အမှောင်ဂိုဏ်း၏ တကယ့်အင်အားအစစ်အမှန်များ ရောက်ရှိလာခြင်း
Vol. 18 Ch. 268
"မဖြစ်ဘူး"
ယဲ့ဖန်က သူတို့နှစ်ယောက်ထံကို နောက်ထပ် တိုက်ကွက်တစ်ကွက် ထုတ်ဖော်၍ လာနေသည်ကို မြင်လိုက်ရသောအခါ ကျိုဟမ့်ရှန်နှင့် ဖျောင်ထိုက်ရှင်းတို့ ချက်ချင်း မျက်နှာပျက်သွားကြသည်။
သေမင်း နတ်ဘုရား၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသကဲ့သို့ သူတို့၏ ခန္ဓာကိုယ် အပူချိန်များက ထိုးစိုက်ကြသွားသည်။
ချက်ချင်း သူတို့ မြန်နိုင်သမျှ မြန်မြန်နောက်ဆုတ်လိုက်ကြသည်။ သို့သော် ယဲ့ဖန်က ပိုမြန်နေသည်။ လေတိုးသံနှင့်အတူ တစ္ဆေတစ်ကောင်က သူတို့ရှေ့ ရောက်လာသလိုပင်။
တစ်ချိန်တည်းမှာပင် ယဲ့ဖန်က သူတို့၏ အရေးကြီးသော ကိုယ်ခန္ဓာ အစိတ်အပိုင်းများအား သူ၏ မိစ္ဆာ မရဏ သံလက်သီးဖြင့် အားကုန် ထိုးနှက်လိုက်သည်။ သူ၏ ထိုးစစ်အား ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
"သေစမ်း"
ထိုအချိန်တွင် ဖျောင်ထိုက်ရှင်းနှင့် ကျိုဟမ့်ရှန်တို့ ကြက်သီး တဖြန်းဖြန်းထသွားသည်။ သူတို့ ဆက်၍ ထွက်ပြေးချင်သော်လည်း အချိန်နှောင်းသွားချေပြီ။ သူတို့ ယဲ့ဖန်၏ လက်သီးချက်အား ထိပ်တိုက်ရင်ဆိုင်ရုံမှ လွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။
ဒုန်း! ဒုန်း! ဒုန်း!
အရိုးကျိုးသံများက တိုက်ခိုက်ရေး ကလပ်တစ်ခုလုံးသို့ ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။ ယဲ့ဖန်က ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့်နှစ်ယောက်အား ဖိနှိပ်ထားနိုင်သည်။
သူ ရှေ့တစ်လှမ်း တိုးလာတိုင်း ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် နှစ်ယောက်သည် နောက်သို့ ပြန်ဆုတ်ရန် ပြင်လိုက်သည်။ သူတို့ကိုယ်မှ စီးကျလာသော သွေးများက ကြမ်းပြင်အနှံ့ ပျံ့နှံ့လို့နေ၏။
သူတို့၏ လက်မောင်းများ ကျိုးသွားချေပြီ။ သူတို့၏ ပခုံးနှစ်ဘက်သည်လည်း ကျိုးကြေလို့နေသည်။
သူတို့၏ ရင်ညွန့်ရိုးများလည်း ကျိုးနေခဲ့သည်။ သူတို့ခန္ဓာကိုယ်မှ စီးကျလာသော သွေးများက တိုက်ခိုက်ရေး စည်းဝိုင်းအတွင်း စီးဆင်းသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဒဏ္ဍာရီလာအဆင့် နှစ်ယောက်၏ ခန္ဓာကိုယ်၌ သွေးစွန်းနေသော အပေါက်ရာများနှင့် ပြည့်နှက်လို့နေသည်။
ထို့ပြင် အနက်ရောင် နတ်ဆိုးချီမျှင်စုများက ထိုသွေးစွန်းနေသော အပေါက်ရာများကို ပို၍ ပို၍ တိုက်စားနေသည်။
ထိတ်လန့်ဖွယ် ကောင်းလှပါဘိ။
ဆရာသခင်အဆင့် တစ်ယောက်က ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် နှစ်ယောက်ကို ဖိနှိပ်ထားနိုင်သည်။ ဤမြင်ကွင်းကြောင့် တိုက်ခိုက်ရေး ကလပ်ထဲမှ သိုင်းပညာရှင်များ လေးစားလွန်း၍ ဒူးထောက်လုမတတ် ဖြစ်သွားရသည်။
"သောက်ခွေးမသားလေး"
ကျိုဟမ့်ရှန် အလွန် ကြောက်ရွံ့နေသည်။ ယခင်တုန်းက သူတို့နှစ်ယောက်ပေါင်း အင်အားနှင့်ဆိုလျင် ယဲ့ဖန်အား အသာလေး သတ်လို့ရမည်ဟု ထင်ခဲ့မိသည်။
ထင်မှတ်မထားဘဲ အလွန် ဖိနှိပ်ခံရသော အခြေအနေဖြင့် ချုပ်ထိန်းခံထားရသည်။ အံ့ဩစရာ ကောင်းလှသည်။
ထိုအချိန်တွင် ယဲ့ဖန်က ကျိုဟမ့်ရှန်အား တောက်ပနေသော မျက်လုံးများဖြင့် စိုက်ကြည့်လာသဖြင့် သူ့တစ်ကိုယ်လုံး ကြောက်လန့်ကာ တုန်ယင်လာသည်။
"မင်းရဲ့ သခင်လေး သေဆုံးမှုအတွက် ငါ့ကလန်သားတွေရဲ့ အသက်ကို စတေးပြီး လက်စားချေချင်ခဲ့တယ် … မင်း သေဖို့ ထိုက်တန်တယ်"
ထိုသို့ပြောပြီး ယဲ့ဖန်က ကျိုဟမ့်ရှန်၏ ကျောကို သူ၏ မိစ္ဆာ မရဏ သံလက်သီးနှင့် အားကုန် ထိုးချလိုက်သဖြင့် သွေးတွေနှင့် အရေပြားတစ်ဖက်က လေထဲ မြောက်က်လာသည်။
ကျိုဟမ့်ရှန်၏ ကိုယ်အောက်ပိုင်းသည် အထိုးခံရခြင်းကြောင့် ပွင့်ထွက်မတတ် ဖြစ်လာရသည်။
"အား…အား…အား"
စူးရှသော အော်သံများနှင့်အတူ ကျိုဟမ့်ရှန်သည် သူ့ကိုယ်အပေါ်ပိုင်းကို အားပြု၍ တွားသွားနေပြီး သူ၏ သွေးများနှင့် အသားစများက ကြမ်းပြင်အား ဆေးသုတ်ပေးသလို ဖြစ်နေသည်။
နာကျင်မှုကြောင့် သူ တုန်ယင်နေကာ သံကုန်ဟစ်အော်၍ ပြောလိုက်သည်။
"မဟုတ်ဘူး … ယဲ့ဖန် မင်း ငါ့ကို သတ်လို့ မရနိုင်ဘူး … ငါက အမှောင်ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ပဲ …. ငါ အသတ်ခံရရင် ဒီက လူတိုင်း သေသွားလိမ့်မယ်"
"အမှောင်ဂိုဏ်းချုပ်နဲ့ မဟာ အကြီးအကဲ လေးယောက်က မင်းကို ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ဘူး"
ကျိုဟမ့်ရှန်က ရက်စက်သော အသံဖြင့် ပြောလိုက်သည်။ သူ အလွန် ကြောက်လန့်နေသည်။ သူ သေမတတ် ကြောက်လန့်လာသည်။
သူ ပုရွက်ဆိတ်လေးလို သတ်မှတ်ထားသည့်ကောင်က သည်လောက် ရက်စက်လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပါ။
သို့သော် ယဲ့ဖန်က ကျိုဟမ့်ရှန်၏ အော်သံများကို လျစ်လျူရှု၍ ဆက်ပြောလိုက်သည်။
"ဟွာရှနိုင်ငံသားတစ်ယောက်အနေနဲ့ မင်းက မင်းရဲ့ တစ်ပြည်တည်းသားတွေကို ပုရွက်ဆိတ်တွေလို ဆက်ဆံခဲ့တယ် … မင်းက ဟွာရှနိုင်ငံကြီးကို ဘာမှမဟုတ်သလို ဆက်ဆံခဲ့တယ် … မင်း သေသင့်တယ်"
ထိုစကားသံများ အဆုံးတွင် ယဲ့ဖန်က နောက်ဆုံးအကြိမ်အဖြစ် သူ၏ မိစ္ဆာ မရဏ သံလက်သီးဖြင့် ကျိုဟမ့်ရှန်အား အားကုန် ထိုးနှက်လိုက်သည်။ ထိုလက်သီးချက်သည် သေစေနိုင်လောက်၏။
"မဖြစ်ရဘူး"
ကျိုဟမ့်ရှန် အာခေါင်ခြစ် အော်လိုက်ပြီးနောက် သူ၏ ကိုယ်အပေါ်ပိုင်းက ပေါက်ကွဲထွက်သွားကာ သွေးမိုးများ ရွာသွန်းလာ၏။
ဂလု!
ဦးခေါင်းတစ်လုံးက ကြမ်းပြင်ပေါ် ပြုတ်ကျလာသောအခါ တိုက်ခိုက်ရေး ကလပ်တစ်ခုလုံး စိတ်လေးလံသွားကြသည်။
*သူ သေသွားပြီလား*
*အမှောင်ဂိုဏ်းရဲ့ အကြီးအကဲ၊ ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့်က သေသွားပြီ*
*သူက လက်သီးနှစ်ချက်တည်းနဲ့ ပေါက်ကွဲသွားတယ် … မယုံနိုင်စရာပဲ*
ကျိုဟမ့်ရှန်၏ ကြောက်စိတ်မွှန်နေခဲ့သော မျက်နှာကို မြင်ပြီး လူတိုင်း အေးစိမ့်သွားကြသည်။
*လူထူးလူဆန်းပါလား*
ထူးဆန်းသောသူမှသာ ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့်မှ လူအား ဤမျှ ကြောက်လန့်အောင် လုပ်နိုင်ပေသည်။
ယဲ့မုန့်ထန်နှင့် အခြားအမှောင်ဂိုဏ်း အဖွဲ့ဝင်များသည် သူတို့၏ ခြေထောက်များ အားနည်းကာ ပျော့ခွေလာသို ခံစားမိပြီး တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထလာကြသည်။
သူတို့ အားထားရသည့် ဒဏ္ဍာရီလာ အဆင့်ကဲ့သို့ လူတစ်ယောက်က ယဲ့ဖန်၏ လက်သီးချက်ကြောင့် ပေါက်ကွဲသွားသည် မဟုတ်ပါလား။
သူတို့ အသားတဆတ်ဆတ် တုန်မတတ် ကြောက်လန့်လာကြသည်။ ကျိုဟမ့်ရှန်၏ နဖူးတည့်တည့်မှ မူလ သလင်းကျောက်ကို ထုတ်ယူပြီးနောက် ယဲ့ဖန်သည် ဖျောင်ထိုက်ရှင်းထံသို့ သွေးဆာနေသော ပုံစံဖြင့် လျှောက်သွားသည်။
ယဲ့ဖန် ခြေတစ်လှမ်း တိုးလာတိုင်း ဖျောင်ထိုက်ရှင်း၏ ကိုယ်က ပို၍ တုန်ယင်လာသည်။ နောက်ဆုံးတွင် ဖျောင်ထိုက်ရှင်း ထွက်ပြေးရန် ကြံစည်လိုက်မိသည်။
ဒုတ်!
ထိုစဉ် ခြေထောက်တစ်ဘက်က မိုးပေါ်မှ ကျလာပြီး ဖျောင်ထိုက်ရှင်း၏ ကျောအား ဖိချလိုက်သဖြင့် သူ လဲကျသွားသည်။
"မလုပ်ပါနဲ့ … ယဲ့ဖန်"
သူမအဘိုးက ကြမ်းပြင်ပေါ်၌ ပုရွက်ဆိတ်တစ်ကောင်လို အနင်းခံထားရသည်ကို ကြည့်ပြီး ဖျောင်ကျုံးဝမ် ကြောက်လန့်သွားရသည်။
သူမက လှပသော မျက်ဝန်းများနှင့် ယဲ့ဖန်အား ဝမ်းပန်းတနည်းနှင့် ကြည့်လိုက်မိသည်။
အနိုင်ရသူသာ အသက်ရှင်ခွင့်ရမည်ကို သူမ သိပါသည်။ သူမအဘိုးက တိုက်ပွဲ၌ ရှုံးနိမ့်ခဲ့သည်၊ ထို့ကြောင့် သူ သေသင်သည်၊ သို့သော် … သူက သူမရဲ့ အဘိုးဖြစ်နေသည်လေ။
ယဲ့ဖန်က ဖျောင်ထိုက်ရှင်း၏ ကျောပြင်အား နတ်ဆိုး နတ်ဘုရားကဲ့သို့ ရက်စက် ကြမ်းကြုတ်သော ဟန်အမူအရာဖြင့် နင်းထားသည်။
ထို့နောက် သူက ဖျောင်ကျုံးဝမ်ဘက် လှည့်ကာ အေးစက်စက် မျက်နှာပေးဖြင့် ပြောလိုက်သည်။
"ဝမ်အာ … မင်းရဲ့ အစ်ကိုကြီးနဲ့ အဖေက ဟွာရှသိုင်းပညာရှင်တွေကို သတ်ခဲ့တယ် … ဒါကြောင့် ငါ သူတို့ကို သတ်ခဲ့ရတယ်"
"မင်း အဘိုးကလည်း ဟွာရှ သိုင်းပညာရှင်တွေကို သတ်ဖြတ်ခဲ့ပြီး ငါ့ကလန်သားတွေကို သတ်ချင်နေခဲ့တယ် … ငါ သူ့ကိုလည်း သတ်ရမယ်"
"ငါ စိတ်မကောင်းပါဘူး … သူက မင်းအဘိုးမှန်း ငါ သိပါတယ် … ဒါပေမယ့် သူလည်း သေကိုသေရမှာ"
ထိုသို့ပြောပြီး ယဲ့ဖန်က ဖျောင်ထိုက်ရှင်း၏ ဦးခေါင်းအား အားနှင့် နင်းခြေလိုက်သည်။
ဖျပ်!
ကိုရီးယားနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင် ဖြစ်ပြီး ကြောက်မက်ဖွယ် ကောင်းလောက်အောင် ရက်စက်သည့် ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် ဖြစ်သူ ဖျောင်ထိုက်ရှင်း၏ ဦးခေါင်းသည် တစ်စစီ ကျိုးကြေသွားလေတော့သည်။
"ဘိုးဘိုး"
ဖျောင်ကျုံးဝမ် အော်ဟစ်ရင်း သတိလစ်သွားလေသည်။ ကိုရီးယားလူမျိုးများ နားနေရာ နေရာမှ ကျန်သိုင်းပညာရှင်များ အလွန် သွေးပျက်ကာ ကြောက်လန့်သွားကြသည်။
သူတို့ ဖျောင်ကျုံးဝမ်အား မြန်မြန် ပွေ့ချီ၍ အဝေးသို့ တတ်နိုင်သမျှ ခပ်မြန်မြန် ထွက်ပြေးသွားကြသည်။
ယဲ့ဖန် သူတို့ကို မတားပေ။ ဖျောင်ကျုံးဝမ်၏ ကျောပြင်ကို လှမ်းကြည့်ရင်း ယဲ့ဖန်က ဝေခွဲမရသော အမူအရာဖြင့် ရေရွတ်လိုက်သည်။
"ဝမ်အာ … မင်း နာကျည်း မုန်းတီးမှု မရှိဘဲနဲ့ မရင့်ကျက်လာနိုင်ဘူး … ငါ မင်းကို နာကျည်းမုန်းတီးမှုတွေ ထည့်ပေးလိုက်မယ် ဒါမှ မင်း … ရင့်ကျက်လာနိုင်မှာ"
"မင်း ဒါကို တစ်နေ့တော့ နားလည်လာမှာပါ"
အသက်ရှင် ကျန်ရစ်သော ကိုရီးယားလူမျိုးများ ထွက်သွားရာဘက်ကို တစ်ချက်ကြည့်နေပြီးနောက် ယဲ့ဖန်သည် ကိုယ်ကို ကိုင်း၍ သွေးအိုင်ထဲမှ ဖျောင်ထိုက်ရှင်း၏ မူလ သလင်းကျောက်ကို ကောက်ယူလိုက်သည်။
စုစုပေါင်း ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် နှစ်ယောက်နှင့် ဒဏ္ဍာရီအဆင့် ခြောက်ယောက်တို့ ယဲ့ဖန်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
ယဲ့ဖန်သည် စည်းဝိုင်းတွင်း၌ ပြိုင်ဘက်ကင်း နတ်ဆိုး နတ်ဘုရားကဲ့သို့ ရပ်နေလေသည်၊ တိုက်ခိုက်ရေး ကလပ်ထဲမှ လူများအားလုံး သူ့အား ဒူးထောက် ဦးညွှတ်လုနီးပါး ဖြစ်သွားစေသည်။
*ငါတို့တော့ သွားပြီ*
ယဲ့မုန့်ထန်နှင့် အခြား ယဲ့သစ္စာဖောက်များ သူတို့ ခွန်အားတစ်စက်မျှ မရှိတော့သကဲ့သို့ ဖင်ထိုင်ရက် လဲကျသွားသည်။
သူတို့သည် ခန္ဓာကိုယ် မပြည့်စုံတော့သော ကျိုဟမ့်ရှန်နှင့် ဖျောင်ထိုက်ရှင်းတို့၏ အလောင်းများကို ပြာနှမ်းနေသော မျက်နှာများဖြင့် ကြည့်ရင်း အိပ်မက် မက်နေသည်ဟု ထင်မှတ်နေမိသည်။
သေပြီ။
ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့်တောင်မှ ယဲ့ဖန်၏ သတ်ဖြတ်ခြင်းကို ခံရသဖြင့် သူတို့ ဘယ်လိုလုပ် လွတ်အောင်ပြေးနိုင်ပါမည်နည်း။
အမှောင်ဂိုဏ်း၏ အခြား အကြီးအကဲများ အလွန် တုန်လှုပ်ကြောက်လန့်လာကြသည်။ သို့သော် သူတို့ တစ်ဘက်လှည့်ကာ ထွက်ပြေးရန် ကြံစည်လိုက်စဉ်တွင် ပျက်စီးသွားသော အသံတစ်ချို့ကို ကြားလိုက်ရသည်။
ဒုန်း! ဒုန်း! ဒုန်း!
တိုက်ခိုက်ရေး ကလပ်၏ နံရံများ ကျိုးပဲ့သွားကာ အင်အားကြီးမားသော မကောင်းဆိုးဝါးဆန်သည့် သိုင်းပညာရှင်များစွာ လှစ်ခနဲ ဝင်ရောက်လာသည်။
ဆယ်ယောက်၊ အယောက်နှစ်ဆယ်၊ အယောက် ငါးဆယ်။
လူအရေအတွက်က တစ်ရာကျော်နီးပါးသို့ ထိုးတက်သွားသည်။ ပို၍ ကြောက်မက်ဖွယ် ကောင်းသည်က ဒဏ္ဍာရီအဆင့် လူဦးရေများသည် စုစုပေါင်း လူဦးရေ၏ သုံးပုံတစ်ပုံခန့် ရှိနေခြင်းပင်။
အိုမင်းနေသော အကြီးအကဲလေးယောက်က ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်ကို ထုတ်လွှတ်ရင်း ကြမ်းကြုတ်သော သရဲတစ္ဆေကဲ့သို့ ရှေ့သို့ လျှောက်လာသည်။ သူတို့ကြောင့် ကလပ်တစ်ခုလုံး သေမတတ် ကြောက်လန့်လာကြသည်။
အကြီးအကဲလေးယောက်လုံးသည် ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့်များ ဖြစ်ကြသည်။
ထိုဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် လေးယောက်၏ ရှေ့ဆုံးမှသည် အသားဖြူဖြူနှင့် ကြောက်မက်ဖွယ် ကောင်းအောင် အေးစည်သည့် အကြည့်များဖြင့် ကြည့်နေပြီး သူ့ပုံစံက လူတိုင်းနှင့် အရာရာတိုင်းကို တစ်စက္ကန့်အတွင်း သတ်ဖြတ်နိုင်ပုံ ပေါက်နေသည်။
ထို့ပြင် သူတို့၏ အင်္ကျီ လက်ကောက်ဝတ်၌ 'အမှောင်' ဟူသော စကားလုံးကို ရေးထွင်းထားသည်။
ထိုကြောက်မက်ဖွယ်ကောင်းသော အဖွဲ့ကို မြင်သည်နှင့် အမှောင်ဂိုဏ်းမှ အကြီးအကဲများနှင့် ယဲ့မုန့်ထန် ဦးဆောင်သော ယဲ့ကလန်ကို သစ္စာဖောက်သူများ ချက်ချင်း တက်ကြွလာသည်။
ထိုသူတို့သည် အမှောင်ဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် မဟာ အကြီးအကဲ လေးယောက်တို့ ဖြစ်သည်။
ဒဏ္ဍာရီလာ အဆင့် တစ်ယောက်နှင့် ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် လေးယောက်ပါလား။