← Chapters

ကျုပ် အဲ့ဒါကို ... တောင့်ခံနိုင်ပါသေးတယ်

Vol. 18 Ch. 265

ကျုပ် အဲ့ဒါကို ... တောင့်ခံနိုင်ပါသေးတယ်

Vol. 18 Ch. 265

ယဲ့ဖန် အေးခဲချီ ဓားမော့အား ရင်ကိုဖွင့်၍ ပွေ့ဖက်လိုက်သည်ကို ကြည့်ပြီး တိုက်ခိုက်ရေး ကလပ်တစ်ခုလုံး ပွက်လောရိုက်သွားသည်။

 

*သူ ရူးနေပြီ*

 

လူတိုင်း ယဲ့ဖန် ရူးနေပြီဟု ထင်လိုက်မိကြသည်။

 

တိုက်ကွက်တစ်ချက်တည်းနဲ့တင် သူ ဒဏ်ရာ အပြင်းအထန် ရခဲ့သည်၊ ဒုတိယတစ်ချက်သာ သူ ခံရပါက သူ သေချာပေါက် သေသွားလိမ့်မည်။ ယဲ့မုန့်ထန်က လှောင်ပြုံးပြုံး၍ ပြောလိုက်သည်။

 

"သွားသေလိုက်တော့ ခွေးမသားလေး … မင်း အစောကြီးကတည်းက သေသွားသင့်တာ"

 

ယဲ့မုန့်ထန်သည် ယဲ့ဖန်အား သေလူကဲ့သို့ သတ်မှတ်နေပြီး အလွန် ပျော်ရွှင်လို့နေ၏။ ကျိုဟမ့်ရှန်သည် ယဲ့ဖန်အား အေးခဲချီ ဓားမော့က နှစ်ပိုင်းပိုင်းလိုက်သည်ကို မြင်နေရပြီးဟန်ဖြင့် ကျေနပ်၍ ရက်စက်နေသော အပြုံးမျိုး ပြုံးနေသည်။

 

ဟွာရှသိုင်းသမား၏ နှလုံးသားများ သူတို့လည်မျိုထဲက ထွက်ကျလာတော့မတတ် ဖြစ်နေပြီး မျက်နှာပေါ်တွင် အကြောက်တရားများ ဖုံးလွှမ်းနေ၏။

 

"မဖြစ်ဘူး …. ယဲ့ဖန်"

 

ဟွာရှနိုင်ငံသားများ နားနေရာ နေရာမှ လူများသည် အေးခဲချီ ဓားမော့ကြောင့် အလွန် ထိတ်လန့် တုန်လှုပ်နေကြသည်။

 

ဝုန်း!

 

အားလုံး၏ အကြည့်အောက်မှာပင် အေးခဲချီ ဓားမော့က ယဲ့ဖန်အား အားအပြည့်နှင့် ထပ်ခါထပ်ခါ ထိုးနှက်နေသည်။

 

နောက်ထပ် ဆိုးရွားသော ဒဏ်ရာတစ်ခုက ယဲ့ဖန်၏ ရင်ဘတ်၌ ပေါ်လာပြီး သွေးများက လေထဲ ပို၍ ပန်းထွက်လာသည်။ ထို့နောက် ယဲ့ဖန်သည် နောက်သို့ ထပ်မံ၍ လွင့်သွားပြန်သည်။

 

ဘုန်း!

 

ယဲ့ဖန်၏ ခန္ဓာကိုယ်က စည်းဝိုင်းအောက်ရှိ ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်နှင့် တိုက်ခိုက်ရေး ကလပ်တစ်ခုလုံး နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်သည်။

 

"သူ သေသွားပြီလား"

 

လူတိုင်းက ကြမ်းပြင်ပေါ် လဲနေသော ယဲ့ဖန်အား ဝိုင်းကြည့်နေကြသည်။ သူတို့ ကြည့်နေစဉ် ယဲ့ဖန်၏ ခန္ဓာကိုယ်မှ သွေးများ စီးထွက်လာသည်ကို တွေ့လိုက်ရသည်။

 

ယဲ့ဖန် သူ၏ ချီဓာတ်ကို လုံးဝ ဆုံးရှုံးလိုက်ရပြီ။

 

ငါးစက္ကန့်၊ ဆယ်စက္ကန့်၊ စက္ကန့်နှစ်ဆယ်၊ တစ်မိနစ်။

 

တစ်မိနစ် ကြာသွားသော်လည်း ယဲ့ဖန်၏ ခန္ဓာကိုယ်က ကြမ်းပြင်ပေါ်၌ အသက်မဲ့စွာ လဲလျောင်းလို့နေသးသည်။ ထိုအခါမှသာ အမှောင်ဂိုဏ်း အဖွဲ့ဝင်များက စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိသည်။

 

*သူ သေသွားပြီ*

 

*ယဲ့ဖန် သေသွားပြီပဲ*

 

စည်းဝိုင်းထဲမှ ဖျောင်ထိုက်ရှင်းသည်လည်း စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။

 

ယဲ့ဖန်ကို ပထမတိုက်ကွက်ဖြင့် သူ မသတ်နိုင်ခဲ့သည်ကို သတိထားမိခဲ့စဉ်က သူ တကယ်ကို အံ့ဩသွားရသည်။

 

ယဲ့ဖနသည် သူ၏ အေးခဲချီဓားမော့ လက်အောက်၌ ပထမဆုံး အသက်ရှင်ခဲ့သူ ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ဒုတိယ အေးခဲချီဓားမော့ကြောင့် သူ သေသွားသည်။

 

"ခွေးမသားလေး နောက်ဆုံးတော့ မင်း သေသွားပြီပဲ"

 

ဖျောင်ထိုက်ရှင်းက စိတ်မကောင်းဖြစ်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့တပည့်ခြောက်ယောက်၏ အလောင်းကို ကြည့်ရင်း သူ ခေါင်းခါ၍ စိတ်ထိခိုက်စွာ ပြောလိုက်သည်။

 

"လူသတ်သမားကို သတ်လိုက်ပြီးပြီ … မင်းတို့ အခု ငြိမ်းချမ်းစွာ အနားယူနိုင်ပါပြီ"

 

ထို့နောက် ဖျောင်ထိုက်ရှင်းက ဟွာရှနိုင်ငံသား သိုင်းပညာရှင်များဘက်သို့ လှည့်ကာ အေးစက်စက် မျက်လုံးများနှင့် ကြည့်ကာ ပြောဆိုလိုက်သည်။

 

"ယဲ့ဖန် သေသွားပြီ … ဟွာရှသား သိုင်းပညာရှင်တွေလည်း သေသင့်တယ်"

 

သူ့စကားကြောင့် ဟွာရှသား သိုင်းပညာရှင်များအားလုံး၏ မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်သွားကြသည်။

 

သေပြီ။

 

သူတို့၏ စစ်နတ်ဘုရား သေသွားပြီ။ အေးခဲချီ ဓားမော့ နှစ်ချက်ကြောင့် သူ သေသွားပြီ။ ကျန်ရှိနေသော ဟွာရှသား သိုင်းပညာရှင်များအားလုံး ကြောက်စိတ်မွှန်လာကြသည်။

 

ယဲ့ရှုံးနှင့် ယဲ့ဖန်ကို ထောက်ခံသော ယဲ့ကလန်သားများ ဝမ်းနည်းပူဆွေးလာကာ မျက်နှာများ ပြာနှမ်းလာကြသည်။

 

"ငါတို့ ဘာလုပ်သင့်လဲ …ဟွာရှသား သိုင်းပညာရှင်တွေ တကယ်ပဲ ဒီနေ့ သုတ်သင်ခံရတော့မှာလား"

 

ကျန်ရှိနေသော ဟွာရှသား သိုင်းပညာရှင်များ အလွန် စိတ်ဓာတ်ကျလာကာ ဖျောင်ထိုက်ရှင်း၏ ကြီးမားသော တိုက်ပွဲဝင်ခွန်အားရှေ့၌ သူတို့ ကူရာမဲ့သလို ခံစားနေမိသည်။

 

ဒဏ္ဍာရီလာတစ်ပိုင်းအဆင့်သည် ပြိုင်ဘက်ကင်းလှသည်။ သူတို့၏ စိတ်ဓာတ်ကျနေသော မျက်နှာများကို ကြည့်ပြီး ဖျောင်ထိုက်ရှင်းက တောက်ပစွာ ပြုံး၍ ပြောလာသည်။

 

"မင်းတို့ စိတ်ဓာတ်ကျနေတာလား … မင်းတို့ သေသွားရင်တော့ ထပ်ပြီး စိတ်ဓာတ်ကျနေမှာ မဟုတ်ပါဘူး"

 

ထိုသို့ပြောပြီး ဖျောင်ထိုက်ရှင်းသည် ရှေ့သို့ တစ်လှမ်းတိုးလာပြီး ကလပ်ထဲရှိ ဟွာရှသား သိုင်းပညာရှင်များကို သတ်ဖြတ်ရန် အဆင်သင့် ဖြစ်လို့နေသည်။

 

သို့သော် သူ စတင်လှုပ်ရှားတော့မည့်အချိန်တွင် အသည်းအသန် ချောင်းဆိုးနေသော အသံကို ကြားလိုက်ရသည်။

 

"အဟွတ်…အဟွတ်…အဟွတ်…"

 

တိုက်ခိုက်ရေးကလပ်ထဲရှိ လူတိုင်းသည် ထိုချောင်းသံကြောင့် မိုးကြိုးပစ်ချခံလိုက်ရသလို လုံးဝကို ထိတ်လန့်သွားကြသည်။

 

ထို့နောက် ထိုအသံလာရာသို့ သူတို့အားလုံး ဝိုင်းကြည့်မိကြသည်။ သူတို့ တစ်ဖက်လှည့်၍ ကြည့်လိုက်ကြသောအခါ ကြမ်းပြင်ပေါ်မှ သွေးများ ဖုံးလွှမ်းနေသော လူတစ်ယောက် မနည်း ထလာသည်ကို တွေ့လိုက်ရသည်။

 

ထိုသူကား ယဲ့ဖန်ပင်။

 

…..

 

ယဲ့ဖန်ကို မြင်လိုက်ရသည်နှင့် တိုက်ခိုက်ရေး ကလပ်တစ်ခုလုံး သေချာပေါက် ပွက်လောရိုက် လာကြသည်။

 

*သူ မသေဘူးလား*

 

*ယဲ့ဖန် မသေဘူးလား*

 

ကလပ်ထဲမှ မည်သူမျှ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ကြပါ။ အေးခဲချီ ဓားမော့ နှစ်ချက်နှင့် ထိုးနှက်ခံရတာတောင်မှ ယဲ့ဖန် အသက်ရှင်နေ‌သေးသည်။

 

အံ့ဩစရာကောင်းလှပါဘိ။ ထိုစဉ် လူအုပ်ထဲမှ တစ်ယောက်က ထအော်လာသည်။

 

"ကြည့်ကြဦး … ယဲ့ဖန်ရဲ့ ချီဓာတ်အရဆို … သူ ... သူက ဆရာသခင် အလယ်အလတ်အဆင့်ကိုတောင် ရောက်နေပြီဟ"

 

*ဘာ*

 

ထိုအော်သံကြောင့် တိုက်ခိုက်ရေး ကလပ်ထဲမှ လူတိုင်း အလွန် အံ့ဩသွားကြသည်။ ထိုအခါမှသာ ယဲ့ဖန် နောက်ထပ် အဆင့်တက်သွားသည်ကို သတိထားမိသွားကြသည်။

 

*မယုံနိုင်စရာပါပဲလား*

 

အားလုံး၏ အံ့ဩနေသော အကြည့်များအောက်မှာပင် ယဲ့ဖန်သည် စည်းဝိုင်းဆီသို့ တစ်လှမ်းချင်း လှမ်း၍ လျှောက်လာသည်။

 

ကြမ်းပြင်ပေါ် သွေးများ တစက်စက်ကျနေပြီးနောက် သူသည် အလွန် စိတ်လှုပ်ရှားနေသော မျက်လုံးများဖြင့် ပြောလာသည်။

 

"လာစမ်းပါ … ဆက်တိုက်နေရအောင် … ကျုပ် တောင့်ခံနိုင်ပါသေးပါတယ်"

 

…..

 

ယဲ့ဖန်၏ စကားကြောင့် ကြည့်နေကြသူများကြား၌ ထပ်၍ ဆူညံသွားသည်။

 

*ဒီကောင် ထပ်ပြီး အခုတ်ခံချင်နေတာလား*

 

*ချီးပဲကွာ*

 

သူတို့ အလွန် အံ့ဩသွားကြသည်။ ယဲ့ဖန်လိုလူမျိုး သူတို့ တစ်ယောက်မှ မမြင်ခဲ့ဖူးပါ။

 

*သူက ကိုယ့်သေတွင်းကိုယ် မတူးရရင် နေသာထိုင်သာ မရှိဘူးနဲ့တူတယ်*

 

ဖျောင်ထိုက်ရှင်း၏ မျက်လုံးတွင် အလွန်ထိတ်လန့်နေဟန်များ ပေါ်လွင်နေပြီး သူ့ခန္ဓာကိုယ်က တုန်ယင်နေသည်။

 

"မဖြစ်နိုင်ဘူး … ဘယ်…ဘယ်လိုလုပ် မင်း ငါ့တိုက်ကွက်တွေထဲကနေ အသက်ရှင်လာနိုင်တာလဲ"

 

သူ ဤကဲ့သို့ ထူးဆန်းသည့် အရာမျိုးကို တစ်ခါမှ မမြင်ခဲ့ဖူးပါ။ သူ၏ အေးခဲချီ ဓားမော့၏ ခုတ်ပိုင်းခြင်းကို ခံရပြီးသော်လည်း ယဲ့ဖန်က မသေသေး၊ ထိုအစား သူက အဆင့်တောင် တက်လာသေးသည်။ မယုံနိုင်စရာ ကောင်းလှသည်။

 

"ကောင်းတယ် … ခွေးမသားလေး"

 

ဖျောင်ထိုက်ရှင်း ထိုသို့ပြောပြီး သူ၏ ချီဓာတ်အား ထုတ်လွှတ်၍ သူ့ဦးခေါင်းထက်၌ တတိယမြောက် အေးခဲချီ ဓားမော့ကို ဖန်တီးလိုက်သည်။

 

"မင်း မသေနိုင်ဘူးဆိုတာ ငါ မယုံဘူးကွ"

 

လေတိုးသံနှင့်အတူ သူသည် ယဲ့ဖန်အား တတိယအကြိမ် အားနှင့် ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။

 

ဝုန်း!

 

ယဲ့ဖန် စည်းဝိုင်းအပြင်ဘက်သို့ ထပ်၍ လွင့်ထွက်သွားပြန်သည်။

 

ထိုသို့တိုက်ခိုက်ပြီးနောက် ဖျောင်ထိုက်ရှင်းသည် ချက်ချင်း စတုတ္ထမြောက် အေးခဲချီ ဓားမော့ကို ဖန်တီးကာ လဲကျနေသော ယဲ့ဖန်အား ထပ်မံ၍ ခုတ်ပိုင်းလိုက်သည်။

 

"မဖြစ်ဘူး"

 

ဖျောင်ကျုံးဝမ် အလွန် ထိတ်လန့်သွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်မိသည်။ ကလပ်ထဲမှ ဟွာရှ သိုင်းပညာရှင်များအားလုံး စိတ်ဓာတ်ကျသွားကြသည်။

 

ဝုန်း!

 

လေးချက်မြောက် အေးခဲချီ ဓားမော့က ယဲ့ဖန်အား ထိမှန်လာသည်။ ထိုအဖြစ်ကြောင့် ဖုန်မှုန့်တထောင်းထောင်း ထလာသည်။ ယဲ့ဖန် လဲနေခဲ့သော နေရာ၌ ဧရာမ ချိုင့်ခွက်ကြီး ဖြစ်လာသည်။

 

သူ ယခုလေးတင် တိုက်ကွက် နှစ်ကွက်ကို ဆက်တိုက် ထိမှန်ခံထားရသည်။ ယခုအချိန်တွင် မည်သူမျှ ယဲ့ဖန် ထလာနိုင်လိမ့်ဦးမည်ဟု ထင်မထားကြပါ။

 

ဒဏ္ဍာရီလာတစ်ပိုင်းအဆင့်၏ ဆက်တိုက် တိုက်ခိုက်ခြင်းကို ခံရပါက ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင်တောင်မှ သေသွားနိုင်သည်။

 

ချိုင့်ခွက်ထဲမှ မြေကြီးနှင့် ကျောက်တုံးများသည် ယဲ့ဖန်၏ ရဲရဲနီနေသော သွေးနှင့် ဝင်တိုက်မိခြင်း၏ အရှိန်ကြောင့် နီရဲလို့နေသည်။

 

သို့သော် တစ်ခါဏမျှကြာသော် အံ့အားသင့်စရာကောင်းသည့် နောက်အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာသည်။

 

ဧရာမချိုင့်ခွက်ထဲမှ သွေးစွန်းနေသော လက်တစ်ဘက် ထွက်ပေါ်လာပြီးနောက် ဆိုးဆိုးရွားရွား ဖြစ်နေသော လူတစ်ယောက် ပေါ်လာသည်။

 

ထပ်ပြီးတော့ ယဲ့ဖန်ပင်။

 

*သူ…အသက်ရှင်နေတုန်းပဲလား*

 

တိုက်ခိုက်ရေး ကလပ်တစ်ခုလုံး လေအေးများ ရစ်ဝဲလာသကဲ့သို့ ငြိမ်ကျသွားသည်။ အံ့ဩစရာ ကောင်းလောက်သည်က ဆိုးရွားသော ဒဏ်ရာလေးခု သူ့ကိုယ်ပေါ်၌ ရှိနေသော်လည်း ယဲ့ဖန်၏ ချီဓာတ်က ဆရာသခင် နောက်ဆုံးအဆင့်သို့ ရောက်နေသည်။

 

…

 

သူ၏ ခွန်အားကို အာရုံခံမိပြီးနောက် ကြည့်နေသူများ အားလုံး အံ့ဩသွားကြသည်။

 

*အဆင့်တက်သွားတာလား*

 

သူ နောက်တစ်ခါ အဆင့်တက်သွားပြန်ပါလား။

 

*မဖြစ်နိုင်လိုက်တာ*

 

ဖျောင်ထိုက်ရှင်းသည် သရဲတစ်ကောင်နှင့် ကြုံလိုက်ရသကဲ့သို့ မယုံသင်္ကာဟန် ဖြစ်ပေါ်နေသည်။ အေးခဲချီ ဓားမော့၏ ခုတ်ဖြတ်ခြင်းကို ခံရပြီးတာတောင်မှ ယဲ့ဖန်သည် သေမည့်အစား ဆက်တိုက် အဆင့်တက်လာသေးသည်။ တကယ့်ကို မယုံနိုင်စရာ ကောင်းလှသည်။

 

"သူ … သူက ငါ့အေးခဲချီ ဓားမော့ကို စုပ်ယူနေခဲ့တာလား"

 

ထိုအတွေးကြောင့် ဖျောင်ထိုက်ရှင်းသည် မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။

 

"မဟုတ်ဘူး … မဖြစ်နိုင်ဘူး … သူက ဘယ်လိုလုပ် ငါ့အေးခဲချီ ဓားမော့ကို စုပ်ယူနိုင်မှာလဲ … ဒါ လုံးဝ မဖြစ်နိုင်ဘူး"

 

ဖျောင်ထိုက်ရှင်း အလွန် ဒေါသထွက်နေသည်။ ချက်ချင်းဆိုသလိုပင် ငါးခုမြောက် အေးခဲချီ ဓားမော့ကို ဖန်တီးလိုက်သည်။

 

"ခွေးမသားလေး သေစမ်းကွာ"

 

ဝုန်း!

 

စည်းဝိုင်းတစ်ခုလုံး ထိုကြောက်မက်ဖွယ်ကောင်းလောက်အောင် ဖိနှိပ်နိုင်သည့် အေးခဲချီ ဓားမော့ကြောင့် ပေါက်ကွဲသွားသည်။

 

ဤတိုက်ကွက်သည် ဖျောင်ထိုက်ရှင်း ထုတ်သုံးသမျှထဲမှာ အင်အား အကောင်းဆုံး တိုက်ကွက် ဖြစ်ပေသည်။

 

အေးခဲချီ ဓားမော့က သန်မာ ကြမ်းကြုတ်သော ချီဓာတ်နှင့်အတူ ယဲ့ဖန်ထံသို့ ပျံသန်းသွားသည်။ ထိုအချိန်တွင် လူတိုင်းက ယဲ့ဖန်အား ဝိုင်းကြည့်နေကြသည်။

 

သို့သော် ယဲ့ဖန်က လက်သည်း ကုတ်သည့် သဏ္ဌာန် ပြုလုပ်၍ ထို ကြမ်းကြုတ်သော အေးခဲချီ ဓားမော့ထံသို့ မထီမဲ့မြင် အပြုံးနှင့် တိုးကပ်သွားသည်။

 

သူသည် အေးခဲချီ ဓားမော့အား သူ့လက်ဖြင့် ဖမ်းချင်နေ၏။

 

…

 

ဤမြင်ကွင်းကြောင့် တိုက်ခိုက်ရေးကလပ်မှ လူများ သေမတတ် ထိတ်လန့်သွားကြသည်။ သူတို့၏ အံ့ဩနေသော အကြည့်များအောက်မှာပင် ယဲ့ဖန်က ကြမ်းကြုတ်သော အေးခဲချီ ဓားမော့အား သူ့လက်ဖြင့် ဖမ်းဆုပ်လိုက်သည်။

 

တစ်ခဏမျှကြာသော် ဂျွတ်ခနဲ အသံနှင့်အတူ ယဲ့ဖန်က ထိုအေးခဲချီ ဓားမော့အား တစ်စစီချိုး၍ ပါးစပ်ထဲ ကောက်ထည့်လေတော့သည်။

 

All Chapters