သစ်ပင်အိမ် အလှဆင်မှုကို မြှင့်တင်ခြင်း
Vol. 9 Ch. 128
တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်ခဲ့သမျှကို ရေချိုးရင်း အပန်းဖြေပြီးနောက် ရွှီရှင်းသည် သူ၏ စွမ်းရည်သစ်များကို စတင်စမ်းသပ်တော့သည်။
ပထမဦးစွာ သူ၏လက်ထဲရှိ ကုန်ကြမ်းသစ်များကို စာရင်းပြုစုလိုက်၏။
အစိမ်းရောင်အဆင့် ရောင်စုံ သလင်းကျောက် ၁၀၀ ကျော်နှင့် နှင်းဆီသစ်သား ၁၃၂ တုံး ရှိနေသည်။
၎င်းတို့အားလုံးကို ပန်းပုထုရာတွင် အသုံးပြုနိုင်ပြီး နှင်းဆီသစ်သားကိုမူ ပရိဘောဂပြုလုပ်ရာတွင်လည်း အသုံးပြုနိုင်သည်။
ရွှီရှင်းသည် သလင်းကျောက်အားလုံးကို ထုတ်ယူကာ ကြမ်းပြင်ပေါ်တွင် ခင်းကျင်းထားလိုက်၏။
ဤသလင်းကျောက်များကပင် သစ်ပင်အိမ်၏ အလှဆင်မှုအမှတ်ကို တိုးမြင့်စေနိုင်သည်။
[သစ်ပင်အိမ်အတွင်း အဖြူရောင်သလင်းကျောက် (အစိမ်းရောင်အဆင့်) ၁ လုံး၊ အဝါရောင်သလင်းကျောက် (အစိမ်းရောင်အဆင့်) ၁ လုံး၊ အနီရောင်သလင်းကျောက် (အပြာရောင်အဆင့်) ၁ လုံး၊ အပြာရောင်သလင်းကျောက် (အပြာရောင်အဆင့်) ၁ လုံး၊ အဖြူရောင်သလင်းကျောက် (အပြာရောင်အဆင့်) ၁ လုံး နှင့် ခရမ်းရောင်သလင်းကျောက် (ခရမ်းရောင်အဆင့်) ၁ လုံး ရှိနေကြောင်း စနစ်က သိရှိပါသည်။ အလှဆင်မှုအမှတ် +၁၆ တိုးလာပါပြီ။ လက်ရှိ သစ်ပင်အိမ် အလှဆင်မှုအမှတ်: ၆၂.၄]
ဟင်...
သူသည် သလင်းကျောက်များစွာ ထုတ်ထားသော်လည်း ဘာကြောင့် အမှတ် ၁၆ မှတ်ပဲ တိုးရသနည်း။
အရင်တွက်ချက်မှုအရဆိုလျှင် အစိမ်းရောင်အဆင့် သလင်းကျောက် တစ်လုံးစီက အမှတ်တစ်ခုစီ တိုးပေးရမည် မဟုတ်ပါလား။
ထို့ကြောင့် သူသည် ဆက်သွယ်ရေးမျက်နှာပြင်ရှိ အလှဆင်မှုအဆင့် ကဏ္ဍသို့ ဝင်ရောက်စစ်ဆေးလိုက်သည်။
ထိုနေရာတွင် အမှတ်တိုးပေးထားသည့် အရာများကို အသေးစိတ်စာရင်းပြုစုထား၏။
[ရောင်စုံအကြေးခွံငါး (အစိမ်းရောင်အဆင့်) ၅၂ ကောင် မွေးမြူထားမှုကြောင့် အလှဆင်မှုအမှတ် ၁၀.၄ မှတ်တိုးသည်။]
[ထိုက်ကျိငါးဖြူ (အပြာရောင်အဆင့်) နှင့် ထိုက်ကျိငါးမည်း (အပြာရောင်အဆင့်) မွေးမြူထားမှုကြောင့် အလှဆင်မှုအမှတ် ၃၂ မှတ်တိုးသည်။]
[အနီ၊ အဝါ၊ အပြာ၊ အစိမ်း၊ ခရမ်း၊ အဖြူရောင် သလင်းကျောက် (အစိမ်းရောင်အဆင့်) များ ထားရှိမှုကြောင့် အလှဆင်မှုအမှတ် ၆ မှတ်တိုးသည်။]
[အနီ၊ အပြာ၊ အဖြူရောင် သလင်းကျောက် (အပြာရောင်အဆင့်) များ ထားရှိမှုကြောင့် အလှဆင်မှုအမှတ် ၉ မှတ်တိုးသည်။]
[ခရမ်းရောင် သလင်းကျောက် (ခရမ်းရောင်အဆင့်) ထားရှိမှုကြောင့် အလှဆင်မှုအမှတ် ၅ မှတ်တိုးသည်။]
[စုစုပေါင်း အလှဆင်မှုအမှတ်: ၆၂.၄]
ရွှီရှင်းသည် စာရင်းကို ကြည့်လိုက်သည်နှင့် ဤကျောက်တုံးများ၏ အမှတ်တွက်ချက်ပုံကို ချက်ချင်းနားလည်သွားသည်။
အရောင်နှင့် အဆင့်တူညီသော သလင်းကျောက်များ မည်မျှပင်ရှိစေကာမူ တစ်လုံးစာအတွက်သာ အမှတ်တိုးပေးခြင်း ဖြစ်သည်။
ဆိုလိုသည်မှာ သူ့တွင် အနီရောင်သလင်းကျောက် (အစိမ်းရောင်အဆင့်) အလုံးပေါင်းများစွာ ရှိနေသော်လည်း ၎င်းတို့အားလုံးအတွက် စုစုပေါင်း အမှတ် ၁ မှတ်သာ ရရှိမည်ဖြစ်သည်။
သလင်းကျောက်များတွင် အရောင် ၆ မျိုးသာ ရှိသဖြင့် သူ၏ အစိမ်းရောင်အဆင့် သလင်းကျောက်အားလုံးသည် အမှတ် ၆ မှတ်သာ ပေးစွမ်းနိုင်သည်။
စဉ်းစားကြည့်လျှင်လည်း ကျောက်ရိုင်းပုံကြီးက အမှတ်အများကြီး တိုးပေးနေမည်ဆိုပါက အဓိပ္ပာယ်မရှိပေ။
ရွှီရှင်း တွက်ချက်ကြည့်ရာ အပြာရောင်အဆင့် သလင်းကျောက် တစ်လုံးစီက အမှတ် ၃ မှတ်တိုးပေးပြီး၊ ခရမ်းရောင်အဆင့်က အမှတ် ၅ မှတ်တိုးပေးသည်ကို တွေ့ရ၏။
...ဒါက နည်းလွန်းနေတာ မဟုတ်ဘူးလား။
အရင်က သစ်သား၊ ကျောက်တုံးများ၏ အပြာရောင်နှင့် အစိမ်းရောင်အဆင့် လဲလှယ်နှုန်းမှာ ၅၀:၁ ခန့် ရှိသည်။
အလှဆင်မှုအမှတ်ကျမှ ဘာကြောင့် ကွာခြားချက် နည်းပါးနေရသနည်း။
ဖြစ်နိုင်သည်မှာ ၎င်းတို့ကို အချောထည် ပန်းပုများအဖြစ် ထုလုပ်ပြီးမှသာ အဆင့်မြင့်ကုန်ကြမ်းများ၏ အားသာချက်က ပေါ်လွင်လာမည်လား။
ပန်းပုထုခြင်းအတွက် လိုအပ်ချက်က များပြားလှသဖြင့် သူသည် နှင်းဆီသစ်သား ပရိဘောဂများကို အရင်စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။
ရွှီရှင်းသည် ဆက်သွယ်ရေးမျက်နှာပြင်ရှိ သစ်ပင်အိမ် ပြုပြင်မွမ်းမံရေး ကဏ္ဍကို နှိပ်လိုက်၏။
နှင်းဆီသစ်သား ကုန်ကြမ်းများ ရရှိထားသဖြင့် နှင်းဆီသစ်သား ပရိဘောဂ ပြုလုပ်နည်းအသစ်များစွာ ပေါ်လာချေပြီ။
[နှင်းဆီသစ်သား စာအုပ်စင် (အစိမ်းရောင်အဆင့်): သစ်ပင်အိမ်တွင် ထားရှိပါက အလှဆင်မှုကို တိုးမြင့်စေနိုင်သည့် ရှေးဆန်ပြီး ကျော့ရှင်းသော စာအုပ်စင်။ လိုအပ်ချက်: နှင်းဆီသစ်သား (အစိမ်းရောင်အဆင့်) ၃ တုံး]
ပထမဆုံးပစ္စည်းကပင် ရွှီရှင်းကို အံ့အားသင့်စေသည်။
စာအုပ်စင်အကြီးကြီးတစ်ခုအတွက် နှင်းဆီသစ်သား ၃ တုံးသာ လိုအပ်သည်။
စဉ်းစားကြည့်လျှင် အခြားသစ်သားများကို သစ်တုံး အနေဖြင့် တွက်သော်လည်း နှင်းဆီသစ်သားကိုမူ အချပ် အနေဖြင့် တွက်ပြီး၊ နှင်းဆီသစ်သားတစ်ချပ်မှာ အခြားသစ်သားတစ်တုံးထက် များစွာ ပိုကြီးမားသဖြင့် ၎င်းမှာ အဓိပ္ပာယ်ရှိလှသည်။
သူသည် ဆက်လက်ကြည့်ရှုလိုက်၏။
[နှင်းဆီသစ်သား ဗီဒို (အစိမ်းရောင်အဆင့်): လိုအပ်ချက်: နှင်းဆီသစ်သား ၃ တုံး]
၎င်းအပြင် နှင်းဆီသစ်သား စားပွဲ၊ ကုလားထိုင်၊ ခုတင်၊ အဝတ်ဗီဒို၊ စားပွဲအသေး နှင့် မှန်တင်ခုံ စသည်တို့လည်း ပါဝင်နေသည်။
၎င်းတို့အားလုံးသည် အလှဆင်မှုအမှတ်ကို တိုးမြင့်စေနိုင်သည်။
ကံဆိုးသည်မှာ ရွှီရှင်းတွင် လက်ရှိ၌ အပြာရောင်အဆင့် နှင်းဆီသစ်သား မရှိသေးပေ။
ဤအစိမ်းရောင်အဆင့် နှင်းဆီသစ်သား ပရိဘောဂများသည် အလှဆင်မှုအတွက်သာ ဖြစ်ပြီး အခြားစွမ်းရည်များ မရှိသဖြင့် သူ၏ လက်ရှိပရိဘောဂများကို အစားမထိုးနိုင်ပေ။
သို့သော် အလှဆင်မှုအဆင့် တက်ရန်အတွက် ထားရှိရမည်။
ရွှီရှင်းသည် နှင်းဆီသစ်သား စာအုပ်စင်နှင့် ဗီဒိုတစ်ခုကို ချက်ချင်း ပြုလုပ်လိုက်ပြီး စာအုပ်စင်ကို စာကြည့်ခန်းထဲတွင်လည်းကောင်း၊ ဗီဒိုကို ဆက်သွယ်ရေးမျက်နှာပြင်အောက်တွင် ရုပ်မြင်သံကြားစင် အဖြစ်လည်းကောင်း ထားလိုက်သည်။
[သစ်ပင်အိမ်အတွင်း နှင်းဆီသစ်သား စာအုပ်စင် (အစိမ်းရောင်အဆင့်) ထားရှိကြောင်း သိရှိရသဖြင့် အလှဆင်မှုအမှတ် +၃၊ လက်ရှိအမှတ်: ၆၅.၄]
[သစ်ပင်အိမ်အတွင်း နှင်းဆီသစ်သား ဗီဒို (အစိမ်းရောင်အဆင့်) ထားရှိကြောင်း သိရှိရသဖြင့် အလှဆင်မှုအမှတ် +၃၊ လက်ရှိအမှတ်: ၆၈.၄]
နှင်းဆီသစ်သား ပရိဘောဂတစ်ခုစီက အမှတ် ၃ မှတ်တိုးပေးခြင်း ဖြစ်၏။
သူသည် စားပွဲတစ်လုံးနှင့် ကုလားထိုင်နှစ်လုံးကိုပါ ပြုလုပ်၍ စာကြည့်ခန်းထဲတွင် ထားလိုက်ပြန်သည်။
[နှင်းဆီသစ်သား စားပွဲ (အစိမ်းရောင်အဆင့်)၊ အလှဆင်မှုအမှတ် +၃၊ လက်ရှိအမှတ်: ၇၁.၄]
[နှင်းဆီသစ်သား ကုလားထိုင် (အစိမ်းရောင်အဆင့်)၊ အလှဆင်မှုအမှတ် +၃၊ လက်ရှိအမှတ်: ၇၄.၄]
သူသည် ကုလားထိုင် နှစ်လုံး ပြုလုပ်ခဲ့သော်လည်း အမှတ် ၃ မှတ်သာ တိုးခဲ့သည်။
ဤပရိဘောဂများသည်လည်း သလင်းကျောက်များကဲ့သို့ပင် အမျိုးအစားတူပါက အမှတ် ထပ်တိုးမပေးပေ။
မူလက သူသည် နှင်းဆီသစ်သား ပရိဘောဂ အရေအတွက်များစွာဖြင့် အလှဆင်မှုအဆင့်ကို မြှင့်တင်ရန် စဉ်းစားခဲ့သော်လည်း ဖြစ်နိုင်ပုံမရပေ။
လောလောဆယ်တွင် နှင်းဆီသစ်သား ပရိဘောဂပုံကြမ်း ၈ မျိုးသာ ရှိသေးသည်။
ထို့ကြောင့် ရွှီရှင်းသည် ကျန်ရှိနေသော ခုတင်၊ ခုတင်ဘေးစားပွဲ၊ အဝတ်ဗီဒိုနှင့် မှန်တင်ခုံတို့ကို တစ်မျိုးစီ ပြုလုပ်လိုက်သည်။
သူ၏ အိပ်ခန်းထဲတွင် အပြာရောင်အဆင့် သစ်သားခုတင် ရှိနေပြီးဖြစ်သဖြင့် နှင်းဆီသစ်သားခုတင်နှင့် မှန်တင်ခုံကို ဒုတိယ အိပ်ခန်းလွတ်ထဲ၌ ထားလိုက်ပြီး၊ ခုတင်ဘေးစားပွဲနှင့် အဝတ်ဗီဒိုကိုမူ သူ၏ အခန်းထဲတွင် ထားလိုက်သည်။
ဤပရိဘောဂ ၄ မျိုးကို ပြုလုပ်ပြီးနောက် ရွှီရှင်း၏ သစ်ပင်အိမ် အလှဆင်မှုအဆင့်မှာ ၈၆.၄ သို့ ရောက်ရှိသွားခဲ့သည်။
လောလောဆယ်တွင် နှင်းဆီသစ်သား ပရိဘောဂဖြင့် အမှတ်မြှင့်ရန် မဖြစ်နိုင်တော့ပေ။
အပြာရောင်အဆင့် ကုန်ကြမ်းများ ရရှိမှသာ အပြာရောင်အဆင့် ပရိဘောဂများဖြင့် အမှတ်ထပ်တိုးနိုင်ပေလိမ့်မည်။
"ဒီနေ့ အလှဆင်မှုအဆင့် ၁၀၀ ကျော်အောင် လုပ်ကြည့်မယ်။ ၁၀၀ ကျော်သွားရင် ဘာထူးခြားမလဲဆိုတာ ပေါ်လာလိမ့်မယ်"
နောက်တစ်ဆင့်မှာ ပန်းပုထုခြင်းနှင့် ပန်းချီဆွဲခြင်း ဖြစ်သည်။
၎င်းမှာ ပရိဘောဂပြုလုပ်ခြင်းထက် များစွာ ပိုမိုရှုပ်ထွေးပြီး သက်ဆိုင်ရာ ကိရိယာများကို အရင်ပြုလုပ်ရန် လိုအပ်သည်။
သူသည် ပန်းပုနှင့် ပတ်သက်သော ကိရိယာစာရင်းကို စစ်ဆေးလိုက်၏။
[ပန်းပုကိရိယာအစုံ (အစိမ်းရောင်အဆင့်): အစိမ်းရောင်အဆင့် ကုန်ကြမ်းများကိုသာ ထုလုပ်နိုင်သည်။ လိုအပ်ချက်: သံတုံး (အစိမ်းရောင်အဆင့်) ၁ တုံး၊ သစ်သား (အစိမ်းရောင်အဆင့်) ၁ တုံး။]
[ပန်းပုနှင့် ပန်းချီ စားပွဲ (အပြာရောင်အဆင့်): သမိုင်းဝင် လက်ရာများကိုသာ ဤစားပွဲပေါ်တွင် ဖန်တီးနိုင်သည်။ လိုအပ်ချက်: နှင်းဆီသစ်သား (အစိမ်းရောင်အဆင့်) ၅ တုံး၊ ကျောက်တုံး (အပြာရောင်အဆင့်) ၅ တုံး။]
ပန်းပုကိရိယာအစုံမှာ အစိမ်းရောင်အဆင့်သာ ဖြစ်သဖြင့် အစိမ်းရောင်ကုန်ကြမ်းကိုသာ ထုလုပ်နိုင်မည်ဖြစ်သည်။
ထို့ကြောင့် ရွှီရှင်းအနေဖြင့် အပြာရောင်အဆင့် ကိရိယာအစုံကို ပြုလုပ်ရန် လိုအပ်ပြီး၊ ၎င်းအတွက် အပြာရောင်အဆင့် သံတုံးနှင့် သစ်သား လိုအပ်ပေမည်။
ပန်းပုနှင့် ပန်းချီ စားပွဲမှာမူ အပြာရောင်အဆင့်အတွက်အသေဖြစ်ပြီး၊ ၎င်းအတွက် သူ့တွင် နှင်းဆီသစ်သားများစွာ ရှိသော်လည်း အပြာရောင်အဆင့် ကျောက်တုံးများ မရှိပေ။
သို့သော် လီဝမ်ရှီးတွင်တော့ သေချာပေါက် ရှိပေလိမ့်မည်။
ရွှီရှင်းသည် လီဝမ်ရှီးထံသို့ ဗီဒီယိုခေါ်ဆိုမှု ပြုလုပ်လိုက်ရာ စက္ကန့်အနည်းငယ်အတွင်း သူမက လက်ခံလိုက်သည်။
လီဝမ်ရှီးသည် ဆိုဖာပေါ်တွင် ကွေးကွေးလေး အိပ်နေပြီး မျက်လုံးများကို ပွတ်နေ၏။
သူမသည် ရေမကူးတတ်သဖြင့် အစီအစဉ်စတင်ကတည်းက သစ်ပင်အိမ်အနား၌ ခဏဆော့ပြီး ဘာမှမတွေ့သဖြင့် ပြန်လာခဲ့ခြင်း ဖြစ်သည်။
"မင်းက နေ့ခင်းကြောင်တောင်ကြီး အိပ်နေတာလား"
ရွှီရှင်းမှာ အနည်းငယ် ရယ်ချင်သွားသည်။
"ကျွန်မက ဘာလုပ်နိုင်မှာလဲ။ ကျွန်မက ရှင့်လို ရေကူးမကျွမ်းကျင်ဘူးလေ။ အပြင်မှာ ခဏကူးတာနဲ့တင် ရေနစ်တော့မလို့၊ အသက်ရှူဖို့ မော့လိုက်တိုင်း မိုးရေတွေပဲ သောက်နေရတာ"
လီဝမ်ရှီးသည် ဆိုဖာပေါ်မှ အားမရှိသလို ထရင်း ပြောလိုက်သည်။
"ဒီအစီအစဉ်က ရေကူးတတ်တဲ့သူတွေအတွက်တော့ နတ်ဘုံနတ်နန်းပဲ"
"နတ်ဘုံနတ်နန်း မဟုတ်ပါဘူး၊ အရမ်း အန္တရာယ်များတယ်"
ရွှီရှင်းသည် သူ၏ အတွေ့အကြုံများ၊ ရေအောက်ဝဲဂယက်နှင့် သွေးရောင်ဓားသွားငါး အကြောင်းများကို ပြောပြလိုက်၏။
သွေးရောင်ဓားသွားငါးမှာ သာမန် ဗီဇပြောင်းသားရဲများထက် များစွာ ပိုမိုသန်မာကြောင်းလည်း ပြောပြခဲ့သည်။
"ဒါက မွန်းစတားအသစ်လား"
လီဝမ်ရှီးမှာ ကြောက်လန့်တကြားဖြင့် သူမ၏ ရင်ဘတ်ကို ဖိလိုက်မိသည်။
"ကျွန်မအဝေးကြီး မကူးမိတာ ကံကောင်းတာပဲ။ ကျွန်မရဲ့ ရေကူးစွမ်းရည်နဲ့ဆိုရင် ဗီဇပြောင်းသားရဲ မပြောနဲ့၊ လူကို တိုက်ခိုက်တဲ့ ငါးကြီးတစ်ကောင်နဲ့ တွေ့ရင်တောင် ပြန်လာနိုင်မှာ မဟုတ်ဘူး။ အရင်းအမြစ်သစ်တွေ မရတာပဲ နှမြောဖို့ ကောင်းတယ်..."
ရွှီရှင်းသည်လည်း ဤအစီအစဉ်မှာ တစ်ခုခုမှားနေသည်ဟု ခံစားရသည်။
စွမ်းဆောင်ရည်အပေါ် ကန့်သတ်ချက်များမှာ ပြင်းထန်လွန်းလှပြီး၊ အကယ်၍ သူသာ ကြေးခွံချပ်ဝတ်ကို မတော်တဆ မရရှိခဲ့ပါက သူလည်း တစ်နေ့လုံး သစ်ပင်အိမ်ထဲ၌သာ ပိတ်မိနေပြီး အရင်းအမြစ်သစ်များကို လွဲချော်သွားပေလိမ့်မည်။
သူသည် သူမအား အားပေးလိုက်၏။
"ဒီညရှိသေးတာပဲလေ၊ ညကျရင် အပြောင်းအလဲတွေ ရှိလာပြီး မင်း အပြင်ထွက်နိုင်မှာပါ"
"ဘယ်သူသိမှာလဲ၊ ရှင်ပြောသလိုပဲ ဖြစ်ပါစေတော့"
နှုတ်ဆက်စကားများ ပြောပြီးနောက် ရွှီရှင်းက အဓိကအချက်ကို ပြောလိုက်၏။
"ငါ မင်းဆီကနေ အပြာရောင်အဆင့် သံတုံးတစ်တုံးနဲ့ အပြာရောင်အဆင့် ကျောက်တုံး ငါးတုံး လဲချင်လို့၊ မင်းမှာ ရှိလား"
လီဝမ်ရှီးသည် ကျွန်မ ထင်သားပဲ ဟူသော မျက်နှာပေးဖြင့်....
"ရှင် ကျွန်မ ဆီ လာရင် အရင်းအမြစ်တွေပဲ လာတောင်းတာ။ ကျွန်မမှာ ရှိပါတယ်။ တွင်းထွက်အရင်းအမြစ်ဆိုရင်တော့ ကျွန်မမှာ အကုန်ရှိတယ်"
ရွှီရှင်းမှာ အားနာစွာ ရယ်လိုက်မိသည်။
"ငါ မင်းကို အရင်းအမြစ်သစ် ဖြစ်တဲ့ နှင်းဆီသစ်သားနဲ့ လဲပေးမယ်။ အဲဒါက ပရိဘောဂ လုပ်လို့ရသလို သစ်ပင်အိမ် အလှဆင်မှုကိုလည်း တိုးပေးနိုင်တယ်"
"အရင်းအမြစ်သစ်လား...ကောင်းတာပေါ့"
ရွှီရှင်းသည် ထိုအပြာရောင်အဆင့် အရင်းအမြစ် ၆ ခုအတွက် နှင်းဆီသစ်သား (အစိမ်းရောင်အဆင့်) ၁၈ တုံးဖြင့် လဲလှယ်လိုက်သည်။
အဆင့်နှင့် အရေအတွက်အရ သူ မြတ်သည်ဟု ထင်ရသော်လည်း၊ နှင်းဆီသစ်သားမှာ များစွာ ပိုမိုကြီးမားပြီး ရှားပါးလှသလို လောလောဆယ် ရနိုင်သည့် နည်းလမ်းလည်း မရှိပေ။
နှင်းဆီသစ်သား ၁၈ တုံးမှာ လီဝမ်ရှီးအတွက် ပရိဘောဂ ၆ ခု ပြုလုပ်ရန် လုံလောက်ပြီး၊ ၎င်းမှာ ပရိဘောဂတစ်ခုလျှင် အရင်းအမြစ်တစ်ခုနှင့် လဲလှယ်ခြင်းနှင့် ညီမျှပေသည်။
"ဝါး... နှင်းဆီသစ်သား တစ်တုံးက ဒီလောက်တောင် ကြီးတာလား။ ဒါ သစ်ပင်တစ်ပင်လုံး မဟုတ်ဘူးလား"
လီဝမ်ရှီးသည် သူမရှေ့က သစ်သားတုံးကြီးကို ကြည့်ကာ မျက်လုံးပြူးသွား၏။
"နှင်းဆီသစ်သား ပရိဘောဂတစ်ခုလုပ်ရင် သုံးတုံးလိုတယ်။ အဲဒါက အလှဆင်မှုအဆင့်ကို တိုးပေးနိုင်ပြီး မင်းရဲ့ ဆက်သွယ်ရေးမျက်နှာပြင်မှာ အလှဆင်မှုအဆင့် ကဏ္ဍကို ပွင့်လာစေလိမ့်မယ်" ဟု ရွှီရှင်းက ရှင်းပြ၏။
အစိမ်းရောင်အဆင့် ရောင်စုံ သလင်းကျောက် ၆ လုံးကိုလည်း လက်ဆောင်ပေးလိုက်သည်။
"ဒါတွေကလည်း အမှတ်တိုးပေးနိုင်တယ်"
"ဒါ ကျွန်မပြောတဲ့ သလင်းကျောက်ပဲ၊ တကယ့်ကို လှတာပဲ"
လီဝမ်ရှီးသည် တောက်တောက်ပြောင်ပြောင် အရာများကို နှစ်သက်သူဖြစ်ရာ သလင်းကျောက်များကို မြတ်နိုးစွာ ကိုင်ထား၏။
"အော် ဒါနဲ့... ပရိဘောဂတွေကို တစ်မျိုးစီပဲ လုပ်နော်၊ အမျိုးအစားတူရင် အမှတ် ထပ်မတိုးဘူး"
"ဟုတ်ကဲ့ပါရှင် သိပြီ"
ဗီဒီယိုခေါ်ဆိုမှု ပြီးဆုံးပြီးနောက် ရွှီရှင်းသည် အပြာရောင်အဆင့် ပန်းပုကိရိယာအစုံနှင့် ပန်းပုနှင့် ပန်းချီ စားပွဲတို့ကို ချက်ချင်း ပြုလုပ်လိုက်သည်။
သူသည် ပန်းပုနှင့် ပန်းချီ စားပွဲကို ဒုတိယထပ်တွင် မထားဘဲ စာကြည့်ခန်းထဲ၌သာ ထားရှိလိုက်၏။
ဒုတိယထပ်ရှိ အလုပ်စားပွဲများကြားတွင် ထိုင်၍ ပန်းပုထုပါက မီးဖိုများ အလုပ်လုပ်နေလျှင် တိတ်ဆိတ်ငြိမ်သက်စွာ ပန်းပုထုရန် မသင့်တော်သောကြောင့် ဖြစ်သည်။
ရွှီရှင်းသည် အစိမ်းရောင်အဆင့် သလင်းကျောက်တစ်လုံးကို ထုတ်ယူကာ စမ်းသပ်ရန် ဆုံးဖြတ်လိုက်တော့သည်။
---
အခန်း ၁၂၈ ပြီး။