ခေတ်တစ်ခု၏ စိတ်ဝိညာဉ်
Vol. 17 Ch. 231
အခန်း(၂၃၁) : ခေတ်တစ်ခု၏ စိတ်ဝိညာဉ်
ကမ္ဘာတစ်ဝှမ်းရှိ ကျင့်ကြံသူအားလုံးက ထိုမှတ်တမ်းကြောင့် အတော်လေး အံ့အားသင့်သွားကြသည်။ ပြောရလျှင် အမှန်တကယ် တုန်လှုပ်အံ့ဩစရာ ကောင်းလှ၏။
ဖူချိုက်ယွီ ဆိုတာ ဘယ်သူလဲ …
သူက မဟာဧကရာဇ်ငါးယောက် ပြုစုပျိုးထောင်ပေးခဲ့သည့် မူလဆေးလုံးတာအိုဂိုဏ်းမှ မဟာအကြီးအကဲ ဖြစ်သည်။ ထိုမဟာဧကရာဇ်များကလည်း ဆေးဝါးပညာရှင်များသာ ဖြစ်၏။
မူလဆေးလုံးတာအိုဂိုဏ်းက တောင်ပိုင်းမီးငှက်ကုန်းမြေပေါ်တွင် တည်ရှိသည့် ဆေးဝါးပညာရှင် အဖွဲ့အစည်း၏ ခေါင်းဆောင် ဖြစ်သည်။ ဆေးဝါးပညာရှင်ဟူသော ဂုဏ်ပုဒ်ကို လိုချင်သည့် ကျင့်ကြံသူတိုင်းက ထိုအဖွဲ့အစည်းသို့ သွားကာ စစ်ဆေးမှု ခံယူကြရသည်။
ထိုအရာများက ဒီသတင်း အုတ်အောင်သောင်းနင်း ဖြစ်သွားစေသည့် အဓိကအချက် မဟုတ်သေးပေ။ တကယ်တော့ ကမ္ဘာတစ်ဝှမ်း၌ ဖူချိုက်ယွီ၏ အဆင့်အတန်းကြောင့် ဖြစ်၏။ သူ့ကို ဒီမျိုးဆက်အတွင်း အကြီးမြတ်ဆုံး ဆေးဝါးပညာရှင်ဟု လူသိများကြသည်။ သူက သူတော်စင်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သော်လည်း အထွတ်အထိပ်အဆင့်နှင့် ဧကရာဇ်တစ်ပိုင်းအဆင့် ဆေးလုံးများအထိ ဖော်စပ်နိုင်လေသည်။ ဧကရာဇ်တစ်ပိုင်းအဆင့် ဆေးလုံး ဖော်စပ်မှု အောင်မြင်နှုန်းသည် အမှန်တော့ ဆိုးရွားလေ၏။
ထို့အပြင် ဖူချိုက်ယွီသည် ရှေးဟောင်းဧကရာဇ်ခေတ်ကာလတွင် တည်ထောင်ခဲ့သည့် မူလဆေးလုံးတာအိုဂိုဏ်း၏ တည်ထောင်သူ ဆေးလုံးဘိုးဘေး သို့မဟုတ် တန်ယွမ်ဧကရာဇ်၏ မူလဆေးလုံးမီးတောက်ကျမ်းကို ကျင့်ကြံနိုင်ခဲ့သည့် တစ်ဦးတည်းသော ဆေးဝါးပညာရှင်လည်း ဖြစ်ပေသည်။
ထိုကျမ်းက ဆေးဝါးပညာရှင်တစ်ယောက်အား အရာအားလုံးကို သန့်စင်နိုင်ပြီး ဆေးဝါးပစ္စည်းအဖြစ် ပြောင်းလဲပေးနိုင်သည့် ထူးကဲမီးတောက်ကို ကျင့်ကြံစေနိုင်သည်။ ထိုကျမ်းကို ကျင့်ကြံထားသည့် ဆေးဝါးပညာရှင်က ကျောက်ခဲကိုပင် သန့်စင်ကာ ဆေးလုံးအတွက် လိုအပ်နေသည့် ပါဝင်ဆေးပစ္စည်းအဖြစ် ပြောင်းလဲပစ်နိုင်သည်။
ထိုဧကရာဇ်ကျမ်းက ကောင်းကင်သွေဖယ်နေသည့် စွမ်းရည် ရှိသော်လည်း ကျင့်ကြံနိုင်ဖို့ လိုလားချက် သို့မဟုတ် ပါရမီက မြင့်မားလှသည်။ ထို့ကြောင့် မူလဆေးလုံးတာအိုဂိုဏ်း၏ သမိုင်းကြောင်းတစ်လျှောက်တွင် ဆေးပညာရှင်တချို့သာ လုပ်ဆောင်နိုင်ခဲ့ကြသည်။ အောင်မြင်သူများကလည်း သူတို့မျိုးဆက်အတွင်း ပါရမီအကောင်းဆုံးအဖြစ် မှတ်ယူခံကြရသည်။
ဂိုဏ်းအတွက် ကံကောင်းသည်က ယခင်မျိုးဆက်အတွင်း ဖူချိုက်ယွီ ပေါ်ထွက်လာခဲ့သည်။
ကံမကောင်းစွာဖြင့် ဖူချိုက်ယွီကလည်း သူ့ဘိုးဘေးကဲ့သို့ အရမ်းမောက်မာလေသည်။ ဆေးဝါးပညာရှင်တစ်ယောက်အနေနှင့် သူ့ပါရမီကြောင့် ဒီကမ္ဘာထဲ ဖူချိုက်ယွီ၏ အဆင့်အတန်းက အင်မတန် မြင့်မားကာ လေးစားခံရသည်။ ထို့ကြောင့် သူက လူတချို့ကိုသာ သူ့နှင့် အဆင့်တူ သတ်မှတ်ထားပြီး ကျန်လူများကို အထင်သေးသလို မတူမတန် နှိမ့်ချကြည့်လေရှိသည်။
ထို့ကြောင့် ရှားပါးဆေးလုံးများ ဖော်စပ်ရာ၌ သေချာသည့် အဆင့်အတန်းတစ်ခုမရှိဘဲ ဖူချိုက်ယွီက တစ်ယောက်ယောက်အတွက် ဆေးလုံးဖော်စပ်ပေးဖို့ သဘောတူမည် မဟုတ်ပေ။ တကယ်တော့ ယခုလက်ရှိ မူလဆေးလုံးတာအိုဂိုဏ်း၏ ဂိုဏ်းချုပ်ကိုပင် သူက အထင်သေးလေ့ရှိသည်။ အကယ်၍ သူသာ ဆေးလုံးတာအိုအပေါ် အာရုံစိုက်ထားလိုသည့် အချက်ကြောင့်သာ မဟုတ်လျှင် သူက ဂိုဏ်းချုပ် ဖြစ်လာလိမ့်မည်။
ထို့ကြောင့် ဖူချိုက်ယွီအပေါ် သုံးသပ်လိုက်ပြီးနောက် ဝမ်ဝေ့က ထိုလူ့တွင် ရန်သူအများကြီး ရှိနေနိုင်မှန်း မှန်းဆမိလိုက်သည်။ ထိုလူများထဲတွင် ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်မှ ဆရာများပင် ပါနေနိုင်သည်။ ထို့ကြောင့် အနည်းငယ်စုံစမ်းလိုက်ပြီးသည့်နောက်တွင် တချို့ကို ရှာတွေ့ဖို့ မခက်ခဲခဲ့ပေ။
ထို့နောက် သူက အရက်သေစာသောက်စားပြီး မူးယစ်ကာပျော်ပါးနေတတ်သူများကို ပိုအာရုံစိုက်ထားလိုက်သည်။ သူ လုပ်ဖို့လိုသည်ကား ဂိုဏ်းက အရိပ်ကို သူတို့ အမြဲတမ်း သွားရောက်လည်ပတ်ကာ သောက်စားနေတတ်သည့် နေရာထဲ ဝင်ခိုင်းကာ မူးအောင်တိုက်ပြီး ဖူချိုက်ယွီအကြောင်း စကားစလိုက်ခြင်း ဖြစ်၏။
ဝမ်ဝေ့ကို အံ့ဩသွားစေသည်က ကံကြမ္မာနတ်သမီးက သူ့ဘက် ပါနေဟန်ပေါ်သည်။ သူ ထင်ထားသည်ထက် သတင်းအချက်အလက်များ ပိုတွေ့သွားလေသည်။
မူလက သူက ဆရတာချို့ကို ဖူချိုက်ယွီ၏ မကောင်းကြောင်း ပြောစေချင်ရုံမျှ ဖြစ်ပြီး ကမ္ဘာကြီးဆီ ပြန်မပြခင် မှတ်တမ်းတင်ထားမည်။ ထိုလူက ဖူချိုက်ယွီ၏ ဇနီးနှင့် အမှန်တကယ် မရှင်းမရှင်းဆက်ဆံရေး ရှိကာ ဖောက်ပြားနေလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။ ထို့ကြောင့် သူ့အစီအစဉ်ကို ပို၍ ကောင်းသွားစေခဲ့သည်။
ထို့ကြောင့် မှတ်တမ်းတင်ထားသည့် ပုံရိပ်များကို ထုတ်ပြလိုက်ပြီးသည့်နောက်တွင် အသင်္ချေအင်ပါယာကမ္ဘာက အုတ်အော်သောင်းနင်း ဖြစ်သွားလေသည်။ ထိုအတင်းအဖျင်းက ဟိုးလေးတကျော် ဖြစ်သွားလေသည်။ အထူးသဖြင့် ကျောင်းတော်နှင့် ဆေးဝါးပညာရှင် အဖွဲ့အစည်း ခေါင်းဆောင်တို့ကဲ့သို့ အားကောင်းသည့် ဧကရာဇ်မျိုးနွယ်များ ပါဝင်နေသည့်အခါတွင် ဖြစ်၏။
ပိုင်ဟန်က အစီအရင်ကို ပိတ်ချနိုင်ခဲ့သော်လည်း နောက်ကျလွန်းသွားပြီ ဖြစ်၏။ ဝမ်ဝေ့ ပြချင်သည့် သတင်းကို ပြသပြီးသွားလေပြီ။
သိပ်မကြာခင် အကျိုးဆက်လည်း လိုက်ပါလာ၏။
နောက်တစ်ရက် တောင်ပိုင်း မီးငှက်ကုန်းမြေမှ ဆေးဝါးပညာရှင် အဖွဲ့အစည်း၊ အဆောင်ဆရာ အဖွဲ့အစည်း၊ မွမ်းမံပြုပြင်သူ အဖွဲ့အစည်းနှင့် အစီအရင်ဆရာ အဖွဲ့အစည်းတို့က ကျောင်းတော်နှင့် ဆက်ဆံရေးဖြတ်တောက်ကြောင်း ကြေညာခဲ့သည်။
ထို့ကြောင့် သူတို့က အဖိုးတန်ဆေးဝါး၊ သတ္တုနှင့် အဆောင်ကဲ့သို့သော အရင်းအမြစ်များကို မရနိုင်တော့ပေ။ ထို့အပြင် ကျောင်းတော်မှ လေ့ကျင့်ပေးထားသည့် ကျွမ်းကျင်အတတ်ပညာရှင်များ သို့မဟုတ် သူတို့နှင့် ဆက်ဆံရေးရှိသူများလည်း ထိုအဖွဲ့အစည်းများတွင် သူတို့၏ တရားဝင် အဆင့်အတန်း သို့မဟုတ် ဂုဏ်ပုဒ် ရလာအောင် စစ်ဆေးမှု ဝင်ဖြေနိုင်တော့မည် မဟုတ်ပေ။
ဆိုလိုရင်းက ကျောင်းတော်မှ လေ့ကျင့်ပေးထားသော ဆေးဝါးပညာရှင် သို့မဟုတ် အဆောင်ဆရာများကို ထိုအဖွဲ့အစည်းများက အသိအမှတ်ပြုမည် မဟုတ်သောကြောင့် တစ်ကမ္ဘာလုံးအနှံ့ ကျွမ်းကျင်အတတ်ပညာရှင်များဆီ ပေးအပ်ထားသည့် အကျိုးကျေးဇူးများ၊ အာဏာနှင့် လုပ်ပိုင်ခွင့်အားလုံးက သူတို့ထံ အကျုံးဝင်မည် မဟုတ်ချေ။
အားကောင်းသည့် ဧကရာဇ်မျိုးနွယ်အနေနှင့် ကျောင်းတော်က ပြင်ပအရင်းအမြစ်များ မရှိဘဲဖြင့် ကိုယ်ပိုင်ရပ်တည်နိုင်လေသည်။ အလွန်ရှားပါးကာ အဖိုးတန်သည့်အရာများကိုသာ အပြင်ဘက်မှ ရရှိဖို့ လိုအပ်လေသည်။ ထိုအရေးယူမှုမျိုးက သူတို့အတွက် ဂုဏ်သတင်းထိပါးသွားတာကလွဲ၍ ပြဿနာ မဟုတ်ပေ။
……………....
လျို့ဝှက်အခန်းအတွင်း ကျောင်းတော်၏ ဆရာအားလုံးက လက်ရှိအခြေအနေကို ကယ်တင်ဖို့ရာ နောက်ထပ် အရေးပေါ် အစည်းအဝေး ကျင်းပနေကြသည်။
ရုတ်ချည်း အိုမင်းသွားသလို ဖြစ်နေသည့် ပိုင်ဟန်က မုတ်ဆိတ်သပ်လိုက်ကာ မေးလိုက်သည် “ အဲဆိုတော့ ဒီရက်ပိုင်းထဲ ငါတို့ဆုံးရှုံးမှုက ဘယ်လိုလဲ”
အခန်းက ခဏကြာ တိတ်ဆိတ်သွားပြီးနောက် တစ်ယောက်က တင်ပြလိုက်သည်။
“ ဆရာတို့သိတဲ့အတိုင်း ကျုပ်တို့ကျောင်းတော်ကို အတွင်းစည်းနဲ့ အပြင်စည်းဆိုပြီး ခွဲထားတယ်။ မတော်တဆ ဖြစ်ရပ်ပြီးကတည်းက ကျောင်းတော်ကို အရင်းအမြစ်အတွက် ရောက်လာကြတဲ့ လေလွင့်ကျင့်ကြံသူအများစု ရှိနေတဲ့ အပြင်စည်း ကျောင်းသားတွေက ထွက်ကုန်ကြပြီ။ အထူးသဖြင့် ထိုကျွမ်းကျင်အတတ်ပညာနဲ့ ပတ်သက်နေတဲ့လူတွေပေါ့ …
ဒီနေ့ ကျောင်းသား ၉၀ ရာခိုင်နှုန်းကျော် ထွက်သွားပြီ။ ကျန်ရှိနေတဲ့ ဆယ်ရာခိုင်နှုန်းက ထွက်မသွားသေးပေမဲ့ ကျောင်းတော်နဲ့ စည်းခြားထားသလိုပဲ။ သူတို့က စောင့်ကြည့်နေချင်ကြတာ တူတယ် ”
အခန်းက ပြန်လည် တိတ်ဆိတ်သွားကာ ဆရာများက မျက်မှောင်ကြုတ်လိုက်ကြသည်။
ထိုစဉ် တစ်ယောက်က မေးလိုက်သည် “ အဓိပ္ပါယ်မရှိဘူး။ အဲဒီကျွမ်းကျင်အတတ်ပညာရှင်တွေ ထွက်သွားတာကို နားလည်ပေမဲ့ သာမန်ကျင့်ကြံသူတွေကရော ဘာလို့ထွက်သွားကြတာလဲ။ သူတို့က ကျောင်းတော်ကို ပိုကောင်းတဲ့ ကျင့်စဉ်တွေ၊ အရင်းအမြစ်တွေရအောင် လာကြတာ မဟုတ်ဘူးလား”
“သူတို့က တာအိုကိုးကွယ်ကျောင်းတော်ဆီ သွားကြပြီ” ပြောလိုက်သူက ယခင်အချက်အလက်များကို တင်ပြခဲ့သူ ဖြစ်သည်။
မေးခွန်း မေးလိုက်သည့် ဆရာက မျက်မှောင်ကြုတ်ကာ ကျောင်းကောင်းကို ထားပြီး ဆိုးရွားသည့် ကျောင်းဆီ အဘယ်ကြောင့်ပြောင်းသွားရတာလဲဟု စဉ်းစားနေသည်။ တာအိုကိုးကွယ်ကျောင်းတော်က ဧကရာဇ်မျိုးနွယ် ဖြစ်သော်လည်း သူတို့ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်နှင့် ယှဉ်လိုက်လျှင် ဆိုးရွားလှသည်။
ကျင့်ကြံသူအများစုက တစ်ကိုယ်ကောင်းဆန်ကြပြီး သူတို့အကျိုးမြတ်ကိုသာ သိကြသည့်အကြောင်း ထည့်မပြောရသေးပေ။
ထိုဆရာက တစ်ခုခုကို တွေးမိဟန်ဖြင့် မေးလိုက်သည် “ တစ်ယောက်ယောက် ဝင်နှောက်လိုက်တာလား”
“ဟုတ်တယ်။ တာအိုအခွင့်အလမ်းကျောင်းတော်က တာအိုကိုးကွယ်ကျောင်းတော်နဲ့ ပူးပေါင်းမယ်လို့ ကြေညာလိုက်ပြီ။ သူတို့က သူတို့အရင်းအမြစ်အများစုကို စုပေါင်းသုံးဖို့ ဆုံးဖြတ်ထားကြတယ်။
ပြီးတော့ တာအိုအခွင့်အလမ်းဂိုဏ်းက ဧကရာဇ်ကျမ်းအများစုက အမှတ်လုံလောက်ရင် ဖတ်ရှုနိုင်တဲ့ ကျင့်စဉ်စာရင်းထဲ ရောက်လာခဲ့တယ်။ ဒါပေမဲ့ ကျုပ်တို့နဲ့ အတူတူပဲ အမှန်တကယ် ရနိုင်တဲ့ တန်ကြေးတော့ မဟုတ်ဘူး”
အခန်းထဲရှိ ဆရာများက သူတို့ဘာသာ တိတ်တဆိတ် ကျိန်ဆဲလိုက်ကြသည်။ အကယ်၍ တာအိုကိုးကွယ်ကျောင်းတော်၏ ဧကရာဇ်ကျမ်း ငါးခုကို တာအိုအခွင့်အလမ်းဂိုဏ်း၏ ကိုးခုနှင့် ပေါင်းလိုက်လျှင် စုစုပေါင်း ဧကရာဇ်ကျမ်း ၁၄ ခု ရှိသွားလေပြီ။ သူတို့အနေနှင့် ထိုလေလွင့်ကျင့်ကြံသူများအတွက် အမှန်တကယ် ရရှိဖို့ မဖြစ်နိုင်မှန်း သိထားသော်လည်း ထိုသူများက သူတို့ဘာသာတော့ မသိကြပေ။
သူတို့ ဂရုစိုက်သည်ကား အားကောင်းသည့် ဧကရာဇ်ကျမ်း ၁၄ ခုထဲမှ ကျင့်ကြံခွင့် ရလာနိုင်သည့် အခွင့်အရေးသာ ဖြစ်၏။ ထိုအတွေးက သူတို့အများစုကို ရူးသွပ်သွားစေဖို့ လုံလောက်နေလေပြီ။ ထို့ကြောင့် သူတို့က တာအိုကိုးကွယ်ကျောင်းတော်ဆီ အပြေးအလွှားရောက်သွားကြခြင်း ဖြစ်သည်။
အခန်းထဲ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ကျောင်းအုပ်ပိုင်ဟန်က မေးလာသည် “ ငါတို့ကျောင်းတော်ရဲ့ အတွင်းစည်း ကျောင်းသားတွေကရော ဘယ်လိုလဲ”
“ လူနည်းနည်းကလွဲရင် ကျန်တဲ့လူအားလုံးက ကျောင်းတော်ထဲမှာ ရှိပါသေးတယ်။ သူတို့ရဲ့ သစ္စာရှိမှုကို ငယ်ငယ်လေးကတည်းက လေ့ကျင့်ပေးထားတာပဲလေ။ ဒါပေမဲ့ ကျောင်းတော်ရဲ့ ကျွမ်းကျင်အတတ်ပညာရှင်တွေက ကျောင်းအုပ်ကို သူတို့အတွက် ဖြေရှင်းချက် တောင်းနေကြတယ်။ ကျုပ်တို့ သူတို့ကို မှတ်တမ်းထဲက လူကို ဖမ်းပြီး ဖူချိုက်ယွီဆီ ပို့လိုက်ပြီမှန်း ပြောပေမဲ့ အသုံးမဝင်ဘူး။ သူတို့က အဲဒီဖြေရှင်းချက်ကို မကျေနပ်ကြဘူး”
“ကျန်တာ ရှိသေးလား” ပိုင်ဟန်က တည်တည်ငြိမ်ငြိမ် ပြောလုက်သည်။ အနည်းဆုံးတော့ အပေါ်ယံတွင် ဖြစ်၏။
“ကျုပ်တို့ ချီကံကောင်းမှုက ဆက်လက်ကျဆင်းနေပါတယ်။ ဒါပေမဲ့ ရပ်တန့်ပစ်ဖို့ နည်းလမ်း မရှိသေးဘူး။ ကောင်းတဲ့ဘက်က ကြည့်ရင်တော့ ကျုပ်တို့ဘက်မှာ အခုအချိန်အတွင်း ရပ်တည်ပေးနေတဲ့ မဟာမိတ်တွေ ရှိနေသေးတယ်”
ပိုင်ဟန်က ခေါင်းညိတ်လိုက်ပြီး ဘာမှမပြောတော့ပေ။ သို့သော်လည်း ဆရာတစ်ယောက်က မေးလိုက်သည်။
“ ကျုပ် နားမလည်ဘူး။ ဘာလို့ အဲဒီဂိုဏ်းတွေက တာအိုအခွင့်အလမ်းဂိုဏ်းနဲ့ ပေါင်းသွားကြတာလဲ။ သူတို့က သူတို့ကို အားအကောင်းဆုံးဂိုဏ်းအဖြစ် ကျန်ရှိနေစေချင်တာလား။ သူတို့အစား ကျုပ်တို့ကို ထောက်ပံ့တာ ပိုမကောင်းဘူးလား။ အဓိပ္ပါယ်မရှိဘူး ”