ဝဲဂယက်အတွင်းမှ သတ္တဝါများ
Vol. 9 Ch. 122
ရွှီရှင်းသည် အပြာရောင်သလင်းကျောက်ကို သူ၏ကျောပိုးအိတ်ထဲသို့ ထည့်လိုက်ပြီးနောက် အနီးနားတွင် အလားတူကျောက်များ ရှိမရှိ လိုက်လံရှာဖွေနေမိသည်။
ရေအောက်ကြမ်းပြင်တွင် အရောင်စုံကျောက်တုံးများစွာ ရှိနေသော်လည်း အများစုမှာ အရောင်မှိန်ဖျော့နေပြီး အစောပိုင်းက အပြာရောင်သလင်းကျောက်ကဲ့သို့ ကြည်လင်တောက်ပခြင်း မရှိပေ။
သူ၏ ခွဲခြားသိမြင်နိုင်စွမ်း ဖြင့် ကြည့်လိုက်လျှင် တစ်လုံးချင်းစီမှ အဖြူရောင်အလင်းတန်းများသာ ထွက်ပေါ်နေသည်။
ရွှီရှင်းသည် ခရမ်းရောင်သန်းနေသော ကျောက်တုံးတစ်တုံးကို အမှတ်မထင် ကောက်ယူကြည့်လိုက်၏။
[ခရမ်းရောင် သလင်းကျောက် (အဖြူရောင်အဆင့်): သာမန်သလင်းကျောက်ဖြစ်သည်။ ပန်းပုထုလုပ်ရာတွင် အသုံးပြုနိုင်သည်။]
အဖြူရောင်အဆင့် သလင်းကျောက်များသည် သစ်ပင်အိမ်၏ အလှဆင်မှုအဆင့် အပေါ် သက်ရောက်မှု မရှိပေ။
ရွှီရှင်းသည် ထိုကျောက်တုံးကို ပစ်ချလိုက်ပြီး အစိမ်းရောင် သို့မဟုတ် အပြာရောင်အလင်း ထွက်ပေါ်နေသည့် သလင်းကျောက်များကိုသာ ရေအောက်၌ ဆက်လက်ရှာဖွေတော့သည်။
အတော်ကြာအောင် ကူးခတ်ရှာဖွေပြီးနောက် ရွှီရှင်းသည် အစိမ်းရောင်အဆင့်ရှိသော ခရမ်းရောင်သလင်းကျောက်၊ အနီရောင်သလင်းကျောက်နှင့် အစိမ်းရောင်သလင်းကျောက် သုံးလုံးကို ရှာဖွေတွေ့ရှိခဲ့သည်။
သူ၏ ခွဲခြားသိမြင်နိုင်စွမ်း ကြောင့် အလင်းတန်းကို တစ်ချက်ကြည့်ရုံနှင့် သိနိုင်သဖြင့် ရှာဖွေရသည်မှာ အလွန်ထိရောက်လှသည်။
သို့သော်လည်း ဤစွမ်းရည်မရှိသူများအတွက်ပင် ဤကျောက်များကို ရှာရန်မှာ မခက်ခဲလှပေ။
အဘယ်ကြောင့်ဆိုသော် အစိမ်းရောင်အဆင့်ကျောက်များသည် အလွန်ကြည်လင်သော်လည်း၊ အဖြူရောင်အဆင့်များမှာမူ အရောင်နောက်နေသဖြင့် ခွဲခြားရန် လွယ်ကူသောကြောင့် ဖြစ်သည်။
သူ့ပတ်ဝန်းကျင်တွင် အစိမ်းရောင်ထက်မြင့်သော အရင်းအမြစ်များ မရှိတော့သဖြင့် ရွှီရှင်းသည် ရေပေါ်သို့ ပြန်တက်လိုက်ပြီး မီတာ နှစ်ရာ၊ သုံးရာခန့်သာ ကွာဝေးသော ဧရာမလေဆင်နှာမောင်းကြီးကို လှမ်းကြည့်လိုက်သည်။
ဤမျှအနီးကပ်တွင် လေဆင်နှာမောင်းကြီးမှာ ပို၍ပင် ခြောက်ခြားဖွယ် ကောင်းလှ၏။
သို့သော်လည်း လေဆင်နှာမောင်းက ပတ်ဝန်းကျင်မှ တိမ်တိုက်များကို စုပ်ယူထားသဖြင့် ဤနေရာ၌ မိုးကြိုးပစ်ခြင်း မရှိတော့ဘဲ၊ လေဆင်နှာမောင်းအတွင်း၌သာ အဝါရောင်လျှပ်စီးများ ရံဖန်ရံခါ လက်နေသည်ကို တွေ့ရသည်။
"ခဲခဲကတော့ လေဆင်နှာမောင်းထဲမှာ ရတနာရှိတယ်၊ အန္တရာယ်မရှိဘူးလို့ ပြောတယ်... ဆိုလိုတာက ငါ့ကို အထဲဝင်ခိုင်းတာလား။ ဒါပေမဲ့ ဘယ်သူက အဲဒီထဲ ဝင်ရဲမှာလဲ..."
ရွှီရှင်းသည် သူ၏ရှေ့မှ လေဆင်နှာမောင်းကြီးကို စိုက်ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
ဒီလေဆင်နှာမောင်းထဲ ဝင်ရမယ် ဟုတ်လား....အဲဒါက သေမင်းဆီ တိုက်ရိုက်သွားတာနဲ့ အတူတူပဲကို...။
သူသည် မီတာ ရာဂဏန်းခန့်သာ ကွာဝေးတော့သော်လည်း လေဆင်နှာမောင်း၏ စုပ်ယူမှုကို မခံစားရသေးပေ။
သူရှိနေသော ရေပြင်မှာ လေဆင်နှာမောင်း၏ လည်ပတ်မှုအတိုင်း စီးဆင်းနေခြင်းသာ ရှိသည်။
ပတ်ဝန်းကျင်ရှိ ရေထုတစ်ခုလုံးမှာ လေဆင်နှာမောင်းနှင့်အတူ လည်ပတ်နေခြင်း ဖြစ်၏။
သူသည် ရေအောက်သို့ ပြန်ငုပ်ပြီး လေဆင်နှာမောင်းဘက်သို့ ကြည့်လိုက်ရာ၊ အပေါ်ဘက်တွင် အလွန်ကြီးမားသော လေဆင်နှာမောင်းကြီး၏ အောက်ပိုင်းမှာ သေးငယ်သော ဝဲဂယက်တစ်ခုသာ ဖြစ်နေသည်ကို အံ့သြဖွယ် တွေ့လိုက်ရသည်။
သေးငယ်သည် ဆိုသည်မှာ အပေါ်ဘက်က အပိုင်းနှင့် နှိုင်းယှဉ်ခြင်းသာ ဖြစ်သည်။
လေဆင်နှာမောင်း၏ ရေမျက်နှာပြင်အောက် အကျဉ်းဆုံးနေရာမှာပင် အချင်း မီတာ ဆယ်ဂဏန်းခန့် ရှိပြီး၊ အပေါ်သို့ တက်လေလေ ပိုမိုကျယ်ပြန့်သွားကာ တိမ်တိုက်များရှိရာတွင် မီတာ တစ်ထောင်ကျော်အထိ ကျယ်ပြန့်နေသဖြင့် ကြည့်ရသည်မှာ အလွန်ချဲ့ကားထားသကဲ့သို့ ရှိနေသည်။
သို့သော် ရေအောက်တွင်မူ ၎င်းသည် အချင်း ၁၀ မီတာခန့်ရှိသော ဝဲဂယက်တစ်ခုသာ ဖြစ်ပြီး၊ အထဲ၌ အရာဝတ္ထုအချို့ ရေစီးနှင့်အတူ လည်ပတ်နေသည်ကို ဝေဝေဝါးဝါး မြင်ရသည်။
ဝဲဂယက်လည်ပတ်နှုန်းမှာ သိပ်မမြန်လှဘဲ ရေမျက်နှာပြင်အပေါ်က လေအရှိန်နှင့်စာလျှင် များစွာ နှေးကွေးပေသည်။
ရွှီရှင်းက အနားကပ်ပြီး ကြည့်နိုင်လိမ့်မည်ဟု တွေးလိုက်မိသည်။
သို့သော် ထိုသို့မလုပ်ဆောင်မီ သူ မသိသေးသော သတင်းအချက်အလက်များ ရှိမရှိ သိနိုင်ရန် စူးစမ်းရှာဖွေသူများ အဖွဲ့ဝင်များနှင့် ဆွေးနွေးကြည့်ရန် လိုအပ်သည်။
သူ့ပတ်ဝန်းကျင်တွင် နားခိုစရာ မြေပြင်မရှိသဖြင့် ရွှီရှင်းသည် ရေပေါ်၌ ပေါလောပေါ်ရင်း နာရီကို ဖွင့်ကြည့်လိုက်၏။
ကျိချောင်းယန် : "ခင်ဗျားတို့ထဲမှာ ရေကူးကျွမ်းကျင်တဲ့သူ ရှိရင် ဒီလေဆင်နှာမောင်းနားကို ချဉ်းကပ်ကြည့်ပါ။ အဲဒီနားမှာ ငါတို့ တစ်ခါမှ မမြင်ဖူးတဲ့ ကုန်ကြမ်းသစ်တွေ ရှိနိုင်ပြီး ဒါဟာ နောက်ထပ် ရှင်သန်ရေးအဆင့်အတွက် ဆက်စပ်နေနိုင်တယ်"
ကျိချောင်းယန်သည် ဤစာကို ရွှီရှင်း သစ်ပင်အိမ်မှ ထွက်လာကတည်းက ပို့ထားခြင်းဖြစ်ပြီး၊ ၎င်းနောက်ပိုင်း ဘာမှ ထပ်မပြောတော့သဖြင့် သူကိုယ်တိုင်လည်း အပြင်ထွက် စူးစမ်းနေပုံရသည်။
ရွှီရှင်း မိမိကိုယ်ကိုယ် ကံကောင်းသည်ဟု မတွေးဘဲ မနေနိုင်ပေ။
ဤအကြေးခွံချပ်ဝတ်သာ မရှိပါက သူသည် အပြင်ထွက် စူးစမ်းရန် အရည်အချင်း ပြည့်မီမည် မဟုတ်ပေ။
မီတာငါးဆယ် ကူးရန်ပင် တစ်မိနစ်ကျော် ကြာပြီး မောဟိုက်နေတတ်သော သူ၏ မူလစွမ်းရည်ဖြင့်ဆိုလျှင် အစီအစဉ်ပြီးဆုံးသည့်အထိ သစ်ပင်အိမ်ထဲ၌သာ စောင့်နေရပေလိမ့်မည်။
ချီရွှယ်ဖေး: "ကံကောင်းပါစေ၊ ငါတော့ သစ်ပင်အိမ်ထဲမှာပဲ စောင့်နေမယ်"
ဝမ်လေ့: "ခွေးကူးကူး တာကော ရေကူးတာထဲ ပါလား..။ ထားလိုက်ပါတော့... ငါ သစ်ပင်အိမ်ပတ်ဝန်းကျင်မှာပဲ လှည့်ပတ်နေတော့မယ်။ အဝေးကြီးသွားရင် ပြန်မကူးနိုင်မှာ ကြောက်လို့"
လီဝမ်ရှီး: "ငါလည်း သစ်ပင်အိမ်မှာပဲ နေမယ်။ ဒီအစီအစဉ်က ရေမကူးတတ်တဲ့သူတွေအတွက် တကယ်ကို စိတ်ပျက်ဖို့ ကောင်းတယ်"
ဝမ်ကွေ့ရှင်း: "ငါတော့ အပြင်ထွက်ကြည့်မယ်၊ ငါ့ရေကူးစွမ်းရည်က အတော်လေး အဆင်ပြေပါတယ်။ အရင်းအမြစ်သစ်တွေ တွေ့ရင် အကြောင်းကြားမယ်"
ကျောက်ရှောင်ချွမ်း: "ငါလည်း သွားကြည့်မယ်။ ငါတို့အိမ်နားမှာ ရေကန်ကြီးရှိတော့ အရင်က အမြဲဆော့နေကျပဲ။ မီတာ ဆယ်ဂဏန်းလောက် အနက်ကို မကြောက်ပါဘူး၊ ဒီ လေးငါးမီတာလောက်ကတော့ အေးဆေးပါ"
ကျောက်ရှောင်ချွမ်း၏ စကားမှာ ကြွားဝါနေသလိုရှိသော်လည်း၊ ရွှီရှင်းကမူ ၎င်းသည် မိမိကိုယ်ကိုယ် အားပေးနေခြင်းသာ ဖြစ်ကြောင်း မြင်နိုင်သည်။
ဘာပဲဖြစ်ဖြစ် ထိုလေဆင်နှာမောင်းကြီးမှာ တကယ့်ကို ခြောက်ခြားဖွယ် ကောင်းလှသည် မဟုတ်ပါလား။
ချင်ယွန်လုံနှင့် ချင်ယွန်ဟုတို့မှာမူ တိတ်ဆိတ်နေကြသည်။
၎င်းတို့နှစ်ဦးမှာ ရေကူး အလွန်ကျွမ်းကျင်သူများ ဖြစ်ကြသဖြင့် ရွှီရှင်းကဲ့သို့ပင် စောစောစီးစီး ရေအောက်စူးစမ်းမှု စတင်နေကြပြီ ဖြစ်ပေလိမ့်မည်။
လီဝမ်ရှီးသည်လည်း သူ့ထံ သီးသန့်စာအချို့ ပို့ထားခဲ့သည်။
"ရွှီရှင်း... ရှင် ဘယ်လိုထင်လဲ။ အဲဒီလေဆင်နှာမောင်းနားကို တကယ် ကပ်လို့ရပါ့မလား"
"ကျွန်မ ကတော့ ရေမကူးတတ်ဘူး၊ ဒီဘက်ကဆို တစ်ကီလိုမီတာကျော် ဝေးနေတာဆိုတော့ သွားဖို့ မဖြစ်နိုင်ဘူး..."
"ရှင် အပြင်ထွက်နေပြီလား"
ဤစာများသည် လွန်ခဲ့သော နာရီဝက်ခန့်က ပို့ထားခြင်း ဖြစ်သည်။
ရွှီရှင်းက ပြန်စာပို့လိုက်၏ - "ငါ အခု လေဆင်နှာမောင်းနဲ့ မီတာ နှစ်ရာ၊ သုံးရာလောက်ပဲ ကွာတော့တယ်"
သစ်ပင်အိမ်ထဲ၌ ပျင်းပျင်းနှင့် သူမ၏ ဗီဇပြောင်းနွားမကြီးကို ဆော့ကစားနေသော လီဝမ်ရှီးသည် ရွှီရှင်း၏ ပြန်စာကို မြင်သည်နှင့် မျက်လုံးများ ပြူးသွားတော့သည်။
"ရှင်က ဒီလောက်တောင် နီးနေပြီလား။ နှစ်ရာ၊ သုံးရာဆိုရင် စုပ်ယူမခံရဘူးလား"
"မခံရပါဘူး၊ ဒါပေမဲ့ လေဆင်နှာမောင်းပတ်လည်က ရေတွေက အမြဲလည်နေတာ။ ရေကူး မကျွမ်းကျင်ရင်တော့ မလာတာ အကောင်းဆုံးပဲ၊ အထဲကို အလွယ်တကူ ဆွဲခေါ်သွားခံရနိုင်တယ်"
"အရင်းအမြစ်သစ်တွေကော တွေ့လား"
"တွေ့တယ်၊ ပြန်ရောက်မှ ပြောပြမယ်"
"အင်း... ဂရုစိုက်ပါဦး"
လီဝမ်ရှီးနှင့် စာပို့နေစဉ်မှာပင် ရွှီရှင်းသည် အနီးနားက လေဆင်နှာမောင်းကို စူးစိုက်ကြည့်နေခဲ့သည်။
ထိုအချိန်တွင် လေဆင်နှာမောင်းအတွင်းမှ အရာဝတ္ထုများ ရံဖန်ရံခါ လွင့်ထွက်လာနေဆဲ ဖြစ်ပြီး၊ အများစုမှာ ကျောက်တုံး၊ သစ်သားနှင့် သားရဲအသေကောင်များ ဖြစ်ကြသည်။
ရွှီရှင်းသည် ချင်ယွန်လုံနှင့် ကျိချောင်းယန်တို့ထံ သတင်းဖလှယ်ရန် စာပို့ကြည့်သော်လည်း မည်သူမျှ ပြန်မထူးကြပေ။
ကြည့်ရသည်မှာ ၎င်းတို့၏ စူးစမ်းမှု အခြေအနေမှာ သူ့ထက် နောက်ကျနေပုံရသဖြင့် သူကိုယ်တိုင်သာ ဆက်လက်လုပ်ဆောင်ရပေတော့မည်။
ရုတ်တရက် လေဆင်နှာမောင်းထဲမှ လွင့်ထွက်လာသော ရှည်လျားသည့် သစ်သားတုံးကြီးတစ်ခုမှာ ရွှီရှင်းအနားသို့ ပက်လက် ကျလာပြီး ရေစီးနှင့်အတူ မျောပါလာသည်။
ရွှီရှင်း ချက်ချင်း ကူးသွားလိုက်၏။
ဤသစ်သားမှာ သူ အရင်က မြင်ဖူးသမျှနှင့် မတူကြောင်း သူ တွေ့ရှိလိုက်ရသည်။
အရောင်မှာ ပိုရင့်ပြီး အသားမှာ ပို၍ ကျစ်လှသည်။
သူသည် ထိုသစ်သားတုံးကြီးကို ကိုင်ထားရင်း ကိုယ်ကို အနားပေးလိုက်၏။
နောက်ဆုံးတော့ သူ အနည်းငယ် အနားရပြီ ဖြစ်သည်။
ဤ နှင်းဆီသစ်သား တစ်တုံးမှာ သစ်ပင်ပင်စည်တစ်ခုနီးပါး ကြီးမားလှသည်။
[နှင်းဆီသစ်သား (အစိမ်းရောင်အဆင့်): အဆင့်မြင့် သစ်သားတစ်မျိုး ဖြစ်သည်။ ခိုင်ခံ့ပြီး အသားနုကာ အရောင်တောက်ပသဖြင့် ပန်းပုထုရန်အတွက် အလွန်ကောင်းမွန်သော ပစ္စည်းဖြစ်သည်။ ပရိဘောဂများ ပြုလုပ်ရာတွင် အသုံးပြုနိုင်ပြီး သစ်ပင်အိမ်၏ အလှဆင်မှုအဆင့်ကို မြှင့်တင်ပေးနိုင်သည်။]
ထပ်ပြီး အလှဆင်မှုအဆင့်ပဲလား..။
နှင်းဆီသစ်သားကို မှီထားခြင်းက သူ့ကို အနားရစေသော်လည်း ၎င်းမှာ ရေစီးနှင့်အတူ လေဆင်နှာမောင်းအတွင်းဘက်သို့ တဖြည်းဖြည်း မျောပါသွားနေသည်။
ရွှီရှင်းသည် ထိုသစ်သားကို ကျောပိုးအိတ်ထဲ သိမ်းလိုက်ပြီး ဆက်လက် ပေါလောပေါ်နေလိုက်၏။
အနီးနားတွင် လေဆင်နှာမောင်းမှ လွင့်ထွက်လာသော နှင်းဆီသစ်သားတုံးများစွာ မျောပါနေသည်။
၎င်းတို့သည် သူ့အနားသို့ ရောက်လာတိုင်း ရွှီရှင်းက ကူးသွားပြီး သိမ်းဆည်းလိုက်ရာ၊ မကြာမီမှာပင် ဆယ့်နှစ်တုံးအထိ ရရှိခဲ့သည်။
ရွှီရှင်းမှာ လုံလောက်ပြီဟု တွက်ချက်လိုက်ပြီး လေဆင်နှာမောင်း၏ အချက်အခြာဆီသို့ စွန့်စားသွားရန် ပြင်ဆင်လိုက်၏။
အပြာရောင် ရေမှော်ပင် စားထားသည့် အာနိသင်ကြောင့် သူသည် ရေအောက်တွင် ၄၅ မိနစ်ခန့် အသက်ရှူနိုင်သော်လည်း၊ အချိန်အတော်ကြာခဲ့ပြီဖြစ်ရာ အာနိသင်မှာ ကုန်ဆုံးလုနီးပါး ဖြစ်နေပြီဖြစ်သည်။
သူသည် ရေမှော်ပင်ကို ထပ်မံစားသုံးကာ အာနိသင်ဖြည့်ပြီးနောက် ရေအောက်သို့ ငုပ်လျှိုးလျက် ဝဲဂယက်၏ အလယ်ဗဟိုဆီသို့ ဦးတည်ကူးခတ်သွားခဲ့သည်။
ရေအောက်ဝဲဂယက်နှင့် နီးကပ်လာသည်နှင့်အမျှ ရေ၏ ဆွဲငင်အားမှာ ပိုမိုပြင်းထန်လာသည်ကို ရွှီရှင်း သတိပြုမိလိုက်၏။
မီတာ တစ်ရာအကွာသို့ ရောက်သောအခါ သူ၏ ခန္ဓာကိုယ်မှာ ရေစီးနှင့်အတူ အလိုအလျောက် လည်ပတ်နေတော့သည်။
ရွှီရှင်းက အားစိုက်မကူးတော့ဘဲ ရေစီးအတိုင်း အလယ်ဗဟိုဆီသို့ လိုက်ပါသွားလိုက်သည်။
လည်ပတ်နှုန်းမှာ သိပ်မမြန်လှသဖြင့် သူ၏ ခန္ဓာကိုယ်ကို ရေအောက်၌ စိတ်ကြိုက် ထိန်းချုပ်နိုင်သေးသည်။
ရုတ်တရက် ရင်းနှီးနေသော အန္တရာယ်အချက်ပေး စိတ်ခံစားမှုတစ်ခုသည် သူ၏ စိတ်အ တွင်းပိုင်းမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာရာ၊ အနားယူနေသော သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်း တင်းမာသွားရတော့သည်။
ရွှီရှင်းသည် အန္တရာယ်၏ အရင်းအမြစ်ကို ရှာဖွေရန် ပတ်ဝန်းကျင်ကို စိုးရိမ်တကြီး စူးစမ်းလိုက်၏။
ရေအောက်မှာ ငြိမ်သက်နေဆဲဖြစ်ပြီး၊ ရေစီးမှာ ဝဲဂယက်ဗဟိုကို ပတ်ချာလည်စီးဆင်းနေကာ မြေပြင်က ကျောက်တုံးငယ်လေးများမှာ အလယ်ဗဟိုဆီသို့ တဖြည်းဖြည်း ဆွဲယူခံနေရသည်။
သူသည် အလယ်ဗဟိုနှင့် နီးကပ်လေလေ၊ စိုးရိမ်စိတ်မှာ ပို၍ ပြင်းထန်လာလေ ဖြစ်သည်။
အန္တရာယ်က ဝဲဂယက်အတွင်းထဲကနေ လာနေတာ သေချာတယ်။
သူသည် ဝဲဂယက်ကို စူးစိုက်ကြည့်နေစဉ်၊ ငြိမ်သက်နေသော ရေစီးအတွင်းမှ လှိုင်းဂယက် များ ရုတ်တရက် ပေါ်ထွက်လာပြီး လေးမီတာခန့် ရှည်လျားသော ငါးကြီးတစ်ကောင် ရုတ်တရက် ထွက်ပေါ်လာတော့သည်။
၎င်း၏ ပါးစပ်တွင် ရှည်လျားပြီး ထက်မြက်လှသော ဆူးချွန်ကြီးမှာ ဓားရှည်တစ်လက်ကဲ့သို့ ရှိနေပြီး၊ ရွှီရှင်းဆီသို့ တည့်တည့်မတ်မတ် ဦးတည်နေတော့၏။
---
အခန်း ၁၂၂ ပြီး။