← Chapters

ခေတ်သစ်အတွေးအခေါ်

Vol. 17 Ch. 235

ခေတ်သစ်အတွေးအခေါ်

Vol. 17 Ch. 235

အခန်း(၂၃၅) :  ခေတ်သစ်အတွေးအခေါ်

ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်၊ တိမျိုးနွယ် မျှောလွင့်ရုံငယ်အတွင်း

တိထျန်းက လွန်ခဲ့သည့် ဆယ်နှစ်လုံးလုံး ပြိုင်ပွဲတစ်ခုလုံးကို တစ်ခုမှ အလွတ်မပေးဘဲ ဆက်တိုက်စောင့်ကြည့်လာခဲ့သည်။ အကြောင်းမှာ သူက ပြိုင်ပွဲဝင်တစ်ယောက်ချင်းစီ၏ အလားအလာက သူ့အနာဂတ် ဧကရာဇ်လမ်းကြောင်းပေါ် ခြိမ်းခြောက်မှု ဖြစ်စေနိုင်လားဟု သိချင်၍ ဖြစ်သည်။

သူက နောက်ဆုံးတွင် အနိုင်ရသူ ဖြစ်မည်မှန်း အခိုင်အမာ ယုံကြည်ထားကာ ဝမ်ဝေ့ပင် သူ့အတွက် ခြိမ်းခြောက်မှုများစွာ မဟုတ်သော်လည်း သူ့အနေနှင့် တခြားသူများကို လျော့မတွက်မိစေဖို့ သေချာအောင်လုပ်ထားချင်သည်။

တိထျန်းက လူအများစုကို အားနည်းသည်ဟု တွေးထားလျှင်ပင် အားလုံးကို သတိထားကာ စိတ်ရှည်လက်ရှည် စောင့်ကြည့်နေသည်။ ထို့နောက် ရုတ်ချည်းဆိုသလို သူ့ထံ ဆက်သွယ်ရေး အဆောင်တစ်ခု ရောက်ရှိလာသည်။ ထိုအရာကို အသက်သွင်းလိုက်သည့်အခါ သူ့ဖခင်ဖြစ်သူ၏ သုံးဖက်မြင်ပုံရိပ်က သူ့ရှေ့တွင် ထွက်ပေါ်လာသည်။

“ဘာကိစ္စရှိလို့လဲ” တိထျန်းက မထူးမခြားနား မေးလိုက်သည်။

သူ့အဖေကလည်း မထူးမခြားနား ပြန်တုံ့ပြန်လိုက်သည် “ တာအိုအခွင့်အလမ်းဂိုဏ်း ဦးဆောင်တဲ့ အစည်းအဝေး ပြီးသွားပြီ”

ထို့နောက် သူက အစည်းအဝေးအတွင်း ဖြစ်ပျက်ခဲ့သည့် ကိစ္စများနှင့် ဧကရာဇ်မျိုးနွယ်များမှ လက်မှတ်ရေးထိုးထားကြသည့် သဘောတူညီချက်ကို ပြောပြလိုက်သည်။

“ မင်းရော အခြေအနေ ဘယ်လိုထင်လဲ” တိမျိုးနွယ်ခေါင်းဆောင်က မေးလိုက်သည်။

တိထျန်းက ခဏကြာစဉ်းစားလိုက်ပြီးနောက် “လတ်တလော အဖြစ်အပျက်တွေက ကမ္ဘာကြီးကို ကောဟလာလနဲ့ ဂုဏ်သတင်းရဲ့ စွမ်းအားတင် မကဘူး။ ကျင့်ကြံသူတွေအပြင် သေမျိုးတွေရဲ့ စွမ်းအားကိုလည်း ဖော်ပြနေတယ်။ လူတချို့အတွက် သေမျိုးတွေက ကျင့်ကြံသူတွေအတွက် ခြိမ်းခြောက်မှု ဖြစ်နေတာပဲ။

ကျောင်းတော်ကို ဆန့်ကျင်မဲ့ အကြံအစည်က ကျွန်တော်တို့ တိမျိုးနွယ်အတွက် အရေးကြီးသလို အရေးလည်း မကြီးဘူး။ အနောက်ပိုင်းကျားဖြူ ကုန်းမြေမှာ ဂုဏ်သတင်းစွမ်းအားက ဘာမှအသုံးမဝင်ဘူး။ ပြောရရင် မိစ္ဆာကျင့်ကြံသူတွေအားလုံးက သေမျိုးတွေရဲ့ ဘဝကို လမ်းဘေးကခွေးထက်တောင် ဆိုးဆိုးရွားရွား ဆက်ဆံကြတာလေ။ သူတို့ဘဝတွေက မြောက်ပိုင်းက နတ်ဆိုးမျိုးနွယ်ပိုင်နက်ထဲ နေရတဲ့ လူသားတွေရဲ့ ဘဝတွေထက် ပိုဆိုးတယ်။

ကျွန်တော်တို့ တိမျိုးနွယ်က  ပိုင်နက်ထဲ နေကြတဲ့ သေမျိုးတွေကို ကာကွယ်ပေးထားတော့ ကျွန်တော်တို့ရဲ့ ဂုဏ်သတင်းက အရမ်းကောင်းတယ်။ ဒါပေမဲ့ တစ်ယောက်ယောက်သာ ကျွန်တော်တို့ မိသားစုအကြောင်း ကောလဟာလတွေ ဖြန့်လာခဲ့ရင် သေမျိုးတွေက ကျွန်တော်တို့ရဲ့ ကာကွယ်မှုမရှိရင် ရက်စက်ကြမ်းကြုတ်တဲ့ မိစ္ဆာကျင့်ကြံသူတွေရဲ့ လက်ထဲကျရောက်သွားမယ်ဆိုတာ သိနေတာ့ ကောလဟာလတွေကို ဂရုစိုက်မှာ မဟုတ်ဘူး။”

တိမျိုးနွယ်ခေါင်းဆောင်က တည်တည်ငြိမ်ငြိမ် ခေါင်းညိတ်လိုက်သည်။ သူနှင့် စဉ်းစားပုံချင်း တူနေလေသည်။ ထို့နောက် သူက မေးလိုက်သည် “ ငါတို့ စစ်ဆေးကြည့်ရသလောက် ဒီအစီအစဉ်ကို ဝမ်ဝေ့ ဖန်တီးခဲ့တာ ဖြစ်လောက်တယ်။ သူ့အသိပညာနဲ့ သူက ငါတို့ထင်ထားတာထက် ခြိမ်းခြောက်မှု ပိုများနေတာပဲ။ မင်း သူနဲ့ ရင်ဆိုင်ဖို့ အစီအစဉ်ရှိပြီလား”

တိထျန်းက ထိုအကြောင်းကို ကြားလိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။

ထိုဝမ်ဝေ့က သူ့အား သမိုင်းကြောင်းတစ်လျှောက်မှ လူတချို့ကို ပြန်လည်အမှတ်ရစေသည်။ ထိုလူများက ကံကြမ္မာသားတော် မဟုတ်ကြသော်လည်း သူတို့ကံကောင်းမှုက သူတို့နှင့် အတူတူလောက်သာ ဖြစ်၏။ ပြောရလျှင် သူတို့က ဝတ္ထုတစ်ခု၏ အဓိကဇာတ်လိုက်လိုမျိုး ဖြစ်ကာ သတ်ဖို့ ခက်လှသည်။

အစပိုင်း ကောင်းကင်တာအိုက  သူ့ကို ဝရမ်းပြေးသတ်မှတ်လိုက်မယ် ထင်ထားတာ … ငါ့အနေနဲ့ အဲဒီဖြစ်စဉ်မှာ ဘာအနှောင့်အယှက်မှမရှိအောင် စောင့်ကြပ်ဖို့ လိုတယ်ပဲ တွက်ထားတာ အခုတော့ ငါကိုယ်တိုင် အခြေအနေ ဖန်တီးယူရတော့မယ်

သူ့အသိပညာနဲ့ဆိုရင် အသက်ရှင်ဖို့ နည်းလမ်းရှာတွေ့ဖို့ အလှမ်းမဝေးဘူး။ အဲဒါကြောင့် ငါက ကောင်းကင်တာအိုကို ကူညီပေးပြီး သူ လုံးဝပျက်သုန်းသွားအောင် လုပ်ပစ်ရမယ် …

မိနစ်ပိုင်းကြာ တိတ်ဆိတ်နေပြီးနောက် တိထျန်းက ပြောလာသည် “ကျွန်တော်မှာ အစီအစဉ် ရှိပါတယ်”

“တိမျိုးနွယ် ဝင်ပါဖို့ လိုသေးလား။ တကယ်လို့ လိုတယ်ဆိုရင် ကိစ္စတွေကို ဘယ်လောက်အထိပြင်းထန်မယ် ထင်ထားလဲ” တိမျိုးနွယ် ခေါင်းဆောင်က မေးလိုက်သည်။

“ မျိုးနွယ်စုက ဝင်ပါဖို့ လိုတယ်။ အခြေအနေ ဘယ်လောက်အထိ ပြင်းထန်မလဲဆိုတာတော့ အကောင်းဆုံးရလဒ်အရ အထွတ်အထိပ် အကြီးအကဲအားလုံး မဟုတ်တောင် နည်းနည်းတော့ လှုပ်ရှားခိုင်းရမယ်။ အဆိုးရွားဆုံး အခြေအနေဆိုရင် အိပ်စက်နေတဲ့ ဘိုးဘေးတွေပါ ဝင်ပါလာနိုင်ခြေရှိတယ် … အဲဆို အင်မော်တယ်လမ်းကြောင်း ကတိစာချုပ်က ပျက်ပျယ်သွားမှာပဲ”

ခေါင်းဆောင်က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်ပြီး  “ကတိစာချုပ်အတွက် စိတ်ပူစရာ မလိုဘူး။ တာအိုအခွင့်အလမ်းဂိုဏ်းက လွန်ခဲ့တဲ့ နှစ်တစ်ရာကတည်းက ချိုးဖောက်ပြီးပြီ။ ငါတို့က တရားမျှတအောင် လုပ်လို့ရတယ်”

ထို့နောက် သူက ဆက်သွယ်ရေးကို ဖြတ်တောက်လိုက်သည်။

တိထျန်းအတွက်မူ မထူးမခြားနား အမူအရာဖြင့်သာ ကျန်ရှိနေသည်။ ဆက်သွယ်ရေး အဆုံးသတ်လိုက်ပြီးနောက် တိထျန်းက ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူ့မျက်ဝန်းက ကာလံဒေသံများစွာကို ထိုးဖောက်ကာ တာအိုပေါင်းများစွာကို ဖြတ်ကျော်ပြီး ကမ္ဘာ့ဗဟိုဆီ ရောက်သွားဟန်ပေါ်သည်။ ထိုနေရာတွင် သူက အားကောင်းသည့် စိတ်စွမ်းအားကို မြင်လိုက်ရသည်။

သူက ထိုစိတ်စွမ်းအားကို အကြာကြီးစိုက်ကြည့်နေပြီးနောက် ဧရာမမျက်လုံးကြီးက နီးကပ်လာသလို ဖြစ်လာသည်။

တိထျန်းက သူ့ဘာသာ ရေရွတ်လိုက်သည် “ ဒီလိုနာကျင်မှုတွေ ခံစားရအောင်လုပ်လို့ ငါ့တည်ရှိမှုထဲအထိ မင်းကို မုန်းတီးပေမဲ့ ငါ့ရည်မှန်းချက်ကို ပြည့်ဖို့ မင်းနဲ့ အလုပ်တွဲလုပ်ရတော့မယ်”

ဧရာမ မျက်လုံးကြီးက သူ့စကားကို ကြားသည့်အလား အသာဖွင့်လာပြီးနောက် ပြန်ပိတ်သွားလေသည်။ သူ့စကားကို အသိအမှတ်ပြုလိုက်သလို ဖြစ်၏။

သို့သော်လည်း မည်သူကမှ အဖြစ်အပျက်ကို သတိမထားမိလိုက်ကြပေ။ ပတ်ဝန်းကျင်တွင် အပြောင်းအလဲလည်း ဖြစ်မလာပေ။ အရာအားလုံးက အိပ်မက်လိုလို ပုံရိပ်ယောင်လိုလိုသာ ဖြစ်နေခဲ့သည်။

ထို့နောက် တိထျန်းက ပြိုင်ပွဲကို ဆက်ကြည့်လိုက်သည်။

………………..

ထိုစဉ် ကမ္ဘာငယ်လေးအတွင်း ပင်လယ်ရေအောက်ရှိ ဝမ်ဝေ့က သူ့အဖေနှင့် စကားပြောဆိုနေလေသည်။

“ အဲဆိုတော့ သူတို့က သဘောတူညီချက်မှာ လက်မှတ်ထိုးလိုက်ကြပြီလား။ ထင်ထားတာထက် မြန်သားပဲ။ ငြင်းဆန်တဲ့ လူတွေရော ရှိသေးလား” သူက မေးလိုက်သည်။

“ တချို့ ရှေးဆန်လွန်းတဲ့ လူအိုကြီးတွေက ငါတို့လုပ်တာက ရိုးရာဖျက်တယ်ဘာညာနဲ့ ပြောနေပေမဲ့ အဆုံးသတ်တော့ လက်မှတ်ထိုးလိုက်ကြတာပါပဲ” ဝမ်ထျန်းက လှောင်ပြုံးဖြင့် ဖြေလာသည်။ သို့သော်လည်း သူက သူ့ဇနီးနှင့် ယင်စန္ဒာနန်းတော်ကြားမှ ပဋိပက္ခအကြောင်း ထည့်မပြောခဲ့ပေ။

ဝမ်ဝေ့က ထိုရလဒ်ကို မျှော်လင့်ထားပြီးသားအလား ကြားလိုက်ရပြီးနောက် နှာခေါင်းရှုံ့လိုက်သည်။ တကယ်တော့ အင်အားစုအများစုက သူ့အစီအစဉ်မှာ သူတို့အကျိုးမြတ်ကို ထိပါးလာနိုင်သောကြောင့် ပုံမှန်အားဖြင့် သဘောတူကြမည် မဟုတ်ပေ။ သို့သော်လည်း ဝမ်ဝေ့က ထိုဧကရာဇ်အင်အားစုများအကြောင်း ကောင်းကောင်း သိထားလေသည်။ သူက အကျိုးမြတ်ကောင်းကောင်းဖြင့် သူတို့ကို သူ့အစီအစဉ်အား သဘောတူလာအောင် လုပ်နိုင်ခဲ့သည်။ သူက သူတို့ မငြင်းဆန်နိုင်သည့် အရာတစ်ခု ထုတ်ပေးလိုက်သည်နှင့် သူတို့က စိတ်သဘောထားများ အမြန်အဆန် ပြောင်းလဲသွားကြသည်။

ယခင်အစည်းအဝေးက ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်ကို တိုက်ခိုက်ဖို့ ရည်ရွယ်ထားဟန်ပေါ်သော်လည်း တကယ်တော့ မဟုတ်ပေ။ ထိုအင်အားစုများကြား အကျိုးမြတ်ခွဲဝေဖို့သာ ဖြစ်၏။

အင်အားစုအများစုက တာအိုအခွင့်အလမ်းဂိုဏ်းသည် သူတို့ထံ အကျိုးမြတ်များစွာ ထုတ်ပေးနိုင်လာအောင် ဖိအားပေးနိုင်၍ ပျော်နေကြသည်။ အကြောင်းမှာ ထိုအစီအစဉ် ပြီးမြောက်ဖို့အတွက် သူတို့အကူအညီ လိုအပ်နေ၍ ဖြစ်သည်။ သို့သော် သူတို့ မသိထားကြသည်မှာ ထိုအစီအစဉ်သည် ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်အား ကြီးကြီးမားမား ထိခိုက်စေနိုင်မည် မဟုတ်ပေ။

ဝမ်ဝေ့၏ တကယ့်ရည်မှန်းချက်က မဟာဧကရာဇ် ဖြစ်လာပြီးနောက် သူ့အနာဂတ် အစီအစဉ်များအတွက် အုတ်မြစ်ချထားရုံသာ ဖြစ်၏။  အထွတ်အထိပ် နယ်ပယ်အဆင့် ပုဂ္ဂိုလ်များနှင့် တာအိုအခွင့်အလမ်းဂိုဏ်း၏ မိသားစုသုံးခုမှ ခေါင်းဆောင်များသာ ပိုကြီးမားသည့် အစီအစဉ်ကို သိကြသည်။

ဂိုဏ်းအမှုထမ်း အင်အားစုပင် မသိကြပေ။ အကြောင်းမှာ လုံပေါ်၏ သစ္စာဖောက်မှုအပြီးတွင် သူတို့ကို အပြည့်အဝ မယုံကြည်နိုင်တော့၍ ဖြစ်သည်။

ထိုဧကရာဇ်မျိုးနွယ်များက သူတို့ရရှိမည့် အကျိုးမြတ်ကြောင့် အောင်ပွဲခံနေစဉ် ဝမ်ဝေ့သည် သူ့တို့ကို လက်ထဲ ထည့်ကာ ကစားနေသည်ကို မသိကြပေ။ သူတို့သတိပြုမိသည့်အခါ နောက်ကျလွန်းသွားလိမ့်မည်။

“ဝေ့အာ အစီအစဉ်ကို  ဘယ်အချိန်လုပ်ချင်လဲ” ဝမ်ထျန်းက စိတ်လှုပ်ရှားမှု အရိပ်အယောင်စွက်ကာ မေးလိုက်သည်။

ခဏကြာ စဉ်းစားလိုက်ပြီးနောက် ဝမ်ဝေ့က ပြောလိုက်သည် “ ခဏလောက် စောင့်ပါဦး။ ကျောင်းတော်ဘက်ကနေ ကျွန်တော်တို့ လတ်တလော တိုက်ခိုက်မှုတွေကို ဘယ်လိုတုံ့ပြန်မလဲ ကြည့်ချင်သေးတယ်”

“ကောင်းပြီ … သူတို့က ငါတို့ဂုဏ်သတင်းပေါ် နည်းလမ်းအတူတူသုံးပြီး စတိုက်လာပေမဲ့ ငါတို့ဘက်က ကြိုတင်ကာကွယ်ထားတော့ ဘာမှမထူးသွားဘူး။ ပြီးတော့ အစီအရင်တာဝန်ယူထားတဲ့သူက ဝိညာဉ်အထိ ရှာဖွေခံရလို့ ဦးနှောက်သေသွားတယ်တဲ့။ ကျောင်းတော်က ငါတို့ဂိုဏ်းဘက်ကနေ အစီအရင်အဖျက်ကောင်လိုမျိုး ကောင်းကင်သွေဖယ်စေတဲ့အရာမျိုး ဖန်တီးထားလိမ့်မယ်လို့ တွေးကြည့်မိကြမှာ မဟုတ်ဘူး။”

ထိုသို့ပြောလိုက်ပြီးနောက် ဝမ်ထျန်းက လွန်ခဲ့သည့် ရာစုနှစ်ကို ပြန်တွေးမိသွားသည်။ သူ့သား စတင်မကျင့်ကြံခင် ဂိုဏ်းမှ အထက်ပိုင်းတာဝန်ရှိသူများကို အစီအရင်အဖျက်ကောင် သဘောတရားဖြင့် မိတ်ဆက်ပေးလာခဲ့သည်။ သူက ဂိုဏ်းရှိ ကျွမ်းကျင်ပညာရှင်များရှေ့ ရပ်ကာ ထိုအစီအစဉ်အကြောင်း ပြောပြခဲ့ပုံအထိ အမှတ်ရလာသည်။

အစီအရင်အဖျက်ကောင် သဘောတရားက ဝမ်ဝေ့၏ အတိတ်ဘဝပေါ် အခြေခံထားခြင်း ဖြစ်၏။ သူက အစီအရင် သို့မဟုတ် ဝင်္ကပါများကို လေ့လာသည့်အခါ သင်္ကေတများက ကွန်ပျူတာကုတ်များဖြင့် တူညီကြောင်း သတိပြုမိလာခဲ့သည်။

ဝမ်ဝေ့က သေချာလေ့လာပြီးသည့်နောက် အစီအရင်ကို ဖျက်ဆီးဖို့ ဗိုင်းရပ် သဘောတရားကိုလည်း အသုံးပြုနိုင်လိမ့်မည်ဟု တွေးမိသွားသည်။ ထို့ကြောင့် အစီအရင်များကို လှမ်းထိန်းချုပ်နိုင်လာလိမ့်မည်။ သူ့အကြံသာ အောင်မြင်သွားပါက တာအိုအခွင့်အလမ်းဂိုဏ်းသည် တခြားဂိုဏ်း၏ အစီအရင် သို့မဟုတ် ဝင်္ကပါများကို လှမ်းထိန်းချုပ်နိုင်လိမ့်မည်မှန်း သိလိုက်သည်။

ထိုထင်မြင်ချက်ါ်ကို မိတ်ဆက်ပေးလိုက်သည့်နောက် လူများစွာက သူ့ကို ရူးသွပ်နေပြီး အဓိပ္ပါယ်မရှိသည်များ ပြောနေသည်ဟု ထင်ခဲ့ကြသည်။ သို့သော်လည်း သူက ဂိုဏ်းချုပ်၏ သားဖြစ်နေ၍ သူ့အတွေးအခေါ်ကို စမ်းသပ်ကြည့်ဖို့ အရင်းအမြစ်များ ထုတ်ပေးလိုက်ကြ၏။

အစီအရင်အဖျက်ကောင် ပထမ ရှေးပြေးပုံစံကို ဖန်တီးလိုက်ပြီးနောက် အဆင့်နိမ့် နက်နဲ အစီအရင်လောက်ကိုသာ ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော် အားပျော့နေခဲ့၏။ မည်သို့ပင်ဆိုစေကာမူ ထိုတွေ့ရှိမှုက ဂိုဏ်းရှိ လူများ တွေးမကြည့်ထားဖူးသည့်အရာ ဖြစ်သည်။

ထိုတွေ့ရှိမှုက အစီအရင် ကျွမ်းကျင်ပညာရှင်များအတွက် လမ်းကြောင်းအသစ် သို့မဟုတ် တာအိုအသစ်ကို ဖန်တီးလိုက်သလို ဖြစ်သွား၏။

နှစ်များစွာ လေ့လာပြီးသည့်နောက်တွင် တာအိုအခွင့်အလမ်းဂိုဏ်းက သိပ်မရှုပ်ထွေးသည့် မြေကမ္ဘာအဆင့် အစီအရင်များကို ထိန်းချုပ်နိုင်လာသည်။ သူတို့အတွက် ကံကောင်းသည်က ပြိုင်ပွဲတွင် ထုတ်လွှင့်နေသည့် အစီအရင်က သိပ်မမြင့်သလို သိပ်လည်း မရှုပ်ထွေးပေ။

ထိုသို့မဟုတ်ပါက ဝမ်ဝေ့ နောက်ထပ် အစီအစဉ်တစ်ခု ရေးဆွဲနေရလိမ့်မည်။

................

ဝမ်ထျန်းက အတိတ်အကြောင်း ပြန်လည်တွေးနေမိသည်။ ထို့နောက် သူက အသက်ပြင်းပြင်းရှုကာ သူ့ဘာသာ တိတ်တဆိတ် တွေးလိုက်မိ၏။

ဝေ့အာ အရင်ဘဝက ဘယ်လိုလူ့အဖွဲ့အစည်းမှာ နေထိုင်ခဲ့လို့ ဒီလိုထူးခြားတဲ့ အတွေးအခေါ်တွေရှိနေပါ့လိမ့် … တစ်ရက် သူ အဆင်သင့်ဖြစ်လာတဲ့အခါ ငါတို့ကို ပြောပြလာမှာပါလေ … ဒါမှမဟုတ် ပြလာနိုင်တယ်

ဝမ်ထျန်းက သူ့သားကို ကြည့်လိုက်ပြီးနောက် “ကောင်းပြီ … ဒီနေ့အတွက်တော့ ဒီလောက်ပဲ”

သို့‌သော် သူ မပြီးဆုံးခင် ယုယန်က အခန်းထဲ ဝင်လာကာ သူ့ကို ဘေးတွန်းလိုက်ပြီး သူမသားကို တစ်ခုပြောလိုက်သည်။

“ ဝေ့အာ … အမေ ဆူစရာရှိသေးတယ်”

All Chapters