ခေတ်တစ်ခု၏ စိတ်ဝိညာဉ်
Vol. 17 Ch. 232
အခန်း(၂၃၂) : ခေတ်တစ်ခု၏ စိတ်ဝိညာဉ်
သူတို့အားလုံးတွင် ဦးနှောက်ခြောက်စရာ တစ်ခုရှိသော်လည်း အဖြေမရှိကြပေ။ ထို့ကြောင့် သူတို့က အဖြေအတွက် ကျောင်းအုပ်ပိုင်ဟန်ကိုသာ မျှော်လင့်တကြီး ကြည့်လိုက်ကြသည်။
ပိုင်ဟန်က ခဏကြာစဉ်းစားလိုက်ပြီးနောက် ရှင်းပြလိုက်သည် “ အဲဒါအတွက် အကြောင်းအရင်းအများကြီး ရှိတယ်။ ပထမတစ်ခုက တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ ဂုဏ်သတင်းက ကျင့်ကြံသူတွေကြားမှာ အမြဲတမ်း အတော်လေး ကောင်းနေခဲ့တယ်။ သူတို့က ကမ္ဘာ့အားအကောင်းဆုံး ဂိုဏ်းဆိုပြီး မလိုအပ်ဘဲနဲ့ အာဏာပြ လွှမ်းမိုးတာတွေ မရှိသလောက် နည်းတယ်။
အရှင်းဆုံးပြောရရင် သူတို့က အဲလိုလုပ်ဖို့ အခွင့်အရေးများများလည်း မရခဲ့ဘူး။ သူတို့က တစ်ကမ္ဘာလုံး ကျွန်ပြုခံရလုနီးပါး ဖြစ်ခဲ့တဲ့ မိစ္ဆာခေတ်ကာလအတွင်းမှာ ကိုးယောက်မြောက် ဧကရာဇ်ကို ပျိုးထောင်ခဲ့တယ်။
အလယ်ပိုင်း ဧကရာဇ်ခေတ်ကာလမှာ ငါတို့ကျောင်းတော်ရဲ့ အလျှင်အမြန် ဖွံ့ဖြိုးတိုးတက်လာမှုက သူတို့ကို အာဏာပြစေဖို့ အချိန်မရစေလိုက်ဘူး။ အဲဒီခေတ်ကာလအတွင်းမှာ တာအိုအခွင့်အလမ်းဂိုဏ်းက မဟာဧကရာဇ် မပျိုးထောင်နိုင်ခဲ့တာ ကြာလှပြီဆိုတော့ သူတို့က ကမ္ဘာမှာအင်အားပြနေမဲ့အစား သူတို့ဘာသာပဲ အာရုံစိုက်ထားကြတာ .. ”
ဆရာများက ကျောင်းအုပ် ပြောသည်က မှန်ကန်ကြောင်း တွေးမိ၍ တွေးဆဆ အမူအရာများ ဖြစ်သွားကြသည်။ တကယ်တော့ သူတို့ကျောင်းတော်နှင့် ယှဉ်လိုက်လျှင် တာအိုအခွင့်အလမ်းဂိုဏ်း သူတို့အာဏာနှင့် အင်အားပြသခဲ့သည့် အချိန်ပမာဏက နည်းပါးလှသည်။
ထို့ကြောင့် ဂုဏ်သတင်းအရ သူတို့က ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်ထက် ပိုကောင်းသည်ဟု မှတ်ယူခံထားရသည်။
“ အဲဒီအကြောင်းအရင်းတစ်ခုတည်းကြောင့် မဟုတ်ဘူးမလား” ဆရာတစ်ယောက်က မေးလိုက်သည်။
“ဘယ်ဟုတ်ပါ့မလဲ” ပိုင်ဟန်က ဆက်ပြောလိုက်သည် “ ဒုတိယအကြောင်းအရင်းက အားကောင်းတဲ့ အင်အားစုအများစုက ငါတို့ကျောင်းတော်ကို အင်အားအသစ်လို့ ယူဆထားကြတာ။ တာအိုအခွင့်အလမ်းဂိုဏ်း၊ မူလဆေးလုံးတာအိုဂိုဏ်း၊ မူလရင်းမြစ် သင်္ကေတနန်းတော်တို့လိုမျိုး ဧကရာဇ်မျိုးနွယ်တွေကို ရှေးဟောင်းဧကရာဇ်ခေတ်ကာလမှာ တည်ထောင်ခဲ့ကြတာ …
သူတို့က နတ်ဆိုးမျိုးနွယ် မြင့်တက်လာမှု၊ ဗုဒ္ဓဘာသာ ပျက်သုန်းမှု၊ မိစ္ဆာမျိုးနွယ် ကျူးကျော်မှုနဲ့ ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ် ကပ်ဘေးတို့ကို ကြုံတွေ့ပြီး ရှင်ကျန်ခဲ့ကြတယ်။ နောက်ဆုံးကပ်ဘေးတစ်ခုပဲ ပါဖူးတဲ့ ငါတို့ကျောင်းတော်နဲ့ ယှဉ်လိုက်ရင် ငါတို့က ဖွံ့ဖြိုးမှုနည်းပါးသလို သမိုင်းကြောင်းလည်း နည်းတယ်။ နောက်ခံအင်အားလည်း နည်းတယ်။ အဲဒါကြောင့် ငါတို့ကျောင်းတော်က တခြားကျင့်ကြံသူတွေအမြင်မှာ ဘယ်လောက်အားကောင်းကောင်း ရှေးဟောင်းဂိုဏ်းတွေနဲ့ ပတ်သက်လာတဲ့အခါ သူတို့က ငါတို့ကို အထင်သေးကြတယ်”
အခန်းထဲရှိ ဆရာများက ထိုအကြောင်းကို ကြားသည့်အခါ အမူအရာ ပျက်ယွင်းသွားကြသည်။ ထို့နောက် သူတို့က ထိုရှေးဟောင်းအင်အားစုများနှင့် ပတ်သက်ဆက်ဆံနေစဉ် ထိုသူများက ကျောင်းတော်ထက် အမြဲတမ်းလိုလို သာလွန်နေမှုတစ်ခုခုရှိပုံပေါ်ကြောင်း စတင် မှတ်မိလာကြသည်။
လူတချို့က အကြောင်းအရင်းကို နားမလည်ခဲ့ကြသလို ယခုအထိ သတိမထားမိခဲ့ကြပေ။ သို့သော် ယခုတွင် သူတို့အား ခေါင်းခြောက်စေသည့် အရာများစွာကို နားလည်လာလေသည်။
ဆရာများ၏ အမူအရာက မည်မျှပျက်ယွင်းနေစေကာမူ ပိုင်ဟန်က ဆက်ပြောနေသည်။
“ နောက်ဆုံးနဲ့ အဓိကအကြောင်းအရင်းက ဧကရာဇ်ကိုးပါး ကျိန်စာနဲ့ ပတ်သက်နေလိမ့်မယ်။ အင်အားစုတော်တော်များများက သူတို့လည်း တစ်ရက်ကျ တာအိုအခွင့်အလမ်းဂိုဏ်းလိုမျိုး ဧကရာဇ်ကိုးပါး ပြုစုပျိုးထောင်ပေးနိုင်လာလိမ့်မယ်လို့ ယုံကြည်ထားကြတာ။ ဒါပေမဲ့ သူတို့က ကျိန်စာကို ဘယ်လိုဖြေရှင်းရမယ်မှန်း မသိကြဘူး။
အဲဒါကြောင့် သူတို့က တာအိုအခွင့်အလမ်းဂိုဏ်းကို လမ်းညွှန်မှုတစ်ခုအနေနဲ့ ထားပြီး အခြေအနေဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲ သိချင်ကြတာ။ အဲဒါဆိုရင် သူတို့အလှည့်ကျရင်လည်း ပြန်တုပနိုင်လိမ့်မယ်လေ”
ပိုင်ဟန်က ထိုစကားများ ပြောနေစဉ်အတွင်း နှာခေါင်းရှုံ့လိုက်သည်။ သူ့စိတ်ထဲ ထိုအင်အားစုများက မဟာဧကရာဇ်ကိုးပါးကို ပြုစုပျိုးထောင်ဖို့ ရိုးရှင်းလွန်းလှသည်ဟု တွေးနေလျှင် ထင်ယောင်ထင်မှားဖြစ်နေခြင်းသာ ဖြစ်လိမ့်မည်ဟု တွေးနေသည်။
အခန်းအတွင်း အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ဆရာတစ်ယောက်က ပြောလိုက်သည် “အခု ကျုပ်တို့ ဘာလုပ်ကြမလဲ။ အဲဒီကိစ္စတွေ ဖြစ်လာတာက အမွေခံသားတော် ဝမ်ဝေ့ရဲ့ အစီအစဉ်ကြောင့်မှန်း သိသာနေတာပဲ။ အဲဆိုတော့ ကျုပ်တို့ သူ့ကို ဦးညွှတ်ပြီး တာအိုကျောက်ပြား လျို့ဝှက်နယ်မြေထဲ ဝင်ခွင့်ပေးလိုက်မလား”
ဆရာအများစုက ထိုသို့ခံစားမိနေကြစဉ် ကျန်လူများက လူငယ်မျိုးဆက်ထံ ဦးညွှတ်ရသည်ကို မျက်နှာပျက်ရသည်ဟု ခံစားနေကြသည်။ သို့သော်လည်း မည်သူကမှ ကျယ်ကျယ်မပြောရဲကြပေ။ ကျောင်းတော်၏ အနာဂတ်နှင့် ယှဉ်လိုက်လျှင် အရှက်ရမှုအနည်းငယ်က ဘာမှမဟုတ်ပေ။
“ ဘယ်ဟုတ်ပါ့မလဲ” ပိုင်ဟန်က ပြန်ဖြေလိုက်သည်။
“ကျောင်းအုပ် အခုက မာနထားနေဖို့ အချိန်မဟုတ်ဘူး။ ကျုပ်တို့ကျောင်းတော် အနာဂတ်အတွက် ဦးညွှတ်လိုက်ရတာ ရှက်စရာ မဟုတ်ပါဘူး” ဆရာတစ်ယောက်က ပြောလိုက်သည်။
ပိုင်ဟန်က စကားပြောလိုက်သူကို စိုက်ကြည့်လိုက်ပြီး ပြန်ဖြေလိုက်သည် “ဒါက မာနကြောင့် မဟုတ်ဘူး”
တကယ်တော့ အလိမ်အညာသာ ဖြစ်၏။
“ မင်းတို့တွေ ခေတ်တစ်ခုရဲ့ စိတ်ဝိညာဉ်ဆိုတာ ကြားဖူးကြလား”
ဆရာအားလုံးက ခေါင်းယမ်းလိုက်စဉ် တချို့ကသာ အခေါ်အဝေါ်ကို ကြားဖူးကြလေသည်။ သို့သော် ဘာမှန်းမသိကြပေ။
“ ဧကရာဇ်ချီယွမ်က ဒီနေ့ခေတ် ငါတို့ကျင့်ကြံနေတဲ့ မူလလမ်းစဉ် စနစ်ကို ဖန်တီးပြီးတဲ့နောက်မှာ သူက ငါတို့ကျင့်ကြံရေး အသိုက်အဝန်းရဲ့ ဘိုးဘေး ဖြစ်လာခဲ့တယ်။ သူက ဒီနည်းလမ်းကို တခြားကမ္ဘာ့အသိုက်အဝန်းတွေဆီ ဖြန့်ကျက်တဲ့အခါ များပြားလွန်းတဲ့ ချီကံကောင်းမှုက တာအိုအခွင့်အလမ်းဂိုဏ်းအတွက်တင် မကဘဲ အသင်္ချေအင်ပါယာကမ္ဘာရဲ့ ကောင်းကင်တာအိုအတွက်လည်း အကျိုးရှိစေတယ်။
ကံဆိုးတာက ကောင်းကင်တာအိုကတောင် ကံကြမ္မာဝဋ်နှောင်ကြိုးကနေ မလွတ်မြောက်နိုင်ဘူး။ အဲဒါကြောင့် သူက ဧကရာဇ်ချီယွမ်အပေါ် အကြွေးကြီးတစ်ခု တင်နေခဲ့တယ်။ ဒါပေမဲ့ အားကောင်းလွန်းတဲ့ ထာဝရဧကရာဇ်ကို အကြွေးဘယ်လိုပြန်ဆပ်နိုင်မှာလဲ။
သူ့မျိုးဆက် ဒါမှမဟုတ် မျိုးရိုးကို ပြန်ပေးဆပ်တာပေါ့။ ကောင်းကင်တာအိုက တာအိုအခွင့်အလမ်းဂိုဏ်းကို ခေတ်တစ်ခုရဲ့ စိတ်ဝိညာဉ်ဆိုတဲ့အရာကို အပ်နှင်းခဲ့တယ်။ ဆိုလိုတာက နှစ်များစွာအထိ ဂိုဏ်းက ကံကြမ္မာ ကောင်းချီးပေးခံထားရပြီး စည်ပင်ကြွယ်ဝမယ်ဆိုတာပဲ။
အဲဒါက တာအိုအခွင့်အလမ်းဂိုဏ်းက အားကောင်းတဲ့ ဧကရာဇ်တွေအများကြီးကို ပြုစုပျိုးထောင်နိုင်ခဲ့ပြီး ကပ်ဘေးအများကြီးမှာ ရှင်ကျန်ခဲ့တဲ့ အကြောင်းအရင်းပဲ။ အဲဒါက အစီအရင်ဘိုးဘေး၊ အဆောင်ဘိုးဘေး၊ ဆေးဝါးဘိုးဘေးနဲ့ မွမ်းမံပြုပြင်ဘိုးဘေးတို့ရဲ့ ဂိုဏ်းတွေက ဒီနေ့အထိ ရှင်ကျန်နေခဲ့တဲ့ အကြောင်းအရင်းပဲ။ သူတို့အားလုံးက မဟာဧကရာဇ်များစွာ ပြုစုပျိုးထောင်ပေးနိုင်တာ မဟုတ်ခဲ့ရင်တောင် ဒီနေ့အထိ ရှင်သန်နိုင်ခဲ့ကြတယ်။
သမိုင်းကြောင်းတစ်လျောက် ဧကရာဇ်ကိုးပါးအထိ ပြုစုပျိုးထောင်ပေးနိုင်ခဲ့တဲ့ ဂိုဏ်းတွေအများကြီး ရှိခဲ့ဖူးတယ်။ ရှေးဟောင်းဧကရာဇ်ခတ်ကာလတုန်းက ဟွင်သွမ်းအုပ်ချုပ်သူဂိုဏ်း၊ ယုံကြည်မှုခေတ်ကာလက အမိတ္တဘကျောင်းဆောင်၊ မိစ္ဆာခေတ်ကာလမှာ လူသားသစ္စာဖောက် ကျင်းမျိုးနွယ်တို့ … ဒါပေမဲ့ အဲဒီအင်အားစုတွေက ဒီနေ့အထိ မတည်ရှိဘူး။
ကမ္ဘာမှာ ဆိုးဆိုးရွားရွား ကပ်ဘေး ဖြစ်လာတိုင်း ကောင်းကင်တာအိုက မူလဆေးလုံးတာအိုဂိုဏ်းလိုမျိုး ဂိုဏ်းတွေကို ရှင်ကျန်စေပြီး ချီကံကောင်းမှု ဒါမှမဟုတ် ကံကြမ္မာကို ထိန်းချုပ်နိုင်ဖို့ တစ်ဖက်တစ်လမ်းကနေ ကူညီပေးတယ်။ ဒါပေမဲ့ ကောင်းကင်တာအိုက မျှခြေကို ဂရုစိုက်တော့ တာအိုအခွင့်အလမ်းဂိုဏ်းကို တစ်ကမ္ဘာလုံးကို အုပ်စိုးခွင့် ပြုမှာ မဟုတ်ဘူး။
အဲဒါကြောင့် ငါ့ … ငါတို့တည်ထောင်သူ ဧကရာဇ်ခုံယွမ်က အမွေအနှစ် စနစ်အသစ်တစ်ခု ဖန်တီးခဲ့တဲ့အခါ ကောင်းကင်တာအိုက ခေတ်တစ်ခုရဲ့ စိတ်ဝိညာဉ်ကို ငါတို့ကျောင်းတော်ဆီ ပြောင်းရွေ့ပေးခဲ့ပြီး ငါတို့ပြိုင်ဘက်ကို ဧကရာဇ်ကိုးပါး ကျိန်စာနဲ့ ဟန့်တားထားလိုက်တယ်။
ငါတို့ကျောင်းတော်က အလယ်ပိုင်းဧကရာဇ်ခေတ်ကာလမှာ မဟာဧကရာဇ်ခြောက်ယောက် ပြုစုပျိုးထောင်နိုင်ခဲ့တဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပဲ။
ပုံမှန်အတိုင်းပြောရရင်တော့ တာအိုအခွင့်အလမ်းဂိုဏ်းနဲ့ မျှခြေညီဖို့ ခေတ်တစ်ခုရဲ့ စိတ်ဝိညာဉ်က ငါတို့ဘက်ကနေ ကိုးယောက်မြောက် ဧကရာဇ်ကို မွေးမထုတ်နိုင်မချင်း ကျောင်းတော်အပိုင် ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ဝမ်ဝေ့ ပေါ်ထွက်လာတာက အားလုံးကို ပျက်စီးသွားစေတယ်။
သူက ဧကရာဇ်ကိုးပါး ကျိန်စာ လျော့ချဖို့ နည်းလမ်းရှာတွေ့သွားရုံတင်မကဘူး။ ငါတို့ကျောင်းတော်အပေါ် လတ်တလော တိုက်ခိုက်မှုက စိတ်ဝိညာဉ်ကို ငါတို့ဆီကနေ ဖြည်းဖြည်းချင်း ဖယ်ရှားနေသလိုပဲ။ အဲဒါကြောင့် ငါတို့လည်း သူ့အပေါ် ပြန်ကြမ်းရမယ်”
ဆရာများ ထိုထုတ်ဖော်ချက်ကို ကြားပြီး အံ့အားသင့်သွားကြသည်။ သူတို့အနေနှင့် ထိုလျို့ဝှက်ချက်ကို ပထမဆုံး ကြားဖူးခြင်း ဖြစ်၏။
သို့သော်လည်း ယခင် ပိုင်ဟန်ကို ဆန့်ကျင်ပြောဆိုထားသည့် ဆရာက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည် “ကျောင်းအုပ် ကောင်းကင်တာအိုက ကျုပ်တို့ကို ခေတ်တစ်ခုရဲ့ စိတ်ဝိညာဉ် ချီးမြင့်ပေးထားမှတော့ တစ်ယောက်ယောက်က ဘယ်လိုလုပ်ယူဆောင်သွားနိုင်မှာလဲ”
ပိုင်ဟန်က တည်တည်ငြိမ်ငြိမ်သာ ပြောလိုက်သည် “မင်း နားမလည်ပါဘူး။ ခေတ်တစ်ခုရဲ့ စိတ်ဝိညာဉ်ဆိုတာက ချီကံကောင်းမှုကနေ ပုံပေါ်လာတာ။ အခြေအနေက ဘယ်လောက်ဆိုးဆိုး ကံကောင်းမှုလုံလောက်ရင် ဘယ်သူမဆို အလွယ်လေး ရှင်ကျန်နိုင်တယ်။ မင်းတို့အားလုံးကို မေးပါရစေဦး … ချီကံကောင်းမှုက ဘယ်လိုဖြစ်တည်လာတာလဲ”
“တိုင်းပြည်အတွက် ပိုင်နက်က ကျယ်ပြောပြီး ပြည်သူပြည်သားတွေက ကျန်းမာပျော်ရွင်မယ်ဆိုရင် တိုင်းပြည်ရဲ့ ကံကောင်းမှုက ပေါများလာလိမ့်မယ်။ ငါတို့လို ကျောင်းတော်နဲ့ ဂိုဏ်းတွေအတွက်ကျ ချီကံကောင်းမှုက လူ့အသိုက်အဝန်းထဲ ငါတို့ရဲ့ ဂုဏ်သတင်း၊ အကျိုးပြုမှုနဲ့ ဩဇာပေါ် မူတည်တယ်။ အခု ကျင့်ကြံသူအားလုံးနဲ့ သေမျိုးတွေက ငါတို့ကျောင်းတော်ကို ပြစ်မှုတွေ ပြည့်နှက်နေတဲ့ ဆိုးဆိုးရွားရွား နေရာလို့ တွေးနေကြပြီ။ ငါတို့မှာ ဩဇာနဲ့ ဂုဏ်သတင်း ကျန်ဦးမယ် ထင်နေလား။ ခေတ်တစ်ခုရဲ့ စိတ်ဝိညာဉ်ကရော ငါတို့ဆီ ကျန်နေဦးမယ် ထင်လား”
ပိုင်ဟန်က ပြောလိုက်ပြီးနောက် သက်ပြင်းချကာ “ ဒီလိုအောင်မြင်ဖို့ဆိုရင် အမွေခံသားတော် ဝမ်ဝေ့က ချီကံကောင်းမှုနဲ့ မိုးမြေ လျို့ဝှက်ချက်တွေအကြောင်း နက်နက်နဲနဲ သိနေမှပဲ ဖြစ်လိမ့်မယ်။သူက ဒီလောက်အများကြီး ဘယ်လိုသိနေပါ့လိမ့်”
…………
ဝမ်ဝေ့အနေနှင့် သူ့ချီကံကောင်းမှုသည် အနက်ရောင်မှ ရွှေရောင် ပြောင်းထားခဲ့ရသောကြောင့် မိုးမြေကြား ချီကံကောင်းမှု ဘယ်လိုအလုပ်လုပ်ကြောင်း နက်နက်နဲနဲ နားလည်ထားလေသည်။ ခေတ်တစ်ခု၏ စိတ်ဝိညာဉ်အကြောင်းကိုတော့ ဝူဟုန်က သူ့ကို ပြောပြခြင်း ဖြစ်၏။ ထို့ကြောင့် သူက သူ့အဖေကို ဂိုဏ်းမှ မှတ်တမ်းများထဲ ပြန်ရှာကြည့်ခိုင်းသည့်အခါ အကြောင်းစုံသင်ယူခဲ့ရသည်။
ပထမက သူ့အနေနှင့် ကျောင်းတော်ကို သူတို့၏ လုပ်ရပ်ကြောင့် လက်စားချေလိုရုံမျှ ဖြစ်သော်လည်း ထိုအကြောင်းကို ဖတ်ရှုပြီးသည့်နောက် သူက သူတို့ကို ဖြိုခွင်းဖို့ အစီအစဉ် တစ်ဆင့်ချင်းစီကို အကောင်အထည် ဖော်လိုက်သည်။ အနည်းဆုံးတော့ သူတို့ကို အားနည်းသွားစေလိမ့်မည်။