အခန်း (၇၆၃-၇၆၄)
Vol. 77 Ch. 763-764
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၆၃ + ၇၆၄
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
“သခင်… ကျွန်တော်တို့ ပြီးသွားပြီလား။ ကျွန်တော်တို့တွေ တကယ်ပဲ ခေတ်နောက်ကျသွားပြီလား” တပ်ရင်းမှူးတစ်ယောက်က မေးလိုက်၏။ “အခုဆို မြို့ရိုးတွေကလည်း အသုံးမဝင်တော့ဘူး ၊ လေးနဲ့ မြားတွေလည်း အသုံးမဝင်တော့ဘူး ၊ ဓားတွေလည်း အသုံးမဝင်တော့ဘူး။ အမြောက်တွေကို ပစ်ခတ်ဖို့ပဲ လိုတော့တာလား”
ဝမ်ယန်ယင်းတူက ပြောလိုက်၏။ “စစ်ပွဲက ပြောင်းလဲသွားပြီ။ ငါတို့တွေ တကယ်ပဲ ခေတ်နောက်ကျသွားတာတော့ မှန်တယ်။ ဒါပေမဲ့… အသုံးမဝင်တော့တာတော့ မဟုတ်ဘူး”
တပ်ရင်းမှူးတစ်ယောက်က ပြောလာ၏။ “သခင်… ဒီတစ်ကြိမ်တော့ တုပိုင်လည်း ပြီးသွားပါပြီ။ ကျွန်တော်တို့ ဘာလို့ အညံ့မခံရမှာလဲ။ အရှေ့ဘက် ပြည်ထောင်စုဆီမှာ အညံ့ခံကြရအောင်။ သူတို့က တုပိုင်ထက် အများကြီး ပိုပြီး အင်အားကြီးပါတယ်”
ဝမ်ယန်ယင်းတူ၏ မျက်နှာအမူအရာသည် လုံးဝ မပြောင်းလဲသွားချေ။ သူသည် မြှားတိုတစ်စင်းကို ဆွဲထုတ်လိုက်ပြီး ထိုသူ့အနားသို့ သွားကာ နှလုံးသားတည့်တည့်ကို အသာအယာ ထိုးစိုက်လိုက်လေ၏။
အားလုံးက ထိတ်လန့်တုန်လှုပ်နေသော မျက်လုံးများဖြင့် ကြည့်နေစဉ်မှာပင် ၊ ဝမ်ယန်ယင်းတူသည် အညံ့ခံရန် ပြောခဲ့သော ထိုတပ်ရင်းမှူးကို သတ်ပစ်လိုက်လေတော့၏။
သို့သော် ပတ်ဝန်းကျင်ရှိ ဂျာချင်မှူးမတ်များနှင့် မွန်ဂိုစစ်သည်တော်ကြီးများက ပုန်ကန်ခြင်း မပြုခဲ့ကြဘဲ ၊ ဝမ်ယန်ယင်းတူကိုသာ တိတ်ဆိတ်စွာ ကြည့်နေကြလေသည်။ အကြောင်းမှာ သူသည် ဂုဏ်သတင်း အလွန်ကြီးမားသူဖြစ်ပြီး ၊ ယခုအချိန်တွင် ဂျာချင်စစ်သည်တော်များ၏ တစ်ဦးတည်းသော ခေါင်းဆောင် ဖြစ်နေသောကြောင့်ပင်။
“အရှင်တုပိုင်က ရှုံးမှာ မဟုတ်ဘူး” ဝမ်ယန်ယင်းတူက ပြောလိုက်၏။ “သူ ငါ့ကို ကိုယ်တိုင်ပြောခဲ့တာ။ သူ လိမ်ပြောလိမ့်မယ်လို့ မင်းတို့ ထင်နေတာလား”
အားလုံးက ခေါင်းခါလိုက်ကြသည်။
သူတို့သည် ရှန်ဟိုင်ကွမ် တိုက်ပွဲကိုရော ၊ ရှန်းတူး တိုက်ပွဲကိုပါ ကြုံတွေ့ခဲ့ဖူးသူများ ဖြစ်ကြသည်။ တုပိုင်သည် အကြိမ်ကြိမ်အခါခါ အံ့ဖွယ်များကို ဖန်တီးပြခဲ့သူ မဟုတ်ပါလား။
ဝမ်ယန်ယင်းတူက ပြော၏။ “ဒီစစ်ပွဲမှာ ငါတို့တွေက အရှင်တုပိုင်အတွက် အချိန်ဆွဲပေးရတဲ့ အမြောက်စာတွေ ဖြစ်သလို ၊ ငါတို့ကိုယ်ငါတို့ သက်သေပြဖို့ တစ်ခုတည်းသော အခွင့်အရေးလည်း ဖြစ်တယ်။ နောင်အနာဂတ်မှာ ငါတို့က အမြောက်စာ လုပ်ချင်တယ်ဆိုရင်တောင် အရှင်တုပိုင်က ငါတို့ကို လိုအပ်တော့မှာ မဟုတ်ဘူး။ အကယ်၍ မျိုးနွယ်စုတစ်ခုက အမြောက်စာ ဖြစ်ခွင့်တောင် မရှိတော့ဘူးဆိုရင် ၊ အဲဒီမျိုးနွယ်စုက သေဖို့ပဲ ရှိတော့တယ်။ တစ်ချို့လူတွေက ပြောကြတယ်… အကယ်၍ အညံ့ခံလိုက်မယ်ဆိုရင် ဂျာချင်မျိုးနွယ်စုက လုံးဝ ပျက်စီးသွားလိမ့်မယ်တဲ့”
**--**--**--**--**--**--**--**
“ဝုန်းးး ဝုန်းးး ဝုန်းးး ဝုန်းးး”
ကမ္ဘာကြီး၏အရှင်သခင် ဆိုသည့်အတိုင်းပင် အရှေ့ဘက် ပြည်ထောင်စုသည် အလွန်တရာ စည်ပင်ဝပြောပြီး အင်အားတောင့်တင်းလှပေသည်။ ထို့ကြောင့် ပြင်ဆင်ထားသည့် အမြောက်ဆန် အရေအတွက်မှာလည်း အံ့သြမှင်တက်ဖွယ် ကောင်းလောက်အောင် များပြားလှ၏။ တိုက်ပွဲမစတင်မီ နာရီဝက်ခန့်ကြာအောင် အမြောက်ဆန်များဖြင့် မြေလှန်ပစ်လိုက်ကြလေသည်။
ရာနှင့်ချီသော အမြောက်ကြီးများက အကြိမ်ပေါင်း ဒါဇင်နှင့်ချီ၍ ပစ်ခတ်ပြီးနောက်တွင်မှ ၊ နောက်ဆုံးတွင် ငြိမ်သက်သွား၏။ ထိုအခါ လျန်ကျန်း ဘုရင်ခံသစ် တုကျန့် နှင့် ဖင်းရှီးစစ်သူကြီး ယွမ်ထျန်ကျောက် တို့မှာ လုံးဝ အံ့အားသင့်သွားကြလေသည်။
ကျားနဂါးများ ဝပ်စင်းနေသကဲ့သို့ ခန့်ညားလှသော ဝူကျိုးမြို့ရိုးကြီးမှာ လုံးဝ ပျောက်ကွယ်သွားသကဲ့သို့ ရှိနေပြီး ၊ တစ်စုံတစ်ယောက်က အစအနမကျန် ဖျက်ဆီးပစ်လိုက်သည့်အလား ဖြစ်နေ၏။ မြို့ရိုးမှာ တိုက်ရိုက် ဗုံးကြဲဖျက်ဆီးခံလိုက်ရသဖြင့် အပျက်အစီးပုံကြီးအဖြစ်သို့ ပြောင်းလဲသွားရလေသည်။
တုကျန့်က သက်ပြင်းချလိုက်ပြီး ပြောသည်။ “ကမ္ဘာကြီးက ပြောင်းလဲသွားပြီ… မြို့ရိုးတွေကလည်း အသုံးမဝင်တော့ဘူး”
ယွမ်ထျန်ကျောက်က ပြော၏။ “တုပိုင်ကတော့ နောက်ကျကျန်ခဲ့ပြီ… နှစ်တစ်ရာလောက်ကို နောက်ကျကျန်နေပြီ”
“မြို့ထဲကို ချီတက်ကြစမ်း… မြို့စောင့်တပ်သား အားလုံးကို သတ်ပစ်ကြ”
သူ၏ အမိန့်အရ ၊ ဓားစစ်သည်တစ်ဦး၏ အကာအကွယ်အောက်တွင် သေနတ်ကိုင်တပ်သား နှစ်ဦးစီ ပါဝင်သော အဖွဲ့များက ဝူကျိုးမြို့ထဲသို့ ဝင်ရောက်လာကြသည်။
“ရှူးးး ရှူးးး ရှူးးး”
ထိုအချိန်မှာပင် ၊ အိမ်အသီးသီးမှနေ၍ မရေမတွက်နိုင်သော လေးနှင့်မြားများက ထွက်ပေါ်လာကြ၏။ မြို့တွင်း လမ်းကြားတိုက်ပွဲများပင် ဖြစ်လေသည်။
ဝမ်ယန်ယင်းတူ၏ လူရှစ်သောင်းဖြင့် တုကျန့်နှင့် ယွမ်ထျန်ကျောက်တို့၏ သုံးသိန်းသော စစ်တပ်ကြီးကို ရင်ဆိုင်ရမည်မှာ သေလမ်းကို သွားနေခြင်းဖြစ်ကြောင်း တုပိုင် သိထားပြီးဖြစ်သည်။ ပို၍ ဆိုးသည်မှာ ၊ အကယ်၍ ဤလူရှစ်သောင်းက မြို့ရိုးပေါ်၌သာ နေမည်ဆိုလျှင် ၊ နာရီဝက်အတွင်း တစ်တပ်လုံး ပြုတ်သွားမည်ဖြစ်ပြီး အရှေ့ဘက် ပြည်ထောင်စု၏ အမြောက်ဒဏ်ဖြင့် လုံးဝ အသတ်ခံရပေလိမ့်မည်။
ရန်သူ့စစ်တပ်ကို တားဆီးထားရန်နှင့် တုပိုင်အတွက် အချိန်ဆွဲပေးရန်အတွက်မူ ၊ အသွေးအသားများစွာ ပေးဆပ်ရသည့် ကြမ်းတမ်းရက်စက်သော လမ်းကြားတိုက်ပွဲများအဖြစ် ဆင်နွှဲရုံသာ ရှိတော့၏။
တစ်ချိန်တည်းမှာပင် ကွမ်ရှီးပြည်နယ်၏ တောင်ဘက်အစွန်ဆုံးမြို့ဖြစ်သော လျန်ကျိုးမြို့၌လည်း သွေးချောင်းစီး လမ်းကြားတိုက်ပွဲများ စတင်နေပြီ ဖြစ်၏။
နာရီဝက်ကြာ အမြောက်ဖြင့် ပစ်ခတ်ခံခဲ့ရသဖြင့် ၊ လျန်ကျိုးမြို့ရိုးကြီးမှာ လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ မိုဟန် ၊ ရှောင်မူကျစ် နှင့် ဖန်းထျန်မင်း တို့သည် မြို့ထဲသို့ စစ်သည်များ စေလွှတ်လိုက်ကြသော်လည်း ၊ တုပိုင်၏ မီးနတ်ဘုရားဂိုဏ်း စစ်တပ်၏ ပြန်လည် တိုက်ခိုက်ခြင်းကို ခံလိုက်ရလေသည်။
မရေမတွက်နိုင်သော စစ်သည်များသည် အိမ်များအတွင်း၌လည်းကောင်း ၊ မြေအောက်လှိုင်ဂူများအတွင်း၌လည်းကောင်း ပုန်းအောင်းနေကြပြီး မြားများဖြင့် ချောင်းမြောင်းပစ်ခတ်နေကြ၏။ လမ်းကြားတစ်ခုစီတွင် လူဒါဇင်နှင့်ချီ၍ ဓားချင်းယှဉ်ခတ်ကာ ခုခံနေကြလေသည်။ နင်းချန်ဘုရင်မ ၊ မင်းသမီးယွီကျိန်း နှင့် နယ်စားမင်း ကျီချင်းကျူ တို့ကိုယ်တိုင်လည်း ရန်သူကို ရင်ဆိုင်တိုက်ခိုက်ရန် စစ်မြေပြင်သို့ ဆင်းလာကြလေ၏။
**--**--**--**--**--**--**--**
“ဝုန်းးး ဝုန်းးး ဝုန်းးး ဝုန်းးး”
အရှေ့ဘက် ပြည်ထောင်စု၏ အလွန်လေးလံသော အမြောက်ကြီးများက သူတို့၏ စွမ်းအားကို ထုတ်ဖော်ပြသလိုက်ကြသည်။ ကျယ်လောင်သော ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာပြီးနောက် ၊ တုပိုင်၏ လျန်ကျိုးဆိပ်ကမ်းရှိ ခံတပ်များ အားလုံး ပေါက်ကွဲပျက်စီးသွားခဲ့ရ၏။
ထို့နောက် ၊ အရှေ့ဘက် ပြည်ထောင်စု၏ အစွမ်းထက်သော ရေတပ်ကြီးသည် လျန်ကျိုးဆိပ်ကမ်းအတွင်းသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာပြီး ၊ တုပိုင်၏ တစ်စင်းတည်းသော စစ်သင်္ဘော ကျောင်းလုံ ကို အပိုင်းပိုင်းပြတ်သွားအောင် တိုက်ရိုက် ပစ်ခတ်လိုက်လေသည်။ သို့သော် ၊ ဆိပ်ကမ်းထဲသို့ ဝင်ရောက်ပြီးနောက်တွင်မူ။ ဧရာမ ကုန်တင်သင်္ဘော အနည်းငယ်ကိုသာ တွေ့ရှိရပြီး ၊ စစ်သင်္ဘော ကျောင်းလုံ ကိုမူ မည်သည့်နေရာတွင်မျှ ရှာမတွေ့တော့ချေ။
**--**--**--**--**--**--**--**
မိစ္ဆာကျွန်း။ ဤနေရာသည် တုပိုင် ယခင်စနစ်ရှင်ဖြစ်ခဲ့ဖူးသည့် မိုထျန်နန်၏ ရတနာများကို ရှာဖွေခဲ့သည့် နေရာပင် ဖြစ်လေသည်။ ဤကျွန်း၏ အောက်ခြေတွင် လျှို့ဝှက်ရွှေသတ္တုတွင်းများ ရှိနေသဖြင့် ၊ ပထဝီဝင်အနေအထားနှင့် ရာသီဥတု အခြေအနေမှာ အလွန်တရာ ရှုပ်ထွေးလှပေသည်။
ကျွန်းပတ်ပတ်လည်တွင် နေ့စဉ်နေ့တိုင်း ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးများ လက်နေလေ့ရှိပြီး ၊ တစ်လလျှင် တစ်ရက် သို့မဟုတ် နှစ်ရက်ခန့်သာ ငြိမ်သက်အေးချမ်းလေ့ ရှိ၏။ ထို့ကြောင့် ၊ ကျွန်းကလေး ငြိမ်သက်နေသည့်အချိန်တွင် ရွှဲ့ကွမ်ရင် နှင့် မင်းသမီး လီအာနာ တို့သည် စစ်သင်္ဘော ကျောင်းလုံ ကို ယူဆောင်၍ မိစ္ဆာကျွန်းအတွင်းသို့ ပုန်းအောင်းခဲ့ကြလေသည်။
ဤနေရာသည်သာ လုံလုံလောက်လောက် ဘေးကင်းပြီး ၊ အရှေ့ဘက် ပြည်ထောင်စု ရေတပ်၏ ရှာဖွေတွေ့ရှိမှုနှင့် ဖျက်ဆီးမှုတို့မှ ကင်းဝေးနိုင်မည် ဖြစ်သည်။ ဤသည်မှာ တုပိုင်၏ တစ်စင်းတည်းသော စစ်သင်္ဘောဖြစ်ပြီး ၊ ဆုံးရှုံးခံ၍ မဖြစ်နိုင်ပေ။
“အားးး အားးး” မင်းသမီး လီအာနာသည် လက်အိတ်များကို ဝတ်ဆင်ထားပြီး စစ်သင်္ဘော၏ နံရံများကို အသည်းအသန် ထုရိုက်နေလေ၏။ “ဒါက အရှက်တကွဲ ဖြစ်တာပဲ… ရှက်ဖို့ကောင်းလိုက်တာ။ ရန်သူတွေ ရောက်လာတာတောင် ၊ ငါတို့ရဲ့ စစ်သင်္ဘောက တိုက်ပွဲမဝင်ရဲဘဲ ကြွက်ကလေးတစ်ကောင်လို ဂူထဲမှာ ပုန်းအောင်းနေရတယ်”
မင်းသမီး လီအာနာက ဆက်ပြောလိုက်၏။ “ဒါက ဗိုက်ကင်းနိုင်ငံအတွက် အရှက်ရစရာပဲ။ ရင်ခွင်ပိုက်မင်းသား တုပိုင်အတွက်လည်း အရှက်ရစရာပဲ။ ငါတို့ရဲ့ စစ်သင်္ဘောက ကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံးနဲ့ အဆင့်အမြင့်ဆုံးလေ”
ရွှဲ့ကွမ်ရင်က ပြန်ပြောသည်။ “ဟုတ်ပါတယ်… ဒါပေမဲ့ ရှင့်ရဲ့ အမြောက်တွေက ခေတ်နောက်ကျနေပြီ။ အရှေ့ဘက် ပြည်ထောင်စုရဲ့ စစ်သင်္ဘောတွေနဲ့ ရင်ဆိုင်ရရင် ၊ ဖျက်စီးခံရဖို့ပဲ ရှိတာ။ ဒါကို အမေရိကရေပြင်တိုက်ပွဲတွေမှာ အပြည့်အဝ သက်သေပြခဲ့ပြီးသားပဲ။ ဗိုက်ကင်းနိုင်ငံက စစ်သင်္ဘော သုံးစင်းတောင် ဆုံးရှုံးခဲ့တယ် မဟုတ်လား”
မင်းသမီး လီအာနာက မေးလိုက်၏။ “စစ်သူကြီး ရွှဲ့… ဒီတစ်ကြိမ်မှာတော့ ရှင့်ရဲ့ မင်းသားက သေရတော့မှာလား။ ဖန်းချန်ရဲ့ မိစ္ဆာနဂါးက အရှေ့ကမ္ဘာတစ်ခုလုံးကို လုံးဝ သိမ်းပိုက်တော့မှာလား”
ရွှဲ့ကွမ်ရင်က ပြန်ပြောသည်။ “မဖြစ်နိုင်တာ… ကျွန်မရဲ့ ခင်ပွန်းက ဘယ်တော့မှ အရှုံးမပေးတဲ့သူ ၊ ပြိုင်ဘက်ကင်းတဲ့သူပဲ”
မင်းသမီး လီအာနာက ပြောလိုက်၏။ “ဒါပေမဲ့ သူ့အတွက် အောင်ပွဲခံနိုင်မယ့် မျှော်လင့်ချက်ကို ကျွန်မ မမြင်တော့ဘူး”
ရွှဲ့ကွမ်ရင်က ပြောသည်။ “ဒါပေမဲ့ ကျွန်မ ကြားထားတာကတော့… အောင်ပွဲရဲ့ ခြေသံတွေက အမြန်ဆုံး ရောက်လာတော့မယ်တဲ့”
“မြန်မြန်… မြန်မြန်…”
မိစ္ဆာဝံပုလွေများသည် တုပိုင်၏ ကျန့်ရှီးအိမ်တော်ဆီသို့ ကျောက်သလင်း မှော်အမြောက်များကို တစ်လက်ပြီးတစ်လက် သယ်ဆောင်ကာ အသည်းအသန် ပြေးလွှားနေကြလေသည်။
စစ်ခုန်းယဲ့နှင့် ရှာမန် နိုင်ငံတော်ဆရာသခင်တို့၏ အဖွဲ့သည် ကျောက်သလင်း မှော်အမြောက်တစ်လက်ကို ပြုပြင်ပြီးတိုင်း ၊ အမြောက်သုံးချက် အရင်စမ်းသပ်ပစ်ခတ်လေ့ရှိသည်။ မည်သည့်ပြဿနာမျှ မရှိကြောင်း အတည်ပြုပြီးသည်နှင့် ပြင်ပရှိ သွေးမိစ္ဆာစစ်သည်များထံသို့ ချက်ချင်း လွှဲပြောင်းပေးအပ်လိုက်ကြ၏။
ထို့နောက် ၊ သွေးမိစ္ဆာစစ်သည်များသည် ထိုအမြောက်များကို လာမည့်တိုက်ပွဲအတွက် စစ်မြေပြင်သို့ သယ်ဆောင်သွားကြလေသည်။ တုပိုင်၏ လက်အောက်ရှိ လူတိုင်းသည် အချိန်နှင့်အမျှ အသည်းအသန် ပြိုင်ဆိုင်နေကြရ၏။
တုပိုင်က ဝမ်ယန်ယင်းတူကို ဝူကျိုးမြို့၌ အရှေ့ဘက် ပြည်ထောင်စုအား ဆယ်ရက်ကြာ တောင့်ခံထားရန် အမိန့်ပေးထားခဲ့သည်။ မီးနတ်ဘုရားဂိုဏ်း စစ်တပ်ကိုလည်း ဆယ်ရက်ကြာ အချိန်ဆွဲထားရန် ထပ်တူညီသော အမိန့်မျိုး ပေးထားခဲ့၏။
၁၃ ရက် ကြာပြီးနောက်။ အသွေးအသားများစွာ ပေးဆပ်ခဲ့ရသော ကြမ်းတမ်းရက်စက်သည့် လမ်းကြားတိုက်ပွဲကြီး ပြီးဆုံးသွားလေပြီး ၊ ဝူကျိုးမြို့မှာ လုံးဝ သိမ်းပိုက်ခံလိုက်ရလေသည်။ ၁၅ ရက် ကြာပြီးနောက်တွင်မူ တုပိုင်၏ တောင်ဘက်မြို့ဖြစ်သော ၊ တစ်ခုတည်းသော ဆိပ်ကမ်းမြို့ဖြစ်သည့် လျန်ကျိုးမြို့မှာလည်း လုံးဝ ကျဆုံးသွားခဲ့ပြီ ဖြစ်၏။
တုပိုင်သည် စာပို့ငှက်ထံမှ စာတစ်စောင်ကို လက်ခံရရှိခဲ့သည်။ စစ်တပ်နှစ်ခုလုံးတွင် အကျအဆုံး များပြားလှပေသည်။ အထူးသဖြင့် ဝမ်ယန်ယင်းတူ၏ စစ်တပ်မှာ ထိတ်လန့်ဖွယ်ကောင်းလောက်အောင် အကျအဆုံး များပြားနေခဲ့၏။ လျန်ကျိုးနှင့် ဝူကျိုး စစ်မြေပြင်များတွင် ၊ ၁၀ ရက်ကျော်အတွင်း တုပိုင်ဘက်မှ အကျအဆုံးပေါင်း ၁၁၀,၀၀၀ ရှိခဲ့သည်။ ထိုမြို့ကြီးနှစ်မြို့မှာလည်း လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်၏။
“သူတို့ကို ပြန်လာခိုင်းလိုက်တော့… သူတို့ရဲ့ တာဝန် ပြီးမြောက်သွားပြီ” တုပိုင်အမိန့်ပေးလိုက်သည်။
ဟုတ်ပေသည် ၊ သူတို့၏ တာဝန် ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။ တုပိုင်အနေဖြင့် ကျောက်သလင်း မှော်အမြောက်များကို လုံလုံလောက်လောက် ပြုပြင်ပြောင်းလဲနိုင်ရန်အတွက် သူတို့သည် အချိန်လုံလုံလောက်လောက် ဆွဲပေးနိုင်ခဲ့ကြသည်။ သူတို့သည် ပေးအပ်ထားသော တာဝန်ထက်ပင် ပိုမိုကျော်လွန်အောင် ဆောင်ရွက်ခဲ့ကြပြီး ၊ လာမည့် ကြီးကျယ်သော အောင်ပွဲအတွက် ခိုင်မာသော အခြေအနေများကို ဖန်တီးပေးခဲ့ကြလေသည်။
တုကျန့် ၊ ယွမ်ထျန်ကျောက် ၊ မိုဟန် နှင့် ရှောင်မူကျစ် တို့သည် ယခုအချိန်တွင် အောင်ပွဲ၏ ဂုဏ်ကျက်သရေကို ခံစားရင်း နိဗ္ဗာန်ရောက်နေသကဲ့သို့ ခံစားနေကြပေလိမ့်မည်။ သို့သော် မကြာမီအချိန်လေးအတွင်း ငရဲမင်းကြီးတုပိုင် ကိုယ်တိုင် ထိုလူများအား ငရဲပြည်သို့ ဆွဲချပြစ်မည်ဖြစ်လေ၏။
**--**--**--**--**--**--**--**
ဝူကျိုးနှင့် လျန်ကျိုး တိုက်ပွဲများတွင် တုပိုင်၏ စစ်တပ် ၁၆၀,၀၀၀ အနက် ၊ ၁၁၀,၀၀၀ ကျဆုံးခဲ့သည်။ ထိုစစ်မြေပြင်နှစ်ခု၏ ကြောက်မက်ဖွယ်ကောင်းသော အခြေအနေကို မည်သည့်စကားလုံးနှင့်မျှ ဖော်ပြ၍ မရနိုင်ချေ။
ယင်းတို့သည် အသွေးအသားများကို ကြိတ်ခြေပစ်သည့် စက်ကြီးများကဲ့သို့ပင် ဖြစ်၏။ အထူးသဖြင့် ဝမ်ယန်ယင်းတူ၏ တပ်ဖွဲ့တွင် လူ ၈၀,၀၀၀ အနက် ၂၀,၀၀၀ ထက်ပင် လျော့နည်း၍ ကျန်ရစ်တော့သည်။ ဂျာချင်စစ်သည် ၄၀,၀၀၀ အနက် ၁၀,၀၀၀ သာ ကျန်တော့၏။ ထို့ပြင် ၊ အကျအဆုံးဟု ဆိုရာ၌ အများစုမှာ စစ်မြေပြင်တွင် သေဆုံးခဲ့ကြခြင်း သို့မဟုတ် ကုသ၍မရနိုင်လောက်အောင် ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ကြခြင်း ဖြစ်လေသည်။
တုပိုင်၏ မဟာဗျူဟာ လမ်းညွှန်မှုမှာ မှန်ကန်ခဲ့ပေသည်။ လက်နက်ဆန်းများ ပေါ်ထွက်လာသည့် ခေတ်ကာလတွင် ၊ ရှေးဟောင်းလက်နက်များအတွက် လမ်းကြားတိုက်ပွဲ ဆင်နွှဲခြင်းသည်သာ တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မြို့တွင်းရှိ လမ်းကြားကျဉ်းလေးများထဲတွင် အရှေ့ဘက် ပြည်ထောင်စု၏ အမြောက်တပ်များမှာ သူတို့၏ စွမ်းအားကို ထုတ်မပြနိုင်ကြတော့ဘဲ အားသာချက်များကို မရရှိနိုင်တော့သောကြောင့်ပင်။
တုပိုင်၏ စစ်တပ်တွင် အမြောက်ကြီးများ မရှိသော်လည်း ၊ သူတို့တွင် ထိပ်တန်း လေးနှင့် မြားများ ရှိနေခဲ့သည်။ ယင်းတို့၏ စွမ်းအားနှင့် ပစ်ခတ်နိုင်သည့် အကွာအဝေးမှာ အရှေ့ဘက် ပြည်ထောင်စု၏ မီးကျောက်သေနတ်များကို မယှဉ်နိုင်သော်လည်း ၊ မြို့တွင်းလမ်းကြားများတွင်မူ လက်ပစ်လေးများက ပို၍ အဆင်ပြေပြီး ချောင်းမြောင်းတိုက်ခိုက်ရန် ပို၍ သင့်တော်ပေသည်။
ထို့ကြောင့် ၊ အရှေ့ဘက် ပြည်ထောင်စု စစ်တပ်သည် ဝူကျိုးမြို့ထဲသို့ ဝင်ရောက်လာသည်နှင့် ဝမ်ယန်ယင်းတူ၏ စစ်သည်တော်များ၏ တိုက်ခိုက်ခြင်းကို ချက်ချင်း ခံလိုက်ရလေသည်။ ရှေ့ပိုင်း နာရီဝက်ကြာ အမြောက်ဖြင့် ပစ်ခတ်မှုမှာ အလွန်တရာ အစွမ်းထက်ပြီး ဝူကျိုးမြို့ရိုးကို ကမ္ဘာမြေပေါ်မှ ဖျက်ဆီးပစ်နိုင်ခဲ့သော်လည်း ၊ ရန်သူသည် ထိုမြို့ရိုးပေါ်တွင် မည်သူမျှ မရှိနေခဲ့ကြောင်းကို မသိရှိခဲ့ကြချေ။ ဝမ်ယန်ယင်းတူ၏ လူရှစ်သောင်းမှာ မြို့ထဲ၌သာ ပုန်းအောင်းနေခဲ့ကြခြင်း ဖြစ်၏။
ကျဉ်းမြောင်းသော လမ်းကြားများ ၊ အိမ်ခေါင်မိုးများနှင့် ပြတင်းပေါက်များမှနေ၍ မြားများက အဆက်မပြတ် ထွက်ပေါ်လာနေခဲ့သည်။ အရှေ့ဘက် ပြည်ထောင်စု၏ စစ်အင်အားမှာ ဝမ်ယန်ယင်းတူထက် အဆပေါင်းများစွာ သာလွန်သော်လည်း ၊ အချို့သော နေရာများတွင်မူ တုပိုင်၏ စစ်သည်ငယ်လေးများကသာ အင်အားသာလွန်စွာဖြင့် ပြန်လည် တိုက်ခိုက်နေကြလေသည်။ ထို့ကြောင့် လမ်းကြားတိုက်ပွဲ၏ ပထမနေ့မှာပင် ၊ တုကျန့်နှင့် ယွမ်ထျန်ကျောက်တို့၏ စစ်တပ်မှာ အကျအဆုံး များပြားခဲ့ရ၏။
ဒုတိယနေ့တွင် ယွမ်ထျန်ကျောက်က သူ၏ ဗျူဟာကို ပြောင်းလဲခဲ့ပြီး ၊ သံချပ်ကာ ဝတ်ဆင်ထားသော စစ်သည်များကို မြို့ထဲသို့ စေလွှတ်ခဲ့သည်။ သို့သော် ၊ ပထဝီဝင် အားသာချက်များကြောင့် တုပိုင်၏ စစ်သည်များမှာ အိမ်များအတွင်းမှ ချောင်းမြောင်းတိုက်ခိုက်နေဆဲ ဖြစ်သဖြင့် ယွမ်ထျန်ကျောက်၏ စစ်တပ်မှာ ထပ်မံ အကျအဆုံး များပြားနေခဲ့ရဆဲပင်။
တတိယနေ့တွင်မူ ၊ ယွမ်ထျန်ကျောက်သည် နောက်ဆုံး၌ ခွန်လွန်ကျွန်စစ်သည်များကို စေလွှတ်လိုက်လေတော့သည်။ ထိုအခါတွင် တိုက်ပွဲ၏ အခြေအနေမှာ လုံးဝ ပြောင်းလဲသွားခဲ့ရ၏။ ဝမ်ယန်ယင်းတူ၏ လက်အောက်ရှိ စစ်သည်များမှာ အလွန်တရာ ရဲရင့်ကြပြီး ၊ ဂျာချင်စစ်သည်များ၏ တိုက်ခိုက်ရေးစွမ်းရည်မှာလည်း အလွန်အမင်း အားကောင်းလှပေသည်။
ထို့ပြင် တုပိုင် ပေးအပ်ထားသော ထိပ်တန်း သံချပ်ကာများကို ဝတ်ဆင်ထားကြသဖြင့် သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ထူးကဲကြသည်။ သို့သော် ၊ ခွန်လွန်ကျွန်စစ်သည်များ၏ ရှေ့မှောက်တွင်မူ သူတို့မှာ လုံးဝ သတ်ဖြတ်ခြင်းကိုသာ ခံလိုက်ရလေတော့သည်။
ဝမ်ယန်ယင်းတူသည် အညံ့ခံရန် အစီအစဉ် မရှိခဲ့သော်လည်း ၊ သူ၏ ဂျာချင်စစ်သည်များ ၊ မွန်ဂိုစစ်သည်များနှင့် ဟန်စစ်သည်များမှာမူ အညံ့ခံလိုစိတ် ရှိကောင်း ရှိနိုင်ပေသည်။ သို့သော် ၊ မကြာမီမှာပင် အညံ့ခံရန် မလိုအပ်တော့ကြောင်း သူတို့ သိရှိသွားခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် အညံ့ခံခြင်းက အသုံးမဝင်သောကြောင့်ပင်။ တုပိုင်အပေါ် ထားရှိသည့် အမုန်းတရားကြောင့်လော ၊ သို့မဟုတ် ဤတိုက်ပွဲအပေါ် အလွန်အမင်း ယုံကြည်မှု ရှိနေသောကြောင့်လော မသိရသော်လည်း ၊ တုဟွေး ၊ တုကျန့် နှင့် ယွမ်ထျန်ကျောက် တို့သည် အကြွင်းမဲ့ သတ်ဖြတ်ခြင်းကိုသာ ရည်ရွယ်ထားကြခြင်း ဖြစ်၏။
ထို့ကြောင့် ၊ အရှေ့ဘက် ပြည်ထောင်စုသည် သုံ့ပန်းများကို လက်မခံခဲ့ချေ။ ထိုအချက်ကပင် ဝမ်ယန်ယင်းတူ၏ စစ်သည်များကို နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်ရန် တွန်းအားပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။
ထို့နောက်တွင် ၊ အလွန်တရာ ဝမ်းနည်းကြေကွဲဖွယ်ကောင်းသော မြင်ကွင်းများ ပေါ်ထွက်လာခဲ့၏။ လက်ရွေးစင် ဂျာချင်စစ်သည်တစ်ဦးသည် ခွန်လွန်ကျွန်စစ်သည်တစ်ဦးကို အလဲအထပ်လုပ်နိုင်ရန်အတွက် လူဒါဇင်နှင့်ချီ၍ အသက်ပေးခဲ့ကြရသည်။ ဂျာချင်စစ်သည် ဆယ်ဦးခန့်က ခွန်လွန်ကျွန်စစ်သည်တစ်ဦးကို ဝိုင်းရံထားသော်လည်း ၊ နောက်ဆုံးတွင် သူတို့အားလုံးသာ အသတ်ခံလိုက်ရလေ့ ရှိ၏။
ခွန်လွန်ကျွန်စစ်သည်တိုင်းသည် ထူထဲလှသော သံချပ်ကာများကို ဝတ်ဆင်ထားကြသဖြင့် မည်သည့်ဓားကမျှ ထိုးဖောက်နိုင်ခြင်း မရှိချေ။ သူတို့၏ လက်ထဲရှိ ဓားများမှာလည်း ကျင်းတစ်ရာကျော် လေးလံလှပြီး အလွန်တရာ အစွမ်းထက်လှပေသည်။ ယင်းတို့သည် တုပိုင်၏ စစ်သည်များ ဝတ်ဆင်ထားသော သံချပ်ကာများကို အလွယ်တကူ ပိုင်းဖြတ်နိုင်ပြီး ဦးခေါင်းများကိုပါ ပြတ်ထွက်သွားအောင် လုပ်ဆောင်နိုင်ကြ၏။
ခွန်လွန်ကျွန်စစ်သည်တိုင်းသည် ငရဲမှလာသော သတ်ဖြတ်ခြင်း နတ်ဘုရားများကဲ့သို့ ဖြစ်နေပြီး ၊ စစ်သည်ဒါဇင်နှင့်ချီအား တစ်ယောက်တည်းဖြင့် အလွယ်တကူ သတ်ဖြတ်နေခဲ့ကြ၏။ ဤနည်းဖြင့် ၊ ဝမ်ယန်ယင်းတူသည် ၁၃ ရက်တိုင်တိုင် တောင့်ခံထားခဲ့သော်လည်း ၊ သူ၏ လက်အောက်ရှိ လူ ၈၀,၀၀၀ အနက် ၂၀,၀၀၀ ထက်ပင် လျော့နည်း၍ ကျန်ရစ်တော့သည်။ ဝူကျိုးမြို့တစ်ခွင်လုံးတွင် အလောင်းများနှင့် သွေးများသာ နေရာအနှံ့ ပျံ့နှံ့နေလေတော့၏။
နေရာအနှံ့တွင် အလောင်းများသာ ရှိနေလေ၏။ ပူပြင်းသော ရာသီဥတုကြောင့် ကပ်ရောဂါများပါ စတင်ဖြစ်ပွားလာလေသည်။
တုကျန့်နှင့် ယွမ်ထျန်ကျောက်တို့သည် ကပ်ရောဂါကြောင့်စစ်တပ်ကို ဝူကျိုးမြို့မှ ဆုတ်ခွာရန် အမိန့်ပေးလိုက်ပြီး ၊ လမ်းကြောင်းနှစ်ခုခွဲကာ လျူကျိုးစီရင်စုနှင့် လင်းကျိုးစီရင်စုများသို့ ချီတက်တိုက်ခိုက်ကြလေတော့သည်။
မိဖုရားလီထံမှ တုပိုင်၏ ဆုတ်ခွာမိန့်ကို ရရှိသည့်အခါ ၊ ဝမ်ယန်ယင်းတူမှာ ငိုချမတတ်ပင် ခံစားလိုက်ရ၏။
ထို့နောက် ၊ မီးရှူးတိုင်တစ်ခုက အလောင်းအားလုံးကို ဝါးမြိုသွားပြီး ဝူကျိုးမြို့ကြီးမှာ မီးတောက်များအတွင်း နစ်မြုပ်သွားလေတော့သည်။
**--**--**--**--**--**--**--**
လျန်ကျိုးစီရင်စု၏ တိုက်ပွဲအခြေအနေမှာ အနည်းငယ် ပိုကောင်းပေသည်။ လူရှစ်သောင်းရှိသော မီးနတ်ဘုရားဂိုဏ်း စစ်တပ်မှ နောက်ဆုံးတွင် သုံးသောင်းခန့် အသက်ရှင်ကျန်ရစ်ခဲ့၏။
ဝမ်ယန်ယင်းတူ၏ စစ်တပ်ထက် အကျအဆုံး နည်းပါးသော်လည်း ၊ လျန်ကျိုးတိုက်ပွဲမှာ ပို၍ ဝမ်းနည်းကြေကွဲဖွယ် ကောင်းလှသည်။ အဘယ်ကြောင့်ဆိုသော် မီးနတ်ဘုရားဂိုဏ်း စစ်တပ်မှာ တုပိုင်အပေါ် အလွန်အမင်း သစ္စာရှိပြီး ရူးသွပ်ကြသဖြင့် ၊ နောက်ဆုံးအင်အားအထိ တိုက်ပွဲဝင်ကာ နောက်ဆုံးသွေးတစ်စက်အထိ ရူးသွပ်စွာ ပေးဆပ်ခဲ့ကြသောကြောင့်ပင် ဖြစ်၏။
နောက်ထပ်အချက်တစ်ခုမှာ ၊ မီးနတ်ဘုရားဂိုဏ်း စစ်တပ်သည် လျန်ကျိုးမြို့ကို အလွန်ကျွမ်းကျင်ပြီး ပထဝီဝင်အနေအထားအရ လုံးဝအားသာချက် ရှိနေသောကြောင့် ဖြစ်သည်။
သို့သော်လည်း ၊ ဤမျှများပြားသော အကျအဆုံးများမှာ တုပိုင်၏ ရင်ကို နာကျင်စေခဲ့၏။ ဤစစ်တပ်မှာ တုပိုင်အပေါ် အသစ္စာရှိဆုံးနှင့် အစွဲလမ်းဆုံး စစ်တပ် မဟုတ်ပါလား။
ကျီချင်းကျူသည်လည်း ရှောင်မူကျစ်နှင့် ရင်ဆိုင်ရရန် သူ၏ ဆန္ဒကို အကောင်အထည်ဖော်နိုင်ခဲ့လေသည်။
**--**--**--**--**--**--**--**
လွန်ခဲ့သော သုံးရက်က ကျန်းနန်နယ်စားမင်းအိမ်တော်တွင် ဖြစ်သည်။
မိုဟန်ဘုရင်မ၏ စရိုက်အရ ၊ သူမသည် အဆင်ပြေဆုံး အိမ်တော်တွင် နေထိုင်မည်ဟု ကျီချင်းကျူက ခန့်မှန်းခဲ့၏။
လျန်ကျိုးစီရင်စုတွင် အကောင်းဆုံးအိမ်တော် နှစ်ခုရှိရာ ၊ တစ်ခုမှာ ယခင် လီမိသားစုအိမ်တော်ဖြစ်ပြီး ပို၍ ခမ်းနားသော်လည်း ၊ လီဝမ်ယု၏ စစ်တပ်ကြောင့် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် ကျန်းနန်နယ်စားမင်းအိမ်တော်သာ ကျန်တော့၏။
ခန့်မှန်းသည့်အတိုင်းပင် ၊ လျန်ကျိုးမြို့ထဲသို့ ဝင်ရောက်ပြီးနောက် မိုဟန်ဘုရင်မသည် အိမ်တော်ကို မည်သည့်အဖိုးအခပေးရစေကာမူ သိမ်းပိုက်ရန်နှင့် သူမ နေထိုင်ရန်အတွက် အမြောက်များဖြင့် မဖျက်ဆီးရန် ချက်ချင်း အမိန့်ပေးခဲ့လေသည်။
ထို့ကြောင့် ကျီချင်းကျူ ၊ နင်းချန်ဘုရင်မ ၊ မင်းသမီးယွီကျိန်း နှင့် အန်နမ်နိုင်ငံမှ ဆရာသခင်များသည် ကျန်းနန်နယ်စားမင်းအိမ်တော်တွင် တိတ်တဆိတ် ပုန်းအောင်းကာ ၊ မိုဟန်နှင့် ရှောင်မူကျစ်တို့ ထောင်ချောက်ထဲသို့ ဝင်လာရန် စောင့်ဆိုင်းပြီးမှ သူတို့ကို တစ်ချက်တည်းနှင့် သုတ်သင်ရန် ကြံစည်ခဲ့ကြသည်။
ခန့်မှန်းသည့်အတိုင်းပင် ရှောင်မူကျစ်နှင့် မိုဟန်ဘုရင်မတို့သည် ကျန်းနန်နယ်စားမင်းအိမ်တော်အတွင်းသို့ ဝင်လာကြလေ၏။
မဟာဆရာသခင် ကျီချင်းကျူသည် မိုဟန်ဘုရင်မကို တစ်ချက်တည်းနှင့် သတ်ရန် ချက်ချင်း တိုက်ခိုက်ခဲ့သော်လည်း ၊ သူ မအောင်မြင်ခဲ့ချေ။
သူသည် ကျန်းနန်နယ်စားမင်းအိမ်တော်တွင် ထောင်ချောက်ဆင်၍ မိုဟန်နှင့် ရှောင်မူကျစ်တို့ကို ဖမ်းချင်ခဲ့သော်လည်း ၊ ရှောင်မူကျစ်၏ ကောက်ကျစ်မှုကို သူ လျှော့တွက်ခဲ့မိသည်။ အပေါ်ယံတွင် သူတို့က သားကောင်ဖြစ်သော်လည်း ၊ တကယ်တမ်းတွင်မူ သူတို့က မုဆိုးများ ဖြစ်နေခဲ့ကြ၏။
မိုဟန်နှင့် ရှောင်မူကျစ်တို့၏ ဘေးတွင် အထင်မကြီးစရာကောင်းသော လူမှာ မဟာဆရာသခင်တစ်ဦး ဖြစ်နေသည်။
ဉာဏ်နည်းလှသော မိုဟန်ဘုရင်မကိုယ်တိုင်မှာလည်း အံ့သြဖွယ် သိုင်းပါရမီရှိပြီး ၊ ကျင့်ကြံမှုအဆင့်မှာ အလွန်မြင့်မားလှပေသည်။
ဤတိုက်ပွဲတွင် ကျီချင်းကျူ ၊ နင်းချန်ဘုရင်မ နှင့် မင်းသမီးယွီကျိန်းတို့မှာ အထိနာခဲ့ပြီး ၊ သူတို့ခေါ်လာသော ဆရာသခင်အများစုမှာလည်း အသက်ဆုံးရှုံးခဲ့ကြရသည်။
မင်းသမီးနင်းချန်မှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ၊ မင်းသမီးယွီကျိန်းလည်း ဒဏ်ရာရခဲ့ကာ ကျီချင်းကျူကိုယ်တိုင်မှာလည်း သွေးချင်းချင်းနီနေရပြီ ဖြစ်၏။
ထို့နောက် ၊ သူတို့သုံးဦးမှာ ရှောင်မူကျစ်နှင့် မိုဟန်ဘုရင်မတို့၏ ဆရာသခင်များ၏ ဝိုင်းရံခြင်းကို ခံလိုက်ရလေသည်။
ရှောင်မူကျစ်က လှောင်ပြုံးဖြင့် ပြောလိုက်၏။ “ဦးလေးကျီ… ခင်ဗျားရဲ့ ဉာဏ်ရည်နဲ့တော့ ကျွန်တော့်ကို လာမတွက်နဲ့။ ပြီးခဲ့တဲ့တစ်ခေါက် တုပိုင်သာ မရှိရင် ခင်ဗျားရဲ့ အလောင်းက ပုပ်နေပြီ။ ကျီပြောင်ပြောင်ကလည်း ကျွန်တော့်ရဲ့ အပျော်အပါးသက်သက် ဖြစ်နေမှာ”
ထို့နောက် ၊ သူသည် မင်းသမီးယွီကျိန်း၏ ဆွဲဆောင်မှုရှိသော ကိုယ်လုံးကို ရမ္မက်မျက်လုံးများဖြင့် ကြည့်ကာ ပြောလာသည်။ “မင်းသမီးယွီကျိန်း… မင်းရဲ့ ကိုယ်လုံးက ပိုတောင် ဆွဲဆောင်မှုရှိလာပါလား။ အင်္ကျီတွေတောင် ကျပ်နေပြီပဲ။ အိုး… မကောင်းလိုက်တာ။ တုပိုင်နဲ့တော့ အတူအိပ်ခဲ့ပြီးပြီ ထင်တယ်”
ရှောင်မူကျစ်က သူ၏ ရင်ဘတ်ကို ထုကာ ညည်းတွားလိုက်၏။
“ဘုရားရေ… မင်းက တကယ်ပဲ တုပိုင်ရဲ့ လက်ထဲ ရောက်သွားခဲ့တာပေါ့” ရှောင်မူကျစ်က သက်ပြင်းချလိုက်ပြီး ဆက်ပြောသည်။ “မင်းကို သန့်သန့်ရှင်းရှင်း ဆေးကြောပြီး အိမ်ရှေ့စံမင်းသားထံ ပဏ္ဍာအဖြစ် ဆက်သဖို့ ကျွန်တော် ရည်ရွယ်ထားတာ။ ဒါပေမဲ့ မင်းသားက အသန့်ကြိုက်တယ်။ စင်ကြယ်တဲ့ အပျိုစင်ကိုပဲ အလိုရှိတာ။ ဒါကြောင့် မင်း သေဖို့ပဲ ရှိတော့တယ်”
လက်ရှိအချိန်တွင် ကျီချင်းကျူမှာ အလွန်တရာ နောင်တရနေခဲ့သည်။
အကြောင်းမှာ တိုက်ပွဲမတိုင်မီက ရှောင်မူကျစ်နှင့် မိုဟန်ကို လုပ်ကြံရန် မစဉ်းစားရန်နှင့် ယင်းမှာ လုံးဝ မအောင်မြင်နိုင်ကြောင်း ၊ ရှောင်မူကျစ်မှာ အလွန်တရာ ကောက်ကျစ်ကြောင်း တုပိုင်က အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း ၊ သူက လျစ်လျူရှုခဲ့မိသည် မဟုတ်ပါလား။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၆၃ + ၇၆၄ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team