မြေအောက်ဂူအတွင်း မြှုပ်နှံထားသော လျှို့ဝှက်ချက်
Vol. 9 Ch. 130
ကျိချောင်းယန်က ဤသို့မေးမြန်းနေသည်မှာ သူသည် လေဆင်နှာမောင်းကို ဒုတိယမြောက် ဖယ်ရှားနိုင်သူ ဖြစ်ရပေမည်။
ဆန်းကြယ်သောအသံက ရွှီရှင်းအား ဤရှင်ကျန်သူအုပ်စုအတွင်း လေဆင်နှာမောင်းကို ပထမဆုံး ဖယ်ရှားနိုင်သူ ဟု ဆိုခဲ့သည်။
အစောပိုင်းက မြေအောက်လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိစဉ်ကလည်း ဤရှင်ကျန်သူအုပ်စု ဟူသော စကားလုံးကိုပင် အသုံးပြုခဲ့ဖူးသည်။
ယခင်က ရွှီရှင်းသည် ၎င်းမှာ တောအုပ်အမှတ် ၁၈၈ နယ်မြေရှိ ရှင်ကျန်သူများ ဟုသာ ထင်မှတ်ခဲ့သော်လည်း၊ ချန်ယင်တို့ မိသားစု ပြောပြချက်အရ သူသည် ငါးသုတ်မြောက် ရောက်ရှိလာသူများ ဖြစ်သည်။
၁၂ နှစ်လျှင် တစ်ကြိမ် ရှင်ကျန်သူအသစ်များ ဤကမ္ဘာသို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။
ထို့ကြောင့် ယခုတစ်ကြိမ်၌ သူ ပထမရခြင်းမှာ နယ်မြေတစ်ခုတည်းတွင် မဟုတ်ဘဲ၊ ယခုရောက်ရှိလာသော ရှင်ကျန်သူအားလုံးထဲတွင် ပထမရခြင်း ဖြစ်ပေလိမ့်မည်။
အကယ်၍ ကျိချောင်းယန်က ဒုတိယဆိုလျှင် တောအုပ်အမှတ် ၁၈၈ နယ်မြေမှာ အတော်လေး အထင်ကြီးစရာကောင်းလှပြီး နယ်မြေရာပေါင်းများစွာထဲမှ ပထမနှင့် ဒုတိယကို ဆုပ်ကိုင်ထားနိုင်ခြင်း ဖြစ်သည်။
၎င်းတို့နှစ်ဦးမှာ မည်သည့်နယ်မြေတွင်မဆို ထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်နေပေလိမ့်မည်။
ရွှီရှင်းက ပြန်ဖြေလိုက်သည် - "ငါပဲလေ။ မင်းက ဒုတိယလား"
ကျိချောင်းယန် - "ဟုတ်တယ်၊ အဲဒီအသံက ငါ့ကို ဒုတိယမြောက် ဖယ်ရှားနိုင်သူလို့ ပြောတယ်"
ထင်ထားသည့်အတိုင်းပင်။
ကျိချောင်းယန် - "မင်း သစ်ပင်အိမ်ကို ပြန်ရောက်ပြီလား။ အသံနဲ့ ဆက်သွယ်ပြီး သတင်းအချက်အလက်တွေ ဖလှယ်ကြမလား။"
ရွှီရှင်း - "ကောင်းပြီလေ"
အသံဖြင့် ဆက်သွယ်မှု စတင်လိုက်သောအခါ ကျိချောင်းယန်၏ အနည်းငယ် ပြင်းထန်နေသော အသက်ရှူသံကို ရွှီရှင်း ကြားလိုက်ရသည်။
သူက ဇဝေဇဝါဖြင့် မေးလိုက်၏ - "မင်း ဘာဖြစ်နေတာလဲ"
ကျိချောင်းယန်က ခါးသီးစွာ ပြုံးလိုက်သည် - "ဘာမှမဟုတ်ပါဘူး။ ပြန်လာတဲ့လမ်းမှာ အလှမွေးငါးတစ်ကောင် တွေ့လို့ လိုက်ဖမ်းနေတာ။ အဲဒီငါးက အရမ်းမြန်လို့ ဖမ်းမရဘဲ အခုမှ ပြန်ရောက်တာ"
ဖမ်းမရဘူးလား..။
ရွှီရှင်း မျက်တောင်ခတ်လိုက်မိသည်။
သူ့ဘက်က အလှမွေးငါးများမှာမူ သူ့ကို မြင်သည်နှင့် အနားသို့ ကပ်လာကြပြီး ဘာမှမရုန်းကန်ဘဲ အဖမ်းခံကြသည် မဟုတ်ပါလား။
ကျိချောင်းယန်ဘက်ကျမှ ဘာကြောင့် ခက်ခက်ခဲခဲ ဖမ်းနေရသနည်း။
သူဝတ်ထားသော ချပ်ဝတ်ကြောင့်လား... မဟုတ်လောက်ပေ။
ရောင်စုံကြေးခွံငါးဖြစ်စေ၊ ထိုက်ကျိငါးဖြစ်စေ သူ့ကို မြင်လျှင် ကြောက်လန့်မသွားဘဲ တစ်ခုခုက ဆွဲဆောင်နေသည့်အလား သူ့ကို ဝိုင်း၍ ကူးခတ်နေကြခြင်း ဖြစ်သည်။
သူသည် ထိုအလှမွေးငါးများကို အလွယ်တကူရနိုင်သော အရင်းအမြစ်များဟုသာ ထင်မှတ်ခဲ့မိသည်။
"မင်းက အလှမွေးငါးမှန်း သိနေမှတော့ အများကြီး ဖမ်းမိထားမှာပေါ့။ဖမ်းရတာ တကယ်ပဲ ခက်လို့လား။ ငါ့ဘက်မှာတော့ အဲဒီလောက် မဆိုးပါဘူး" ဟု ရွှီရှင်းက စမ်းသပ်မေးမြန်းလိုက်သည်။
"အများကြီးတော့ မဟုတ်ပါဘူး။ အစိမ်းရောင်အဆင့် ငါးသုံးကောင်ပဲ မိသေးတယ်။ သူတို့က သိပ်မမြန်သလို သတိလည်း သိပ်မရှိကြဘူး။ ဒါပေမဲ့ ခုနက ငါတွေ့တဲ့ အပြာရောင်အဆင့်လို့ ထင်ရတဲ့ငါးကတော့ အရမ်းမြန်တယ်။ အရင်းအမြစ်သစ်က အဖိုးတန်လို့ လိုက်ဖမ်းတာ၊ နောက်ဆုံးတော့ ဘေးကင်းဇုန်အပြင်ဘက်အထိ ထွက်ပြေးသွားလို့ လက်လျှော့လိုက်ရတယ်" ဟု ကျိချောင်းယန်က နှမြောတသစွာ ပြောပြသည်။
ကြည့်ရသည်မှာ ထိုငါးများသည် အမှန်တကယ်ပင် ထွက်ပြေးတတ်ကြပုံရပေသည်။
အကယ်၍ လီဝမ်ရှီးတို့ ပြန်လာလျှင် သူ မေးမြန်းကြည့်ရမည်။
၎င်းတို့လည်း ကျိချောင်းယန်ကဲ့သို့ ကြုံတွေ့ရသည်ဆိုပါက ငါးများက ထူးခြားသည်မဟုတ်ဘဲ သူကိုယ်တိုင်ကသာ ထူးခြားနေခြင်း ဖြစ်ပေလိမ့်မည်။
"အပြာရောင်အဆင့် ငါးကို လွတ်သွားတာတော့ နှမြောစရာပဲ"
ရွှီရှင်းက ကျိချောင်းယန်အတွက် စိတ်မကောင်းဖြစ်ပေးလိုက်ရင်း ထိုငါး၏ အခြားစွမ်းဆောင်ချက်များကိုလည်း စူးစမ်းချင်မိသည်။
"ဒါတွေကို ထားလိုက်ပါတော့။"
ဖုန်းလိုင်းတစ်ဖက်မှ အဝတ်အစားနှင့် တစ်စုံတစ်ခု ထိတွေ့သံ ကြားရသဖြင့် ကျိချောင်းယန် ထိုင်လိုက်ပုံရသည်။
"သတင်းအချက်အလက်တွေ ဖလှယ်ရအောင် ရွှီရှင်း။ မင်း အဖွဲ့ထဲမှာ တင်ထားတာတွေကို ငါ ဖတ်ပြီးပြီ၊ ငါ့ရဲ့ အတွေ့အကြုံကလည်း မင်းနဲ့ ဆင်တူပါတယ်"
"ငါ အကုန်လုံးကို အဖွဲ့ထဲမှာ ပြောပြီးပြီပဲ၊ ဘာထပ်တိုးစရာ ရှိသေးလို့လဲ" ဟု ရွှီရှင်းက မေးလိုက်သည်။
သူ၏ အနုပညာရှင် စွမ်းရည်ကိုမူ လောလောဆယ် ထုတ်မပြောချင်သေးပေ။
"မဟုတ်ဘူး... အခု မိုးရာသီအစီအစဉ်အကြောင်း မဟုတ်ဘူး၊ အရင်က မြေအောက်ဂူ အစီအစဉ်အကြောင်းကို ပြောတာ"
ကျိချောင်းယန်၏ အသံမှာ လေးလံသွားသည်။
"မြေအောက်ဂူ အစီအစဉ်"
ရွှီရှင်း၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။
သူ၏ မြေအောက်ဂူ အတွေ့အကြုံမှာ အခြားသူများနှင့် လုံးဝ ခြားနားနေသဖြင့် သူသည် အခြားသူများနှင့် ဆွေးနွေးခြင်း မပြုခဲ့ပေ။
ကျိချောင်းယန်က ထိုအကြောင်းကို စတင်ပြောဆိုလာသောအခါ ကျိချောင်းယန်သည်လည်း သူနှင့် ဆင်တူသောအရာတစ်ခုခုကို ကြုံတွေ့ခဲ့ရပုံရသည်ဟု ရွှီရှင်း သိရှိလိုက်သည်။
ကျိချောင်းယန်သည် ဂူအတွင်းသို့ ဝင်ပြီး တစ်နာရီမပြည့်မီမှာပင် လမ်းညွှန်ချက်များ ပေးခဲ့ပြီးနောက် ဘာသံမှ ထပ်မထွက်ခဲ့ပေ။
ဖြစ်နိုင်သည်မှာ သူလည်း ထူးခြားသောအရာတစ်ခုကို တွေ့ရှိခဲ့ခြင်းလား..။
"ငါ ထင်ထားတာက လူအများကြီးက ဂူထဲက ဖုံးကွယ်ထားတဲ့ သတင်းအချက်အလက်တွေကို တွေ့ကြလိမ့်မယ်လို့ပေါ့။ ဒါပေမဲ့ ထွက်လာတော့ ဘယ်သူမှ ဆွေးနွေးတာ မတွေ့ရဘူး"
"ဂူထဲက ဖုံးကွယ်ထားတဲ့ သတင်းအချက်အလက်လား..."
ရွှီရှင်း မျက်မှောင်ကြုတ်လိုက်မိသည်။
သူ သိရှိထားသော သတင်းများနှင့် ကျိချောင်းယန် သိရှိထားသော သတင်းများမှာ အတူတူပင်လား..။
"မင်းကို ဒါတွေ ပြောပြဖို့ ငါ စဉ်းစားနေတာ ရက်အနည်းငယ် ရှိပြီ။ အခု မင်းက နောက်တစ်ကြိမ် ပထမထပ်ရတာကို မြင်မှ ငါ ဆုံးဖြတ်လိုက်တာပါ"
ကျိချောင်းယန်သည် သူ၏ ဂူအတွင်း အတွေ့အကြုံများကို စတင်ပြောပြတော့သည်။
သူ၏ဂူမှာ အခြားသူများကဲ့သို့ပင် မှောင်မည်းသော စင်္ကြံလမ်း၊ သစ်သားတံခါးများ၊ သားရဲများ၊ ထောင်ချောက်များနှင့် ရတနာများသာ ရှိသည်။
သူသည် ရတနာအားလုံးကို ရရှိခဲ့သော်လည်း ချက်ချင်း ထွက်မလာခဲ့ပေ။
သူသည် အခန်းတိုင်းကို သေသေချာချာ ပြန်လည်စစ်ဆေးခဲ့ရာ သာမန်ကျောက်ခန်းတစ်ခုအတွင်း၌ ကောင်းစွာဝှက်ထားသော စက်ကိရိယာတစ်ခုကို တွေ့ရှိခဲ့သည်။
၎င်းကို နှိပ်လိုက်သောအခါ လျှို့ဝှက်လမ်းတစ်ခု ပေါ်လာခဲ့သည်။
ထိုလမ်းအတိုင်း လိုက်သွားရာ ကျောက်ခန်းတစ်ခုသို့ ရောက်ရှိသွားပြီး၊ ထိုကျောက်ခန်း၏ နံရံများပေါ်တွင် စာသားများစွာ ရေးထွင်းထားသည်ကို တွေ့ရှိခဲ့သည်။
"စာသားတွေလား..."
ရွှီရှင်းသည် ချန်ယင်တို့မိသားစု၏ ကျောက်စားပွဲပေါ်က စာသားများကို သတိရလိုက်သော်လည်း ၎င်းတို့နှင့် သက်ဆိုင်ပုံမရပေ။
ကျိချောင်းယန် ဆက်ပြောပြသည်မှာ နံရံပေါ်ရှိ စာသားများမှာ ကမ္ဘာမြေမှ ဘာသာစကားမျိုးစုံ ဖြစ်ပြီး တရုတ်စာသားများလည်း ပါဝင်သည်။
သူ နားလည်သလောက် တရုတ်စာသားများအရ ထိုနေရာရှိ လျှို့ဝှက်ချက်များမှာ သူ့ကို များစွာ တုန်လှုပ်စေခဲ့သည်။
"မင်း ပြောချင်တာက ငါတို့က ဒီအတိုင်း ရှင်သန်နေရတာ မဟုတ်ဘဲ ရက်စက်တဲ့ ရွေးချယ်မှုလုပ်ငန်းစဉ် တစ်ခုထဲမှာ ပါဝင်နေတာပေါ့"
ရွှီရှင်း၏ အကြည့်များမှာ စူးရှသွား၏။
"ဟုတ်တယ်၊ နံရံပေါ်က စာသားတွေအရ အဲဒီစာတွေကို ရေးခဲ့တဲ့သူတွေဟာ ဒီရွေးချယ်မှုမှာ ရှုံးနိမ့်ခဲ့သူတွေပဲ။ ငါတို့ဝင်ခဲ့တဲ့ မြေအောက်ဂူ ဆိုတာ မူလက အဲဒီရှုံးနိမ့်သူတွေကို ချုပ်နှောင်ထားဖို့ အသုံးပြုခဲ့တဲ့နေရာပဲ"
နံရံပေါ်က သတင်းအချက်အလက်များမှာ ပြန့်ကျဲနေသော်လည်း ကျိချောင်းယန်က ၎င်းတို့ကို စုစည်းကာ ဤကောက်ချက်ကို ချခဲ့ခြင်း ဖြစ်သည်။
"ရှုံးနိမ့်သူတွေကို ချုပ်နှောင်ဖို့လား..ချုပ်နှောင်ထားရုံပဲလား"
"လူအများကြီးက အဲဒီကျောက်ခန်းထဲကို ပို့ဆောင်ခံခဲ့ရပြီး စာတွေ ရေးခဲ့ကြတယ်။ ဒါပေမဲ့ ရှုံးနိမ့်သူတွေဟာ အဲဒီအခန်းထဲကို ရောက်သွားတဲ့အခါ သူတို့ ဘာနဲ့ ရင်ဆိုင်ရမလဲဆိုတာ မသိခဲ့ကြပုံရတယ်"
"ဒါကို မင်း တကယ်သေချာလား။ လူဘယ်နှယောက်ကို ဘာအတွက် ရွေးချယ်တယ်ဆိုတာကော ပါလား။"
ရွှီရှင်းသည် ၎င်းကို အစောကြီးကတည်းက သံသယဖြစ်နေခဲ့ခြင်း ဖြစ်သည်။
ဤကမ္ဘာ၏ အစီအစဉ်များတွင် ဖယ်ရှားခြင်းစနစ် ပါဝင်နေသဖြင့် ရှင်ကျန်သူများကို ရွေးချယ်နေခြင်း ဖြစ်ရပေမည်။
သို့သော် ခန့်မှန်းချက်နှင့် အချက်အလက်မှာ ခြားနားလှသည်။
ရွေးချယ်မှုဆိုသည်မှာ ရှင်သန်ရေးဂိမ်းထက် များစွာ ပိုမိုရက်စက်လှပေသည်။
ရှင်သန်ရေးဂိမ်းတွင် လူများ စုပေါင်းနေထိုင်ကာ ယဉ်ကျေးမှုအသစ်ကို တည်ဆောက်နိုင်သော်လည်း၊ ရွေးချယ်မှုတွင်မူ နေရာအကန့်အသတ်သာ ရှိပေလိမ့်မည်။
အကယ်၍ အုပ်စုတစ်ခုမှ တစ်ယောက်တည်းကိုသာ ရွေးချယ်မည်ဆိုပါက...
အကယ်၍ ထိုသို့သာ ဖြစ်ခဲ့လျှင် ကျိချောင်းယန်သည်ပင် သူ၏ ရန်သူ ဖြစ်လာနိုင်ပေသည်။
"ဒါကိုတော့ ငါ မသေချာဘူး။ နံရံပေါ်မှာ စာရေးခဲ့တဲ့သူတွေဟာ ငါတို့လိုပဲ ဇဝေဇဝါ ဖြစ်နေကြတုန်းပဲ။ အချို့ကတော့ ဒီကမ္ဘာမှာ အကြာကြီး ရှင်သန်ခဲ့ပြီးမှ ဖယ်ရှားခံခဲ့ရပုံရတယ်။ စာသားတွေထဲမှာ ငါ ရှုံးသွားပြီ၊ ငါက နောက်ဆုံးအဆင့်အထိ ရောက်ဖို့ ကံမပါဘူးထင်တယ် ၊ ငါတို့ အဲဒီအုပ်စုကို ရှုံးသွားခဲ့တာ မယုံနိုင်ဘူး အဲ့လိုတွေ ပါတယ်"
ရွှီရှင်း၏ မျက်မှောင်ကြုတ်ထားမှုမှာ အနည်းငယ် လျော့ပါးသွားသည်။
"ဒါဆိုရင် နောက်ဆုံးအထိ ရောက်သွားတဲ့သူတွေဟာ လူတစ်စုပေါ့"
ကျိချောင်းယန်က ရယ်မောလိုက်သည်။
"အနည်းဆုံးတော့ တစ်ယောက်တည်း မဟုတ်ဘူးပေါ့။ မဟုတ်ရင် ငါ မင်းကို ဒီသတင်းတွေ ပြောပြပါ့မလား။ မင်းက ငါ့ထက် အမြဲသာနေတာ၊ အကယ်၍ တစ်ယောက်တည်းပဲ ကျန်ရမှာဆိုရင် မင်းက ငါ့အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုပဲ။ မင်းကို နောက်ကျောကနေ ဓားနဲ့ မထိုးတာတောင် ငါ့ဘက်က အတော်လေး သဘောထားကြီးရာ ကျနေပြီ"
ရွှီရှင်းလည်း ရယ်လိုက်မိသည်။
"မင်းကတော့ တကယ့်ကို ပွင့်လင်းတာပဲ"
ကျိချောင်းယန်၏ အသံမှာ ပြန်လည်တည်ကြည်သွားသည်။
"ဒါကြောင့် ရွှီရှင်း... ငါတို့ တကယ် ပူးပေါင်းကြရအောင်။ ငါရထားတဲ့ သတင်းတွေအရ ငါတို့အုပ်စုထဲက လူအနည်းငယ်ပဲ နောက်ဆုံးအထိ ရောက်နိုင်လိမ့်မယ်။ မင်းနဲ့ ငါက နံပါတ်တစ်နဲ့ နံပါတ်နှစ်ပဲ။ ငါတို့သာ ပူးပေါင်းမယ်ဆိုရင် နောက်ဆုံးအထိ ရှင်သန်နိုင်ဖို့ အခွင့်အရေး အများကြီး ရှိတယ်"
ရွှီရှင်းသည်လည်း ကျိချောင်းယန်နှင့် ပူးပေါင်းရန် ဆန္ဒရှိ၏။
သူက နောက်ပြောင်လိုက်ကာ....
"စာချုပ်တစ်ခုခုသာ ချုပ်လို့ရရင် ကောင်းမှာပဲ၊ ဒါဆိုရင် မင်း ငါ့ကို နောက်ကျောက ဓားနဲ့ ထိုးမှာကို မကြောက်ရတော့ဘူးပေါ့"
"နောင်မှာ အဲဒီလို စာချုပ်မျိုးတွေ ရှိလာနိုင်တာပဲလေ"
ကျိချောင်းယန်က ပြန်လည်နောက်ပြောင်လိုက်ပြီးနောက် အလေးအနက် ဆက်ပြောသည်။
"အခုတစ်ကြိမ် ငါပြောတာက အကျိုးစီးပွားအတွက် မဟာမိတ်ဖွဲ့ရုံတင်မကဘဲ အမှန်တကယ် ပူးပေါင်းဆောင်ရွက်ဖို့ကို ပြောတာပါ"
"မင်း ဘာကို ဆိုလိုတာလဲဆိုတာ ငါ နားလည်ပါတယ်"
ရွှီရှင်းက ပြောလိုက်သည်....
"ငါတို့ စုပေါင်းပြီး အင်အား တစ်ခု တည်ဆောက်မယ်။ ပြီးရင် ပြင်ပခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ချင်တာ မဟုတ်လား။ တကယ်လို့ ဒါက ရွေးချယ်မှုဆိုရင် ဗီဇပြောင်းသတ္တဝါတွေအပြင် အခြား ရှင်ကျန်သူတွေကလည်း ငါတို့အတွက် ခြိမ်းခြောက်မှု ဖြစ်လာနိုင်တယ်"
"ဉာဏ်ကောင်းတဲ့သူနဲ့ စကားပြောရတာ တကယ် လွယ်တယ်"
လောလောဆယ်တွင် ရွှီရှင်းသည် ကျိချောင်းယန်ကို ယုံကြည်ရန် ရွေးချယ်လိုက်သည်။
သန်မာသောသူနှင့် ပူးပေါင်းဆောင်ရွက်ရန်မှာ သူ့အတွက် အရေးတကြီး လိုအပ်နေသောအရာ ဖြစ်သည်။
ထို့ကြောင့် ရွှီရှင်းသည် သူ၏ ဂူအတွင်း အတွေ့အကြုံများကို ကျိချောင်းယန်အား ပြန်လည်ပြောပြခဲ့သည်။
အသေချာပင် ချန်ယင်တို့ မိသားစုနှင့် သူ၏ ဆက်ဆံရေးကိုမူ ဖုံးကွယ်ထားခဲ့ပြီး၊ ရုပ်တုကြီးထံမှတစ်ဆင့် ဤကမ္ဘာ၏ မူလအခြေအနေများကို သိရှိခဲ့ရကြောင်းသာ ပြောပြခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်း ၅၀ က ဤကမ္ဘာမှာ ၎င်းတို့ကမ္ဘာနှင့် မထူးခြားခဲ့ကြောင်းနှင့် သူတို့သည် ငါးသုတ်မြောက် ရောက်ရှိလာသူများ ဖြစ်ကြောင်းကိုလည်း မျှဝေခဲ့သည်။
ဤသတင်းများကို ကြားပြီးနောက် ကျိချောင်းယန်မှာ အချိန်အတော်ကြာ စဉ်းစားနေခဲ့သည်။
ရွှီရှင်းသည်လည်း သူ၏ အတွေးများထဲတွင် နစ်မြုပ်နေခဲ့၏။
အကယ်၍ မြေအောက် ဂူဆိုသည်မှာ ရှုံးနိမ့်သူများကို ချုပ်နှောင်ထားသည့်နေရာဆိုပါက၊ ထိုရှုံးနိမ့်သူများသည် ဘယ်နေရာမှ ရောက်ရှိလာကြသနည်း...။
---
အခန်း ၁၃၀ ပြီး။