လျို့ဝှက် ပူးပေါင်းကြံစည်သူ
Vol. 17 Ch. 234
အခန်း(၂၃၄) : လျို့ဝှက် ပူးပေါင်းကြံစည်သူ
“ကျောင်းအုပ် အဲလိုလုပ်လို့ မဖြစ်ဘူး” ဆရာတစ်ယောက်က ပြောလိုက်သည်။ ဤတစ်ကြိမ် လူများစွာက သူနှင့် သဘောထားတူကြသည်။
“ မိစ္ဆာနတ်ဘုရားအရိုးက လင်းဖန်အတွက် ခန္ဓာကိုယ် လေ့ကျင့်ဖို့ သိမ်းထားတာလေ။ အဲဒါမရှိရင် သူ့ဟွင်သွမ်းရုပ်ခန္ဓာနဲ့ဆိုရင်တောင် သူ့ခန္ဓာကိုယ်က ဝမ်ဝေ့တို့နဲ့ ယှဉ်နိုင်ဦးမှာ မဟုတ်ဘူး” နောက်တစ်ယောက်လည်း ဝင်ပြောလိုက်သည်။
“မင်းတို့ ပြောတာ နားလည်တယ်” ပိုင်ဟန်က တည်ငြိမ်စွာ ပြောလိုက်သည် “ဒါပေမဲ့ ငါတို့အားလုံး ဝမ်ဝေ့ကို တာအိုကျောက်ပြား လျို့ဝှက်နယ်မြေထဲ ဝင်ခွင့်မရအောင် မတားဆီးနိုင်ရင် သူ့ပါရမီနဲ့ သူ့ကံကြမ္မာရုပ်သေးဆရာ ရုပ်ခန္ဓာအတွက် ပြီးပြည့်စုံပြီး အားကောင်းတဲ့ ကျင့်စဉ်တစ်ခု ဖန်တီးနိုင်မှာ ကျိန်းသေပေါက်ပဲ။
အဲဒီအခါ သူက ဘယ်လောက်တောင် အားကောင်းလာလိုက်မလဲ။ လင်းဖန်က မိစ္ဆာနတ်ဘုရားအရိုး ရှိရင်တောင် သူနဲ့ ကွာဟချက်ပမာဏ နည်းနည်းပဲ ချုံ့နိုင်လိမ့်မယ်။ အဲဒါကြောင့် ငါတို့အတွက် အကောင်းဆုံးဖြေရှင်းနည်းက သူ့ကို တခြားကောင်းကင်ရွေးချယ်ခံတွေထက် ကျောသွားတာကို တားဆီးဖို့ပဲ”
အခန်းက လုံးဝ ဆိတ်ငြိမ်သွားလေသည်။ သူ့စကားများက အကျိုးအကြောင်းသင့်သော်လည်း လူများစွာက ပိုအားကောင်းသည့် ပြိုင်ဘက်၏ အရေးသာမှုကို တားဆီးနိုင်ရန်အတွက် အဖိုးတန်အရင်းအမြစ်ကို သူတို့ပြိုင်ဘက်ထဲက တစ်ယောက်ဆီ ပေးပစ်လိုက်မည့် အချက်ကို လက်မခံနိုင်ကြပေ။
“ဒါက ရူးတာပဲ” ဆရာတစ်ယောက်က အော်ပြောလိုက်သည်။ ထို့နောက် သူက ထရပ်ကာ အခန်းထဲမှ ထွက်သွားလေ၏။ လူတချို့ကလည်း ထိုသဘောထားရှိကြပြီး ထွက်သွားကြလေသည်။
ပိုင်ဟန်က ထွက်သွားသည့်လူများကို အေးစက်စက်သာ ကြည့်နေလိုက်သည်။ သူက ကျန်ရှိနေသည့်လူများကို တည်ငြိမ်စွာ ပြောလိုက်သည်။
“ အခြေအနေက အဲဒီလူတွေ တွေးနေသလောက် မဆိုးဘူး။ မိစ္ဆာနတ်ဘုရားအရိုး ဘယ်လောက်အားကောင်းကောင်း ကျီစုန့်အတွက် ပုံပေါ်လာအောင် သန့်စင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး … အနည်းဆုံးတော့ သူ့လက်ရှိခွန်အားနဲ့ မလုံလောက်ဘူး။ အဲဒါကြောင့် အကောင်းဆုံးရလဒ်က သူ့အနေနဲ့ သူ့အရိုးထဲက တစ်ခုကို မိစ္ဆာနတ်ဘုရားအရိုးနဲ့ အစားထိုးပြီး ပေါင်းစပ်ပစ်လိုက်ဖို့ပဲ ရှိတယ်။ လင်းဖန်သာ နောင်မှာ သူ့ကို အနိုင်ပိုင်းနိုင်သရွေ့ သူ့အတွက်သူ ပြန်ယူနိုင်တယ်လေ”
နည်းလမ်းကောင်းပဲ …
ကျန်ရှိနေသည့် ဆရာများက တွေးမိလိုက်ကြသည်။ ကျီစုန့်က အလွယ်တကူ ရန်စလို့ရသည့် လူစားမျိုး ဖြစ်လေသည်။ လင်းဖန်သာ ဝမ်ဝေ့လိုမျိုး နည်းလမ်းတူ အသုံးပြုနိုင်သရွေ့ အရိုးကို လောင်းကြေးအဖြစ် ထားကာ ယှဉ်ပြိုင်တိုက်ခိုက်နိုင်လိမ့်မည်။
ဉာဏ်ပညာကြီးမားသည့် ဆရာတချို့က ကိစ္စများက ထိုသို့မရိုးရှင်းကြောင်း သိနေကြသည်။ သို့သော်လည်း သူတို့က ဘာမှမပြောကြပေ။ အနာဂတ်ကသာ ဘယ်သူမှန်ပြီး ဘယ်သူမှားနေကြောင်း ပြောပြသွားလိမ့်မည်။
……………..
တာအိုအခွင့်အလမ်းဂိုဏ်း၊ ထျန်းဝေတောင်ထိပ်၊ လျို့ဝှက်အခန်းအတွင်း
ဂိုဏ်းချုပ်ဝမ်ထျန်းက အစီအရင်ရှေ့တွင် တင်ပျဉ််ခွေထိုင်နေသည်။ ထိုအစီအရင်အတွင်း လူများစွာ တင်ပျဉ်ခွေ ထိုင်ထားသည်ကို ပြသထားလေသည်။ ထိုလူများက မိန်းမငယ်လေးမှ အသက်ကြီးကြီး အမျိုးသမီးအထိ၊ လူလတ်အရွယ် အမျိုးသား၊ အသက်နှစ်ဆယ်လောက် လူငယ်အမျိုးသားမှ သေခါနီးပုံပေါက်နေသည့် လူအိုကြီးများအထိ အကုန်ပါကြသည်။
မည်သို့ပင်ဆိုစေကာမူ ထိုလူများ၏ သွင်ပြင်က မည်မျှကွဲပြားနေစေကာမူ တကယ်တမ်း တစ်မျိုးဆက်တည်းမှ ဖြစ်ကြပြီး အသက်အတူတူ ဖြစ်ကြလေသည်။
သို့သော်လည်း ထိုလူများ၏ ရုပ်ရည်သွင်ပြင်က တကယ်တမ်း အရေးမကြီးပေ။ သူတို့၏ အဆင့်အတန်း သို့မဟုတ် အနေအထားကသာ အရေးပါ၏။
ထိုအစည်းအဝေးအတွင်း တောင်ပိုင်း မီးငှက်ကုန်းမြေမှ ကျွမ်းကျင်အတတ်ပညာဆိုင်ရာ အဖွဲ့အစည်းများ၏ ခေါင်းဆောင်များ၊ မိန်းမငယ်လေးတစ်ဦးတစ်ဦး သွင်ပြင်ရှိသည့် ထာဝရအိပ်မက်ဂိုဏ်း၏ ဂိုဏ်းချုပ်လည်း ပါဝင်သည်။
အရှေ့ပိုင်း နဂါးပြာကုန်းမြေမှ ဓားရေးစံအိမ်မှ ကျန့်ဝူရွှမ်း၏ ဆရာတစ်ဖြစ်လည်း ဓားဝိဇ္ဇာ ကျန့်ယီလည်း ရှိသည်။ ယင်စန္ဓာနန်းတော်မှ ယခင်သူတော်စင်မ ဖြစ်ပြီး စုယာ့၏ ဆရာဖြစ်သူလည်း တက်ရောက်လေသည်။ နောက်ဆုံးတွင် တာအိုကိုးကွယ်ကျောင်းတော်လည်း ပါသည်။
အနောက်ပိုင်းကျားဖြူ ကုန်းမြေမှ တိမိသားစုခေါင်းဆောင်၊ ဖန်းလီကျွမ်း၏ အဖေဖြစ်သူ အံ့ဖွယ်တာအိုအဖွဲ့ ခေါင်းဆောင်က ထိပ်တန်းအံ့ဖွယ်မျိုးနွယ်များ ခြံရံရင်း တက်ရောက်လာသည်။
အလယ်ပိုင်း ချီလင်းကုန်းမြေမှ ဂိုဏ်းချုပ်ဝမ်ထျန်း၊ ကျီစုန့်၏ အဖေဖြစ်သူ နိုင်ငံအရှင် ကျီဝမ်၊ စွင်းကျောင်းလုံ၏ အဖေဖြစ်ပြီး မဟာဝူတိုင်းပြည်၏ အုပ်ချုပ်သူလည်း ဖြစ်သည့် အရှင်ဉာဏ်ပညာလည်း တက်ရောက်လာသည်။
နောက်ဆုံးတွင် သားရဲမွေးမြူရေးတောင်ကြားမှ သားရဲသခင်၊ ထိုက်ယီနက်နဲမုခ်မှ ဂိုဏ်းချုပ်ဆရာနှင့် ဓာတ်ငါးပါးနန်းတော်မှ တာအိုသူတော်စင်လည်း အပါအဝင် ဖြစ်၏။
ဓာတ်ငါးပါး နန်းတော်တွင် မဟာဧကရာဇ် ခြောက်ယောက်ရှိပြီး အဆင့် ၆ ကောင်းကင်ရုပ်ခန္ဓာ ဓာတ်ငါးသွယ်မျှခြေညီ ရုပ်ခန္ဓာပိုင်ရှင် ကျန်းပိယုက ထိုဂိုဏ်းမှ ဖြစ်ပေသည်။ သဘောတရားအရ ဓာတ်ငါးပါးနန်းတော်သည် အရှေ့ပိုင်းကုန်းမြေတွင် တည်ရှိ၏။ သို့သော်လည်း သူတို့က ထိုက်ယီနက်နဲမုခ်နှင့် သဘောထားကွဲလွဲမှုဖြစ်ပြီး ရှုံးနိမ့်ပြီးသည့်နောက် အလယ်ပိုင်းကုန်းမြေတွင်သာ နေထိုင်ကြတော့သည်။
……….....
အစည်းအဝေးကို ပြန်ကြည့်လိုက်လျှင် ဖော်ပြထားသည့် အင်အားစုအားလုံးက အားကောင်းသူများသာ ဖြစ်၏။ မဟာဧကရာဇ် တစ်ယောက် သို့မဟုတ် နှစ်ယောက် ပြုစုပျိုးထောင်ပေးထားသော ဧကရာဇ်မျိုးနွယ်များလည်း တက်ရောက်ကြသည်။ ဥပမာအားဖြင့် ဝမ်ဝေ့၏ မိခင်သည် ယုမိသားစုကို ကိုယ်စားပြု၍ တက်ရောက်လာသည်။
ကံဆိုးစွာဖြင့် ထိုအင်အားစုများက ယခုအစည်းအဝေးကို ကိုယ်စားပြုနိင်ဖို့ အားနည်းလွန်းကြသည်။
မည်သို့ပင်ဆိုစေကာမူ မြောက်ပိုင်း လိပ်နက်ကုန်းမြေကို ထည့်မတွက်ထားဘဲ အစည်းအဝေးကို တက်ရောက်ကြသူများက အသေင်္ချေအင်ပါယာကမ္ဘာကို ၇၈ မှ ၈၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်လွှမ်းမိုးထားကြသည်။
“လူစုံပြီလား” ဝမ်ထျန်းက အသံဩဇာတိက္ကမအပြည့်ဖြင့် မေးလိုက်ပြီး အစည်းအဝေးကို စတင်လိုက်သည်။ အားလုံး ခေါင်းညိတ်ကြသည့်အခါ သူက ဆက်ပြောလိုက်၏။
“ အဲဆိုတော့ ဒီလောက်နှစ်တွေကြာပြီးတဲ့နောက်မှာ အားလုံးက သဘောတူလိုက်ကြပြီလား”
“ဆယ်နှစ်လောက်က သိပ်မကြာပါဘူး” အရှင်ဉာဏ်ပညာက ပြောလိုက်သည်။
“ဟုတ်နိုင်ပါတယ်။ ဒါပေမဲ့ ကျုပ်တို့မှာ အချိန်မရှိတော့ဘူး။ ကျုပ်တို့တွေ အစီအစဉ်ကို တတ်နိုင်သမျှ မြန်မြန် အကောင်အထည်ဖော်နိုင်ဖို့ သဘောတူညီချက် လိုအပ်တယ်” ဝမ်ထျန်းက ပြောလိုက်သည်။
အားလုံးက အမှန်ဖြစ်နေမှန်း သိကြ၍ ခေါင်းညိတ်လိုက်ကြသည်။
“ ကျွန်မတို့က သဘောတူဖို့ ရောက်လာတာဆိုပေမဲ့ စိတ်ထင့်တာလေးတွေ ရှိနေသေးတယ်” စုယာ၏ ဆရာက ပြောလိုက်သည်။
“ ကျုပ်ရောပဲ” မွမ်းမံပြုပြင်ရေး အဖွဲ့အစည်းခေါင်းဆောင်ဖြစ်သည့် မုတ်ဆိတ်ဖြူ လူအိုကြီးက ပြောလိုက်၏။
“ ကျုပ်တို့ တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ အကျိုးမြတ် ၂၀ ရာခိုင်နှုန်းအကြောင်း မပါသရွေ့ စိတ်ကြိုက်ပြောကြပါ” ဝမ်ထျန်းက ခပ်တည်တည်သာ ပြောလိုက်သည်။
လူများစွာက ထိုအရာကို ကြားပြီး နှုတ်ခမ်းမဲ့သွားကြသည်။ လူများစွာက ထိုအရေအတွက်သည် များလွန်းသည်ဟု ခံစားမိကြသော်လည်း ထိုအစီအစဉ်ကို တာအိုအခွင့်အလမ်းဂိုဏ်းက ရေးဆွဲထားပြီး သူတို့ လုပ်ထားသည့်အရာ မရှိသောကြောင့် ဘာမှမပြောနိုင်ကြပေ။
မည်သို့ပင်ဆိုစေကာမူ လူများစွာ သူတို့ရရှိသည့် ရာခိုင်နှုန်းက အလွန်နည်းပါးသည်ဟု ခံစားမိနေဆဲ ဖြစ်သည်။ သို့သော် နှစ်များစွာ စကားများလာပြီးနောက် သူတို့က နောက်ဆုံး ဆုံးဖြတ်ချက်ဆီ ရောက်ရှိလာကြသည်။
“ အဲဒါက အကြံကောင်းလို့ မထင်ဘူး။ ကျုပ်တို့လုပ်မှာက နှစ်သန်းပေါင်းများစွာ ကမ္ဘာရဲ့ တည်ရှိမှုကို ဝင်နှောက်လိုက်သလို ဖြစ်သွားမှာ။ ကျုပ်တို့က ဘိုးဘေးတွေရဲ့ ဉာဏ်ပညာကို စော်ကားပြီး အတိတ်တုန်းက ဝိဇ္ဇာတွေရဲ့ မျက်နှာပေါ် တံတွေးထွေးချလိုက်သလိုပဲ” လူအိုကြီးက အားတက်သရော ပြောလိုက်သည်။
“ကျစ် … အကျိုးရှိရှိ အသုံးချနိုင်ဖို့အတွက် သုံးစားမရတဲ့ အဲဒီကျင့်ဝတ်တွေကို သိမ်းထားချင်သေးတာလား။ ခင်ဗျား မပါချင်ရင် ဘေးထွက်နေလိုက်။ ကျုပ်တို့ လူထပ်ရှာလိုက်မယ်” အရှင်ဉာဏ်ပညာက လှောင်ပြုံးဖြင့် ပြောလိုက်သည်။
မွမ်းမံပြုပြင်ရေး အဖွဲ့အစည်းခေါင်းဆောင်က သူ့အား စိုက်ကြည့်လိုက်ပြီး ဘာမှထပ်မပြောတော့ပေ။ သူက သူ့စကားကို အခိုင်အမာ ယုံကြည်ထားသော်လည်း အကျိုးမြတ်နှင့် ပတ်သက်လာသည့်အခါ သူ့အတွေးအခေါ်များနှင့် ယုံကြည်ချက်များကို စွန့်ပစ်နိုင်သည်။
အားလုံးက ခဏကြာ တိတ်ဆိတ်သွားပြီးနောက် နောက်တစ်ယောက်က စကားစလာသည်။
“ကျွန်မရဲ့ ပြဿနာက ယုမိသားစုပဲ” ယင်စန္ဒာနန်းတော်၏ သူတော်စင်မက ယုယန်ကို ခက်ထန်စွာ ကြည့်ပြီး ပြောလာသည်။
“သူမက တာအိုအခွင့်အလမ်းဂိုဏ်းက လူဖြစ်နေပြီပဲ ယုမိသားစုကနေ ဘာလို့အကျိုးမြတ် လက်ခံချင်နေသေးတာလဲ”
ယုယန်က စကားဖြင့် တိုက်ခိုက်ခံရသော်လည်း မအံ့ဩမိပေ။ သူတို့နှစ်ယောက်က ရန်ဖြစ်လာသည်မှာ တစ်မျိုးဆက်ကျော်သွားလေပြီ။ ပထမက ကောင်းကင်အလိုဆန္ဒတိုက်ပွဲအတွက် ဖြစ်ပြီး ဒုတိယက ဝမ်ထျန်းကြောင့် ဖြစ်၏။
မှန်ပေသည်။ ယင်စန္ဒာနန်းတော်၏ သူတော်စင်မက ဂိုဏ်းချုပ်ဝမ်ထျန်းကို ချစ်မြတ်နိုးကာ သူတို့မျိုးဆက်တုန်းက လိုက်ပိုးပန်းခဲ့ဖူးသည်။ တကယ်တော့ အမျိုးသမီးအများစုက သူ့အား လိုက်ပိုးပန်းကြဖူး၏။ သူတို့မျိုးဆက်အတွင်း သူက ခပ်ချေချေနှင့် ရုပ်အချောဆုံး ဖြစ်သလို အားအကောင်းဆုံး ကောင်းကင်ရွေးချယ်ခံ တစ်ယောက်လည်း ဖြစ်သည်။
ကံဆိုးစွာဖြင့် ယင်စန္ဒာနန်းတော်၏ တင်းကျပ်လွန်းသည့် စည်းကမ်းများကြောင့် သူမအား အခွင့်အရေးနှင့် လွဲသွားစေခဲ့သည်။
“ယုမိသားစုက တာအိုအခွင့်အလမ်းဂိုဏ်းနဲ့ မတူဘူးလေ။ အဲဒါအသိသာကြီးပဲ။ ဒီလိုအတိုင်းဆို နင့်ညီမလည်း ဓားရေးစံအိမ်နဲ့ လက်ဆက်လိုက်တာပဲ မဟုတ်ဘူးလား။ နင်လည်း ဝေစုကို ထည့်မတွက်နဲ့လေ” ယုယန်က တည်တည်ငြိမ်ငြိမ်သာ ပြန်ဖြေလိုက်သည်။
တကယ်တော့ သူတို့ယုမိသားစု လက်ခံနိုင်သည့် ရာခိုင်နှုန်းက ၁ ရာခိုင်နှုန်းထက်ပင် နည်းလေသည်။ မည်သို့ပင်ဆိုစေကာမူ ထိုပမာဏက နှစ်အကြာကြီး ဒဏ်ရာအပြင်းအထန် ရထားသည့် အဖေဖြစ်သူကို ပြန်လည်ကုသပေးဖို့ လုံလောက်နေပြီ ဖြစ်၏။
ခင်ပွန်းဖြစ်သူက သူမ အဖေကို ကုသပေးဖို့အတွက် တာအိုအခွင့်အလမ်းဂိုဏ်း၏ အကျိုးမြတ်တချို့ကို ထုတ်သုံးပေးနိုင်သော်လည်း သူမဘာသာ ဖြေရှင်းနိုင်သောကြောင့် အဘယ်ကြောင့် အကူအညီတောင်းခံနေရမည်နည်း။
“ အဲဒီသစ္စာဖောက်အကြောင်း လာမပြောနဲ့” ယင်စန္ဒာနန်းတော် သူတော်စင်မက ယုယန်၏ ပြန်လည်ချေပမှုကို တုံ့ပြန်လိုက်သည်။
ယင်စန္ဒာနန်းတော်၏ စည်းမျဉ်းအရ တပည့်အားလုံးက လက်ထပ်ခွင့် ရှိသော်လည်း သူတို့လက်တွဲဖော်များက နန်းတော်ထဲ ဝင်ရောက်ကြရမည် ဖြစ်ပြီး တခြားဂိုဏ်းထဲ လက်ထပ်ခြင်းကို တားဆီးထားသည်။
ထိုကမ္ဘာ၏ ယဉ်ကျေးမှုက အမျိုးသမီးက အမျိုးသား မိသားစုထဲ ရောက်သွားလေ့ရှိသော်လည်း ယင်စန္ဒာနန်းတော်ကမူ ပြောင်းပြန် ဖြစ်၏။ သို့သော်လည်း အမျိုးသားများစွာက ယင်စန္ဒာနန်းတော်မှ အမျိုးသမီးများနှင့် လက်ထပ်ရန် အပြေးအလွှား လာရောက်နေကြဆဲ ဖြစ်၏။ ပြောရလျှင် ဂိုဏ်းထဲတွင် မိန်းမလှလေးများနှင့်သာ ပြည့်နှက်နေသည် မဟုတ်ပါလော။
ယင်စန္ဒာနန်းတော် သူတော်စင်က ဘာမှထပ်မပြောတော့ဘဲ ယုယန်ကိုသာ စိုက်ကြည့်နေလိုက်သည်။
ဓားရေးစံအိမ်မှ ကျန့်ယီက ဘာမှမကြားသလိုသာ ဟန်ဆောင်နေသည်။ ထိုအတင်းအဖျင်းက သူတို့စံအိမ်၏ အမှားဖြစ်၍ အရှေ့ပိုင်းကုန်းမြေရှိ အားအကောင်းဆုံး အင်အားစုများဖြစ်ကြသည့် သူတို့နှင့် ယင်စန္ဒာနန်းတော်ကြား ရန်ငြိုးကိုသာ တိုးလာစေလိမ့်မည်။
ဂိုဏ်းချုပ်ဝမ်ထျန်းအတွက်မူ အပေါ်ယံတွင် တည်ငြိမ်နေသော်လည်း တိတ်တဆိတ် ကျိန်ဆဲနေမိသည်။ သူက သူ့ဇနီးကို ကောင်းကောင်းသိထားလေသည်။ ထို့ကြောင့် ယနေ့အဖြစ်အပျက်အတွက် သူက ဘာမှမလုပ်ထားခဲ့သော်လည်း သူ့အပေါ် အပြစ်တင်လာမည် ဖြစ်၏။
ငါတော့ နောက်ရက်အနည်းငယ်အထိ ဒါမှမဟုတ် လပိုင်းလောက်အထိ ကျင့်ကြံရေးအခန်းထဲပဲ အိပ်ရတော့မယ် တူတယ် … ဝေ့အာများ ငါ့ကို ကူညီပေးနိုင်မလား …
အဲဒီကောင်စုတ်လေး ငါ့ကို ကူညီပေးမယ်လို့ တွေးနေရင် ငါ ရူးနေတာပဲ ဖြစ်မယ်။ သူက မီးထဲ လောင်စာထည့်မလောင်းရင် ကံအကောင်း …
“ အားလုံးက သဘောတူလိုက်ပြီဆိုတော့ စာချုပ်ချုပ်ရအောင်။ အဲဒီနောက် ဒီကမ္ဘာရဲ့ အဆင့်မြင့်ချုပ်နှောင်ခြင်း စာချုပ်ကို ဒီအင်အားစုတွေကြား လက်မှတ်ရေးထိုးကြမယ်”
အစည်းအဝေးပြီးဆုံးသွားပြီးနောက် ဝမ်ထျန်းက သူ့သားကို လှမ်းဆက်သွယ်လိုက်သည်။
“အဖေ အခြေအနေ ဘယ်လိုလဲ” ဝမ်ဝေ့က မေးလိုက်၏။
“ အရာအားလုံး မင်း စီစဉ်ထားတဲ့အတိုင်းပဲ ” ဝမ်ထျန်းက အားပါးတရ ပြုံးကာ ပြောလိုက်သည်။