← Chapters

နယ်မြေစုံ အဆင့်သတ်မှတ်ချက်

Vol. 9 Ch. 132

နယ်မြေစုံ အဆင့်သတ်မှတ်ချက်

Vol. 9 Ch. 132

ပြတင်းပေါက်အပြင်ဘက်တွင် ကောင်းကင်ယံမှာ ကြည်လင်နေပြီး သစ်ပင်များမှာ မားမားမတ်မတ် ရပ်တည်နေကြသည်။

ငှက်ကလေးများမှာလည်း သစ်ကိုင်းများကြားတွင် ပျံသန်းလျက် တေးဆိုနေကြ၏။

အသက်ဝင်နေသော ဤမြင်ကွင်းကိုသာ ကြည့်မည်ဆိုပါက မနေ့ကတင် ဤတောအုပ်ကြီးမှာ သဘာဝဘေးအန္တရာယ်ဆိုးကြီးများကို ကြုံတွေ့ခဲ့ရသည်ဟု မည်သူမျှ ထင်မှတ်နိုင်မည် မဟုတ်ပေ။

မိုးကြိုးမုန်တိုင်းအောက်တွင် ပြာအတိဖြစ်ခဲ့ရပြီး၊ သည်းထန်သော မိုးရေများကြားတွင် သမုဒ္ဒရာပြင်ကြီး ဖြစ်ခဲ့ရကာ၊ ရေတွက်မရသော လေဆင်နှာမောင်းများ တိုက်ခတ်ခဲ့သည်မှာ ယုံနိုင်စရာပင် မရှိတော့ချေ။

ငှက်ကလေးတစ်ကောင်သည် သစ်ပင်အိမ်ပြတင်းပေါက်အပြင်ဘက်ရှိ သစ်ကိုင်းတစ်ခုပေါ်သို့ နားလိုက်ပြီး သာယာစွာ အော်မြည်နေသည်။

ရွှီရှင်းသည် ရုတ်တရက် ပေါ်လာသော ဤငှက်များကို အံ့သြခြင်း မရှိတော့ပေ။

မနေ့က မိုးကြိုးမုန်တိုင်း၊ တောမီး၊ ရေကြီးမှုနှင့် တောအုပ်ကြီး ပြန်လည်ရှင်သန်လာမှုများကို ကြုံတွေ့ပြီးနောက် ဤကမ္ဘာတွင် ဘာပဲဖြစ်လာပါစေ သူ လက်ခံနိုင်နေပြီ ဖြစ်သည်။

သို့သော်...

သူ၏ မြေပုံကို စစ်ဆေးကြည့်ရာ လက်ရှိတွင် အနီရောင်အစက် လုံးဝ မရှိပေ။

သစ်ပင်အိမ်အတွင်းရှိ အပြာရောင်အစက်နှစ်ခုမှာ ငွေရောင်ဘုရင်နှင့် မီမီတို့သာ ဖြစ်သည်။

ဆိုလိုသည်မှာ လောလောဆယ်တွင် သူ၏ပတ်ဝန်းကျင်၌ မည်သည့်သားရဲမှ မရှိခြင်းပင်။

မနေ့က စူးစမ်းရှာဖွေနေစဉ်တွင်လည်း သားရဲအသေကောင်များကို များများစားစား မတွေ့ခဲ့ရပေ။

လေဆင်နှာမောင်း ရပ်တန့်သွားပြီး အရာဝတ္ထုများ လွင့်စင်ထွက်လာချိန်တွင်ပင် သားရဲအသေကောင် အနည်းငယ်သာ ပါဝင်ခဲ့သည်။

မုန်တိုင်းဗဟိုချက်တွင် ပြုတ်ကျသေဆုံးခဲ့သော သားရဲများအပါအဝင် သူတွေ့ခဲ့ရသမျှ အကောင်ရေ နှစ်ဆယ်ခန့်သာ ရှိပြီး အားလုံးမှာ တောသမင်ကဲ့သို့ အန္တရာယ်မရှိသော သတ္တဝါများသာ ဖြစ်ကြသည်။

ဒါဆို တောအုပ်ထဲက သားရဲတွေ အားလုံး ဘယ်ရောက်ကုန်သနည်း။

အစောပိုင်း ကာကွယ်ရေးကာလတုန်းကလိုပဲ လျှို့ဝှက်စွာ ပျောက်ကွယ်သွားကြပြန်ပြီလား..။

ရွှီရှင်းသည် အိပ်ခန်းမှ ဧည့်ခန်းသို့ လျှောက်လာခဲ့သည်။

ငွေရောင်ဘုရင်မှာ အိပ်ပျော်နေဆဲဖြစ်ပြီး၊ မီမီမှာမူ သူ၏ခြေသံကြောင့် နိုးလာသော်လည်း ရွှီရှင်းကို တစ်ချက်ကြည့်ကာ လျစ်လျူရှုပြီး ပြန်အိပ်သွားပြန်သည်။

...ဒီနှစ်ကောင်က ဘယ်တုန်းကတည်းက နေဖင်ထိုးအောင် အိပ်တတ်တဲ့ အကျင့် ရသွားကြတာလဲ။

ဆက်သွယ်ရေးမျက်နှာပြင်ရှေ့တွင် ရပ်ကာ ရွှီရှင်းသည် အဆင့်သတ်မှတ်ချက် ကဏ္ဍကို နှိပ်လိုက်၏။

ထိုနေရာတွင် မိုးရာသီ ဟူသော ကဏ္ဍသစ်တစ်ခု ပေါ်လာချေပြီ။

၎င်းကို ဖွင့်လိုက်သောအခါ အဆင့်စာရင်းတစ်ခု ပေါ်လာပြီး ရွှီရှင်း၏ အမည်မှာ ထိပ်ဆုံးတွင် အထင်အရှား ရှိနေကာ ဘေးတွင် တောအုပ်နယ်မြေ ၁၈၈ ဟု ဖော်ပြထားသည်။

တစ်ခုလုံးတွင် အမည်ပေါင်း ငါးဆယ်ကျော်သာ ပါဝင်ပြီး အများစုမှာ ရွှီရှင်း တစ်ခါမှ မမြင်ဖူးသော အမည်များဖြစ်ကာ၊ ၎င်းတို့၏ ဘေးတွင် မတူညီသော နယ်မြေအမှတ်များကို ဖော်ပြထားသည်။

တောအုပ်နယ်မြေ ၁၅၄ ၊ တောအုပ်နယ်မြေ ၁ ၊ တောအုပ်နယ်မြေ ၅၆ စသဖြင့် အားလုံးမှာ တောအုပ်နယ်မြေများသာ ဖြစ်ကြသည်။

"ဒါ... ဒါက နယ်မြေတစ်ခုတည်းရဲ့ အဆင့်သတ်မှတ်ချက် မဟုတ်ပါလား"

အခြားနယ်မြေများမှ လူများပါ ပါဝင်နေသော အဆင့်စာရင်းတစ်ခု ပေါ်ထွက်လာခြင်း ဖြစ်သည်။

ရွှီရှင်းသည် ယခင်အစီအစဉ်က အဆင့်စာရင်းကို ပြန်ဖွင့်ကြည့်ရာ ၎င်းမှာ မပြောင်းလဲဘဲ ရှိနေဆဲဖြစ်သဖြင့် ယခုအစီအစဉ်မှသာ အခြားနယ်မြေများ ပါဝင်လာခြင်း ဖြစ်သည်။

အခြားနယ်မြေများ ပါဝင်နေသော်လည်း ဤအထူးအဆင့်စာရင်းတွင် လူပေါင်း ၅၄ ယောက်သာ ပါဝင်နိုင်ခဲ့သည်။

တောအုပ်နယ်မြေ ၁၈၈ မှ ရွှီရှင်း နံပါတ် ၁ နှင့် ကျိချောင်းယန် နံပါတ် ၂

နှစ်ဦးသာ ပါဝင်သည်။

ကျန်သူများမှာ အခြားနယ်မြေများမှ ဖြစ်ကြ၏။

...ကြည့်ရသည်မှာ ရွှီရှင်းနှင့် ကျိချောင်းယန်တို့သည် တကယ်ပင် သန်မာကြပေသည်။

နယ်မြေပေါင်း ရာနှင့်ချီရှိသည့်အနက် ၅၄ ယောက်သာ စာရင်းဝင်နိုင်ခဲ့ရာ၊ နယ်မြေအများစုမှာ တစ်ယောက်မှပင် စာရင်းမဝင်ခဲ့ကြပေ။

၎င်းတို့နှစ်ဦးမှာ စာရင်းဝင်ရုံတင်မကဘဲ နံပါတ် ၁ နှင့် ၂ ကိုပါ သိမ်းပိုက်ထားနိုင်ခဲ့ကြသည်။

သို့သော် ဤအဆင့်စာရင်းကို မည်သည့်စံနှုန်းဖြင့် သတ်မှတ်သနည်း။

လေဆင်နှာမောင်းကို ဖယ်ရှားနိုင်သည့် အချိန်လား..။

ဖြစ်နိုင်ခြေ အလွန်များ၏။

နယ်မြေစုံအဆင့်စာရင်း ပေါ်လာခြင်းမှာ မကြာမီတွင် နယ်မြေအချင်းချင်း ဆက်သွယ်မှုနှင့် ကုန်သွယ်မှုများ ပွင့်လာတော့မည်ဟူသော လက္ခဏာပင် ဖြစ်သည်။

ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပေမည်။

လောလောဆယ်တွင် ထုတ်ယူရန် ဆုလာဘ်များ မရှိသေးသဖြင့် ရွှီရှင်းသည် ဒေသတွင်းဆက်သွယ်ရေးလိုင်း ကို ဖွင့်ကြည့်လိုက်၏။

မိုးစရွာစဉ်က လူဦးရေ ၃,၈၀၀ ကျော် ရှိခဲ့သော်လည်း ယခုအခါ ၃,၁၅၄ ယောက်သာ ကျန်တော့သည်။

လူပေါင်း ခုနစ်ရာကျော်မှာ မိုးရာသီဒဏ်ကို မခံနိုင်ဘဲ အသက်ဆုံးရှုံးခဲ့ကြရပြီ ဖြစ်သည်။

ရေနစ်သေဆုံးခြင်း သို့မဟုတ် မိုးကြိုးပစ်ခံရခြင်းကြောင့် ဖြစ်နိုင်ပေသည်။

"ဘုရားရေ! ငါ သစ်ပင်အိမ်ကို နောက်ဆုံးတော့ ပြန်ရောက်ပြီ တစ်နေ့နဲ့တစ်ညလုံး မိုးမိထားတော့ ငါ့ကိုယ်ငါ မခံနိုင်တော့ဘူးလို့ ထင်နေတာ..."

"ရေကတော့ ကျသွားပါပြီ၊ ဒါပေမဲ့ သစ်ပင်အိမ်ထဲမှာ ဘာလို့ ရေတွေ ဒီလောက် အများကြီး ကျန်နေရတာလဲ! ခပ်ထုတ်ရမှာလား"

"သစ်ပင်အိမ်ရဲ့ အပေါက်တွေကို ဖွင့်ပြီး ရေထုတ်လိုက်လေ လဒရဲ့။"

"အားလုံးပဲ... အဆင့်စာရင်းကို ကြည့်ကြဦး။ ဒီတစ်ခါ တခြားနယ်မြေတွေ ပါနေတာတောင် ရွှီရှင်းနဲ့ ကျိချောင်းယန်က နံပါတ် ၁ နဲ့ ၂ ပဲ။ ဆိုလိုတာက သူတို့က ငါတို့နယ်မြေမှာတင် မကဘဲ တစ်ကမ္ဘာလုံးမှာ ထိပ်ဆုံးကပဲ"

"ကျိချောင်းယန်ကတော့ တကယ်သနားဖို့ကောင်းတယ်၊ တခြားနယ်မြေမှာဆို သူက နံပါတ် ၁ ဖြစ်နေမှာ၊ အခုတော့ ရွှီရှင်းနဲ့ နယ်မြေတူနေလို့ ဒုတိယပဲ ဖြစ်နေရတာ..."

သစ်ပင်အိမ် နှစ်ထပ်ရှိသူများမှာ တစ်နေ့လုံး ဘာမှမလုပ်ဘဲ ပျင်းရိနေကြသဖြင့် ဆက်သွယ်ရေးလိုင်းတွင် စကားများ လာရောက်ပြောဆိုနေကြခြင်း ဖြစ်သည်။

သို့သော် သစ်ပင်အိမ်အမိုးပေါ်တွင် တစ်နေ့လုံး မိုးမိနေခဲ့သူများမှာမူ တကယ်ပင် အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။

စူးစမ်းရှာဖွေသူများ အဖွဲ့အတွင်း၌လည်း ဆွေးနွေးမှုများမှာ သက်ဝင်လှုပ်ရှားနေ၏။

ကျောက်ရှောင်ချွမ်း : "ရွှီရှင်းနဲ့ ကျိချောင်းယန်... တစ်ကမ္ဘာလုံးမှာ ထိပ်ဆုံး နံပါတ် ၁ နဲ့ ၂ ရလို့ ဂုဏ်ယူပါတယ်ဗျာ။ တကယ့်ကို အစွမ်းထက်လွန်းပါတယ်"

ဝမ်ကွေ့ရှင်း: "ငါကော ဘာလို့ မပါတာလဲ။ ငါလည်း လေဆင်နှာမောင်းကို ဖျက်ဆီးခဲ့တာပဲလေ။"

ရွှီရှင်း: "ဖြစ်နိုင်တာက မင်းက ညဘက်ကျမှ ဖျက်ဆီးခဲ့တာမို့လို့လား။ ညဘက်ဆိုရင် စူးစမ်းရတဲ့ အခက်အခဲက သိသိသာသာ လျော့နည်းသွားလို့ အဆင့်ထဲ မထည့်တာ ဖြစ်နိုင်တယ်"

ဝမ်ကွေ့ရှင်း : "...ငါတော့ တကယ် အလိမ်ခံလိုက်ရသလိုပဲ။ အဲဒီမွန်းစတားကို သတ်ပြီးပြီကို၊ ဝဲဂယက်ထဲ ဝင်ရမယ်မှန်း ဘယ်သူက သိမှာလဲ။ သာမန်လူတစ်ယောက်က အဲဒီလို ကြောက်စရာကောင်းတဲ့ ဝဲထဲကို ဝင်ဖို့ စဉ်းစားပါ့မလား"

ဝမ်လေ့: "မင်းတို့ အဲဒီမွန်းစတားကို ဘယ်လိုသတ်လိုက်တာလဲ။ ငါ မနေ့ညက အပြင်ထွက်တော့ အဲဒီရေဘဝဲကြီးကို ရှောင်နေရတာနဲ့တင် အချိန်တွေ ကုန်သွားတယ်၊ အရမ်းရွံဖို့ကောင်းတာပဲ"

ချီရွှယ်ဖေး စကားပြောလာသည်ကို မြင်သောအခါ သူမတွင် ရောဂါကုသနိုင်သော ဆေးများ ရှိသည်ကို ရွှီရှင်း သတိရသွားသည်။

အရောင်းအဝယ်ပလက်ဖောင်းတွင် ရှာကြည့်သော်လည်း ထိုဆေးများကို မတွေ့ရပေ။

ရွှီရှင်းက တိုက်ရိုက်မေးလိုက်၏။

"နင်ရဲ့ ဆေးတွေကို ဘာလို့ အခု မရောင်းတာလဲ။ အခုက နင့်ရဲ့ ဆေးအာနိသင်ကို စမ်းသပ်ဖို့ အကောင်းဆုံး အခွင့်အရေး မဟုတ်ဘူးလား"

ချီရွှယ်ဖေး - "ငါလည်း စဉ်းစားပါတယ်။ ဒါပေမဲ့ ချီဇီရွှမ်က သဘောမတူဘူး။ အခု လူတွေရဲ့ သစ်ပင်အိမ်တွေ ရေမြုပ်ကုန်တော့ သူတို့မှာ ပေးစရာ ဘာမှမရှိဘူး၊ အလကားပေးသလို ဖြစ်နေလိမ့်မယ်၊ ရင်းနှီးထားတဲ့ ကုန်ကျစရိတ်ကို ပြန်မရနိုင်ဘူးလို့ သူက ပြောတယ်"

ဒါကတော့ အရင်းရှင်ဆန်ဆန် တွေးတောနည်းပင်။

ရွှီရှင်း - "ဆေးဖော်တာက နင့်ရဲ့ စွမ်းရည်ပဲ မဟုတ်လား"

ချီရွှယ်ဖေး - "...ဟုတ်ပါတယ်၊ ဒါပေမဲ့ အခုက ဇီရွှမ်က အားလုံးကို ဦးဆောင်နေတာဆိုတော့ ငါ့သဘောနဲ့ငါ ဆုံးဖြတ်ဖို့က အဆင်မပြေဘူး ဖြစ်နေတယ်"

ရွှီရှင်း - "တကယ်တော့ မင်း အခု ရောင်းသင့်တယ်။ အဆင့်မြင့်ဆေးတွေ ဖော်စပ်နိုင်နေပြီဆိုတော့ ဒီအနိမ့်စားဆေးတွေက နောက်ဆိုရင် ဈေးကွက်ရှိတော့မှာ မဟုတ်ဘူး၊ အခု သူတို့ကိုပဲ ရောင်းလို့ရမှာ"

ကျိချောင်းယန် - "ဟုတ်တယ်၊ အခုလို ဘေးဒုက္ခရောက်နေချိန်မှာ ဈေးနှုန်းသက်သက်သာသာနဲ့ ရောင်းပေးတာက လူတွေကို အကူအညီပေးရာ ရောက်သလို၊ မင်းတို့အဖွဲ့ရဲ့ ဂုဏ်သတင်းကို တည်ဆောက်ဖို့ အကောင်းဆုံး အချိန်ပဲ"

ရွှီရှင်း - "နောက်ပြီး အဆင့်စာရင်းက နယ်မြေတစ်ခုတည်းမှာ မဟုတ်တော့ဘူး။ မကြာခင် ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ရေးနဲ့ အရောင်းအဝယ်တွေ ပွင့်လာတော့မယ်။ အဲဒီအချိန်ကျရင် အခု မင်းကူညီထားတဲ့သူတွေက မင်းအတွက် အကောင်းဆုံး ကြော်ငြာပေးမယ့်သူတွေ ဖြစ်လာလိမ့်မယ်"

၎င်းတို့နှစ်ဦးစလုံးမှာ ရှေ့တွင် ဆွေးနွေးခဲ့သည့် ရွေးချယ်မှု အကြောင်းကို စဉ်းစားမိနေကြခြင်း ဖြစ်သည်။

အဆုံးတွင် လူအနည်းငယ်သာ ကျန်ရစ်မည်ဆိုပါက စုစည်းထားသော အဖွဲ့အစည်းတစ်ခု ရှိရန် လိုအပ်သည်။

သစ်ပင်အိမ် တည်နေရာများမှာ အတည်တကျ ဖြစ်နေသဖြင့် နီးစပ်ရာ နယ်မြေတူသူများကို စုစည်းခြင်းမှာ ပိုမိုသင့်တော်ပေသည်။

လူများလေလေ အင်အားတောင့်တင်းလေဖြစ်ပြီး ရွေးချယ်နိုင်စွမ်းလည်း ပိုများလေဖြစ်သည်။

အကယ်၍ နောင်တွင် နယ်မြေတစ်ခုလုံး စုပေါင်းခုခံရမည့် မွန်းစတားများ သို့မဟုတ် နယ်မြေအချင်းချင်း စစ်ပွဲများ ဖြစ်လာခဲ့လျှင် မည်သို့လုပ်မည်နည်း။

ထို့ကြောင့် လူသားအင်အားကို မဆုံးရှုံးစေဘဲ တတ်နိုင်သမျှ ကယ်တင်ထားရမည် ဖြစ်ပေသည်။

---

အခန်း ၁၃၂ ပြီး။

All Chapters