အခန်း (၁၁၉-၁၂၀)
Vol. 6 Ch. 119-120
အခန်း (၁၁၉) - အသင်းချုပ်ကို တုန်လှုပ်စေခြင်း
လူအုပ်ကြီးမှာ တိုးတိုးတိတ်တိတ်ဖြင့် စတင် ဆွေးနွေးနေကြပြီ ဖြစ်သည်။
အချို့ကလည်း လင်းကျင်းသည် ပထမဆုံးအဆင့် သွေးစာချုပ် စစ်ဆေးမှုကို အောင်မြင်သွားပြီလားဟု ခန့်မှန်းနေကြ၏။
၎င်းမှာ မဖြစ်နိုင်ဟု ထင်ရသော်လည်း လုံးဝ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
ကျောက်ဖီသည်လည်း ထိုသို့ပင် သံသယဝင်လာသဖြင့် သိသိသာသာ စိတ်လှုပ်ရှားနေမိသည်။ အခြေအနေများမှာ သူ မူလက စီစဉ်ထားသည်နှင့် ဆန့်ကျင်ဘက်သို့ ဦးတည်နေ၏။ ဝိညာဉ်ကျောက်တုံးများ ပိုမို ဆုံးရှုံးရတော့မည်ကို တွေးမိတိုင်း သူ၏ ရင်ဘတ်ထဲတွင် နာကျင်နေရသည်။
ဒါဟာ ဝိညာဉ်ကျောက်တုံး တစ်ရာကျော်တောင် ကုန်မှာလေ။
‘တောက်... အဲဒီကောင် အပြင်ထွက်လာရင်တော့ ငါ သူ့ကို အသေသတ်မယ်’
ဤတိုက်ပွဲတွင် သူ ရှုံးနိမ့်နေပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် ကျောက်ဖီသည် သူ၏ ဒေါသကို မျိုသိပ်ထားကာ လင်းကျင်း အခန်းထဲမှ ပြန်ထွက်လာမည့် အချိန်ကိုသာ စောင့်နေတော့သည်။ ထိုအခါမှသာ သူ၏ ဒေါသများကို လင်းကျင်းအပေါ် ပုံချရန် ကြံစည်နေ၏။
သူသည် လင်းကျင်းကို ဘယ်လို စကားလုံးတွေနဲ့ နှိပ်ကွပ်ရမလဲဆိုတာကိုပင် ကြိုတင် စဉ်းစားထားပြီးသား ဖြစ်သည်။
အချိန်တွေက တစ်ရွေ့ရွေ့ ကုန်ဆုံးသွားပြီး နောက်ထပ် အတော်ကြာသည်အထိ စောင့်လိုက်ရ၏။
“ဘာလို့ သူတို့ အခုထိ ထွက်မလာသေးတာလဲ”
ယခုတစ်ကြိမ်တွင်မူ လူအုပ်ကြီးမှာ တကယ်ပင် အံ့ဩသွားကြပြီ ဖြစ်သည်။ ကျောက်ဖီ၏ မျက်နှာမှာလည်း အလွန်အမင်း ပျက်ယွင်းနေ၏။ သူသည် စိတ်မသက်မသာ ဖြစ်နေသော်လည်း လင်းကျင်း အထဲတွင် ဘာတွေလုပ်နေသနည်းဆိုသည်ကို အလွန်ပင် သိချင်နေမိသည်။
သူ အဆင့် ၂ စစ်ဆေးမှုကိုတောင် အောင်မြင်သွားတာတော့ မဟုတ်ပါဘူးနော်။
ထိုသို့ တွေးမိလိုက်သည်နှင့် ကျောက်ဖီမှာ ခေါင်းပင် မူးနောက်သွားရ၏။
အကယ်၍ လင်းကျင်းက အဆင့် ၂ ကို အောင်မြင်ခဲ့လျှင် သူသည် အဆင့် ၃ ကို ဆက်လက် စစ်ဆေးခွင့် ရရှိမည် ဖြစ်သည်။ သူ အောင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ထိုစစ်ဆေးခ အားလုံးကို ကျောက်ဖီကသာ ကျခံရမည် မဟုတ်ပါလား။
ဒီတစ်ခါတော့ ငါ တကယ်ကို အထိနာတော့မှာပဲ။
ကျောက်ဖီသည် အခုမှ နောင်တရနေသော်လည်း သူ၏ စိတ်ထဲတွင် သံသယတစ်ခု ရှိနေဆဲပင်။ လင်းကျင်းသည် သားရဲအကဲဖြတ်မှူး တစ်ဦး ဖြစ်သော်လည်း၊ အသင်းထဲ ဝင်လာတာ နှစ်ရက်တည်းနှင့် အဆင့် ၂ ကို ရောက်နိုင်ပါ့မလား။
ထိုစဉ် စစ်ဆေးရေးအခန်း၏ တံခါးမှာ ချက်ချင်း ပွင့်လာတော့သည်။
ကျောက်ဖီ စိတ်လှုပ်ရှားသွားကာ စိတ်ထဲမှ ဆိုလိုက်၏။ ‘နောက်ဆုံးတော့ ထွက်လာပြီ’
သူ၏ ဒေါသနှင့် မကျေနပ်ချက်များမှာ ချက်ချင်းပင် လောင်မြိုက်လာပြီး လင်းကျင်းကို အော်ဟစ်ရန် ပြင်လိုက်သည်။ သို့သော် အခန်းထဲမှ ထွက်လာသူမှာ လင်းကျင်း မဟုတ်ဘဲ ကြီးကြပ်သူ အကြီးအကဲတစ်ဦး ဖြစ်နေသဖြင့် သူ အံ့ဩသွားရ၏။
အမြဲတမ်း တည်ငြိမ်အေးစက်နေတတ်သော ထိုအကြီးအကဲမှာ ယခုအခါ စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် ထွက်လာခြင်း ဖြစ်သည်။ သူသည် အခြားသူများကို ဂရုမစိုက်ဘဲ အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်ကာ အပေါ်သို့ မြှောက်တင်လိုက်၏။
ဝှူး...။
ထိုအဆောင်လက်ဖွဲ့မှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။
၎င်းကို လွှတ်တင်ပြီးနောက် အကြီးအကဲမှာ အခန်းထဲသို့ အလျင်အမြန် ပြန်ဝင်သွားပြန်၏။
ယခုအခါ ကျောက်ဖီ အပါအဝင် လူတိုင်းမှာ ကြောင်အသွားကြရသည်။
ဒါ ဘာတွေ ဖြစ်နေတာလဲ။
အထဲတွင် စိတ်ဝင်စားစရာ တစ်ခုခု ဖြစ်နေသည်မှာ သေချာသော်လည်း ဘာဖြစ်နေသနည်းဆိုသည်ကိုတော့ ဘယ်သူမှ မသိကြပေ။
သို့သော် သူတို့ကို ပို၍ တုန်လှုပ်စေမည့် အရာများမှာ လာပါဦးမည်။
မကြာမီမှာပင် လူရိပ်တစ်ခုမှာ လူအုပ်ကြီးပေါ်မှ ဖြတ်ကျော်ပျံသန်းလာပြီး မြေပြင်သို့ ဆင်းသက်လိုက်၏။
ထိုလူကို မြင်သည်နှင့် လူအုပ်ကြီးမှာ ချက်ချင်းပင် ဦးညွှတ်ကာ ဂါရဝပြုကြသည်။
သူကား အခြားသူမဟုတ်၊ ဆရာကြီးဟွမ်ဖူပင် ဖြစ်၏။ သူသည် မေပယ်မြို့ ကျင့်ကြံသူများအသင်း၏ ဆရာကြီးများထဲတွင် အနည်းဆုံး ထိပ်တန်းသုံးယောက်စာရင်းဝင် ဖြစ်ပြီး သွေးစာချုပ် အဆင့် ၇ ရှိသော ပညာရှင်ကြီး ဖြစ်သည်။
ကျင့်ကြံသူများအသင်းတွင် အဆင့် ၅ သို့ ရောက်ရှိလျှင် ဆရာအဖြစ် သင်ကြားပြသခွင့် ရရှိသည်။ ဆရာအများစုမှာ အဆင့် ၆ သို့သာ ရောက်နိုင်ကြပြီး၊ ဟွမ်ဖူမင်နှင့် ရဲ့ယွီကျိုးကဲ့သို့သော ပုဂ္ဂိုလ်ကြီးများသာ အဆင့် ၇ နှင့် အထက်သို့ ရောက်ရှိနိုင်ကြခြင်း ဖြစ်၏။
ဟွမ်ဖူမင်သည် ဘာစကားမှ မပြောဘဲ စစ်ဆေးရေးအခန်းထဲသို့ အလျင်အမြန် ဝင်သွားတော့သည်။
လူအုပ်ကြီးမှာလည်း ဆရာကြီးဟွမ်ဖူ ဘာကြောင့် ရုတ်တရက် ရောက်လာရသနည်းဆိုသည်ကို ဆွေးနွေးနေကြ၏။
သူတို့၏ ဆွေးနွေးမှု မပြီးဆုံးသေးမီမှာပင် နောက်ထပ် ပညာရှင်တစ်ဦး အပေါ်မှ ပျံသန်းလာပြန်သည်။
ယခုတစ်ကြိမ်တွင် တစ်ယောက်တည်း မဟုတ်ပေ။
“ဒါ ဆရာမ လော့ပေဟယ်နဲ့ ဆရာကြီးရိပဲ”
တပည့်များက အံ့ဩတကြီး အော်ဟစ်လိုက်ကြ၏။
လော့ပေဟယ်မှာ ဝတ်စုံဖြူကို ဝတ်ဆင်ထားသော တည်ကြည်သည့် အမျိုးသမီး ဆရာမတစ်ဦး ဖြစ်ပြီး၊ ဆရာကြီးရိမှာမူ ဝတ်စုံနက်ကို ဝတ်ဆင်ထားကာ သူ၏ ဖြူဖွေးသော ဆံပင်နှင့် မုတ်ဆိတ်ရှည်များမှာ လေထဲတွင် ဝေ့ယမ်းနေသဖြင့် ကြည့်ကောင်းလှသည်။
သူတို့ နှစ်ဦးစလုံး၏ ဝတ်စုံပေါ်တွင် တိမ်တိုက်ပုံစံ ခြောက်ခုစီ ပါရှိကြ၏။
“ညီမလေး ပေဟယ်”
ဆရာကြီးရိက အရင် နှုတ်ဆက်လိုက်သည်။ လော့ပေဟယ်က ခေါင်းညိတ်ပြကာ မေးလိုက်၏။
“စီနီယာယွီကျိုးကော ရောက်လာသေးလား”
ဆရာကြီးရိက ချက်ချင်း ဖြေလိုက်သည်။
“စီနီယာယွီကျိုးက မနေ့ကတည်းက တံခါးပိတ် ကျင့်ကြံနေတယ်လို့ ကြားတယ်၊ သူ လာနိုင်မှာ မဟုတ်ဘူး”
လော့ပေဟယ်က ခေါင်းညိတ်လိုက်သော်လည်း သူ၏ မျက်ဝန်းထဲတွင်တော့ စိတ်လှုပ်ရှားနေသည့် အရိပ်အယောင်များ ရှိနေ၏။ ထို့နောက် သူတို့ နှစ်ဦးစလုံးသည် စစ်ဆေးရေးအခန်းထဲသို့ တစ်ယောက်ပြီးတစ်ယောက် အပြေးအလွှား ဝင်သွားကြတော့သည်။
အပြင်ဘက်ရှိ တပည့်များမှာတော့ ဘာစကားမှ မပြောရဲဘဲ တိတ်ဆိတ်သွားကြရ၏။
ထို့နောက်တွင်လည်း အသင်းချုပ်၏ အခြားသော ဆရာကြီးများမှာ တစ်ဦးပြီးတစ်ဦး အပြေးအလွှား ရောက်ရှိလာကြပြန်သည်။ အချို့ဆိုလျှင် အသက်ပင် မနည်းလုရှူနေရပြီး ဤနေရာသို့ အပြေးလာခဲ့ရပုံပေါ်၏။
ကြည့်ရတာ ထမင်းစားချိန် ရောက်လို့ ထမင်းဆိုင်ကို လူတွေ အလုအယက် ပြေးလာကြသလိုမျိုးပင်။
ဒါဟာ တကယ့်ကို ရူးသွပ်စရာ အခြေအနေကြီးပင် ဖြစ်တော့သည်။
ကျောက်ဖီ၏ နဖူးတွင်လည်း ချွေးသီးချွေးပေါက်များ ကျလာ၏။
သူ စိတ်ထဲမှ ဆိုလိုက်သည်။ ‘ဒါ ကမ္ဘာပျက်နေတာလား... ဘာတွေ ဖြစ်ကုန်တာလဲ’
တစ်ချိန်တည်းမှာပင် စစ်ဆေးရေးအခန်းထဲတွင် လင်းကျင်းသည် စစ်ဆေးမှုကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်၏။
သူသည် ကျောက်တိုင်ကြီး သုံးတိုင် ဝန်းရံထားသော နေရာတွင် ရပ်နေသည်။ ထိုကျောက်တိုင်များပေါ်တွင် ရှေးဟောင်း ဂါထာမန္တန်များနှင့် အင်းကွက်များဖြင့် ပြည့်နှက်နေ၏။ ၎င်းတို့မှာ ရှေးဟောင်း လက်ရာများဖြစ်ကြောင်း အလွယ်တကူ သိနိုင်ပေသည်။
သွေးစာချုပ် စစ်ဆေးခြင်းမှာ အလွန်ပင် ရိုးရှင်းလှ၏။ စစ်ဆေးခံမည့်သူသည် ထိုကျောက်တိုင် သုံးတိုင်၏ အလယ်တွင် ရပ်နေရရုံသာ ဖြစ်ပြီး၊ အပြင်ဘက်မှ တစ်စုံတစ်ယောက်က အထူးစွမ်းအင်စက်ကွင်းကို ဖန်တီးပေးရခြင်း ဖြစ်သည်။
ထိုကျောက်တိုင်များပေါ်တွင် လင်းထိန်လာသော အမှတ်အသားများကို ကြည့်ခြင်းဖြင့် စစ်ဆေးခံသူ၏ သွေးစာချုပ် အဆင့်ကို တိုင်းတာနိုင်ပေသည်။
ယခုအခါ ကျောက်တိုင် သုံးတိုင်စလုံးပေါ်ရှိ အမှတ်အသား တစ်ဝက်ခန့်မှာ လင်းထိန်နေပြီ ဖြစ်၏။
မလှမ်းမကမ်းတွင် ရပ်နေသော ဟွမ်ဖူမင်မှာ အံ့ဩတုန်လှုပ်နေမိသည်။
“သူက အဆင့် ၄ သွေးစာချုပ်ရဲ့ စွမ်းအင်စက်ကွင်းထဲမှာ ဒီလောက်အထိ တောင့်ခံနိုင်လိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ... ဒီအတိုင်းသာ ဆက်သွားရင် သူ ခဏအတွင်းမှာပဲ အဆင့် ၄ ကို အောင်မြင်သွားတော့မှာပဲ”
အခြားသော ဆရာကြီးများကလည်း ထိုစကားကို သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြ၏။
ကြီးကြပ်သူ အကြီးအကဲက စိတ်လှုပ်ရှားစွာဖြင့် မှတ်ချက်ပေးလိုက်သည်။
“သူက တကယ့် ပါရမီရှင်ပဲဗျာ... ပထမဆုံး စစ်ဆေးမှုမှာတင် အဆင့် ၄ ကို ရောက်တာ... သူ့ရဲ့ အနာဂတ်ကတော့ အတိုင်းအဆ မရှိနိုင်တော့ဘူး။
“အရေးကြီးတာက သူက ဘယ်ဆရာ့လက်အောက်မှာမှ မရှိသေးတာပဲ... ဒီလောက် ပါရမီရှိတဲ့လူကို အလဟဿ အဖြစ်မခံနိုင်ဘူး... သူဟာ ဆရာကောင်း တစ်ယောက်ရဲ့ လမ်းပြမှုကို ရသင့်တယ်၊ ဒါကြောင့်လည်း ခင်ဗျားတို့ကို ကျုပ်ခေါ်လိုက်ရတာပါ”
အကြီးအကဲက ရှင်းပြလိုက်၏။
ရောက်ရှိနေသော ဆရာကြီးများမှာလည်း ထိုစကားကို အကြွင်းမဲ့ သဘောတူကြသည်။ သူတို့သည် လင်းကျင်းကို အလွန်ပင် စိတ်အားထက်သန်စွာဖြင့် ကြည့်နေကြ၏။
လက်ရှိ အခြေအနေအရ သူသည် အဆင့် ၄ ကို ရရှိရန် ရာခိုင်နှုန်း အလွန်များနေပြီး၊ အဆင့် ၄ ရှိသော လူသစ်တပည့်တစ်ဦး ဖြစ်လာတော့မည်။
ကျင့်ကြံသူများအသင်းတွင် အဆင့် ၄ ရှိသော တပည့် မည်မျှရှိသနည်း။
အများကြီး မရှိပေ။
သုံးယောက်သာ ရှိသည်။
အသင်း၏ နံပါတ်တစ် ပါရမီရှင်ဟု အများက သတ်မှတ်ထားသော ရန်ကျဲပင်လျှင် ယခုအဆင့်သို့ ရောက်ရန် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ရခြင်း ဖြစ်၏။ ယခုအခါ အစကတည်းက အဆင့်မြင့်မားသော လူသစ်တစ်ယောက် ရောက်လာပြီဖြစ်ရာ၊ အကယ်၍ သူတို့သာ ထိုတပည့်ကို လက်ခံနိုင်ခဲ့လျှင် နောင်တစ်ချိန်တွင် ထိုတပည့်ကြောင့် သူတို့၏ ဂုဏ်သိက္ခာမှာ ပိုမို တောက်ပြောင်လာပေလိမ့်မည်။ ထို့ပြင် ဆုလာဘ်များစွာလည်း ရရှိနိုင်ပေသည်။
ဆရာတစ်ယောက်အနေဖြင့် ဤအရာထက် ပိုမို ဆွဲဆောင်မှုရှိသော အရာ ဘာရှိဦးမည်နည်း။
သူတို့သည် လင်းကျင်း စစ်ဆေးမှု ပြီးဆုံးသည်နှင့် သူ့ကို အလုအယက် သိမ်းပိုက်ရန် လက်ရည်တပြင်ပြင် ဖြစ်နေကြတော့သည်။
ရဲ့ယွီကျိုး မရှိသည့်အတွက် သူတို့အတွက် အခွင့်အရေး ပိုများလှသည်။ ပုံမှန်အားဖြင့် အသင်းရှိ အတော်ဆုံး တပည့် ထက်ဝက်ခန့်မှာ ရဲ့ယွီကျိုး၏ တပည့်များ ဖြစ်ကြပြီး ၎င်းကို သူတို့ မည်သို့မျှ တားဆီး၍ မရခဲ့ပေ။ အဘိုးကြီးရဲ့၏ ကျင့်စဉ်မှာ အလွန်ပင် မြင့်မားလှသဖြင့် အခြားဆရာများမှာ သူနှင့် ယှဉ်ပြိုင်ရန် မလွယ်ကူလှပေ။
သို့သော် ယနေ့တွင်မူ ကောင်းကင်ဘုံက သူတို့ကို မျက်နှာသာ ပေးလိုက်ပြီ ဖြစ်၏။ အဘိုးကြီးရဲ့က တံခါးပိတ် ကျင့်ကြံနေပေသည်။
ဒါဟာ သူတို့အတွက် အခွင့်အရေးပင်။
သို့သော် ရဲ့ယွီကျိုး မရှိသည့်တိုင်အောင် သူတို့ ဖြတ်ကျော်ရမည့် တောင်ကြီးတစ်လုံး ရှိနေသေး၏။ ၎င်းမှာ ဟွမ်ဖူမင်ပင် ဖြစ်သည်။
ရဲ့ယွီကျိုး၏ သွေးစာချုပ်မှာ အဆင့် ၈ ဖြစ်သော်လည်း၊ ဟွမ်ဖူမင်မှာတော့ အဆင့် ၇ သာ ရှိသေးသဖြင့် အနည်းငယ် အားနည်းသည်ဟု ဆိုနိုင်သည်။
သို့သော် ၎င်းမှာလည်း ဤနေရာရှိ အခြားသူများထက် အဆပေါင်းများစွာ သာလွန်နေဆဲ ဖြစ်၏။ ထို့ပြင် ဟွမ်ဖူမင်၏ တပည့်များထဲတွင် လုယွန်ဟယ်မှာ ထိပ်တန်းသုံးယောက်စာရင်းဝင် ဖြစ်သလို၊ အခြား ထူးချွန်သော တပည့်များစွာလည်း ရှိနေသေးသည်။ ထို့ကြောင့် သူတို့၏ အကြီးမားဆုံး ပြိုင်ဘက်မှာ ဟွမ်ဖူမင်သာ ဖြစ်ရပေမည်။
ဆရာကြီးများသည် ဟွမ်ဖူမင်ကို ခိုးကြည့်ရင်း၊ အကယ်၍ သူတို့သာ ဆရာကြီးဟွမ်ဖူကို အနိုင်ယူချင်လျှင် လင်းကျင်းအတွက် ပိုမို ကောင်းမွန်သော အခွင့်အရေးများကို ကမ်းလှမ်းရမည်ဟု ကိုယ့်ဘာကိုယ် မှတ်သားထားလိုက်ကြတော့သည်။
သူတို့ မသိလိုက်သည့် အချက်မှာ ဟွမ်ဖူမင်သည် လင်းကျင်းကို တစ်ကြိမ် ငြင်းပယ်ခဲ့ဖူးသည် ဆိုသောအချက်ပင် ဖြစ်တော့သည်။
အခန်း (၁၂၀) - သွေးစာချုပ် စတုတ္ထအဆင့်
ဟွမ်ဖူမင်မှာလည်း အံ့ဩတုန်လှုပ်နေမိ၏။
အရင်က လင်းကျင်းကို စစ်ဆေးပြီး ကျင့်ကြံသူများအသင်းထဲ ဝင်ခွင့်ပြုခဲ့စဉ်က ဤသားရဲအကဲဖြတ်မှူးလေးသည် ဤမျှအထိ ပါရမီရှင်တစ်ဦး ဖြစ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
အမှန်အတိုင်း ပြောရလျှင် သူ အနည်းငယ် နောင်တရမိသည်။
အဲဒီတုန်းက လင်းကျင်းကို ငါ့တပည့်အဖြစ် လက်ခံလိုက်သင့်သလား။
သို့သော် ပြန်စဉ်းစားကြည့်လျှင် ဟွမ်ဖူမင်တွင် သူကိုယ်တိုင် စွဲကိုင်ထားသော စည်းမျဉ်းများ ရှိနေ၏။ ၎င်းမှာ သူ၏တပည့်များသည် ကျင့်ကြံခြင်းအပေါ်တွင်သာ အာရုံစိုက်ရမည် ဖြစ်သည်။ လင်းကျင်းကဲ့သို့ အလုပ်နှစ်ခုကို ခွလုပ်နေမည့်သူမျိုးကို သူ လက်မခံလိုပေ။
ထို့ကြောင့် လင်းကျင်း၏ အဆင့်အတန်းအပေါ် အံ့ဩမိသော်လည်း ဟွမ်ဖူမင်သည် သူ၏ စည်းမျဉ်းကိုသာ ဆက်လက် ဆုပ်ကိုင်ထားလိုက်သည်။
၎င်းအပြင် ဟွမ်ဖူမင်တွင် အခြားသော စိုးရိမ်စိတ်လည်း ရှိနေသေး၏။
လင်းကျင်းကဲ့သို့သော လူမျိုးကို သူ သင်ကြားပေးနိုင်ပါ့မလားဟူသော သံသယပင် ဖြစ်သည်။
ထို့ကြောင့် သူ ဤနေရာသို့ ရောက်လာခြင်းမှာ ကြီးကြပ်သူ အကြီးအကဲများ ပြောသမျှ မှန်၊ မမှန် အတည်ပြုရန်သာ ဖြစ်၏။
ခဏမျှ စောင့်ကြည့်ပြီးနောက် သူသည် ဘာစကားမှ မပြောဘဲ ရုတ်တရက် လှည့်ထွက်သွားတော့သည်။
အခြားသော ဆရာကြီးများ သူ၏ ထူးဆန်းသော တုံ့ပြန်မှုကို သတိပြုမိချိန်တွင်မူ ဟွမ်ဖူမင်သည် စစ်ဆေးရေးအခန်းထဲမှ ထွက်ခွာသွားပြီ ဖြစ်၏။
“ဆရာကြီးဟွမ်ဖူက ဘာလို့ ထွက်သွားတာလဲ”
ဆရာကြီးများမှာ ဇဝေဇဝါ ဖြစ်သွားကြရသည်။
အကြောင်းရင်းကို ဘယ်သူမှ မသိကြသော်လည်း ဟွမ်ဖူမင်ကဲ့သို့သော ပြိုင်ဘက်ကြီး တစ်ယောက် လျော့သွားခြင်းမှာ သူတို့အတွက် သတင်းကောင်းပင် ဖြစ်၏။
ထိုစဉ် ကြီးကြပ်သူ အကြီးအကဲတစ်ဦးက ရုတ်တရက် ကြေညာလိုက်သည်။
“ပြီးပါပြီ... သူ သွေးစာချုပ် အဆင့် ၄ စစ်ဆေးမှုကို အောင်မြင်သွားပါပြီ”
စက်ဝိုင်းအတွင်းရှိ ကျောက်တိုင် သုံးတိုင်ပေါ်မှ အလင်းတန်းများမှာ တဖြည်းဖြည်း မှိန်ဖျော့သွားပြီး စွမ်းအင်စက်ကွင်းကြီးလည်း ကွယ်ပျောက်သွားတော့သည်။
အလယ်တွင် ရပ်နေသော လင်းကျင်းသည် မျက်လုံးကို ဖွင့်လိုက်၏။ ထူးဆန်းသည်မှာ သူသည် အားမလိုအားမရ ဖြစ်နေပုံပေါ်ခြင်းပင်။
“အဆင့် ၄ က ငါ့ရဲ့ အကန့်အသတ် မဟုတ်သေးဘူးထင်တယ်” လင်းကျင်း ကိုယ့်ဘာကိုယ် တိုးတိုးလေး ရေရွတ်လိုက်သည်။ အမှန်အတိုင်း ပြောရလျှင် သူသည် ဆက်လက် စစ်ဆေးလိုသေး၏။ ဘာပဲဖြစ်ဖြစ် စစ်ဆေးခကို သူ ပေးရမှာမှ မဟုတ်ဘဲ။
သို့သော် သူ ဆက်လုပ်လျှင် အဆင့် ၅ ကို ရောက်သွားနိုင်ကြောင်း သူ ရိပ်မိသည်။
၎င်းက ပြဿနာတစ်ခု ဖြစ်လာနိုင်၏။
အဆင့် ၅ ဆိုသည်မှာ တပည့်တစ်ယောက်၏ အကန့်အသတ်ကို ကျော်လွန်သွားပြီ ဖြစ်သည်။ အကယ်၍ ဤအချက်ကြောင့် အသင်းချုပ်က သူ့ကို တပည့်များ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပြုတော့လျှင် သူ ဒီကိုလာရသည့် ရည်ရွယ်ချက် ပျက်စီးသွားပေလိမ့်မည်။
ထို့ကြောင့် အဆင့် ၄ နှင့်တင် တော်လောက်ပြီ။ လင်းကျင်းသည် သူ၏ အရည်အချင်းကို လာရောက် ကြွားဝါနေခြင်း မဟုတ်ဘဲ၊ ရှောင်ဟော့၏ နောက်ထပ် ပြည့်စုံသော ဆင့်ကဲပြောင်းလဲမှုအတွက် လိုအပ်သော ‘နဂါးသွေးဆေးလုံး’ ကို ရရှိရန်သာ ရည်ရွယ်ထားခြင်း ဖြစ်သည်။
အခန်းအပြင်ဘက်သို့ ထွက်လာသောအခါ လင်းကျင်းမှာ လန့်သွားရ၏။
အခန်းထဲတွင် လူပေါင်းများစွာက သူ့ကို စိတ်အားထက်သန်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။ သူတို့ ဝတ်စုံပေါ်ရှိ တိမ်တိုက်ပုံစံများကို မြင်လိုက်ရသောအခါမှ လင်းကျင်း နားလည်သွားတော့သည်။
ဤလူများမှာ ကျင့်ကြံသူများအသင်း၏ ဆရာကြီးများ ဖြစ်ရပေမည်။
“အံ့ဩစရာပဲ... ပထမဆုံး စစ်ဆေးမှုမှာတင် အဆင့် ၄ ကို ရောက်တာ တကယ့်ကို ထူးချွန်လွန်းပါတယ် လူငယ်လေး” ကြီးကြပ်သူ အကြီးအကဲတစ်ဦးက လင်းကျင်းကို ချီးကျူးရင်း တိမ်တိုက်ပုံစံ လေးခုပါသော တပည့်ဝတ်စုံကို ကမ်းပေးလိုက်သည်။
ဆရာကြီးတစ်ဦးက စိတ်မရှည်စွာဖြင့် ချက်ချင်း စကားစလိုက်၏။
“လင်းကျင်း... မင်းမှာ အခုထိ လမ်းပြပေးမယ့် ဆရာ မရှိသေးဘူးလို့ ငါ သိရတယ်... ငါ မင်းကို တပည့်အဖြစ် လက်ခံနိုင်ပြီး နေ့တိုင်း သီးသန့်သင်ကြားပေးမယ်လို့ အာမခံတယ်”
ထိုဆရာကြီး ကမ်းလှမ်းပြီးသည်နှင့် နောက်ထပ် ဆရာတစ်ဦးက ကြားဖြတ်ပြောလိုက်ပြန်သည်။
“ဆရာချောင်... ခင်ဗျား ဆရာလုပ်လာတာ နှစ်အနည်းငယ်ပဲ ရှိသေးတော့ အတွေ့အကြုံ လိုနေသေးတယ်... လင်းကျင်းလို အခြေခံကောင်းတဲ့လူကို ခင်ဗျား သင်ရင် သူ့ရဲ့ တိုးတက်မှုကို နှောင့်နှေးစေလိမ့်မယ်... တကယ်လို့ သူသာ ငါ့ဆီမှာ သင်ယူမယ်ဆိုရင် ငါ့ရဲ့ ပညာရပ်အားလုံးကို လက်ဆင့်ကမ်းပေးမယ်”
“ဆရာဝမ်... ခင်ဗျား ဘယ်လို ပြောလိုက်တာလဲ... ကျုပ်ကကော သူ့ကို ပညာတွေ အကုန် မပေးဘူး ထင်နေတာလား... ပြီးတော့ အတွေ့အကြုံဆိုတာ အရည်အချင်းနဲ့ မဆိုင်ဘူး... သင်ကြားပြသတဲ့ နေရာမှာ ခင်ဗျားက ကျုပ်ကို မမီပါဘူး” ဆရာချောင်က ပြင်းပြင်းထန်ထန် ပြန်လည် တုံ့ပြန်လိုက်သည်။
ဂုဏ်သရေရှိသော ဆရာကြီးများမှာ ပုံမှန်ဆိုလျှင် ဤကဲ့သို့ ပြုမူမည်မဟုတ်သော်လည်း၊ ပါရမီရှင်တစ်ယောက်ကို ရရှိရန်အတွက်တော့ ဘယ်သူမှ အလျှော့မပေးလိုကြပေ။
ဆရာကြီးရိက ခေါင်းခါရင်း မတတ်နိုင်သလို ဆိုလိုက်၏။ “အားလုံးပဲ... ကျုပ်တို့ ဒီကို လာတာ ရည်ရွယ်ချက် တစ်ခုတည်းအတွက်ပဲ... ဆရာကောင်း ရှာရခက်သလို တပည့်ကောင်း ရှာရတာလည်း မလွယ်ဘူး... ဒါပေမဲ့ အဲဒါကြောင့်နဲ့ ဆရာတစ်ယောက်ရဲ့ သိက္ခာကို အကျမခံသင့်ဘူး.... ပြီးတော့ လင်းကျင်းကိုလည်း သူ ဆရာတစ်ယောက်ဆီမှာ သင်ယူချင်၊ မသင်ယူချင် အရင် မေးရဦးမယ်... သူသာ စိတ်မပါရင် ခင်ဗျားတို့ ရန်ဖြစ်နေတာက အလဟဿပဲ”
ဤစကားက အဓိပ္ပာယ်ရှိလှပေသည်။
ဆရာချောင်နှင့် ဆရာဝမ်တို့ နှစ်ဦးစလုံး ခေါင်းညိတ်လိုက်ပြီး လင်းကျင်းဘက်သို့ လှည့်ကြည့်လိုက်ကြ၏။
ဆရာကြီးရိကလည်း လင်းကျင်းဘက် လှည့်ကာ ဆိုသည်။ “လင်းကျင်း... ငါကတော့ ဆရာကြီးရိပါ၊ ဒါတွေကတော့...”
သူက ရောက်ရှိနေသော ဆရာကြီးများနှင့် မိတ်ဆက်ပေးရာ လင်းကျင်းကလည်း တစ်ဦးချင်းစီကို ရိုသေစွာ ဂါရဝပြုလိုက်သည်။
မိတ်ဆက်ပေးပြီးနောက် ဆရာကြီးရိက ဆက်ပြော၏။
“ဒီမှာရှိတဲ့ လူတိုင်းက ကျင့်ကြံသူများအသင်းရဲ့ တရားဝင် ဆရာကြီးတွေ ဖြစ်ပြီး အားလုံးက သွေးစာချုပ် အဆင့် ၆ ကို ရောက်ထားကြသူတွေချည်းပဲ... ငါတို့ တစ်ယောက်ချင်းစီမှာ မတူညီတဲ့ ကျွမ်းကျင်မှုတွေ ရှိကြတယ်.. တကယ်လို့ မင်း ဆရာတစ်ယောက် ရှာချင်တယ်ဆိုရင် ငါတို့ထဲက ကြိုက်နှစ်သက်ရာ တစ်ယောက်ကို ရွေးချယ်နိုင်ပါတယ်... ဒါပေမဲ့ မင်း စိတ်မပါရင်လည်း ငါတို့ အတင်းအကျပ် မတိုက်တွန်းပါဘူး”
ဤအခွင့်အရေးမှာ တကယ့်ကို ထူးခြားလှပေသည်။
အပြင်ဘက်ရှိ တပည့်များသာ လင်းကျင်း၏ အခြေအနေကို သိသွားလျှင် မနာလိုစိတ်ဖြင့် စိမ်းဖျော့သွားကြပေလိမ့်မည်။
လင်းကျင်း ခေါင်းညိတ်လိုက်၏။
သို့သော် သူသည် တကယ်ပင် ဆရာတင်ရန် စိတ်မကူးထားပေ။ သူ အမှန်အတိုင်း ပြန်လည် ပြောဆိုရန် ပြင်လိုက်စဉ်မှာပင် လော့ပေဟယ်က ရုတ်တရက် စကားဖြတ်ပြောလိုက်သည်။ “လင်းကျင်း... မင်း ရန်ကျဲကို ယှဉ်ချင်တယ်ဆိုရင် ငါ့ကို ဆရာတင်လိုက်ပါ... မဟုတ်ရင်တော့ မင်းက သူ့လိုပဲ အဆင့် ၄ ရထားပေမဲ့ သူ့ကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး”
လင်းကျင်း ထိုစကားကို မယုံကြည်ပေ။
သူတို့၏ သားရဲချင်း တိုက်ခိုက်ခြင်းဖြစ်စေ၊ လူချင်း တိုက်ခိုက်ခြင်းဖြစ်စေ လင်းကျင်းသည် မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိသည်။ ထိုယုံကြည်မှုမှာ ရှောင်ဟော့နှင့် ပတ်ချာလည် အပ်နည်းစနစ်ကြောင့်ပင် ဖြစ်၏။
လင်းကျင်းနှင့် ရန်ကျဲတို့၏ အကြောင်းမှာ တစ်သင်းလုံး ပျံ့နှံ့နေပြီ ဖြစ်သည်။ ဆရာကြီးများစွာလည်း ကြားသိထားကြသဖြင့် လော့ပေဟယ်က လင်းကျင်းနှင့် ရန်ကျဲတို့၏ ရန်ငြိုးကို သိနေခြင်းမှာ မဆန်းပေ။
လင်းကျင်း၏ စိတ်ကို လှုပ်ခတ်အောင် လုပ်ရန် ဤအချက်ကို သုံးလိုက်ခြင်းမှာ အတော်လေး ပါးနပ်လှ၏။
လော့ပေဟယ်သည် လင်းကျင်း ဘာတွေးနေသည်ကို ရိပ်မိသဖြင့် ဆက်ပြောလိုက်ပြန်သည်။
“ငါ ပြောတာကို မင်း သံသယရှိနေမယ်ဆိုတာ သိတယ်... ဒါပေမဲ့ ဒါက အမှန်တရားပဲ... ရန်ကျဲဆိုတာ ဆရာကြီးယွီကျိုးရဲ့ အချစ်ဆုံး တပည့်ဖြစ်ပြီး၊ ဆရာကြီးယွီကျိုးက မေပယ်မြို့ ကျင့်ကြံသူများအသင်းရဲ့ နံပါတ်တစ် ဆရာကြီးပဲ... ရန်ကျဲရဲ့ အရည်အချင်းက မင်း ထင်ထားတာထက် အများကြီး သာလွန်တယ်... အကယ်၍ မင်း ငါ့ဆီ လာမယ်ဆိုရင် မင်းကို ငါ့ရဲ့ အချစ်ဆုံး တပည့်အဖြစ် သတ်မှတ်ပြီး ရန်ကျဲကို အနိုင်ယူနိုင်မယ့် ပညာရပ်တွေကို သင်ပေးမယ်”
သူမ စကားပြောနေရင်း သူမ၏ မျက်ဝန်းထဲတွင်တော့ အောင်နိုင်သူတစ်ယောက်ကဲ့သို့ ကျေနပ်သည့် အရိပ်အယောင်များ ရှိနေ၏။
လင်းကျင်းက ဦးညွှတ်လိုက်သည်။
လော့ပေဟယ်က ပြုံးလိုက်၏။ လင်းကျင်းသည် သူမကို ဆရာတင်တော့မည်ဟု သူမ ထင်မှတ်လိုက်စဉ်မှာပင် လင်းကျင်း ပြောလိုက်သည့် စကားမှာ...။
“ဆရာမပေဟယ်ရဲ့ ကမ်းလှမ်းမှုကို ကျေးဇူးတင်ပါတယ်ခင်ဗျာ”
ထို့နောက်တွင်တော့ ဘာမှ ဆက်မပြောတော့ပေ။
လော့ပေဟယ်၏ ယုံကြည်မှုအပြည့်နှင့် အပြုံးမှာ ချက်ချင်းပင် အေးခဲသွားရ၏။
လင်းကျင်းသည် ဆရာကြီးအားလုံးကို နောက်တစ်ကြိမ် ဂါရဝပြုလိုက်ပြီးနောက် အခန်းထဲမှ ထွက်ခွာသွားတော့သည်။
သူမ ငြင်းပယ်ခံလိုက်ရပြီ။
လော့ပေဟယ်မှာ မျက်မှောင်ကြုတ်သွားရ၏။ မာနကြီးလှသော သူမအဖို့ ပထမဆုံးအကြိမ်အဖြစ် တပည့်တစ်ယောက်ကို ကမ်းလှမ်းခဲ့ခြင်းဖြစ်သော်လည်း ငြင်းပယ်ခံရလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
သို့သော် သူမသည် ဆရာတစ်ယောက် ဖြစ်သဖြင့် ငြင်းပယ်ခံရရုံနှင့်တော့ ရန်ငြိုးထားမည့်သူမျိုး မဟုတ်ပေ။
ဒါပေမဲ့ သူမမှာလည်း ဒေါသတော့ ရှိပေသည်။
“တကယ့် လူထူးလူဆန်းပဲ... မင်းလို ဘယ်ဆရာ့လက်အောက်မှာမှ မရှိတဲ့ တပည့်တစ်ယောက်က ရန်ကျဲကို ဘယ်လို ရင်ဆိုင်မလဲဆိုတာ ငါ စောင့်ကြည့်ရသေးတာပေါ့”
စစ်ဆေးရေးဌာန၏ အပြင်ဘက်သို့ သတင်းအချို့ ပျံ့နှံ့လာ၏။ ဆရာကြီးများစွာ ရောက်လာပြီး တပည့်တစ်ယောက်ကို အလုအယက် သိမ်းပိုက်နေကြသည်ဟု ဆိုသည်။ အထဲတွင် လင်းကျင်း တစ်ယောက်တည်းသာ ရှိနေသဖြင့် ထိုတပည့်မှာ ဘယ်သူလဲဆိုသည်မှာ ပြောနေစရာပင် မလိုတော့ပေ။
ထူးချွန်လှသော တပည့်တစ်ယောက်သာလျှင် ဤကဲ့သို့သော အခွင့်အရေးကို ရရှိနိုင်မည် မဟုတ်ပါလား။
ကျောက်ဖီ၏ မျက်နှာမှာတော့ သွေးမရှိတော့သလို ဖြူလျော့သွားရ၏။
လင်းကျင်းသည် အဆင့် ၃ ကို ရောက်သွားတာ ဖြစ်ရမည်။ မဟုတ်လျှင် ဆရာကြီးများစွာက သူ့ကို အလုအယက် လာရောက် ခေါ်ယူနေကြပါ့မလား။
ကျောက်ဖီမှာ လင်းကျင်းကို ဒုက္ခပေးရန် စိတ်ကူးပင် မရှိတော့ပေ။ အကယ်၍ လင်းကျင်းက အဆင့် ၃ ရခဲ့လျှင် ကျောက်ဖီ၏ အိတ်ထဲက ဝိညာဉ်ကျောက်တုံးများမှာ ပြောင်သလင်းခါသွားတော့မည် ဖြစ်၏။
အဆင့် ၁၊ အဆင့် ၂ နှင့် အဆင့် ၃ စုစုပေါင်း စစ်ဆေးခမှာ ဝိညာဉ်ကျောက်တုံး ၂၅၀ တိတိ ဖြစ်သည်။ ကျောက်ဖီအတွက်တော့ ဒါဟာ ကြီးမားလှသော ပမာဏပင်။
ကျောက်ဖီ နောင်တရနေမိသည်။
သူသည် ချန်ချန်းရဲ့ စကားကို နားထောင်ပြီး လင်းကျင်းကို ဒုက္ခမရှာခဲ့သင့်ပေ။
ကျောက်ဖီ မော့ကြည့်လိုက်သောအခါ ချန်ချန်းကို ဘယ်နေရာမှာမှ ရှာမတွေ့တော့ပေ။
သူ အော်ဟစ်ဆဲဆိုရန်ပင် အားအင် မရှိတော့ပေ။
ထိုစဉ် လင်းကျင်း ထွက်လာ၏။
လင်းကျင်းကို မြင်သည်နှင့် ကျောက်ဖီမှာ တုန်လှုပ်သွားရသည်။ လင်းကျင်းက သူ့ကို ပြန်ကြည့်လိုက်၏။ လင်းကျင်းက ပြုံးပြုံးလေးဖြင့် ကျောက်ဖီအနားသို့ လျှောက်လာပြီး ကျောက်ဖီ၏ ပုခုံးကို ခင်မင်စွာ ပုတ်လိုက်ကာ ဆို၏။
“ညီလေးကျောက်... ခင်ဗျားကို ဒီလောက်အထိ အကုန်အကျ ခံခိုင်းမိတာ တကယ် အားနာပါတယ်ဗျာ... ဒါပေမဲ့ တကယ့်ကို ကျေးဇူးတင်ပါတယ်”
ထိုသို့ပြောပြီးနောက် သူ ထွက်ခွာသွားတော့သည်။
မကြာမီမှာပင် လင်းကျင်းသည် ပထမဆုံး စစ်ဆေးမှုမှာတင် သွေးစာချုပ် အဆင့် ၄ ကို ရရှိခဲ့သည်ဟူသော သတင်းမှာ တောမီးပမာ ပျံ့နှံ့သွားတော့သည်။
ထိုသတင်းကို ကြားလိုက်ရချိန်တွင် ကျောက်ဖီသည် မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရပြီး၊ နောက်ဆုံးတွင်တော့ မခံနိုင်တော့ဘဲ သတိလစ် မေ့လဲသွားတော့သည်။