အမတနယ်မြေ၏ ကောင်းကင်ကြီး ပြောင်းလဲတော့မည် (Part-2)
Vol. 59 Ch. 771
ဤလူများသည် ထိပ်တန်းအင်အားစုအသီးသီးမှ ဆက်ခံသူများကို ခရီးစဉ်အတွင်း ကာကွယ်စောင့်ရှောက်ရန် လိုက်ပါလာသူများ ဖြစ်သည်။
သူတို့၏ ခန္ဓာကိုယ်မှ ဖြာထွက်လာသော ရောင်ဝါအရ ၊ ဤလူများသည် အမတဘုရင်အဆင့်ရှိ စွမ်းအားရှင်များ ဖြစ်သည်။
သူတို့သည် ယခင်က တိုက်ပွဲလှုပ်ရှားမှုကို ခံစားမိခဲ့ကြပြီး၊ စိတ်ထဲရှိ သိချင်စိတ်ကို မထိန်းနိုင်ဘဲ လာရောက် စောင့်ကြည့်ခဲ့ကြခြင်း ဖြစ်သည်။
ဤအာကာသကို ပီယွီ့ကောင်းကင်အရှင်မှ ဖွဲ့စည်းထားသော အင်အားဖြင့် ပိတ်ဆို့ထားသောကြောင့်၊ သူတို့သည် ယင်းအတွင်း၌ ဖြစ်ပျက်ခဲ့သော ကိစ္စများကို မသိကြပေ။
ယခုအခါ ပီယွီ့ကောင်းကင်အရှင်ကို မြင်လိုက်ရချိန်တွင် ၊ စိတ်ထဲ၌ လှိုင်းတံပိုးများ ထိန်းမနိုင်သိမ်းမရ လှုပ်ခတ်သွားခဲ့သည်။
အမတနယ်မြေ၏ ရှေးဟောင်းစာအုပ်များတွင် ပီယွီ့ကောင်းကင်အရှင် ကဲ့သို့သော ထိပ်တန်း စွမ်းအားရှင်များ အကြောင်း ဒဏ္ဍာရီမှတ်တမ်းများစွာ ရှိသည်။
အမတဘုရင်များသည် ၎င်းတို့၏ မာနထောင်လွှားသော ဦးခေါင်းများကို နှိမ့်ချကာ ပီယွီ့ကောင်းကင်အရှင်ထံ လေးလေးနက်နက် ဦးညွှတ်လိုက်ကြသည်။
"ကောင်းကင်အရှင် လူကြီးမင်း စိတ်ချပါ၊ ကျွန်တော်တို့ အငယ်ကိုအနိုင်ကျင့်တဲ့ လုပ်ရပ်မျိုးကို ဘယ်တော့မှမလုပ်ပါဘူး "
" ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ အရာတွေအတွက် ကျွန်တော်တို့ မဟာလမ်းစဉ် ကျိန်ဆိုချက်ဖြင့် ကတိပြုလိုပါတယ် ၊ ကျွန်တော်တို့ ဘယ်သူ့ကိုမှ ထုတ်ဖော်ပြောဆိုမှာ မဟုတ်ပါဘူး"
"အကယ်၍ ချိုးဖောက်ခဲ့ရင် ၊ ကောင်းကင်ဘုံရဲ့ ပြစ်ဒဏ်ကို ခံရပြီး ဘယ်တော့မှ ပြန်လည်ဝင်စားခြင်း မခံရပါစေနဲ့ !"
"ကောင်းပြီ"
ပီယွီ့ကောင်းကင်အရှင် သည် ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်ပြီး ၊ သူမ၏ ပုံသဏ္ဍာန်သည် မဟာလမ်းစဉ် အာကာသအတွင်း ဖြည်းညှင်းစွာ ပျောက်ကွယ်သွားလေသည်။
ပီယွီ့ကောင်းကင်အရှင်၏ အငွေ့အသက်သည် လုံးဝ ပျောက်ကွယ်သွားသည်ကို ခံစားမိပြီးနောက် ၊
ထိုမှသာလျှင် အမတဘုရင်များသည် ဖြည်းညှင်းစွာ ခေါင်းမော့ရဲတော့သည်။
သို့သော် သူတို့၏စိတ်နှလုံးသားများသည် ယခုထိတိုင် တုန်လှုပ်နေဆဲ ဖြစ်သည်။
ဘာတွေဖြစ်ခဲ့သွားမှန်း သူတို့ကိုယ်တိုင် မသိသော်လည်း ၊ သို့သော် ဤနေရာမှ ခံစားမိသော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားသည် ပီယွီ့ကောင်းကင်အရှင်၏ ဝင်ရောက်စွက်ဖက်မှု ဖြစ်မည်မှာ အသေချာပင် ဖြစ်သည်။
" စူးချန်ကဲ ရဲ့ ကာကွယ်စောင့်ရှောက်သူက ပီယွီ့ကောင်းကင်အရှင် လူကြီးမင်း ဖြစ်နေမယ်လို့ ထင်မထားဘူး....."
"အတုမရှိတဲ့ ပင်ကိုယ်အစွမ်းအစ.... ကောင်းကင်ဘုံကို အန်တုနိုင်တဲ့ နောက်ခံ.... ဒီလောက်အားကောင်းတဲ့ ကာကွယ်စောင့်ရှောက်သူ..."
ဤအထိ စဉ်းစားလိုက်ပြီးနောက်၊ အမတဘုရင် များသည် ဆက်လက် ထင်ကြေးမပေးတော့ဘဲ ရပ်တန့်လိုက်ကြသည်။
သူတို့သည် အမတဘုရင်များ ဖြစ်သော်လည်း၊ ဒဏ္ဍာရီထဲက အတုမရှိသော အမတဧကရာဇ်မင်းများ မဟုတ်ကြချေ။
ယင်းအတွင်းရှိ လျှို့ဝှက်ချက်ကို တူးဖော်ရန် အရည်အချင်း မရှိသလို စွမ်းဆောင်ရည်လည်း မရှိပေ။
ထို့အပြင်၊ ယနေ့ မြင်တွေ့ခဲ့ရသော ဤမြင်ကွင်းကိုလည်း သူတို့သည် ဝမ်းထဲတွင်သာ မြှုပ်နှံထားရမည် ဖြစ်ပြီး၊ မည်သူ့ကိုမှ ဖော်ထုတ်ခွင့်မရှိသလို ၊ မိမိ၏ မိသားစုဝင်များ နှင့် ဂိုဏ်းသခင်ထံ၌ပင် ဖော်ပြခွင့်မရှိပေ ။
သို့မဟုတ်ပါက၊ သူတို့သည် ပြန်လမ်းမရှိသော ချောက်နက်ထဲသို့ ဆွဲခေါ်ခံရပြီး သင်္ချိုင်းမရှိ သေဆုံးရပေလိမ့်မည်။
သို့သော် ဤအရာကိုတော့ သေချာပေါက် ဆိုနိုင်သည်။ ဒေဝလောက ပြန်လည်စတင်ရာခေတ်တွင်၊ အမတနယ်မြေ၏ ကောင်းကင်ကြီးသည် စတင် ပြောင်းလဲပေတော့မည်။
.....
တစ်ချိန်တည်းမှာပင် ၊
ဟွရှင်းရှေးဟောင်းမြို့ အတွင်း၌ ၊
စူးချန်ကဲ နှင့် ယွမ်ချန်းဟုန်တို့၏ တိုက်ပွဲ ပြီးဆုံးသွားသည်နှင့်အမျှ၊ စစ်မြေပြင်တစ်ခုလုံးသည် ထူးဆန်းသော တိတ်ဆိတ်မှုအဖြစ် ပြောင်းလဲသွားသည်။
လူတိုင်း မျက်လုံးများ ပြူးကျယ်စွာဖြင့် စိုက်ကြည့်နေကြသည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ ကြောက်ရွံ့ထိတ်လန့်နေသော အကြည့်များသည် စစ်မြေပြင်၏ အလယ်ဗဟိုတွင် စုပြုံနေကြပြီး၊ အသက်ကိုပင် ကျယ်လောင်စွာ မရှုရှိုက်ဝံ့ပေ။
ကောင်းကင်ပြင်တစ်ခုလုံး ထောင်းထောင်း ထနေသော ဖုန်မှုန့်များကြား ၊ အဖြူရောင်ဝတ်စုံရှင် တစ်ဦးတည်းသာ ရပ်နေပြီး သူ၏ လက်ထဲတွင် မျက်စိမှိတ်ရန် ငြင်းဆန်နေသော ဦးခေါင်းတစ်လုံးကို ကိုင်ဆောင်ထားသည်။
" ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ......"
ချလွင် ......
မြေပြင်ပေါ်သို့ ပြုတ်ကျလာသည့် လက်နက်မျိုးစုံ၏ အသံများသည် ကျယ်လောင်စွာ ထွက်ပေါ်လာသည်နှင့်အမျှ၊ ထျန်းယွမ်နတ်ဘုရားမင်းဆက် မှ ပါရမီရှင်များသည် မြေပြင်ပေါ်သို့ ခွေလဲကျသွားပြီး ဖြူဖျော့သော အမူအရာများဖြင့် တိုးတိုးလေး ပြောဆိုနေကြသည်။
"ချန်းဟုန် မင်းသား....... သေသွားပြီ.......?!"
ယွမ်ချန်းဟုန် သည် သူတို့ ထျန်းယွမ်နတ်ဘုရားမင်းဆက်၏ မင်းသားတစ်ပါး ဖြစ်သလို ၊ ရှေးမင်းဆက်၏ သွေးသားလည်း ဖြစ်သည်။
သူ၏ အရည်အချင်းသည် ယှဉ်နိုင်စရာမရှိအောင် ကောင်းမွန်ပြီး ၊ ထိုက်ချင်တာအိုရွှမ်ခန္ဓာကိုယ်နဲ့ ပေါင်းစပ်လိုက်သည့်အခါ ဤသို့သော ပုဂ္ဂိုလ်မျိုးသည် အမတနယ်မြေ တစ်ခုလုံးတွင် ထိပ်တန်းဟု ဆိုနိုင်သည်။
သို့သော် ယခုအခါတွင် အမတနယ်မြေကို မလျှောက်လှမ်းရသေးခင်မှာပင် ၊ စူးချန်ကဲ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသည်။
............
ခဏတာ တိတ်ဆိတ်သွားပြီးနောက်၊
နောက်အခိုက်အတန့်တွင် ဖုန်းယွင်လှံခန်းမ နှင့် ထျန်းချန်လမ်းစဉ်ဂိုဏ်း မှ တပည့်များ၏ ထိတ်လန့်တုန်လှုပ်နေသော အသံများ ထွက်ပေါ်လာခဲ့သည်။
" သေစမ်း ! ဒါ ဘယ်လိုဖြစ်သွားတာလဲ..... ယွမ်ချန်းဟုန် က ဒီလိုနဲ့ သေသွားပြီလား!"
"ယွမ်ချန်းဟုန် သေသွားပြီ၊ ထျန်းယွမ်နတ်ဘုရားမင်းဆက် က ကောင်တွေ သူတို့ရဲ့ ခေါင်းဆောင်ကို ဆုံးရှုံးလိုက်ရပြီ၊ ဒါက ငါတို့အတွက်လည်း အတော်လေး နစ်နာတယ်!"
" သွားပြီ! အခြေအနေ ပြောင်းသွားပြီ! ဆက်မတိုက်နိုင်တော့ဘူး၊ မြန်မြန် ထွက်ပြေးရမယ်!"
သို့သော် ထိုအင်အားစုနှစ်ခုနှင့် မတူသည်မှာ၊ ကွေးယွမ်အမတဂိုဏ်း နှင့် ယောင်ကွမ်အမတဂိုဏ်းမှ ပါရမီရှင်တို့သည် စိတ်ဓာတ်များ တက်ကြွလာခဲ့သည်။
"ဟားဟားဟား! ယွမ်ချန်းဟုန် သေပြီ! ညီအစ်ကိုတို့ ငါ့နောက်ကိုလိုက်ပြီး ဒီလူယုတ်မာတွေကို သတ်ပစ်ကြ!"
ဝမ်မင် သည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူသည် ကြောက်ခမန်းလိလိ စွမ်းအားများကို နောက်တစ်ဖန် ထုတ်လွှတ်လိုက်ပြီး ၊ ကြယ်တစ်ပွင့်လို တောက်ပသော သူ၏ လက်သီးများဖြင့် ကြောင်အမ်းနေကြဆဲ ဖြစ်သော ထျန်းယွမ်နတ်ဘုရားမင်းဆက်မှ တပည့်တချို့ကို ချက်ချင်းလက်ငင်း သတ်ဖြတ်ပစ်လိုက်သည်။
စူးချန်ကဲသည် အနိုင်ရလိမ့်မည်ဟု အရင်ကတည်းက သူ သိထားသော်လည်း၊ သို့သော် တဖက်လူသည် ဤမျှလောက် မြန်မြန်ဆန်ဆန် အနိုင်ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
နာရီဝက်အတွင်း ၊ ယွမ်ချန်းဟုန်ကို သတ်နိုင်ရန် မည်မျှအားကောင်းသော ခွန်အားကို လိုအပ်လိမ့်မည်နည်း။
"သတ်! ဒီအင်အားစုသုံးဖွဲ့က လူယုတ်မာတွေကို အကုန် သတ်ပစ်!"
ကွေးယွမ်အမတဂိုဏ်း နှင့် ယောင်ကွမ်အမတဂိုဏ်း တို့မှ ထိပ်တန်းပါရမီရှင်များသည် ၎င်းတို့၏ ခန္ဓာကိုယ်အတွင်းရှိ အမတစွမ်းအင်များကို ထပ်မံ ထုတ်လွှတ်လိုက်သည်။
ဝုန်း ဝုန်း !!
ခဏတာ ငြိမ်သက်သွားသော တိုက်ပွဲသည် နောက်တစ်ဖန် ပေါက်ကွဲထွက်လာသည်။
ဤအင်အားစုသုံးဖွဲ့သည် သူတို့ကို စော်ကားပြီးပြီ ဖြစ်ရာ၊ ညတာရှည် အိမ်မက်များခြင်းကို ရှောင်ရှားရန် ဤနေရာတွင် တိုက်ရိုက် ဖြေရှင်းခြင်းက ပို၍ကောင်းသည်။
ယွမ်ချန်းဟုန်၏ သေဆုံးမှုနှင့်အတူ၊ စိတ်ဓာတ် အလွန် တက်ကြွလာသော ကွေးယွမ်အမတဂိုဏ်း နှင့် ယောင်ကွမ်အမတဂိုဏ်း မှ ကျင့်ကြံသူများ၏ ရှေ့မှောက်တွင် အင်အားစုသုံးဖွဲ့ မှ ကျင့်ကြံသူများအဖို့ ခုခံနိုင်စွမ်း မရှိတော့ပေ။
မျက်စိတမှိတ်အတွင်းမှာပင် ၊ အော်ဟစ်သံများသည် အဆက်မပြတ် ထွက်ပေါ်လာလေ၏။
သွေးအန်သံ!
ပူပြင်းသော သွေးများ ပက်ဖြန်းကာ ကောင်းကင်ပြင်တစ်ခုလုံး သွေးများဖြင့် စွန်းထင်းစေခဲ့သည်။ ထို့အပြင် ကြေကွဲဖွယ်ကောင်းသော ငိုကြွေးသံများနှင့် ပေါင်းစပ်လိုက်သည့်အခါ စောင့်ကြည့်နေသူတိုင်း၏ ဦးခေါင်းတစ်ခုလုံးကို ထုံကျင်သွားစေသည်။
"ဘုရားရေ..... ကွေးယွမ်အမတဂိုဏ်း နဲ့ ယောင်ကွမ်အမတဂိုဏ်းတို့ရဲ့ ပုံစံကိုကြည့်ရင်၊ ဒီအင်အားစုသုံးဖွဲ့က လူတိုင်းကို အပြီးသတ် သုတ်သင်ဖို့ ရည်ရွယ်ထားပုံပဲ!"
"လူတွေ က ဒီလောက်တောင် သေသွားပြီ .. အင်အားစုသုံးဖွဲ့ရဲ့ ကာကွယ်စောင့်ရှောက်သူတွေက ဘာလို့ ခုထိ ထွက်မလာကြတာတုန်း"
အချို့သော ပါရမီရှင်များက သံသယဖြစ်ကာ မေးခွန်းထုတ်လိုက်ကြသည်။
"ဟား၊ ငတုံးကောင် ! ကာကွယ်စောင့်ရှောက်သူ မရှိလို့နေမှာပေါ့ "
"ပြီးတော့၊ အမတနယ်မြေရဲ့ လူငယ်မျိုးဆက်မှာ မျိုးဆက်ဟောင်းတွေ မပါဝင်ရဘူးဆိုတာ မူလကတည်းက သတ်မှတ်ထားတဲ့ စည်းကမ်းပဲလေ!"
"ဒါပေမဲ့..... သေတဲ့လူက များနေပြီနော်!"
ထိုကျင့်ကြံသူက နောက်ထပ် စကားတစ်ခွန်း ထပ်ပြောလိုက်သည်။
ဤလူများသည် အမတနယ်မြေ၏ ခေတ်ပြိုင် ပါရမီရှင်များဖြစ်ကာ၊ ပထမဆုံးအကြိမ်အဖြစ် အမတနယ်မြေတစ်ခွင်သို့ လှည့်လည်အတွေ့အကြုံယူခြင်း ဖြစ်ပေသည် ။
သို့သော် မျှော်လင့်မထားသည်မှာ ပထမဆုံးအကြိမ်မှာပင် ဤမျှလောက် ကြီးမားသော တိုက်ပွဲကြီးကို မြင်တွေ့လိုက်ရပြီး၊ ဟွရှင်းရှေးဟောင်းမြို့ တစ်ခုလုံး သွေးများဖြင့် ပြည့်နှက်နေလေ၏။
ဘယ်နေရာကိုပင် ကြည့်ကြည့် ၊ အထပ်လိုက်အပုံလိုက် ရှိသော အလောင်းများကို မြင်တွေ့နေရပြီး ၊ ဤအခိုက်အတန့်တွင် အင်အားစု ငါးဖွဲ့စလုံး အသေအကြေ တိုက်ခိုက်နေကြသည်။