ရှေးဟောင်းမိစ္ဆာချီ၊ စတုတ္ထအဆင့် မိစ္ဆာအမြုတေ။
Vol. 47 Ch. 511
"ကောင်းပါပြီ အရှင်..."
"ဒါဆို ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ..."
စတုတ္ထအဆင့် မိစ္ဆာကျင့်ကြံသူတစ်ဦးက မနေနိုင်ဘဲ မေးလိုက်သည်။
"အရမ်း လွယ်ပါတယ်... မင်းတို့ မြို့တစ်မြို့ကို အရင်သိမ်းပိုက်လိုက်..."
"ပြီးရင် 'ရှေးဟောင်းမိစ္ဆာ အသွင်ပြောင်းအစီအရင်'ကို တည်ဆောက်ပြီး 'ရှေးဟောင်းမိစ္ဆာချီ'တွေကို ဖြန့်ကျက်လိုက်..."
"ရှေးဟောင်းမိစ္ဆာချီတွေ ကျင့်ကြံခြင်းလောကတစ်ခုလုံး ပြန့်နှံ့သွားတာနဲ့ ဒီကမ္ဘာလောကကြီးက ငါတို့ မိစ္ဆာမျိုးနွယ်စုတွေနဲ့ သင့်လျော်တဲ့ ပတ်ဝန်းကျင်အဖြစ် ပြောင်းလဲသွားလိမ့်မယ်..."
"အဲ့ဒီအချိန်ကျရင် ဒီလူသားကျင့်ကြံသူတွေ ဘယ်လောက်ပဲ ရုန်းကန်ရုန်းကန် အလကားပဲ ဖြစ်သွားလိမ့်မယ်..."
ပဉ္စမအဆင့် မိစ္ဆာသားရဲကျင့်ကြံသူတစ်ဦးက တည်ငြိမ်စွာ ပြောလိုက်သည်။
ဤသည်မှာ မျိုးသုဉ်းသတ်ဖြတ်ရေး စီမံကိန်းပင် ဖြစ်ကြောင်း ထင်ရှားလှသည်။
အကယ်၍ ကျင့်ကြံခြင်းလောကတစ်ခုလုံး ရှေးဟောင်းမိစ္ဆာချီများ ဖုံးလွှမ်းသွားပါက မိစ္ဆာသားရဲများ အဆက်မပြတ် ပေါ်ထွက်လာလိမ့်မည် ဖြစ်သည်။
လူသားကျင့်ကြံသူများအတွက် ခေါင်းထောင်နိုင်ရန် ပိုမို ခက်ခဲလာပေလိမ့်မည်။
ထိုအချိန်ရောက်လျှင် မိစ္ဆာမျိုးနွယ်စုသည် သေချာပေါက် ကြီးထွားလာပြီး လူသားမျိုးနွယ်စုကို ဖိနှိပ်နိုင်မည် ဖြစ်ကာ၊ လူသားမျိုးနွယ်စုသည် မိစ္ဆာမျိုးနွယ်စုကို ဘယ်သောအခါမှ ယှဉ်ပြိုင်နိုင်တော့မည် မဟုတ်ပေ။
…………
ထိုအချိန်တွင် ရွှမ်ဟွမ်ကျွန်း၌...။
မိုးကြိုးသိန်းငှက်မျိုးနွယ်စု စစ်တပ်ကို ချေမှုန်းပြီးနောက် လန်ယွဲ့ရှီနှင့် အခြားသူများသည် ဤမိစ္ဆာသားရဲ အလောင်းများကို ချက်ချင်း ပြန်သယ်လာခဲ့ကြသည်။
ဤမိစ္ဆာသားရဲ ပစ္စည်းများသည် အဆောင်၊ အစီအရင်၊ လက်နက်၊ ဆေးလုံးများအတွက် ကုန်ကြမ်းများ ဖြစ်ကြသည်။
ကျင့်ကြံသူများအတွက် မိစ္ဆာသားရဲ ပစ္စည်းတစ်ခုစီသည် တန်ဖိုးကြီးမားသည်။
ဤမျှ များပြားသော မိစ္ဆာသားရဲပစ္စည်းများကို ဝိညာဉ်ကျောက်တုံးများနှင့် လဲလှယ်လိုက်ပါက အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံး မည်မျှ ရရှိနိုင်မည်ကို မသိနိုင်ပေ။
ဤစစ်ပွဲကြောင့် သူတို့ ချမ်းသာသွားသည်ဟု ဆိုနိုင်သည်။
"ယောက်ျား... ကျွန်မတို့တော့ ချမ်းသာပြီ..."
"မိစ္ဆာသားရဲပစ္စည်းတွေ အများကြီး ရလိုက်တယ်..."
"ဒုတိယအဆင့်၊ တတိယအဆင့်နဲ့ စတုတ္ထအဆင့် မိစ္ဆာအမြုတေတွေတောင် အများကြီး ရလိုက်သေးတယ်..."
လန်ယွဲ့ရှီ အလွန် စိတ်လှုပ်ရှားနေသည်။
လက်ရှိ ရွှမ်ဟွမ်ကျွန်းရှိ ဂိုဒေါင်များတွင် မိစ္ဆာသားရဲ ပစ္စည်းမျိုးစုံဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။
သို့သော် သူမ အလေးထားဆုံးမှာ ဤမိစ္ဆာသားရဲများ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာအမြုတေများပင် ဖြစ်သည်။
ဒုတိယအဆင့် မိစ္ဆာအမြုတေဆိုလျှင် ပြောနေစရာပင် မလိုချေ။ အခြေတည်ဆေးလုံး ဖော်စပ်ရာတွင် အဓိကပါဝင်ပစ္စည်းဖြစ်ပြီး တန်ဖိုးကြီးမားသည်။
တတိယအဆင့် မိစ္ဆာအမြုတေဆိုလျှင် အခြေတည်အဆင့် ကျင့်ကြံသူများကို အတုအယောင် ရွှေအမြုတေအဆင့်သို့ ရောက်ရှိစေနိုင်ပြီး သက်တမ်း နှစ်ငါးရာအထိ ရရှိစေနိုင်သည်။
ရောင်းချလိုက်ပါက ကျင့်ကြံသူအများအပြား အလုအယက် တိုးဝှေ့လာကြပေလိမ့်မည်။
ကျင့်ကြံသူတိုင်း ရွှေအမြုတေအဆင့်ကို ရောက်နိုင်ကြသည် မဟုတ်ပေ။ အတုအယောင် ရွှေအမြုတေအဆင့်သို့ ရောက်ရှိပြီး နှစ်ရာချီ စံစားရခြင်းသည်ပင် မဆိုးလှပေ။
စတုတ္ထအဆင့် မိစ္ဆာအမြုတေဆိုလျှင် ပို၍ပင် တန်ဖိုးကြီးမားလေသည်။
ဤသည်မှာ စတုတ္ထအဆင့် မိစ္ဆာသားရဲ၏ ခန္ဓာကိုယ်ထဲက အနှစ်သာရ ပုံဆောင်ခဲပင် ဖြစ်ပြီး၊ စွမ်းအင် အမြောက်အများ ပါဝင်ပေသည်။
ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများသာ စားသုံးလိုက်ပါက ကျင့်ကြံခြင်းသက်တမ်း ဆယ်စုနှစ်၊ ရာစုနှစ်လောက်ပင် တိုးတက်လာနိုင်ပေသည်။
အကျိုးကျေးဇူးက မည်မျှပင် ကြီးမားသည်အား မှန်းဆကြည့်၍ပင် ရနိုင်ပေသည်။
"ကြားဖူးတာကတော့ စတုတ္ထအဆင့် မိစ္ဆာအမြုတေထဲမှာ မိစ္ဆာဓာတ်သဘာဝတွေ အများကြီး ပါဝင်နေတယ်တဲ့... တိုက်ရိုက် စားသုံးလိုက်ရင် အကျိုးမရှိတဲ့အပြင် မိစ္ဆာချီရဲ့ ညစ်ညမ်းမှုကို ခံရပြီး တာအိုလမ်းစဉ်ကို အဟန့်အတား ဖြစ်စေနိုင်တယ်တဲ့..."
"ဒါပေမဲ့ လူသားကျင့်ကြံသူတွေက နှစ်ပေါင်းများစွာ သုတေသနလုပ်ပြီးတော့ ဆေးလုံးတစ်မျိုးကို တီထွင်နိုင်ခဲ့တယ်... အဲ့ဒါကတော့ 'သန့်စင်နှင်းကြာပန်းဆေးလုံး'ပဲ... 'သန့်စင်နှင်းကြာပန်း'လို့ခေါ်တဲ့ နှစ်တစ်ထောင် ဝိညာဉ်ဆေးမြစ်ကို ထည့်သွင်းဖော်စပ်လိုက်ရင် မိစ္ဆာအမြုတေထဲက အညစ်အကြေးတွေကို သန့်စင်ပေးနိုင်တယ်..."
"အညစ်အကြေးတွေ မရှိတော့ဘဲ သန့်စင်တဲ့ ဆေးစွမ်းအင်တွေပဲ ကျန်တော့တဲ့အချိန်မှာ စားသုံးလိုက်ရင် ဝိညာဉ်သန္ဓေသား မှော်စွမ်းအားကို မြန်မြန်ဆန်ဆန် တိုးတက်လာစေနိုင်တယ်..."
"စတုတ္ထအဆင့် မိစ္ဆာသားရဲရဲ့ မူလစွမ်းအင်တွေ ပါဝင်နေတဲ့အတွက် အဆင့်ချိုးဖျက်ရာမှာလည်း အထောက်အကူ ပြုနိုင်တယ်... ဒါကြောင့် ရှေးခေတ်တုန်းက လူကြိုက်အများဆုံး ဆေးလုံးတစ်မျိုး ဖြစ်ခဲ့ဖူးတယ်..."
"ရှေးခေတ်တုန်းက ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတွေ ဘာလို့ အများကြီး ပေါ်ထွက်ခဲ့လဲဆိုတော့ စတုတ္ထအဆင့် မိစ္ဆာအမြုတေတွေကို ရရှိခဲ့လို့ပဲ... ဒါကြောင့် ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတွေ အများကြီး ပေါ်ထွက်လာပြီး ကျင့်ကြံခြင်းအဆင့်တွေလည်း မြန်မြန် တိုးတက်ခဲ့ကြတာ..."
"ဒါကြောင့်လည်း ရှေးခေတ်တုန်းက နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတွေ အများကြီး ရှိခဲ့တာပေါ့..."
ချူတျဲယီ၏ မျက်လုံးများ တောက်ပနေသည်။ သူမသည် ကောင်းကင်မိစ္ဆာလမ်းစဉ်ဂိုဏ်းမှ ရရှိခဲ့သော ရှေးဟောင်းမှတ်တမ်းများထဲတွင် ဤအကြောင်းအရာကို ဖတ်ရှုဖူးကြောင်း ပြန်လည် အမှတ်ရလိုက်သည်။ ဤသည်မှာ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများ၏ အခြေခံဗဟုသုတလည်း ဖြစ်သည်။
ဝိညာဉ်သန္ဓေသားအဆင့်သို့ ရောက်ရှိပြီးနောက် ကျင့်ကြံခြင်း တိုးတက်မှုနှုန်း နှေးကွေးသွားသဖြင့် ကျင့်ကြံခြင်းတိုးတက်စေရန် ဆေးလုံးအမျိုးမျိုးကို ရှာဖွေကြရသည်။
သန့်စင်နှင်းကြာပန်းဆေးလုံးသည် ထိုကဲ့သို့သော စတုတ္ထအဆင့် ဆေးလုံးတစ်မျိုး ဖြစ်သည်။
ဝမ်းနည်းစရာမှာ စတုတ္ထအဆင့် မိစ္ဆာအမြုတေသည် ရှားပါးလွန်းလှသည်။
ချန်လန်ပင်လယ်ဒေသ တစ်ခုလုံးတွင် စတုတ္ထအဆင့် မိစ္ဆာသားရဲ မည်မျှ ရှိပါမည်နည်း။
တွေ့ရှိလျှင်ပင် ၎င်းတို့သည် ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများက လာသတ်မည်ကို ဤအတိုင်းငြိမ်ခံနေမည် မဟုတ်ချေ။
တစ်ယောက်ချင်း တိုက်ခိုက်ကြလျှင်တောင်မှ သတ်ဖြတ်နိုင်ချင်မှ သတ်ဖြတ်နိုင်ပေမည်။ ယင်းတို့သည် အခြေအနေမကောင်းပါက ပင်လယ်နက်ထဲသို့ ထွက်ပြေးသွားကြမည်သာ ဖြစ်၏။
ထို့ကြောင့် ဝိညာဉ်သန္ဓေသားကျင့်ကြံသူများအတွက် စတုတ္ထအဆင့် မိစ္ဆာအမြုတေကို ရရှိနိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
သို့သော် ယခုမူ မတူညီတော့ချေ။
ရှေးဟောင်းမိစ္ဆာကမ္ဘာက ကျူးကျော်လာသည့်အတွက် စတုတ္ထအဆင့် မိစ္ဆာသားရဲအများအပြား ရောက်ရှိနေကြပြီ ဖြစ်၏။ ထို့ကြောင့်ပင် စတုတ္ထအဆင့် မိစ္ဆာသားရဲများသည် ရှားပါးမျိုးစိတ်များ မဟုတ်ကြတော့ပေ။
ဤတစ်ကြိမ်တည်းနှင့်ပင် ကျိုးစွေ့သည် စတုတ္ထအဆင့် မိစ္ဆာသားရဲ (၁၀၀)ကျော်ကို သတ်ဖြတ်ပြီး စတုတ္ထအဆင့် မိစ္ဆာအမြုတေ (၁၀၀)ကျော်ကို ရရှိခဲ့လေသည်။
မည်မျှပင် အကျိုးအမြတ် ကြီးမားမည်ဆိုသည်အား မှန်းဆကြည့်၍ ရနိုင်ပေသည်။
"နှစ်တစ်ထောင် ဝိညာဉ်ဆေးမြစ် သန့်စင်နှင်းကြာပန်းလား..."
"ရွှမ်ဟွမ်ကျွန်းရဲ့ ဆေးဥယျာဉ်ထဲမှာ အဲ့ဒီလို နှစ်တစ်ထောင် ဝိညာဉ်ဆေးမြစ်တွေ အများကြီး စိုက်ထားတာ ရှိသားပဲ..."
ရှန်ပိချန်က ချက်ချင်း ပြောလိုက်သည်။
သူမသည် ဝိညာဉ်သန္ဓေသား ကျင့်ကြံသူအသစ် ဖြစ်သော်လည်း လွန်ခဲ့သော နှစ် (၂၀) အတွင်း ဆေးဖော်စပ်ပညာမှာ လျင်မြန်စွာ တိုးတက်လာပြီး စတုတ္ထအဆင့် အောက်ခြေအဆင့် ဆေးဖော်စပ်ပညာရှင် ဖြစ်လာခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် သူမသည် ရွှမ်ဟွမ်ကျွန်းရှိ ဝိညာဉ်သန္ဓေသားအဆင့် ဆေးဥယျာဉ်များကို ရင်းနှီးကျွမ်းဝင်လေသည်။
ဤဆေးဥယျာဉ်များတွင် နှစ်တစ်ထောင် ဝိညာဉ်ဆေးမြစ် အများအပြား စိုက်ပျိုးထားသည်။
'ဆေးဝါးကူ'၏ အစွမ်းကြောင့် ဤဆေးမြစ်များသည် လျင်မြန်စွာ ကြီးထွားလာပြီး ဆယ်နှစ်အတွင်း နှစ်တစ်ထောင် ဆေးစွမ်းအင်ကို ရရှိနိုင်သည်။
အပြင်လူများသာ မြင်တွေ့ပါက ရူးသွပ်သွားကြပေလိမ့်မည်။
"ဟုတ်တယ်..."
"တကယ်ပဲ သန့်စင်နှင်းကြာပန်းတွေ အများကြီးကို စိုက်ထားတာ..."
"အစက ကုယုံဂိုဏ်း ဘာလို့ ဒီလောက်အများကြီး စိုက်ထားတာလဲလို့ ငါ စဉ်းစားနေခဲ့တာ..."
"အခုမှ သဘောပေါက်တော့တယ်... ဒါတွေက စတုတ္ထအဆင့် မိစ္ဆာအမြုတေတွေကို သန့်စင်ဖို့အတွက်ပဲကိုး..."
"ရှေးခေတ်တုန်းက ရှေးဟောင်းမိစ္ဆာကမ္ဘာ ကျူးကျော်လာတော့ စတုတ္ထအဆင့် မိစ္ဆာအမြုတေတွေက ရှားပါးပစ္စည်း မဟုတ်တော့ဘူးလေ..."
"ဒီလိုဆိုတော့ သန့်စင်နှင်းကြာပန်းဆေးလုံးက ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတွေရဲ့ မရှိမဖြစ်ဆေးလုံး ဖြစ်လာတာပေါ့..."
ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်သည်။
ဆေးဥယျာဉ်ထဲတွင် သန့်စင်နှင်းကြာပန်းများ အဘယ်ကြောင့် များပြားနေရသည်ကို ယခုမှ သူ သဘောပေါက်သွားခြင်း ဖြစ်သည်။
"ဒါပေမဲ့ ယောက်ျား... သန့်စင်နှင်းကြာပန်းဆေးလုံးကို ဖော်စပ်ဖို့က မလွယ်ဘူးလို့ ကြားတယ်..."
"အရင်တုန်းက စတုတ္ထအဆင့် ဆေးဖော်စပ်ပညာရှင်တွေ ကြိုးစားဖူးပေမယ့် ကျရှုံးခဲ့ကြတယ်တဲ့..."
"နောက်ပိုင်း ဘယ်ဆေးဖော်စပ်ပညာရှင်မှ မစမ်းသပ်ရဲကြတော့ဘူး... ဘာလို့လဲဆိုတော့ ကျရှုံးရင် ပေးဆပ်ရတဲ့ တန်ဖိုးက ကြီးမားလွန်းလို့ပဲ..."
"ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတွေတောင် မတတ်နိုင်ကြဘူး..."
သခင်မမက်မွန်ပွင့်က စူးစမ်းလိုစိတ်ဖြင့် ကျိုးစွေ့ကို ကြည့်လိုက်သည်။
"ဒါက ပြဿနာမရှိပါဘူး..."
"အခု ငါ့ရဲ့ ဆေးဖော်စပ်ပညာအဆင့်နဲ့ဆိုရင် သန့်စင်နှင်းကြာပန်းဆေးလုံး ဖော်စပ်တာက ကလေးကစားစရာလိုပါပဲ..."
"အရေးကြီးဆုံးက ငါတို့ဆီမှာ စတုတ္ထအဆင့် မိစ္ဆာအမြုတေတွေ မရှားပါးသလို၊ သန့်စင်နှင်းကြာပန်းတွေလည်း မရှားပါးဘူးလေ..."
"အကြိမ်ကြိမ် ကျရှုံးရင်တောင် ကိစ္စမရှိဘူး..."
"တစ်ကြိမ် အောင်မြင်ရင် ရပြီ..."
"အဲ့ဒီအချိန်ကျရင် မင်းတို့ရဲ့ ကျင့်ကြံခြင်းတွေ ပိုမြန်မြန် တိုးတက်လာလိမ့်မယ်..."
"အနာဂတ်မှာ နတ်ဘုရားအသွင်ပြောင်းအဆင့် ဖြစ်လာဖို့တောင် မျှော်လင့်ချက် ရှိတယ်..."
ကျိုးစွေ့က အနည်းငယ် ပြုံးလိုက်သည်။
ရိုးရိုးသားသားဆိုရလျှင် သူ၏လက်ရှိ ဆေးဖော်စပ်ပညာဖြင့် ဤဆေးလုံးကို ဖော်စပ်ရန် ပြဿနာမရှိပေ။
ဤဆေးလုံးသည် ရှုပ်ထွေးသော်လည်း 'စာအုပ်ကူ'၏ အကူအညီဖြင့် နည်းလမ်းများကို လျင်မြန်စွာ ကျွမ်းကျင်နိုင်မည် ဖြစ်သည်။
"ယောက်ျား..."
ဤစကားကို ကြားသောအခါ သခင်မမက်မွန်ပွင့်နှင့် အခြားသူများသည် ကျိုးစွေ့ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ကြသည်။
ဤအမျိုးသားနှင့် လက်ထပ်ပြီးကတည်းက သူမတို့၏ ကျင့်ကြံခြင်းလမ်းစဉ်သည် မည်မျှပင် ဖြောင့်ဖြူးလာသည်ကို မသိနိုင်တော့ချေ။
ယခင်က ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့်သို့ ရောက်လျှင်ပင် လုံလောက်ပြီဟု ထင်ခဲ့ကြသည်။ ယခုမူ နတ်ဘုရားအသွင်ပြောင်းအဆင့် ဖြစ်လာရန် မျှော်လင့်ချက် ကြီးမားနေပြီ ဖြစ်သည်။
ဝိညာဉ်ကမ္ဘာလောကသို့ တက်လှမ်းပြီး အင်မော်တယ် ဖြစ်လာရန်လည်း မဖြစ်နိုင်သည် မဟုတ်တော့ပေ။
"ဟမ်... ဒါက ဘာလဲ..."
ထိုအခိုက်အတန့်တွင် ကျိုးစွေ့သည် မိုးကြိုးသိန်းငှက်မျိုးနွယ်စု၏ စတုတ္ထအဆင့်နှောင်းပိုင်း မိစ္ဆာကျင့်ကြံသူ၏ ကိုယ်ပေါ်တွင် သယ်ဆောင်လာသော ကျမ်းစာလိပ်တစ်ခုကို တွေ့ရှိလိုက်ရသည်။ မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားမှန်း မသိနိုင်ပေ။