လိပ်ပြာတောင်ကုန်းမှ ထွက်ခွာခြင်း
Vol. 175 Ch. 2497
ဟွာဂျီယူ ထွက်ခွာသွားပြီး လပေါင်းများစွာကြာသည့်တိုင် ရီဖူရှင်းသည် လိပ်ပြာတောင်ကုန်းတွင် အာရုံစူးစိုက်ကာ ဗုဒ္ဓလမ်းစဥ်ကို ကျင့်ကြံနေ၏။ သူ၏ အရှိန်အဝါသည် အပြင်ဘက်သို့ ပေါက်ကွဲထွက်ပေါ်လာသည်။ သူက ဗုဒ္ဓကျမ်းစာများကို နားလည်သဘောပေါက်အောင် တိတ်ဆိတ်စွာ လေ့လာနေ၏။
သူသည် ယခင်ကတည်းက ဗုဒ္ဓကျင့်ကြံသူတစ်ယောက်ဟု ထင်မှတ်ရသည်။ ဗုဒ္ဓကျမ်းစာများကို လေ့လာဖတ်ရှုရင်း အမျိုးမျိုးသော ဗုဒ္ဓအရှင်များ သင်ခန်းစာပို့ချပေးသည်ကို ထိုင်နားထောင်တတ်ပြီး လိပ်ပြာတောင်ကုန်းရှိ ဗုဒ္ဓကျင့်ကြံသူများ အဖွဲ့အစည်းနှင့် ရောနှောနေထိုင်၏။ သူက ထိုနေရာရှိ ဗုဒ္ဓကျင့်ကြံသူများနှင့်လည်း ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ထားနိုင်သည်။ တစ်ခါတစ်ရံ၌ သူက အခြားသော ဗုဒ္ဓကျင့်ကြံသူများနှင့် အတူတကွထိုင်ကာ ဗုဒ္ဓကျင့်စဥ်များကို ဆွေးနွေးတတ်၏။ သူက ထွက်ပြေးမည့် လူတစ်ယောက်နှင့် လုံးဝမတူဘဲ အလွန် တက်ကြွရွှင်လန်းသည့် နေထိုင်မှုပုံစံဖြင့် နေထိုင်နေသည်။
သူတော်စင်ကျန်းချန်သည်လည်း ကြောင်မျက်ရှင်သန့်စင်လောကမှ ပြန်လာကတည်းက လိပ်ပြာတောင်ကုန်း၌ လာရောက်နေထိုင်သည်။ သူသည်လည်း ရှေးဟောင်းတောင်ထွတ်၌ ကျင့်ကြံနေကာ ရီဖူရှင်းကို အနီးကပ် စောင့်ကြည့်နေ၏။ လိပ်ပြာတောင်ကုန်းပေါ်ရှိ လူတိုင်းက သူတို့နှစ်ယောက်ကြားမှ ရန်ငြိုးအာဃာတတို့ကို သိရှိကြသည့်အတွက်ကြောင့် လိပ်ပြာတောင်ကုန်းပေါ်၌ ရှိနေစဥ် သူတော်စင်ကျန်းချန်က ရီဖူရှင်းကို တစ်ခုခုကြံစည်ရဲမည်မဟုတ်ပါ။ သူသည် ကြောင်မျက်ရှင်သန့်စင်လောကမှ ပြန်ရောက်လာကတည်းက ရီဖူရှင်းနှင့် မည်သည့်တိုက်ခိုက်မှုမှ မပြုလုပ်ရသေးပေ။
သို့သော် ဤကဲ့သို့ တိတ်ဆိတ်နေခြင်းက ပို၍ ကြောက်မက်ဖွယ် ကောင်း၏။ ရီဖူရှင်းမဟုတ်ဘဲ အခြားလူများဖြစ်လျှင် သူတို့က ကောင်းကောင်း အိပ်ပျော်စားဝင်နိုင်မည် မဟုတ်ပေ။ သို့သော် ရီဖူရှင်းက အနည်းငယ်မျှ အနှောက်အယှက်ဖြစ်ပုံမပေါ်ချေ။
သူတို့မှာ တစ်ဦးနှင့်တစ်ဦး မည်သည့်ထိတွေ့မှုမှ မရှိသော်လည်း မကြာခင်ပေါက်ပွဲတော့မည့် အသံတိတ်ဗုံးတစ်လုံးနှင့်တူ၏။
ယနေ့တွင် ရီဖူရှင်းသည် အခြားဗုဒ္ဓကျင့်ကြံသူများနှင့်အတူ ဗုဒ္ဓအရှင်၏ သင်ကြားပို့ချမှုကို နားထောင်နေ၏။ သင်ခန်းစာပြီးသည့်နောက် ထုံးစံအတိုင်း ဗုဒ္ဓကျင့်ကြံသူများက မေးခွန်းများမေးမြန်းကြပြီး တချို့က ကျေးဇူးတင်စကားဆို၍ နှုတ်ဆက်ကာ ထွက်သွားကြသည်။
"ကျေးဇူးအများကြီးတင်ပါတယ် ဗုဒ္ဓအရှင်။"
ရီဖူရှင်းက ထိုင်နေဆဲဖြစ်သည့် ဗုဒ္ဓအရှင်ကို လက်အုပ်ချီကာ အရိုအသေပေး၍ နှုတ်ဆက်၏။ သို့သော် သူ၏ အသံ မှေးမှိန်သွားပြီး မကြာခင် သူ ရှိနေသည့်နေရာမှ ချက်ချင်း ပျောက်ကွယ်သွားရာ ၎င်းမြင်ကွင်းအား ဗုဒ္ဓကျင့်ကြံသူများအားလုံး အံ့သြရသည်။
ရီဖူရှင်းသည် လိပ်ပြာတောင်ကုန်းပေါ်တွင် နှစ်ပေါင်းများစွာ ကျင့်ကြံထားသူ ဖြစ်သည်။ သူသည် ဤနေရာသို့ရောက်နေသည်မှာ အချိန်တစ်ခုကြာမြင့်ခဲ့ပြီ ဖြစ်ရာ သူ၏အမူအကျင့်ကို လူအများက နားလည်ကြ၏။ သူက ပို့ချသည့် သင်ခန်းစာကို နားထောင်ပြီးနောက် ကျေးဇူးတင်စကားဆိုကာ တဖြေးဖြေး အဝေးသို့ ထွက်ခွာသွားလိမ့်မည် ဖြစ်သည်။ ဤကဲ့သို့ ချက်ချင်း ပျောက်ကွယ်သွားခြင်းက အလွန် မယဥ်ကျေးသော ထွက်ခွာမှု ဖြစ်သည်။
ဗုဒ္ဓအရှင်သခင်သည်ပင် ရီဖူရှင်း ထိုင်ခဲ့သည့်နေရာသို့ သေချာအောင် ကြည့်သည်။ သူက နေရာလွတ်ကိုသာ မြင်လိုက်သည့်အခါ သူက ပြုံးလျက် လက်အုပ်ချီကာ ပြောသည်။
"ဒကာလေးရီကို ဗုဒ္ဓကောင်းချီးပေးတာပဲ။"
သိသာစွာပင် သူတို့အားလုံးကလည်း စိတ်ဝင်စားစရာ တစ်ခုခု ဖြစ်ပျက်သွားသည်ကို သတိပြုမိလိုက်ကြ၏။
"ဗုဒ္ဓရောင်ဝါခြေလှမ်းကျင့်စဥ်က တကယ် ထူးခြားတယ်။ ဘာအရှိန်အဝါမှ မထွက်ပေါ်ဘဲ အရိပ်တောင်မမြင်မတွေ့လိုက်ရဘဲ သတိပေးချက်မရှိဘဲ ချက်ချင်း ပျောက်ကွယ်သွားနိုင်တယ်။"
ဗုဒ္ဓကျင့်ကြံသူတချို့က အချင်းချင်း တီးတိုးပြောနေကြသည်။ သူတို့က နတ်အာရုံကို မည်မျှ ဖြန့်ကျက်ပါစေ လိပ်ပြာတောင်ကုန်းပေါ်၌ ရီဖူရှင်းအား မည်သည့်နေရာတွင်မှ ရှာမရတော့ပေ။
ထိုင်လျှက် ကျင့်ကြံနေသည့် သူတော်စင်ကျန်းချန်သည် ရုတ်တရက် မျက်လုံးများကို ဖွင့်သည်။ သူ့ထံမှ အလွန် ထက်ရှသော နတ်အရှိန်အဝါတို့ ထွက်ပေါ်လာကာ နတ်အာရုံများကို လိပ်ပြာတောင်ကုန်းတစ်ခွင် ဖြန့်ကျက်လွှမ်းခြုံ၏။
"သူ သွားပြီလား။"
သူတော်စင်ကျန်းချန်က ထရပ်လိုက်လျှင် ဗုဒ္ဓအလင်းတို့က သူ့အပေါ် ဖြာကျလာကာ သူသည်လည်း ပျောက်ကွယ်သွား၏။
သူသည် ဗုဒ္ဓရောင်ဝါခြေလှမ်းကို ကျင့်ကြံထားသည့် ရီဖူရှင်းက အမှန်တကယ်ပင် သူ၏ လက်ထဲမှ လွတ်မြောက်နိုင်စွမ်းရှိမည်လား သိလို၏။
ဗုဒ္ဓကျင့်ကြံသူများက အပြင်ဘက်သို့ လျှောက်သွားခဲ့ပြီး အဝေးသို့ ကြည့်ကြသည်။ သူတို့သည်လည်း ရီဖူရှင်းက သူတော်စင်ကျန်းချန်ထံမှ အမှန်တကယ် ထွက်ပြေးလွတ်မြောက်နိုင်စွမ်းရှိမည်လား သိလိုကြ၏။ သူက မလုပ်နိုင်ခဲ့လျှင် သူ့ကို စောင့်ဆိုင်းနေမည်မှာ သေခြင်းတရားသာ ဖြစ်ပေသည်။
…
အနောက်ဘက်ကောင်းကင်၏ သန့်စင်မြင့်မြတ်နယ်မြေအတွင်း သူတော်စင်ကျန်းချန်သည် ကောင်းကင်ထက်၌ ထွက်ပေါ်လာကာ သူ၏ နတ်အာရုံကို ထုတ်လွှတ်၍ အဆုံးမဲ့လေဟာနယ်အား လွှမ်းခြုံလိုက်သည်။ အနောက်ဘက်ကောင်းကင်ကို ဖြတ်ကာ ကြည့်နေသည့် သူ၏ မျက်လုံးများက ကြောက်မက်ဖွယ် ကောင်းလှသည်။ အရာအားလုံးက သူ့မြင်ကွင်းအတွင်း၌ ပေါ်လာ၏။
မရေတွက်နိုင်သည့် ပုံရိပ်များ များပြားလှသည့် မျက်နှာများက သူ့စိတ်ထဲတွင် ပေါ်ပေါက်လာသော်လည်း တစ်ယောက်ကမှ ရီဖူရှင်း ဟုတ်မနေပေ။
သူက နတ်အာရုံကို အနောက်ဘက်ကောင်းကင်တစ်ခွင် ပို့လွှတ်ကာ ရှာဖွေနေသော်လည်း ယခုထိတိုင် ရှာဖွေတွေ့ရှိခြင်းမရှိသေးချေ။
"ဘာတွေဖြစ်နေတာလဲ။"
သူတော်စင်ကျန်းချန်က မျက်မှောင်ကြုတ်သည်။ ရီဖူရှင်းက ထိုမျှ လျင်မြန်ခြင်း မရှိနိုင်။ ရီဖူရှင်းက ဗုဒ္ဓရောင်ဝါခြေလှမ်းကို ကျင့်ကြံလျှင်ပင် ကျင့်ကြံဆင့်၏ ကန့်သတ်ထားမှုကြောင့် ထိန်းချုပ်ခံထားရမည် ဖြစ်ကာ ထိုမျှအကြွင်းမဲ့ စွမ်းဆောင်ရည်မျိုး ရှိလိမ့်မည် မဟုတ်ပေ။
သူတို့ကျင့်ကြံဆင့်များ၏ ကန့်သတ်ချက်များကြောင့် မည်သူမဆို အထူးစွမ်းရည်များ၏ စွမ်းအားကိုဖြစ်စေ ကောင်းမွန်စွာ ဖော်ထုတ်နိုင်စွမ်း မရှိကြပါ။ သို့သော် သူက ရီဖူရှင်းကို အရိပ်အယောင်မျှ မမြင်ရတော့ပေ။
"သူက အနောက်ဘက်ကောင်းကင်မှာ မရှိဘူး။"
ထိုအချိန်၌ သူတော်စင်ကျန်းချန်သည် သူ့ခေါင်းထဲ၌ အသံတစ်ခု ထွက်ပေါ်လာသည်ကို ကြားလိုက်ရပြီး သူ့နှလုံးသားအား တုန်ယင်လာသည်။ သူက မည်သူ့ကိုမှ မတွေ့သော်လည်း လေဟာနယ်တစ်နေရာသို့ ကြည့်ကာ ခေါင်းညိတ်ပြသည်။ သူက သူ့ကို မည်သူကပြောလိုက်ကြောင်း သိရှိ၏။
ရီဖူရှင်းက အနောက်ဘက်ကောင်းကင်၌ မရှိလျှင် သူက မည်သည့်နေရာ၌ ပုန်းကွယ်နေသနည်း။
"လိပ်ပြာတောင်ကုန်းမှာပဲ ရှိသေးတယ်။"
အသံက တစ်ဖန် ထွက်ပေါ်လာပြီး ၎င်းသည် သူတော်စင်ကျန်းချန်၏ မျက်လုံးများကို ထက်ရှသွားစေကာ သူ့အမူအရာက ထိုစကားကြောင့် တင်းမာခက်ထန်သွား၏။
ကြည့်ရသည်မှာ ရီဖူရှင်းက သူ့အား အရူးလုပ်နေခဲ့သည်လား။
သူက ရီဖူရှင်းကို ရှာဖွေရန် ဤနေရာသို့ ရောက်လာခဲ့သော်လည်း ရီဖူရှင်းက လိပ်ပြာတောင်ကုန်း၌သာ ရှိသေးသည်။
ဤသည်က သူ့ကို တမင်သက်သက် ကစားခြင်း မဟုတ်ပါလား။
လိပ်ပြာတောင်ကုန်းပေါ်ရှိ ဗုဒ္ဓကျင့်ကြံသူများသည်လည်း ရီဖူရှင်းက စာကြည့်တိုက်အတွင်း ရှိနေကြောင်း ရှာဖွေတွေ့ရှိသည်။ စာကြည့်တိုက်က စွမ်းအားများအားလုံးကို တားဆီးထားနိုင်ပြီး နတ်အာရုံများလည်း ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိပေ။ ရီဖူရှင်းက ဗုဒ္ဓရောင်ဝါခြေလှမ်းကို အသုံးပြုကာ စာကြည့်တိုက်အတွင်း တိုက်ရိုက် ထွက်ပေါ်လာသည်။ လိပ်ပြာတောင်ကုန်းပေါ်၌ ရုတ်ရုတ်သဲသဲ ဖြစ်လာသောအခါ ဗုဒ္ဓကျင့်ကြံသူတစ်ယောက်က စာကြည့်တိုက်မှ ထွက်လာကာ ရီဖူရှင်းက ထိုနေရာ၌ ရှိနေကြောင်း လူတိုင်းကို သတင်းပို့၏။ ကျမ်းစာများ သင်ကြားပို့ချပေးနေသည့် ဗုဒ္ဓအရှင်သည်ပင် ထိုစကားကို ကြားသည့်အခါ ရယ်မောသည်။ သူသည်လည်း ရီဖူရှင်း၏ အရူးလုပ်ခြင်းကို ခံလိုက်ရ၏။
တခဏကြာပြီးနောက် ရီဖူရှင်းက စာကြည့်တိုက်မှ ဖြေးညင်းစွာ ထွက်လာခဲ့ပြီး သူ့လက်ထဲ၌ ကျမ်းစာအနည်းငယ် ကိုင်ဆောင်ထားသည်။ သူက ကိုယ်တော်ဒုက္ခသမာဓိကို ခေါင်းညိတ်ပြလိုက်ပြီးနောက် လှေကားမှ ဆင်းသွားသည်။
လှေကားအောက်တွင် သူတော်စင်ကျန်းချန်က ရပ်ကာ စောင့်ဆိုင်းနေသည်။ သူက အလွန် အေးစက်သည့် အကြည့်တို့ဖြင့် ရီဖူရှင်းကို စိုက်ကြည့်နေ၏။
ရီဖူရှင်းက ဘယ်ညာမကြည့်ခဲ့ဘဲ သူတော်စင်ကျန်းချန်အား မမြင်သကဲ့သို့ ရှေ့ဆက်သွားနေသည်။
"ကျင့်ကြံခြင်းအမည်ခံပြီး လိပ်ပြာတောင်ကုန်းမှာပဲ ပုန်းကွယ်နေဖို့ စီစဥ်နေတာလား။"
သူတော်စင်ကျန်းချန်က သူ၏ နှလုံးသားထဲမှ ဒေါသများကို ဖိနှိပ်ကာ မေးသည်။
ရီဖူရှင်းက သူတော်စင်ကျန်းချန်ကို နောက်ကျောပေးလျက်နှင့် ရပ်တန့်သည်။ သူတို့နှစ်ယောက်က အချင်းချင်း မကြည့်ကြဘဲ ရီဖူရှင်းက အပြုံးနှင့် ပြောသည်။
"လိပ်ပြာတောင်ကုန်းက ဗုဒ္ဓသန့်စင်မြင့်မြတ်နယ်မြေပဲ။ နက်နဲသိမ်မွေ့တဲ့ ဗုဒ္ဓကျမ်းစာတွေ အများကြီးရှိပြီး ဗုဒ္ဓအရှင်တွေကလည်း သင်ခန်းစာတွေ သင်ကြားပို့ချပေးတယ်။ ကျုပ်က ဒီလိပ်ပြာတောင်ကုန်းမှာ နတ်ဘုရားကပ်ဘေး အဆင့်နှစ်ခု ဖြတ်ကျော်နိုင်တဲ့အထိ ရာစုနှစ်ချီပြီး ကျင့်ကြံဖို့ စီစဥ်ထားတာ။ အဲဒါကို ကြောက်လို့လား။"
သူတော်စင်ကျန်းချန်၏ မျက်နှာက မည်းမှောင်ကာ အရုပ်ဆိုးသွားသည်။ ရီဖူရှင်းက ထိုကဲ့သို့ ဆုံးဖြတ်ကာ လိပ်ပြာတောင်ကုန်းမှ မထွက်ခွာဘဲ ဤနေရာ၌သာ ဆက်လက်ကျင့်ကြံနေလျှင် သူက မည်သို့မှ လုပ်နိုင်လိမ့်မည် မဟုတ်ပေ။
ထို့ပြင် သူက နတ်ဘုရားကပ်ဘေး အဆင့်နှစ်ခုကို ကျော်ဖြတ်နိုင်သည့်တိုင် ဤနေရာ၌ ကျင့်ကြံရန် အမှန်တကယ် စီစဥ်ခဲ့လျှင် သူတော်စင်ကျန်းချန်က သူ့ကို တိုက်ခိုက်နိုင်စွမ်းပင် ရှိပါလိမ့်မည်လား။
ရီဖူရှင်းက လိပ်ပြာတောင်ကုန်းသို့ ထိုးဖောက်ဝင်ရောက်စဥ် သူက ရန်ဟောင် အဆင့်ရှစ်သာ ရှိသေးသော်လည်း ရဟန်းများကို အနိုင်ယူနိုင်သည်။ အဆုံးတွင် ကိုယ်တော်ဒုက္ခသမာဓိက ဝင်ရောက်စွက်ဖက်ကာ ရီဖူရှင်းကို ဟန့်တားရ၏။
ထိုတိုက်ပွဲဖြစ်ပွားချိန်၌ ရီဖူရှင်းက ဗုဒ္ဓလမ်းစဥ်ကို ကျင့်ကြံနေသည်မှာ ရက်တစ်ရာထက် လျော့နည်းပေသည်။
ရီဖူရှင်းက ရှေ့သို့ ဆက်လျှောက်ကာ ပြောသည်။
"လက်မလွှတ်နိုင်ဘဲ ကိစ္စအားလုံးကို ထပ်သယ်လာတာ ခင်ဗျားပဲ။ ကျုပ်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ နတ်ဘုရားရုပ်ကြွင်းကို ဖျက်ဆီးခဲ့ရတယ်။ ဒဏ်ရာတွေ အများကြီးရပြီးနောက်မှသာ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့တာ။ ခင်ဗျားကသာ ကျုပ်အပေါ် အကြွေးတင်နေပြီး ကျုပ်ဘက်က မဟုတ်ဘူးဆိုတာကို သတိရပါ။"
သူက သူတော်စင်ကျန်းချန်ကို ထပ်မကြည့်တော့ပေ။ တစ်ဖက်လူက သူ့ကို သတ်ဖြတ်ချင်နေပြီး သူတော်စင်ကျန်းချန်က နစ်နာသူဟု ထင်မြင်ရသော်လည်း အမှန်တရားက ကွဲပြားခြားနား၏။
ရီဖူရှင်းသည်သာ သူတော်စင်ကျန်းချန်ကြောင့် စိတ်ပျက်အားငယ်စရာ အခြေအနေသို့ ရောက်ရှိအောင် ဖိအားပေးခံခဲ့ရခြင်း ဖြစ်သည်။ မဟာအင်ပါယာရှန်ကျား၏ နတ်ဘုရားရုပ်ကြွင်းကဲ့သို့ အဖိုးတန် နတ်ရတနာမျိုးက ရီဖူရှင်းအား အမဲလိုက်လိုသည့် သူ့ဆုံးဖြတ်ချက်ကြောင့် ဖျက်ဆီးခံလိုက်ရသည်။ ထိုကိစ္စတွင်လည်း ရီဖူရှင်းမှာ သေဆုံးလုနီးပါး ဖြစ်ခဲ့ရ၏။
ယခု သူတော်စင်ကျန်းချန်က မုဆိုးဖြစ်ပြီး ရီဖူရှင်းက သားကောင် ဖြစ်သည်။ ဤသည်မှာ ကျန်းချန်က ပို၍ အားကောင်းသောကြောင့် ဖြစ်သည်။ အခြေအနေက ပြောင်းပြန်ဖြစ်သွားခဲ့လျှင် ရီဖူရှင်းက သူတော်စင်ကျန်းချန်အား အမဲလိုက်သူ ဖြစ်သွားပေလိမ့်မည်။
သူတော်စင်ကျန်းချန်က နောက်ထပ်စကားပြောရန် အလုပ်ရှုပ်မခံတော့ပေ။ တခဏအတွင်း သူက ထွက်ခွာသွားခဲ့ပြီး ယခင်က သူ ရှိနေခဲ့သည့် နေရာသို့ ပြန်ရောက်သွားသည်။ ရီဖူရှင်း၏ စကားလုံးများက သက်ရောက်မှု မရှိသလို သူ၏ သတိထားမှုကိုလည်း မလျော့ကျစေခဲ့ပေ။ ဆန့်ကျင်ဘက်အနေနှင့် ရှေ့လျှောက် သူက ရီဖူရှင်းကို ပို၍ အနီးကပ်စောင့်ကြည့်တော့မည် ဖြစ်သည်။
သူ၏ သတ်ဖြတ်လိုသော ရည်ရွယ်ချက်က ပို၍ပင် အားကောင်းလာပြီး ယခင်ကထက် ပိုမို စိတ်အားထက်သန်လာသည်။
ထို့နောက်တွင် ရီဖူရှင်းက မကြာခဏ ဗုဒ္ဓရောင်ဝါခြေလှမ်းကို အသုံးပြုကာ စာကြည့်တိုက်၌ မကြာခဏ ထွက်ပေါ်လာတတ်သည်။ သူတော်စင်ကျန်းချန်သည်လည်း အချိန်တိုင်း စစ်ဆေးရ၏။ နောက်ပိုင်းတွင် များစွာသော ဗုဒ္ဓကျင့်ကြံသူတို့က စာကြည့်တိုက်၌ ဗုဒ္ဓကျမ်းဂန်များ ဖတ်ရှုလေ့လာကြသည့် အလေ့အကျင့်တစ်ခု ဖြစ်လာသည်။ ရီဖူရှင်းက နောက်ကွယ်မှအဓိပ္ပာယ်ကို နားလည်သော်လည်း သိပ်ဂရုမစိုက်ပါ။
လအနည်းငယ်ကြာပြီးနောက် ထျန်းယင်ဗုဒ္ဓအရှင်က လိပ်ပြာတောင်ကုန်းသို့ လာရောက်ကာ ရှန်းယန်ဗုဒ္ဓအရှင်နှင့် တွေ့ဆုံခဲ့ပြီး စစ်တုရင်ကစားရန် ဖိတ်ခေါ်၏။ ရှန်းယန်ဗုဒ္ဓအရှင်ကလည်း မငြင်းဆန်ခဲ့ဘဲ ထျန်းယင်ဗုဒ္ဓအရှင်နှင့် စစ်တုရင် ကစားသည်။ မျက်စိတစ်မှိတ်အတွင်း ရက်အနည်းငယ် ကုန်လွန်သွား၏။
ယနေ့တွင် ရီဖူရှင်းက စာကြည့်တိုက်၌ ထပ်မံပေါ်ပေါက်လာသည်။ ပုံမှန်အတိုင်း သူက ပထမထပ်မှ ကျမ်းစာများကို ဖတ်နေသည်။ ထိုအချိန်တွင် ကိုယ်တော်ဒုက္ခသမာဓိသည် စာကြည့်တိုက်အတွင်းမှ ကျင့်ကြံသူများကို ရှာဖွေကာ စာကြည့်တိုက် သန့်ရှင်းရေးလုပ်ရန် တောင်းဆိုသည်။ ထိုကျင့်ကြံသူများက ကိုယ်တော်ဒုက္ခသမာဓိကို သိရှိသည့်အတွက်ကြောင့် သူက ကိုယ်တိုင်ကိုယ်ကျ အကူအညီတောင်းလာသည့်အခါ သူတို့က မငြင်းဆန်နိုင်ကြပေ။ ထို့ကြောင့် သူတို့က စာကြည့်တိုက် သန့်ရှင်းရေးလုပ်ရန် ကိုယ်တော်ဒုက္ခသမာဓိနောက်သို့ လိုက်သွားကြသည်။
သူတို့ သန့်ရှင်းရေးလုပ်ပြီးနောက်၌ ရီဖူရှင်းက စာကြည့်တိုက်အတွင်း မရှိတော့ကြောင်း ရှာဖွေတွေ့ရှိခဲ့ပြီး တစ်စုံတစ်ခုက အတော်လေး မူမမှန်ကြောင်း ခံစားလိုက်ကြရသည်။ ပုံမှန်အတိုင်း သူတို့က တစ်နေရာမှ ကျောက်စိမ်းပြားအတွင်း စွမ်းအားများ စိမ့်ဝင်စေသည်။
လိပ်ပြာတောင်ကုန်းပေါ်တွင် ကျင့်ကြံနေသည့် သူတော်စင်ကျန်းချန်က ချက်ချင်းပင် ထိုသတင်းကို လက်ခံရရှိသည်။ သူ၏ နတ်အာရုံက လိပ်ပြာတောင်ကုန်းကို လွှမ်းခြုံသွားသော်လည်း သူက ရီဖူရှင်း၏ အစအနပင် ရှာမရတော့ပေ။
"သူ ဘယ်အချိန်က ထွက်သွားတာလဲ။"
သူက မေးသည်။
"မသိဘူး။ ကိုယ်တော်ဒုက္ခသမာဓိက ကျုပ်တို့ကို စာကြည့်တိုက် သန့်ရှင်းရေးလုပ်ပေးဖို့ အကူအညီတောင်းလို့။"
အသံတစ်ခုက ဖြေသည်။ သူတော်စင်ကျန်းချန်က အလွန် ဒေါသထွက်ပုံရသည်။ သူက ရိုးရှင်းစွာ ပြန်ပြောလိုက်၏။
"ငတုံး။"
ရီဖူရှင်း စာကြည့်တိုက်မှ ထွက်ခွာသွားသည့်အချိန်တိုင်း အထဲမှ လူများက သူတော်စင်ကျန်းချန်ကို သတင်းပေးကြသည့်အတွက် သူက ရီဖူရှင်း စာကြည့်တိုက် အပြင်ဘက်၌ ရှိနေသည့် တည်နေရာကို ထောက်လှမ်းနိုင်ပေသည်။ ၎င်းသည် သူ စာကြည့်တိုက်မှ ထွက်ခွာလာသည်နှင့် သူ့အား မျက်ခြေပြတ်သွားခြင်းမှ တားဆီးရန် ဖြစ်၏။
ဗုဒ္ဓရောင်ဝါခြေလှမ်းက အတော်လေး သတိထားစောင့်ကြည့်မှ ရနိုင်မည့် အလွန် အစွမ်းထက်သည့် အထူးစွမ်းရည်မျိုး ဖြစ်သည်။ ကိုယ်တော်ဒုက္ခသမာဓိက ရီဖူရှင်း၏ ကြံရာပါ ဖြစ်နိုင်သလား။
"ရီဖူရှင်း ထွက်သွားပြီ။"
သူတော်စင်ကျန်းချန်က အခြားတစ်ယောက်ကို သတင်းပို့သည်။ သူ့ပုံရိပ်က လျှပ်တပြက်အတွင်း ထွက်ခွာသွားလေသည်။ သူက လိပ်ပြာတောင်ကုန်းမှ ချက်ချင်း ထွက်ခွာသွားပြီး အနောက်ဘက်ကောင်းကင်သို့ ဦးတည်လိုက်၏။
ထျန်းယင်ဗုဒ္ဓအရှင်နှင့် စစ်တုရင်ကစားနေသော ရှန်းယန်ဗုဒ္ဓအရှင်သည်လည်း ကိုယ်တော်ဒုက္ခသမာဓိထံမှ ထိုသတင်းကို ကြားသိသည်။ သူ့လက်ထဲက စစ်တုရင်အပိုင်းအစတို့ကို ကိုင်ထားဆဲဖြစ်ကာ သူက တစ်စုံတစ်ခုကို နားလည်သွားသလို ထျန်းယင်ဗုဒ္ဓအရှင်ကို မော့ကြည့်ကာ ပြုံးသည်။
"ရှန်းယန် ဘာလို့ မလှုပ်ရှားသေးတာလဲ။" ထျန်းယင်ဗုဒ္ဓအရှင်က မေးသည်။
"ခဏနေပါဦး။"
ရှန်းယန်ဗုဒ္ဓအရှင်က မျက်လုံးများကို မှိတ်ကာ အဝေးသို့ ကြည့်သည်။ သူ၏ မျက်လုံးများက အလွန် ကြောက်မက်ဖွယ် ကောင်းလာပေသည်။
သို့သော် နောက်တခဏ၌ ထိုလေဟာနယ်တစ်ခွင်လုံးကို ဗုဒ္ဓအလင်းရောင်တို့ လွှမ်းခြုံလာကာ ထျန်းယင်ဗုဒ္ဓအရှင်က ပြောသည်။ "ရှန်းယန် စစ်တုရင်ကစားမယ်ဆိုရင် အာရုံစိုက်သင့်တယ်လေ။ စိတ်ရှုပ်ထွေးနေမယ်ဆိုရင် မင်း ထပ်ရှုံးမှာ စိုးမိတယ်။"
သူ၏ ကောင်းကင်မျက်လုံးက ပိတ်ဆို့တားဆီးခံလိုက်ရသည့်အခါ သူက ထျန်းယင်ဗုဒ္ဓအရှင်ကို ကြည့်ကာ မေးသည်။
"သူ့ကို ဘာလို့ ကူညီရတာလဲ။"
"ဗုဒ္ဓအားလုံးအရှင်သခင်ကတောင် သူက ဗုဒ္ဓကျင့်ကြံသူတွေနဲ့ ရေစက်ရှိတယ်လို့ ပြောခဲ့တာ။ သူနဲ့ ကျန်းချန်ကြားမှာ ဘာပဲဖြစ်ဖြစ် ဘာလို့ မင်းကိုယ်မင်း သူတို့ကြားဝင်နေမှာလဲ။"
ထျန်းယင်ဗုဒ္ဓအရှင်က ပြောသည်။
"မင်းကရော ကြားမဝင်ဘူးလား။"
ရှန်းယန်ဗုဒ္ဓအရှင်က မေးသည်။
"ငါ မင်းကို ကြားမဝင်စေချင်လို့လေ။ သူတို့ လိပ်ပြာတောင်ကုန်းအပြင်ဘက်ကို ရောက်သွားရင် ကျန်းချန်နဲ့ သူ့ကြား ဘာဖြစ်ဖြစ် ဂရုမစိုက်ဘူး။"
ထျန်းယင်ဗုဒ္ဓအရှင်က ဆက်ပြောသည်။ ရှန်းယန်ဗုဒ္ဓအရှင်၏ မျက်လုံးများထဲ၌ ထူးဆန်းသည့်အကြည့်တို့ ဖြတ်ပြေးသွားသည်။ သူက မလှုပ်ရှားခင် ခေါင်းငုံ့ကာ စစ်တုရင်ခုံကိုကြည့်လိုက်၏။ သူက ပြောလိုက်သည်။
"ငါ ကြားမဝင်ရင်တောင် သူ ကျန်းချန်လက်ထဲက လွတ်မြောက်နိုင်မှာလား။"
"အဲဒါ သူ့ကိစ္စ။ အရာအားလုံးမှာ အကြောင်းရှိလို့ အကျိုးဖြစ်တာ။ ငါတို့က ဘာလို့ ဒီအရာတွေအပေါ် တွယ်ဖက်ထားရမှာလဲ။"
ထျန်းယင်ဗုဒ္ဓအရှင်က ပြောသည်။
"အေးအေးချမ်းချမ်း စစ်တုရင်ကစားတာ ပိုမကောင်းဘူးလား။"
"မှန်တယ်။" ရှန်းယန်ဗုဒ္ဓအရှင်က မည်သည့်စကားမှ ထပ်မဆိုတော့ဘဲ အေးအေးချမ်းချမ်း စစ်တုရင်ကစားရန်သာ ဆုံးဖြတ်လိုက်သည်။
သူတော်စင်ကျန်းချန်သည် မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေး ဒုတိယအဆင့်အား ကျော်ဖြတ်နိုင်ခဲ့သူဖြစ်ပြီး ရီဖူရှင်းကဲ့သို့ ဂျူနီယာလေးကို ရင်မဆိုင်နိုင်လျှင် နှစ်ပေါင်းများစွာ သူ၏ ကျင့်ကြံခြင်းက အချည်းနှီး ဖြစ်ရပေလိမ့်မည်။
လိပ်ပြာတောင်ကုန်းပေါ်ရှိ လူများသည် ရီဖူရှင်းက ဗုဒ္ဓလမ်းစဥ်နှင့် ရေစက်ရှိကြောင်း ခံစားမိကြသည်။ သူ၏ ကံကြမ္မာက ကြီးမြတ်ပြီး လူအများသည် ရီဖူရှင်း၏ စွမ်းအားက အနာဂတ်၌ မည်မျှ အစွမ်းထက်လိမ့်မည်ကို မြင်တွေ့လိုကြသည်။