လူ့လောက၏ အေးစက်မှုနှင့် နွေးထွေးမှု
Vol. 9 Ch. 134
ရွှီရှင်းသည် ကန်လယ်ရှိ ချောက်နက်ကြီးအတွင်း ရေငုပ်စဉ်က ဤငါးမျိုးကို ရေအောက်မီတာ ၆၀ ခန့်အနက်ရှိ ဂူများထဲ၌သာ တွေ့ခဲ့ရခြင်းဖြစ်သည်။
သူ့ရှေ့ကငါးမှာ သေဆုံးနေပြီဖြစ်ပြီး သေသည်မှာလည်း အတန်ကြာပြီပုံရ၏။
ပတ်ဝန်းကျင်တွင်လည်း ရုန်းကန်ထားသည့် အမှတ်အသားများ မရှိပေ။
ရွှီရှင်းသည် ငွေရောင်ဘုရင်ပေါ်မှ ဆင်းကာ သူ၏ အရိုးခွဲဓားကို ထုတ်လိုက်သည်။
ခွဲစိတ်ကြည့်သည့် လုပ်ငန်းစဉ်အတွင်း ငါး၏ ကိုယ်တွင်းအင်္ဂါများအားလုံးမှာ ပုပ်ပွနေသည်ကို သူတွေ့ရ၏။
တစ်စုံတစ်ခုက အတွင်းမှ ပေါက်ကွဲသွားသဖြင့် သေဆုံးသွားပုံရသည်။
"...ရေပေါ်ကို အရမ်းမြန်မြန် တက်လာလို့ ဖိအားဒဏ်ကြောင့် လေအိတ်ပေါက်ပြီး သေသွားတာလားမသိဘူး"
ရွှီရှင်းသည် လက်မနှေးဘဲ ငါးတစ်ကောင်လုံးကို အစိတ်အပိုင်းများ ခွဲထုတ်လိုက်သည်။
[ကျောက်စားငါး အရေခွံ (အစိမ်းရောင်အဆင့်) ၁ခု၊ ကျောက်စားငါး အရိုး (အစိမ်းရောင်အဆင့်) ၁ခု ၊ ကျောက်စားငါး အသား (အစိမ်းရောင်အဆင့်) ၂၀၀ ကီလိုဂရမ်၊ ပေါက်ပြဲနေသော ကျောက်စားငါး လေအိတ် (အပြာရောင်အဆင့်) ၁ခု ရရှိပါသည်။]
အပြာရောင်အဆင့် အရင်းအမြစ်တစ်ခု ရလိုက်ပြီဖြစ်သည်။
ရွှီရှင်းသည် ပေါက်ပြဲနေသော လေအိတ်ကို ချက်ချင်း ကောက်ယူလိုက်၏။
၎င်းမှာ လေအိတ်အဝိုင်းလေး မဟုတ်တော့ဘဲ တွဲလောင်းကျနေသော အမြှေးပါးတစ်ခုသာ ဖြစ်တော့သည်။
[ပေါက်ပြဲနေသော ကျောက်စားငါး လေအိတ် (အပြာရောင်အဆင့်): ကျောက်စားငါးများ ရေအနက်ကို ထိန်းညှိရာတွင် အသုံးပြုသည့် အင်္ဂါဖြစ်သည်။ ရိုးရှင်းစွာ ပြုပြင်မွမ်းမံပြီးနောက် စားသုံးပါက ရေအောက်ဖိအားဒဏ် ခံနိုင်ရည်ရှိမှုကို မြှင့်တင်ပေးနိုင်ပါသည်။]
ရွှီရှင်း၏ မျက်လုံးများ ပြူးသွားရသည်။
ရေအောက်ဖိအားဒဏ် ခံနိုင်ရည်ရှိမှုမှာ ယခုအချိန်တွင် သူ အလိုအပ်ဆုံး စွမ်းရည်ဖြစ်၏။
ယခင်က သူရေငုပ်စဉ် ၂၅မီတာ ခန့်အထိသာ ရောက်ခဲ့သော်လည်း၊ ပိုမိုနက်ရှိုင်းသော မီတာ ၄၀ ခန့်တွင် အပြာရောင်အဆင့် အရင်းအမြစ်များနှင့် အမည်မသိ တွင်းထွက်ပစ္စည်းများစွာ ရှိနေသည်ကို သူ မြင်ခဲ့ရသည်။
အကယ်၍ ဤလေအိတ်ကို စားသုံးပြီးနောက် မီတာ ၄၀ အထိ ငုပ်နိုင်မည်ဆိုပါက ထိုအနက်ပိုင်းက ရတနာများကို သူ ရရှိနိုင်ပေလိမ့်မည်။
"မဆိုးဘူးပဲ"
ရွှီရှင်း ထိုပစ္စည်းကို ကျောပိုးအိတ်ထဲ ထည့်လိုက်သည်။
၎င်းမှာ တကယ့်ကို မထင်မှတ်ထားသော ရလဒ်ကောင်းပင်။
ဤငါး၏အမည်မှာ စိတ်ဝင်စားစရာကောင်းလှ၏။
"ကျောက်စားငါး" တဲ့။
ကျောက်တုံးတွေကို စားတာလား...။
သေသေချာချာ မကြည့်လျှင်လည်း ကျောက်သားဖြင့် ထုလုပ်ထားသော ငါးရုပ်ကြီးနှင့် တူလှပေသည်။
ဒါပေမဲ့ ဒီငါးက ဘာလို့ ရေပေါ်ကို ရောက်နေတာလဲ။
လေအိတ်ပေါက်သွားသည်ဆိုလျှင် အနက်ပိုင်းမှ အလွန်မြန်သောအရှိန်ဖြင့် တက်လာခဲ့ခြင်း ဖြစ်ရမည်။
လေဆင်နှာမောင်းမှာ ဤနေရာနှင့် ဝေးလှသဖြင့် ကန်ရေကို မသက်ရောက်နိုင်ပေ။
ဖြစ်နိုင်ခြေ နှစ်ခုသာ ရှိသည်။
တစ်ခုမှာ ကန်လယ်က ချောက်နက်ထဲမှ ဧရာမအရာတစ်ခု ထွက်လာပြီး ဤငါးကို မတော်တဆ ဆွဲတင်လာခြင်းလား၊ သို့မဟုတ် ကန်လယ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသောအရာတစ်ခု ရှိနေသဖြင့် ဤငါးမှာ ကြောက်လန့်တကြား အပေါ်သို့ မြန်မြန်ကူးတက်လာရာမှ ဖိအားဒဏ်ကြောင့် ပေါက်ကွဲသွားခြင်းလား။
ဖြစ်နိုင်ခြေနှစ်ခုစလုံးမှာ သတ္တဝါတစ်ကောင်ကိုသာ ညွှန်ပြနေသည်။
ကြောက်မက်ဖွယ်ကောင်းသော ကန်လယ်မှ မြွေကြီး ပင်။
ကြည့်ရသည်မှာ ရေအောက်ဖိအားဒဏ်ကို ခံနိုင်ရည်ရှိသွားလျှင်တောင် ကန်လယ်က ချောက်နက်ထဲကိုတော့ လောလောဆယ် မငုပ်တာ အကောင်းဆုံးပင်။
ပတ်ဝန်းကျင်က အရင်းအမြစ်တွေကို အရင်ရှာပြီးမှ မိကျောင်းကြီးဆီ သွားကြည့်ရမယ်။
မြွေကြီးအကြောင်း သတင်းအချက်အလက် တစ်ခုခု ရနိုင်မလားမျှော်လင့်ရင်း။
မီမီသည် ရှေ့က ငါးအသားပုံကြီးကို အလွန်စိတ်ဝင်စားနေပုံရပြီး လက်သည်းများဖြင့် ကုတ်ခြစ်နေ၏။
ငွေရောင်ဘုရင်ကလည်း ငါးအသားများကို စိုက်ကြည့်နေသည်။
၎င်းတို့နှစ်ဦးမှာ အစားကြီးသူများ ဖြစ်ကြသဖြင့် မနက်စာလေးနှင့် ဗိုက်မဝကြသေးပေ။
"ကဲ... မင်းတို့ပဲ စားလိုက်ကြတော့"
ရွှီရှင်း အားမလိုအားမရ ပြောလိုက်သည်။
တောထဲမှာ သားရဲတွေ မရှိတော့သဖြင့် ၎င်းတို့ကိုယ်တိုင်လည်း အမဲမလိုက်နိုင်ကြပေ။
တောကောင်တွေ ဘယ်တော့မှ ပြန်လာမလဲ မသိနိုင်သလို၊ အခုလို အမြဲကျွေးနေရတာထက် ၎င်းတို့ဘာသာ လွတ်လပ်စွာ အမဲလိုက်နိုင်တာက ပိုပြီး စိတ်အေးရပေသည်။
ငွေရောင်ဘုရင်နှင့် မီမီတို့မှာ ငါးအသားများကို အငန်းမရ စားသောက်ကြတော့သည်။
"အီးးး"
ခဲခဲလေးမှာလည်း ၎င်းတို့ စားနေသည်ကို မြင်သောအခါ ဗိုက်ဆာလာပုံရပြီး ရွှီရှင်း၏ အဝတ်ကို လက်ကလေးဖြင့် လာဆွဲနေ၏။
ရွှီရှင်းက ၎င်းကို ပွေ့ချီလိုက်ပြီး လမ်းတလျှောက် ခူးလာသော အစိမ်းရောင်အဆင့် ပန်းသီးတစ်လုံး ပေးလိုက်သလို၊ သူကိုယ်တိုင်လည်း တစ်လုံးထုတ်ကာ ကိုက်စားလိုက်သည်။
ထိုစဉ်မှာပင် သူ၏ နာရီမှာ တုန်ခါလာ၏။
၎င်းမှာ ချီရွှယ်ဖေး ဖြစ်ပြီး စာတစ်စောင်သာ ပို့ထားသည်။
"နောက် ၁၀ မိနစ်နေရင် စူးစမ်းရှာဖွေသူများ အဖွဲ့နာမည်နဲ့ ငါ ဆေးတွေကို ရောင်းတော့မယ်။ တစ်ခုခုလုပ်ချင်ရင် မြန်မြန်လုပ်ကြ၊ ဟိုဘက်က လူတွေ အကြာကြီး မတောင့်ခံနိုင်တော့ဘူး"
ရွှီရှင်းက ချက်ချင်းပြန်ဖြေသည်။
"ကောင်းပြီလေ ၊ သိပြီ။ မင်းလက်ထဲမှာ ဆေးဘယ်နှလုံး ရှိလဲ"
ချီရွှယ်ဖေး - "လုံလောက်ပါတယ်။ အရင်က လောကကို ကယ်တင်မည့် ဆေးအိုး အဖွဲ့ကနေ နယ်မြေတစ်ခုလုံးက ဆေးကုန်ကြမ်းတွေကို လဲလှယ်ထားတာမို့လို့ ငါ့လက်ထဲမှာ ဆေးလုံး ၅၀၀ ရှိတယ်။ ကုန်ကြမ်းတွေ ထပ်ရရင်လည်း ထပ်ဖော်လို့ရတယ်။ ဒါက အဆင့်နိမ့်ဆေးမို့လို့ ကုန်ကြမ်းရှိရင် ရပါတယ်"
သွေးတိတ်မြက်ပင်တွေကို စိုက်ပျိုးတာက...
တကယ်ပဲ သူမ စိုက်ပျိုးခဲ့တာလား..။
ရွှီရှင်းသည် ယခင်က သွေးတိတ်မြက်ပင်များကို တူးကြည့်သော်လည်း မျိုးစေ့မရခဲ့သလို၊ အရောင်းအဝယ် ပလက်ဖောင်းတွင်လည်း မျိုးစေ့များ မရှိပေ။
သူမသည် သူမ၏ စွမ်းရည်များကို သူ့အား ထုတ်ပြနေခြင်းလား...။
ချီရွှယ်ဖေးက သူမ၏ အစ်ကိုနှင့် မည်သို့ ငြင်းခုံခဲ့သည်ကို သူ မသိသော်လည်း၊ သူမသည် ယခုအခါ စူးစမ်းရှာဖွေသူများ အဖွဲ့ထဲသို့ အမှန်တကယ် ပူးပေါင်းလိုနေပုံရပေသည်။
ရွှီရှင်းသည် ကျိချောင်းယန်ကို ချက်ချင်း ဆက်သွယ်ကာ ဆေးရောင်းမည့် အစီအစဉ်ကို ပြောပြလိုက်၏။
ကျိချောင်းယန်မှာလည်း အံ့အားသင့်ကာ ဝမ်းသာသွားပြီးနောက်၊ ၎င်းတို့ သုံးဦး ဆွေးနွေးပြီး ဒေသတွင်း ဆက်သွယ်ရေးလိုင်းတွင် ကြေညာလိုက်တော့သည်။
ရွှီရှင်း - "အားလုံးပဲ... မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖျားနာနေကြတဲ့ ရှင်ကျန်သူတွေကို ကူညီဖို့အတွက် စူးစမ်းရှာဖွေသူများ အဖွဲ့ကနေ ရောဂါကို အမြစ်ပြတ်ကုသပေးနိုင်တဲ့ အထူးဆေးလုံးတွေကို အရေးပေါ် ဖော်စပ်ထားပါတယ်။ နောက် ၅ မိနစ်နေရင် အရောင်းအဝယ် ပလက်ဖောင်းမှာ တင်ပေးပါ့မယ်"
ကျိချောင်းယန် - "ဒီတစ်ခါ ရည်ရွယ်ချက်က အသက်ကယ်ဖို့ ဖြစ်တဲ့အတွက် ဈေးနှုန်းကို အလွန်သက်သာစွာ သတ်မှတ်ထားပါတယ်။ ဒါကြောင့် ဆေးတွေကို မြေအောက်ဂူ အဆင့်စာရင်းမှာ မပါဝင်တဲ့သူတွေကိုပဲ ရောင်းချပေးမှာဖြစ်ပြီး တစ်ယောက်ကို တစ်လုံးပဲ ကန့်သတ်ထားပါတယ်။ အရေအတွက် ကန့်သတ်ထားလို့ မြန်မြန်ဝယ်ကြပါ"
ရွှီရှင်း - "သတိပြုရမှာက ဆေးသောက်ပြီးနောက် ၂ နာရီလောက် အားအင်ချည့်နဲ့နေမှာ ဖြစ်လို့ အဲဒီအချိန်အတွင်းမှာ မိမိတို့ရဲ့ ဘေးကင်းရေးကို ကြိုတင်စီစဉ်ထားကြပါ"
အဆင့်စာရင်းဝင်သူများသည် သစ်ပင်အိမ် နှစ်ထပ်ရှိသူများ ဖြစ်ကြသဖြင့်၊ ၎င်းတို့ကို ဖယ်ထုတ်လိုက်ပါက သစ်ပင်အိမ် အမိုးပေါ်မှာ မိုးမိနေခဲ့သူများသာ ဆေးကို ဝယ်ယူနိုင်မည် ဖြစ်သည်။
ဒေသတွင်း ဆက်သွယ်ရေးလိုင်းမှာ ချက်ချင်းပင် ပေါက်ကွဲသွားတော့သည်။
ပျော်လွန်း၍ ငိုယိုသူများပင် ရှိ၏။
"ဘုရားရေ အကြီးအကဲတွေက ငါတို့ကို တကယ်ကူညီနေပြီ"
"အကြီးအကဲတွေကို ကျေးဇူးတင်ပါတယ်... တကယ်ပဲ ကျေးဇူးတင်ပါတယ်... ဟီးးး"
"ငါ တကယ်ပဲ အသက်ရှင်နိုင်တော့မှာလား"
"ငါကတော့ မဖျားပေမဲ့ ဒီအခွင့်အရေးကို တခြားသူတွေအတွက် ချန်ထားပေးပါ့မယ်"
ရွှီရှင်းသည် ထိုလူကို သတိထားမိလိုက်သည်။
သူ၏အမည်မှာ နျိုဖူကွေ့ ဖြစ်ပြီး အတော်လေး ရိုးရှင်းလှ၏။
ရှင်ကျန်သူများမှာ အသက် ၁၈ မှ ၃၀ ကြား လူငယ်များသာ ဖြစ်ကြသဖြင့် ဤအမည်မှာ အနည်းငယ် ထူးခြားနေသည်။
ကြည့်ရသည်မှာ သူသည် ကမ္ဘာနှင့် အလှမ်းဝေးသော တောင်ပေါ်ဒေသတစ်ခုမှ လာသူ ဖြစ်နိုင်ပေသည်။
ရွှီရှင်းသည် ထိုအမည်ကို မှတ်သားထားလိုက်၏။
မိုးတစ်နေ့နှင့်တစ်ညလုံး မိသော်လည်း မဖျားသူဆိုပါက သူသည် တကယ်ကို ထူးခြားသော အရည်အချင်းရှိသူ ဖြစ်ပေလိမ့်မည်။
မကြာမီ ချီရွှယ်ဖေး ဆေးများကို တင်လိုက်ရာ ဈေးနှုန်းမှာ အလွန်သက်သာလှပြီး အစိမ်းရောင်အဆင့် အရင်းအမြစ် ၃ ခု သာ ကျသင့်သည်။
"ဒီဈေးက အလကားပေးနေတာနဲ့ အတူတူပဲ"
"ဆေးဖော်ပေးတဲ့ ချီရွှယ်ဖေးကိုလည်း ကျေးဇူးတင်ပါတယ်"
ဖျားနာနေသူများမှာ ဆေးကို အလုအယက် ဝယ်ယူကြတော့သည်။
သစ်ပင်အိမ် နှစ်ထပ်ရှိသူများမှာမူ ၎င်းတို့ ဝယ်ယူခွင့်မရှိသော်လည်း တစ်ဖက်တစ်လမ်းမှ ကူညီလိုကြ၏။
"အကြီးအကဲတွေ ဆေးကုန်ကြမ်းတွေ လိုသလား။ ငါ့ဆီမှာ ရှိတာတွေ အကုန် အလကားပေးပါ့မယ်၊ နောင် ငါ အခက်အခဲရှိရင် ကူညီကြဖို့ပဲ မျှော်လင့်ပါတယ်"
"ငါ့ဆီမှာလည်း ရှိတယ်! အကုန်ယူကြပါ"
ရွှီရှင်းမှာ အတော်လေး စိတ်လှုပ်ရှားသွားရသည်။
ဤအန္တရာယ်များသော ကမ္ဘာတွင် လူသားဆန်သော နွေးထွေးမှုများကို တွေ့မြင်ရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
လူတိုင်းသည် ဘေးဒုက္ခရောက်နေချိန်တွင် ကူညီလိုသော စိတ်ဓာတ်များ ရှိနေကြဆဲပင်။
ရုတ်တရက် ချီရွှယ်ဖေးထံမှ သီးသန့်စာတစ်စောင် ရောက်လာသည်။
"သူတို့က ငါ့ဆီကို ဆေးကုန်ကြမ်းတွေ အလကား လာပေးနေကြတယ်၊ ငါက အရောင်းအဝယ်တွေနဲ့ အလုပ်ရှုပ်နေလို့၊ အဲဒီပေးတဲ့ ကုန်ကြမ်းတွေကို နင် ကောက်ပေးလို့ ရမလား"
"ရတာပေါ့"
ရွှီရှင်းသည် ဒေသတွင်း ဆက်သွယ်ရေးလိုင်းတွင် အခြေအနေကို ရှင်းပြလိုက်ရာ၊ ချက်ချင်းပင် လက်ဆောင်ပေးသော ကုန်ကြမ်းစာရင်းများစွာ ရောက်ရှိလာတော့သည်။
အချို့မှာ အမည်မဖော်ဘဲ လာပေးကြခြင်း ဖြစ်၏။
ရွှီရှင်း ပစ္စည်းများ သိမ်းဆည်းနေစဉ်မှာပင် ဒေသတွင်း ဆက်သွယ်ရေးလိုင်း၌ မနာလိုဖြစ်နေသော အသံအချို့ ထွက်ပေါ်လာသည်။
"အဲဒီဆေးတွေက လောကကို ကယ်တင်မည့် ဆေးအိုး အဖွဲ့ကနေ ခက်ခက်ခဲခဲ ဖော်စပ်ထားတာပါ။ စူးစမ်းရှာဖွေသူများ အဖွဲ့က သူခိုးတွေပဲ၊ ငါတို့ရဲ့ အောင်မြင်မှုကို ခိုးယူသွားကြတာ"
"ဟုတ်တယ်၊ အဲဒါ ငါတို့အဖွဲ့ရဲ့ ဆေးတွေပဲ၊ မင်းတို့မှာ ရောင်းပိုင်ခွင့်မရှိဘူး"
"စူးစမ်းရှာဖွေသူများ အဖွဲ့က အရှက်မရှိဘူး၊ ငါတို့ အဖွဲ့ဝင်ကို ခိုးသွားသလို ဆေးတွေကိုလည်း ခိုးသွားတယ်၊ အခုတော့ ကယ်တင်ရှင်ကြီးတွေလို ဟန်ဆောင်နေကြတယ်"
ဤစာများကို ပို့သူများမှာ အားလုံး အမည်ဝှက်များ ဖြစ်ကြသည်။
ရွှီရှင်း မျက်လုံးများ ကျဉ်းမြောင်းသွား၏။
ချီဇီရွှမ်က အတော်လေး ဉာဏ်များသားပဲ....။
လူထုရဲ့ အမြင်ကို လှည့်စားဖို့ အမည်ဝှက်တွေသုံးပြီး အဖြူကို အမည်းဖြစ်အောင် လုပ်နေတာပဲ....။
သူတို့က ဆေးတွေကို ရောင်းပေးဖို့ ပြင်ထားပေမဲ့ စူးစမ်းရှာဖွေသူများ က ကြားဖြတ်လုယူသွားသလိုလိုပေါ့...။
ဒါပေမဲ့ ဒါက ဉာဏ်ကစားရုံသက်သက်ပါပဲ....။
အကယ်၍ ချီရွှယ်ဖေးက ဆေးကို ဈေးကြီးကြီးနှင့် ရောင်းလျှင်တော့ သူတို့အကွက်က အောင်မြင်ကောင်း အောင်မြင်နိုင်ပေမည်။
သို့သော် သူမသည် အရင်းအမြစ် ၃ ခုတည်းနှင့် ရောင်းနေခြင်း ဖြစ်ရာ၊ အမှန်တရားက ဘာပဲဖြစ်ဖြစ် လူတိုင်းက သူမကိုသာ ထောက်ခံကြပေလိမ့်မည်။
အမှန်အတိုင်းပြောရလျှင် ရွှီရှင်းကိုယ်တိုင်ပင် ဤဈေးနှုန်းမှာ ရယ်စရာကောင်းလောက်အောင် သက်သာလွန်းသည်ဟု ခံစားရသည်။
သူမသည် တကယ်ကို လောကကို ကယ်တင်မည့် ဆေးအိုး စိတ်ဓာတ်ဖြင့် လုပ်ဆောင်နေခြင်းပင် ဖြစ်ပေတော့၏။
---
အခန်း ၁၃၄ ပြီး။