လေပြင်းတိုက်ခတ်ခြင်း
Vol. 175 Ch. 2496
ဟွာဂျီယူနှင့် ဟွာချင်းချင်းတို့က ခေါင်းညိတ်လိုက်သော်လည်း အနည်းငယ် စိတ်ပူနေကြသည်။ ရီဖူရှင်းက ဤနှစ်များတလျှောက် လိပ်ပြာတောင်ကုန်းပေါ်တွင် ကျင့်ကြံနေခဲ့သော်လည်း သူတို့အား အန္တရာယ်ပေးလိုသော တစ်စုံတစ်ယောက် ရှိနေသေးသည်ကို အမြဲအမှတ်ရကြ၏။
ဗုဒ္ဓကျင့်ကြံသူများ၏ အနောက်ဘက်လောကအတွင်း သူတော်စင်ကျန်းချန်က သူတို့ကို သတ်လိုသည်မှာ ထင်ရှား၏။ ယခု သူတော်စင်ကျန်းချန်က ဆေးဝါးပညာကျင့်ကြံသည့် ဗုဒ္ဓအရှင်နှင့် ရှိနေပြီး သူ၏ လက်ရှိအခြေအနေနှင့် ပတ်သတ်၍ မည်သည့် သတင်းအချက်အလက်မှ ရှိမနေပေ။ သူတို့က လိပ်ပြာတောင်ကုန်းမှ ထွက်ခွာသွားလျှင် သူတော်စင်ကျန်းချန်က ၎င်းကို သိရှိရန် နည်းလမ်းတစ်ခု သေချာပေါက် ရှိပေမည်။
သူတော်စင်ကျန်းချန်တွင် ကိုယ်ပိုင်အင်အားစုတစ်ခုရှိသည်ကို ထည့်မတွက်လျှင်ပင် အနောက်ဘက်ကောင်းကင်၌ ရီဖူရှင်းအပေါ် အငြိုးထားသော လူအများအပြား ရှိနေသေး၏။
ထိုသို့သော ခြိမ်းခြောက်မှုမျိုးနှင့် ရင်ဆိုင်ရသည့်အခါ ရီဖူရှင်းတို့က သေချာပေါက် သတိထားကြရပေမည်။
အဆုံးတွင်ကား တစ်ဖက်လူက မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေး ဒုတိယအဆင့်ကို ကျော်ဖြတ်ထားသူ ဖြစ်သည်။ ရီဖူရှင်းသည် မဟာအင်ပါယာရှန်ကျား၏ နတ်ဘုရားရုပ်ကြွင်းနှင့်ပင် သူ့အား အနိုင်မယူနိုင်ပေ။ သူက ပြိုင်ဘက်ကို ဒဏ်ရာရရှိစေရန် နတ်ဘုရားရုပ်ကြွင်းအား ကိုယ်တိုင်ဖျက်ဆီးလိုက်ရသည်။ သို့ဆိုလျှင်ပင် သူက တစ်ဘက်လူအား မသတ်နိုင်လိုက်ပေ။ ထိုအဆင့်မှ တန်ခိုးရှင်များ မည်မျှ အစွမ်းထက်ကြောင်း ထိုအချက်က သိသာနေ၏။
"ဂျီယူ၊ ချင်းချင်း မင်းတို့ အရင်သွားနှင့်။ ငါ လိပ်ပြာတောင်ကုန်းမှာ ခဏလောက်ထပ်ပြီး ကျင့်ကြံလိုက်ဦးမယ်။ မင်းတို့ အနောက်ဘက်လောကကနေ ထွက်သွားပြီးပြီဆိုမှ ငါ မင်းတို့နဲ့ လာတွေ့မယ်။"
ရီဖူရှင်းက ပြောသည်။
ဟွာဂျီယူနှင့် ဟွာချင်းချင်းတို့က ရီဖူရှင်း၏ စကားကို ကြားသည့်အခါ သူတို့က ရီဖူရှင်း၏သဘောကို နားလည်ကြသည်။ ဟွာဂျီယူက မျက်မှောင်ကြုတ်လိုက်၏။ ဟွာချင်းချင်းသည် ဗုဒ္ဓအားလုံးအရှင်နှင့်ပတ်သက်သည့် တည်ရှိမှုဖြစ်သည့်အတွက် ကျန်းချန်က သူမကို အန္တရာယ် မပေးရဲပေ။ ထို့ပြင် ရီဖူရှင်းသည် လိပ်ပြာတောင်ကုန်း၌ နေစဉ်ကာလပတ်လုံး ဟွာချင်းချင်းနှင့် ဟွာဂျီယူတို့မှာ အန္တရာယ်ကင်း၏။ အဆုံးမှာတော့ သူတို့က ဗုဒ္ဓကျင့်ကြံသူများအဖြစ် သတ်မှတ်နိုင်ပြီး ဗုဒ္ဓအားလုံးအရှင်သခင်နှင့် ကမ္မရေစက်ရှိသူတစ်ယောက်အား အန္တရာယ်မပေးရဲပေ။
ထို့ကြောင့် ရီဖူရှင်းက တစ်ယောက်တည်းခရီးသွားရန် တွေးတောနေခြင်း ဖြစ်သည်။
သို့ဆိုလျှင် သူတော်စင်ကျန်းချန်၏ပစ်မှတ်က ရီဖူရှင်းတစ်ဦးတည်းထံတွင် ရှိနေပေလိမ့်မည်။
"သူတော်စင်ကျန်းချန်မှာ အားကောင်းတဲ့ ကျင့်ကြံခြင်းရှိတယ်။ သူနဲ့ ဘယ်လိုရင်ဆိုင်ဖို့ စီစဥ်ထားလဲ။"
"ငါက နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်နိုင်ခဲ့တဲ့ ကျင့်ကြံသူတစ်ယောက်ပဲ။ ငါ နင့်ကို ကူညီနိုင်တယ်။"
ဟွာဂျီယူက ပြောသည်။
သို့သော် ရီဖူရှင်းက ခေါင်းရမ်းသည်။ ထိုလူများက မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့သူများ ဖြစ်ပြီး ရန်ဟောင်အဆင့်ကိုးမှ လူများနှင့်ဆိုလျှင် ကောင်းကင်နှင့်မြေပြင်အလား ကွာဟချက်ကြီးမား၏။ မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေး၏ ဒုတိယအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့သူများနှင့် နတ်ဘုရားကပ်ဘေး ပထမအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့သူများမှာလည်း ကြီးမားသော ကွာဟချက် ရှိသည်။ သူသည် နတ်ဘုရားရုပ်ကြွင်းကို အသုံးပြုကာ တိုက်ခိုက်စဥ်၌ပင် ထိုကွာခြားချက်ကို ရှင်းလင်းစွာ နားလည်ခဲ့၏။
တစ်စုံတစ်ယောက်သည် ရန်ဟောင်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိပြီးနောက် နတ်ဘုရားကပ်ဘေးသုံးပါးကို ကျိန်းသေဖြတ်ကျော်ရမည် ဖြစ်သည်။ နတ်ဘုရားကပ်ဘေးကို တွေ့ကြုံရသည်နှင့် တစ်စုံတစ်ယောက်က ကောင်းကင်သို့ တက်လှမ်းရန် နီးကပ်လာပြီဖြစ်ပြီး နတ်ဘုရားကပ်ဘေးသုံးပါးလုံး ဖြတ်ကျော်ပြီးနောက် နတ်ဘုရားတစ်ပါး ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် နောက်ဆုံးအဆင့် အနည်းငယ်ကြားမှ ကွာခြားချက်မှာ ကြီးမား၏။ ဟွာဂျီယူမှာ မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်ခဲ့ပြီးဖြစ်သော်လည်း သူမသည် သူတော်စင်ကျန်းချန်နှင့် ရင်ဆိုင်ရန် လုံလောက်သော စွမ်းရည် မရှိသေးပေ။
"မမေ့နဲ့။ ငါက ဗုဒ္ဓရောင်ဝါခြေလှမ်းကို ကျင့်ကြံထားပြီး ဘယ်နေရာကိုဖြစ်ဖြစ် ဆန္ဒရှိသလို သွားနိုင်တယ်။ သူ့ကို ချေမှုန်းနိုင်မယ့် နည်းလမ်းတစ်ခုခု ရှာတွေ့နိုင်မှာပါ။"
ရီဖူရှင်းက ပြန်ဖြေသည်။
"ဒါပေမယ့် အဆင့်တွေကြား ကွာခြားမှုက..."
ဟွာဂျီယူက မျက်မှောင်ကြုတ်သည်။ ဗုဒ္ဓရောင်ဝါခြေလှမ်းက ဗုဒ္ဓ၏ အထူးစွမ်းရည်ခြောက်မျိုးမှ တစ်မျိုးဖြစ်လျှင်ပင် ရီဖူရှင်းနှင့် သူတော်စင်ကျန်းချန်ကြားမှ အဆင့်ကွာခြားမှုက ကြီးမားလှသည်။ ထိုသို့သော အဆင့်ကွာခြားမှုမျိုးကို နတ်ဘုရားရုပ်ကြွင်း၏ အကူအညီနှင့်ပင် ကျော်ဖြတ်နိုင်ခြင်း မရှိပေ။ ရီဖူရှင်းက ယခု အဆင့်ကိုးရန်ဟောင်ဖြစ်သွားပြီ ဖြစ်သော်လည်း ကွာခြားချက်မှာ အလွန် ကြီးမားလှသည်။
သူ၏ ဗုဒ္ဓရောင်ဝါခြေလှမ်းက မည်မျှ အားကောင်းသည်ဖြစ်စေ သူ၏ ပြိုင်ဘက်လက်မှ ထွက်ပြေးရန်မှာ ခက်ခဲ၏။
"ဂျီယူ ဒီအနောက်ဘက်ကောင်းကင်ရဲ့ လိပ်ပြာတောင်ကုန်း ခရီးစဥ်မှာ တခြားဗုဒ္ဓကျင့်ကြံသူတွေအားလုံးနဲ့ ယှဥ်ရင် ငါက ကံအကောင်းဆုံးဆိုတာ မမြင်ဘူးလား။ ပြီးတော့ ဗုဒ္ဓရောင်ဝါခြေလှမ်းက ဗုဒ္ဓကျင့်ကြံခြင်း စွမ်းရည်ခြောက်မျိုးထဲက တစ်မျိုးဖြစ်ပြီး ဗုဒ္ဓအားလုံးအရှင်သခင်ကိုယ်တိုင်က ငါ့ကို လက်ဆင့်ကမ်းပေးခဲ့တာ။ သူ့မှာ ထုတ်မပြောတဲ့ရည်ရွယ်ချက်ရှိတယ်။ ဗုဒ္ဓအထူးစွမ်းရည်တွေထဲမှာ တစ်ခုက အတိတ်နဲ့ အနာဂတ်ကို မြင်နိုင်အောင် ခွင့်ပြုပေးတယ်။ ဗုဒ္ဓအရှင်သခင်က အနာဂတ်မှာဖြစ်မယ့်တစ်ခုခုကို ကြိုမြင်တာ ဖြစ်နိုင်တယ်။ စိတ်ပူဖို့မလိုဘူး။"
ရီဖူရှင်းက ဟွာဂျီယူကို ပြန်ဖြေသည်။
ဟွာဂျီယူက အသေအချာ တွေးကြည့်လျှင် ရီဖူရှင်း၏ စကားက မှန်ကန်ကြောင်း တွေ့ရှိသွားသည်။ ဤနှစ်များတလျှောက် လိပ်ပြာတောင်ကုန်းရှိ အတွေ့အကြုံများအရ ရီဖူရှင်း၏ကံကြမ္မာမှာ သေချာပေါက် ထူးခြားနေ၏။
သို့သော် သူမက စိုးရိမ်ပူပန်နေဆဲ ဖြစ်သည်။
"စိတ်မပူဘဲ အခု သွားကြတော့။ မင်းတို့ကို ငါ လာရှာလိုက်မယ်။ တကယ်လို့ ငါ အန္တရာယ်နဲ့ကြုံရင် လိပ်ပြာတောင်ကုန်းကို တိုက်ရိုက်ပြန်လာမယ်။"
ရီဖူရှင်းက သူမကို ဆက်လက်တိုက်တွန်းလိုက်ပြီး ဟွာချင်းချင်းအား ကြည့်သည်။ ထိုအချိန်၌ ဟွာချင်းချင်းက ဟွာဂျီယူကို ပြောလိုက်၏။
"ငါက ဗုဒ္ဓအားလုံးအရှင်သခင်နဲ့ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့တာ။ သူ့ရဲ့ အပြုအမူတိုင်းမှာ လေးနက်တဲ့ အဓိပ္ပါယ်ရှိတယ်။ လွဲမှားစရာအကြောင်း မရှိဘူး။"
ဟွာဂျီယူက ခေါင်းညိတ်လိုက်ကာ နောက်ဆုံး၌ ရီဖူရှင်း၏ အကြံပြုချက်ကို သဘောတူသည်။ သူမက အရင် ထွက်သွားရန် ဆုံးဖြတ်လိုက်၏။
ဟွာချင်းချင်းသည် မည်သူ့ကိုမှ နှုတ်ဆက်စကား မပြောခဲ့ပါ။ ဗုဒ္ဓအားလုံးအရှင်သခင်မှာ လိပ်ပြာတောင်ကုန်းပေါ်၌ မရှိတော့သော်လည်း ဗုဒ္ဓ၏ အရာအားလုံးမြင်နိုင်သော မျက်လုံးများအောက်မှ မည်သူမှ မလွတ်မြောက်ပေ။
သူတို့စတင် ထွက်ခွာသည့်အချိန်တွင် ဗုဒ္ဓကျင့်ကြံသူအများအပြား ပေါ်ပေါက်လာပြီး ကျယ်လောင်စွာ ပြောကြသည်။
"ဗုဒ္ဓအရှင်ကို လေးစားစွာ ပို့ဆောင်ပါတယ်။"
"ဗုဒ္ဓအရှင်ကို လေးစားစွာ ပို့ဆောင်ပါတယ်။"
အသံများက လိပ်ပြာတောင်ကုန်းပေါ်ရှိ မတူညီသော နေရာများမှ ထွက်ပေါ်လာသည်။ ဟွာချင်းချင်းက လိပ်ပြာတောင်ကုန်းဘက်သို့ ကြည့်ကာ ပြောသည်။
"ဗုဒ္ဓကျင့်ကြံသူအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မ အနာဂတ်မှာ လိပ်ပြာတောင်ကုန်းကို ပြန်ရောက်ရင် ဗုဒ္ဓအားလုံးအရှင်သခင်နဲ့ ဗုဒ္ဓကျင့်ကြံသူတွေအကြောင်း ဆွေးနွေးပါ့မယ်။"
ထိုသို့ပြောပြီးနောက် ဟွာချင်းချင်းက ပြန်လှည့်သွားကာ အဖွဲ့နှင့်အတူ ရွှေတောင်ပံငှက်ကြီး၏ ကျောပေါ်သို့ တက်လိုက်၏။ အားလုံးအဆင်သင့်ဖြစ်လျှင် ငှက်ကြီးသည် တောင်ပံကိုခတ်ကာ လေထဲသို့ တက်သွားပြီး လိပ်ပြာတောင်ကုန်းအပြင်သို့ ဦးတည်ပျံသန်းသွားတော့သည်။
ဟွာဂျီယူ၊ ဖန်းစွင်နှင့် အခြားလူများက ရွှေတောင်ပံငှက်ကြီး၏ ကျောပေါ်၌ ရပ်ကာ ရီဖူရှင်းကို ကြည့်နေကြ၏။
"ဆရာ ဂရုစိုက်ပါ။"
ရှောင်လင်းက စိတ်ချင်းဆက်သွယ်ကာ ပြောသည်။ သူမက ရီဖူရှင်းအတွက် အနည်းငယ် စိတ်ပူနေဆဲ ဖြစ်သည်။
သို့သော် ရီဖူရှင်းက မည်သည့်အရာကိုမှ ဂရုမစိုက်ဟန်ဖြင့် ပြုံးလျှက် လက်ဝှေ့ယမ်းပြ၏။ ယခု သူ၏ စိတ်အခြေအနေက အလွန် ငြိမ်းချမ်းနေပြီး အန္တရာယ်ကျရောက်လုဆဲဆဲဖြစ်ကြောင်း သိလျှင်ပင် တုန်လှုပ်မနေပေ။
လိပ်ပြာတောင်ကုန်းပေါ်ရှိ ဗုဒ္ဓကျင့်ကြံသူများက မည်သည့်အတွက်ကြောင့် ဟွာချင်းချင်းနှင့် အခြားလူများ ကြိုတင်ထွက်သွားရန် ဆုံးဖြတ်လိုက်ကြောင်း နားလည်၏။ သူတို့က သူတော်စင်ကျန်းချန်ကို သတိထားနေကြရသည်။
အဝေးရှိ ဗုဒ္ဓကျင့်ကြံသူများစွာက ရီဖူရှင်းရှိနေသည့် ရှေးဟောင်းတောင်ထွတ်ကို ကြည့်လိုက်ကြပြီး သူတို့၏ အမူအရာတို့က စိုးစဉ်းမျှ မပြောင်းလဲပေ။ သူတို့က ရီဖူရှင်း ထွက်မသွားကြောင်း သေချာရန်သာ စောင့်ကြည့်ရန် လိုသည်။ ဟွာချင်းချင်းနှင့် အခြားသူများကို မည်သူကမှ ဂရုစိုက်မနေပေ။
ရီဖူရှင်းသည် ရွှေတောင်ပံငှက်ကြီး ဝေးကွာ ပျောက်ကွယ်သွားသည်ကို မြင်သောအခါ သူက ရှေးဟောင်းတောင်ထွတ်ပေါ်၌ ဆက်လက်ကျင့်ကြံရန် ထိုင်ချလိုက်ပြီး ဗုဒ္ဓကျင့်စဥ်များကို ကျင့်ကြံရင်း နက်နဲသည့် ကျင့်ကြံခြင်းအခြေအနေသို့ ဝင်ရောက်သွား၏။ သူက အဆင့်ချိုးဖျက်တက်ရောက်သွားပြီးနောက်တွင် ဗုဒ္ဓရောင်ဝါခြေလှမ်းကို ပိုမိုနက်ရှိုင်းစွာ နားလည်လာသည်။
စာကြည့်တိုက်အပြင်ဘက်တွင် ဘုန်းတော်ကြီးတစ်ပါးသည် ကြွေကျနေသော သစ်ရွက်များကို တံမြက်စည်းဖြင့် လှည်းကျင်းနေပြီး သူသည် ပတ်ဝန်းကျင်နှင့်တသားတည်းအလား ထင်မှတ်ရသည်။ ထိုဘုန်းတော်ကြီးမှာ ကိုယ်တော်ဒုက္ခသမာဓိ ဖြစ်၏။
လေတိုက်ခတ်လာသောအခါ သစ်ရွက်များက ပြန့်ကျဲကုန်သည်။ ကိုယ်တော်ဒုက္ခသမာဓိက ၎င်းတို့ကို တစ်ဖန်လှည်းကျင်းရင်း ရေရွတ်သည်။ "ဗုဒ္ဓနယ်မြေက သန့်ရှင်းတဲ့ နယ်မြေပဲ။ ဒါပေမယ့် နှလုံးသားက မတည်ငြိမ်ရင် လေတိုက်ခတ်တာ ရပ်တန့်တော့မှာ မဟုတ်ဘူး။"
ထို့နောက် သူက ခေါင်းကိုမော့ကာ အဝေးသို့ ကြည့်လိုက်ပြီး သူ့နှလုံးသားထဲမှ တိတ်ဆိတ်စွာ သက်ပြင်းချ၏။
…
လောက၏ အခြားတစ်နေရာရှိ ဆေးဝါးကျင့်ကြံသူဗုဒ္ဓအရှင် နေထိုင်ရာ ကြောင်မျက်ရှင်သန့်စင်လောကသည်လည်း ဗုဒ္ဓကျင့်ကြံသူများ၏ သန့်စင်မြင့်မြတ်နယ်မြေတစ်ခု ဖြစ်သည်။
ကြောင်မျက်ရှင်စေတီ၏ အရှေ့တွင် ကျင့်ကြံသူတစ်ယောက်သည် တင်ပျဥ်ခွေထိုင်ကာ တိတ်ဆိတ်စွာ ကျင့်ကြံနေပြီး သူ့ကို ဗုဒ္ဓအလင်းတို့က ဝန်းရံထား၏။
ထိုအခိုက်တွင် သူ၏ လည်ပင်းထက်မှ ဗုဒ္ဓပုတီးစေ့များသည် တချောက်ချောက် ရွေ့လျားလာပြီး အလင်းတစ်ခု ပေါ်ပေါက်လာကာ သူ၏ မျက်ခုံးတန်းနှစ်ခုကြားသို့ တိုက်ရိုက်ထိုးဖောက်သွားသည်။ ထိုကျင့်ကြံသူက သတင်းကို လက်ခံရရှိသည်နှင့် ချက်ချင်း သူ၏ မျက်လုံးများကို ဖွင့်လိုက်ရာ ၎င်းတို့မှ အေးစက်သော အလင်းတို့ ထွက်ပေါ်လာသည်။
သူတို့ စတင်ထွက်ခွာကြပြီလား။
"ကျန်းချန်"
ထိုအချိန်တွင် အသံတစ်ခု အဝေးမှ ထွက်ပေါ်လာသည်။ သူတော်စင်ကျန်းချန်က ထိုအသံကို ကြားလိုက်သည်နှင့် ချက်ချင်း တည်ငြိမ်သွားသည်။ သူက လက်အုပ်ချီကာ ပြောသည်။
"ဗုဒ္ဓအရှင်။"
"မင်းက အခုထိ စိတ်မဖြတ်ရသေးဘူးဆိုတော့ ပြန်သွားလိုက်ပါ။"
ထိုနက်နဲသိမ်မွေ့သည့် အသံကို တစ်ဖန်ကြားလိုက်ရသည့်အခါ သူတော်စင်ကျန်းချန်က အံ့သြမှင်တက်သွားသည်။ ထိုအခိုက်အတန့်တွင် သူ၏ အကြည့်များက အဝေးသို့ ရောက်ရှိသွားပြီး ထိုနေရာကို အရိုအသေပြုကာ ပြောသည်။
"ကျေးဇူးတင်ပါတယ် ဗုဒ္ဓအရှင်။"
သူက ယခု သွားသင့်ပြီဟု နားလည်လိုက်၏။