← Chapters

ခရမ်းနက်ရောင် ဝဲဂယက်

Vol. 9 Ch. 126

ခရမ်းနက်ရောင် ဝဲဂယက်

Vol. 9 Ch. 126

ရွှီရှင်းသည် သူ၏ခေါင်းပေါ်ရှိ ဝဲဂယက်ငယ်လေးကို စိုက်ကြည့်ရင်း မြေပြင်မှ ကျောက်ခဲတစ်လုံးကို ကောက်ယူလိုက်သည်။

ဤခရမ်းနက်ရောင် ဝဲဂယက်ငယ်မှာ ဘောလုံးတစ်လုံးခန့်သာ အရွယ်အစားရှိပြီး တိတ်ဆိတ်စွာ လည်ပတ်နေ၏။

ပတ်ဝန်းကျင်ရှိ အာကာသဟင်းလင်းပြင်မှာမူ အရာအားလုံးကို ဝါးမြိုတော့မည့်အလား တုန်ခါပုံပျက်နေသည်။

ရွှီရှင်းသည် မီတာအနည်းငယ် နောက်ဆုတ်ကာ အကွာအဝေးတစ်ခု ထိန်းထားလိုက်ပြီးနောက် လက်ထဲရှိ ကျောက်ခဲကို ထိုခရမ်းနက်ရောင် ဝဲဂယက်ထဲသို့ လှမ်းပစ်လိုက်၏။

ကျောက်ခဲနှင့် ထိမှန်သွားသည့် ခဏမှာပင် ဝဲဂယက်မှာ ရေမျက်နှာပြင်ကဲ့သို့ ဂယက်ထသွားပြီး ကျောက်ခဲမှာ ဝဲဂယက်အတွင်းသို့ ပျောက်ကွယ်သွားသည်ကို ရွှီရှင်း မြင်လိုက်ရသည်။

တစ်ပြိုင်နက်တည်းမှာပင် ပတ်ဝန်းကျင်ရှိ ရေဝဲတံတိုင်းကြီးမှာ နံရံတစ်ခုကဲ့သို့ တုန်ခါသွားပြီး ရေအချို့မှာ ဤအတွင်းပိုင်း ဟင်းလင်းပြင်၏ မြေပြင်ပေါ်သို့ စင်ထွက်လာသည်။

အပေါ်ဘက်ရှိ လေဆင်နှာမောင်းကြီးပင်လျှင် ရုတ်တရက် တွန့်လိမ်သွား၏။

ဒီခရမ်းနက်ရောင် ဝဲဂယက်ထဲကို တစ်ခုခု ပစ်ထည့်တာက လေဆင်နှာမောင်းကို သက်ရောက်မှု ရှိစေတာလား။

...ဒါဟာ လေဆင်နှာမောင်း ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်း ဖြစ်နေနိုင်မလား..။

ရွှီရှင်းသည် ပိုကြီးသော ကျောက်ခဲတစ်လုံးကို ကောက်ယူကာ ထပ်မံပစ်လိုက်ပြန်သည်။

အစောပိုင်းအတိုင်းပင် ဖြစ်ပျက်ခဲ့သော်လည်း ဤတစ်ကြိမ်တွင် လှုပ်ခတ်မှုမှာ ပိုမိုကြီးမားသည်။

ပတ်ဝန်းကျင်က ရေဝဲကြီးမှာ ပုံပျက်သွားပြီး အပေါ်က လေဆင်နှာမောင်းကြီးမှာလည်း ခေတ္တမျှ တွန့်လိမ်သွားပြီးမှ နဂိုပုံစံအတိုင်း ပြန်ဖြစ်သွားခဲ့၏။

"တောက်"

ကောင်းကင်ယံမှ လက်သီးဆုပ်ခန့်ရှိသော ကျောက်ခဲတစ်လုံး ရုတ်တရက် ပြုတ်ကျလာပြီး ရွှီရှင်း၏ ရှေ့တည့်တည့် မြေပြင်ကို ထိမှန်သွားသဖြင့် သူ အံ့အားသင့်ကာ အော်လိုက်မိသည်။

အစောပိုင်းက တွန့်လိမ်သွားမှုကြောင့် လေဆင်နှာမောင်းအတွင်း လည်ပတ်နေသော အရင်းအမြစ်များကို သက်ရောက်မှုရှိသွားပြီး ဤအတွင်းပိုင်း ဧရိယာထဲသို့ ပြုတ်ကျလာခြင်း ဖြစ်ကာ အရင်းအမြစ်များ မိုးရွာချသကဲ့သို့ ဖြစ်သွားစေသည်။

ရွှီရှင်းသည် ရေဝဲတံတိုင်း၏ အစွန်းဘက်သို့ ချက်ချင်း ဆုတ်ခွာလိုက်၏။

အကယ်၍ ထိုအရာများသည် လေဆင်နှာမောင်း သို့မဟုတ် ရေဝဲနှင့် ပြန်နီးကပ်သွားပါက ပြန်လည်စုပ်ယူခံရမည်ဖြစ်ရာ ဤနေရာအစွန်းမှာသာ အန္တရာယ်ကင်းပေသည်။

နှင်းဆီသစ်သားများနှင့် သလင်းကျောက်များစွာ ဤနေရာထဲသို့ ပြုတ်ကျလာသလို၊ သားရဲအသေကောင် အချို့မှာလည်း ဗုန်း ဟူသော အသံနှင့်အတူ ပြုတ်ကျလာသည်။

ထိုမြင်ကွင်းမှာ အနည်းငယ် ကြောက်မက်ဖွယ်ကောင်းလှသဖြင့် သားရဲပေါင်းများစွာကို အမဲလိုက်ခဲ့သော ရွှီရှင်းပင်လျှင် မျက်နှာပျက်သွားရ၏။

ကြည့်ရသည်မှာ ဤပတ်ဝန်းကျင်က လေဆင်နှာမောင်းမှာ ဤဝဲဂယက်ငယ်လေးကြောင့် ဖြစ်ပေါ်နေခြင်းမှာ အမှန်ပင် ဖြစ်ပုံရသည်။

အရင်းအမြစ်များ မိုးရွာသကဲ့သို့ ကျဆင်းမှု ရပ်တန့်သွားသောအခါ သူသည် ချက်ချင်းပင် လိုက်လံကောက်ယူတော့သည်။

ပြုတ်ကျလာသောအရာများမှာ အစိမ်းရောင်အဆင့် နှင်းဆီသစ်သားများနှင့် သလင်းကျောက်များဖြစ်ရာ၊ ၎င်းတို့သည် ပန်းပုထုရန် ကုန်ကြမ်းများအဖြစ် သူ့အတွက် အလွန်အသုံးဝင်မည်ဖြစ်ရာ ဝမ်းသာအားရ ကျောပိုးအိတ်ထဲ ထည့်လိုက်၏။

အသားပုံဖြစ်သွားသော သားရဲအသေကောင်များကိုမူ သူ မယူတော့ပေ။

၎င်းတို့မှာ ရွံရှာဖွယ်ကောင်းလှသလို သာမန်သားရဲကုန်ကြမ်းများသည်လည်း သူ့အတွက် အသုံးမဝင်တော့ပေ။

ရွှီရှင်း နောက်ထပ် ကျောက်ခဲတစ်လုံးကို ကောက်ယူလိုက်ပြန်သည်။

သူသည် အခွင့်အရေးကောင်းကို တွေ့ရှိသွားပြီ ဖြစ်၏။

ဤဝဲဂယက်နက်လေးကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသရွေ့ လေဆင်နှာမောင်းမှာ တွန့်လိမ်သွားပြီး အရင်းအမြစ်များစွာ ပြုတ်ကျလာမည် မဟုတ်ပါလား။

ဤနည်းဖြင့် သူသည် ဟိုဟိုဒီဒီ လိုက်ရှာနေစရာမလိုဘဲ အရင်းအမြစ်များကို သက်သောင့်သက်သာ စုဆောင်းနိုင်ပေမည်။

နောက်ထပ် အရင်းအမြစ်များ ထပ်မံကျလာပြန်သည်။

ရွှီရှင်းသည် ရေဝဲအစွန်းတွင် ပျော်ရွှင်စွာ ရပ်နေရင်း ကောင်းကင်မှ ကျလာသောအရာများကို ကြည့်ကာ လိုက်လံကောက်ယူနေ၏။

စတုတ္ထအကြိမ်အဖြစ် ခရမ်းနက်ရောင် ဝဲဂယက်ကို တိုက်ခိုက်ရန် ကျောက်ခဲကို ကောက်ယူလိုက်စဉ်မှာပင် သူ ရပ်တန့်သွားသည်။

အဘယ်ကြောင့်ဆိုသော် သူ တိုက်ခိုက်လိုက်တိုင်း ဤဝဲဂယက်ငယ်လေးမှာ အနည်းငယ်စီ ပိုကြီးလာသည်ကို သူ သတိပြုမိလိုက်သောကြောင့် ဖြစ်သည်။

မူလက ဘောလုံးအရွယ်အစားသာရှိသော ဝဲဂယက်မှာ တဖြည်းဖြည်းနှင့် ကားတာယာတစ်ခုခန့်အထိ ကျယ်ပြန့်လာ၏။

ထို့အပြင် တိတ်ဆိတ်နေသော ဝဲဂယက်အတွင်းမှ အသံဗလံအချို့လည်း ထွက်ပေါ်လာတော့သည်။

ဝူး... ဝူး... ဟူသော ထိုအသံမှာ ချောက်ကမ်းပါးများကြားမှ တိုက်ခတ်လာသော အေးစိမ့်သည့် လေတိုက်သံနှင့် တူလှသည်။

ပြတ်တောင်းပြတ်တောင်း ဖြစ်နေသော်လည်း ရွှီရှင်းမှာမူ သေသေချာချာ ကြားနေရ၏။

"အထဲမှာ တစ်ခုခု ရှိနေတာလား"

ရွှီရှင်း ရုတ်တရက် သတိရှိသွားသည်။

သူသည် သွေးရောင်ဓားသွားငါးကို ရုတ်တရက် သတိရလိုက်၏။

သူ ဤနေရာသို့ မဝင်ခင်ကတည်းက ဤငါးကြီးသည် ဘယ်ကရောက်လာသနည်းဟု သူ တွေးနေခဲ့ခြင်း ဖြစ်သည်။

၎င်းသည် ဤခရမ်းနက်ရောင် ဝဲဂယက်ထဲကနေ ထွက်ပေါ်လာခြင်းများလား....။

ဤခရမ်းနက်ရောင် ဝဲဂယက်သည် အမှန်တကယ်ပင် အခြားနေရာတစ်ခုနှင့် ဆက်သွယ်နေသည်လား။

ခဏလောက်ထိ ရွှီရှင်းသည် အထဲဝင်ကြည့်ချင်စိတ် ဖြစ်ပေါ်လာသော်လည်း ထိုအတွေးကို ချက်ချင်းပင် ပြန်ဖျောက်လိုက်၏။

ထိုသို့လုပ်ခြင်းမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းနှင့် အတူတူပင်။

သူသည် အသက်တိုချင်သူ မဟုတ်ပေ။

သို့သော် ကျောက်ခဲများ ဆက်ပစ်ကြည့်ရန်တော့ သူ ဆုံးဖြတ်လိုက်သည်။

ဤဝဲဂယက်မှာ အတိုင်းအတာတစ်ခုအထိ ကျယ်ပြန့်လာလျှင် ဘာတွေဖြစ်လာမလဲဆိုသည်ကို သူ စူးစမ်းချင်နေမိသည်။

ထို့ကြောင့် သူ လက်ထဲရှိ ကျောက်ခဲကို ထပ်မံပစ်လိုက်ပြန်၏။

ဝဲဂယက်မှာ လှုပ်ခတ်သွားပြီး လေဆင်နှာမောင်း တွန့်လိမ်ကာ အရင်းအမြစ်အချို့ ထပ်မံကျလာသည်။

ခုနစ်ကြိမ်မြောက် ကျောက်ခဲပစ်ပြီးချိန်တွင်မူ ခရမ်းနက်ရောင် ဝဲဂယက်မှာ ရွှီရှင်း တိုက်ရိုက်ခုန်ဝင်နိုင်လောက်သည့် အချင်း နှစ်မီတာနီးပါးအထိ ကျယ်ပြန့်လာပြီး အတွင်းက အသံများမှာလည်း ပိုမိုကြည်လင်လာသည်။

"ဝူး... ဝူး... ဝူး... ဝူး..."

အသံမှာ ကလေးတစ်ယောက် ငိုသံနှင့် တူနေသော်လည်း၊ ၎င်းမှာ ထူးဆန်းသော မြေမျက်နှာသွင်ပြင်ရှိသည့် ချောက်ကမ်းပါးတစ်ခုကြားမှ လေတိုးသံသာ ဖြစ်ကြောင်း ရွှီရှင်း ခွဲခြားနိုင်ခဲ့သည်။

ဤဝဲဂယက်၏ အခြားတစ်ဖက်မှာ တကယ်ပင် အခြားနေရာတစ်ခုသို့ ဦးတည်နေပုံရပေသည်။

သို့သော် ရွှီရှင်းသည် ဝဲဂယက်ကို ဂရုမစိုက်သေးဘဲ ကျလာသော အရင်းအမြစ်များကို အရင်ကောက်ယူလိုက်၏။

အရေအတွက်မှာ အရင်ကထက် သိသိသာသာ နည်းပါးသွားပြီး အနည်းငယ်သာ ကျန်တော့သည်။

ကြည့်ရသည်မှာ လေဆင်နှာမောင်းအတွင်းက အရင်းအမြစ်များကို သူ အကုန်နီးပါး ခြစ်ထုတ်ယူပြီးပြီ ဖြစ်ပုံရသည်။

ရွှီရှင်း သူ၏ကျောပိုးအိတ်ကို စစ်ဆေးကြည့်ရာ အစိမ်းရောင်အဆင့် သလင်းကျောက် ၁၀၀ ကျော်နှင့် နှင်းဆီသစ်သား ၁၀၀ ကျော် ရရှိထားသည်။

ထို့အပြင် မြေပြင်ပေါ်ရှိ သာမန်ကျောက်ခဲများ၊ သစ်သားများနှင့် သားရဲအသေကောင်များကိုမူ သူ မကောက်ယူတော့ပေ။

ကျောပိုးအိတ်ကို လွယ်ထားရင်း သူ၏ရှေ့မှ တော်တော်လေး ကျယ်ပြန့်လာသော ခရမ်းနက်ရောင် ဝဲဂယက်ကို သူ မော့ကြည့်လိုက်၏။

ထူးဆန်းသော လေတိုးသံများအပြင် အခြားအသံများလည်း ဝဲဂယက်အတွင်းမှ ကြားနေရသည်။

ကျောက်တုံးများ လိမ့်ဆင်းသံ သို့မဟုတ် လေထဲတွင် သစ်ရွက်များ လှုပ်ခတ်သံများ ဖြစ်သည်။

ပြီးတော့...

တစ်စုံတစ်ခု တွန့်လိမ်လှုပ်ရှားနေသံလည်း ပါသည်။

ဤဝဲဂယက်သည် အခြားနေရာတစ်ခုသို့ ဦးတည်နေသည်မှာ ယခုအခါ သေချာသလောက် ရှိသွားပြီ ဖြစ်၏။

လေဆင်နှာမောင်းကို ဖြစ်ပေါ်စေသော ဤဝဲဂယက်သည် ကူးပြောင်းရေးတံခါး သို့မဟုတ် အာကာသတွင်းပေါက် တစ်ခုကဲ့သို့ လုပ်ဆောင်နေခြင်း ဖြစ်ပေလိမ့်မည်။

ဤဝဲဂယက်၏ အခြားတစ်ဖက်မှာ ဘာတွေရှိနေသနည်း..။

ဤဝဲဂယက် ဒီနေရာ၌ ပေါ်လာခြင်းမှာ အကြောင်းရင်း တစ်ခုခု ရှိရပေမည်။

သို့သော် ဝဲဂယက်အတွင်းက အခြေအနေကို သူ မသိပေ။

ဤကမ္ဘာ၏ နေရာတိုင်းမှာ မြေအောက်သတ္တဝါများ၏ ကျူးကျော်မှုကို ခံနေရခြင်းလား၊ ဝဲဂယက်အတွင်းက ဘေးကင်းဇုန် ဖြစ်နေမလား၊ ဒါမှမဟုတ် အထဲဝင်လိုက်ပါက ဘေးကင်းဇုန်အပြင်ဘက် မြေအောက်သတ္တဝါများ ဝိုင်းနေသည့်နေရာသို့ ရောက်သွားမလားဆိုသည်ကို သူ မသိနိုင်ချေ။

ခဲခဲလေးသာ ဒီမှာရှိရင် ဝဲဂယက်ထဲမှာ အန္တရာယ်ရှိလား၊ ရတနာရှိသလားဆိုတာကို ပြောပြနိုင်မှာပဲ...။

ရွှီရှင်း စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

သူသည် နာရီရှိ သစ်ပင်အိမ် ထုတ်လုပ်မှုစနစ်ကို အသုံးပြု၍ သစ်သားချောင်းတစ်ချောင်း ပြုလုပ်လိုက်၏။

သစ်သားချောင်းမှာ လက်နက်ထုတ်လုပ်ရေးစနစ် မလိုအပ်ဘဲ ပြုလုပ်နိုင်သည်။

ဝဲဂယက်မှာ များစွာ ကျယ်ပြန့်လာပြီဖြစ်ရာ ၎င်း၏ အောက်ခြေအစွန်းမှာ ရွှီရှင်းထက် အနည်းငယ်သာ ပိုမြင့်တော့သည်။

ပတ်ဝန်းကျင်ရှိ အာကာသပုံပျက်နေမှုကြောင့် သူသည် အနားသို့ အလွန်အကျွံ မကပ်ဝံ့ပေ။

သူသည် သစ်သားချောင်းကို တင်းတင်းဆုပ်ကိုင်ကာ ဝဲဂယက်ဆီသို့ သတိကြီးစွာဖြင့် လှမ်းလိုက်၏။

သစ်သားချောင်းသည် ဝဲဂယက်၏ အစွန်းနှင့် ထိမိသည်နှင့်တစ်ပြိုင်နက် ပြင်းထန်သော ဆွဲအားတစ်ခု ထွက်ပေါ်လာပြီး သစ်သားချောင်း၏ တစ်ဝက်ခန့်ကို ဝဲဂယက်အတွင်းသို့ ချက်ချင်း ဆွဲသွင်းသွားခဲ့သည်။

ရွှီရှင်းလည်း အားဖြင့် ပြန်လည်ဆွဲထုတ်လိုက်ရ၏။

သူ ဆွဲထုတ်လိုက်သော သစ်သားချောင်းကို ကြည့်ရင်း ရွှီရှင်း၏ မျက်ခွံများ တုန်ခါသွားရသည်။

"...ငါလခွီး...။"

စက္ကန့်ပိုင်းမျှသာ အထဲရောက်သွားသော သစ်သားချောင်းမှာ အက်ဆစ်ဖြင့် အစားခံထားရသကဲ့သို့ အပေါက်များစွာ ဖြစ်နေချေပြီ။

သစ်သားချောင်းပေါ်တွင် ခရမ်းရင့်ရောင် စေးကပ်ကပ် အရည်များ ပေကျံနေပြီး ထိုအရည်များမှာ သစ်သားကို ဆက်လက်စားသုံးနေဆဲဖြစ်ကာ မီးခိုးအမည်းများ ထွက်ပေါ်နေသည်။

"ဂျောက်"

သစ်သားချောင်းမှာ ကျိုးသွားပြီး၊ ပျက်စီးသွားသော တစ်ဝက်မှာ မြေပြင်ပေါ်သို့ ကျကာ ကြေမွသွားခဲ့သည်။

စေးကပ်သော အရည်များမှာ မြေပြင်ပေါ်သို့ ပေကျံသွားပြီး စင်တီမီတာ အနက်အနည်းငယ်လောက်အထိ မြေကြီးကို စားသုံးပစ်လိုက်ပြီးမှ တဖြည်းဖြည်း ပျောက်ကွယ်သွား၏။

"...ဒါက တကယ်ပဲ ဒီလောက်တောင် ကြောက်စရာကောင်းတာလားဟ"

ကံကောင်းထောက်မစွာဖြင့် ဤသို့ဖြစ်လာနိုင်သည်ကို သူ ကြိုတင်ခန့်မှန်းထားသဖြင့် သစ်သားချောင်းဖြင့် အရင်စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။

ရွှီရှင်းသည် ယခုအခါ အနီရောင်အရာများကို မြင်လျှင် အလွန်ပင် သတိထားမိနေပြီ ဖြစ်ရာ၊ ဤခရမ်းရောင် သို့မဟုတ် အနီရောင်ရင့်ရင့် စေးကပ်သော အရည်များကို မြင်သောအခါ ဗီဇပြောင်းသားရဲများကို ချက်ချင်း သတိရလိုက်၏။

"ဒါဟာ ဗီဇပြောင်းသားရဲ တစ်ကောင်ကောင်ရဲ့ အရည်များလား။ ပြီးတော့ အဲဒီသားရဲက ဟိုဘက်မှာ စောင့်နေတာလား"

ရွှီရှင်း တွေးတောနေမိသည်။

ဘာပဲဖြစ်ဖြစ် သူသည် ဤဝဲဂယက်ထဲသို့ လုံးဝ ဝင်မည်မဟုတ်ပေ။

အထဲတွင် အလွန်ပင် အန္တရာယ်များလှသည်။

သို့သော် သူ ဘာမှမလုပ်ဘဲ နေမည်ဟုတော့ မဆိုလိုပေ။

သူသည် သူ၏ မြှားသေနတ်ကို ထုတ်ယူကာ ဝဲဂယက်ထဲသို့ ချိန်ရွယ်၍ ပစ်ခတ်လိုက်၏။

အကယ်၍ အထဲတွင် ဗီဇပြောင်းသားရဲတစ်ကောင် တကယ်ရှိနေလျှင် ၎င်းကို ပြဿနာအချို့ ပေးလိုက်ချင်သောကြောင့် ဖြစ်သည်။

မြှားကြီးတစ်စင်းမှာ ဝဲဂယက်အတွင်းသို့ တိုးဝင်သွားပြီး လှိုင်းများထသွားကာ ပျောက်ကွယ်သွားခဲ့သည်။

မြှားပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် ဝဲဂယက်အတွင်းမှ အသံများမှာ ရုတ်တရက် ရပ်တန့်သွား၏။

ထူးဆန်းသော လေတိုးသံ၊ သစ်ရွက်လှုပ်ခတ်သံနှင့် ကျောက်ခဲလိမ့်သံများ အားလုံး ချက်ချင်း ငြိမ်သက်သွားသည်။

ခရမ်းနက်ရောင် ဝဲဂယက်မှာ တိတ်ဆိတ်စွာ လည်ပတ်နေရင်း မူလအခြေအနေသို့ ပြန်ရောက်သွားခဲ့သည်။

"ဘာဖြစ်တာလဲဟ"

ရွှီရှင်း မျက်မှောင်ကြုတ်လိုက်မိသည်။

အသံတွေက ဘာလို့ ရပ်သွားတာလဲ..။

ရုတ်တရက် ဝဲဂယက်မှာ နောက်တစ်ကြိမ် ပြင်းထန်စွာ လှုပ်ခတ်လာပြန်သည်။

ဤတစ်ကြိမ်တွင် ပွက်ပွက်ဆူနေသော ရေကဲ့သို့ အလွန်ပြင်းထန်လှသော်လည်း အေးစိမ့်သော အအေးဓာတ်များ ထွက်ပေါ်နေ၏။

ရွှီရှင်း၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားသည်။

ဝဲဂယက် ပေါက်ကွဲတော့မည်ဟု ထင်ကာ သူ ထွက်ပြေးရန် ပြင်လိုက်စဉ်မှာပင်၊ ဝဲဂယက်မှာ အတွင်းဘက်သို့ ရုတ်တရက် ကျုံ့ဝင်သွားပြီး အစက်ငယ်လေးတစ်ခုအဖြစ် ပြောင်းလဲကာ ကြိုတင်အချက်ပေးခြင်း မရှိဘဲ ပျောက်ကွယ်သွားတော့သည်။

၎င်းနှင့်အတူ ပတ်ဝန်းကျင်က ရေဝဲကြီးနှင့် ကောင်းကင်ယံက ဧရာမ လေဆင်နှာမောင်းကြီးမှာလည်း တစ်ပါတည်း ပျောက်ကွယ်သွားခဲ့၏။

၎င်းမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဖြစ်ပျက်သွားခြင်း ဖြစ်သည်။

လေဆင်နှာမောင်း ပျောက်ကွယ်သွားသဖြင့် အထဲတွင် ရှိနေဆဲဖြစ်သော အရာဝတ္ထုများမှာ အရှိန်ကြောင့် ပတ်ဝန်းကျင်သို့ လွင့်စင်ထွက်သွားကြသည်။

ပတ်ဝန်းကျင်က ရေများမှာလည်း လည်ပတ်မှု ရပ်တန့်သွားကာ အရပ်မျက်နှာ အသီးသီးမှ စီးဆင်းလာပြီး မြေပြင်ပေါ်တွင် ရပ်နေသော ရွှီရှင်းကို ဝါးမြိုပစ်လိုက်တော့သည်။

ရွှီရှင်း ဘာမှ မတုံ့ပြန်နိုင်သေးမီ ရေအောက်သို့ ရောက်ရှိသွားပြီး အသက်ရှူပင်မှားသွားခဲ့၏။

သူသည် ရေမျက်နှာပြင်ပေါ်သို့ အမြန်ဆုံး ကူးတက်လိုက်ရသည်။

လေဆင်နှာမောင်းမှာ တကယ်ပင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

တိမ်တိုက်များကြားတွင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်နေပြီး နေရောင်ခြည်များ ဖြာကျလာကာ ရေပြင်ပေါ်တွင် လှိုင်းကြက်ခွပ်လေးများ ဖြစ်ပေါ်နေ၏။

သို့သော် ဤတိမ်တိုက်အပေါက်မှာ စက္ကန့်အနည်းငယ်အတွင်း ပြန်လည်ပိတ်သွားခဲ့ပြီး၊ ကြည်လင်သော ကောင်းကင်ယံမှာ ခေတ္တမျှသာ ပေါ်လာပြီးနောက် မိုးရေများမှာ ရွှီရှင်း၏ မျက်နှာပေါ်သို့ နောက်တစ်ကြိမ် သည်းထန်စွာ ကျဆင်းလာပြန်တော့သည်။

---

အခန်း ၁၂၆ ပြီး။

All Chapters