဉ်ကျောက်တုံးတွေကို ကျွန်တော် ကျောက်ဖီကပဲ စိုက်ထုတ်ပေးပါ့မယ်”
လင်းကျင်းအနေဖြင့် စစ်ဆေးမှု အောင်မြင်လျှင်ပင် အလွန်ဆုံး အဆင့် ၁ သာ ရလိမ့်မည်ဟု ကျောက်ဖီက တွေးထားသည်။ အမှန်တကယ်တော့ အဆင့် ၁ ကိုတောင် ရောက်ဖို့ မလွယ်ဟု သူ ထင်နေခြင်း ဖြစ်၏။
တစ်နည်းအားဖြင့် သူ၏ အစီအစဉ် အောင်မြင်ရန်အတွက် ဝိညာဉ်ကျောက်တုံး အလုံး ၃၀ သာ အကုန်အကျ ခံရမည် ဖြစ်သည်။
သူ့အတွက်တော့ ဝိညာဉ်ကျောက်တုံး ၃၀ ဆိုသည်မှာ တတ်နိုင်သော ပမာဏပင်။
ကျောက်ဖီက ပေးမည်ဟု ပြောလိုက်သည်နှင့် လင်းကျင်း၏ မျက်ဝန်းထဲတွင် ‘ထိတ်လန့်သွားသည့်’ အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။
ကျောက်ဖီက ဒါကို ချက်ချင်း သတိထားမိသွားပြီး ကျေနပ်သွားရသည်။ သူက စိတ်ထဲမှ ဆို၏။ ‘မင်း နောက်ထပ် ဘယ်လို ဆင်ခြေအပုပ်တွေ ပေးဦးမလဲ ကြည့်ရသေးတာပေါ့’
“ကျွန်တော့်အတွက် ခင်ဗျားက ပေးမှာလား... တကယ်လား” လင်းကျင်းက မေးလိုက်၏။
ကျောက်ဖီ ခေါင်းညိတ်လိုက်သည်။
“သေချာတာပေါ့... အားလုံးပဲ နားထောင်ကြပါ... အကဲဖြတ်မှူးလင်းရဲ့ သွေးစာချုပ် စစ်ဆေးခကို ကျုပ် ကျောက်ဖီကပဲ ပေးပါ့မယ်... ဒါဟာ သူ့ရဲ့ သိက္ခာကို ပြန်ဆယ်ပေးဖို့နဲ့ သူက အသုံးမကျတဲ့လူ မဟုတ်ဘူးဆိုတာ သက်သေပြဖို့ပါပဲ”
ဤသို့ဖြင့် လင်းကျင်း၏ ကံကြမ္မာမှာ သူကိုယ်တိုင် သဘောတူညီမှုဖြင့် အဆုံးအဖြတ် ပေးခံလိုက်ရတော့သည်။ လင်းကျင်းသည် မလိုက်ချင်သလို အမူအရာ ပြနေသော်လည်း၊ လူအုပ်ကြီးနှင့်အတူ အဆင့်စစ်ဆေးမည့်နေရာသို့ လိုက်ပါသွားရတော့၏။
ကျောက်ဖီနှင့် သူ၏ လူစုက မီးလောင်ရာလေပင့် လုပ်လိုက်သဖြင့် ဤပွဲကို လိုက်ကြည့်မည့်သူမှာ တစ်ရာနီးပါးခန့် ရှိနေသည်။ တကယ့်ကို စည်ကားလှသော လူအုပ်ကြီးပင်။
ချန်ချန်းသည်လည်း အခွင့်ကောင်းယူကာ လူအုပ်ထဲသို့ တိုးဝင်လာ၏။ လင်းကျင်း စစ်ဆေးမှု ကျရှုံးသည့်အခါ သူက လှောင်ပြောင်ပြီး ပို၍ ဆူညံအောင် လုပ်ရန် ရည်ရွယ်ထားသည်။ ထိုသို့ဖြစ်လျှင် ကျင့်ကြံသူများအသင်းတွင် လင်းကျင်း၏ ဂုဏ်သိက္ခာမှာ လုံးဝ ပျက်စီးသွားပေလိမ့်မည်။
လူအုပ်ကြီးသည် စစ်ဆေးရေးဌာနသို့ ရောက်ရှိလာကြ၏။
သွေးစာချုပ်အဆင့်ကို စစ်ဆေးပေးမည့်သူများမှာ ကျင့်ကြံသူများအသင်း၏ ဝါရင့် အကြီးအကဲ နှစ်ဦး ဖြစ်သည်။ တရားမျှတမှု ရှိစေရန်အတွက် သူတို့ နှစ်ဦးစလုံးက ကြီးကြပ်ပေးမည် ဖြစ်၏။ ထိုအကြီးအကဲများမှာ အလွန် တင်းကြပ်သူများ ဖြစ်သဖြင့် လူအုပ်ကြီးမှာ ဆူညံမနေရဲဘဲ တိတ်ဆိတ်စွာ စောင့်ကြည့်နေကြရသည်။
လင်းကျင်းသည် အကြီးအကဲများထံ ချဉ်းကပ်ကာ သွေးစာချုပ် အဆင့်စစ်ဆေးလိုကြောင်း ပြောလိုက်၏။
အကြီးအကဲတစ်ဦးက ခေါင်းညိတ်ပြီး မေးလိုက်သည်။ “စည်းကမ်းတွေကို သိတယ်မဟုတ်လား”
“သိပါတယ်”
လင်းကျင်းက ကျောက်ဖီကို လက်ညှိုးထိုးပြကာ ဆို၏။ “စစ်ဆေးခ ဝိညာဉ်ကျောက်တုံးတွေကိုတော့ သူက ပေးပါလိမ့်မယ်”
တစ်ဦးတစ်ယောက်က အခြားတစ်ဦးအတွက် စိုက်ထုတ်ပေးခြင်းမှာ ထူးဆန်းသော ကိစ္စမဟုတ်ပေ။ ထို့ကြောင့် အကြီးအကဲက ကျောက်ဖီကို လှမ်းခေါ်လိုက်သည်။
“မင်းက သူ့အတွက် ပေးမှာလား”
အကြီးအကဲက အတည်ပြုလိုက်၏။
ကျောက်ဖီက ပြတ်ပြတ်သားသားပင် ခေါင်းညိတ်ကာ ဖြေလိုက်သည်။
“ဟုတ်ကဲ့ပါ”
“ကောင်းပြီ... စစ်ဆေးမှု ခံယူမယ့်သူပဲ စစ်ဆေးရေးအခန်းထဲ ဝင်ခဲ့... ကျန်တဲ့လူတွေ အပြင်မှာ စောင့်ကြ”
အကြီးအကဲက ကြေညာလိုက်သဖြင့် လူအုပ်ကြီးမှာ ငြိမ်သက်သွား၏။
ဒါဟာ စည်းကမ်းချက်ပင် ဖြစ်သည်။ ရလဒ်ကို မည်သူမျှ မနှောင့်ယှက်နိုင်စေရန် သွေးစာချုပ် စစ်ဆေးခြင်းကို အလုံပိတ်အခန်းထဲတွင်သာ ပြုလုပ်ရခြင်း ဖြစ်၏။
“ကျုပ် အထဲဝင်လိုက်ပါဦးမယ်”
လင်းကျင်းက ထိုသို့ပြောပြီးနောက် ကျောက်ဖီကို တစ်ချက် ပြုံးပြလိုက်သည်။ ထိုအပြုံးမှာ အဓိပ္ပာယ်ပါလှသော အပြုံးမျိုးပင်။
ကျောက်ဖီမှာ ကြောင်သွားရ၏။
ဘာကြောင့် လင်းကျင်း၏ အပြုံးက စောစောကနှင့် မတူတော့သနည်း။ အရင်က သူ၏ အပြုံးမှာ တွေဝေတုံ့ဆိုင်းပြီး ကြောက်ရွံ့နေသည့်ပုံမျိုး ဖြစ်သော်လည်း၊ ယခုမူ ယုံကြည်မှုအပြည့်နှင့် ပြတ်သားသော အပြုံးမျိုး ဖြစ်နေသည်။
ကျောက်ဖီမှာ ခဏမျှ ဇဝေဇဝါ ဖြစ်သွားရ၏။
‘စောင့်ကြည့်ရသေးတာပေါ့’
ကျောက်ဖီသည် သူ၏ တပည့်တိုကင်ကို ထုတ်ပေးလိုက်သည်။ သူသည် ဝိညာဉ်ကျောက်တုံး အမြောက်အမြားကို တစ်ပါတည်း သယ်ဆောင်လာခြင်း မရှိပေ။ အသင်းထဲရှိ အရောင်းအဝယ်မှန်သမျှကို မှတ်တမ်းတင်ထားပြီးမှ သတ်မှတ်ချိန်အတွင်း ပေးဆောင်ရခြင်း ဖြစ်၏။
အသင်းထဲတွင် အကြွေးတင်ပြီး ထွက်ပြေးမည့်သူ မရှိသည်မှာတော့ သေချာလှသည်။
ရုတ်တရက် လူတစ်ယောက်က ကျောက်ဖီအနားသို့ တိုးလာပြီး တိုးတိုးလေး ပြောလိုက်၏။
“စီနီယာကျောက်... ဒီလင်းကျင်းဆိုတဲ့ လူက တမင်တကာ အမြင့်ဆုံးအဆင့်ကို စစ်ဆေးခိုင်းလိုက်ရင် ဘယ်လိုလုပ်မလဲ... အဲဒီလိုဆိုရင် သူ အောင်မြင်တာ မအောင်မြင်တာထက် ခင်ဗျားကတော့ ဝိညာဉ်ကျောက်တုံးတွေ အများကြီး ပေးရလိမ့်မယ်နော်”
ကျောက်ဖီက ထိုလူကို လူအအတစ်ယောက်လို ကြည့်ကာ ပြန်ပြောလိုက်၏။
“မင်းက ဝါရင့်တပည့် တစ်ယောက်ဖြစ်ပြီး ဒါကို မသိဘူးလား... သွေးစာချုပ် စစ်ဆေးမှုတိုင်းက အဆင့် ၁ ကနေပဲ စရတာလေ.. အဲဒီအဆင့်ကို အောင်မှ နောက်တစ်ဆင့်ကို ဆက်စစ်လို့ ရတာ... ဒီလင်းကျင်းက အဆင့် ၁ ကိုတောင် အောင်မှာ မဟုတ်ပါဘူး... ဒါကြောင့် ငါ အများဆုံးကုန်မှ ဝိညာဉ်ကျောက်တုံး ၃၀ ပဲ... သူ စစ်ဆေးပြီး ထွက်လာရင် ဘာလုပ်ရမလဲဆိုတာ မင်း သိတယ်မဟုတ်လား”
“စိတ်ချပါ စီနီယာကျောက်... ဘေးကနေပဲ ကြည့်နေလိုက်ပါ... လင်းကျင်း လုံးဝ အရှက်ကွဲသွားစေရမယ်လို့ ကျုပ် အာမခံတယ်... တခြားနေရာတော့ မသိဘူး၊ ဒီကျင့်ကြံသူများအသင်းထဲမှာတော့ သူ ဘယ်တော့မှ ခေါင်းမော့နိုင်တော့မှာ မဟုတ်ဘူး”
“အဲဒါ အကောင်းဆုံးပဲ”
လူအုပ်ကြီးက စောင့်ဆိုင်းနေကြ၏။
အချိန်အနည်းငယ် ကုန်ဆုံးသွားသော်လည်း စစ်ဆေးရေးအခန်းထဲမှ ဘယ်သူမှ ထွက်မလာကြသေးပေ။
ကျောက်ဖီ ထူးဆန်းသလို ခံစားလိုက်ရသည်။ ပုံမှန်အားဖြင့် အဆင့် ၁ စစ်ဆေးခြင်းမှာ အလွန်တိုတောင်းလှပြီး၊ စစ်ဆေးခံသူ ကျရှုံးသွားပါက ချက်ချင်းပင် ပြီးဆုံးသွားတတ်သည်။
ဒါဆို ဘာကြောင့် သူတို့ ထွက်မလာကြသေးတာလဲ။
‘ဖြစ်နိုင်တာက တစ်ခုခု နှောင့်နှေးနေလို့ ဖြစ်မှာပါ’ ကျောက်ဖီသည် ကိုယ့်ဘာကိုယ် ဆင်ခြေပေးကာ ဆက်လက် စောင့်ဆိုင်းနေ၏။
နောက်ထပ် မိနစ်အနည်းငယ် ကုန်ဆုံးသွားပြန်သော်လည်း ဘယ်သူမှ ထွက်မလာသေးပေ။
ယခုအခါတွင်မူ ကျောက်ဖီ တစ်ခုခု မှားနေပြီ ဖြစ်ကြောင်း ရိပ်မိသွားတော့သည်။
အကယ်၍ စစ်ဆေးမှု ကျရှုံးခဲ့လျှင် သူတို့ ထွက်လာကြရမည် ဖြစ်၏။ ဒီလောက်အထိ ကြာနေစရာ အကြောင်းမရှိပေ။
တစ်ခုခုတော့ ဖြစ်နေပြီ ဖြစ်ရမည်။
လူအုပ်ကြီးထဲမှလည်း တိုးတိုးတိတ်တိတ် ပြောသံများ ထွက်ပေါ်လာတော့သည်။
“ဘာလို့ ဒီလောက်တောင် ကြာနေရတာလဲ... ငါ့တုန်းကတော့ ခဏလေးနဲ့ ပြီးသွားတာပဲ”
“ဟုတ်ပ... အမှန်ဆိုရင် ဒီလောက် မကြာသင့်ဘူး”
“တစ်ခုခု ဖြစ်လို့များလား”