တောအုပ်အသစ်ကို စူးစမ်းခြင်း
Vol. 9 Ch. 133
ရွှီရှင်းသည် ကျိချောင်းယန်ထံသို့ တိုက်ရိုက် သီးသန့်စာတစ်စောင် ပို့လိုက်သည်။
"ငါတို့ ချီရွှယ်ဖေးဆီကနေ ဆေးတွေကို တိုက်ရိုက်ဝယ်ပြီး စူးစမ်းရှာဖွေသူများ အဖွဲ့နာမည်နဲ့ ပြန်ရောင်းရင် ဘယ်လိုလဲ"
ကျိချောင်းယန်က ချက်ချင်းပြန်ဖြေသည်။
"အကြံကောင်းပဲ၊ ဒါပေမဲ့ သူမကို အရေအတွက်အများကြီး ရောင်းပေးဖို့ မင်းအရင်ဖျောင်းဖျရလိမ့်မယ်။ ငါတို့ဘက်ကတော့ အရှုံးအနည်းငယ် ခံရနိုင်တယ်၊ ဘာလို့လဲဆိုတော့ သူမ ငါတို့ကို ရောင်းတဲ့ဈေးက သိပ်တော့သက်သာမှာ မဟုတ်ဘူး"
ထိုစဉ်မှာပင် အကြာကြီး တိတ်ဆိတ်နေသော ချီရွှယ်ဖေးက စကားပြောလာ၏။
"...ငါ့အစ်ကိုကို ငါ နားချကြည့်ပါ့မယ်"
ရွှီရှင်းက ချီရွှယ်ဖေးထံ စာထပ်ပို့လိုက်သည်။
"အကယ်၍ မင်းအစ်ကိုက သဘောမတူဘူးဆိုရင် ကျန်နေတဲ့ အဆင့်နိမ့်ဆေးတွေကို ငါ့ဆီပဲ ရောင်းလိုက်ပါ၊ ငါ သင့်တော်တဲ့ဈေး ပေးပါ့မယ်"
ရွှီရှင်းတွင် အရင်းအမြစ် များများစားစား မရှိသော်လည်း အခြားသူများတွင် မရှိသည့် အဆင့်မြင့်လက်နက်များ၊ မိုးကြိုးလွှဲများနှင့် ပန်းပုလက်ရာများ ရှိနေသဖြင့် ၎င်းတို့ကို လဲလှယ်ရာတွင် အသုံးပြုနိုင်သည်။
ချီရွှယ်ဖေး - "...မလိုပါဘူး၊ နင်ပြောတာ မှန်ပါတယ်။ ဒီကိစ္စက အကျိုးပဲရှိစေမှာပါ။ နောက်ပြီး..."
တစ်ဖက်မှ ခေတ္တတိတ်ဆိတ်သွားပြီးနောက် ပြန်စာရောက်လာသည်။
"ဆေးပညာမျိုးရိုးက ဆင်းသက်လာသူတစ်ယောက်အနေနဲ့ အသက်ကယ်ဖို့က အရေးကြီးဆုံးပဲလို့ ငါယုံကြည်တယ်။ ကိုယ့်မှာ စွမ်းဆောင်ရည် ရှိပါလျက်နဲ့ အမြတ်နည်းနည်းပိုရဖို့အတွက် လူတစ်ယောက် သေသွားတာကို ထိုင်ကြည့်နေဖို့ဆိုတာ...
ဒီကမ္ဘာက အန္တရာယ်များပြီး သနားညှာတာမှု သိပ်မထားသင့်ဘူးဆိုတာ ငါသိပေမဲ့၊ ငါ တကယ်မလုပ်နိုင်ဘူး။ အကယ်၍ ဇီရွှမ်က လုံးဝသဘောမတူဘူးဆိုရင်တောင်... ငါလည်း စူးစမ်းရှာဖွေသူများ အဖွဲ့ဝင်တစ်ယောက်ပဲလေ၊ အဖွဲ့နာမည်နဲ့ပဲ ဒီဆေးတွေကို ဈေးအသက်သာဆုံးနဲ့ ရောင်းပေးမယ်။ ဆေးဖော်တာက ငါ့ရဲ့စွမ်းရည်ပဲ၊ ဒီဆေးတွေကို ငါ့စိတ်ကြိုက် စီမံခိုင်ခွင့်ရှိတယ်"
အံ့သြစရာပင်။ တရုတ်တိုင်းရင်းဆေးမျိုးရိုးမှ ဆင်းသက်လာသူပီပီ လောကကြီးကို ကယ်တင်လိုသော စိတ်ဓာတ်မှာ အလွန်ပင် မြင့်မြတ်လှပေသည်။
အကယ်၍ သူမသည် ဤဆေးများကို အဖွဲ့နာမည်ဖြင့် ရောင်းချနိုင်မည်ဆိုပါက အကောင်းဆုံးရလဒ် ဖြစ်ပေလိမ့်မည်။
ရွှီရှင်း အတန်ကြာ စဉ်းစားပြီးမှ ပြန်ပြောလိုက်သည်။
"ကောင်းပါပြီ။ အကယ်၍ မင်း အဖွဲ့နာမည်နဲ့ ရောင်းဖို့ ဆုံးဖြတ်ပြီးရင် ငါနဲ့ ကျိချောင်းယန်ကို ကြိုပြောပါ၊ ငါတို့ မင်းအတွက် ဝိုင်းပြီး ကြော်ငြာပေးပါ့မယ်။ မြန်မြန်သာ ဆုံးဖြတ်ပါ၊ ဟိုဘက်ကလူတွေ အကြာကြီး မတောင့်ခံနိုင်တော့ဘူး"
"ကောင်းပါပြီ"
ဤကိစ္စများကို ဖြေရှင်းပြီးနောက် ရွှီရှင်းသည် ဆက်သွယ်ရေးမျက်နှာပြင်မှ အကြည့်လွှဲလိုက်ရာ သူ၏ခြေရင်းသို့ ရောက်နေသော ခဲခဲလေးကို တွေ့လိုက်ရသည်။
ခဲခဲလေးမှာ မျက်လုံးလေးများကို ပွတ်နေပြီး အခုမှ နိုးလာပုံရ၏။
၎င်းက မနက်စာ ဘယ်မှာလဲဟု မေးနေသည့်အလား ရွှီရှင်းကို မော့ကြည့်နေသည်။
ငွေရောင်ဘုရင်နှင့် မီမီတို့သည်လည်း ထလာကြပြီး ရွှီရှင်းအနားသို့ လျှောက်လာကြ၏။
မနက်စာကို အလွယ်တကူ စားသောက်ပြီးနောက် သူသည် သစ်ပင်အိမ်အပြင်ဘက်သို့ စိတ်လှုပ်ရှားစွာဖြင့် လှမ်းကြည့်လိုက်သည်။
အမှန်ပင် တောအုပ်အတွင်းက ရေများမှာ လုံးဝဆုတ်ခွာသွားပြီဖြစ်ပြီး၊ ရွှံ့နွံထူထပ်သော မြေပြင်မှလွဲ၍ ကျန်အရာအားလုံးမှာ မူလတောအုပ်ကြီးအတိုင်း ပြန်လည်ဖြစ်ပေါ်နေချေပြီ။
နောက်ဆုံးတော့...နောက်ဆုံးတော့ သူ တောအုပ်ထဲမှာ ပြန်ပြီး မတ်တပ်ရပ်နိုင်ပြီ။
ရွှီရှင်းသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ အပြာရောင်အဆင့် အရင်းအမြစ်များ ရှိရာနေရာကို ရှာဖွေလိုက်သည်။
သူ အောက်ဆင်းသည်နှင့် ချက်ချင်း သွားရောက်သိမ်းဆည်းရန် ဖြစ်၏။
သို့သော် သူ အနောက်မြောက်ဘက်သို့ လှမ်းကြည့်လိုက်မိသောအခါ မျက်လုံးများ ပြူးသွားကာ အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။
ပျောက်ကွယ်သွားခဲ့သော တောင်ကုန်းများ ပြန်လည်ပေါ်ထွက်လာချေပြီ။
မိုးရာသီအတွင်းက ပျောက်ကွယ်သွားခဲ့သော တောင်ကုန်းများသည် ယခုအခါ အနောက်မြောက်ဘက် သုံးကီလိုမီတာခန့်အကွာတွင် အတည်တကျ ရှိနေပြန်သည်။
ထိုတောင်ကုန်းပေါ်တွင် သစ်ပင်များမှာ စိမ်းလန်းစိုပြေနေပြီး မိုးရာသီဒဏ် လုံးဝမသင့်ခဲ့သည့်အလား ရှိနေ၏။
မိုးရာသီမှာ ပျောက်သွားပြီး အဆုံးမှာ ပြန်ပေါ်လာတာလား။
အရေးကြီးဆုံးမှာ တောင်ပေါ်က အပင်တွေက ဘာမှမပြောင်းလဲဘဲ နဂိုအတိုင်းပင်ရှိနေ၏။
ရွှီရှင်းသည် ထိုတောင်ပေါ်ရှိ သစ်ပင်များ၏ တည်နေရာကို ကောင်းစွာ မှတ်မိနေသဖြင့် ၎င်းတို့မှာ လုံးဝ မပြောင်းလဲကြောင်း သေချာပေါက် ပြောနိုင်ပေသည်။
ဖြစ်နိုင်သည်မှာ ထိုတောင်ကုန်းများသည် မိုးရွာနေစဉ်အတွင်းမှာတင် မဟုတ်ဘဲ၊ အစောပိုင်း မိုးကြိုးမုန်တိုင်း တိုက်နေစဉ်ကတည်းက ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်ရပေမည်။
မဟုတ်ပါက တောင်ပေါ်က အပင်များမှာ အမြင့်ဆုံးနေရာတွင် ရှိနေသဖြင့် မိုးကြိုးဒဏ်ကို မရှောင်လွှဲနိုင်ဘဲ ပြာကျသွားပေလိမ့်မည်။
အမှန်အတိုင်းပြောရလျှင် ရွှီရှင်းသည် ထိုနေရာသို့ ထပ်မသွားချင်တော့ပေ။
သို့သော် ထိုနေရာ၌ အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါများကို ခေါ်ယူနိုင်သည့် နတ်စင်တစ်ခု ရှိနေသည်။
ရမှတ်များ၊ ကုန်ကြမ်းများနှင့် အသားများ လိုအပ်လာပါက ထိုနတ်စင်မှာ အမြန်ဆုံးနှင့် အထိရောက်ဆုံးနည်းလမ်း ဖြစ်ပေလိမ့်မည်။
...နတ်စင်က ဓားကို ပြန်ထားဖို့ပဲ မမေ့နဲ့၊ ဒါဆိုရင် သွေးရောင်ဘီလူးကြီး ပေါ်လာမှာ မဟုတ်ဘူး။
ထိုနေရာကို ခေတ္တဘေးဖယ်ထားကာ ယခု ဤနေရာပတ်ဝန်းကျင်က အရင်းအမြစ်သစ်များကို အရင်စစ်ဆေးကြည့်ရမည်။
"သွားကြစို့ ခဲခဲ၊ ငွေရောင်ဘုရင်၊ မီမီ... ငါတို့ အောက်ဆင်းကြမယ်"
ရွှီရှင်းက သားရဲသုံးကောင်ကို ခေါ်လိုက်သည်။
ခဲခဲလေးက ရွှီရှင်း၏ ပုခုံးပေါ်သို့ ကျွမ်းကျင်စွာ တက်လိုက်ပြီး၊ လူတစ်ယောက်နှင့် သားရဲသုံးကောင်မှာ သစ်ပင်အိမ်ပေါ်မှ မြေပြင်သို့ ဆင်းသက်လိုက်ကြသည်။
သစ်ပင်အိမ်အောက်ခြေရှိ မြေပြင်မှာ မြက်ရိုင်းများ ဖုံးလွှမ်းနေသော်လည်း နင်းလိုက်သောအခါ ရွှံ့နွံများကြောင့် အနည်းငယ် ဗွက်ထနေဆဲ ဖြစ်သည်။
ရွှီရှင်း အောက်ဆင်းပြီးသည်နှင့် တောအုပ်ထဲ၌ မလှမ်းမကမ်းတွင် မြေပြင်ပေါ်၌ ခုန်ပေါက်နေသော ငါးကြီးနှစ်ကောင်ကို တွေ့လိုက်ရသည်။
"...ဒီငါးတွေက တကယ်ပဲ အူတူတူနိုင်တာပဲ။ ရေမကျခင် ကန်ထဲကို ကြိုမသွားကြဘူးလား"
ရွှီရှင်း လျှောက်သွားကာ ငါးကြီးနှစ်ကောင်ကို ကြည့်လိုက်၏။
၎င်းတို့မှာ မူလက ကန်ထဲက ငါးများဖြစ်သော်လည်း... အရွယ်အစားက ပုံမှန်ထက် ကြီးနေ၏။
တစ်မီတာကျော် ရှည်တဲ့ ငါးသိုင်းမျိုးကို ရွှီရှင်း ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
ငါးသိုင်းများသည် အသက်ရှည်သော သတ္တဝါများ ဖြစ်ကြသဖြင့် တစ်မီတာကျော်အထိ ကြီးထွားနိုင်သည်မှာ သဘာဝဖြစ်သော်လည်း၊ မူလကန်ထဲတွင် ၃၀ စင်တီမီတာထက် ပိုရှည်သော ငါးများ လုံးဝမရှိခဲ့ပေ။
ဆိုလိုသည်မှာ ဤငါးနှစ်ကောင်သည် နှစ်ရက်အတွင်းမှာပင် ၃၀ စင်တီမီတာမှ တစ်မီတာကျော်အထိ အရှိန်အဟုန်ဖြင့် ကြီးထွားလာခြင်း ဖြစ်ပေလိမ့်မည်။
အကြောင်းရင်းမှာ စပါးအုန်းမြွေကြီးနှင့် မိကျောင်းကြီး တိုက်ပွဲဖြစ်စဉ်က ကန်ရေထဲသို့ စီးဝင်သွားသော သွေးများကြောင့် ဖြစ်နိုင်သလို၊ ဤထူးဆန်းသော မိုးကြောင့်လည်း ဖြစ်နိုင်ပေသည်။
အပင်တွေ မြန်မြန်ကြီးသလို ငါးတွေလည်း မြန်မြန်ကြီးလာကြတာလား..။
ရွှီရှင်းသည် လှံကိုထုတ်ကာ ငါးသိုင်းကြီးတစ်ကောင်ကို ချက်ချင်း သတ်လိုက်၏။
ကျန်တစ်ကောင်မှာ သူအနားကပ်လာသည်ကို မြင်သောအခါ မြေပြင်ပေါ်၌ အသည်းအသန် ရုန်းကန်လျက် ကန်ရှိရာဘက်သို့ ခုန်ပေါက်သွားတော့သည်။
ဒီငါးက ဒီလောက်တောင် ဉာဏ်ကောင်းတာလား။
ငါ့လုပ်ရပ်ကို နားလည်နေတာလား..။
မီမီကလည်း ထိုငါးကို ခုန်အုပ်ရန် အသင့်ပြင်နေချေပြီ။
"နေဦး မီမီ"
ရွှီရှင်းသည် ရုတ်တရက် အကြံရသွားကာ မီမီကို တားလိုက်ပြီး မြေပြင်ပေါ်က ငါးကို လှမ်းအော်လိုက်သည်။
"မသေချင်ရင် မြေပြင်ပေါ်မှာ ငြိမ်ငြိမ်လေးနေစမ်း"
ပြောပြီးမှ သူကိုယ်တိုင်လည်း ရှက်ကိုးရှက်ကန်း ဖြစ်သွားမိသည်။
ငါးသိုင်းတစ်ကောင်ကို စကားလှမ်းပြောဖို့ ဘယ်လိုတွေးလိုက်တာလဲဟုပင်။
သို့သော် ရလဒ်က သူ့ကို မျက်လုံးပြူးသွားစေခဲ့သည်။
အသည်းအသန် ထွက်ပြေးနေသော ငါးသိုင်းကြီးမှာ ရွှီရှင်း၏ အော်သံကို ကြားသည်နှင့် မြေပြင်ပေါ်၌ လိမ္မာစွာ ငြိမ်သက်သွားပြီး ပါးဟက်များသာ အနည်းငယ် လှုပ်ရှားနေတော့သည်။
သူ တကယ်ပဲ ရွှီရှင်းရဲ့ စကားကို နားလည်တာလား။
ဒီကမ္ဘာက သတ္တဝါတွေအားလုံး ကျောင်းတက်ထားကြတာလား၊ လူစကားကို ဘာလို့ ဒီလောက်နားလည်နေကြတာလဲ..။
ရွှီရှင်းက မယုံနိုင်သဖြင့် ငါးကို ထပ်မံစမ်းသပ်လိုက်သည်။
"မင်း အသက်ရှင်ချင်ရင် တစ်ချက်လောက် ခုန်ပြစမ်း"
ထိုအခါ ငါးသိုင်းကြီးမှာ တကယ်ပင် တစ်ချက် ခုန်ပြခဲ့ပြီး ကန်ရှိရာဘက်သို့ ဦးတည်၍ ခုန်လိုက်ခြင်း ဖြစ်သည်။
"အီးးး"
ခဲခဲလေးမှာလည်း အံ့အားသင့်သွားကာ ရွှီရှင်း၏ ပုခုံးပေါ်မှ ခုန်ဆင်း၍ ငါးသိုင်းကြီးအနား သွားကာ ၎င်း၏ လက်ကလေးဖြင့် ငါးကို ပုတ်ကြည့်နေသည်။
ငါးသိုင်းကြီးမှာ ခဲခဲလေးကို အမြီးဖြင့် ရိုက်ချင်သော်လည်း၊ အနားတွင် စိုက်ကြည့်နေသော မီမီနှင့် ငွေရောင်ဘုရင်တို့ကို ကြောက်ရွံ့သဖြင့် ငြိမ်သက်စွာသာ နေနေတော့သည်။
ရွှီရှင်းသည် သေသွားသော ငါးကို အရင်ဆုံး ခွဲလိုက်သော်လည်း၊ ရရှိလာသော ကုန်ကြမ်းများမှာ အစိမ်းရောင်အဆင့် သာမန်ကုန်ကြမ်းများသာ ဖြစ်နေသဖြင့် သူ စိတ်ပျက်သွားမိသည်။
၎င်းမှာ ဗီဇပြောင်းမှု မပြည့်စုံသေးတာလား၊ ဒါမှမဟုတ် အရွယ်အစားပဲ ကြီးနေတာလား..။
ကုန်ကြမ်းအညံ့များသာ ရသဖြင့် ရွှီရှင်းသည် ဆက်၍ မသတ်တော့ဘဲ အသက်ရှင်နေသော ငါးကို သွားခွင့်ပြုလိုက်ရာ၊ ငါးသိုင်းကြီးမှာ ကန်ထဲသို့ အသည်းအသန် ခုန်ဝင်သွားတော့သည်။
ဤငါးမှာ အရွယ်အစားသာမက ဉာဏ်ရည်ပါ တိုးတက်လာသည်မှာ သေချာသလောက် ရှိနေချေပြီ။
ရေနေသတ္တဝါတစ်ကောင်က လူစကားနားလည်နေခြင်းမှာ အလွန်ပင် ထူးဆန်းလှပေသည်။
မိကျောင်းကြီးနဲ့ မြွေကြီးရဲ့ သွေးတွေက ဉာဏ်ရည်ကိုပါ မြှင့်တင်ပေးနိုင်တာလား..။
ထိုစဉ်က မိကျောင်းကြီးရဲ့ သွေးတွေကို မစုဆောင်းခဲ့မိတာ မှားသွားပြီဟု သူ နောင်တရမိသည်။
ဒါနဲ့ မိကျောင်းကြီးကော အခု ဘယ်လိုနေမလဲမသိဘူး။
မိုးရာသီ မတိုင်ခင်က သူ ဒဏ်ရာရနေတုန်းပဲလေ။
သို့သော် ရွှီရှင်း သိပ်မစိုးရိမ်ပေ။
မိကျောင်းကြီးရှိရာ ချောင်းဘက်တွင် လေဆင်နှာမောင်း မရှိခဲ့သလို၊ ထိုနေရာရှိ အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါများမှာ မိကျောင်းကြီးအတွက် သရေစာသာသာမျှသာ ဖြစ်ပေလိမ့်မည်။
ဒီနေ့ပဲ သွားကြည့်ရမယ်။
သို့သော် ထိုသို့မသွားမီ ပတ်ဝန်းကျင်က အပြာရောင်အဆင့် အရင်းအမြစ်များကို အရင်သိမ်းရမည်။
သူ့သစ်ပင်အိမ်အောက်တွင် အပြာရောင်အဆင့် မြေဆီလွှာတစ်ခု ရှိနေပြီး၊ ၎င်းမှာ ပန်းသီးပင် စိုက်ထားခဲ့သော မြေနေရာ ဖြစ်သည်။
ယခုအခါ ထိုနေရာ၌ အပြာရောင်အဆင့် ပေါ့ပလာပင် တစ်ပင် ပေါက်နေ၏။
"အပြာရောင်အဆင့် ပေါ့ပလာပင်လား"
ရွှီရှင်း မျက်ခုံးပင့်လိုက်သည်။
အပြာရောင်အဆင့် သစ်သားမှာ လက်နက်များနှင့် ကိရိယာများအတွက် အလွန်အရေးပါသော ကုန်ကြမ်းဖြစ်၏။
သူသည် ထိုအပင်ကို ခုတ်လှဲလိုက်ပြီးနောက် ငွေရောင်ဘုရင်ပေါ်သို့ တက်စီးလိုက်သည်။
"သွားကြစို့ ငွေရောင်ဘုရင်၊ ဟိုဘက်ကို"
ရွှီရှင်းက မီတာရာဂဏန်းအကွာဝေးရှိ အပြာရောင်အလင်းတန်း ထွက်ပေါ်နေသော နေရာကို ညွှန်ပြလိုက်သည်။
ငွေရောင်ဘုရင်သည် မြန်ဆန်သောအရှိန်ဖြင့် ရှေ့သို့ ပြေးထွက်သွား၏။
မီမီကလည်း ဘေးမှ လိုက်ပါလာသည်။
ငွေရောင်ဘုရင်၏ အရှိန်မှာ အရင်ကထက် ပိုမိုမြန်ဆန်လာသည်ကို ရွှီရှင်း ခံစားလိုက်ရသည်။
၎င်းမှာ သူ၏ အိမ်ထဲက ဓာတ်ရောင်ခြည်ထုတ်ကျောက်တုံး ကြောင့် ဖြစ်ပေလိမ့်မည်။
စက္ကန့်အနည်းငယ်အတွင်းမှာပင် ရွှီရှင်းသည် အပြာရောင်အဆင့် အရင်းအမြစ်သစ်ရှိရာသို့ ရောက်ရှိသွားသည်။
"ဒါက..."
သူတစ်ခါမှ မမြင်ဖူးသော သစ်ပင်တစ်ပင် ဖြစ်၏။
အပင်မှာ ဆယ်မီတာကျော် မြင့်ပြီး သူ လှမ်းကိုင်ကြည့်လိုက်သည်။
[အချဉ်သစ်သားပင် (အပြာရောင်အဆင့်): ရင့်မှည့်ရန် နှစ်ပေါင်းရာချီ ကြာမြင့်သော်လည်း ဤအရှိန်မြှင့်တင်ထားသော အပင်မှာ ပိုမိုအရည်အသွေး ကောင်းမွန်လှသည်။ ၎င်းမှ နှင်းဆီသစ်သား (အပြာရောင်အဆင့်) ကို ရရှိနိုင်မည်။]
အပြာရောင်အဆင့် နှင်းဆီသစ်သားဆိုပါလား..။
ရွှီရှင်းသည် ၎င်းကို ခုတ်လှဲလိုက်ရာ နှင်းဆီသစ်သား (အပြာရောင်အဆင့်) ၂ ချပ် ရရှိခဲ့သည်။
၎င်းမှာ အပြာရောင်အဆင့် ပရိဘောဂ ၂ ခု ပြုလုပ်ရန် လုံလောက်ပေသည်။
သူသည် ထိုအပင်၏ မျိုးစေ့များကိုလည်း တူးထုတ်ယူခဲ့၏။
ရွှီရှင်းသည် ငွေရောင်ဘုရင်ကို စီးကာ တောအုပ်အတွင်း ဆက်လက် လှည့်လည်ကြည့်ရှုရာ မြေပုံပေါ်တွင် ရန်သူလုံးဝ မရှိသည်ကို တွေ့ရသည်။
"အီးးး"
ခဲခဲလေးက ရုတ်တရက် တစ်နေရာကို လက်ညှိုးထိုးပြလိုက်သည်။
၎င်းမှာ ကောင်းသောအရာ ရှိသည်ဟူသော အချက်ပေးသံ ဖြစ်၏။
ရွှီရှင်း ထိုနေရာသို့ သွားကြည့်လိုက်ရာ မြေပြင်ပေါ်တွင် သေဆုံးနေသော ငါးကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။
ငါး၏ ကိုယ်ထည်မှာ သုံးမီတာ၊ လေးမီတာခန့် ရှည်လျားပြီး၊ ပါးစပ်မှာ အလွန်စူးရှကာ မျက်လုံးများမှာ ပြူးထွက်နေသည်။
သို့သော် ကိုယ်ထည်မှာမူ အလွန်ပင် ပြားချပ်နေပြီး အရေပြားအရောင်မှာ ကျောက်တုံးနှင့် တူနေသဖြင့် အတော်လေး ထူးဆန်းလှပေသည်။
"ဒါ... ကန်လယ်က ဧရာမဂူထဲမှာ ရှိတဲ့ ငါး မဟုတ်လား"
---
အခန်း ၁၃၃ ပြီး။