← Chapters

စည်းမျဉ်းများကို အတင်းအဓမ္မပြုပြင်ခြင်း

Vol. 17 Ch. 233

စည်းမျဉ်းများကို အတင်းအဓမ္မပြုပြင်ခြင်း

Vol. 17 Ch. 233

အခန်း(၂၃၃) :  စည်းမျဉ်းများကို အတင်းအဓမ္မပြုပြင်ခြင်း

“ကျောင်းအုပ် … အခု ကျုပ်တို့ ဘာလုပ်ကြမလဲ” ဆရာတစ်ယောက်က မေးလိုက်သောကြောင့် ကျန်လူများက ပိုင်ဟန်ကို ကြည့်လာကြသည်။

ပိုင်ဟန်အတွက်မူ ထိုမေးခွန်းကို ကြားလိုက်ပြီးနောက် သက်ပြင်းသာချလိုက်သည်။ တကယ်တော့ သူက လိမ်ညာလိုက်ခြင်းသာ ဖြစ်၏။ အတိအကျပြောရလျှင် အမှန်တရားတစ်ခုလုံးကို မပြောလိုက်ခြင်း ဖြစ်သည်။ ပိုင်ဟန်က ခေတ်တစ်ခု၏ စိတ်ဝိညာဉ်အကြောင်း ပြောသည်က အမှန်ဖြစ်သော်လည်း သူ့ရည်ရွယ်ချက်က မရိုးသားပေ။

လတ်တလော အဖြစ်အပျက်အတွင်း သူက ဝမ်ဝေ့အပေါ် သဘောမကျ ဖြစ်လာခဲ့သည်မှာ ဝမ်ဝေ့က သူ့အဖေ ဧကရာဇ်ခုံကို အမှတ်ရစေ၍ ဖြစ်သည်။

သူတို့၏ အံ့လောက်ဖွယ် ပါရမီ၊ အတွေးအမြင်ကျယ်တာတွေ၊ ပို၍ အရေးကြီးသည်က သူတို့က တစ်ကမ္ဘာလုံးကို သူတို့၏ စစ်တုရင်ခုံအဖြစ် သတ်မှတ်ထားပြီး လူတိုင်းကို နယ်ရုပ်များအဖြစ် ဆော့ကစားနေခြင်း ဖြစ်၏။

ပိုင်ဟန်က သူ့အဖေ၏ ထိုစွမ်းဆောင်ရည်များကို မုန်းတီးမိလေသည်။  ထို့ကြောင့် သူက ဝမ်ဝေ့အပေါ် အမုန်းတရား ပိုလာခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူ့စိတ်ခံစားချက် သဘာဝကို သတိပြုမိသော်လည်း သူ့အနေနှင့် ပြောင်းလဲဖို့ ငြင်းဆန်ခဲ့သည်။

ပိုင်ဟန်က အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် တခြားဆရာများအား ပြောလိုက်သည် “ ငါတို့ နောက်ခြေလှမ်းကို မဆွေးနွေးခင် ပထမဆုံး ငါတို့အတွင်းရေးပြဿနာတွေကို အရင်ဖြေရှင်းဖို့ လိုတယ်။

အဲဆိုတော့ တာအိုအခွင့်အလမ်းဂိုဏ်းက ငါတို့အစီအရင်ကို ဘယ်လိုထိန်းချုပ်လိုက်တာလဲဆိုတာ တွေ့ပြီလား”

“ကံမကောင်းစွာနဲ့ အဖြေ မရသေးပါဘူး” ကျောင်းတော်၏ လုံခြုံရေးကို တာဝန်ယူထားသူ ဆရာတစ်ယောက်က ဖြေလိုက်သည်။

“ အဖြစ်အပျက်ပြီးတော့ အစီအရင်တာဝန်ယူထားတဲ့လူကို စစ်ဆေးကြည့်ခဲ့ပေမဲ့ သူတို့က လုံးဝရှင်းနေတယ်။ နောက်ဆုံးကျ သူ့ဝိညာဉ်အထိ ရှာဖွေခဲ့သေးတယ်။ ဒါပေမဲ့ ဘာမှမတွေ့ရဘူး။ သူမက တာအိုအခွင့်အလမ်းဂိုဏ်းက လူတွေနဲ့ အဆက်အသွယ် မရှိနေဘူး။ သူမဆီ ဆက်သွယ်လာတဲ့သူလည်း မတွေ့မိဘူး”

ပိုင်ဟန်က မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။ ထိုအရာက ပြဿနာ ဖြစ်လာနိုင်သည်။ ထို့ကြောင့် သူက ပြောလိုက်သည် “ ဒီလိုဆိုရင် ဒီအခြေအနေကို ပြန်လည်တုံ့ပြန်ဖို့ စဉ်းစားကြရအောင်။

ပထမဆုံး ငါတို့က ဒီဆိုးဆိုးရွားရွား ကောလဟာလတွေ ကျောင်းတော်က ထိန်းချုပ်ထားတဲ့ ပိုင်နက်ထဲ ရောက်မသွားအောင် တားဆီးရမယ်။ အဲဒီနေရာတွေက ကျောင်းတော်ရဲ့ အုတ်မြစ်ပဲ။ အဲဒီနေရာတွေကို ဘာမှအဖြစ်ခံလို့ မဖြစ်ဘူး။

ဒုတိယက ငါတို့က တောင်ပိုင်းမှာရှိတဲ့ အဖွဲ့အစည်းတွေကနေ အရင်းအမြစ်တွေ မရနိုင်တော့ဘူးဆိုတော့ ပြင်ပအကူအညီ သုံးရတော့မယ်။ ကံကောင်းတာက လတ်တလော မဟာမိတ်ဖြစ်တဲ့ ကုန်သွယ်ရေးအဖွဲ့အစည်းက ငါတို့ကို ရှားပါးအရင်းအမြစ်တချို့ ထောက်ပံ့ပေးဖို့ သဘောတူလာတယ်။

ဒါပေမဲ့ သူတို့ရဲ့ အခြေအနေက အရင်ထက် ဈေးရာချီ များလာနိုင်တယ်။ သူတို့က ငါတို့ကို လူသိရှင်ကြား ထောက်ပံ့ပေးမှာ မဟုတ်ဘူး”

“ကျစ်” ဆရာတစ်ယောက်က ပြောလိုက်သည် “အရင်တုန်းက  ရှီကွမ်းက သူ့သမီးကို ကျုပ်တို့ဆီ ပို့ပေးနိုင်ဖို့ တောင်းဆိုခဲ့ရတာ အခု ကျုပ်တို့လည်း ပြဿနာကြားရောက်ရော သူက မျက်နှာလွဲခဲပစ် လုပ်ချင်တာလား”

“သူ့ကို အပြစ်တင်လို့တော့ မရဘူး။ လင်းဖန်နဲ့ ရှီရှစ်ကြားက မဟာမိတ်က တည်ဆောက်ခါစပဲ ရှိသေးတာဆိုတော့ ကုန်သွယ်ရေးအဖွဲ့အစည်းဘက်က ဘာအကျိုးအမြတ်မှ မရသေးဘူး။ ငါတို့ကျောင်းတော်က အထိနာသွားတာပေါ့”

“ မဟာမိတ်က အခြေအနေတချို့ ထောက်ထားပြီး ကူညီတာကိုပဲ ကျေနပ်ရမှာ။ တန်ကြေးမြင့်လိုက်တာကိုတော့ အစကတည်းက သူတိုတွေ ကုန်သည်တွေဆိုတော့ အကျိုးမြတ်ရယူဖို့က သဘာဝပဲလေ” ဆရာတစ်ယောက်က ပြောလိုက်သည်။

ပိုင်ဟန်က သဘောတူစွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ပြောလိုက်သည် “ငါတို့ရဲ့ တတိယအဆင့်က တုံ့ပြန်တိုက်ခိုက်ဖို့ပဲ။ တာအိုအခွင့်အလမ်းဂိုဏ်းက လူထုအမြင်နဲ့ ငါတို့ကို တိုက်ခိုက်လာမှတော့ ငါတို့လည်း အတူတူ ပြန်လုပ်နိုင်တယ်။”

ပိုင်ဟန်အနေနှင့် ထိုအရာက အသုံးဝင်မည် မဟုတ်လောက်ကြောင်း သိထားလေသည်။ ဝမ်ဝေ့၏ ဉာဏ်များမှုအရ သူက ဒီလိုတုံ့ပြန်မှုမျိုးကို တွက်ဆမိထားလောက်ပြီး ကြိုတင်ပြင်ဆင်ထားလောက်သည်။ မည်သို့ပင်ဆိုစေကာမူ ကျောင်းတော်က ဂုဏ်သတင်းနှင့် နာမည်ကောင်းအတွက် ပြန်လည်တိုက်ခိုက်လိုကြောင်း ရပ်တည်ချက်ကို ပြသရဦးမည်သာ ဖြစ်၏။

“ နောက်ဆုံးအနေနဲ့ ငါတို့ ဝမ်ဝေ့ကို တာအိုကျောက်ပြား သုံးထောင်ဆီ ဝင်ခွင့်မရအောင် လုပ်ရမယ်။ ငါ့သုံးသပ်ချက်အရ သူ့ကံကြမ္မာရုပ်သေးဆရာ ရုပ်ခန္ဓာက အသစ်ဆိုတော့ ရုပ်ခန္ဓာအသစ်ရဲ့ အရေးသာချက် ထုတ်ပြနိုင်လောက်အောင် သင့်တော်တဲ့ ကျင့်စဉ် ရှိဦးမှာ မဟုတ်ဘူး။ သူက တာအိုကျောက်ပြားဆီ ဝင်ခွင့်ရချင်တာဆိုတော့ ငါတို့ဘက်ကနေ သူ့ကို နည်းလမ်းမျိုးစုံနဲ့ တားရမယ်”

“ ကျောင်းအုပ် ကျုပ်တို့ ဘယ်လိုလုပ်ကြမှာလဲ”

“အရင်ဆုံး ငါတို့ လီကျွင်းကို ထိပ်ဆုံးအယောက် ၃၀ ထဲ မပါအောင်လုပ်ရမယ်။ သူ့အင်အားနဲ့ ထိပ်ဆုံး ၃၀ ထဲ ဝင်ဖို့ အနှေးနဲ့အမြန်ပဲ။ သူသာ ဝင်ခွင့်အမှတ်အသားပြားရသွားတာနဲ့ ဝမ်ဝေ့ဆီ ပေးလိုက်ဖို့ တုံ့ဆိုင်းနေမှာ မဟုတ်ဘူး။ အဲဒါကြောင့် ဒီအခြေအနေကို အရင်ဖြေရှင်းရမယ်”

ဆရာအားလုံးက သူတို့မျက်နှာအထက် တွေးဆဆအမူအရာများဖြင့် ရှိနေကြစဉ် တစ်ယောက်က ပြောလိုက်သည် “ ကျုပ်တို့ ဝင်ခွင့်အမှတ်အသားပြား ရတဲ့သူကို သူတို့အတွက်ပဲ သုံးလို့ရတယ်လို့ စည်းကမ်းလုပ်လိုက်တာ မကောင်းဘူးလား”

နောက်ဆရာတစ်ယောက်က ခေါင်းယမ်းကာ “အဲဒါက အလုပ်မဖြစ်ဘူး။ အားလုံးက ဝင်ခွင့်ရတဲ့သူက အမှတ်အသားပြားကို သူ ကြိုက်သလိုလုပ်ခွင့်ရှိတယ်ဆိုတာ အားလုံး သိပြီးသား။ ပြီးတော့ သူတို့အမှတ်အသားပြားကို တခြားသုံးအတွက် သုံးမဲ့ တခြားပါဝင်ယှဉ်ပြိုင်သူတွေလည်း အများကြီးပဲ။

အဲဒါကြောင့် ငါတို့သာ စည်းမျဉ်းကို အလျှင်စလို ပြောင်းလိုက်ရင် အရင် ကျွမ်းကျင်အတတ်ပညာရှင်တွေနဲ့ ကတောက်ကဆကိုပါ ထပ်ပေါင်းပြီး တာအိုအခွင့်အလမ်းဂိုဏ်းက လူတွေက ငါတို့ဂုဏ်သတင်းကို ထပ်ဖျက်ကြလိမ့်မယ်။ ”

“ သူတို့က အဲဒါကို အကြောင်းပြပြီး ဧကရာဇ်တာအိုစစ်ပွဲအထိ ဆင်နွဲလာနိုင်တယ်”ဆရာတစ်ယောက် ဝင်ပြောလိုက်သည်။

ထို့နောက် ဆရာအားလုံးက အမူအရာပျက်ယွင်းသွားကြသည်။ အများစုက တာအိုအခွင့်အလမ်းဂိုဏ်းနှင့် ဧကရာဇ်တာအိုစစ်ပွဲသာ ဖြစ်မည်ဆိုလျှင် သူတို့အနိုင်ရနိုင်ခြေက နည်းပါးကြောင်း သိထားကြ၏။

အမှန်တော့ တာအိုအခွင့်အလမ်းဂိုဏ်းကို ကမ္ဘာရှိ တခြားအင်အားစုများ ကြောက်ရွံ့ကြသည့် အကြောင်းအရင်းတစ်ချက်လည်း ဖြစ်ပေသည်။ သူတို့အခြေခံအုတ်မြစ်က နက်နဲလွန်း၍ ဖြစ်၏။

သူတို့တွင် မဟာဧကရာဇ်အများဆုံး ရှိနေရုံသာမက ကမ္ဘာ၏ သက်တမ်းအရင့်ဆုံး အင်အားစုတစ်ခုလည်း ဖြစ်ပေသည်။ ထို့ကြောင့် သူတို့ ဖုံးကွယ်ထားသည့် လျို့ဝှက်ချက်မည်မျှရှိနေမည်ကို မည်သူမှ မသိနိုင်ချေ။

ပိုင်ဟန်က ချောင်းအသာဟန့်ကာ အားလုံးကို အသိပြန်ကပ်လာစေလိုက်သည် “ ငါတို့တွေ စည်းမျဉ်းပြောင်းပစ်ဖို့ မလိုဘူး။ သူ့ကို လူထုယုံကြည်လောက်တဲ့ နည်းလမ်းနဲ့ အရည်အချင်းမပြည့်မှီအောင် လုပ်ရုံပဲ”

“ကျောင်းအုပ်က လိမ်ဖို့ ပြောနေတာလား။ အဲဒါက လွန်လွန်းမသွားဘူးလား” ဆရာတစ်ယောက်က မဝံ့မရဲ ပြောလိုက်သည်။

ပိုင်ဟန်က ပြောလိုက်သူကို စိုက်ကြည့်လိုက်ပြီး “ အဲဆို  ကျောင်းတော်ရဲ့ မျက်နှာပေါ် တက်နင်းထားတဲ့ အဲဒီလူကို ဘာအကျိုးဆက်မှ မခံစားခိုင်းဘဲ ဝင်ခွင့်ပေးလိုက်ကြမှာလား”

မေးခွန်းမေးလိုက်သူ အပါအဝင် ဆရာအားလုံးက ခေါင်းငုံ့ထားကြပြီး ဘာမှမပြောတော့ပေ။ ဝမ်ဝေ့ သူတို့အပေါ် လုပ်ခဲ့သည်ကို တွေးကြည့်လိုက်လျှင် သူတို့ဆီကနေ အကျိုးမြတ်ရဖို့ ခွင့်မပြုသင့်ပေ။

ပိုင်ဟန်က တိတ်တဆိတ် ခေါင်းညိတ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည် “ ပြီး‌တော့ ငါတို့က လိမ်နေတာ မဟုတ်ဘူး။ လီကျွင်းရဲ့ ပြိုင်ဘက်ကို အရေးသာချက်နည်းနည်းပေးလိုက်ရုံပဲ”

ဆရာအများစုက ထိုအပြုအမူကို သဘောမကျကြသော်လည်း ကျောင်းတော်၏ ကောင်းကျိုးအတွက် ဖြစ်မှန်းသိ၍ ဘာမှမပြောကြပေ။

“နောက်ဆုံး ငါတို့ရင်ဆိုင်ရမှာက အိမ်ရှေ့စံ ကျီစုန့်ပဲ ” ပိုင်ဟန်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

ဆရာအများစုက “ကျီစုန့်နဲ့ ဘာဆိုင်လို့လဲ” ဟူ၍ အမူအရာမျိုး ဖြစ်သွားကြသည်။

သူတို့က ဘာမှမပြောလိုက်သော်လည်း ပိုင်ဟန်က သူတို့မျက်နှာထားမှ စိတ်ကို အလွယ်တကူ ထိုးဖောက်မြင်နေသည်။

လူတချို့ကသာ အဖြေကို မှန်းဆနိုင်ကြသည်။

ပိုင်ဟန်က အဖြေကို မပြောခင် သက်ပြင်းချလိုက်ပြီး

“ မင်းတို့အားလုံးလည်း ဖွင့်ပွဲအခမ်းအနားတုန်းက သူတို့ဆွေးနွေးနေတာကို ကြားကြမှာပါ။ သူတို့ရဲ့ တိုက်ပွဲအတွက် လောင်းကြေးကို ဘယ်သူမှ မကြားလိုက်ပေမဲ့ ဝမ်ဝေ့ရဲ့ အရင်အပြုအမူတွေအရ လောင်းကြေးက တာအိုကျောက်ပြား လျို့ဝှက်နယ်မြေ ဝင်ခွင့် ဖြစ်နေမှန်း သိသာတယ်”

လူများစွာက ထိုအရာကို ကြားလိုက်ပြီးမှ သဘောပေါက်သွားကြသည်။ သူတို့က ဝမ်ဝေ့သည် မည်မျှကြောက်ဖို့ကောင်းကြောင်း သတိပြုမိလာ၏။ သူက ကျောင်းတော်ဆီ အရင်းအမြစ်နှင့် ဝင်ခွင့်အမှတ်အသားပြား လဲလှယ်ပေးဖို့ တောင်းဆိုပြီးသည့်နောက်တွင် အရန်အစီအစဉ်များစွာ ချမှတ်ထားခဲ့လေသည်။

သူက အစကတည်းက ကျရှုံးမှုကို မျှော်လင့်ထားသည့်အလား ဖြစ်နိုင်ခြေရလဒ်များကို အကုန်စီစဉ်ထား၏။

“ကျောင်းအုပ် … ကျုပ်အနေနဲ့ ပြောရရင်တော့ ကျီစုန့်က နိုင်နိုင်ခြေတော့ မရှိဘူး။ အဲဒီဝမ်ဝေ့က အရမ်းကြောက်ဖို့ကောင်းတယ်”

“ သူက လူငယ်မျိုးဆက်လို့ကို မယုံနိုင်စရာပဲ။ သူ့အပြုအမူတွေအရ နှစ်ထောင်ချီနေလာတဲ့ မြေခွေးအိုကြီးနဲ့ တူတယ်”

“ သူ့အမေကို စဉ်းစားကြည့်ရင် သူက အဲဒီလောက် ဉာဏ်များနေတာ အံ့ဩစရာတော့ မဟုတ်ပါဘူး”တခြားဆရာက ဝင်ပြောလိုက်သည်။

ဆရာများစွာက ထိုစကားကို ကြားပြီး ရှုံ့မဲ့သွားကြသည်။ ကျောင်းအုပ်ပိုင်ဟန်လည်း အပါအဝင် ဖြစ်၏။ သူတို့အများစုက သူတို့မျိုးဆက်အတွင်း ယုယန်လက်ထဲ ခံစားခဲ့ဖူးကြလေသည်။

ပိုင်ဟန်က သူ့ဘာသာ စိတ်တည်ငြိမ်ဖို့ အသက်ပြင်းပြင်းရှုလိုက်ပြီး သူ့စိတ်ထဲမှ ဆိုးဆိုးရွားရွား မှတ်ဉာဏ်တချို့ကို ဖယ်ထုတ်ပစ်လိုက်သည်။ ထို့နောက် သူက တည်တည်ငြိမ်ငြိမ် ပြောလိုက်၏  “ ငါတို့တွေ ကျီစုန့်ကို ကူညီပေးရမယ်။ သူ့ကို မိစ္ဆာနတ်ဘုရားအရိုး ပေးလိုက်မယ် ”

All Chapters