ချီရွှယ်ဖေး၏ ရွေးချယ်မှု
Vol. 9 Ch. 135
ထိုလူများ ဝင်ရောက်နှောင့်ယှက်ပြီးနောက် ဒေသတွင်း ဆက်သွယ်ရေးလိုင်းရှိ လူထုအမြင်မှာ အနည်းငယ် ပြောင်းလဲသွားသော်လည်း၊ အများစုမှာမူ ရွှီရှင်းတို့၏ စူးစမ်းရှာဖွေသူများ အဖွဲ့ဘက်မှသာ ရပ်တည်နေကြဆဲ ဖြစ်သည်။
"အကြီးအကဲတွေက သူတို့အောင်မြင်မှုကို ခိုးတယ် ဟုတ်လား။ အဲဒါကို ဘယ်သူက ယုံမှာလဲ။ အကြီးအကဲတွေက မင်းတို့ရဲ့ အောင်မြင်မှုတွေကို ခိုးဖို့ လိုလို့လား။"
"အဆင့်စာရင်းမှာ အကြီးအကဲတွေက မင်းတို့မျက်နှာကို ဖြတ်ရိုက်ထားတာထက်တောင် ပိုသာနေသေးတယ်၊ ဘာလို့ ခိုးမှာလဲ။"
"မင်းတို့ ဖော်စပ်တာလား..။ ဒါဆို အခုလို ဈေးသက်သက်သာသာနဲ့ ရောင်းနိုင်လား။ မရောင်းနိုင်ရင်လည်း သွားစမ်းပါဗျာ။"
"ဒီပစ္စည်းတွေက ခိုးလို့ရလို့လား..။ ဒါတွေက နှစ်ဦးနှစ်ဖက် သဘောတူလို့ လဲလှယ်ကြတာ မဟုတ်ဘူးလား"
တစ်ဖွဲ့လုံးက ဆက်သွယ်ရေးလိုင်းပေါ်တွင် ထိုသူများကို ဝိုင်း၍ လှောင်ပြောင်နေကြစဉ်မှာပင်၊ ဆေးကို ပထမဆုံးအကြိမ် အသုံးပြုခဲ့ကြသော ရှင်ကျန်သူများကလည်း ရှေ့ထွက်၍ သက်သေခံလာကြသည်။
"ညီအစ်ကိုတို့... ငါ နေကောင်းသွားပြီ၊ တကယ်ပြောတာပါ။ ဆေးသောက်ပြီးတော့ ခန္ဓာကိုယ်က အရမ်းအားနည်းသွားပေမဲ့ ရောဂါကတော့ တကယ်ကို ပျောက်သွားပြီ"
"ငါလည်း နေကောင်းသွားပြီ၊ စူးစမ်းရှာဖွေသူများ ကို ကျေးဇူးတင်ပါတယ်။ အကြီးအကဲတွေကို ကျေးဇူးတင်ပါတယ်"
"ငါသိတာကတော့ ငါ့အသက်ကို အစိမ်းရောင်အဆင့် အရင်းအမြစ် ၃ ခုတည်းနဲ့ လဲလိုက်ရတာပဲ။ ဒီလောက်အဖိုးတန်တဲ့အရာကို အရင်းအမြစ် ၃ ခုတည်းနဲ့ ရောင်းနေတာကို ခိုးထားတဲ့အရာလို့ ပြောနေတာကတော့ တကယ့်ကို ရယ်စရာကောင်းတဲ့ အဓိပ္ပာယ်မရှိတဲ့ စကားပဲ"
ထိုအချိန်တွင် ချီရွှယ်ဖေးက ဆက်သွယ်ရေးလိုင်းပေါ်တွင် စကားပြောလာရာ၊ သူမ၏ စကားများက မီးလောင်ရာလေပင့် ဖြစ်သွားတော့သည်။
"အားလုံးပဲ... ကျွန်မက ချီရွှယ်ဖေးပါ၊ စူးစမ်းရှာဖွေသူများ အဖွဲ့ဝင်တစ်ယောက်ဖြစ်သလို လောကကို ကယ်တင်မည့် ဆေးအိုး အဖွဲ့ကို စတင်တည်ထောင်ခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။
မူလက ကျွန်မ ဒီအဖွဲ့ကို တည်ထောင်ခဲ့တာဟာ အန္တရာယ်များတဲ့ ဒီကမ္ဘာမှာ အားလုံးကို တတ်နိုင်သမျှ ကူညီပေးဖို့ပါ။ အနည်းဆုံးတော့ သာမန်ဒဏ်ရာ ဒါမှမဟုတ် ဖျားနာမှုကြောင့် အသက်မဆုံးရှုံးစေချင်လို့ပါ။ ရှင်တို့ အရောင်းအဝယ် ပလက်ဖောင်းမှာ ဝယ်နေကြတဲ့ သွေးတိတ်မြက်ပင် အများစုဟာ ကျွန်မကိုယ်တိုင် စိုက်ပျိုးထားတာတွေ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီတစ်ခါမှာတော့ လောကကို ကယ်တင်မည့် ဆေးအိုး အဖွဲ့က အမြတ်အစွန်း မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဆေးမရောင်းဘဲ လူတွေကို ဒီအတိုင်း သေခိုင်းဖို့ ရွေးချယ်ခဲ့ကြပါတယ်။ ဒါဟာ ကျွန်မ အဖွဲ့တည်ထောင်ခဲ့တဲ့ မူလရည်ရွယ်ချက်နဲ့ လုံးဝဆန့်ကျင်နေပါတယ်။
ဒါပေမဲ့ စူးစမ်းရှာဖွေသူများ ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ရွှီရှင်းနဲ့ ကျိချောင်းယန်တို့ကတော့ ဒီဆေးတွေကို လူတိုင်းဆီ ဈေးသက်သက်သာသာနဲ့ ရောင်းပေးဖို့ ကျွန်မကို အပြည့်အဝ ထောက်ခံခဲ့ကြပါတယ်။ သူတို့က ကျွန်မဆီကနေ ဒီဆေးတွေကို ဈေးကြီးကြီးနဲ့ ဝယ်ပြီး လူတိုင်းကို အလကား ဝေပေးဖို့အထိ ကမ်းလှမ်းခဲ့ကြတာပါ။
ဒါကြောင့် ကျွန်မဟာ အဲဒီလိုမျိုး အလှူခံတာမျိုး မလုပ်ဘဲ လောကကို ကယ်တင်မည့် ဆေးအိုး အဖွဲ့ကနေ တရားဝင် နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီနေ့ကစပြီး ကျွန်မဟာ စူးစမ်းရှာဖွေသူများ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ သွေးတိတ်မြက်ပင်တွေနဲ့ ဆေးဝါးမျိုးစုံကို စူးစမ်းရှာဖွေသူများ အမည်နဲ့ပဲ ရောင်းချသွားပါမယ်။ အရင်အဖွဲ့က ရောင်းခဲ့တာမှန်သမျှကိုလည်း ဒီမှာ ဆက်ရောင်းပေးမှာပါ။ သေချာတာကတော့ ဈေးနှုန်းတွေကတော့ ဒီနေ့လိုမျိုးတော့ သက်သာမှာ မဟုတ်ပါဘူး။"
ဤစကားများက ရွှီရှင်းကို အံ့အားသင့်သွားစေသည်။
"တကယ်ကြီးလား.... အဓိက နည်းပညာရှင်ကြီးက ငါတို့ဘက်ကို တိုက်ရိုက် ကူးလာတာပေါ့"
"အီးးး"
ခဲခဲလေးက ရွှီရှင်း၏ ပုခုံးပေါ်တွင် ထိုင်နေရင်း ပန်းသီးစားပြီးနောက် ၎င်း၏ လက်ကလေးများကို လျက်နေ၏။
၎င်းက နာရီပေါ်က စာများကို မဖတ်တတ်သဖြင့် ရွှီရှင်းနှင့်အတူ ခေါင်းလေးကိုသာ စောင်းကြည့်နေတော့သည်။
ချီဇီရွှမ်နဲ့ ဟိုအဖွဲ့ကလူတွေက ချီရွှယ်ဖေးကို ဘာတွေပြောလိုက်လို့ သူမက အဖွဲ့ကနေ နှုတ်ထွက်တဲ့အထိ ဖြစ်သွားတာလဲ။
သူတို့ကတော့ တကယ့်ကို အထိနာသွားပြီပဲ။
ချီရွှယ်ဖေး ပြောပြချက်အရ သွေးတိတ်မြက်ပင် စိုက်ပျိုးတာနဲ့ ဆေးဖော်တာက သူမရဲ့ စွမ်းရည်ဖြစ်သဖြင့်၊ လောကကို ကယ်တင်မည့် ဆေးအိုး အဖွဲ့ဟာ သူမကို ဗဟိုပြုပြီး တည်ဆောက်ထားတာ ဖြစ်သည်။
ယခု သူမ နှုတ်ထွက်သွားပြီဆိုလျှင် ထိုအဖွဲ့မှာ သာမန် စကားပြောအုပ်စုတစ်ခုထက် မပိုတော့ပေ။
ဘာကြောင့်ပဲဖြစ်ဖြစ်၊ ဖြစ်ပျက်သမျှက စူးစမ်းရှာဖွေသူများ အဖွဲ့အတွက် အကျိုးရှိနေသဖြင့် ရွှီရှင်းကတော့ ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်သည်။
စူးစမ်းရှာဖွေသူများ အဖွဲ့ဝင်များကလည်း ဝိုင်းဝန်း ထောက်ခံကြတော့သည်။
လီဝမ်ရှီး - "အမကြီး... တကယ်ကို လန်းတယ်ဟေ့ ထောက်ခံတယ်နော်"
ကျောက်ရှောင်ချွမ်း - "ဟား... ဟိုအဖွဲ့ကတော့ တကယ့်ကို စိတ်ကျဉ်းမြောင်းတာပဲ၊ ငါတို့ ခေါင်းဆောင်တွေကမှ အမြင်ကျယ်တာ"
ဝမ်လေ့ - "ဒီနေ့ကစပြီး ချီရွှယ်ဖေးဟာ ငါ့ရဲ့ နတ်မိမယ်ပဲ"
ထိပ်တန်း အဆင့်စာရင်းဝင်သူများ၏ ထောက်ခံမှုကြောင့် ဒေသတွင်း ဆက်သွယ်ရေးလိုင်းရှိ လူထုအမြင်မှာ စူးစမ်းရှာဖွေသူများ ဘက်သို့ လုံးဝ အသာစီး ရသွားတော့သည်။
လူအများအပြားက လောကကို ကယ်တင်မည့် ဆေးအိုး အဖွဲ့ကို ဝိုင်း၍ ဆဲဆိုကြတော့သည်။
အထူးသဖြင့် အသက်အန္တရာယ်မှ လွတ်မြောက်လာသူများက ထိုအဖွဲ့ရှိ လူများ၏ ဆယ့်ရှစ်ဆက်မြောက် ဘိုးဘွားများအထိ တိုင်တည်၍ ဆဲဆိုနေကြ၏။
တစ်ချိန်တည်းမှာပင် စူးစမ်းရှာဖွေသူများ မှာလည်း ချီးကျူးသံများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
ချီရွှယ်ဖေးမှာ နတ်မိမယ်တစ်ပါးကဲ့သို့ ဖြစ်သွားရုံတင်မက၊ ရွှီရှင်းနဲ့ ကျိချောင်းယန်တို့က ဆေးတွေကို ဈေးကြီးကြီးနဲ့ ဝယ်ပြီး အလကား ဝေပေးဖို့ ကမ်းလှမ်းခဲ့တယ် ဆိုသည့် စကားကြောင့် ၎င်းတို့နှစ်ဦးမှာလည်း ရှင်ကျန်သူများ၏ မျက်စိထဲတွင် သူရဲကောင်းကြီးများ ဖြစ်သွားကြတော့သည်။
သုံးထပ်ရှိသော သစ်ပင်အိမ်အတွင်း၌ ချီရွှယ်ဖေးသည် ပြတင်းပေါက်နားတွင် ရပ်ကာ အတွေးများ နစ်မြောနေ၏။
သူမ၏ ဘယ်ဘက်လက်ကောက်ဝတ်ရှိ နာရီမှာ တုန်ခါနေသော်လည်း သူမ လျစ်လျူရှုထားလိုက်သည်။
ဘာလို့ ဒီလိုတွေ ဖြစ်သွားရတာလဲ....
တိုင်းရင်းဆေးပညာမျိုးရိုးမှ ဆင်းသက်လာသူတစ်ဦးအနေဖြင့် သူမသည် ငယ်စဉ်ကတည်းက သူမ၏ အဖိုးဖြစ်သူ တရုတ်တိုင်းရင်းဆေး ဆရာကြီး၏ သွန်သင်မှုကို ခံယူခဲ့ရသည်။
သူမ၏ အဖိုးထံတွင် ကုသမှုခံယူပြီး ကျန်းမာသွားသော လူနာများစွာမှာ အဖိုးကို ကျေးဇူးလာတင်လေ့ရှိကြသလို၊ ပွဲတော်ရက်များတွင်လည်း အမြဲတမ်း လာရောက် ကန်တော့ကြလေ့ ရှိသည်။
အဖိုးဖြစ်သူက လူနာများထံမှ လက်ဆောင်များကို မည်သည့်အခါမျှ လက်မခံသော်လည်း၊ ပျောက်ကင်းသွားသော လူနာများ၏ ကျေးဇူးတင်မှုကိုမူ ဝမ်းမြောက်စွာ လက်ခံလေ့ရှိ၏။
ထိုကဲ့သို့သော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာရသဖြင့် သူမသည် ဆရာဝန်တစ်ဦး ဖြစ်လာရန် အလွန်ပင် စိတ်အားထက်သန်ခဲ့သူ ဖြစ်သည်။
---
အခန်း ၁၃၅ ပြီး။