← Chapters

အခန်း (၇၆၇-၇၆၈)

Vol. 77 Ch. 767-768

အခန်း (၇၆၇-၇၆၈)

Vol. 77 Ch. 767-768

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၆၇ + ၇၆၈

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ဤရက်အနည်းငယ်သည် နီရှန်နတ်မိမယ် သားဖွားရမည့် ရက်များပင် ဖြစ်လေသည်။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း တုပိုင်သည် စစ်မြေပြင်ကို စီစဉ်ညွှန်ကြားနေရင်း သူမအနား၌ မကြာခဏ အဖော်ပြုပေးခဲ့လေ၏။ အလွန်အမင်း အထိနာခဲ့သော ဝူကျိုးတိုက်ပွဲအပြီးတွင် ဝမ်ယန်ယင်းတူသည် ဒဏ်ရာရစစ်သည် တစ်သောင်းကျော်ကို ဦးဆောင်ကာ ပိုင်ဆယ်မြို့သို့ ခက်ခက်ခဲခဲ ဆုတ်ခွာလာခဲ့ရပြီး မိဖုရားလီမူကား ကျန့်ရှီးမြို့သို့ ပြန်လာခဲ့လေသည်။

ထို့အပြင် နင်းချန်ဘုရင်မသည်လည်း အတွင်းဒဏ်ရာများ ရရှိထားသဖြင့် ဤသူနှစ်ဦးသည် နီရှန်နတ်မိမယ် အချိန်မရွေး သားဖွားလာနိုင်သည်ကို စောင့်ရှောက်ပေးရန်အတွက် သူမအနား၌ အဖော်ပြုပေးနေခဲ့ကြ၏။ အရှေ့ဘက် ပြည်ထောင်စု၏ စစ်သည်သုံးသိန်းသည် မိုးမလင်းမီကတည်းက ကျန့်ရှီးမြို့ကို ဝိုင်းရံထားပြီဖြစ်သည်။ နေမင်းကြီး ထွက်ပေါ်လာချိန်တွင် နီရှန်နတ်မိမယ်ထံ၌လည်း ပထမဆုံးအကြိမ်အဖြစ် သားဖွားရန် ဝေဒနာများ စတင်ဖြစ်ပေါ်လာ၏။

စစ်မြေပြင်ရှိ မြို့ရိုးပေါ်မှနေ၍ ကျောက်သလင်း မှော်အမြောက် တစ်ရာ့ရှစ်ဆယ်သည်လည်း ပထမဆုံးအကြိမ်အဖြစ် စတင်ပစ်ခတ်လိုက်ကြလေသည်။ အမြောက်ဆန်များသည် အသံထက် ငါးဆကျော်မြန်သော အရှိန်ဖြင့် ပျံသန်းသွားပြီး တစ်စက္ကန့်မျှအတွင်း၌ပင် ရန်သူ့အမြောက်တပ်စခန်း တည်နေရာပေါ်သို့ ကျရောက်သွားလေ၏။ နှစ်စက္ကန့်အကြာတွင်မူ အမြောက်ဆန် ဆယ်ဂဏန်းကျော်သည် အရှေ့ဘက် ပြည်ထောင်စု၏ အလွန်လေးလံသော အမြောက်ကြီးများကို တိုက်ရိုက် ထိမှန်သွားခဲ့လေသည်။

ဤအမြောက်ကြီးများသည်ကား အလွန်ကြီးမားသော ပြောင်းဝများ ရှိကြသည့်အပြင် ယင်းတို့၏ အမြောက်ပြောင်းများမှာ ခြောက်မီတာ သို့မဟုတ် ခုနစ်မီတာကျော်ခန့် ရှည်လျားကာ လေပေါ်သို့ မြင့်မားစွာ ထောင်ထားကြလေ၏။ အကယ်၍သာ ယင်းတို့ကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့မည်ဆိုလျှင် မြို့ရိုးတစ်စိတ်တစ်ပိုင်းကိုပင် ပြိုကျပျက်စီးသွားစေနိုင်လောက်သည့် ပစ်ခတ်မှုမျိုး အမှန်တကယ် ဖြစ်ပေသည်။ ဤအလွန်လေးလံသော အမြောက်ကြီး ဆယ်လက်ကျော်သည် ခိုင်ခံ့လှသော မြို့ရိုးပေါ်၌ ကြီးမားသည့် ဟာကွက်ကြီး ဆယ်ခုကျော်ကို အလွယ်တကူ ထွင်းဖောက်သွားနိုင်၏။

“ဂျုန်းးး ဂျိမ်းးး ဂျုန်းးး”

အံ့သြဖွယ်ကောင်းလောက်အောင် ကျယ်လောင်လှသော ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာလေသည်။ သံလုံးကျည်များသည် အသံထက်ငါးဆမျှပိုမြန်သော အလွန်ပြင်းထန်သည့် အရှိန်အဟုန်ဖြင့် ကျင်းတစ်သောင်းကျော် အလေးချိန်ရှိသော အမြောက်ကြီးများဆီသို့ တစ်လုံးပြီးတစ်လုံး ဝင်ရောက်ရိုက်ခတ်သွားလေ၏။ ခဏချင်းမှာပင် အံ့မခန်း အမြောက်ကြီးများမှာ လွင့်စင်ထွက်သွားရပြီး ကြီးမားလှသော အမြောက်ကိုယ်ထည်ကြီးသည် လိမ်ကောက်ကာ ပုံပန်းသဏ္ဍာန် လုံးဝ ပျက်ယွင်းသွားရလေတော့သည်။

ပြောင်းဝငယ်သော အခြားအမြောက်များသည်လည်း လေပေါ်သို့ လွင့်စင်သွားခဲ့ရုံသာမက အချို့မူကား တိုက်ရိုက် ကွဲကြေသွားရပြီး အမြောက်ပြောင်းတစ်ခုလုံးသည်လည်း အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံလိုက်ရလေ၏။ မိုဟန် ၊ ရှောင်မူကျစ်နှင့် ဤစစ်တပ်၏ လက်တွေ့စစ်သေနာပတိဖြစ်သော အရှေ့ဘက် ပြည်ထောင်စုမှ စစ်သူကြီး ဖန်းထျန်မင်းတို့သည် လုံးဝ အံ့သြမှင်တက်သွားကြလေသည်။ သူတို့၏ မျက်လုံးများကိုပင် သူတို့ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်သွားကြရလေ၏။

တုပိုင်အသုံးပြုနေသည်ကား အလွန်ရှေးကျသော ပြောင်းချောအမြောက်များသာ ဖြစ်သည်။ အမှန်တကယ် ထိရောက်သော ပစ်ခတ်နိုင်စွမ်း အကွာအဝေးမှာ မီတာ လေးငါးရာခန့်သာ ရှိသည့်အပြင် ပေါက်ကွဲစေနိုင်သော ယမ်းဘောလုံးများအစား အခဲဖြစ်နေသော သံလုံးကြီးများကိုသာ ပစ်ခတ်ခြင်း ဖြစ်၏။ အရေးအကြီးဆုံးအချက်မှာကား ထိုပြောင်းချောအမြောက်များ၏ တိကျမှုသည် အလွန်ညံ့ဖျင်းသင့်လှပေသည်။

သို့သော်လည်း ယခုအခါတွင်မူကား တုပိုင်၏ ခေတ်နောက်ကျနေသော ပြောင်းချောအမြောက်များသည် အရှေ့ဘက် ပြည်ထောင်စု၏ ဟောင်ဝစ်ဇာအမြောက်များထက်ပင် များစွာ သာလွန်လွန်းနေသည့် အလွန်မြန်ဆန်သော ပစ်ခတ်မှုနှုန်း ရှိနေလေ၏။ ထိုမျှသာမက ယင်းတို့၏ တိကျမှုသည်လည်း ကြောက်ခမန်းလိလိပင် ဖြစ်နေသည်။

ဤသည်က အတိအကျဆိုရလျှင် မည်သည့်အရာနည်း။ တုပိုင်က မည်သို့သော မိစ္ဆာကောင်မျိုး ဖြစ်နေသနည်း။ ဤအမြောက်များမှာ နှစ်ပေါင်းရာချီ၍ ခေတ်နောက်ကျနေသည်မှာ ထင်ရှားလှပါလျက် အဘယ်ကြောင့် ဤမျှလောက်အထိ အစွမ်းထက်နေရသနည်း။

အစောက ပထမဆုံးအကြိမ် ပစ်ခတ်မှုတွင်ပင် အရှေ့ဘက် ပြည်ထောင်စု၏ အလွန်လေးလံသော အမြောက်ကြီး ဆယ်ဂဏန်းကျော်သည် လုံးဝ ဖျက်ဆီးခံလိုက်ရလေ၏။ အခြားသော သာမန်အမြောက်အလက် ရာချီ၍သည်လည်း ပျက်စီးသွားရလေသည်။ မိုဟန် ၊ ရှောင်မူကျစ် ၊ စစ်သူကြီး ဖန်းထျန်မင်းနှင့် အခြားသူများ အံ့အားသင့်သွားကြသည်သာမက စစ်သည်များအားလုံးသည်လည်း သစ်တုံးများကဲ့သို့ လုံးဝ ကြက်သေသေသွားကြရ၏။

ထိုအခိုက်တွင် မိုဟန်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ကျန်နေသေးတဲ့ အမြောက်တွေ… ပစ်… ပစ်ကြစမ်း…”

ရှောင်မူကျစ်ကလည်း ဝင်ပြောလိုက်၏။

“ဟုတ်တယ် ၊ တုပိုင်ရဲ့ အမြောက်တွေ ပစ်ဖို့ဆိုရင် ကြီးမားတဲ့ စွမ်းအင်တွေ လိုအပ်တယ်။ ပစ်ခတ်နှုန်းက သေချာပေါက် မြန်မှာ မဟုတ်ဘူး။ ငါတို့ရဲ့ အမြောက် ရာပေါင်းများစွာက တုပိုင်ရဲ့ မြို့ရိုးတွေကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်တယ်။ မြန်မြန်… မြန်မြန်လုပ်ကြစမ်း…”

စစ်သူကြီး ဖန်းထျန်မင်းသည်လည်း အော်ဟစ် အမိန့်ပေးလိုက်လေသည်။

“အမြောက်တပ်တွေ အားလုံး အသင့်ပြင်။ ချိန်ရွယ်ပြီး ယမ်းဖြည့်ထား။ ပစ်ခတ်ဖို့ ပြင်ဆင်ကြ…”

**--**--**--**--**--**--**--**

ပိုင်ဆယ်မြို့။

တုကျန်း ၊ ယွမ်ထျန်ကျောက်နှင့် စစ်သူကြီး ဖန်းထျန်ချောက်တို့သည် စစ်သည် ၃၂၀,၀၀၀ ကို ဦးဆောင်ကာ မိုဟန်တို့အဖွဲ့ထက် အနည်းငယ် နှေးကွေးသော အရှိန်ဖြင့် ချီတက်လာကြသဖြင့် ထိုစစ်တပ်သည် မြို့အနီးသို့ အနည်းငယ် နောက်ကျမှသာ ရောက်ရှိလာကာ ပိုင်ဆယ်မြို့ကို ဝိုင်းရံထားလိုက်ကြလေ၏။

“ကျေးဇူးပဲ” လီကျန့်က ပြောရင်း ဝမ်ယန်ယင်းတူအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။

ဝမ်ယန်ယင်းတူယူ၍ သောက်လိုက်လေ၏။ သူ၏ တစ်ကိုယ်လုံးတွင် ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေသော်လည်း သူ၏ လှုပ်ရှားမှုများတွင် မည်သည့် အဟန့်အတားမျှ ရှိမနေသည့်အလား ပုံပေါ်နေလေသည်။

“လီနယ်စားမင်း… အရှေ့ဘက် ပြည်ထောင်စုရဲ့ စစ်တပ်က အရမ်းကို အင်အားကြီးလွန်းတယ်” ဝမ်ယန်ယင်းတူ ပြော၏။ “ဝူကျိုးမြို့မှာ ငါတို့ရဲ့ စစ်သည် ၈၀,၀၀၀ က မြို့ထဲမှာ ပုန်းအောင်းပြီး လမ်းကြားတိုက်ပွဲတွေ ဆင်နွှဲခဲ့တာ။ ပွင့်ပွင့်လင်းလင်း ပြောရရင် အဲဒါက ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့တာပဲ။ ဒါပေမဲ့ ရလဒ်အနေနဲ့ ငါတို့ဘက်က လူ ၆၀,၀၀၀ ကျော် သေဆုံးခဲ့ရပြီး ရန်သူဘက်ကတော့ ၁၀,၀၀၀ ထက် ပိုပြီး မကျဆုံးခဲ့ဘူး”

“အဲဒီတိုက်ပွဲက တကယ်ကို အလွန်အမင်း အထိနာခဲ့တာပါ” လီကျန့်သည် ပြောလိုက်လေသည်။ “ဒါပေမဲ့ စစ်ပွဲတစ်ခုရဲ့ အနိုင်အရှုံးဆိုတာ အကျအဆုံး အရေအတွက်နဲ့ ဘယ်တော့မှ တွက်ချက်လေ့မရှိဘူး။ မဟာဗျူဟာမြောက် ရည်မှန်းချက်တွေကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့သလား ၊ မလုပ်နိုင်ခဲ့ဘူးလား ဆိုတာနဲ့ပဲ တိုင်းတာတာ။ ဒီရှုထောင့်ကနေ ကြည့်ရင်တော့ မင်း အောင်မြင်ခဲ့ပါတယ်။ အကယ်၍ မင်းသာ ဆယ့်သုံးရက်တိတိ အောင့်ခံမထားနိုင်ခဲ့ဘူးဆိုရင် ၊ အရှေ့ဘက် စစ်မျက်နှာပြင်က ငါတို့ရဲ့ စစ်မြေပြင် အခင်းအကျင်းက ဒီလောက်အထိ ပြည့်စုံလုံလောက်နိုင်မှာ မဟုတ်ဘူး”

ဝမ်ယန်ယင်းတူ ပြောလိုက်၏။ “ငါတို့ရဲ့ အတိတ်က အမှားတွေအတွက် ခွင့်လွှတ်ခံလိုက်ရပါပြီ။ အခုအချိန်ကစပြီး ကျန်ရှိနေတဲ့ ဂျာချင်စစ်သည် တစ်သောင်းအောက်လေးက သခင်ကြီးရဲ့ တကယ့်လက်ခံမှုကို ရရှိသွားပြီဖြစ်သလို ၊ ခေတ်ရေစီးကြောင်းရဲ့ စွန့်ပစ်တာကိုလည်း မခံရတော့ဘူးလို့ သတ်မှတ်လို့ရပါပြီ”

လီကျန့်က ဆက်ပြောသည်။ “ဝူကျိုးစစ်မြေပြင်ရဲ့ အလွန်ဆိုးရွားတဲ့ အခြေအနေအောက်မှာတောင် မင်းတို့က လက်နက်မချခဲ့ဘူးဆိုတော့ ၊ ဒါက ငါ့ကို တကယ်ပဲ လေးစားသွားစေတယ်”

ဝမ်ယန်ယင်းတူ ပြောလိုက်၏။ “ဘယ်လိုလုပ် လက်နက်ချတဲ့သူ မရှိဘဲ နေပါ့မလဲ။ အစပိုင်းမှာတော့ ငါက ဖိနှိပ်ထားနိုင်ခဲ့တယ်။ လက်နက်ချမယ်ပြောတဲ့သူတိုင်းကို သတ်ပစ်ခဲ့တယ်။ နောက်ပိုင်း လူအများကြီး လက်နက်ချလာတဲ့အခါ ငါ လုံးဝ မထိန်းချုပ်နိုင်တော့ဘူး။ ဒါပေမဲ့ အရှေ့ဘက် ပြည်ထောင်စုက လုံးဝကို အင်အားကြီးလွန်းတယ်။ သူတို့က လက်နက်ချတာကို လက်မခံခဲ့ဘူး ၊ ဒါကြောင့် အဆုံးထိ တိုက်ခိုက်ခဲ့ရပြီး လူ ၆၀,၀၀၀ ကျော် သေဆုံးခဲ့ရတာပဲ”

ထို့နောက် ဝမ်ယန်ယင်းတူက ဆက်ပြောလိုက်သည်။ “ငါတို့ ဂျာချင်တွေကို သခင်ကြီးက ယုံကြည်မှု မရှိခဲ့ဘူး ၊ ဒါကြောင့် ငါ သိချင်တာက ငါတို့လူ ၆၀,၀၀၀ ကျော် စတေးခဲ့ရတာက တန်ရဲ့လား။ ငါတို့ ဒီတိုက်ပွဲကို နိုင်နိုင်ပါ့မလား”

လီကျန့် ပြော၏။ “သွားကြစို့ ၊ အပြင်ထွက်ပြီး သွားကြည့်ကြတာပေါ့ ၊ မင်းတို့လူ ၆၀,၀၀၀ ကျော် အချိန်ဆွဲပေးဖို့ စတေးခဲ့ရတာ တန်ရဲ့လားဆိုတာကိုလေ။ သခင်ကြီးက ဘယ်လောက်တောင် စွမ်းအားကြီးသလဲဆိုတာကို သွားကြည့်ကြတာပေါ့”

**--**--**--**--**--**--**--**

လီကျန့်နှင့် ဝမ်ယန်ယင်းတူတို့သည် ပိုင်ဆယ်မြို့ရိုးပေါ်သို့ ရောက်ရှိလာကြသည်။ လွန်ခဲ့သော နှစ်နှစ်အတွင်း မြို့ကို အကြိမ်များစွာ တိုးချဲ့ခဲ့ပြီး မြို့ရိုးများစွာကိုလည်း အသစ်ပြန်လည် တည်ဆောက်ထားခဲ့လေ၏။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ပိုင်ဆယ်မြို့သည် ကြီးမားသော စစ်ပွဲကြီးများစွာကို ကြုံတွေ့ခဲ့ရလေသည်။

သို့သော်လည်း အကြိမ်တိုင်းတွင် ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့သော်ငြား စစ်ပွဲအပြီးတိုင်းတွင် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများစွာကို ခံစားခဲ့ရလေ၏။

နောက်ဆုံးစစ်ပွဲအပြီးမှစ၍ နှစ်နှစ်နီးပါး အချိန်ကြာမြင့်ခဲ့ပြီ ဖြစ်ရာ မြို့တစ်မြို့လုံး၌ အသွင်သစ်တစ်ရပ် ဆောင်နေပြီ ဖြစ်လေသည်။ ဝမ်ယန်ယင်းတူအနေဖြင့် တုပိုင်၏ ကျောက်သလင်း မှော်အမြောက်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သော်ငြား အပြင်ပန်းကြည့်လျှင် ခေတ်နောက်ကျနေသော ပြောင်းချောအမြောက်များနှင့် မည်သို့မျှ ကွာခြားမှု မရှိဘဲ အနီရောင် ကျောက်သလင်း ကိရိယာတစ်ခု အပိုပါလာခြင်းသာ ဖြစ်လေ၏။

အပြင်ဘက် မြို့ရိုး၏ တစ်ဖက်တွင်မူကား ဤသည်မှာ ဝမ်ယန်ယင်းတူအတွက် အရှေ့ဘက် ပြည်ထောင်စု၏ စစ်တပ်အင်အားကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းပင် ဖြစ်သည်။ ထို့နောက်တွင်မူ သူသည် လုံးဝ အံ့သြမှင်တက်သွားခဲ့ရ၏။ ပုံစံသစ် သေနတ်ကိုင်တပ်သားများမှာ တိုင်လုံးများကဲ့သို့ မတ်မတ်မတ်မတ် ရပ်နေကြကာ တစ်တန်းပြီးတစ်တန်း ဖြောင့်တန်းစွာ တန်းစီနေကြလေသည်။

သံချပ်ကာအပြည့် ဝတ်ဆင်ထားသော အနီးကပ်တိုက်ခိုက်ရေး စစ်သည်များသည်လည်း ထိုနည်းတူပင် သေသပ်လှပြီး မြေပြင်ပေါ်တွင် စတုရန်းပုံ တပ်မတော် အခင်းအကျင်းများဖြင့် နေရာယူထားကြလေ၏။ အံ့သြဖွယ်အကောင်းဆုံးမှာ ခွန်လွန်ကျွန်စစ်သည်များပင် ဖြစ်သည်။ ဝူကျိုး စစ်မြေပြင်တွင် ဝမ်ယန်ယင်းတူသည် ခွန်လွန်ကျွန်စစ်သည်များကြောင့် အိပ်မက်ဆိုးမက်လုမတတ် ဖြစ်ခဲ့ရသည်။

ခွန်လွန်ကျွန်စစ်သည် တစ်ယောက်ကို သတ်နိုင်ရန် ဂျာချင်စစ်သည် ဆယ်ဂဏန်းကျော် အသေခံလဲလှယ်ခဲ့ရလေသည်။ သူတို့သည် ဆေးရည်များဖြင့် ပြောင်းလဲခံထားရခြင်းဖြစ်သောကြောင့် ဤခွန်လွန်ကျွန်စစ်သည်များ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သွေးမိစ္ဆာစစ်သည်များနှင့် လုံးဝ ထပ်တူကျနေလေ၏။

ခွန်လွန်ကျွန်စစ်သည် တစ်ယောက်စီ၏ အရွယ်အစားနှင့် အလေးချိန်သည် သာမန်စစ်သည်တစ်ဦးထက် နှစ်ဆကျော်ပိုများသဖြင့် ခွန်လွန်ကျွန်စစ်သည် လေးသောင်း တန်းစီလိုက်သောအခါ ယင်းတို့၏ တပ်မတော် အခင်းအကျင်းမှာ စစ်သည် တစ်သိန်း သို့မဟုတ် နှစ်သိန်းကျော်ထက်ပင် ကြီးမားနေသည်။ သူတို့ကို စတုရန်းပုံ တပ်မဟာ ဆယ်ခုအဖြစ် စီစဉ်ထားလျက် သံမဏိမြို့ရိုးကြီးတစ်ခုအလား အမှန်တကယ်ပင် ခန့်ညားလှ၏။

ဝမ်ယန်ယင်းတူက တိုးတိုးလေး ပြောလိုက်သည်။ “စစ်သူကြီးလီ… ဝူကျိုး စစ်မြေပြင်မှာ အရှေ့ဘက် ပြည်ထောင်စုရဲ့ ခွန်လွန်ကျွန်စစ်သည် အရေအတွက်က အလွန်ဆုံးမှ တစ်ထောင်တောင် မပြည့်ဘူး။ ဒါတောင် သူတို့က ငါတို့လူ သောင်းနဲ့ချီပြီး သတ်သွားနိုင်ခဲ့တာ။ အခု အပြင်ဘက် စစ်မြေပြင်မှာ စုစုပေါင်း လေးသောင်းတောင် ရှိနေတယ်”

လီကျန့်က ပြောလိုက်၏။ “ရန်သူ့ဘက်မှာ ခွန်လွန်ကျွန်စစ်သည် လေးသောင်း ရှိတယ် ၊ ငါတို့ဆီမှာ သွေးမိစ္ဆာ မြင်းစီးစစ်သည် နှစ်ထောင့်ငါးရာပဲ ရှိတယ်။ သူတို့ဆီမှာ စစ်သည် စုစုပေါင်း သုံးသိန်းနှစ်သောင်း ရှိတယ် ၊ ငါတို့ဆီမှာ တစ်သိန်းခွဲပဲ ရှိတယ်။ ရန်သူ့ဆီမှာ အမြောက် ခြောက်ရာကျော် ရှိတယ် ၊ ငါတို့ဆီမှာ တစ်ရာ့ကိုးဆယ်ပဲ ရှိတယ်”

အရှေ့ဘက် ပြည်ထောင်စု၏ အမြောက်တပ်သည် ဂျာချင်စစ်သည်များအတွက် နောက်ထပ် အိပ်မက်ဆိုးတစ်ခုပင် ဖြစ်လေသည်။ ယခင် မြို့သိမ်းတိုက်ပွဲတိုင်းတွင် အရှေ့ဘက် ပြည်ထောင်စုသည် အမြောက်များကို အသုံးပြုကာ နာရီဝက်ကြာ မြေလှန်ပစ်ခဲ့ပြီး ရူးသွပ်စွာ ဗုံးကြဲတိုက်ခိုက်ခဲ့ကြလေ၏။

နာရီဝက် ကြာပြီးနောက်တွင် မြို့ရိုးတစ်ခုလုံးမှာ ကမ္ဘာမြေပေါ်မှ ဖျောက်ဖျက်ခံလိုက်ရလေတော့သည်။ ဤနည်းဖြင့် အရှေ့ဘက် ပြည်ထောင်စုသည် မြို့တစ်မြို့ပြီးတစ်မြို့ကို ဝါးခြမ်းခွဲသကဲ့သို့ အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့သည်။

ယွမ်ထျန်ကျောက်နှင့် တုကျန်းတို့သည် ပိုင်ဆယ်မြို့ရိုးကို လှမ်းကြည့်လိုက်ကြ၏။ “ငါ ပိုင်ဆယ်မြို့ကို စစ်သည်တွေနဲ့ နှစ်ကြိမ်တိုင်တိုင် လာခဲ့ဖူးတယ် ၊ ဒါပေမဲ့ တစ်ခါမှ သေချာ မတိုက်ခိုက်ဖြစ်ခဲ့ဘူး” ယွမ်ထျန်ကျောက်က ပြောလိုက်သည်။ “အဲဒီအတွက် ငါ တကယ်ကို မကျေမနပ် ဖြစ်ခဲ့ရတယ်။ ဒီနေ့တော့ ဒီမြို့ကို အပျက်အစီးပုံ ဖြစ်အောင် ငါ နောက်ဆုံးတော့ နင်းခြေပစ်နိုင်ပြီပေါ့”

တုကျန်းကလည်း ပြော၏။ “မင်းရင်ထဲက ဒေါသတွေ ပြေပျောက်သွားအောင် ၊ ဒီနေ့ ပိုင်ဆယ်မြို့ကို အမြောက်တွေနဲ့ တစ်နာရီတိတိ ပစ်ကြတာပေါ့”

“ဟားဟားဟားးး” ယွမ်ထျန်ကျောက် ရယ်မောရင်း ပြောလိုက်သည်။ “တစ်နာရီကြာရင် ပိုင်ဆယ်မြို့ရိုးပေါ်မှာ လူတစ်ယောက်တောင် ကျန်မှာ မဟုတ်ဘူး ၊ မြို့ရဲ့ တစ်ဝက်လောက်ကလည်း အပျက်အစီးပုံတွေ ဖြစ်သွားလိမ့်မယ်”

တုကျန်း ထပ်ပြော၏။ “ဒါက သူခိုးလေး တုပိုင်ရဲ့ ကြီးပွားတိုးတက်ရာ အသိုက်အမြုံပဲ။ သူ့ရဲ့ မာနကို လုံးဝ ချေမှုန်းပစ်နိုင်ဖို့ဆိုရင် ဒီမြို့ထဲက အိမ်တိုင်းကို အမှုန့်ကြိတ်ပစ်ရမယ် ၊ ဒီမြို့ထဲက လူတိုင်းကို သုတ်သင်ရှင်းလင်းပစ်ရမယ်”

“ပစ်ခတ်ဖို့ ပြင်ဆင်ကြ… တစ်နာရီကြာရင် တုပိုင်ဆိုတဲ့ သူခိုးလေးရဲ့ ပိုင်ဆယ်မြို့ကို မြေလှန်ပစ်ပြီး ၊ အမြောက်သံတွေကြားထဲမှာ တုပိုင်ဆိုတဲ့ လူပြက်ရဲ့ ကံကြမ္မာကို လုံးဝ အဆုံးသတ်ပေးလိုက်မယ်” ယွမ်ထျန်ကျောက်က အော်ဟစ်လိုက်သည်။ ထို့နောက် အမြောက်ထောင်ပေါင်းများစွာ စတင်ရွေ့လျားလာကြ၏။ အမြောက်တပ်စခန်း နေရာများ ချထားခြင်း ၊ အမြောက်ပြောင်းဝများကို ချိန်ရွယ်ခြင်းနှင့် ပိုင်ဆယ်မြို့ကို ပစ်မှတ်ထားခြင်းတို့ကို စတင်လုပ်ဆောင်လာကြသည်။

ယွမ်ထျန်ကျောက်သည် ကမ္ဘာပျက်မတတ် မြင်ကွင်းကို ကြိုတင်မြင်ယောင်နေပြီ ဖြစ်၏။ ထို့နောက် ပိုင်ဆယ်မြို့ရိုးပေါ်ရှိ ခေတ်ဟောင်း ပြောင်းချောအမြောက်များကို သူ မြင်လိုက်ရသည်။ ယွမ်ထျန်ကျောက်နှင့် တုကျန်းတို့ ပြုံးလျက် ပြောလိုက်ကြ၏။ “တုပိုင်က ခေတ်နောက်ကျနေပြီ ၊ လုံးဝ ခေတ်နောက်ကျနေပြီ။ ငါတို့ထက် အနှစ်တစ်ရာလောက် နောက်ကျနေတဲ့ အမြောက်တွေကိုတောင် သုံးနေတုန်းပဲ”

တုကျန်း ပြုံးလျက် ပြောလိုက်သည်။ “ငါတို့ရဲ့ အရှေ့ဘက် ပြည်ထောင်စုက သမိုင်းရဲ့ ဘီးကြီးတစ်ဘီးဆိုရင် ၊ တုပိုင်က လမ်းပေါ်က ပုစဉ်းရင်ကွဲလေးပါပဲ။ သူက ဒီသမိုင်းဘီးကြီးကို တားဆီးချင်နေတော့ အမှုန့်ကြိတ်ခံရဖို့ ဖန်လာတာပေါ့”

ယွမ်ထျန်ကျောက် ပြောသည်။ “အရင်တုန်းကတော့ ခန့်ညားပုံရပေမဲ့ ၊ ငါတို့ အရှေ့ဘက် ပြည်ထောင်စု၏ အကြွင်းမဲ့ စွမ်းအားရှေ့မှာတော့ အခု လုံးဝ လူပြက်တစ်ယောက် ဖြစ်သွားပြီ”

တုကျန်းက ပြောလိုက်သည်။ “ဟုတ်တယ် ၊ သခင်လေးက အိန္ဒိယသမုဒ္ဒရာနဲ့ အမေရိကတိုက်တွေကို စီစဉ်နေတုန်းက ၊ သူ့ရဲ့ အပြောင်းအလဲတွေကို ဂရုစိုက်ဖို့တောင် အချိန်မရခဲ့ဘူး။ ဒါကြောင့် သူက မျောက်တစ်ကောင်လို ပျော်ရွှင်စွာ ကခုန်နေနိုင်ခဲ့တာ။ အခု သခင်လေးက ကိုယ်တိုင် ဘာမှလုပ်စရာမလိုဘဲ ၊ လက်ညှိုးတစ်ချောင်းတည်းနဲ့ သူ့ကို အသားစိမ်းငါးစိမ်း ဖြစ်အောင် ချေမွပစ်လို့ရပြီ”

“တုပိုင်ရဲ့ လူယုံတွေရှိတဲ့ ပိုင်ဆယ်မြို့က လုံးဝ အပျက်အစီးပုံတွေ ဖြစ်သွားလိမ့်မယ်” တုကျန်းက ထပ်မံ ပြောကြားလိုက်၏။ သို့သော် ထိုအချိန်မှာပင် ပိုင်ဆယ်မြို့ရိုးပေါ်မှ အနီရောင် အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ သာမန်စစ်သည်များ မမြင်နိုင်သော်ငြား တုကျန်းနှင့် ယွမ်ထျန်ကျောက်တို့ကဲ့သို့ စိတ်ဝိညာဉ်ကျင့်ကြံမှု အဆင့်မြင့်မားသော သိုင်းပညာရှင်များမှာမူ တစ်ချက်ကြည့်ရုံဖြင့် ချက်ချင်း သိမြင်နိုင်ကြပေ၏။ ဤလေဆာ အနီစက်လေးများ အားလုံးသည် ယွမ်ထျန်ကျောက်နှင့် တုကျန်းတို့၏ အမြောက်တပ်စခန်းများကို ချိန်ရွယ်ထားခြင်း ဖြစ်သည်။

ဤသည်တို့က မည်သည့်အရာနည်း။ ယွမ်ထျန်ကျောက်နှင့် တုကျန်းတို့သည် အံ့သြတုန်လှုပ်သွားကြကာ အနည်းငယ် စိုးရိမ်ပူပန်လာကြလေ၏။ ထို့နောက် မြို့ရိုးပေါ်မှ အပြာရောင် အလင်းတန်း ဆယ်ဂဏန်းကျော် ထွက်ပေါ်လာလေသည်။ မီးရှို့ရန် မလိုဘဲ ပိုင်ဆယ်မြို့ရိုးပေါ်ရှိ ရှာမန်များက ခလုတ်တစ်ခုကိုသာ နှိပ်လိုက်ခြင်း ဖြစ်၏။

ယမ်းငွေ့များ မရှိဘဲ အံ့မခန်း အပြာရောင် အလင်းတန်းများသာ ထွက်ပေါ်လာ၏။

“ဝှူးးး ဝှူးးး ဝှူးးး”

အမြောက် တစ်ရာ့ကိုးဆယ်မှ သံလုံးကျည် တစ်ရာ့ကိုးဆယ်သည် လျှပ်စီးလက်သကဲ့သို့ ပစ်ထွက်သွားလာ၏။ အသံထက် ငါးဆမျှမြန်သော အရှိန်ဖြင့် အသံလှိုင်း ပေါက်ကွဲသံများ လေထဲတွင် ဟိန်းထွက်သွားသည်။ ကောင်းကင်ယံကို ဖြတ်သန်းသွားစဉ် အမြောက်ဆန်များသည် အနီရောင် သန်းနေကာ လျင်မြန်သော ကြယ်တံခွန် မိုးရွာကျနေသကဲ့သို့ပင် ဖြစ်၏။

နောက်တစ်စက္ကန့်အကြာတွင်…

“ဂျုန်းးး ဂျိမ်းးး ဂျုန်းးး ဂျိမ်းးး…”

ကျယ်လောင်လွန်းလှသော ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာ၏။ ယွမ်ထျန်ကျောက်နှင့် တုကျန်းတို့၏ အမြောက်တပ်မှာ အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံလိုက်ရကာ လေပေါ်သို့ လွင့်စင်သွားကြလေတော့၏။

“ဝုန်းးး ဝုန်းးး ဝုန်းးး”

နောက်တစ်ခဏတွင်မူ ယွမ်ထျန်ကျောက် အလွန်မြတ်နိုးလှသော အလွန်လေးလံသည့် အမြောက်ကြီး ဆယ့်ငါးလက်သည် ကစားစရာအရုပ်ကြီးတစ်ခုကဲ့သို့ ကြီးမားသော စွမ်းအားဖြင့် တိုက်ရိုက် လွင့်စင်ထွက်သွားခဲ့ကာ စစ်တပ်ထဲသို့ ပြုတ်ကျသွားလေတော့၏။

စစ်သည်ရာပေါင်းများစွာသည် ငိုယိုအော်ဟစ်ရင်း ချက်ချင်းပင် အသားစိမ်းငါးစိမ်း ဖြစ်ကုန်ကြလေတော့သည်။ တုကျန်းနှင့် ယွမ်ထျန်ကျောက်တို့သည် တစ်ကိုယ်လုံး တုန်ယင်သွားကြကာ သူတို့၏ ဦးခေါင်းများမှာ လုံးဝ ထုံကျဉ်သွားရလေ၏။

မဖြစ်နိုင်ချေ။ တုပိုင်၏ အမြောက်များသည် အနှစ်တစ်ရာလောက် ဟောင်းနွမ်းနေသည့် ပြောင်းချောအမြောက်များ ဖြစ်နေသည်မှာ ထင်ရှားပါလျက် အဘယ်ကြောင့် ဤမျှလောက်အထိ စွမ်းအားကြီးနေရသနည်း။

သို့သော်လည်း ဤသည်မှာ အစမျှသာ ရှိသေး၏။

**--**--**--**--**--**--**--**

ကျန့်ရှီးမြို့ စစ်မြေပြင်တွင် မိုဟန်သည် အမြောက်တပ်ကို အော်ဟစ်အမိန့်ပေးနေလျက်ရှိ၏။ အကြောင်းမှာမူ အရှေ့ဘက် ပြည်ထောင်စု စစ်တပ်တွင် အမြောက် ရာပေါင်းများစွာ ကျန်ရှိနေသေးသဖြင့် တုပိုင်၏ ကျန့်ရှီးအိမ်တော် မြို့တော်ကို အပျက်အစီးပုံ ဖြစ်အောင် ဗုံးကြဲနိုင်သေးသောကြောင့်ပင် ဖြစ်သည်။

တုပိုင်၏ အမြောက်များမှာ ဤမျှလောက်အထိ အစွမ်းထက်နေသဖြင့် နောက်တစ်ကြိမ် ပစ်ခတ်ရန် အချိန်ကြာမြင့်စွာ ယူရလိမ့်မည်ဟု အားလုံးက ထင်မှတ်ထားကြလေသည်။ သို့သော်လည်း ဆက်လက်ဖြစ်ပေါ်လာသော မြင်ကွင်းသည် မိုဟန် ၊ ရှောင်မူကျစ်နှင့် အခြားသူများကို လုံးဝ စိတ်ပျက်အားငယ်သွားစေ၏။

ပထမအကြိမ် ပစ်ခတ်မှု ပြီးဆုံးပြီးသည်နှင့် တပြိုင်နက် တုပိုင်၏ အမြောက်တပ်သားများသည် ကျောက်သလင်း မှော်အမြောက်ထဲသို့ နောက်ထပ် အမြောက်ဆန်တစ်လုံးကို ချက်ချင်းထည့်သွင်းလိုက်ကြ၏။ ထို့နောက် ချက်ချင်းပင် အနီရောင် ကျောက်သလင်း၏ လေဆာ ချိန်ရွယ်မှု ကိရိယာကို အသုံးပြု၍ ချိန်ရွယ်လိုက်ကြလေသည်။

စက္ကန့်အနည်းငယ် အကြာတွင် ဒုတိယအကြိမ် ပစ်ခတ်မှု စတင်လာလေတော့သည်။ အမြောက်ပြောင်းကို သန့်ရှင်းရေးလုပ်ရန် မလို ၊ မည်သည့် စွမ်းအင်မျှ ထည့်သွင်းရန် မလို ၊ ယမ်းမှုန့်များ ထည့်ရန် မလိုဘဲ နောက်တစ်ကြိမ် ပစ်ခတ်မှုကို တိုက်ရိုက် ဆက်လက် လုပ်ဆောင်နိုင်သလော။

ဤကဲ့သို့ အံ့မခန်း အကွာအဝေးနှင့် အံ့မခန်း တိကျမှုရှိသည့် အမြောက်တစ်လက်၏ ပစ်ခတ်မှုနှုန်းက ဤမျှလောက်တောင် မြန်နေခြင်းသည် ယုတ္တိမရှိချေ။

“ဝှူးးး ဝှူးးး ဝှူးးး”

အမြောက်ဆန် တစ်ရာကျော်သည် အလွန်လျင်မြန်သော ပွတ်တိုက်မှုကြောင့် အနီရောင်သန်းနေကာ လေထဲတွင် ခန့်ညားလှသော ကြယ်တံခွန် မိုးရွာကျနေသကဲ့သို့ပင် ဖြစ်နေ၏။ ခန့်ညားလှသော ကြယ်တံခွန် မိုးရွာကျမှုသည် မိုဟန်နှင့် ရှောင်မူကျစ်တို့၏ အမြောက်တပ်စခန်းများပေါ်သို့ နောက်တစ်ကြိမ် ကျရောက်လာပြန်သည်။

“ဝုန်းးး ဝုန်းးး ဝုန်းးး”

ကျယ်လောင်လွန်းလှသော ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာသည်။ ပျက်စီးခြင်းနှင့် ခန့်ညားခြင်း မြင်ကွင်းသည် နောက်တစ်ကြိမ် ပေါ်ပေါက်လာပြန်၏။

အမြောက်အလက် တစ်ရာကျော်သည် နောက်တစ်ကြိမ် အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံလိုက်ရကာ နောက်တစ်ကြိမ် လေပေါ်သို့ လွင့်စင်လျက် အသုံးမကျသော အမှိုက်များ ဖြစ်သွားကြပြန်သည်။

အကြိမ်ကြိမ်အခါခါ ဖျက်ဆီးခံနေရသဖြင့် မိုဟန်နှင့် ရှောင်မူကျစ်တို့သည် ပို၍ပင် အံ့အားသင့်သွားကြလေသည်။

ဤသည်မှာ… ဤသည်မှာ မည်သို့သော တစ္ဆေအမြောက်မျိုးနည်း။ ယမ်းမှုန့် မလို ၊ ပစ်ခတ်ရသည်လည်း လွယ်ကူလှပေသည်။ ခလုတ်လေး နှိပ်လိုက်ရုံဖြင့် စက္ကန့်အနည်းငယ်အတွင်း တစ်ကြိမ် ပစ်ခတ်နိုင်သည်ဟု ဆိုရပေမည်။ မကြာမီမှာပင် တုပိုင်၏ တတိယအကြိမ် ပစ်ခတ်မှု ထပ်မံရောက်ရှိလာပြန်လေသည်။

“ဝှူးးး ဝှူးးး ဝှူးးး”

စတုတ္ထအကြိမ် ပစ်ခတ်မှုသည်လည်း ဆက်လက် ဖြစ်ပေါ်လာလေ၏။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၆၇ + ၇၆၈ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters