အခန်းပို
Vol. 77 Ch. Extra
ကုန်းကုန်းဧကရာဇ်။ အပိုင်း (အပို)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
လူဇွန်းမြို့။
သခင်လေး ဖန်းချန်သည် တော်ဝင်ရောမအင်ပါယာမှ ဂုဏ်သရေရှိ ဧည့်သည်တော် မင်းသမီး အန်းနီကို ကြိုဆိုနှုတ်ဆက်နေ၏။
အမေရိကတိုက်တွင် တော်ဝင်ရောမအင်ပါယာ အရေးနိမ့်သွားပြီးနောက် အရှက်ရဖွယ်ကောင်းသော စစ်ပြေငြိမ်းရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ရသည်။ ထို့နောက်တွင်မူ အနောက်ကမ္ဘာ၏ နံပါတ်တစ် အလှမယ်ဟု ကျော်ကြားသော မင်းသမီး အန်းနီသည် အရှေ့ဘက် ပြည်ထောင်စုသို့ လာရောက်လည်ပတ်နေခြင်း ဖြစ်သည်။
လည်ပတ်နေစဉ်အတွင်း လှပလွန်းသော မင်းသမီးလေးသည် သူမ၏ စိတ်ရင်းကို လျှို့ဝှက်စွာ ပြသနေခဲ့ပြီး မမျှော်လင့်ဘဲ လက်ထပ်ထိမ်းမြားလိုသည့် အဓိပ္ပာယ်များလည်း ပါဝင်နေ၏။ သခင်လေး ဖန်းချန်တွင် ကိုယ်လုပ်တော်များစွာနှင့် ချစ်သူ အိန်ဂျယ်တို့ ရှိနေသော်လည်း တရားဝင် ဇနီးအဖြစ် မည်သူ့ကိုမျှ လက်ထပ်ထားခြင်း မရှိသေးချေ။
တော်ဝင်ရောမ မဟာမိတ်အဖွဲ့သည် အနောက်ကမ္ဘာ၏ ရတနာတစ်ပါးဖြစ်သော မင်းသမီး အန်းနီကို သခင်လေး ဖန်းချန်နှင့် အမှန်တကယ်ပင် လက်ဆက်ပေးချင်နေကြခြင်းပင် ဖြစ်သည်။
ထိုအချိန်တွင် မင်းသမီးလေးမှာ ဟားပ်ဆီကော့ဒ်ဆိုသည့် ဂီတတူရိယာကို တီးခတ်နေ၏။ သူမ၏ အနုပညာ အစွမ်းအစမှာ အလွန်ပင် မြင့်မားလှပြီး တီးခတ်မှုမှာလည်း အလွန်အမင်း လှပလွန်းလှသည်။ သူမ၏ နတ်သမီးသဏ္ဍာန် မျက်နှာလေးနှင့် ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်တို့ ပေါင်းစပ်လိုက်သောအခါ အမှန်တကယ်ပင် စွဲမက်ဖွယ်ကောင်းလှ၏။ သခင်လေး ဖန်းချန်ကမူ ထိုတီးခတ်မှုကို ငြိမ်သက်စွာ နားထောင်နေသည်။
ထိုစဉ် ယုံကြည်ရသော နောက်လိုက်တစ်ဦးမှာ အနားသို့ တဖြည်းဖြည်း ချဉ်းကပ်လာပြီး လျှို့ဝှက်စာတစ်စောင်ကို ကမ်းပေးလာ၏။ ယင်းမှာ တုဟွေး၏ လက်ရေးပင် ဖြစ်သည်။
“တုဟွေးက မြင့်မြတ်လှသော အရှင်သခင်အား ရိုသေစွာ တင်ပြအပ်ပါသည်။ စစ်ပွဲစတင်ပြီး တစ်လကျော်အတွင်းမှာပင် တုပိုင်၏ အဓိကနယ်မြေများ အားလုံး ကျဆုံးသွားခဲ့ပါပြီ။ အခုအခါတွင်မူ တုပိုင်မှာ ပိုင်ဆယ်နှင့် ကျန့်ရှီး မြို့နှစ်မြို့အတွင်းမှာ ပိတ်မိနေပြီး နောက်ဆုံး အသက်လု ရုန်းကန်နေရပါပြီ။ သူ ပျက်စီးဖို့ကတော့ မျက်စိတစ်မှိတ်အတွင်းမှာပါပဲ”
စာကို ဖတ်ပြီးနောက် သခင်လေး ဖန်းချန်သည် မည်သည့် ခံစားချက်မျှ မပြဘဲ လျှို့ဝှက်စာကို ချေဖျက်ကာ လွှင့်ပစ်လိုက်၏။ ထို့နောက် မင်းသမီးလေး၏ တီးခတ်မှုကို ဆက်လက် နားထောင်နေပြန်သည်။
သူ၏ အမြင်တွင်မူ အရှေ့ဘက် ပြည်ထောင်စုက တုပိုင်ကို ချေမှုန်းရန် စစ်သည် ခြောက်သိန်းကျော် စေလွှတ်ထားခြင်းမှာ ပုရွက်ဆိတ်တစ်ကောင်ကို နင်းသတ်သကဲ့သို့ပင် ဖြစ်သည်။ ကျိန်းသေပေါက် နိုင်ပွဲဖြစ်နေသောကြောင့် သူက အဘယ်ကြောင့် ဂရုစိုက်နေတော့မည်နည်း။
တုပိုင် သေဆုံးသွားလျှင်ပင် လှည့်ကြည့်မည် မဟုတ်ချေ။ တုပိုင်မှာ သူနှင့် အဆင့်အတန်း အလွန် ကွာခြားလွန်းလှ၏။
**--**--**--**--**--**--**--**
ကျန့်ရှီးမြို့တော်။
အရှေ့ဘက် ပြည်ထောင်စု၏ အမြောက်တပ်များ အားလုံး အလုံးစုံ ပျက်သုဉ်းသွားပြီ ဖြစ်၏။ သို့သော်လည်း မိုဟန်နှင့် အခြားသူများ၏ အမြင်တွင်မူ သူတို့၏ အင်အားမှာ တုပိုင်ထက် ဆယ်ဆမျှ ပို၍ စွမ်းအားကြီးနေဆဲပင် ဖြစ်သည်။
အခြားအရာများကို ထည့်မတွက်လျှင်ပင် ခွန်လွန်ကျွန်စစ်သည် လေးသောင်းတည်းနှင့်ပင် တုပိုင်၏ စစ်တပ်ကို အကုန်အစင် သတ်ဖြတ်ပစ်ရန် လုံလောက်လှပေသည်။ အဓိက လိုအပ်သည်မှာ မြို့ရိုးပေါ်သို့ တက်နိုင်ရန်သာ ဖြစ်၏။
“သတ်ကြ... သတ်ကြစမ်း...”
“မြို့ရိုးပေါ်ကို ပြေးတက်ကြ။ တုပိုင်ရဲ့ အလောင်းကို အစအနရှာမရအောင် သတ်ပစ်ကြစမ်း...”
စစ်သည် သုံးသိန်းကျော်သည် ကျန့်ရှီးမြို့တော်၏ မြို့ရိုးလေးဖက်ဆီသို့ အရူးအမူး ပြေးဝင် တိုက်ခိုက်ကြ၏။
“ပစ်...”
“ပစ်...”
“ပစ်...”
မြို့ရိုးလေးဖက်ပေါ်ရှိ ကျောက်သလင်း မှော်အမြောက် ၁၈၀ သည် အဆက်မပြတ် ပစ်ခတ်နေကြ၏။ ယခုအခါတွင်မူ ချိန်ရွယ်နေရန်ပင် မလိုအပ်တော့ချေ။ အောက်ဘက်ရှိ ပြည့်နှက်နေသော ရန်သူ့တပ်များကို အဆက်မပြတ် ပစ်ခတ်နေရုံသာ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ကျောက်သလင်း မှော်အမြောက်များသည် အံ့မခန်းဖွယ် ပစ်ခတ်မှု အရှိန်အဟုန်ကို ပြသနေ၏။ ငါးစက္ကန့်လျှင် တစ်ကြိမ်ဟူသည့် နှုန်းဖြင့် ပြစ်ခေတ်နေကြသည်။
ထိုအရှိန်မှာ ကောင်းကင်ဘုံကိုပင် အာခံနိုင်လောက်အောင် အံ့သြဖွယ် ကောင်းလှသည်။ ကမ္ဘာမြေပေါ်ရှိ လျှပ်စစ်သံလိုက်အမြောက်များသည်ပင် တစ်မိနစ်လျှင် တစ်ကြိမ် ပစ်ခတ်ရန် အလွန်ခက်ခဲလှပေ၏။
အဘယ်ကြောင့်ဆိုသော် စွမ်းအင်အားဖြည့်ရန် အချိန်အတော်ကြာ လိုအပ်သောကြောင့်ပင်။ သို့သော်လည်း ကျောက်သလင်း အမြောက်မှာမူ ခလုတ်ကို နှိပ်လိုက်သည်နှင့် ချက်ချင်း ပစ်ခတ်နိုင်စွမ်း ရှိနေသည်။
“ဝှူးးး ဝှူးးး ဝှူးးး”
အမြောက် ၁၈၀ က တပြိုင်နက်တည်း ပစ်ခတ်လိုက်၏။
ကြယ်တံခွန်မိုးများ ရွာကျနေသကဲ့သို့ မြို့ရိုးပေါ်မှနေ၍ အရူးအမူး ပစ်ခတ်နေကြသည်။ နောက်ဆုံးတွင်မူ အမြောက်ပြောင်းတစ်ခုလုံး ရဲရဲတောက် နီရဲလာတော့သည်။ ကံကောင်းထောက်မစွာဖြင့် ဤအရာမှာ အခြားကမ္ဘာမှ ထူးခြားသော သတ္တုဖြစ်နေ၍သာ ဖြစ်သည်။ အကယ်၍ ကမ္ဘာမြေပေါ်ရှိ သတ္တုစပ် အမြောက်ပြောင်းများသာဆိုလျှင် ဤမျှ ပြင်းထန်သော ပစ်ခတ်မှုကို ခံနိုင်ရည်ရှိမည် မဟုတ်ချေ။
တုပိုင်သည် မြို့ရိုးထိပ်တွင် ရပ်နေရင်း ဤခမ်းနားလှသော သတ်ဖြတ်ပွဲကြီးကို စောင့်ကြည့်နေ၏။ ဤမြင်ကွင်းမှာ ရုပ်ရှင်များထက်ပင် ပို၍ ဆန်းကြယ်လှပေသည်။
ကျောက်သလင်း မှော်အမြောက်မှ ပစ်ခတ်လိုက်သော သံလုံးကျည်များသည် သေမင်းတမန် မိုးစက်မိုးပေါက်များနှယ်ပင်။ ရန်သူတစ်ဦးဦးကို ထိမှန်သွားသည်နှင့် တပြိုင်နက် အပိုင်းပိုင်းအစစ ကြေမွသွားရကာ ပြတ်တောက်နေသော လက်တစ်ဖက်ကိုပင် ရှာတွေ့နိုင်မည် မဟုတ်ချေ။ ပစ်ခတ်မှု တစ်ကြိမ်စီတိုင်းသည် သေမင်းတမန် လမ်းကြောင်းတစ်ခုကို ထွင်းဖောက်လိုက်သကဲ့သို့ပင်။
အမြောက်ဆန် တစ်လုံးစီတိုင်းသည် မီတာ ရာနှင့်ချီ၍ ထွင်းဖောက်သွားနိုင်ကာ ကြောက်မက်ဖွယ်ကောင်းသော သေမင်းတမန်နယ်မြေကို ဖြစ်ပေါ်စေသည်။ အရှေ့ဘက် ပြည်ထောင်စု၏ စစ်သည် သုံးသိန်းကျော် ဤသို့ ပြေးဝင်တိုက်ခိုက်နေချိန်တွင် လူမည်မျှ သေဆုံးသွားပြီနည်းဆိုသည်ကို ဘုရားသခင်သာ သိပေလိမ့်မည်။
“ဝှူးးး ဝှူးးး ဝှူးးး”
သေမင်းတမန် အမြောက်ဆန်မိုးများအောက်တွင် အရှေ့ဘက် ပြည်ထောင်စု စစ်တပ်မှာ ခက်ခဲစွာ တိုးကပ်လာရသည်။ ရှေ့ဆုံးမှ ပြေးဝင်လာသော သေနတ်ကိုင်တပ်သားများသည် နောက်ဆုံးတွင် မြို့ရိုးမှ မီတာ ၃၀၀ အကွာအဝေးသို့ ရောက်ရှိလာ၏။ သူတို့၏ စွမ်းအားကို ပြသရမည့်အချိန် ရောက်ပြီဖြစ်သည်။ လူတိုင်းက သေနတ်များကို မြှောက်ကာ မြို့ရိုးပေါ်ရှိ ပစ်မှတ်များကို ချိန်ရွယ်ကြတော့သည်။
“ဝုန်းးး...”
“ဝုန်းးး...”
“ဝုန်းးး...”
သို့သော်လည်း ရုတ်တရက် သူတို့၏ မျက်စိရှေ့တွင် အလင်းတန်းများ ဝေသွား၏။ တစ်ကိုယ်လုံးမှာ ချက်ချင်းဆိုသလိုပင် အပေါက်အပြဲများဖြင့် ဗရပွ ဖြစ်သွားရသည်။
ယင်းမှာ အစိပ်ကျည်များ ဖြစ်ပေသည်။
တုပိုင်၏ ကျောက်သလင်း အမြောက်များကို အစိပ်ကျည်များဖြင့် လဲလှယ်လိုက်ပြီ ဖြစ်၏။
သာမန် ပြောင်းချောအမြောက်များ၏ ထိရောက်သော အကွာအဝေးမှာ မီတာ နှစ်ရာ သုံးရာသာ ရှိသော်လည်း ကျောက်သလင်း မှော်အမြောက်၏ အစိပ်ကျည်များမှာမူ ကီလိုမီတာနှင့်ချီ၍ ထိရောက်မှု ရှိနေဆဲပင်။ အစိပ်ကျည်တစ်လုံး ပေါက်ကွဲသွားတိုင်း ကျည်စပေါင်း ထောင်နှင့်ချီ၍ နတ်သမီးလေးများ ပန်းကြဲသကဲ့သို့ ပျံ့နှံ့သွားသည်။ ပို၍ ရူးသွပ်ဖွယ်ကောင်းသော သတ်ဖြတ်မှုကြီး ရောက်ရှိလာပြီ ဖြစ်၏။
“ဝုန်းးး ဝုန်းးး ဝုန်းးး”
ပြောင်းချောအမြောက်များတွင် အစိပ်ကျည်ဖြည့်ရသည်မှာ အလွန်ပင် လက်ဝင်လှသော်လည်း တုပိုင်၏ အစိပ်ကျည်မှာမူ သံလုံးကျည်ကဲ့သို့ပင် အလွယ်တကူ ထည့်သွင်းနိုင်သည်။ ပြောင်းဝမှ ထွက်လာသည်နှင့် ပါးလွှာသော အခွံမှာ လေထု၏ ပွတ်တိုက်မှုကြောင့် အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားကာ အတွင်းမှ ကျောက်ခဲမိုးနှယ် ကျည်စများသည် ယပ်တောင်ပုံစံ ဖြန့်ကျက်သွားပြီး ထိုဧရိယာအတွင်းရှိ သက်ရှိမှန်သမျှကို အကုန်အစင် သုတ်သင်လိုက်၏။
အရှေ့ဘက် ပြည်ထောင်စု၏ သေနတ်ကိုင်တပ်သား တစ်သိန်းမှာ အလွန်ပင် စွမ်းအားကြီးလှပြီး သွေးမိစ္ဆာ မြင်းတပ်သားများပင်လျှင် သူတို့ရှေ့တွင် အရေးနိမ့်သွားနိုင်၏။ သို့သော်လည်း ယခုအခါတွင်မူ သူတို့ ငြိမ်ငြိမ်လေးရပ်ပြီး ချိန်ရွယ်ရန်ပင် မဖြစ်နိုင်တော့ချေ။
တုပိုင်၏ ကျောက်သလင်း အမြောက်များမှာ ပစ်ခတ်မှု အလွန် မြန်ဆန်လွန်းလှသည်။ ငါးစက္ကန့်လျှင် တစ်ကြိမ် ပစ်ခတ်နေပြီး ကျည်စပေါင်း သိန်းနှင့်ချီ ထွက်ပေါ်လာရာ မြို့ရိုးရှေ့ မီတာ ရာဂဏန်းသို့ ရောက်ရှိလာသော သေနတ်ကိုင်တပ်သားများမှာ နေရာတကျ တန်းစီရန်ပင် အချိန်မရဘဲ ငှက်ပျောရွက်ပေါ် မိုးသီးကြွေသကဲ့သို့ အစုလိုက်အပြုံလိုက် အသတ်ခံနေရတော့သည်။
စစ်သူကြီး ဖန်းထျန်မင်းသည် ထိုမြင်ကွင်းကို ကြည့်ရင်း အသက်ရှူပင် ကျပ်လာတော့သည်။ သူသည် မိုဟန် သို့မဟုတ် ရှောင်မူကျစ်တို့နှင့် မတူပေ။ သူသည် အရှေ့ဘက် ပြည်ထောင်စု၏ စစ်တပ်ကို ဦးဆောင်ကာ တစ်ကမ္ဘာလုံးကို တိုက်ခိုက်ခဲ့သူဖြစ်ပြီး အရှေ့ယင်းအင်ပါယာကို ချေမှုန်းကာ အမေရိကတိုက်ရှိ အနောက်ကမ္ဘာ၏ ကိုလိုနီမဟာမိတ်တပ်များကိုပင် မကြာသေးမီက အနိုင်ယူခဲ့သူဖြစ်သည်။ အရှေ့ဘက် ပြည်ထောင်စုသည် အမြဲတမ်း ပြိုင်ဘက်ကင်းခဲ့ပြီး တစ်ဖက်သတ် အနိုင်ရရှိခဲ့စမြဲပင် ဖြစ်သည်။
ယခုမြင်ကွင်းမှာ သူ တစ်ခါမျှ မကြုံဖူးသေးသည့် အခြေအနေဖြစ်ပြီး သူ၏ စစ်တပ်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံနေရ၏။ သူ အမြတ်တနိုး ထားရသော သေနတ်ကိုင်တပ်သားများမှာ တုံးလုံးပတ်လက် သေဆုံးနေကြရ၏။ သေနတ်ကိုင်တပ်သားများသာမက သံချပ်ကာ စစ်သည်များ ၊ ခွန်လွန်ကျွန်စစ်သည်များပင်လျှင် တုပိုင်၏ မှော်အမြောက်များအောက်တွင် သနားစဖွယ်အော်ဟစ်ကာ သေဆုံးနေကြရသည်။
မိုဟန်နှင့် ရှောင်မူကျစ်တို့သည် တုပိုင်၏ ရာနှင့်ချီသော မှော်အမြောက်များက စစ်ပွဲကို အဆုံးသတ်သွားတော့မည်ဟု ထင်နေချိန်တွင် ရုတ်တရက်...
“ဝုန်းးး...”
ကျောက်သလင်း မှော်အမြောက်တစ်လက်၏ ပြောင်းမှာ အလွန်အမင်း နီရဲလာပြီးနောက် ရုတ်တရက် ပေါက်ကွဲထွက်သွား၏။ ချက်ချင်းပင် အမြောက်အနီးရှိ ရှာမန်များနှင့် စစ်သည် ဒါဇင်နှင့်ချီ၍ သေဆုံးသွားကြရသည်။
အမြောက်ပြောင်း ပေါက်ကွဲသွားခြင်းပင်။ အကြိမ်ပေါင်း မည်မျှ ပစ်ခတ်လိုက်သည်မသိ ၊ အလင်းရွှေဖြင့် ပြုလုပ်ထားသော အမြောက်ပြောင်းပင်လျှင် ခံနိုင်ရည် မရှိတော့ချေ။ ငါးစက္ကန့်လျှင် တစ်ကြိမ် ပစ်ခတ်ရသည်မှာ အလွန်ပင် ပြင်းထန်လွန်းလှပြီး ရေဖြင့် အမြဲတမ်း အအေးခံနေလျှင်ပင် မရတော့ချေ။
စစ်ခုန်းယဲ့က လျှောက်တင်၏။ “အရှင်... ကျွန်တော်တို့ရဲ့ ကျောက်သလင်း မှော်အမြောက်တွေကို အရှိန်လျှော့မှ ဖြစ်ပါလိမ့်မယ်။ မဟုတ်ရင် နောက်ထပ် အမြောက်ပြောင်းတွေ ထပ်ပြီး ပေါက်ကွဲကုန်ပါလိမ့်မယ်”
တုပိုင်သည် ပေါက်ကွဲသွားသော အမြောက်နှင့် ဘေးပတ်ပတ်လည်ရှိ အလောင်းများကို ကြည့်လိုက်သည်။ ဤကဲ့သို့ ဆက်လက် ပစ်ခတ်၍ မဖြစ်တော့ချေ။ အကယ်၍ အမြောက်များစွာ တစ်ပြိုင်နက် ပေါက်ကွဲကုန်ပါက အကျိုးဆက်မှာ အလွန် ဆိုးရွားသွားပေလိမ့်မည်။
“ပစ်ခတ်မှု အရှိန်ကို လျှော့လိုက်ကြ။ စက္ကန့် ၂၀ မှာ တစ်ကြိမ်ပဲ ပစ်တော့” တုပိုင်က အမိန့်ပေးလိုက်၏။
ချက်ချင်းပင် အနောက်ဘက် မြို့ရိုးပေါ်ရှိ ကျောက်သလင်း အမြောက် ၁၀၀ ကျော်၏ ပြင်းထန်သော ပစ်ခတ်မှုများ ရပ်တန့်သွားကာ ပစ်ခတ်မှုအရှိန်မှာ လေးဆမျှ လျော့နည်းသွားတော့သည်။
မိုဟန်နှင့် ရှောင်မူကျစ်တို့မှာ အလွန် ဝမ်းသာသွားကြသည်။
“တုပိုင်ရဲ့ အမြောက်တွေ မရှိတော့ဘူး”
“ဘုရားသခင်က ငါတို့ကို စောင့်ရှောက်နေပြီဟေ့”
“အောင်ပွဲက ငါတို့လက်ထဲမှာပဲ ရှိနေသေးတယ်။ ခွန်လွန်ကျွန်စစ်သည်တို့... တက်ကြစမ်း... တက်ကြစမ်း...”
“မြို့ရိုးပေါ်ကို ပြေးတက်ပြီး တုပိုင်ဆိုတဲ့ ခွေးသူခိုးရဲ့ စစ်တပ်ကို အကုန် သတ်ပစ်ကြစမ်း”
နောက်ဆုံးတွင်မူ အရှေ့ဘက် ပြည်ထောင်စု၏ အပြင်းထန်ဆုံးသော အင်အားကြီးကို ထုတ်သုံးလိုက်လေတော့၏။
တုပိုင်၏ ကျောက်သလင်း အမြောက်များ ခေတ္တမျှ ပစ်ခတ်မှု ရပ်တန့်သွားသည်ကို အခွင့်ကောင်းယူကာ ရန်သူများက မြို့ရိုးပေါ်သို့ တက်ရန် ကြိုးပမ်းကြတော့သည်။
ဤခွန်လွန်ကျွန်စစ်သည် လေးသောင်းမှာ မူလက အခြားစစ်တပ်များ၏ နောက်ကွယ်တွင် ပုန်းကွယ်နေခဲ့ကြခြင်း ဖြစ်သည်။ တုပိုင်၏ မှော်အမြောက်ဒဏ်ကို ခံခဲ့ရပြီးနောက်တွင် သုံးသောင်းခုနစ်ထောင်ခန့် ကျန်ရှိနေသေးကာ သူတို့သည် လျှပ်စီးလက်သကဲ့သို့ အရှိန်ဖြင့် တုပိုင်၏ မြို့ရိုးဆီသို့ ပြေးဝင်လာကြ၏။
သွေးမိစ္ဆာစစ်သည်များနှင့် နာမည်ကျော်ကြားမှု တူညီသော ဤစစ်တပ်မှာ ဆေးရည်ဖြင့် အသွင်ပြောင်းခံထားရသူများ ဖြစ်ကြသဖြင့် အမှန်တကယ်ပင် ကောင်းကင်ဘုံကို အာခံနိုင်စွမ်း ရှိကြ၏။ သူတို့၏ ပြေးဝင်လာသော အရှိန်မှာ အလွန်အမင်း မြန်ဆန်လွန်းလှသည်။ သူတို့သည် အင်အား အဆမတန် ကြီးမားရုံသာမက လျင်မြန်ဖျတ်လတ်မှုလည်း ရှိကြရာ သံချပ်ကာ လှေကားများကို ထမ်းထားလျှင်ပင် ကဆုန်ပေါက်နေသော မြင်းတစ်ကောင်ကဲ့သို့ မြန်ဆန်နေဆဲ ဖြစ်သည်။
ယခင်က မြို့သိမ်းတိုက်ပွဲများတွင် သူတို့ လှေကားအသုံးမပြုခဲ့ရဖူးဟု ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် အရှေ့ဘက် ပြည်ထောင်စု၏ အမြောက်ဒဏ်ကြောင့် မြို့ရိုးများမှာ ပျက်စီးနေရစမြဲဖြစ်ပြီး လှေကားမှာ အပိုအရန်အဖြစ်သာ ပါလာခြင်းဖြစ်သည်။ သို့သော် ယခုအခါတွင်မူ အမှန်တကယ်ပင် အသုံးပြုရတော့မည် ဖြစ်သည်။
ခွန်လွန်ကျွန်စစ်သည် သုံးသောင်းကျော်သည် တစ်စက္ကန့်လျှင် ဆယ်မီတာနီးပါး အရှိန်ဖြင့် အရူးအမူး ပြေးဝင်လာကြသည်။ မြေပြင်တစ်ခုလုံး တုန်ခါနေကာ သံမဏိတံတိုင်းကြီး တစ်ခုလုံး ရွေ့လျားလာသကဲ့သို့ပင် ဖြစ်၏။
စက္ကန့်နှစ်ဆယ် ကြာပြီးနောက်... တုပိုင်၏ ကျောက်သလင်း အမြောက် ၁၀၀ ကျော်က ထပ်မံ ပစ်ခတ်လိုက်ပြန်သည်။
“ဝှူးးး ဝှူးးး ဝှူးးး”
ခွန်လွန်ကျွန်စစ်သည် သုံးသောင်းကျော်မှာ တိုက်ရိုက်ပင် လဲကျကုန်ကြ၏။ သို့သော် ကျန်ရှိနေသူများမှာ သေခြင်းတရားကို မကြောက်ဘဲ ဆက်လက် ပြေးဝင်နေကြဆဲ ဖြစ်သည်။ နောက်ထပ် စက္ကန့်နှစ်ဆယ် ကြာသောအခါ တုပိုင်က နောက်ထပ်တစ်ကြိမ် အမြောက်များဖြင့် ပစ်ခတ်လိုက်ပြန်သည်။
“ဝုန်းးး ဝုန်းးး ဝုန်းးး”
ကျယ်လောင်သော အသံကြီးများ ထွက်ပေါ်လာ၏။ ခွန်လွန်ကျွန်စစ်သည်များသည် သံချပ်ကာ လှေကား ရာနှင့်ချီ၍ မြို့ရိုးပေါ်သို့ ထောင်လိုက်ကြသည်။ ထို့နောက် သူတို့သည် တစ်ယောက်ပြီးတစ်ယောက် အလွန်မြန်ဆန်သော အရှိန်ဖြင့် အရူးအမူး တွားတက်လာကြတော့သည်။
“ဂျိမ်းးး ဂျိမ်းးး ဂျိမ်းးး”
မြို့ရိုးပေါ်မှနေ၍ ကျောက်တုံးကြီးများ၊ သစ်လုံးကြီးများ မရေမတွက်နိုင်အောင် ကျဆင်းလာသည်။ သို့သော်... သိပ်ပြီး ထိရောက်မှု မရှိချေ။ ကျင်းတစ်ရာခန့် အလေးချိန်ရှိသော ကျောက်တုံးကြီးများသည် အခြားစစ်သည်များပေါ်သို့ ကျရောက်ပါက တိုက်ရိုက်ပင် အသားစိုင်များအဖြစ် ကြေမွသွားနိုင်သော်လည်း ဤခွန်လွန်ကျွန်စစ်သည်များကို ထိမှန်သောအခါတွင်မူ ခန္ဓာကိုယ်မှာ အနည်းငယ်မျှသာ တုန်ခါသွားကြ၏။ လိမ့်ကျလာသော သစ်လုံးများမှာလည်း သူတို့ကို များစွာ အန္တရာယ် မပေးနိုင်ချေ။
ခွန်လွန်ကျွန်စစ်သည် တစ်ဦးစီတိုင်းသည် လှေကားတွင် သံရိုက်ထားသကဲ့သို့ ခိုင်မြဲစွာ ကပ်နေပြီး အရှိန်အဟုန်ဖြင့် ဆက်လက် တက်လာကြသည်။
တုပိုင်သည် ထိုမြင်ကွင်းကို ကြည့်ရင်း တိတ်တဆိတ် အံ့အားသင့်နေမိသည်။ ဤခွန်လွန်ကျွန်စစ်သည်များမှာ အမှန်တကယ်ပင် စွမ်းအားကြီးလှပေသည်။ အရှေ့ဘက် ပြည်ထောင်စုသည် ယခင်က အဘယ်ကြောင့် ပြိုင်ဘက်ကင်းနေခဲ့သည်ကို ယခုမှ နားလည်တော့သည်။ အအေးလက်နက်များဖြင့် တိုက်ခိုက်ရာတွင် ခွန်လွန်ကျွန်စစ်သည်များသည် ပြိုင်ဘက်ကင်းနေ၏။
ကံကောင်းသည်မှာ တုပိုင်တွင် အလင်းတန်း သံဓားများ ရှိနေခြင်းပင်။ မဟုတ်ပါက ဤခွန်လွန်ကျွန်စစ်သည် သုံးသောင်းကျော်၏ လက်ချက်ဖြင့် ဤတိုက်ပွဲမှာ ပြောင်းပြန်လှန်ခံရပေလိမ့်မည်။ ဝူကျိုးမြို့တွင်း တိုက်ပွဲတွင် ခွန်လွန်ကျွန်စစ်သည် တစ်ယောက်ကို သတ်ရန်အတွက် ဂျာချင်စစ်သည် ဒါဇင်နှင့်ချီ၍ အလဲအလှဲ လုပ်ခဲ့ရဖူးသည်။
ယွမ်ထျန်ကျောက်၏ လက်အောက်ရှိ ခွန်လွန်ကျွန်စစ်သည် တစ်ထောင်တည်းနှင့်ပင် ဝမ်ယန်ယင်းတူ၏ လူ သုံးလေးသောင်းခန့်ကို သတ်ဖြတ်နိုင်ခဲ့သည်။ ပုံမှန် အအေးလက်နက် တိုက်ပွဲတွင်ဆိုလျှင် ဤခွန်လွန်ကျွန်စစ်သည် သုံးသောင်းကျော်သည် လေးငါးသိန်းခန့်ရှိသော စစ်တပ်ကြီးကိုပင် ဖျက်ဆီးပစ်နိုင်စွမ်း ရှိလေ၏။
“ဝေါင်းးး”
ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ်လာ၏။ ပထမဆုံးသော ခွန်လွန်ကျွန်စစ်သည်မှာ မြို့ရိုးပေါ်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ ထို့နောက် ဒုတိယ ၊ တတိယ... ရာနှင့်ချီသော စစ်သည်များမှာ မြို့ရိုးပေါ်သို့ ဆက်တိုက် ရောက်ရှိလာကြသည်။
“နိုင်ပြီ... ငါတို့ နိုင်ပြီဟေ့...”
မိုဟန်မှာ အလွန်အမင်း ဝမ်းသာသွားရသည်။ ရှောင်မူကျစ်နှင့် စစ်သူကြီး ဖန်းထျန်မင်းတို့လည်း အတိုင်းထက်အလွန် ဝမ်းမြောက်နေကြ၏။
အသေအပျောက် များပြားခဲ့သော်လည်း ၊ လုပ်ငန်းစဉ်မှာ ခက်ခဲခဲ့သော်လည်း ခွန်လွန်ကျွန်စစ်သည်များ မြို့ရိုးပေါ်သို့ အစုလိုက်အပြုံလိုက် တက်ရောက်နိုင်ပြီဆိုလျှင် ဤတိုက်ပွဲမှာ ပြီးဆုံးသွားပြီဟု အဓိပ္ပာယ်ရပေသည်။
အဘယ်ကြောင့်ဆိုသော် ခွန်လွန်ကျွန်စစ်သည်များသည် အနီးကပ်တိုက်ပွဲများတွင် အမှန်တကယ်ကို ပြိုင်ဘက်ကင်းနေသောကြောင့်ပင်။
သေချာပေါက်ပင် တုပိုင်၏ သွေးမိစ္ဆာစစ်သည်များမှာလည်း ပြိုင်ဘက်ကင်းသည်။ သို့သော်လည်း ကျန့်ရှီးမြို့ရှိ တုပိုင်၏ သွေးမိစ္ဆာစစ်သည်မှာ နှစ်ထောင်ငါးရာခန့်သာ ရှိသဖြင့် ခွန်လွန်ကျွန်စစ်သည်များ၏ ဆယ်ပုံတစ်ပုံပင် မရှိနေချေ။
“ဟားဟားဟား... တုပိုင်... မင်း ပျက်စီးဖို့က ကောင်းကင်ဘုံက သတ်မှတ်ထားပြီးသားပဲ။ ဘယ်သူမှ ပြောင်းလဲလို့ မရဘူး”
“နောက်ပြီးရင် မင်းက စိတ်ပျက်အားငယ်မှုတွေကို ခံစားရတော့မယ်။ ခွန်လွန်ကျွန်စစ်သည်တွေက ဘယ်လောက်တောင် ကောင်းကင်ကို အာခံနိုင်လဲဆိုတာ မင်း သိရတော့မယ်”
“သူတို့က မင်းရဲ့ မှော်အမြောက်တွေကို အလွယ်တကူ ဖျက်ဆီးပစ်လိမ့်မယ်။ မင်းရဲ့ စစ်တပ်ကိုလည်း သတ်ပစ်လိမ့်မယ်။ သူတို့ တစ်ယောက်တည်းနဲ့တင် မင်းရဲ့ လူ တစ်ဆယ် ၊ နှစ်ဆယ် ၊ သုံးဆယ်ကို အလွယ်လေး သတ်နိုင်တယ်ကွ...”
မြို့ရိုးပေါ်သို့ တက်လာသော ခွန်လွန်ကျွန်စစ်သည်များသည် သူတို့ကို ဆီးကြိုနေသည်မှာ သူတို့ကဲ့သို့ပင် ထွားကျိုင်းသန်မာသော သွေးမိစ္ဆာစစ်သည်များသာမက သာမန်စစ်သည်များလည်း ဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။
“ဟေ့... သေမင်းကို နှုတ်ဆက်လိုက်စမ်း... ရက်ရက်စက်စက် သေရတော့မယ်”
အရှေ့ဘက် ပြည်ထောင်စု၏ ခွန်လွန်ကျွန်စစ်သည်များသည် ကျင်းတစ်ရာခန့် အလေးချိန်ရှိသော သံဓားများကို ထုတ်ကာ ခုတ်ပိုင်းလိုက်ကြသည်။
“ဝှစ်...”
တုပိုင်၏ စစ်တပ်ကမူ အလင်းတန်း သံဓားများကို ကိုင်ဆောင်ထားကြပြီး ခွန်လွန်ကျွန်စစ်သည်များ၏ ဓားများနှင့် သံချပ်ကာများပေါ်သို့ ရိုက်ချလိုက်ကြသည်။ ထို့နောက် ဓားရိုးပေါ်ရှိ ကျောက်သလင်း ခလုတ်ကို ချက်ချင်း နှိပ်လိုက်ကြ၏။
ရုတ်တရက်...
“ဖြတ်... ဖြတ်...”
အံ့မခန်း လျှပ်စစ်စီးကြောင်းများ ရုတ်တရက် ထွက်ပေါ်လာ၏။ ယင်းမှာ လူလုပ် လျှပ်စီးကြောင်းများကဲ့သို့ပင်။ ဗို့အား သောင်းနှင့်ချီသော လျှပ်စစ်စွမ်းအင်များသည် သံဓားမှတစ်ဆင့် သံချပ်ကာထဲသို့ ထိုးဖောက်ဝင်ရောက်သွားကာ ထွားကျိုင်းသန်မာလှသော ခွန်လွန်ကျွန်စစ်သည်များ၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် စီးဝင်သွားလေ၏။
ကြီးမားလှသော ခွန်လွန်ကျွန်စစ်သည်မှာ ချက်ချင်းပင် မေ့မျောသွားရတော့၏။ ထို့နောက်တွင်မူကား မျက်စိတစ်မှိတ်အတွင်းမှာပင် အသတ်ခံလိုက်ရတော့သည်။ တစ်ချက်တည်းနှင့်ပင် အပြတ်အသတ် သတ်ဖြတ်ခြင်းပင် ဖြစ်၏။
တုပိုင်၏ စစ်တပ်မှာ မြို့ရိုးပေါ်တွင် အလင်းတန်း သံဓားများကို ဝှေ့ယမ်းနေကြပြီး အပြာရောင် လျှပ်စစ်အလင်းတန်းများမှာ အဆက်မပြတ် လက်ခနဲ လက်ခနဲ ဖြစ်နေသည်။ အလွန်အမင်း စွမ်းအားကြီးလှသော ခွန်လွန်ကျွန်စစ်သည်များပင်လျှင် သူတို့ရှေ့တွင် တစ်ယောက်ပြီးတစ်ယောက် ချက်ချင်း သေဆုံးနေကြရသည်။
ထို့ကြောင့် ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခု ထပ်မံ ပေါ်ပေါက်လာပြန်သည်။ ပြိုင်ဘက်ကင်းလှသော ခွန်လွန်ကျွန်စစ်သည်များသည် မြို့ရိုးပေါ်သို့ တက်လာရုံသာ ရှိသေးသော်လည်း တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရကာ ပြန်လည် လဲကျသွားကြရတော့သည်။
“မဖြစ်နိုင်ဘူး... မဖြစ်နိုင်တာ...”
မိုဟန်နှင့် ရှောင်မူကျစ်တို့သည် ထိုမြင်ကွင်းကို ကြည့်ရင်း ကြက်သီးမွှေးညင်းများ ထသွားကြရသည်။ ဤမျှကြီးမားလှသော ထိုးနှက်ချက်ကို သူတို့ ထပ်မံ မခံစားနိုင်တော့ချေ။
ခွန်လွန်ကျွန်စစ်သည်များ မြို့ရိုးပေါ်သို့ တက်လိုက်နိုင်ချိန်တွင် သူတို့သည် အောင်ပွဲ၏ မျှော်လင့်ချက်ကို မြင်တွေ့ခဲ့ရသည်။ သို့သော် ယခုအခါတွင်မူ သူတို့သည် ကောင်းကင်ဘုံမှ ငရဲပြည်သို့ နောက်တစ်ကြိမ် ထပ်မံ ကျဆင်းသွားရပြန်ပြီ ဖြစ်သည်။
မိုဟန်၏ ရင်ထဲတွင် တလှပ်လှပ် တုန်ခါနေကာ ယခင်က ကျောက်သလင်း မှော်အမြောက် ဆယ်လက်၏ ပစ်ခတ်မှုကြောင့် ရရှိခဲ့သော အတွင်းဒဏ်ရာများမှာ ပြန်လည် ထကြွလာတော့သည်။ သူမ၏ ရင်ဘတ်နှင့် ဝမ်းဗိုက်ထဲတွင် ပြင်းထန်စွာ နာကျင်မှုကို ခံစားနေရ၏။ နောက်ဆုံးတွင်မူ သူမ အောင့်မထားနိုင်တော့ဘဲ ပါးစပ်ထဲမှ သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရလေတော့သည်။
ကုန်းကုန်းဧကရာဇ်။ အပိုင်း (အပို) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team