သေခြင်းဟူသည် အဘယ်နည်း
Vol. 59 Ch. 779
ထိုစကားသံထွက်လာသည်နှင့် ၊
လူတိုင်း နောက်သို့ လှမ်းကြည့်လိုက်ရာ၊ စက်ယန္တရားဖြင့် ဖန်တီးထားသော ရှေးဟောင်းသားရဲတစ်ကောင်ကို မြင်လိုက်ရသည်။
"အားရှင်း.....?"
လူတိုင်း အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့စိတ်ထဲတွင် သံသယဖြစ်မိသော်လည်း၊ အချိန် မလောက်ငှသောကြောင့် ပါရမီရှင်တပည့်များသည် အလွန်အကျွံ မေးမြန်းခြင်း မပြုခဲ့ကြပေ။
ထို့အပြင် ၊ တစ်ဖက်လူသည် အစကတည်းက စူးချန်ကဲ၏ဘေးတွင် ရှိနေခဲ့ပြီး ၊ စူးချန်ကဲကို လျို့ဝှက်တိုက်ခိုက်ရန် ဖြစ်နိုင်ခြေ အလွန်နည်းသည်။
လျှို့ဝှက်တိုက်ခိုက်လိုစိတ်ရှိလျှင်ပင် ၊ ဤမျှများပြားသော မျက်လုံးများက စောင့်ကြည့်နေသောကြောင့် တဖက်လူသည် ဤသို့ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
"ကောင်းပြီ၊ ဒါဆို အားရှင်း ကို အနှောင့်အယှက်ပေးရတော့မယ်!"
ဝမ်မင် သည် ခေါင်းညိတ်လိုက်ပြီးနောက် ၊ ကွေးယွမ်အမတဂိုဏ်း မှ ပါရမီရှင်တပည့်များကို မှာကြားလိုက်သည်။
"မင်းတို့ ဒီနေရာကို တာဝန်ယူကြ၊ ဒီနေရာကို ချဉ်းကပ်လာသူတိုင်း အကုန် သတ်ပစ်!"
ထိုအရာနဲ့တင် မလုံလောက်သေးသည်ဟု ယူဆကာ ၊ ဝမ်မင်သည် ဝိုင်းကြည့်နေသော ကျင့်ကြံသူများကို တချက် ဝှေ့ယမ်းကြည့်ရှုကာ ကျယ်လောင်စွာ အော်ပြောလိုက်သည်။
"အခုအချိန်ကစပြီး ဒီနေရာကို ချဉ်းကပ်လာသူတိုင်း ... သေမယ်!"
......
ဤစကားများထွက်လာသည်နှင့် ၊
စောင့်ကြည့်နေကြသော ပါရမီရှင်တပည့်များ၏ စိတ်ထဲတွင် ကြီးမားသော လှိုင်းလုံးကြီးများ ရိုက်ခတ်သွားခဲ့သည်။
အကွာအဝေးတစ်ခုစာ ဝေးကွာသောကြောင့်၊ သူတို့သည် ယေဘုယျအခြေအနေကိုသာ မြင်နိုင်ခဲ့သည်။ ဤအခြေအနေအရ ၊ စူးချန်ကဲသည် အမှန်တကယ်ပင် ဒဏ်ရာရရှိသွားပုံရသည်။
"အိုင်း..... ငါကတော့ စူးချန်ကဲ က ရိုးရိုးရှင်းရှင်း ဒဏ်ရာရတာလို့ပဲ ထင်ထားခဲ့တာ၊ ကွေးယွမ်အမတဂိုဏ်း ရဲ့ ခုလိုတုံ့ပြန်ပုံအရ အတော်လေး ကြီးမားမယ်နဲ့တူတယ် "
" အမ်..ဟုတ်ပါ့မလား ၊ ငါ မြင်တာတော့ ချန်ကဲ ဆက်ခံသူက အတော်လေးရဲရင့်သလိုပဲ ၊ တိုက်ပွဲတွေကို ဆက်တိုက် ဆင်နွှဲတာများ အသက်ရှူချိန်တောင် မရဘူး ၊ ဘယ်လိုဖြစ်ပြီး ခုလို အပြောင်းအလဲနဲ့ ကြုံရတာလဲ"
"........."
ထျန်းဟိုင်ဓားဂိုဏ်းမှ ကျင့်ကြံသူများသည် တစ်ယောက်နှင့်တစ်ယောက် အငြင်းအခုံပြုနေကြသည်။
ယွင်ချင်းဟုန်သည် သူ့ဘေးနားရှိ ဝူကျီအောက်ထျန်းကို အနည်းငယ် ဇဝေဇဝါဖြင့် ကြည့်လိုက်ရင်း ၊ မေးမြန်းလိုက်သည်။
"မင်းပြောတော့ စူးချန်ကဲ က သာမန်မဟုတ်ဘူးဆို...."
"ဒါပေမယ့် ဒီပုံစံကိုကြည့်ရင်၊ သူက အတော်လေး ဒဏ်ရာအပြင်းအထန် ရသွားပုံရတယ်၊ ငယ်ငယ်ရွယ်ရွယ်နဲ့တင် သေကောင်း သေနိုင်....."
သို့သော် စကားမဆုံးမီ ၊
ဝူကျီအောက်ထျန်းသည် ယွင်ချင်းဟုန်၏ပါးစပ်ကို အလျင်အမြန် လက်ဖြင့်အုပ်ကာ ပြန်ပြောလိုက်သည်။
"အစ်ကိုကြီး ချင်းဟုန် ! ထမင်းကို ကမ်းကုန်အောင် စားလို့ရတယ်၊ စကားကိုတော့ အလွန်အကျွံ မပြောရဘူး "
ဝူကျီအောက်ထျန်း၏ လေသံထဲတွင် ထိတ်လန့်မှုနှင့် ဒေါသများ ပါဝင်နေသည်။
" စူးချန်ကဲ ရဲ့ အသိမိတ်ဆွေဟောင်းတစ်ယောက်အနေနဲ့၊ စူးချန်ကဲ က ဘယ်လောက်တောင် သာမန်မဟုတ်ဘူးလည်း ဆိုတာကို ကျွန်တော် သေချာပေါက် သိတယ်!"
" အခု သူက ဒဏ်ရာအပြင်းအထန် ရသွားပုံပေါက်ပေမယ့် သိပ်မကြာခင်မှာပဲ ဘာမှမဖြစ်သလို ထလာလိမ့်မယ်!"
"အစ်ကိုကြီး ! ကျေးဇူးပြုပြီး စကားကို သတိထားပေးဖို့ တောင်းပန်ပါတယ်ဗျာ!"
ဝူကျီအောက်ထျန်းခမျာ ငိုသံပါဖြင့် ပြောရှာသည်။
စူးချန်ကဲကို လှောင်ပြောင်ခဲ့တဲ့သူတွေ သွားကြည့်လိုက်စမ်း ! သူတို့အုတ်ဂူပေါ်က မြက်ပင်တွေတောင် နှစ်မီတာကျော် ရှည်ထွက်နေပြီ!
သူ့ရဲ့ ဆရာတူအစ်ကိုကြီးက သေမှာမကြောက်ဘဲ စူးချန်ကဲကို သေတော့မယ်လို့ ပြောနေတာ.... ဒါ သေမင်းရှေ့သွားပြီး လက်ယက်ဖိတ်ခေါ်နေတာပဲ မဟုတ်လား !
သူသေတာက ကိစ္စမရှိပေမယ့် ဒါပေမဲ့ ကိုယ့်အပေါ် သက်ရောက်မှုရှိလာခဲ့ရင် ... ဒါကမှ မတရားမှုကြီးပဲလေ !
သို့သော် လူအုပ်ထဲရှိ လင်းဟန်သည် စူးချန်ကဲ ၏ ဦးတည်ရာဘက်သို့ စူးစိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။
"စူးချန်ကဲ၊ မင်းက ငါ့ရဲ့ ပြိုင်ဘက်ကောင်းတစ်ယောက်ပဲ.... ဒီလိုနေရာမျိုးမှာ မသေသင့်ဘူး"
စူးချန်ကဲ ပြသခဲ့သော အင်အားသည် သူ၏ အသိအမှတ်ပြုမှုကို ရရှိထားပြီး ဖြစ်သည်။
သူသည် ဤတစ်လျှောက်လုံး မောက်မာထောင်လွှားခဲ့သည်။ သို့သော် စူးချန်ကဲ ကို တွေ့ဆုံပြီးနောက် ၊ မိမိ၏ မောက်မာမှုသည် ပထမဆုံးအကြိမ် ယိမ်းယိုင်သွားခဲ့ရသည်။
စူးချန်ကဲသည် ဓားအတတ် တစ်စိတ်တစ်ပိုင်းကိုသာ ထုတ်သုံးခဲ့သော်လည်း၊ သို့သော် ယင်းက သူ၏ အလွန်မြင့်မားသော ဓားလမ်းစဉ် ပင်ကိုယ်အစွမ်းအစကို ဖော်ပြနေသည်။
အကယ်၍ စူးချန်ကဲသည် ဤနေရာတွင် သေဆုံးသွားမည်ပါက၊ အမတနယ်မြေ၏ ဓားလမ်းစဉ်အတွက် နောင်တရရုံသာမက ၊ ဒေဝလောက တစ်ခုလုံးအတွက်ပါ နောင်တရစရာ ဖြစ်လာပေလိမ့်မည်။
..........
တစ်ချိန်တည်းမှာပင်၊
အားရှင်း ဖွဲ့စည်းလိုက်သော စိစစ်ရေးမှော်အစီအရင်သည် အလင်းအစက်အပြောက်များအဖြစ်သို့ ပြောင်းလဲသွားကာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ထိုစဉ် ၊ အားရှင်း က စကားစလိုက်သည်။
"အားရှင်း ရဲ့ ခွဲခြမ်းစိတ်ဖြာမှု ရလဒ်အရ.... ချန်ကဲ လူကြီးမင်းက အမတနယ်မြေ ရဲ့ အဆန်းကြယ်ဆုံး အဆိပ်ဖြစ်တဲ့ အဆိပ်တစ်သောင်း နတ်ဘုရားပိုးကောင် ရဲ့ ကိုက်ခြင်းကို ခံလိုက်ရတာပဲ..."
ထိုစကားများထွက်လာသည်နှင့် ၊
ပတ်ဝန်းကျင်သည် ချက်ချင်း ငြိမ်ကျသွားသည်။
ကျင့်ကြံသူအများစုမှာ ဇဝေဇဝါဖြစ်နေကြသည်။ သူတို့သည် အဆိပ်တစ်သောင်း နတ်ဘုရားပိုးကောင်သည် မည်သည့်အရာဖြစ်မှန်း နားမလည်ပုံရသည်။
သို့သော် ကြယ်စုသခင် ပါရမီရှင် သုံးဦး၏ မျက်နှာအမူအရာများသည် ရုတ်တရက် ပြောင်းလဲသွားပြီး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ မျက်ဝန်းထဲတွင် ဖုံးကွယ်မရနိုင်သော ကြောက်ရွံ့မှုများ ရှိနေခဲ့သည်။
"အဆိပ်တစ်သောင်း နတ်ဘုရားပိုးကောင်?!"
ကြယ်စုသခင် ပါရမီရှင်များအနေဖြင့်၊ သူတို့သည် အမတနယ်မြေပြင်ပသို့ ထွက်၍ မကြာခဏ လေ့ကျင့်မှုများ ပြုလုပ်ရုံသာမက၊ အမတနယ်မြေ ရှိ ရှေးဟောင်းစာအုပ်များကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုလေ့လာထားသောကြောင့် ဗဟုသုတကြွယ်ဝကြသည်။
ဝမ်မင် က ဦးဆောင်ကာ ပြောလိုက်သည်။
"အဆိပ်တစ်သောင်း နတ်ဘုရားပိုးကောင်က အမတနယ်မြေရဲ့ အဆန်းကြယ်ဆုံး အဆိပ်တစ်ခုပဲ ၊ လောကရှိ ဘယ်အဆိပ်မဆို စားသုံးတယ် ပြီးတော့ သူ့ခန္ဓာကိုယ်ကို အဆိပ်နဲ့ သန့်စင်ပြီး အဆိပ်စွမ်းအားအဖြစ် ပြောင်းလဲတယ် ...ဒီအဆိပ်သာ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားရင် ၊ အဆိပ်တစ်သောင်းကို မျိုချမိသလိုပဲ ထိတာနဲ့ သေနိုင်တယ်!"
"သေသင့်တဲ့ကောင် ! ဒီအဆိပ်ခတ်သမားက တကယ်ကို ရက်စက်ယုတ်မာလွန်းတယ်!"
ဝမ်မင် သည် ဒေါသတကြီး ဆိုလိုက်သည်။
" ဒီအဆိပ်တစ်သောင်း နတ်ဘုရားပိုးကောင်ရဲ့ ကိုက်တာကိုခံရသူတိုင်း သေချာပေါက် သေရမှာ... ရှေးဟောင်းစာအုပ်တွေထဲမှာတောင် အဆိပ်ဖြေနည်း မရှိဘူး!"
ထိုပြောဆိုချက်ကို ကြားလိုက်ရသည်နှင့် ၊ လော့ရန်ယွီသည် မိုးကြိုးပစ်ခံလိုက်ရသည့်အလား ထိတ်လန့်တုန်လှုပ်သွားသည်။
ရင်ခွင်ထဲတွင် သတိလစ်နေသော စူးချန်ကဲ ကို ကြည့်ရင်း၊ လော့ရန်ယွီသည် နာကျင်မှုကြောင့် မျက်ရည်များ စီးကျလာသည်။
အံ့ဩစရာမရှိတော့ချေ။ စူးချန်ကဲ သည် သတိလစ်ပြီးနောက်တွင်ပင် ၊ ဤမျှနာကျင်နေရသည်မှာ အဆိပ်တစ်သောင်း၏ တိုက်စားခြင်းကြောင့် ဝေဒနာကို အပြင်းအထန် ခံစားနေရခြင်း ဖြစ်နိုင်သည်။
အဆိပ်ဟူသည် လောကတွင် အရက်စက်ဆုံးနှင့် လူကို အညှဉ်းပန်းနိုင်ဆုံး နည်းလမ်းတစ်ခု ဖြစ်သည်။ ယခုအချိန်တွင် အဆိပ်တစ်သောင်း၏ တိုက်စားခြင်းကို ခံနေရသော စူးချန်ကဲသာဆိုလျှင်ဖြင့် ထည့်ပြောစရာပင် မလိုတော့ချေ။
သူမသည် အဆိပ်၏ အရင်းအမြစ်ကို ရှာတွေ့ခဲ့လျှင်ဖြင့် ၊ ဖြေရှင်းနည်း ရှာတွေ့နိုင်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း၊ ပို၍ပင် စိတ်ပျက်စရာကောင်းသော ရလဒ်ကိုသာ ရရှိခဲ့သည်။
"ချန်ကဲ! ငါတို့ ကတိထားခဲ့ကြတယ်လေ! မဟာလမ်းစဉ် အထွတ်အထိပ်ကို အတူတူ တက်လှမ်းကြမယ်... လောကရဲ့ ရှုခင်းကို အတူတူ ကြည့်ကြမယ်!"
လော့ရန်ယွီ သည် အသံပြင်းပြင်းဖြင့် ဟစ်အော်လိုက်သည်။
"ရှင် ပြောခဲ့တယ်လေ ... ရှင် ဒီမှာ ဘယ်လိုလုပ်ပြီး သေတော့မှာလဲ!?"
ထိုသို့ပြောရင်း ၊ မျက်ရည်များသည် ထိန်းမနိုင်သိမ်းမရ စီးကျလာကာ စူးချန်ကဲ၏ ပါးပြင်ပေါ်သို့ အဆက်မပြတ် ယိုစီးကျနေသည်။
ဘာမျှ မတတ်နိုင်ဘဲ၊ ဤမျှ ဝမ်းနည်းပက်လက် ငိုကြွေးခဲ့ရသည်မှာ သူမအတွက် ပထမဆုံးအကြိမ် ဖြစ်သည်။
အမတနယ်မြေရှိ ရှေးဟောင်းစာအုပ်များ၌ပင် မှတ်တမ်းမရှိသော အဆိပ်ဖြေနည်းကို စစ်မှန်အမတ နယ်ပယ်အဆင့်သာ ရှိသေးသော သူမလိုလူတစ်ယောက်က မည်သို့ ဖြေရှင်းနိုင်မည်နည်း။
တစ်ချိန်တည်းမှာပင် ၊ ကြည်လင်သော မျက်ရည်စက်တစ်စက်သည် အားရှင်း၏ ကိုယ်ပေါ်သို့ လွင့်စဉ်ကျလာသည်။
သူသည် အတော်လေး ထူးခြားသည့် သံမဏိစက်ရုပ် တစ်ကောင်ဖြစ်သော်လည်း၊ သို့သော် မျက်ရည်၏ အဓိပ္ပာယ်ကိုပင် မဆိုနှင့် ၊ လူသားတွေကြားက ခံစားချက်ကိုပင် နားမလည်ချေ။
သို့သော် "သေခြင်း" ဆိုသော စကားလုံးသည် အားရှင်း၏ ဦးနှောက်ထဲတွင် ကြာမြင့်စွာမေ့လျော့နေသော မြင်ကွင်းတစ်ခုကို နိုးဆွလိုက်ပုံရသည်။
အလင်းရောင်တစ်ခုက မှတ်ဉာဏ်တံခါးကို ဖွင့်လှစ်လိုက်ပြီး ၊ အချိန်၏ ဝဲဂယက်ထဲသို့ ဆွဲသွင်းသွားသည်။
မျက်စိရှေ့မှ မြင်ကွင်းများသည် မြန်မြန် ပျောက်ကွယ်သွားပြီး ၊ ပတ်ဝန်းကျင်ရှိ ရှုခင်းများသည် တဖြည်းဖြည်း ရောထွေးလာကာ မှင်သက်စွာဖြင့် ထိုနေ့က အခြေအနေသို့ ပြန်ရောက်သွားခဲ့ပုံရသည်။
၎င်းသည် ဖျက်ဆီးမခံရသေးခင်က ရှိခဲ့သော နတ်ဘုရားလက်နက် အမတမျှော်စင်နှင့် ဆင်တူသည်။
နတ်ဘုရားလက်နက် အမတမျှော်စင် တစ်ခုလုံးသည် ငြိမ်းချမ်းကာ တောက်ပနေသည်။
ဤလှပသော လောကကြီးထဲတွင်၊ ကျင့်ကြံသူများနှင့် စက်ရုပ်များသည် သဟဇာတဖြစ်စွာ နေထိုင်လျက် ရှိသည်။
သူတို့သည် မျှော်စင်တစ်ခုထဲတွင် ရှိနေပုံရသည်။
အားရှင်း၏ဘေးတွင် လူတစ်ယောက် ရပ်နေသော်လည်း ၊ မှုန်ဝါးဝါး ပုံရိပ်တစ်ခုသာ ဖြစ်သည်။
သို့သော် ထိုပုဂ္ဂိုလ်၏ ပုံပန်းသဏ္ဍာန်အရ၊ ထိုသူမှာ နတ်ဘုရားလက်နက် အမတမျှော်စင်၏ ဂိုဏ်းချုပ် ကျောက်ဟွ အမတဧကရာဇ်မင်းပင် ဖြစ်သည်။
" သခင် ၊ အားရှင်း နားမလည်တဲ့အရာတစ်ခုရှိတယ်၊ လူတွေက ဘာလို့ သေခြင်းကို ကြောက်ကြတာလဲ ဟင် "
"ဒါမှမဟုတ် အရေးကြီးတဲ့လူတစ်ယောက်က သေသွားရင် ဘာလို့ ဝမ်းနည်းကြတာလဲ"
ဤမေးခွန်းကို ကြားပြီးနောက်၊ ထိုအနှီပုံရိပ်သည် အနည်းငယ် တုန်လှုပ်သွားသည်။ အားရှင်းသည် ဤစကားမျိုး ပြောလာလိမ့်မည်ဟု မျှော်လင့်မထားသည့်ပုံရသည်။
နောက်အခိုက်အတန့်တွင် ၊ ထိုအနှီပုံရိပ်၏ နှုတ်ခမ်းများသည် ပေါ့ပါးသော အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။
"လောကရဲ့အမြင်မှာ ဘဝရဲ့အဆုံးသတ်ဟာ သေခြင်းဖြစ်ပြီး၊ သေခြင်းရဲ့အဓိပ္ပာယ်က ပြန်လည်မွေးဖွားခြင်း ဒါမှမဟုတ် ထာဝရအိပ်ပျော်ခြင်းထက် ဘာမှမပိုဘူး"
"ဒါပေမယ့် ငါ့အမြင်အရတော့ သေခြင်းဆိုတာ ဘဝရဲ့ အဆုံးမဟုတ်ဘဲ အချိန်ကနေ ထွက်ခွာသွားခြင်းပဲ "
"ပြီးတော့ အရေးကြီးတဲ့လူတစ်ယောက်က သေသွားရင် ဝမ်းနည်းကြတယ်ဆိုတာက မေ့သွားမှာကို ကြောက်လို့ပဲ"
"မေ့သွားမှာကို ကြောက်တာ.....?"
အားရှင်း သည် နားမလည်ဟန်ဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။
ဤမြင်ကွင်းကြောင့် ထိုအနှီပုံရိပ်သည် အားရှင်း ၏ ခေါင်းကို ပွတ်သပ်လိုက်ရင်း ၊ ပြောလိုက်သည်။
" တစ်နေ့ ငါသေသွားတဲ့အခါ ၊ မင်းငါ့ကို မေ့သွားမှာကို ကြောက်သလိုပဲ "
"မင်းက သေခြင်းဆိုတာကို နားမလည်သေးဘူးဆိုရင် ၊ စက်ပျက်သွားပြီး ဘယ်တော့မှ ပြန်ပြင်လို့မရတောတဲ့ အခြေအနေလိုပဲ သိရင်ရပြီ"
"အားရှင်း က သခင့်ကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး!"
"ပြီးတော့.... သခင် သေရင်၊ အားရှင်း က သခင့်ကို သေချာပေါက် ပြန်ပြင်မယ်!"
ထိုစကားကို ကြားပြီးနောက် ၊ ထိုအနှီပုံရိပ်သည် ခေါင်းတယမ်းယမ်းဖြင့် ပြုံးမိလေသည်။
နောက်အခိုက်အတန့်တွင် ၊ သူ၏ရင်ဘက်ထဲမှ စိမ်းပြာရောင် နတ်ဘုရားပုလဲတစ်လုံးကို ထုတ်ယူကာ၊ အထူး လျှို့ဝှက်နည်းအတတ်ဖြင့် အားရှင်း၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစည်းလိုက်သည်။
ထို့နောက် ကျောက်ဟွ အမတဧကရာဇ်မင်း သည် နူးညံ့သောလေသံဖြင့် ပြောလိုက်သည်။
"အားရှင်း၊ မင်းမှာ လောကကြီးကို ချစ်တတ်တဲ့ နှလုံးသား၊ သက်ရှိကို ခံစားတတ်တဲ့ နှလုံးသား ရှိစေချင်တယ်"
"နောင်တစ်ချိန်မှာ ...အားရှင်း မင်းသာ သေခြင်းတရားဆိုတာ ဘာမှန်း သိလာခဲ့ရင် ၊ ငါ မင်းအတွက် ချန်ထားခဲ့တဲ့ စွမ်းအားက မင်းကို ဘဝရဲ့ အဓိပ္ပာယ်ကို နားလည်အောင် ကူညီပေးနိုင်လိမ့်မယ်"
"ဒါက မင်းကို တိ့ရွှမ်လို လောကကြီးကို ဖျက်ဆီးနိုင်တဲ့ စွမ်းအားမျိုး ပေးနိုင်မှာ မဟုတ်ပေမယ့်၊ ဒါက မင်းရဲ့ ခြောက်ကပ်နေတဲ့ ဘဝကို အသက်ဝင်စေလိမ့်မယ်"
မြင်ကွင်းများသည် ဒီရေအလား ဆုတ်ခွာသွားသည်။
ဤအခိုက်အတန့်တွင်၊ အားရှင်း သည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုကို ရရှိလိုက်ပုံရသည်။
မူလက သူ၏ ရင်ဘတ်အတွင်းထဲ၌ မှိန်ဖျော့စွာဖြင့် ရှိနေခဲ့သော ပုလဲသည် တဖြည်းဖြည်း တောက်ပလာပြီး ၊ ပိုးစုန်းကြူးများကဲ့သို့ မြစိမ်းရောင် အလင်းတန်းများ အကန့်အသတ်မရှိ ပွင့်ထွက်လာသည်။
ဝီ !!
အပေါ်ဘက်ရှိ ဟင်းလင်းပြင်တွင် မရေမတွက်နိုင်သော မြစိမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။
အဆိပ်တစ်သောင်း စွမ်းအားနှင့် လုံးဝ ကွဲပြားသည်မှာ ယင်းအတွင်း၌ တက်ကြွပြီး အံ့သြဖွယ်ရာကောင်းသော အသက်စွမ်းအားများ သက်ဝင်လှုပ်ရှားနေခြင်းပင် ဖြစ်သည်။
"ဒါက......."
စိတ်လှုပ်ရှားနေသော ကွေးယွမ်အမတဂိုဏ်း မှ ပါရမီရှင်များသည်လည်း ဤဆန်းကြယ်သော မြင်ကွင်းကြောင့် အံ့အားသင့်သွားပြီး မသိစိတ်ကနေ အားရှင်းကို လှည့်ကြည့်လိုက်ကြသည်။
ထို့နောက် ၊ အံ့သြဖွယ်ရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
စိမ်းလန်းသော အလင်းတန်းများ၏ ရောင်ပြန်ဟပ်မှုအောက်တွင်၊ ဤလောကကြီးသည် နေ့အလင်းဘက်သဖွယ် ထိန်လင်းတောက်ပနေသည်။
နိယာမတရားများသည် တောင်များ၊မြစ်များ၊ နေနှင့်လ ၊ မြက်ခင်းများ ၊ သစ်ပင်နှင့် သစ်တောများအဖြစ်သို့ ဖွဲ့စည်းသွားပြီး တလက်လက် တောက်ပနေသည်။
မိုးမြေတစ်ခွင်ရှိ သဘာဝတရား အရာအားလုံးတို့သည် မဟာလမ်းစဉ်၏ အဆုံးမရှိသော အသက်စွမ်းအားများဖြင့် ပြည့်နှက်နေသည်။
မကြာခင်မှာပင် ၊ အာရှင်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသော ဤတက်ကြွသော စွမ်းအင်သည် ကောင်းကင်ယံမှ ဖြည်းညှင်းစွာ ကျဆင်းလာပြီး စူးချန်ကဲ၏ ဒဏ်ရာအတွင်းသို့ စနစ်တကျ စုဝေးဝင်ရောက်သွားသည်။
အလွန်သန့်စင်သော အသက်စွမ်းအားသည် စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲမှ အဆိပ်အတောက်များကို တဖြည်းဖြည်း ဖယ်ရှားပေးနေပုံရသည်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသူတိုင်း နေရာတွင်ပင် အံ့အားသင့်ကာ မိန်းမောတွေဝေနေကြပြီး၊ စိတ်ထဲက အံ့အားသင့်မှုကို မည်သည့်စကားလုံးဖြင့် ဖော်ပြရမည်ကိုပင် မသိတော့ချေ။
"အသက်....အသက်စွမ်းအား!?"
"စက်ရုပ်တစ်ကောင်က အသက်စွမ်းအားကို ဖွဲ့စည်းနိုင်တယ်!?"
သံမဏိစက်ရုပ်များကို စစ်ပွဲစက်ရုပ်များအဖြစ် လူသိများပြီး ၊ ၎င်းတို့သည် တိုက်ခိုက်နည်းနှင့် သတ်ဖြတ်နည်းကိုသာ သိကြသည် မဟုတ်လော။
သို့သော် မျက်စိရှေ့က ဤသံမဏိစက်ရုပ်သည် အဘယ့်နည်း။
၎င်းသည် အသက်စွမ်းအားကို ဖွဲ့စည်းနိုင်ရုံသာမက၊ ဖွဲ့စည်းလိုက်သော စွမ်းအားသည် ယခင်က ယွမ်ချန်းဟုန် ဖွဲ့စည်းခဲ့သော အသက်စွမ်းအားထက်ပင် ပို၍ စင်ကြယ်သည်။
ဤကဲ့သို့သော အံ့ဖွယ်မြင်ကွင်းသည် အမတနယ်မြေ၏ သမိုင်းတစ်လျှောက်လုံးတွင် အံ့သြဖွယ်ရာ ကောင်းသော ဖြစ်ရပ်အဖြစ် မှတ်တမ်းတင်ခံရမည်မှာ သေချာသည်။