ဝှက်ဖဲကို အသုံးပြုခြင်း ၊ အဆိပ်တစ်သောင်း နတ်ဘုရားပိုးကောင်
Vol. 59 Ch. 776
ထို့ကြောင့် သူသည် တဖက်လူ၏ အချိန်ကို ဝင်သက်ထွက်သက် အချိန်တစ်ချက်မျှသာ ရပ်တန့်နိုင်သည်။
ဝီ!!
အလုံးစုံသောလမ်းစဉ် ဗလာနိတ္ထိမျက်လုံးတော် ၏ အချိန်နှင့်အာကာသ ရပ်တန့်ခြင်းစွမ်းအားများ ပေါက်ကွဲထွက်လာသည်နှင့် ၊ ကောင်းကင်အဆိပ်စွမ်းအားဖြင့် ဖွဲ့စည်းထားသော ဥက္ကာခဲများသည် လေထုအလယ်တွင် ရပ်တန့်သွားကြသည်။
နောက်အခိုက်အတန့်တွင် ၊ လောကတစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်သည့် ဓားစွမ်းအင်များသည် ဟိန်းဟောက်ကာ ထွက်ပေါ်လာလေ၏။
၎င်းတို့သည် တောက်ပသော နဂါးငွေ့တန်းကဲ့သို့ စူးချန်ကဲ၏ ဘေးပတ်ပတ်လည်တွင် ဝိုင်းရံနေသည်။
ရွှမ်း!!
ဝင်သက်ထွက်သက် တစ်ချက်အတွင်းမှာပင်၊
စူးရှတောက်ပသော အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
၎င်းသည် ကောင်းကင်နှင့် မြေကြီးကို ဖြတ်သန်းသွားသည်နှင့်အမျှ ၊ ကောင်းကင်နှင့် မြေကြီးကို နှစ်ခြမ်းခွဲကာ ယင်နှင့်ယန်ကို ခွဲထုတ်လိုက်သလိုပင် ။
ထို့နောက် ၊ တစ်ခုနှင့်တစ်ခု ကန့်လန့်ပိုင်းဖြတ်သွားသော အဖြူရောင်အလင်းတန်းသည် တခဏချင်း ပျောက်ကွယ်သွားသည်။
ဝုန်း !!
စူးချန်ကဲ၏ ပုံသဏ္ဍာန်သည် မြေပေါ်သို့ ဆင်းသက်လာသည့် တစ်ချိန်တည်းမှာပင် မိုးမြေတစ်ခွင်ကို တိုက်စားနေသော ကောင်းကင်အဆိပ် ဥက္ကာမိုးများသည် ပေါက်ကွဲသွားသော ပူဖောင်းများကဲ့သို့ လုံးဝပျောက်ကွယ်သွားသည်။
" ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.......!?"
ထိုမြင်ကွင်းကို မြင်လိုက်ရသော ထျန်းယွီလော့ရုံမှာ လုံးဝ ဆွံ့အသွားသည်။
သူမသည် ကောင်းကင်အဆိပ် နယ်ပယ်ကို ဖွဲ့စည်းခဲ့ရုံသာမက၊ ကောင်းကင်အဆိပ် မရဏ ခန္ဓာ၏ မူလရင်းမြစ်စွမ်းအားကိုပင် အပြည့်အဝ ပေါက်ကွဲလိုက်သေးသည်။
သို့သော် စူးချန်ကဲသည် ဤမျှ ပေါ့ပေါ့ပါးပါး ဖြေရှင်းနိုင်ခဲ့လေသလော။
ထို့အပြင် ထျန်းယွီလော့ရုံ၏ စိတ်ဝိညာဉ်ကိုပင် တုန်လှုပ်စေခဲ့သည်မှာ ခုနလေးတင် ဤနေရာရှိ အချိန်နှင့် အာကာသသည် ဝင်သက်ထွက်သက် တစ်ချက်စာ ရပ်တန့်သွားဟန်ရှိပြီး ၊ နတ်ဘုရားဝိညာဉ်၏ အာရုံခံစားနိုင်စွမ်းနှင့် စူးစမ်းနိုင်စွမ်းမှလွဲ၍ ကမ္ဘာပေါ်ရှိ အရာအားလုံးသည် ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ဤဖြစ်စဉ်သည် အလွန်ဆန်းကြယ်ပြီး စိတ်ကူးယဉ်ဆန်လွန်းကာ၊ တစ်စက္ကန့်အတွင်း ဖြစ်ပျက်သွားသောကြောင့် ထျန်းယွီလော့ရုံသည်ပင် သူမ၏ အာရုံခံနိုင်စွမ်းကို သံသယဖြစ်မိခဲ့သည်။
"ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိတာကလည်း ကောင်းတဲ့အရာပဲ"
ထျန်းယွီလော့ရုံ မှင်သက်နေစဉ်မှာပင် ၊ စူးချန်ကဲ၏ ပုံသဏ္ဍာန်သည် သူမ၏ ရှေ့မှောက်တွင် လျှပ်တပြက် ထွက်ပေါ်လာခဲ့သည်။
" ဒါပေမဲ့ ၊ လူပေါ် မူတည်သေးတယ် "
ချွင်——
ပြတ်သားသော ဓားသွားသံတစ်ချက် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
စူးချန်ကဲသည် ရန်သူကို တုံ့ပြန်ရန် အခွင့်အရေး အနည်းငယ်မျှ မပေးဘဲ ကောင်းကင်လမ်းစဉ် အာဏာစက်ဓားဖြင့် ထျန်းယွီလော့ရုံ၏ ခေါင်းကို ခုတ်ပိုင်းလိုက်သည်။
ဝုန်း !!
ဓားစွမ်းအင်များစွာ ပေါက်ကွဲထွက်လာပြီး ၊ ဟင်းလင်းပြင်သည်ပင် ရွဲ့စောင်းသွားသည်။
အမြင့်ပေတစ်သောင်းရှိ ဓားစွမ်းအင် မှိုတိမ်တစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ၊ ခမ်းနားထည်ဝါသော ဓားစွမ်းအင်များသည် ကောင်းကင်နှင့်မြေကြီးကို အရည်ကျိုပစ်နိုင်စွမ်းရှိပုံရသည်။
သို့သော် နောက်အခိုက်အတန့်တွင် ၊ ယင်းအတွင်း၌ စိမ်းပြာရောင် အလင်းတန်းသည် လျှပ်တပြက် ပြေးဖြတ်သွားသည်။ ထျန်းယွီလော့ရုံသည် အလွန်ရှုပ်ထွေးသော အခြေအနေတွင်ပင် လွတ်မြောက်နိုင်ခဲ့သည်။
ယခုအချိန်တွင် သူမသည် ယခင်က မောက်မာပြီး ဆွဲဆောင်မှုရှိသည့်ပုံစံနှင့် မတူဘဲ၊ ဆံပင်များက ဖရိုဖရဲဖြစ်နေပြီး အဝတ်အစားများ စုတ်ပြဲနေကာ မြင်ဖို့မသင့်သည့် နေရာအားလုံး အကုန်လုံးနီးပါး လှစ်ဟနေသည်။
သူမ၏ မျက်ဝန်းထဲတွင် ပြင်းထန်သော အမုန်းတရားများဖြင့် ပြည့်နှက်နေပြီး ၊ စူးချန်ကဲအပေါ်တွင် မပြေလည်နိုင်သော ရန်ငြိုးများ ရှိနေသကဲ့သို့ပင်။
အရင်ဆုံး ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့သူမှာ သူမပင် ဖြစ်ပြီး ၊ နောက်ဆုံးတွင် ရှုံးနိမ့်သွားခဲ့သူမှာလည်း သူမပင် ဖြစ်သည်။
သို့သော် ဤမြင်ကွင်းကို မြင်လိုက်ရသော စူးချန်ကဲမှာ အနည်းငယ် အံ့အားသင့်သွားသည်။
ဤသည်မှာ တဖက်လူ၏ပုံစံကြောင့် မဟုတ်ချေ။
အကြောင်းမှာ လော့ရန်ယွီ၏ ဟိမဝန္တာတောင်ကြီးနှင့် နှိုင်းယှဉ်ပါက၊ ထျန်းယွီလော့ရုံ၏ ပစ္စည်းသည် တောင်ကုန်းလေးတစ်ခုမျှသာ ဖြစ်နေသည်။
အမှန်အားဖြင့် ဆိုရသော် ၊ ထျန်းယွီလော့ရုံသည် မိမိ၏ ဓားချက်ကို ဤမျှနီးကပ်စွာ ခံယူပြီးသည့်တိုင်အောင် ၊ အဝတ်အစား စုတ်ပြဲကာ အပေါ်ယံဒဏ်ရာ အနည်းငယ်ရခြင်းမှအပ ဘာမှမဖြစ်သကဲ့သို့ ရှိနေသဖြင့် အံ့အားသင့်ခဲ့ရခြင်း ဖြစ်သည်။
"စိတ်ဝင်စားစရာပဲ၊ မင်း ငါ့ရဲ့ ပထမဓားချက်ကို ခံနိုင်ရင်၊ ငါ့ရဲ့ ဒုတိယဓားချက်ကိုပါ ခံနိုင်သေးလား ငါ ကြည့်ကြည့်မယ်"
ထိုစကားသံအဆုံးတွင် ၊ ဓားသည် မြှောက်တတ်လာသည်။
စူးချန်ကဲသည် လေပြင်းမုန်တိုင်းကဲ့သို့ ပြင်းထန်သော ဓားစွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။
ဤမျှပြင်းထန်သော တိုက်ခိုက်မှုရှေ့တွင်၊ မူလကတည်းက ဒဏ်ရာအပြင်းအထန် ရထားသော ထျန်းယွီလော့ရုံအဖို့ ခုခံရန်ခဲယဉ်းပြီး နောက်သို့ ဆုတ်ခွာရင်း ၊ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ဓားစွမ်းအင်ဖြင့် ခုတ်ထစ်ခံရသော ဒဏ်ရာဒဏ်ချက်များစွာ ဖြစ်ပေါ်လာခဲ့သည်။
ယခင်က မောက်မာသော အလှပဂေးနှင့် ယှဉ်ရင် ၊ ယခုအချိန်တွင် ထျန်းယွီလော့ရုံ၏ ပုံသဏ္ဍာန်သည် အတော်လေး ကြေကွဲဖွယ်ကောင်းလှသည်။
"စူးချန်ကဲ! ဒါ နင် ငါ့ကို ဖိအားပေးတာပဲ!"
စိတ်ထဲတွင် ဒေါသတကြီး ကျိန်ဆဲပြီးနောက် ၊
ထျန်းယွီလော့ရုံသည် သိလိုက်သည်။ အကယ်၍ မိမိ၏ဝှက်ဖဲကို ထုတ်မသုံးပါက ၊ သူမသည် ဤနေရာတွင် အမှန်တကယ် သေရပေတော့မည်။
"မရဏ ကောင်းကင်အဆိပ်၊ ထွက်ပေါ်စေ!"
ထိုစကားသံအဆုံးတွင် ၊
မိုးမြေတစ်ခွင် မျောလွင့်နေသော ကောင်းကင်အဆိပ်စွမ်းအင်များသည် ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခု၏ ဆင့်ခေါ်မှုကို ခံလိုက်ရသကဲ့သို့ ထျန်းယွီလော့ရုံ၏ ဘေးပတ်ပတ်လည်တွင် အရူးအမူး စုပြုံလာကြသည်။
“ဒါက......”
တစ်ချိန်တည်းမှာပင် ၊
ဤကြီးမားသော လှုပ်ရှားမှုသည် လူတိုင်း၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။
သူတို့၏ အကြည့်များသည် စစ်မြေပြင်အလယ်ဗဟိုသို့ သူ့အလိုလို ရောက်ရှိသွားပြီး ၊ မျက်လုံးအိမ်များသည် အလွန်အမင်း ကျုံ့ဝင်သွားကာ မျက်နှာအမူအရာများသည် ထိတ်လန့်နေပုံရသည်။
မျက်စိထဲဝင်လာသည်မှာ ဧရာမ ဓမ္မရုပ်ထုကြီး ဖြစ်သည်။ ၎င်းသည် လက်တစ်ထောင် ကွမ်ယင်မယ်တော် ရုပ်ထုနှင့် တူသည်ဟု ဆိုရမည်။
သို့သော် လောကီသားတို့ သိကြသည့် တောက်ပသော ဗုဒ္ဓရောင်ခြည်တော်ရှိသည့် သန့်စင်မြင့်မြတ်သော ကွမ်ယင်မယ်တော်နှင့် မတူဘဲ ၊
ဤလက်တစ်ထောင် ကွမ်ယင်ရုပ်တုမှ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသော စိမ်းပြာရောင် အလင်းတန်းများ ဖြာထွက်နေပြီး၊ ထူးဆန်းသော အဆိပ်ငွေ့များသည် ဤအင်အား၏ ဆွဲဆောင်မှုကို ခံနေရသကဲ့သို့ ရှိနေသည်။
အဆိပ်ငွေ့များသည် လက်တစ်ထောင် ကွမ်ယင်ရုပ်တု တည်ရှိရာ နေရာဆီသို့ အရူးအမူး စုပြုံလာကြသည်။
ထျန်းယွီလော့ရုံ သည် ယခုအချိန်တွင် လက်တစ်ထောင် ကွမ်ယင်၏ အလယ်ဗဟိုနေရာတွင် ပျံဝဲနေသည်။
သူမ၏ထိန်းချုပ်မှုအောက်တွင် ၊
ဝုန်း !!
လက်တစ်ထောင် ကွမ်ယင်ရုပ်တုသည် တစ်ပြိုင်နက် လှုပ်ရှားလာပြီး၊ အဆိပ်ငွေ့များဖြင့် ဖွဲ့စည်းထားသော လက်ဝါးရာများသည် ကောင်းကင်ကြီးကို ဖုံးလွှမ်းထားလေသည်။
သို့သော်၊ ဤသည်မှာ သူမ၏ တကယ့်ဝှက်ဖဲ မဟုတ်သေးပေ။
"ကောင်းကင်အဆိပ်နယ်ပယ်က တဖြည်းဖြည်း ပျောက်ကွယ်နေပြီ..... စူးချန်ကဲ ကို အမြန်ဆုံး မဖြေရှင်းနိုင်ရင်.....
" အခြားကောင်တွေ ဝင်ရောက်စွက်ဖက်လာတော့မယ်"
တီးတိုးရေရွတ်လိုက်ရင်း ၊ ထျန်းယွီလော့ရုံ၏ မျက်ဝန်းထဲတွင် ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။
လက်တစ်ထောင် ကွမ်ယင်ရုပ်တုကို ထိန်းချုပ်လိုက်သည်နှင့် တပြိုင်နက် ၊
ထျန်းယွီလော့ရုံသည် ညာဘက်လက်ဝါးတွင် သူမ၏စွမ်းအားများကို စုစည်းကာ၊ ထို့နောက် ကိုယ့်နှလုံးသားကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။
"သွေးအန်သံ....."
ဤလက်ဝါးချက်ထဲတွင် အားထည့်ထားသောကြောင့် ထျန်းယွီလော့ရုံကို သွေးအမြောက်အမြား အန်ထွက်စေခဲ့သည်။
မိမိကိုယ့်ကိုယ် ညှဉ်းပန်းသည့် လုပ်ရပ်သည် စူးချန်ကဲကို အနည်းငယ် စဉ်းစားရခက်သွားစေသည်။
ထူးဆန်းသည်မှာ ဤသွေးအမြောက်အမြားသည် မြေပြင်ပေါ်သို့ မကျဘဲ ၊ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများ ပါဝင်နေသကဲ့သို့ လုံးဝန်းသော သွေးလုံးတစ်လုံးအဖြစ် ပြောင်းလဲသွားပြီး ၊ ထျန်းယွီလော့ရုံ၏ ရှေ့တွင် မျောလွင့်နေသည်။
"အမ်.....? "
စူးချန်ကဲ၏ အံ့အားသင့်သွားသော အကြည့်အောက်တွင် ၊
အဆိုပါသွေးလုံးသည် အဆက်မပြတ် လည်ပတ်နေပြီး ၊ အထဲတွင် အရာဝတ္ထုတစ်ခုခုက ရစ်ပတ်လှုပ်ရှားနေဟန် ရှိသည်။
ထိုနောက်တွင်၊ အရှည်ငါးလက်မခန့်ရှိပြီး ၊ ရောင်စုံငါးသွယ် ဖြာထွက်နေသော ပိုးကောင်တစ်ကောင်သည် သွေးလုံးထဲမှ တွားထွက်လာခဲ့သည်။
ဤသည်မှာ အဆိပ်တစ်သောင်း နတ်ဘုရားပိုးကောင်ဖြစ်သည်။ ထျန်းယွီလော့ရုံ သည် ၎င်းကို အလွန်ရှေးကျသော လျှို့ဝှက်နယ်မြေ လောကတစ်ခုမှ အားသွန်ခွန်စိုက် ရယူထားခြင်းဖြစ်သည်။
အမတနယ်မြေ၏ ရှေးဟောင်းစာအုပ်များအရ၊ အဆိပ်တစ်သောင်း နတ်ဘုရားပိုးကောင်သည် အမတနယ်မြေ တွင် အလွန်ထူးဆန်းသော တည်ရှိမှုတစ်ခု ဖြစ်သည်။
၎င်း၏ အရေပြားသည် မာကျောကာ၊ မည်သည့်အရာကမှ မဖျက်ဆီးနိုင်သလို ၊ မှော်အတတ်အားလုံးကို ခံနိုင်ရည်ရှိသည်။ အဆိပ်အားလုံးကို စားသုံးသောကြောင့် ကမ္ဘာပေါ်ရှိ အဆိပ်အားလုံးကို ဝါးမျိုနိုင်သော အမတနယ်မြေမှ အဆိပ်ပြင်းသော ပိုးကောင်တစ်ကောင် ဖြစ်လာခဲ့သည်။
၎င်းသည် ကျင့်ကြံသူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်နှင့်၊ တဖက်လူသည် ဤအထူး ပိုးကောင်ထိန်းချုပ်နည်းအတတ်ကို တက်မြောက်ထားခြင်းမရှိပါက ၊ အဆိပ်ပိုးကောင်၏ များပြားလှသော အဆိပ်များကြောင့် တိုက်စားခံရပြီး အဆုံးမရှိသော ဝေဒနာဖြင့် သေဆုံးကြရမည် ဖြစ်သည်။
ထျန်းယွီလော့ရုံသည် အဆိပ်တစ်သောင်း နတ်ဘုရားပိုးကောင်ကို မွေးမြူထားသော်လည်း အဘယ်ကြောင့် ၎င်း၏ လွှမ်းမိုးမှုကို မခံရသနည်း။
ထျန်းယွီလော့ရုံ ပိုင်ဆိုင်သော ကောင်းကင်အဆိပ်မရဏ ခန္ဓာ သည် မူလကတည်းက လောကရှိ အဆိပ်အားလုံးကို ထိန်းချုပ်နိုင်ခြင်းကြောင့် ၎င်း၏ လွှမ်းမိုးမှုကို ခံနိုင်ရည်ရှိကာ ၊ မိမိကိုယ်ကျိုးအတွက် ထိန်းချုပ်အသုံးပြုနိုင်ခဲ့ခြင်း ဖြစ်သည်။