တတိယပွဲစဉ်
Vol. 17 Ch. 237
အခန်း(၂၃၇) : တတိယပွဲစဉ်
ဝမ်ဝေ့က မိုရှင်းယွင်တစ်ယောက် ယင်ကိုးပါး ရုပ်ခန္ဓာပိုင်ရှင်အား အလွယ်တကူ အနိုင်ယူလိုက်ပြီး ပြိုင်ဘက်၏ ရုပ်ခန္ဓာအား ဝါးမျိုလိုက်သည်ကို ကြည့်နေမိသည်။ သို့သော်လည်း သူ အာရုံစိုက်ထားသည်က နောက်ပိုင်းအဖြစ်အပျက်ကို ဖြစ်၏။
တစ်ယောက်က ကျူးကျော်လာကာ ကြည့်ရှုသူများ၏ အမြင်ကို တားဆီးဖို့ အစီအရင်တစ်ခု လုပ်ထားခဲ့သည်။ ကြည့်ရသည်မှာ မိုရှင်းယွင်က တစ်ယောက်ယောက်နှင့် စကားပြောနေပုံပေါ်၏။
“ သူမ ဘယ်သူနဲ့ ပြောနေတယ်ဆိုတာရော သိခဲ့လား” ဝမ်ဝေ့က မေးလိုက်သည်။
“ ကံမကောင်းစွာနဲ့ မသိခဲ့ရပါဘူး” ဝမ်ကျူက ဆက်သွယ်ရေးအဆောင်မှတဆင့် ပြန်ဖြေလာသည်။
“ အခုလတ်တလော အနောက်ပိုင်းကုန်းမြေမှာ မိုမိသားစုဆီက လှုပ်ရှားမှုရှိသေးလား”
“ ဂိုဏ်းက သူတို့တစ်ခုခုရှာနေတဲ့ အရိပ်အယောင် သတိထားမိတယ်လို့တော့ ပြောပါတယ်။ ဒါပေမဲ့ တစ်ကမ္ဘာလုံးက သူတို့ကို စောင့်ကြည့်နေမှန်း သိပြီးတဲ့နောက် မိုမိသားစုက ချက်ချင်း ရပ်တန့်လိုက်ကြတယ်”
ဝမ်ဝေ့က မိုရှင်းယွင်ကို မြင့်မားသည့် အန္တရာယ်အဖြစ် သတ်မှတ်လိုက်ကာ ခေါင်းညိတ်လိုက်သည်။ ထို့ကြောင့် သူက ပြိုင်ပွဲအတွင်း သူမ၏ အပြုအမူများကို အာရုံစိုက်ထားလိုက်သည်။
ဝမ်ဝေ့အနေနှင့် သူမက အဆင့် ၉ ယင်ကိုးပါး ရုပ်ခန္ဓာပိုင်ရှင်နှင့် အဆင့် ၁၀ ကြယ်တာရာအုပ်စိုးသူ ရုပ်ခန္ဓာပိုင်ရှင်တို့ကို သတ်ဖြတ်ပြီး ဝါးမျိုလိုက်သည်ကို ကြည့်နေလိုက်သည်။ အလွှာနိမ့်မှ ထိုလူများက သူမအား စိန်ခေါ်မှု မဖြစ်စေပေ။ ထို့ကြောင့် အလွှာနိမ့်မှ ကောင်းကင်ရွေးချယ်ခံများက အလွှာမြင့်ကမ္ဘာများတွင် အမှန်တကယ် အောင်မြင်လာဖို့ရာ မည်မျှခက်ခဲကြောင်း ပြသနေသည်။
လူတချို့ကသာ လုပ်နိုင်ကြပြီး မဟာဧကရာဇ် ဖြစ်လာသူများက ပို၍ပင် ရှားပါးသေးသည်။ အများစုက သူတို့အလားအလာ ထိပ်သီးသို့ မရောက်ခင် ဂိုဏ်းတစ်ဂိုဏ်းထဲ ဝင်ရောက်ပြီးမှ ကောင်းကင်အလိုဆန္ဒတိုက်ပွဲကို ယှဉ်ပြိုင်နိုင်ကြသည်။
အလွှာနိမ့်မှ တက်လာပြီး လေလွှင့်ကျင့်ကြံသူအဖြစ် ကျန်ရှိကာ မဟာဧကရာဇ် ဖြစ်လာသူများလည်း ရှိသော်လည်း အရေအတွက်က လက်တစ်ဖက်တည်းဖြင့် ရေတွက်လို့ရသည်။ ထိုလူများကလည်း အင်မတန် အားကောင်းပြီး ကံလည်း အရမ်းကောင်းကြလေသည်။
သူတို့က မွေးကတည်းက အရင်းအမြစ်အပြည့် ရထားသည့် ကောင်းကင်ရွေးချယ်ခံများနှင့် ကွာဟချက်ကို ချုံ့နိုင်ဖို့အတွက် ကံအပြောင်းအလဲ အခွင့်အရေးများစွာ ရှိခဲ့ကြသည်။ နောက်ဆုံးတွင် သူတို့က အသင်္ချေအင်ပါယာကမ္ဘာ၏ ကောင်းကင်တာအိုမှ အသိအမှတ်ပြုထားသည့် အမှတ်အသားပြားကိုပါ ရှာတွေ့သွားကြသည်။ ထိုလေလွှင့်ကျင့်ကြံသူ မဟာဧကရာဇ်များပင် ယခုလို ဂုဏ်ကျက်သရေ ထွန်းလင်းပြောင်မြောက်ဖွယ် အချိန်ကာလမျိုး၌ လုပ်ဆောင်နိုင်ကြမည် မဟုတ်ပေ။ အထူးသဖြင့် ကောင်းကင်ရွေးချယ်ခံများက ခွေးများလို များပြားနေပြီး ဒီမျိုးဆက်အတွင်း အသက်ရှင်ကျန်ရစ်ဖို့ လိုအပ်သည့် ပါရမီကလည်း မတွေးကြည့်နိုင်လောက်အောင် မြင့်မားနေပြီ ဖြစ်၏။
ဝမ်ဝေ့က သက်ပြင်းချလိုက်ပြီးနောက် မိုရှင်းယွင်အား ဆက်လက် စောင့်ကြည့်လေ့လာလိုက်သည်။ သူမက မတင်းတိမ်နိုင်သော အာသီသရှိပုံပေါ်သည်။ ထိပ်တန်း ဆယ်ခု၏ နောက်ဆုံး ရုပ်ခန္ဓာ သုံးခုကို သတ်လိုက်ပြီးသည့်နောက် သူမက အဆင့် ၇ အဆုံးမဲ့လေဟာနယ် ရုပ်ခန္ဓာပိုင်ရှင်နောက် လိုက်တော့သည်။
ကံဆိုးစွာဖြင့် သူမ ကိုင်တွယ်နိုင်သည်ထက် ကျော်လွန်နေကြောင်း သတိပြုမိသွားသည်။ လေဟာနယ်ဖြိုခွင်းခြင်း နယ်ပယ်အဆင့် မတိုင်ခင် အဆုံးမဲ့လေဟာနယ် ရုပ်ခန္ဓာက ကောင်းကင်ရုပ်ခန္ဓာသုံးထောင်အတွင်း အားအကောင်းဆုံးထဲမှ တစ်ခု ဖြစ်လေသည်။
ထိုအရာက ပိုင်ရှင်အား လေဟာနယ်ကို ထိန်းချုပ်နိုင်စွမ်း ချီးမြင့်ပေးထားသည်။ ပြောင်းရွေ့ခြင်း၊ အာကာပြင် ဖြတ်တောက်ခြင်း၊ အာကာပြင် ချုပ်နှောင်ခြင်းတို့လို စွမ်းရည်များက ထိုရုပ်ခန္ဓာပိုင်ရှင်၏ အတွေ့များဆုံး စွမ်းရည်များ ဖြစ်၏။
တာအိုကိုးကွယ်ကျောင်းတော်၏ တည်ထောင်သူက ထိုရုပ်ခန္ဓာကို ပိုင်ဆိုင်ခဲ့ဖူးပြီး အာကာပြင်တာအိုကို အဓိကတာအိုအဖြစ်ထားကာ သက်သေပြခဲ့ဖူးသည်။ ထိုရုပ်ခန္ဓာပိုင်ရှင် ကျန်းရွှမ်က အကန့်အသတ်မဲ့ လေဟာနယ်ကျမ်းကို ကျင့်ကြံထားသောကြောင့် မိုရှင်းယွင်က တိုက်ပွဲအတွင်း နှိပ်စက်ခံနေရသည်။
ကျန်းရွှမ်က သူမအနား ဆက်တိုက် ပြောင်းရွေ့ကူးသန်းသွားလာနေပြီး တိုက်ခိုက်နေသည်။ သူမက ဘေးပတ်လည်မှ အာကာပြင်ကို ဝါးမျိုဖို့ ကြိုးစားလိုက်သော်လည်း ကျရှုံးခဲ့ရသည်။ ထို့ကြောင့် သူမအနား ကျန်းရွှမ် မကပ်လာနိုင်စေရန် အကန့်အသတ်မဲ့ မူလအဆီအနှစ်ကို ပေးနိုင်သည့် မူလစိတ်ဝိညာဉ်ရုပ်ခန္ဓာမှ ရရှိထားသည့် စွမ်းအားဖြင့် တိုက်ကွက်အကြီးကြီးသုံးကာ တိုက်ခိုက်နေရသည်။
ကံမကောင်းစွာဖြင့် ထိုနည်းလမ်းက အလုပ်မဖြစ်ပေ။ သူမအနားရှိ အာကာပြင်က ချုပ်နှောင်ခံထားရပြီး သူမတိုက်ကွက်တစ်ခုအတွင်း လှောင်ချိုင့်အဖြစ် ပြောင်းလဲသွားသောကြောင့် တိုက်ကွက်က သူမကိုသာ ပြန်ထိသွားလေသည်။
မည်သို့ပင်ဆိုစေကာမူ မိုရှင်းယွင်က ရက်စက်သည့် အမျိုးသမီးတစ်ဦး ဖြစ်၏။ သူမက တမင်တကာ ဟာကွက်ထားကာ ကျန်းရွှမ်အား သူမကို တိုက်ခိုက်လာစေဖို့ မျှားခေါ်ခဲ့သည်။ သူက သူမအနား ပေါ်ထွက်လာသည့်အခါ သူ့လက်မောင်းတစ်ဖက်ကို ဝါးမျိုဖို့ ကြိုးစားလိုက်သည်။
ကံကောင်းစွာဖြင့် ကျန်းရွှမ်ကလည်း ရက်စက်တတ်သူ ဖြစ်၍ သူ့ခန္ဓာကိုယ်ကို ပြန်မရနိုင်တော့မှန်း သိကာ လက်တစ်ဖက်ကို ဖြတ်တောက်ပစ်ခဲ့သည်။ ထို့ကြောင့် မိုရှင်းယွင်အား သူ့ရုပ်ခန္ဓာမှ စွမ်းအားကို မရနိုင်အောင် တားဆီးလိုက်သလို ဖြစ်သွား၏။
ထို့နောက် နှစ်ယောက်သား ဆက်မတိုက်ကြတော့ဘဲ ဒီအတိုင်းသာ ထွက်သွားကြသည်။
ဝမ်ဝေ့က တိုက်ပွဲအပြီးအထိ ကြည့်နေပြီးနောက် မိုရှင်းယွင် ရှုံးသွားရသည့် အဓိကအကြောင်းအရင်းတစ်ချက်က သူမက တခြားရုပ်ခန္ဓာများ၏ စွမ်းအားကို အပြည့်အဝ အသုံးမချနိုင်သေးသောကြောင့် ဖြစ်မှန်း သိလိုက်သည်။ သူမက ဝါးမျိုထားသည့်အရာများကို အပြည့်အဝ အစာမကြေသေးသလို ဖြစ်၏။
ဝမ်ဝေ့က ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်သည် ကောင်းကင်ဝါးမျိုခြင်း ရုပ်ခန္ဓာကို ဖန်တီးခဲ့ရုံသာမက အလွန်အားကောင်းသည့် ကျင့်စဉ်လည်း ရှိနေခဲ့ဖူးကြောင်း မှတ်မိလိုက်သည်။ ကြည့်ရသည်မှာ မိုရှင်းယွင်တွင် ထိုအရာရှိသေးပုံ မပေါ်ပေ။ ထို့ကြောင့် တခြားရုပ်ခန္ဓာများကို အသေအချာဝါးမျိုနိုင်စွမ်း မရှိသေးခြင်း ဖြစ်၏။
“ခဏ …. သူမက ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ် ချန်ထားခဲ့တဲ့ ကျင့်စဉ်ကို တွေ့သွားတာလား။ အဲဒါကြောင့် မိုမိသားစုက လှုပ်ရှားနေကြတာလား။ ဒါပေမဲ့ ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က သူ့မိသားစုအပေါ် သဘောထားကို ကြည့်ရင် ဒါက အဓိပ္ပါယ်တော့ မရှိဘူး။ သူက အမွေအနှစ်ထားခဲ့မဲ့ပုံလည်း မပေါ်ဘူး။ အဲဆိုတော့ အဲဒီကျမ်းက တစ်ခြားတစ်ယောက်ရဲ့ အမွေအနှစ် ဖြစ်နေပုံပဲ” ဝမ်ဝေ့က သူ့ဘာသာ ရေရွတ်လိုက်သည်။
ထို့နောက် သူက ဝမ်ကျူအား ကြည့်လိုက်ကာ အမိန့်ပေးလိုက်သည် “သမိုင်းကြောင်းတစ်လျှောက် ဝါးမျိုခြင်း ဒါမှမဟုတ် အငမ်းမရ ဖျက်ဆီးဝါးမျိုတာမျိုနဲ့ သက်ဆိုင်တဲ့ ကျင့်စဉ် ကျင့်ကြံဖူးတဲ့ လူတွေအကြောင်း စုထားလိုက် … ဘာရှာတွေ့မလဲ ကြည့်ရအောင်။ အဖေရဲ့ အရိပ်ကိုပါ ဂိုဏ်းရဲ့ လျို့ဝှက်မှတ်တမ်းတွေအထိ ကြည့်ခိုင်းဖို့ အကူအညီတောင်းလိုက် … သူတို့ ဘာရှာတွေ့မလဲ စောင့်ကြည့်ကြတာပေါ့”
“သခင်လေး အမိန့်အတိုင်းပါပဲ ”
ထို့နောက် သူက ထိုတိုက်ပွဲကို နှစ်ခါ ပြန်ကြည့်လိုက်သည်။ ဤတစ်ကြိမ် သူက ကျန်းရွှမ်၏ စွမ်းရည်အပေါ် အာရုံစိုက်ထားလိုက်ပြီး တိုက်ပွဲ၌ သူ့ကို ဘယ်လိုအနိုင်ယူနိုင်ကြောင်း တွက်ချက်နေသည်။ ကျင့်ကြံသူများ အာကာပြင်စွမ်းရည်ကို အသုံးပြုနိုင်သည့် လေဟာနယ်ဖြိုခွင်းခြင်းအဆင့် မရောက်ခင် ထိုရုပ်ခန္ဓာက မသမာနည်းတစ်ခုလို ဖြစ်နေသည်။
သို့သော်လည်း ဝမ်ဝေ့က သူ့ရုပ်ခန္ဓာသပ်သပ်ဖြင့် သူ့တိုက်ကွက်များကို အလွယ်တကူ ခံနိုင်ရည်ရှိမည် ဖြစ်ကြောင်း ယုံကြည်ထားသည်။ သူက ခွန်အားသပ်သပ်ဖြင့် ဘေးနားမှ အာကာပြင်ကိုပင် ချိုးဖောက်နိုင်ပြီ မဟုတ်ပါလော။ ထို့အပြင် သူ့ ကံကြမ္မာပင်ကိုစွမ်းရည်က ထိုရုပ်ခန္ဓာဖြင့် ရင်ဆိုင်နိုင်သောကြောင့် မစိုးရိမ်တော့ပေ။
မိုရှင်းယွင်အတွက်မူ သူ့အနေနှင့် သူမ ဝါးမျိုနိုင်သည့်အရာများ အကန့်အသတ်ရှိကြောင်း သတိပြုမိ၏။ ထို့ကြောင့် သူက သူမ၏ စွမ်းဆောင်ရည်ကို မနိုင်ဝန်ဖြစ်စေပြီး အများကြီးဝါးမျိုခြင်းဖြင့် ပေါက်ကွဲသွားအောင် လုပ်နိုင်သည်။
ထို့အပြင် သူမက ဝိညာဉ်စွမ်းအား သို့မဟုတ် မူလအဆီအနှစ် မပါရှိသည့် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကိုတော့ ဝါးမျိုနိုင်ဟန် မပေါ်ပေ။ ဤသို့ကန့်သတ်ချက်များစွာဖြင့် သူ့တွင် သူမနှင့် ရင်ဆိုင်ဖို့ နည်းလမ်းများစွာ ရှိလေသည်။ သို့သော်လည်း သူမသာ သူမ၏ ပြစ်ချက်များကို ပြုပြင်မည့် နည်းလမ်းရှာတွေ့သွားခဲ့လျှင် သူမ၏ ခြိမ်းခြောက်နိုင်စွမ်းက မြင့်တက်လာလိမ့်မည်။
သူမ၏ တိုက်ပွဲကို ကြည့်ရှုပြီးနောက် ဝမ်ဝေ့က ဝမ်ကျူ အသေးစိတ်အချက်အလက် မှတ်သားထားသည့် လူနှစ်ယောက်၏ တိုက်ပွဲအပေါ် အာရုံစိုက်ထားလိုက်သည်။
သူတို့ထဲမှ တစ်ယောက်ကို အပျင်းသမား ကိုယ်လူချောဟု ခေါ်လေသည်။
ထိုအမျိုးသားက တိုက်ပွဲကွင်းအလယ်တွင် မိန်းမလှလေးများ၏ ယပ်တောင်ခတ်ပေးတာကို ခံရင်း အိပ်စက်နေ၏။ သို့သော်လည်း မိစ္ဆာသားရဲ သို့မဟုတ် တခြားပြိုင်ပွဲဝင်များ သူ့အနားရောက်လာသည့်အခါ ချက်ချင်းဆိုသလို နုံးခွေသွားကာ စိတ်မပါလက်မပါ ဖြစ်သွားပြီး သူ့လိုမျိုး အိပ်ပျော်သွားကြသည်။ ထိုအခါ အပျင်းသမား ကိုယ်လူချောအနားရှိ အမျိုးသမီးများက ထိုသူများဆီ သွားကာ သတ်ပစ်ကြလိမ့်မည်။ ထိုသူများက မတုံ့ပြန်နိုင်ကြတော့ပေ။
ဝမ်ဝေ့က ဝမ်ကျူ သူ့အကြောင်းရေးထားသည့် အချက်အလက်များကို ဖတ်ရှုပြီးနောက် ဆွံအသွားမိသည်။ သူမ ပြောစကားအရ သူ့နာမည်အရင်းကို မသိရသလို နာမည်အရင်းပင် ရှိပုံမပေါ်ပေ။ သူ ငယ်စဉ်ကတည်းက တခြားလူများသည် သူ့ကို အပျင်းသမား ကိုယ်လူချော ဟုသာ ခေါ်ကြလေ့ရှိသည်။
ထိုလူက ငယ်ငယ်လေးကတည်းက အင်မတန် ပျင်းရိလွန်းပြီး ထစားဖို့ပင် ပျင်းလေသည်။ ထိုအချက်အလက်အရ သူ စတင်ကျင့်ကြံသည့် အကြောင်းအရင်းက ကျင့်ကြံသူများသည် ကျင့်ကြံဆင့်တစ်ခု ရောက်ပြီးသည့်နောက်တွင် အစာစားဖို့ မလိုတော့ကြောင်း ကြားသိခဲ့ရ၍ ဖြစ်သည်။ အသက်ရှင်ဖို့အတွက် မိုးမြေမှ ဝိညာဉ်စွမ်းအားများကိုသာ စုပ်ယူနေရုံ ဖြစ်၏။
ထိုလူ၏ ပျင်းရိမှုက ထိုနေရာမှာတင် ရပ်တန့်မသွားပေ။ ကျင့်ကြံခြင်းက အလုပ်ကြိုးစားရမည်မှန်း သိရှိပြီးနောက် သူက အိပ်စက်နေရင်း တိုက်ခိုက်နိုင်သလို ကျင့်ကြံနိုင်သည့် ကျင့်စဉ်ကို ဖန်တီးနိုင်လောက်အောင် ဉာဏ်ကောင်းခဲ့သည်။
ထိုကျင့်စဉ်က သူ့အား ပိုင်နက်တစ်ပိုင်းတစ်ခု ဖန်တီးပေးထားပြီး သူ့အနားရောက်လာသူတိုင်းကို သူ့လိုမျိုး ပျင်းရိလာသည့် အခြေအနေသို့ ကျရောက်သွားစေနိုင်သည်။
သူ့အနားရှိ အမျိုးသမီးများက သူ ကောင်းကောင်းအိပ်စက်နိုင်ဖို့ သေချာအောင် လုပ်ပေးဖို့ ရောက်နေကြခြင်း ဖြစ်၏။ သူ နိုးထဖို့ ဆုံးဖြတ်လိုက်လျှင် သူတို့က သူ့နေစဉ်လိုအပ်ချက်များကို ဆောင်ရွက်ပေးလိမ့်မည်။
ဝမ်ဝေ့အား ဆွံ့အသွားစေသည်က အသေးစိတ်ကျလွန်းသည့် အချက်အလက်ကြောင့် ဖြစ်၏။ ဝမ်ကျူ တစ်ယောက် မည်သို့ရလာမှန်းပင် တွေးမကြည့်ချင်တော့ပေ။
ထိုအချက်အလက်အရ ထိုအမျိုးသမီးများ အပျင်းသမား ကိုယ်လူချောကို ကြိုက်နှစ်သက်ရသည့် အကြောင်းအရင်းမှာ သူ့ရုပ်ရည်ကြောင့် မဟုတ်သလို အကျိုးမြတ်များကြောင့်လည်း မဟုတ်ပေ။ အကြောင်းမှာ သူက ပျင်းရိလွန်းသဖြင့် လိင်ဆက်ဆံနေစဉ်အတွင်း အမျိုးသမီးများကိုသာ အပေါ်ကနေစေပြီး စိတ်ကြိုက်လုပ်ခွင့်ပေးထား၍ ဖြစ်သည်။
ယောက်ျားကြီးစိုးသော အသိုက်အဝန်း၌ ထိုအမျိုးသမီးများက ဒီအတွေ့အကြုံသည် သမာရိုးကျ အစဉ်အလာများအား စွန့်ပစ်ကာ လွတ်လပ်သွားသည်ဟု ခံစားမိစေသည်။ သူတို့က ကျင့်ကြံဆင့် မြင့်မားရခြင်းထက် ပိုအားကောင်းလာသလို ခံစားလာရသည်။ ထို့ကြောင့် သူတို့က သူ့ထံ သတ္တုများက သံလိုက်တစ်ခုထံ ကပ်ညှိနေသလို တမ်းတမ်းစွဲ ဖြစ်နေကြသည်။
ကျင့်ကြံရေးလောကက မည်မျှအံ့ဩဖို့ကောင်းကာ ထူးဆန်းကြောင်း သက်ပြင်းချလိုက်ပြီးနောက် သူက နောက်ဆုံးလူ ဖန်းလီအပေါ် အာရုံစိုက်ထားလိုက်သည်။
ထိုလူက ငရဲဧကရာဇ်၏ အမွေအနှစ်ကို လက်ခံရရှိထားလေသည်။ ငရဲဧကရာဇ်ကို ယင်ဝိညာဉ်ဧကရာဇ်ဟု လူသိများကြသည်။ ထိုဧကရာဇ်က တာအိုကို သက်သေပြပြီးသည့်နောက်တွင် ဆိုးဆိုးရွားရွား အရှက်ကွဲမှု ခံစားခဲ့ရသောကြောင့် စိတ်ဝင်စားစရာကောင်းလှသည်။
သူ မဟာဧကရာဇ် ဖြစ်လာပြီးပြီးချင်း ငရဲဧကရာဇ် နာမည်ကို ခံယူခဲ့သည်။ သို့သော်လည်း တားမြစ်နယ်မြေ ငရဲကမ္ဘာရှိ အားကောင်းသည့် တည်ရှိမှုတချို့က သူ ထိုနာမည်အသုံးပြုသည်ကို မကြိုက်ကြပေ။
ထို့နောက် ဧရာမ လက်ကြီးတစ်ခု ပေါ်ထွက်လာကာ ငရဲဧကရာဇ်အား ယင်ကောင်လေးလို ရိုက်ချပစ်လိုက်၍ သေလုနီးပါး ဖြစ်သွားခဲ့ရသည်။ ထိုလက်ဝါးက “ မင်းက အဲဒီနာမည်နဲ့ ထိုက်တန်လို့လား” ဟူသော စာတန်းကို ချန်ထားခဲ့သည်။
ထို့နောက် သူက နာမည်ကို ယင်ဝိညာဉ်ဧကရာဇ်ဟု ပြောင်းလဲခဲ့ရသည်။
ဖန်းလီ၏ စွမ်းရည်အတွက်မူ ပတ်ဝန်းကျင်မှ ယင်စွမ်းအားများကို ထိန်းချုပ်ကာ ဖုတ်ကောင်များ၊ ဝိညာဉ်များ၊ တစ္ဆေများနှင့် သရဲများကို ဖန်တီးနိုင်လေသည်။ ပြောကြသည်ကား ထိုကျင့်စဉ်သည် ကျင့်ကြံသူတစ်ယောက်သာ အဆင့်မြင့်ဆုံးအထိ ရောက်ရှိသွားပါက သေလူကိုပင် ပြန်လည်ခေါ်ဆောင်နိုင်သည်ဟု ဆိုကြသည်။
ကံမကောင်းစွာဖြင့် ထိုကောလဟာလကို သက်သေမပြခဲ့နိုင်ပေ။ မည်သို့ပင်ဆိုစေကာမူ လူများစွာက ရယူဖို့အတွက် စိတ်ဝင်စားနေကြဆဲ ဖြစ်၏။ ထိုဖန်းလီက ကံကောင်းသည့် လေလွှင့်ကျင့်ကြံသူတစ်ဦးသာ ဖြစ်လေသည်။ ထို့ကြောင့် အင်အားစုအများစုက သူ့အမွေအနှစ်ကို သူတို့ကိုယ်ပိုင် ဖြစ်လာစေဖို့အတွက် စိတ်ဝင်စားနေကြသည်။
ဝမ်ဝေ့က အချက်အလက်အားလုံး ဖတ်ရှုပြီးသွားသည့်အခါ တတိယပွဲစဉ် စတင်နေပြီဖြစ်၍ ပျိုးထောင်ခံ ပြိုင်ပွဲဝင်အားလုံး ပြိုင်ပွဲ၌ ပါဝင်လာကြပြီ ဖြစ်၏။