အဆိပ်တစ်သောင်း၏ အာနိသင်ပြသခြင်း
Vol. 59 Ch. 778
အခန်း (၇၇၈) - အဆိပ်တစ်သောင်း၏ အာနိသင်ပြသခြင်း
ခန္ဓာကိုယ်ကို ဖောက်ခွဲလိုက်စဉ်က ၊သူမ၏ ဝိညာဉ်သည် ခန္ဓာကိုယ်မှ ခွဲထွက်ကာ ယွမ်ချန်းဟုန်၏ အလောင်း မပျက်စီးမီ ၊ ၎င်း၏ နှလုံးသားကို ဆွဲထုတ်ယူခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ၊ တစ်ဖက်လူ၏ နှလုံးသားထဲတွင် အသန့်စင်ဆုံးသော ထိုင်ချင်တာအိုရွှမ်ခန္ဓာ၏ အသွေးများပင် ရှိနေသေး၏။
မိမိလိုချင်သော အရာကို ရရှိခဲ့သည်ဟု ဆိုနိုင်သော်လည်း၊ သို့သော် စူးချန်ကဲ နှင့် ဤတစ်ကြိမ်တွေ့ဆုံမှုသည် မိမိ၏ အကြီးမားဆုံးသော ဝှက်ဖဲ နှင့် အသက်တစ်ချောင်းကို ဆုံးရှုံးခံလိုက်ရသည်။
သို့သော် ထိုအရာများထက် ထျန်းယွီလော့ရုံ သည် သူမ မပျောက်ကွယ်ခင်က ၊ ထူးဆန်းသော စွမ်းအားတစ်ခုကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
၎င်းသည် အချိန်နှင့်အာကာသ ရပ်တန့်ခြင်းစွမ်းအားနှင့်တူသည်။ တိုတောင်းသော အချိန်ခဏလေးအတွင်း ဖြစ်ပျက်ခဲ့သော်လည်း သူမသည် ထိုအရာကို ဖမ်းယူလိုက်နိုင်သည်။
ဤအထိ စဉ်းစားလိုက်သည်နှင့်၊ ထျန်းယွီလော့ရုံ၏ စိတ်ထဲတွင် ကြီးမားသော လှိုင်းလုံးကြီးများ တစ်ဖန် ရိုက်ခတ်သွားသည်။
"စူးချန်ကဲ.... ဒီကောင် ဘယ်လိုကောင်လဲ!"
ယခင်က သူမသည် နောက်ဆုံးအနိုင်ရသူမှာ မိမိသာ ဖြစ်မည်ဟု ထင်ထားခဲ့သည်။
သို့သော် ယခုအခါတွင်မူ၊ တကယ့် အနိုင်ရသွားသူမှာ စူးချန်ကဲသာ ဖြစ်နေခဲ့သည်။
......
တစ်ဖက်တွင်မူ ၊
ဟွရှင်းရှေးဟောင်းမြို့ အတွင်း၌ ၊
အဆိပ်ငွေ့များသည် မိုးမြေတစ်ခွင် တိုးဝှေ့ပျံ့နှံ့နေသည်။
အချိန်အတော်တန် ကြာမြင့်ပြီးနောက် ၊ ဟွရှင်းရှေးဟောင်းမြို့၌ ဖြစ်ပေါ်နေသော ဖရိုဖရဲမြင်ကွင်းသည် တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။
အဆိပ်ငွေ့ ပေါက်ကွဲမှု၏ ဗဟိုချက်တွင် မုန်တိုင်းတစ်ခု ဖြတ်သန်းတိုက်ခတ်သွားသည့်အတိုင်း ပျက်စီးဆုံးရှုံးသော မြင်ကွင်းများဖြင့် ပြည့်နှက်နေသည်။
လေထုထဲတွင် လူကို အသက်ရှူကျပ်စေသည့် အဆိပ်ငွေ့များစွာ ကျန်ရှိနေဆဲဖြစ်သည်။
စစ်မြေပြင်၏ ပတ်ဝန်းကျင်တွင်၊ ကွေးယွမ်အမတဂိုဏ်းမှ တပည့်များ ၊ ယောင်ကွမ်အမတဂိုဏ်းမှ တပည့်များ နှင့် ရပ်ကြည့်နေသူများသည် ယခုထိတိုင် ထိတ်လန့်တုန်လှုပ်နေကြဆဲ ဖြစ်ပြီး ၊ ၎င်းတို့၏ မျက်နှာအမူအရာများသည် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
ထိုအချိန်တွင်၊ လေညင်းတစ်ချက် တိုက်ခတ်သွားလေရာ စစ်မြေပြင်၏ အလယ်ဗဟိုရှိ ထူထပ်သော မြူမှိုင်းများနှင့် ဖုန်မှုန့်များသည် လုံးဝ ပျောက်ကွယ်သွားပြီး ၊ အဖြူရောင်ဝတ်စုံရှင် တစ်ဦး၏ ပုံသဏ္ဍာန်သည် ယင်းအတွင်းမှ ဖြည်းညှင်းစွာ ပေါ်ထွက်လာခဲ့သည်။
"ချန်ကဲ ဆက်ခံသူပဲ!"
"ကောင်းလိုက်တာ! ချန်ကဲ ဆက်ခံသူ ဘာမှမဖြစ်ဘူး!"
ကွေးယွမ်အမတဂိုဏ်း မှ တပည့်များသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကုန်ကြသည်။
သို့သော် မကြာမီတွင် ၊ သူတို့၏ မျက်နှာအမူအရာများသည် ရုတ်တရက် ပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် ယခုတစ်ကြိမ်တွင် စူးချန်ကဲသည် သူတို့၏ မှတ်ဉာဏ်ထဲကအတိုင်း လက်နှစ်ဖက်ကို နောက်ပစ်လျက် ပေါ့ပေါ့ပေါ့ပါးပါး ရပ်နေခြင်း မဟုတ်ဘဲ ၊
မြေပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်ကာ လဲကျနေသည်။ ထို့အပြင် သူ၏ ညာဘက်လက်ဖြင့် ဘယ်ဘက်လက်မောင်းကို တင်းတင်းကျပ်ကျပ် ဖိထားပြီး ၊ လက်မောင်းတစ်လျှောက် စီးကျလာသာ သွေးများကို မြင်ရသည်မှာ အတော်လေး စိတ်မကောင်းဖြစ်စေသည်။
ဤမြင်ကွင်းကြောင့် ကွေးယွမ်အမတဂိုဏ်းမှ ပါရမီရှင်တပည့်များသည် မျက်နှာအမူအရာများ ပြောင်းလဲသွားခဲ့ကြခြင်း ဖြစ်သည်။ သူတို့မျက်လုံးထဲတွင် အတုမရှိသော ချန်ကဲ ဆက်ခံသူသည် ဒဏ်ရာရရှိသွားခဲ့လေသလော။
၎င်း၏ ဆိုးရွားနေသော မျက်နှာအမူအရာအရ ၊ အခြေအနေသည် အနည်းငယ် မကောင်းပုံရသည်။
"ချန်ကဲ!"
ဟစ်အော်သံတစ်ချက် ရုတ်တရက် ထွက်ပေါ်လာသည်။
လော့ရန်ယွီသည် အလွန်လျင်မြန်သော အရှိန်နှုန်းဖြင့် စူးချန်ကဲ၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။
သို့သော် သူမ အနီးနားသို့ မရောက်ခင်မှာပင် ၊ စူးချန်ကဲ၏ တားဆီးသံကို ကြားလိုက်ရသည်။
"ရန်ယွီ! မလာနဲ့!"
ယခုအချိန်တွင် စူးချန်ကဲ၏ မျက်နှာအမူအရာသည် အတော်လေး မသက်မသာဖြစ်နေပြီး ၊ နဖူးပေါ်တွင် ချွေးစေးများဖြင့် ပြည့်နှက်နေကာ အလွန်အမင်း နာကျင်နေပုံရသည်။
အဆိပ်တစ်သောင်း နတ်ဘုရားပိုးကောင်မှ သူ့ကို မတိုက်ခိုက်မီ ၊ စူးချန်ကဲသည် အလုံးစုံသောလမ်းစဉ် ဗလာနိတ္ထိမျက်လုံးတော် ၏ အချိန်နှင့်အာကာသ ရပ်တန့်ခြင်းစွမ်းအားကို စတင်အသုံးပြုခဲ့သော်လည်း ၊
သို့သော် ဤအဆိပ်တစ်သောင်း နတ်ဘုရားပိုးကောင်သည် အလွန်ဆန်းကြယ်လွန်းသည်။ မိမိသည် ဗလာနိတ္ထိမျက်လုံးတော်၏ စွမ်းအား တစ်စိတ်တစ်ပိုင်းကို အသုံးပြုခဲ့သည့်တိုင် ၎င်းကို လုံးဝ မသတ်နိုင်ခဲ့ပေ။
အဆိပ်တစ်သောင်း နတ်ဘုရားပိုးကောင်သည် မသေဆုံးခင်မှာပင် စူးချန်ကဲကို ကိုက်မိခဲ့ပြီး၊ ထိုအဆိပ်တစ်သောင်း စွမ်းအားသည် သူ၏ ဒဏ်ရာမှတစ်ဆင့် သွေးကြောများတစ်လျှောက် စီးဆင်းကာ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားခဲ့သည်။
စူးချန်ကဲသည် ယခုအချိန်တွင် ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောများ ထုံကျင်နေသည်ကို ခံစားနေရပြီး ၊ သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားများသည်ပင် ထိန်းချုပ်၍မနိုင်လောက်အောင် ဆန့်ငင်ဆန့်ငင် ဖြစ်နေသည်။
တစ်ခါတစ်လေ အဆုံးမဲ့ မီးလျှံငရဲထဲသို့ ကျရောက်နေသည့်အလား ခံစားရပြီး၊ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို မခံမရပ်နိုင်အောင် ပူလောင်စေသည်။
တစ်ခါတစ်လေ နှစ်ပေါင်းတစ်သောင်း ရေခဲဂူထဲတွင် ရှိနေသကဲ့သို့ ခံစားရပြီး၊ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အေးစက်ကာ ထိန်းမနိုင်သိမ်းမရ တုန်ယင်သွားစေသည်။
ထို့အပြင် သူ၏စိတ်ဝိညာဉ်ကိုပင် သက်ရောက်စေခဲ့သည် ။ စိတ်ဝိညာဉ် ပြိုကွဲခြင်း၏ ပြင်းထန်သော ဝေဒနာသည် သူ့နှလုံးသားကို ပုရွက်ဆိတ်တစ်ထောင်က ကိုက်ဖြတ်စားသောက်နေသကဲ့သို့ ခံစားရစေသည်။ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုသာမက၊ သူ၏ ရုပ်ခန္ဓာလည်း ဆိုးရွာသောဝေဒနာကို ခံစားနေရသည်။
ဒီရေအလား အဆက်မပြတ် တိုးဝှေ့လာသော ပြင်းထန်သည့် နာကျင်မှုကြောင့် စူးချန်ကဲသည် သတိလက်လွတ်ဖြစ်ကာ မြေပြင်ပေါ် သို့ လဲကျသွားသည်။
"ချန်ကဲ!"
လော့ရန်ယွီ သည် ဟစ်အော်လိုက်ပြီး ၊ လဲကျတော့မည့် စူးချန်ကဲကို အလျင်အမြန် ဖက်ထားလိုက်သည်။
သို့သော် စူးချန်ကဲ၏ ဘယ်ဘက်လက်မောင်း ပေါ်ရှိ ဒဏ်ရာကို မြင်လိုက်ရချိန်တွင်၊ လော့ရန်ယွီသည်ပင် အံ့ဩမှင်သက်သွားသည်။
စူးချန်ကဲ၏ ဘယ်ဘက်လက်မောင်း နေရာရှိ အင်္ကျီလက်သည် လုံးဝ စုတ်ပြဲနေပြီး၊ လက်ချောင်းတစ်ချောင်းစာ အရွယ်စားခန့်ရှိသော သွေးပေါက်တစ်ခု ရှိနေခဲ့သည်။
ပို၍ပင် ကြောက်ရွံ့စရာကောင်းသည်မှာ၊ ထိုသွေးပေါက်အတွင်းမှ စီးကျလာသော သွေးများသည် ထိတ်လန့်စရာကောင်းသော အနီရောင် မဟုတ်ဘဲ အလွန်ထူးဆန်းသော အစိမ်းရောင် ဖြစ်နေခြင်းပင်။
အစိမ်းရောင်သွေးများ စီးယိုကျလာသည်နှင့် အမျှ ၊ အလွန်ဆိုးရွားသော အနံ့ဆိုးရှိသည့် အစိမ်းရောင်အငွေ့များသည် ထိုသွေးပေါက်ထဲမှ တလူလူ ထွက်ပေါ်လာသည်။
ပင့်ကူအိမ်ကဲ့သို့ သွေးကြောများသည် စူးချန်ကဲ ၏ အရေပြားမျက်နှာပြင်ပေါ်တွင် ဖောင်းကြွလာပြီး ၊ စူးချန်ကဲ၏ ရောင်ဝါသည် ပိုပို၍ အားနည်းလာသည်။
" မကောင်းတော့ဘူး !"
ဂိုဏ်းနှစ်ခုမှ ကျင့်ကြံသူများသည် ဝိုင်းအုံလာကြသည်။
ဝမ်မင်သည် ထိတ်လန့်နေသော လေသံဖြင့် ဆိုလိုက်သည်။
"ဒီပုံစံကိုကြည့်ရင် ၊ ဒါ သာမန် ဒဏ်ရာရတာနဲ့ မတူဘူး.... အဆိပ်တစ်ခုခုမိသွားပုံရတယ် "
"အဆိပ်.....?"
ဤစကားများထွက်လာသည်နှင့် ၊ ဂိုဏ်းနှစ်ခုမှ ကျင့်ကြံသူများသည် အံ့ဩထိတ်လန့်သွားကြသည်။
စူးချန်ကဲသည် အဆိပ်ငွေ့အတွင်း၌ ဘာမှမဖြစ်သကဲ့သို့ ရှိနေသည်ကို သူတို့ကိုယ်တိုင် မြင်တွေ့ခဲ့ဖူးသည်။ ယခုအခါတွင် မည်သို့ အဆိပ်ခတ်ခံလိုက်ရသနည်း။
ထို့အပြင်၊ မဟာလမ်းစဉ် ကိုယ်ထည်သည် မူလကတည်းက ဆိုးညစ်သောအရာများကို ဖယ်ထုတ်နိုင်ကာ အဆိပ်အားလုံးကို ခုခံနိုင်သည်။
စူးချန်ကဲသည် ကိုယ်ထည်ခြောက်မျိုး ပိုင်ဆိုင်ထားသည်ကို ထည့်ပြောစရာပင်မလိုချေ။ မည်သည့် အဆိပ်မျိုးက စူးချန်ကဲ အပေါ် တွင် ဤမျှ ကြီးမားသော သက်ရောက်မှုကို ဖြစ်စေခဲ့သနည်း။
အတွေ့အကြုံရှိသော ထိပ်တန်း ပါရမီရှင်များသည်ပင် စဉ်းစားရခက်နေသည်။
သူတို့သည် စူးချန်ကဲ အဆိပ်ခတ်ခံလိုက်ရသည့် မြင်ကွင်းကို ကိုယ်တိုင်မမြင်တွေ့ခဲ့သောကြောင့် မည်သည့်အရာက ဤသို့ပြုလုပ်ခဲ့သည်ကို မသိနိုင်ခဲ့ပေ။
သူတို့သည် စူးချန်ကဲ အတွက် အဆိပ်ဖြေပေးလိုသော်လည်း ၊ အဆိပ်၏ အရင်းအမြစ်ကို မသိရသေးသောကြောင့် မည်သည့်နေရာမှ စတင်ရမည်ကို မသိနိုင်ဘဲ ဖြစ်နေကြသည်။
လတ်တလောတွင် အဆိပ် ဆက်လက်ပျံ့နှံ့ခြင်းမှ ကာကွယ်ရန် စူးချန်ကဲအတွက် အမတစွမ်းအား အတားအဆီးတစ်ခုကို ဖန်တီးပေးရန်သာ တတ်နိုင်သည်။
"သေစမ်း! ထျန်းချန်လမ်းစဉ်ဂိုဏ်း က ခွေးကောင်တွေ! ချန်ကဲ ဆက်ခံသူကို အဆိပ်ခတ်ရဲတယ်!"
ယဲ့ချုံယွဲ့ က ဒေါသတကြီး ဆိုလိုက်သည်။
"ညီအစ်ကိုတို့ ဒီမှာ ချန်ကဲ ဆက်ခံသူကို စောင့်ကြည့်နေကြ! ငါ လူတွေကို ခေါ်ပြီး ဒီကောင်တွေကို ဆက်လိုက်မယ်! အဆိပ်ခတ်တဲ့ ကောင်ကို ရအောင်ခေါ်ခဲ့မယ်!"
"မဖြစ်ဘူး! ငါတို့က အဆိပ်ခတ်သူက ဘယ်သူလဲဆိုတာ မသိဘူး၊ သူ့ကို ရှာတွေ့တဲ့အထိ ချန်ကဲ ဆက်ခံသူအတွက် အဆိပ်ဖြေဖို့ အချိန်မီလောက်မှာ မဟုတ်ဘူး!"
ဝမ်မင် က တိုက်ရိုက် ငြင်းဆိုလိုက်သည်။
"ဒါပေမဲ့၊ ငါတို့က ဒါ ဘာအဆိပ်လဲဆိုတာ မသိဘူးလေ ဘယ်လိုလုပ် အဆိပ်ဖြေလို့ရမှာလဲ!?"
လူတိုင်း ခေါင်းခြောက်နေစဉ် ၊
ရုတ်တရက်၊ စက်ပိုင်းဆိုင်ရာ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"အားရှင်း ကြည့်လို့ရမလား.....အားရှင်း လူကြီးမင်းကို ကူညီနိုင်ကောင်း ကူညီနိုင်လောက်တယ်...."