အခန်း (၇၆၁-၇၆၂)
Vol. 77 Ch. 761-762
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၆၁ + ၇၆၂
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ထိုအမြောက်ကြီးမှာ ကျင်သောင်းနှင့်ချီ၍ အလေးချိန်ရှိပြီး ၊ ပြောင်းတံမှာလည်း ပေနှစ်ဆယ်နီးပါးခန့် ရှည်လျားသည်။
တကယ့်ကို အလွန်ကြီးမားသော အမြောက်ကြီးပင် ဖြစ်ပေ၏။ အဓိကအချက်မှာ ယင်း၏ စွမ်းအားက တကယ်ကို ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်လောက်အောင် အထိ အစွမ်းထက်လွန်းလှခြင်းပင် ဖြစ်သည်။
တစ်ချက် ပစ်ခတ်လိုက်ပြီးနောက် ၊ ခိုင်ခံ့သော အိမ်တော်ကြီး တစ်ခုလုံးသည် အပျက်အစီးပုံကြီးအဖြစ်သို့ ပြောင်းလဲသွားရသည်။
ယွမ်ထျန်ကျောက်က ပြောလိုက်၏။ "မြို့ရိုးက ဘယ်လောက်ပဲ ခိုင်ခံ့နေပါစေ... တစ်ချက်တည်း ပစ်ချလိုက်တာနဲ့ ဧရာမ ကွက်လပ်ကြီးတစ်ခု ပွင့်ထွက်သွားမှာပါ။ စစ်တပ်က ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ... တစ်ချက်တည်း ပစ်ချလိုက်တာနဲ့ မီတာရာနဲ့ချီတဲ့ အကွာအဝေးကို ဖျက်ဆီးပစ်နိုင်ပြီး မရေမတွက်နိုင်တဲ့ လူတွေကို သတ်ဖြတ်ပစ်နိုင်ပါတယ်။ ဝူကျိုး ၊ နန်နင်း ၊ ကွေ့လင် နဲ့ ပိုင်ဆယ်မြို့တွေက ဒီအလွန်ကြီးမားတဲ့ အမြောက်ကြီးတွေရဲ့ ရှေ့မှာတော့ စက္ကူရုပ်တွေလိုပါပဲ။ အလွယ်တကူ ဆုတ်ဖြဲခံရပါလိမ့်မယ်"
ကွမ်တုံနှင့် ကွမ်ရှီး ဘုရင်ခံချုပ် ကောင်းထင်းကလည်း ဝင်ပြောလာ၏။ "ဒါက... ဒါက တကယ့်ကို ကြီးမားတဲ့ လူသတ်လက်နက်ကြီးပဲ။ အမတ်ကြီးတု... ခင်ဗျားရဲ့သား တုပိုင်တော့ ဒီတစ်ခါ ပြီးသွားပြီပေါ့"
တုကျန်းကလည်း ပြုံး၍ပြောသည်။ "ဒီတိရစ္ဆာန်ကောင်တော့ ဒီတစ်ကြိမ် တကယ် နိဂုံးချုပ်သွားပြီ"
ယွမ်ထျန်ကျောက်က ပြော၏။ "အမတ်ချုပ်ကြီး ပြောတာကတော့... ဧကရာဇ်မင်းမြတ်မှာ အနောက်တောင်ဘက် ပြည်နယ်ငါးခုကို တစ်လအတွင်း ရှင်းလင်းပစ်ပြီး ၊ တုပိုင်ရဲ့ သိန်းနဲ့ချီတဲ့ စစ်တပ်ကြီးကို သတ်ဖြတ်ဖို့ အလိုဆန္ဒ ရှိနေပါတယ်။ ဒါပေမဲ့ တုပိုင်ကိုတော့ သတ်ပစ်လို့ မရပါဘူးတဲ့။ သူ့ကို အရှင်ဖမ်းမိရမယ်... ပြီးတော့ ကျင်းလင်းမြို့မှာ အရှင်လတ်လတ် ကွပ်မျက်ရမယ်တဲ့"
တုကျန်း ထောက်ခံလိုက်၏ "သူ့ရဲ့ ခြေလက်တွေကို ဖြတ်ပစ်ပြီးမှ မြို့တော်ကို ခေါ်ဆောင်သွားတာ အကောင်းဆုံးပဲ။ ဘာပဲဖြစ်ဖြစ် သူ့အသက်က ပြင်းပါတယ်... ချက်ချင်းတော့ သေမသွားလောက်ပါဘူး"
"တုပိုင်တော့ ပြီးသွားပြီ"
"တုပိုင်တော့ ပြီးသွားပြီ"
တက်ရောက်လာကြသော အရာရှိများအားလုံး၌ အသံတစ်သံတည်းသာ ရှိနေကြလေ၏။ ယခုအခါ တုပိုင် ကျဆုံးသည် အခန်းရောက်လာတော့မည်ဟု အားလုံးက ထင်နေကြလေတော့၏။
**--**--**--**--**--**--**--**
ဆယ်ရက်ကြာပြီးနောက်။
မိုဟန်ဘုရင်မ ၊ ရှောင်မူကျစ်နှင့် အရှေ့ဘက် ပြည်ထောင်စု၏ စစ်သူကြီးဖန်းထျန်မင်း ဦးဆောင်သော သုံးသိန်းသုံးသောင်းသော စစ်တပ်ကြီးသည် ကွမ်ရှီးသို့ တရားဝင် ဝင်ရောက်လာပြီး တုပိုင်၏ နယ်မြေထဲသို့ ကျူးကျော်ဝင်ရောက်လာသည်။
တုပိုင်၏ ဆိပ်ကမ်းမြို့ဖြစ်သော လျန်ကျိုးမြို့မှာ တပ်ဖွဲ့များ၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံလိုက်ရ၏။ ထိုအချိန်နှင့် တစ်ပြိုင်နက်တည်းမှာပင်။
လျန်ကျန်း ဘုရင်ခံ တုကျန်း ၊ ကွမ်တုံ စစ်သူကြီး ယွမ်ထျန်ကျောက် ၊ ဖင်းရှီးစစ်သူကြီးနှင့် အရှေ့ဘက် ပြည်ထောင်စု၏ စစ်သူကြီး ဖန်းထျန်ချောက် ဦးဆောင်သော နောက်ထပ် သုံးသိန်းသုံးသောင်းသော စစ်တပ်ကြီးသည် မြို့နှင့်နီးကပ်လာကာ တုပိုင်၏ အရှေ့ဘက်မြို့ဖြစ်သော ဝူကျိုးမြို့ကို ဝိုင်းရံပိတ်ဆို့လိုက်ကြလေသည်။
"ပစ်" ယွမ်ထျန်ကျောက်က အမိန့်ပေးလိုက်၏။
"ပစ်" မိုဟန်ဘုရင်မကလည်း အမိန့်ပေးလိုက်သည်။
"ဝုန်းးး ဝုန်းးး ဝုန်းးး ဝုန်းးး"
စစ်မြေပြင် နှစ်ခုပေါ်တွင် ထောင်ပေါင်းများစွာသော အမြောက်ကြီးများက ကျယ်လောင်စွာ ပစ်ခတ်လိုက်ကြ၏။
တုပိုင်နှင့် အရှေ့ဘက် ပြည်ထောင်စုတို့ကြားရှိ အဆုံးအဖြတ် တိုက်ပွဲကြီး တရားဝင် စတင်ပြီ ဖြစ်လေ၏။
**--**--**--**--**--**--**--**
"ခင်ပွန်း... ဧကရာဇ်ယုံချန်ဆီမှာ ပြဿနာရှိနေတယ်ဆိုတာ ရှင် သိခဲ့လား" ဆုန်ယွီကျိန်းက မေးလိုက်သည်။
တုပိုင်သည် ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး ၊ မင်းသမီးယွီကျိန်းက သူမ၏ မိစ္ဆာတစ်ကောင်ကဲ့သို့ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်လေးဖြင့် တုပိုင်၏ ကျောပေါ်တွင် ထိုင်ကာ နှိပ်နယ်ပေးနေလေ၏။
သူမသည် စစ်မြေပြင် သိုင်းပညာများကို လေ့ကျင့်ထားသူ ဖြစ်သည်။ သူမ၏ ကျင့်ကြံမှုအဆင့်က မင်းသမီးနင်းရွှဲ့လောက် မကောင်းမွန်သော်လည်း ၊ သူမ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုသည်တော့ နင်းရွှဲ့ထက် များစွာ ပိုမို အားကောင်းလှသည်။
ချစ်တင်းနှီးနှောပြီးတိုင်း မင်းသမီးနင်းရွှဲ့သည် တုပိုင်၏ ရင်ခွင်ထဲတွင် ကြောင်ကလေးတစ်ကောင်လို ကွေးကွေးလေး နေတတ်ပြီး ၊ လက်တစ်ချောင်းတောင် မမချင်လောက်အောင် ပျင်းရိနေတတ်၏။
သို့သော် မင်းသမီးယွီကျိန်းကမူ လျင်မြန်စွာ ပြန်လည် နလံထနိုင်စွမ်းရှိပြီး ၊ ချက်ချင်းပင် အားအင်အပြည့် ပြန်ဖြစ်သွားတတ်သည်။
"သူ ရှုမင်းသား ဘဝကတည်းက သူ့မှာ ပြဿနာရှိနေတယ်ဆိုတာကို ရှင် သိနေခဲ့တာလား" မင်းသမီးယွီကျိန်းက မေးလိုက်၏။
တုပိုင် ခေါင်းခါလိုက်ပြီး ပြောသည်။ "ငါ မသိပါဘူး"
မင်းသမီးယွီကျိန်း အံ့အားသင့်သွားပြီး ပြောလာ၏။ "ဒါဆို ဘာလို့ သူ့ကို ဧကရာဇ်အဖြစ်မတင်မြောက်တာလဲ"
တုပိုင်က ပြောသည်။ "ငါ့မှာ တခြားသူတွေကို နားလည်ပေးဖို့ အချိန် ၊ စွမ်းအင် နဲ့ သည်းခံနိုင်စွမ်းတွေ မရှိဘူး။ ငါ နင်းရွှဲ့ တစ်ယောက်တည်းကိုပဲ ယုံကြည်တာ။ ဒါကြောင့် တခြားသူတွေကို ငါ ဂရုမစိုက်အားဘူး"
မင်းသမီးယွီကျိန်း ရုတ်တရက် မည်သို့ ပြန်ပြောရမည်ကို မသိတော့ဘဲ ၊ သူမ၏ ဂုဏ်ယူဝင့်ကြွားဖွယ် လှပသော ခန္ဓာကိုယ်လေးဖြင့် တုပိုင်၏ ကျောပေါ်သို့ တိုက်ရိုက် လှဲချလိုက်လေ၏။
နင်းရွှဲ့ အဘယ်ကြောင့် ဧကရာဇ်ဖြစ်နေရသလဲ ဆိုသည်ကို သူမ ယခုထက်တိုင် နားမလည်နိုင်သေးချေ။ ယခုအချိန်အထိ အမျိုးသမီးတစ်ဦး ဧကရာဇ် ဖြစ်လာခြင်းကို သူမ သဘောမတူနိုင်သေးပေ။
သို့သော် သူမ၏ဖခင် ဆုန်ချွဲ သေဆုံးသွားခြင်းနှင့် ဧကရာဇ်ယုံချန်၏ စစ်မှန်သော မျက်နှာစာကို မြင်တွေ့လိုက်ရခြင်းက သစ္စာစောင့်သိမှုအပေါ်ထားရှိသည့် သူမ၏ ယုံကြည်ချက်ကို လုံးဝ ဖျက်ဆီးပစ်လိုက်ပြီး ၊ သူမကို လွတ်မြောက်သွားစေခဲ့လေသည်။
နောက်ဆုံးတွင် သူမသည် သူမ၏ ရင်တွင်းဖြစ် ခံစားချက်များကို ရဲရဲဝံ့ဝံ့ လိုက်ပါစီးမျောခွင့် ရသွားပြီ ဖြစ်၏။
နောက်ဆုံးတော့ အသက်စွန့်ပြီး အသည်းအသန် တိုက်ခိုက်နေစရာ မလိုတော့ဘဲ ၊ ချစ်သူ၏ ရင်ခွင်ကို ခံစားရင်း ကလေးမွေးလို့ ရပြီ မဟုတ်ပါလား။
သို့သော် ဤကာလအတွင်း သူမသည် နင်းရွှဲ့ကို တမင်သက်သက် ရှောင်ဖယ်နေခဲ့သည်။
နင်းရွှဲ့သည် သူမ၏ အချစ်ဆုံးသူငယ်ချင်း ဖြစ်သော်လည်း ၊ အမျိုးသမီးဧကရာဇ် နင်းရွှဲ့နှင့် ရင်ဆိုင်ရချိန်တွင် သူမ အနည်းငယ်တော့ တွေဝေ တုံ့ဆိုင်းနေမိဆဲပင်။
တုပိုင်၏ လည်ပင်းနောက်ဘက်ကို နမ်းရှိုက်ရင်း မင်းသမီးယွီကျိန်းက ပြောလိုက်၏။ "အစ်ကိုတုပိုင်... အမျိုးသမီးတွေက အိမ်မှာပဲနေပြီး ကလေးမွေးသင့်တယ်လို့ ရှင် ထင်လား"
တုပိုင်က မေးသည်။ "ဘာလို့ အဲဒီလို ပြောရတာလဲ"
မင်းသမီးယွီကျိန်းက ပြော၏။ "နီရှန်ကို ကြည့်လေ... အရင်တုန်းက ဘယ်လောက်တောင် အစွမ်းထက်ခဲ့လဲလို့။ ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင် ၊ ပေမင်ဓားဂိုဏ်းရဲ့ နတ်မိမယ်လေ။ ပေမင်ဓားဂိုဏ်းကိုယ်စား ကမ္ဘာ့သိုင်းလောကရဲ့ တရားမျှတမှုကို ဦးဆောင်ဆုံးဖြတ်ပေးခဲ့တဲ့သူလေ။ နေ့တိုင်း ပြေးလွှားလှုပ်ရှားပြီး နေ့တိုင်း တိုက်ခိုက်နေခဲ့ရတာ။ ကိုယ့်ရဲ့ စံပြရည်မှန်းချက်တွေနဲ့ အလုပ်အကိုင်အတွက် ရုန်းကန်နေခဲ့ရတာ"
"အခု ရှင့်ကို လက်ထပ်ပြီးတဲ့ နောက်ပိုင်းကျတော့... အိမ်မှာပဲနေပြီး စာအုပ်တွေဖတ်တယ် ၊ နေ့တိုင်း လမ်းလျှောက်ထွက်တယ် ၊ ပြီးတော့ ကူချင်တီးခတ်တာတွေနဲ့ ဟင်းချက်တာတွေကိုတောင် သင်ယူနေသေးတယ်။ ဗိုက်ကြီးနဲ့တောင်မှ ခင်ပွန်းဖြစ်သူဆီကနေ အချစ်တွေကို အချိန်ရရင် ရသလို တောင်းခံနေသေးတယ်။ ပြီးတော့ ထူးဆန်းတဲ့ ကိစ္စတွေတောင် ရှိသေးတယ်"
"ချစ်တင်းနှီးနှောတဲ့ ပုံစံဆိုရင်လည်း ၊ ဟိုနေ့က ရှင့်အခန်းထဲကို ကျွန်မ မတော်တဆ ဝင်သွားမိတုန်းကဆို ကျွန်မ တကယ်ကို လန့်သွားခဲ့ရတာ။ ပေမင်ဓားဂိုဏ်းက နတ်မိမယ်တစ်ပါးလို့တောင် ကျွန်မ မယုံနိုင်ခဲ့ဘူး။ သူက ကွေ့လင်မြို့က ပြည့်တန်ဆာအိမ်က မိန်းမတွေထက်တောင် ပိုပြီး ရဲတင်းနေသေးတယ်။ သူ့ရဲ့မျက်နှာလေးက နူးညံ့ပြီး အချစ်တွေ ပြည့်နှက်နေတာပဲ။ တိုက်တိုက်ဆိုင်ဆိုင် သူက ရေခဲလို အေးစက်တဲ့ နောက်ထပ် မိန်းမတစ်ယောက် ဖြစ်နေသေးတယ်။ ခင်ပွန်းဖြစ်သူနဲ့ မလက်ထပ်ခင်ကဆို တခြားယောကျာ်းတွေ သူ့ရဲ့ လက်ကိုတောင် အထိခံခဲ့တာ မဟုတ်ဘူး"
"ပြီးတော့ အစ်မ ရွှဲ့ကွမ်ရင်လည်း ရှိသေးတယ်။ သူကလည်း အိမ်မှာ ဟင်းချက်ပြီး ကလေးမွေးချင်နေတာပဲ။ သူ့ကို ကျောင်းလုံ စစ်သင်္ဘောပေါ်မှာ နေဖို့ တကယ်ကြီး အတင်းအကျပ် ခိုင်းစေခဲ့ရတာ"
"ပြီးတော့ နင်းရွှဲ့လေ။ အရင်တုန်းကဆို သူက တိုင်းပြည်အတွက်ပဲ ပူပန်ပေးချင်ခဲ့တာ။ ပထမဆုံး ပြည်သူတွေအတွက် နယ်နှင်ဒဏ်ခံခဲ့ရတယ် ၊ ပြီးတော့ ရှန်ဟိုင်ကွမ်မှာ စစ်သူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ ဒါပေမဲ့ ခင်ပွန်းဖြစ်သူနဲ့ လက်ထပ်ပြီးတဲ့နောက်ပိုင်းမှာတော့ နေ့တိုင်း စာအုပ်တွေဖတ်တယ် ၊ ပြီးတော့ အဲဒါတွေက သားယောကျာ်းလေး ဘယ်လိုမွေးရမလဲဆိုတဲ့ စာအုပ်တွေချည်းပဲ"
"လီတောက်ယွဲ့ကလည်း အရမ်းလွန်လွန်းတယ်။ သူက ရှင့်ရဲ့အချိန်တွေ အားလုံးကို သိမ်းပိုက်ထားချင်နေတာ။ ကျွန်မ အခန်းထဲဝင်သွားတဲ့ အခါတိုင်းနီးပါးလောက် သူကအဝတ်မပါဘူး"
ဆုန်ယွီကျိန်းသည် ထိုစကားများကို တွေဝေရှုပ်ထွေးနေသော လေသံဖြင့် ပြောလိုက်လေ၏။
သူမက ဆက်ပြောသည်။ "ပြီးတော့ စစ်သူကြီး ဖူဟုန်ပင်းကလည်း သူ့ရဲ့ အလုပ်အကိုင်မှာပဲ မြှုပ်နှံထားပြီး လက်ထပ်ဖို့ ရည်ရွယ်ချက် မရှိဘူး။ ဒါဆို အနာဂတ်မှာ ကျွန်မက အိမ်မှာပဲနေပြီး ရှင့်အတွက် ဟင်းချက်ပေးရမှာလား"
တုပိုင် ခေါင်းရမ်းကာ ပြောလိုက်၏။ "မင်း မှားနေပြီ။ အစ်မ ရွှဲ့ကွမ်ရင်ကလွဲလို့ ၊ မင်းပြောခဲ့တဲ့ အမျိုးသမီးတွေ အားလုံးက ရည်မှန်းချက်ကြီးတဲ့သူတွေချည်းပဲ"
"နီရှန်က အခု သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ကလေးအတွက် မြှုပ်နှံထားပေမဲ့ ၊ ကလေးမွေးပြီးတာနဲ့ ချက်ချင်း တိုက်ပွဲဆီ ပြန်သွားလိမ့်မယ်" တုပိုင်က ပြောသည်။ "အမျိုးသမီးဧကရာဇ် နင်းရွှဲ့ကို ကမ္ဘာကြီးက အသိအမှတ် မပြုသေးဘူး။ လောလောဆယ် အရေးကြီးဆုံး တာဝန်ဟာ တတ်နိုင်သမျှ အမြန်ဆုံး ကလေးမွေးဖို့ပဲ။ ဒါပေမဲ့ အနာဂတ်မှာတော့ ဧကရာဇ်တစ်ပါးလုပ်သင့်တာကို လုပ်လိမ့်မယ်။"
"ငါက အရမ်းအေးစက်လွန်းတယ် ၊ အထူးသဖြင့် ပြည်သူတွေအပေါ်မှာပေါ့။ ဒါကြောင့် ဒါတွေကို ဖြေလျှော့ပေးဖို့ အမျိုးသမီးဧကရာဇ်အဖြစ် သူ့ကို ငါ လိုအပ်တယ်။ ပြည်သူတွေရဲ့ နှလုံးသားအားလုံးကို သိမ်းသွင်းနိုင်ဖို့ သူ့ကို လိုအပ်တယ်။ လီတောက်ယွဲ့က သိုင်းပညာအပေါ်မှာ စွဲလမ်းနေပြီး ၊ နုပျိုမှုကိုလည်း စွဲလမ်းနေတာ။ ငါ သူ့ကို မကြာခဏ တာဝန်တွေ ပေးလေ့ရှိတယ် ၊ ပြီးတော့ သူကလည်း တာဝန်ပြီးမြောက်တဲ့ ခံစားချက်ကို စွဲလမ်းနေတာပဲ"
"မင်းအတွက်ကရော" တုပိုင်က ပြောလိုက်၏။ "မင်းကလည်း ရည်မှန်းချက်ကြီးတဲ့သူပါပဲ ၊ ဒါကြောင့် တိုင်းပြည်အတွက် ပူပန်မှုတွေကို မျှဝေခံစားပေးဖို့ စစ်မြေပြင်ကို သွားခဲ့တာလေ။ ဒါပေမဲ့ မင်း သစ္စာစောင့်သိခဲ့တဲ့ ဧကရာဇ်ယုံချန်က မင်းရဲ့ သစ္စာတရားအပေါ် ယုံကြည်မှုကို ဖျက်ဆီးပစ်လိုက်လို့ ၊ မင်းရဲ့ ဘဝအပေါ် မင်း စပြီး သံသယဝင်လာတာပါ"
မင်းသမီးယွီကျိန်း တုပိုင်၏ ဘေးတွင် လှဲလျောင်းလိုက်ပြီး မေးလိုက်သည်။ "ဒါဆို ကျွန်မ အခု ကလေးယူသင့်လား ၊ ဒါမှမဟုတ် စစ်မြေပြင်ကို သွားသင့်တယ်လို့ ရှင် ထင်လား"
တုပိုင်က ပြော၏။ "မင်းရဲ့ နှလုံးသားကိုပဲ မေးကြည့်"
မင်းသမီးယွီကျိန်းမှာ အသက်ပြင်းပြင်းရှူလိုက်ပြီး တိုက်ရိုက် နမ်းရှိုက်ကာ ပြောလာသည်။ "ကျွန်မ ကလေးယူချင်တယ်"
**--**--**--**--**--**--**--**
စစ်ပွဲမစတင်မီ ဆယ်ရက်အလို။
ယခင် ဂျာချင်အင်ပါယာ၏ ဆူးမင်းသား ဝမ်ယန်ယင်းတူသည် တုပိုင်၏ ရှေ့မှောက်တွင် ဒူးထောက်နေလေ၏။
တုပိုင်က မေးလိုက်သည်။ "ဝမ်ယန်ယင်းတူ... မင်းဆီမှာ စစ်သည်နဲ့ မြင်း ဘယ်လောက်ရှိလဲ"
ဝမ်ယန်ယင်းတူက ဖြေ၏။ "ရှစ်သောင်းပါ"
သူ့ထံတွင် စစ်သည်နှင့် မြင်း ရှစ်သောင်းရှိပြီး ၊ ယင်းတို့အနက် လက်နက်ချ အညံ့ခံခဲ့သော ဂျာချင်စစ်သည် လေးသောင်း ၊ မွန်ဂိုစစ်သည် နှစ်သောင်းနှင့် ဂျာချင်အင်ပါယာမှ လက်ရွေးစင် ဟန်စစ်သည် နှစ်သောင်းတို့ ပါဝင်လေသည်။
တုပိုင် ပြောလိုက်၏။ "အဲဒီအချိန်တုန်းက ဂျာချင်သုံ့ပန်းတွေ အားလုံးကို ငါ သတ်ပစ်ချင်ခဲ့တာ။ ဒါပေမဲ့ မင်းက ဒူးထောက်ပြီး မင်းတို့ရဲ့ လက်နက်ချမှုကို လက်ခံပေးဖို့ ငါ့ကို တောင်းပန်ခဲ့တယ်။ ပြီးတော့ မင်းက ငါတို့အတွက် ဘာမဆိုလုပ်ပေးမယ် ၊ စမ်းသပ်ခံအဖြစ်ပဲဖြစ်ဖြစ် ၊ အမြောက်စာအဖြစ်ပဲဖြစ်ဖြစ် လုပ်ပေးမယ်လို့ ပြောခဲ့တယ် မှတ်လား"
"ဟုတ်ပါတယ်" ဝမ်ယန်ယင်းတူက ဖြေသည်။
တုပိုင်က ပြော၏။ "အခု မင်းကို အမြောက်စာအဖြစ် ငါ လွှတ်ပေးမယ်။ တုကျန်းနဲ့ ယွမ်ထျန်ကျောက်တို့ရဲ့ သုံးသိန်းသော စစ်တပ်ကြီးက မကြာခင် ဝူကျိုးမြို့ကို ရောက်လာတော့မယ်။ မင်းတို့ ရှစ်သောင်းက ဝူကျိုးမြို့ကို ကာကွယ်ပေးဖို့ ငါ အလိုရှိတယ်"
ဝမ်ယန်ယင်းတူ၏ မျက်နှာမှာ တုန်ယင်သွားပြီး ပြောလာသည်။ "သခင်... ကျွန်တော်မျိုးက သေရမှာကို မကြောက်ပါဘူး။ ဒါပေမဲ့ ကျွန်တော်မျိုး တောင့်ခံထားနိုင်မှာ မဟုတ်ဘူးဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း ပြောပြရပါလိမ့်မယ်"
"ဟုတ်တယ်... မင်း တောင့်ခံထားနိုင်မှာ မဟုတ်ဘူး" တုပိုင်က ပြောလိုက်၏။ "ဒါပေမဲ့ ငါ အချိန်လိုတယ်။ မင်းတို့ လူရှစ်သောင်းရဲ့ တစ်ခုတည်းသော အခန်းကဏ္ဍက ငါ့အတွက် အချိန်ဆွဲပေးဖို့နဲ့ ရန်သူကို နှေးကွေးသွားအောင် လုပ်ပေးဖို့ပဲ"
ယခုလက်ရှိအချိန်တွင် တုပိုင် အလိုအပ်ဆုံးအရာမှာ အချိန်ပင် ဖြစ်သည်။
စစ်ခုန်းယဲ့၏ အဖွဲ့နှင့် ရှာမန် နိုင်ငံတော်ဆရာသခင်တို့၏ အဖွဲ့သည် ကျောက်သလင်း မှော်အမြောက်များကို အသည်းအသန် အသွင်ပြောင်းလဲနေကြ၏။
အရှေ့ဘက် ပြည်ထောင်စု၏ အမြောက်တပ်များကို အပြတ်အသတ် ဖြိုခွင်းနိုင်ရန်အတွက် အနည်းဆုံး ကျောက်သလင်း မှော်အမြောက် သုံးရာခန့် လိုအပ်ကြောင်း တုပိုင် တွက်ချက်ထားခဲ့သည်။
စစ်ခုန်းယဲ့နှင့် ရှာမန် နိုင်ငံတော်ဆရာသခင်တို့၏ အဖွဲ့သည် ထိုမှော်အမြောက် သုံးရာအတွက် အသည်းအသန် အလုပ်လုပ်နေကြပြီ ဖြစ်သည်။ သူတို့သည် လက်နက်တိုက်ထဲတွင် နေ့စဉ် နေ့တိုင်း အလုပ်လုပ်နေကြပြီး ၊ တစ်နေ့လျှင် နာရီ ၂၀ ကျော်ကြာ အလုပ်လုပ်ကြကာ စားသောက်ချိန်နှင့် အိပ်ချိန် ပေါင်းလျှင်ပင် လေးနာရီထက် နည်းပါးလေ၏။ အချို့ဆိုလျှင် ခန္ဓာကိုယ်က မတောင့်ခံနိုင်တော့လေဘဲ ရုတ်တရက် သေဆုံးမှုများပင် စတင် ဖြစ်ပေါ်လာနေပြီ ဖြစ်သည်။
သို့သော်လည်း ကျောက်သလင်း မှော်အမြောက် အလက် သုံးရာကို အသွင်ပြောင်းလဲနိုင်ရန် အနည်းဆုံး တစ်လခန့် အချိန်ယူရပေလိမ့်မည်။
ဝမ်ယန်ယင်းတူက ပြောလိုက်၏။ "သခင်... သခင် အချိန်ဘယ်လောက် လိုအပ်ပါသလဲ"
"ဝူကျိုးမြို့မှာ ရန်သူတွေကို ဆယ်ရက်လောက် မင်း တောင့်ခံထားပေးဖို့ လိုတယ်" တုပိုင်က ပြောသည်။
ဝမ်ယန်ယင်းတူက မေးလိုက်၏။ "ဂူအာမင်ကော ကျွန်တော်နဲ့အတူ လိုက်ရမှာလား"
ယခင် ဂျာချင်အင်ပါယာ၏ နယ်စားမင်းသား ဖြစ်ခဲ့ပြီး ၊ နောင်တွင် ဂျိုဆွန်းပြည်၌ ဂျာချင်ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ၊ စိတ်အပြောင်းအလဲမြန်ကာ ပါရမီထူးချွန်သည့် ဂျာချင်မှူးမတ် ဂူအာမင်ပင် ဖြစ်လေသည်။
"ဟင့်အင်း... သူ သွားမှာ မဟုတ်ဘူး" တုပိုင်က ပြော၏။
ဝမ်ယန်ယင်းတူက မေးသည်။ "သခင်... နောက်ဆုံးကျရင် ဒီတိုက်ပွဲကို ကျွန်တော်တို့ နိုင်မှာလား"
"သေချာပေါက်ပေါ့" တုပိုင်က ပြော၏။ "လိုအပ်တာက အချိန်တစ်ခုတည်းပဲ"
ဝမ်ယန်ယင်းတူက ဦးညွှတ်လိုက်ပြီး "ကျွန်တော်မျိုး သွားပါတော့မယ်"
တုပိုင်၏ ဒုတိယ တပ်မကြီးဖြစ်သော မီးနတ်ဘုရားဂိုဏ်း စစ်တပ်၏ စစ်သေနာပတိသည် တုပိုင်၏ ရှေ့မှောက်တွင် ဒူးထောက်နေလေ၏။
"မင်းက မီးနတ်ဘုရားဂိုဏ်း စစ်တပ်က လူရှစ်သောင်းကို ဦးဆောင်ပြီး လျန်ကျိုးမြို့ကို ကာကွယ်ရမယ်"
တုပိုင်က ပြောလိုက်၏။ "မင်း ရင်ဆိုင်ရမှာက မိုဟန်ဘုရင်မ နဲ့ ရှောင်မူကျစ် ဦးဆောင်တဲ့ အရှေ့ဘက် ပြည်ထောင်စုရဲ့ သုံးသိန်းသုံးသောင်းသော စစ်တပ်ကြီးပဲ။ ဒီစစ်တပ်ရဲ့ တကယ့် စစ်သေနာပတိချုပ်က အရှေ့ဘက် ပြည်ထောင်စုရဲ့ စစ်သူကြီး ဖန်းထျန်မင်းပဲ။ ဒါကြောင့် မင်းရဲ့ မီးနတ်ဘုရားဂိုဏ်း စစ်တပ်က လူရှစ်သောင်းတည်းနဲ့ဆို သေချာပေါက် ကာကွယ်နိုင်မှာ မဟုတ်ဘူး။ မင်းအနေနဲ့ သူတို့ရဲ့ ခြေလှမ်းတွေကို တတ်နိုင်သမျှ နှောင့်နှေးသွားအောင် လုပ်ပေးဖို့ ငါ လိုအပ်တယ်။ ပြီးတော့ ဘာပဲပေးဆပ်ရပါစေ ၊ လျန်ကျိုးမြို့မှာ ရန်သူရဲ့ သုံးသိန်းသုံးသောင်းသော စစ်တပ်ကြီးကို ဆယ်ရက်လောက် ကြန့်ကြာသွားအောင် ဆွဲထားရမယ်။ နားလည်လား"
"အမိန့်တော်အတိုင်းပါ" မီးနတ်ဘုရားဂိုဏ်း စစ်တပ်၏ စစ်သေနာပတိ ယန်လျဲ့က ဦးညွှတ်လိုက်သည်။
ပထမ တပ်မကြီးဖြစ်သော ပြိုင်ဘက်ကင်း မြေအောက်မြို့တော် စစ်တပ်က တုပိုင်အပေါ် သစ္စာစောင့်သိရသည့် အကြောင်းရင်းမှာ သူသည် ကြီးမြတ်သော မြို့စားမင်း ဖြစ်နေသောကြောင့်ပင်။ ဒုတိယ တပ်မကြီးဖြစ်သော မီးနတ်ဘုရားဂိုဏ်း စစ်တပ်အတွက်မူ ၊ သူတို့သည် တုပိုင်အပေါ် အစွဲလမ်းဆုံးနှင့် သစ္စာအရှိဆုံး စစ်တပ်ဖြစ်ပေသည်။ အကြောင်းမှာ သူတို့အားလုံးက တုပိုင်ကို မီးနတ်ဘုရား ဝင်စားသူဟု ထင်မှတ်ထားကြသောကြောင့် ဖြစ်လေ၏။
တုပိုင်၏ မည်သည့် အမိန့်ကိုမဆို ၊ မီးနတ်ဘုရားဂိုဏ်း စစ်တပ်သည် ရေတွင်း မီးတွင်းထဲသို့ ဆင်းရမည်ဆိုလျှင်တောင် တုံ့ဆိုင်းနေမည် မဟုတ်ဘဲ လုပ်ဆောင်ကြမည် ဖြစ်၏။
"ရင်ခွင်ပိုက်မင်းသား... ကျွန်မလည်း သွားမယ်" အမျိုးသမီးတစ်ဦး ထွက်လာသည်။ သူမကား အန်နမ်နိုင်ငံ၏ ဘုရင်မ နင်းချန်ပင် ဖြစ်လေ၏။
တုပိုင် ချက်ချင်း ငြင်းဆန်၏။ "မရဘူး"
တုပိုင်သည် မီးနတ်ဘုရားဂိုဏ်း စစ်တပ်ကို လျန်ကျိုးမြို့အား ကာကွယ်ရန် စေလွှတ်လိုက်ခြင်းမှာ သေကွင်းသေကွက်ထဲသို့ ပို့လွှတ်လိုက်ခြင်းပင် ဖြစ်ပြီး ၊ အချိန်ရရှိရန်အတွက် အရာအားလုံးကို စတေးလိုက်ခြင်းပင် ဖြစ်လေ၏။
"ဟွေမှာတုန်းက ကျွန်မက ခင်ပွန်းဖြစ်သူနဲ့အတူ သေဖို့ ဆုံးဖြတ်ထားခဲ့တာ။ ဒါပေမဲ့ ခင်ပွန်းက ကျွန်မကို ကလေးလေးယောက် ပေးအပ်ခဲ့ပြီး ၊ အန်နမ်နိုင်ငံရဲ့ အနာဂတ်ကိုပါ ကျွန်မဆီ အပ်နှင်းခဲ့တယ်" နင်းချန်ဘုရင်မက ပြောသည်။ "ဒါပေမဲ့ အခုတော့ ကျွန်မရဲ့ ကလေးတွေလည်း ဘေးကင်းသွားကြပါပြီ။ ပြီးတော့ ကျွန်မ တိုက်ပွဲမှာ သေသွားခဲ့ရင်တောင် ၊ ဘာမှ ကျန်ရစ်ခဲ့စရာ မရှိတော့ပါဘူး။ ပြီးတော့ ဒီတိုက်ပွဲမှာ ကျွန်မရဲ့ အန်နမ်နိုင်ငံက ဘာတွေများ ထပ်ပြီး ပေးဆပ်ရဦးမှာလဲ။ တုပိုင်... ကျွန်မ ဆုံးဖြတ်ပြီးသွားပြီ"
တုပိုင် တိတ်ဆိတ်သွားပြီး ခေါင်းညိတ်လိုက်၏။ "နားလည်ပါပြီ"
အချိန်အနည်းငယ် အကြာတွင် ၊ မင်းသမီးယွီကျိန်းသည် သံချပ်ကာအင်္ကျီကို ဝတ်ဆင်ထားလျက် တုပိုင်၏ ရှေ့မှောက်တွင် ပေါ်လာပြီး ပြောလိုက်လေသည်။ "မောင်လေးတုပိုင်... ကျွန်မလည်း လျန်ကျိုးမြို့ကို ကာကွယ်ဖို့ သွားချင်တယ်"
တုပိုင်က ပြော၏။ "အမ သေဖို့များတယ်နော်"
"ကျွန်မ သိပါတယ်" မင်းသမီးယွီကျိန်းက ပြောသည်။ "ဒါပေမဲ့ ရှင့်အတွက် အချိန်ဆွဲပေးထားနိုင်တာပေါ့"
ဟုတ်ပေသည် ၊ အချိန်။
တုပိုင်သည် တစ်လကျော်လောက် အချိန်လိုအပ်နေလေ၏။
"ကျွန်မရဲ့ အဖေက တစ်ချိန်တုန်းက ဧကရာဇ်ယုံတယ် ဆိုတဲ့ ဧကရာဇ်အတုအယောင်ကို ယုံကြည်ခဲ့မိလို့ သူ့ရဲ့ မျက်လုံးတစ်ဖက်ကို ထုတ်ပစ်ခဲ့ရတယ်။ အဲဒီနောက်မှာလည်း မှားယွင်းတဲ့ ဧကရာဇ်ယုံချန်အပေါ်ကို သစ္စာစောင့်သိခဲ့မိလို့ သူ သေဆုံးသွားခဲ့ရတယ်" မင်းသမီးယွီကျိန်းက ပြောလိုက်၏။ "အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ နင်းရွှဲ့က ဘာလို့ ဧကရာဇ်ဖြစ်နိုင်တာလဲဆိုတာနဲ့ ပတ်သက်ပြီး ကျွန်မ သဘောမတူတာတွေ ရှိနေသေးပေမဲ့ ၊ ရှင်ကတော့ မှားနိုင်မှာ မဟုတ်ဘူးလို့ ကျွန်မ ယုံကြည်တယ်။ ကျွန်မ အရင်တုန်းက အမှားတွေ လုပ်ခဲ့ဖူးတယ် ၊ အဲဒါကို ဒီအတိုင်း လွှတ်ထားလို့ မရဘူး။ ကျွန်မရဲ့ အမှားတွေအတွက်လည်း ပြန်လည် ပေးဆပ်ဖို့ လိုအပ်တယ်"
တုပိုင် ပြောလိုက်သည်။ "မင်း ပေးဆပ်ပြီးသွားပြီ မဟုတ်ဘူးလား"
မင်းသမီးယွီကျိန်းက ပြော၏။ "ရှင်က ခန္ဓာကိုယ်နဲ့ ပေးဆပ်ခဲ့တာကို ပြောနေတာလား။ ဒါပေမဲ့ သက်တောင့်သက်သာဖြစ်ခဲ့တာက သိသိသာသာကို ကျွန်မလေ။ အဲဒါကို ဘယ်လိုလုပ် ပေးဆပ်တာလို့ သတ်မှတ်လို့ရမှာလဲ"
ထိုအချိန်၌ ကျီချင်းကျူကလည်း ပြောလာသည်။ "သခင်... ကျွန်တော်မျိုးလည်း သွားပါရစေ"
တုပိုင်က ပြောလိုက်၏။ "မရဘူး ၊ ကျီချန်နယ်စားမင်း... ခင်ဗျားရဲ့ ပဉ္စမစစ်တပ်က တပ်ဖွဲ့တစ်ခုအဖြစ် အပြည့်အဝ မဖွဲ့စည်းရသေးဘူး။ ဒါကြောင့် ခင်ဗျား စစ်မြေပြင်ကို သွားလို့ မရဘူး"
အမတ်မင်းကျီချင်းက ပြောသည်။ "ကျွန်တော်မျိုး သိပါတယ်။ ဒါကြောင့် ကျွန်တော်မျိုး တစ်ယောက်တည်း သွားပါ့မယ်။ ကျွန်တော်မျိုးက မဟာဆရာသခင် တစ်ယောက်မို့လို့ ၊ အနည်းဆုံးတော့ နင်းချန်ဘုရင်မ နဲ့ မင်းသမီးယွီကျိန်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ ကျွန်တော်မျိုးက ပထမဧကရာဇ်ရဲ့ ကြီးမားတဲ့ ကျေးဇူးတော်ကြောင့် ပိုင်ဆယ် ဒုတိယစစ်သူကြီးအဖြစ် ခန့်အပ်ခံခဲ့ရတယ်။ ပြီးတော့ ကျန်းဝူအမျိုးသမီးဧကရာဇ်ရဲ့ ကြီးမြတ်တဲ့ ကျေးဇူးတော်ကြောင့် ကျီချန်နယ်စားမင်း ဘွဲ့ကို ချီးမြှင့်ခံခဲ့ရတယ်။ ဒါပေမဲ့ ဘာအကျိုးပြုမှုမှ မလုပ်ပေးနိုင်ခဲ့ပါဘူး။ ဒါ့အပြင်... ဝံပုလွေလို ရက်စက်တဲ့နှလုံးသားရှိတဲ့ ရှောင်မူကျစ်နဲ့ စစ်မြေပြင်မှာ ဆုံတွေ့ရမယ်ဆိုတာကို သိနေလို့ ကျွန်တော်မျိုး သွားတာပါ"
ရှောင်မူကျစ်။
အမတ်မင်းကျီချင်း၏ မြေးဖြစ်သူ ကျီပြောင်ပြောင်နှင့် ငယ်စဉ်ကတည်းက စေ့စပ်ထားခဲ့သူ ဖြစ်သည်။
လွန်ခဲ့သော နှစ်နှစ်ကျော်က သူ ကျီချင်းကျူ၏ ရှေ့မှောက်တွင် ပေါ်လာသောအခါ ၊ ကျီချင်းကျူသည် ကျီပြောင်ပြောင်ကို ရှောင်မူကျစ်နှင့် လက်ထပ်ပေးမည်ဟု တိုက်ရိုက် ကတိပေးခဲ့လေ၏။ ထိုအကြောင်းရင်းကြောင့်ပင် ကျီပြောင်ပြောင်သည် သူနှင့် သားအဖဆက်ဆံရေးကို နီးပါးမျှ ဖြတ်တောက်ခဲ့သည်။ ထို့ပြင် ကျီချင်းကျူသည် ရှောင်မူကျစ်ကို အပြာရောင်နဂါးဂိုဏ်းချုပ်၏ ဆက်ခံသူအဖြစ် တိုက်ရိုက် ခန့်အပ်ခဲ့သေး၏။
သို့သော် ရလဒ်အနေဖြင့် ၊ ရှောင်မူကျစ်သည် သွေးကြောခြောက်သွယ် နတ်ဓားသိုင်းသိုင်းကျမ်းကို ခိုးယူသွားခဲ့ပြီး ၊ အမတ်မင်းကျီချင်းကို အဆိပ်ခတ်ခဲ့သည်။
ထို့ကြောင့် ထိုဝံပုလွေနှလုံးသားရှိသူသည် ကျီချင်းကျူ အမုန်းဆုံး လူတစ်ဦးပင် ဖြစ်လေ၏။ တခြားမည်သူကမျှ မင်းသမီးနင်းရွှဲ့ ထီးနန်းဆက်ခံခြင်းကို လက်မခံနိုင်သော်လည်း ၊ အမတ်မင်းကျီချင်းကမူ ယင်းကို လက်ခံနိုင်ခဲ့ခြင်းမှာ ဤအကြောင်းရင်းကြောင့်ပင် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူသည် တစ်ချိန်က ကျီပြောင်ပြောင်ကို စွန့်ပစ်ပြီး ရှောင်မူကျစ်ကို သူ၏ ဆက်ခံသူအဖြစ် ရွေးချယ်ချင်ခဲ့သော်လည်း ၊ နောက်ဆုံးတွင် သူ၏ မျက်နှာကို အရိုက်ခံလိုက်ရသကဲ့သို့ အရှက်ကွဲခဲ့ရသောကြောင့်ပင်။
နောက်ဆုံးတွင် ကျီချင်းကျူ ၊ နင်းချန်ဘုရင်မ ၊ မင်းသမီးယွီကျိန်း နှင့် ယန်လျဲ့ တို့သည် မီးနတ်ဘုရားဂိုဏ်း စစ်တပ်မှ လူရှစ်သောင်းကို ဦးဆောင်ကာ လျန်ကျိုးမြို့တွင်းသို့ ဝင်ရောက်သွားကြသည်။
မိဖုရားလီနှင့် ဝမ်ယန်ယင်းတူတို့သည်လည်း စစ်တပ်မှ လူရှစ်သောင်းကို ဦးဆောင်ကာ ဝူကျိုးမြို့၌ တပ်စွဲလိုက်ကြလေ၏။
ဝူကျိုးနှင့် လျန်ကျိုးမြို့တို့ကို ကာကွယ်ခြင်းသည် အချိန်ဆွဲရန်အတွက်သာ ဖြစ်ပြီး ၊ သူတို့အားလုံး ကျဆုံးရန် သို့မဟုတ် အမြောက်စာဖြစ်ရန်ပင် ကံကြမ္မာ ဖန်တီးထားပြီးဖြစ်ကြောင်းကို လူတိုင်း သိရှိထားကြလေသည်။
ကျီချင်းကျူ ၊ ယွီကျိန်း နှင့် နင်းချန်ဘုရင်မ တို့အားလုံးက ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်ရန် ကမ်းလှမ်းခဲ့ကြပြီး ၊ လီမိသားစုသည်လည်း ဤအတိုင်း ထိုင်ကြည့်မနေနိုင်တော့ဟု ခံစားခဲ့ရသည်။ ထို့ကြောင့် လီမိသားစု၏ သခင်မဖြစ်သော မိဖုရားလီ သည်လည်း ဝူကျိုး စစ်မြေပြင်သို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့လေ၏။
တုပိုင်အတွက်မူ ၊ အချိန်ဆိုသည်မှာ ငွေကြေးသာမက ၊ အသက်နှင့် အောင်ပွဲပင် ဖြစ်လေတော့၏။
**--**--**--**--**--**--**--**
"ဝုန်းးး ဝုန်းးး ဝုန်းးး ဝုန်းးး"
ရာနှင့်ချီသော အမြောက်ကြီးများက ဟိန်းဟောက်ကာ ပစ်ခတ်လိုက်ကြ၏။ မြေကြီးသည် ငလျင်လှုပ်သကဲ့သို့ တုန်ခါသွားရသည်။
ရာနှင့်ချီသော အမြောက်ဆန်များသည် ဝူကျိုးမြို့ရိုးကို ထိမှန်သွားပြီး ၊ မီးတောက်မီးလျှံများက ကောင်းကင်သို့တိုင် မြင့်တက်လာ၏။
တစ်မြို့လုံး ပြင်းထန်စွာ တုန်ခါသွားရသည်။
"ဝုန်းးး ဝုန်းးး ဝုန်းးး ဝုန်းးး"
တစ်မုဟုတ်ချင်းမှာပင် ကမ္ဘာကြီး အရောင်ပြောင်းသွားလေသည်။ ဧရာမ အမြောက်ဆန်ကြီးများသည် ဝူကျိုးမြို့ရိုးပေါ်သို့ ပြင်းထန်စွာ ကျရောက်လာကာ ပေါက်ကွဲသွား၏။
ထို့နောက် အလွန် ခိုင်ခံ့လှသော မြို့ရိုးကြီးမှာ ကလေးကစားစရာတစ်ခုကဲ့သို့ ဖြစ်သွားပြီး ၊ ဧရာမအမြောက်ဆန်ကြီးများ၏ တိုက်ရိုက် ဆုတ်ဖြဲဖျက်ဆီးခြင်းကို ခံလိုက်ရလေသည်။
"ဝုန်းးး"
မြို့ရိုးတစ်နေရာမှာ ရုတ်တရက် ဖောင်းကြွလာပြီးနောက် ၊ မရေမတွက်နိုင်သော ကျောက်တုံးနှင့် အုတ်ကျိုးအုတ်ပဲ့များ အရပ်မျက်နှာအနှံ့ လွင့်စင်ထွက်သွားလေ၏။
မြို့ရိုးကြီးပေါ်တွင် ဧရာမ အပေါက်ကြီးတစ်ခု တိုက်ရိုက် ပွင့်ထွက်သွားသည်။
အလွန်ကြီးမားသော အမြောက်ကြီးက တစ်ချက်တည်း ပစ်ခတ်ရုံဖြင့် မြို့ရိုးကြီးကို ပွင့်ထွက်သွားသည်။
ဝူကျိုးမြို့ရိုးမှာ အမြင့် ၁၃ မီတာရှိပြီး အထူ ၈ မီတာကျော် ရှိလေ၏။
ထိုမြင်ကွင်းကို ကြည့်ရင်း ၊ တုကျန်းနှင့် ယွမ်ထျန်ကျောက်တို့မှာ အလွန်တရာ မိန်းမောသာယာနေကြလေသည်။
ဤသည်မှာ တောင်တန်းများကိုပင် ဖြိုခွင်းနိုင်သော စွမ်းအားဖြစ်ပြီး ၊ ကမ္ဘာကြီးကိုပင် ဖျက်ဆီးပစ်နိုင်သည့် စွမ်းအားပင် ဖြစ်လေ၏။
အရှေ့ဘက် ပြည်ထောင်စု၏ အကြွင်းမဲ့ အင်အားရှေ့မှောက်တွင် ၊ တစ်ချိန်က အံ့ဖွယ်များကို ဖန်တီးနိုင်ခဲ့သော တုပိုင်သည် လုံးဝ ပုရွက်ဆိတ်လေးတစ်ကောင် ဖြစ်သွားရပြီ ဖြစ်သည်။
"ပစ်"
"ပစ်"
"ပစ်"
**--**--**--**--**--**--**--**
လျန်ကျိုးမြို့တွင်ဖြစ်စေ ၊ ဝူကျိုးမြို့တွင်ဖြစ်စေ။
အရှေ့ဘက် ပြည်ထောင်စု၏ အမြောက်ကြီးများ အားလုံးက ရူးသွပ်နေသည့်အလား ပစ်ခတ်နေကြလေ၏။
ဤသည်မှာ စစ်ပွဲပုံစံသစ် တစ်ခုပင် ဖြစ်သည်။ မြို့ရိုးကို ကွက်လပ်တစ်ခု ပွင့်သွားအောင် လုပ်ပြီး ချက်ချင်း ဝင်ရောက်တိုက်ခိုက်ခြင်းမျိုး မဟုတ်ပေ။ ယင်းအစား မြို့ရိုးကြီးကို မြေပြင်နှင့် တစ်ပြေးညီ ဖြစ်သွားသည်အထိ လုံးဝ ဗုံးကြဲဖျက်ဆီးပစ်ရုံသာမက ၊ ရန်သူ၏ ယုံကြည်မှုကိုပါ အရှိန်အဟုန်ဖြင့် အလုံးစုံ ဖျက်ဆီးပစ်ရန်အတွက် အနှံ့အပြား ဗုံးကြဲတိုက်ခိုက်ခြင်းကို ပြုလုပ်နေခြင်း ဖြစ်လေ၏။
"ဝုန်းးး ဝုန်းးး ဝုန်းးး ဝုန်းးး"
အဆုံးမဲ့ ပေါက်ကွဲသံကြီးများ ထွက်ပေါ်နေလေသည်။
မြို့ရိုး၏ အစိတ်အပိုင်းများမှာ လုံးဝ အပျက်အစီးပုံကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။
မြို့ထဲတွင် မည်သူမျှ မရှိတော့ဘဲ ၊ အားလုံးမှာ ကျေးလက်ဒေသများသို့ ပြောင်းရွှေ့သွားကြပြီ ဖြစ်သည်။
ဝမ်ယန်ယင်းတူနှင့် ဂျာချင်စစ်တပ်မှ အဆင့်မြင့် အရာရှိအချို့မှာ မြို့ထဲရှိ အိမ်တစ်လုံး၏ မြေအောက်ခန်းထဲတွင် နေထိုင်နေကြလေ၏။
ဤနေရာ၌ပင်လျှင် မြေကြီးများ တုန်ခါနေသည်ကို ခံစားနေရဆဲဖြစ်ပြီး ၊ အမိုးမှ ဖုန်မှုန့်များသည်လည်း အဆက်မပြတ် ကျဆင်းနေလေ၏။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၆၁ + ၇၆၂ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team