ရွှမ်ဟွမ်ဘိုးဘေး၏ မှောင်မိုက်သော သမိုင်းကြောင်း၊ သူတစ်ပါး၏ အထောက်ပံ့ခံခဲ့ရဖူးခြင်း(၂)။
Vol. 47 Ch. 515
ဝုန်း… ဝုန်း… ဝုန်း…
ထိုအချိန်တွင် သင်္ဘောသည် ရုတ်တရက် လှုပ်ခါသွားလေသည်။
သင်္ဘောပေါ်ရှိ လူအားလုံး ပြင်းထန်သော လှုပ်ခါမှုကို ခံစားလိုက်ရပြီး လှိုင်းလုံးကြီးများ ဝင်ရောက်လာသကဲ့သို့ ဖြစ်နေတော့သည်။
"ဘာဖြစ်တာလဲ..."
လူသားကျင့်ကြံသူ အများအပြားမှာ အလွန်ပင် ထိတ်လန့်သွားကြပြီး သေမင်းတမန်အန္တရာယ်ကို ခံစားလိုက်ရလေသည်။
သူတို့သည် ခေါင်းပြူကြည့်လိုက်ကြပြီး အဝေးရှိပင်လယ်ပြင်ကို လှမ်းကြည့်လိုက်ကြသည်။
အဝေးရှိ ပင်လယ်ပြင်တွင် မိကျောင်းနှင့်တူသော မိစ္ဆာသားရဲများ ရုတ်တရက် ပေါ်လာသည်ကို တွေ့လိုက်ရတော့သည်။ ၎င်းတို့သည် အမည်းရောင်ကိုယ်လုံးရှိပြီး တစ်ကိုယ်လုံးတွင် သံချပ်ကာအမည်းများ ဖုံးအုပ်ထားကာ၊ အမည်းရောင်ပင်လယ်လှိုင်းလုံးကြီး တစ်ခုကဲ့သို့ ပြည့်ကျပ်သိပ်သည်းစွာဖြင့် အဝေးမှ တဟုန်ထိုး ပြေးဝင်လာနေကြသည်။
သာမန်မျက်စိဖြင့် မြင်ရသည်ကပင် အကောင်ရေ သောင်းချီထက် ကျော်လွန်နေ၏။
"သေစမ်း... ဒါ အဆိပ်မိကျောင်း မိစ္ဆာသားရဲတွေပဲ..."
"ဒါက ကုန်းရောရေပါ နေနိုင်တဲ့ သိပ်ကြောက်စရာကောင်းတဲ့ မိစ္ဆာသားရဲတွေ..."
"သူတို့က ကုန်းပေါ်မှာ ပြေးတဲ့နှုန်းမြန်သလို... ပင်လယ်ထဲမှာဆိုရင် ပိုတောင် မြန်သေးတယ်..."
"အရင်တုန်းက လူသားကျွန်းအများအပြားကို ဒီအဆိပ်မိကျောင်း မိစ္ဆာသားရဲအုပ်စုက ဖျက်ဆီးခဲ့ဖူးတယ်... လူသားတွေအားလုံးနီးပါး အသတ်ခံခဲ့ရတာ..."
"ဒီအဆိပ်မိကျောင်း မိစ္ဆာသားရဲတွေက ခန္ဓာကိုယ်အကာအကွယ် အားကောင်းပြီး အဆိပ်မြူတွေလည်း ထုတ်လွှတ်နိုင်တယ်... သာမန်ကျင့်ကြံသူတွေ အနားကပ်သွားရင် သူတို့ကိုယ်ပေါ်က အဆိပ်မြူတွေကြောင့် အဆိပ်မိပြီး သေနိုင်တယ်... အနီးကပ်ဆိုရင် သူတို့ရဲ့ တိုက်ခိုက်စွမ်းရည်ကလည်း ပိုကြမ်းတမ်းတယ်..."
"ရိုးရိုးရှင်းရှင်းပြောရရင် ဘာအားနည်းချက်မှ မရှိတဲ့ မိစ္ဆာသားရဲတွေပဲ..."
အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး၏ မျက်နှာအမူအရာမှာ အလွန်တရာ အရုပ်ဆိုးနေပြီး တုန်လှုပ်ချောက်ချားနေသည်။
ဤအဆိပ်မိကျောင်း မိစ္ဆာသားရဲအုပ်စုက မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သူ ကောင်းကောင်း သိထားပေသည်။
အကယ်၍ ၎င်းတို့သာ ဤသင်္ဘောအုပ်စုအနားသို့ အမှန်တကယ် ရောက်ရှိလာပါက၊ သင်္ဘောပေါ်ရှိ လူသားအားလုံး ၎င်းတို့၏ သတ်ဖြတ်ခြင်းကို ခံရမည်ဖြစ်ပြီး၊ ဤမိစ္ဆာသားရဲများ၏ ဗိုက်ထဲသို့ အစာအဖြစ် ရောက်ရှိသွားပေလိမ့်မည်။
"ဒီလောက်များတဲ့ အဆိပ်မိကျောင်း မိစ္ဆာသားရဲတွေရဲ့ နောက်ကွယ်မှာ သေချာပေါက် တတိယအဆင့် မိစ္ဆာသားရဲအကောင်ရေ အများကြီးက ထိန်းချုပ်နေမှာပဲ..."
"သေစမ်းကွာ... ငါတို့ ကြယ်သုံးပွင့်ကျွန်းစုကို ခက်ခက်ခဲခဲ ရောက်လာကာမှ... အခုတော့ သေရတော့မှာလား..."
ကျင့်ကြံသူအများအပြား၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်မဲ့သော အရိပ်အယောင်များ ပေါ်လာချေသည်။
သူတို့၏စွမ်းအားဖြင့် ဤမိစ္ဆာသားရဲအုပ်စုကို ရင်ဆိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ကြောင်း သူတို့ သိထားကြလေသည်။
စောစောသေမလား၊ နောက်ကျမှသေမလား ဆိုသည်သာ ကွာခြားပေလိမ့်မည်။
ဝေါင်း...
သို့သော် ထိုအချိန်၌ ကောင်းကင်ယံတွင် အဖြူရောင် ဝတ်စုံရှည် ဝတ်ဆင်ထားသော ပြိုင်ဘက်ကင်း အလှပဂေးတစ်ဦးသည် အဖြူရောင်ခြင်္သေ့တစ်ကောင်ကို စီးနင်းလျက် လေထဲမှ လျှောက်လှမ်းလာပြီး၊ ပြိုင်ဘက်ကင်းသော ဝိညာဉ်သန္ဓေသား ဖိအားများကို ထုတ်လွှတ်ကာ မိုင်တစ်ထောင်ပတ်လည် ဧရိယာကို လွှမ်းခြုံလိုက်လေသည်။
"ငါ့ ရွှမ်ဟွမ်ဂိုဏ်း ပင်လယ်ပြင်ကို မိစ္ဆာသားရဲတွေ လာကျူးကျော်တာလား..."
"သေလိုက်ကြစမ်း..."
ထိုအမျိုးသမီးသည် အထက်စီးမှ ငုံ့ကြည့်လိုက်ပြီး၊ ထိုအဖြူရောင်ခြင်္သေ့၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် အေးစက်သော အငွေ့အသက်များ ထွက်ပေါ်လာကာ၊ ၎င်း၏ ခန္ဓာကိုယ်ကို ဗဟိုပြု၍ အရပ်လေးမျက်နှာရှိ ပင်လယ်ပြင်သို့ ပျံ့နှံ့သွားလေသည်။
"မလုပ်… မလုပ်ပါနဲ့..."
"ဝိညာဉ်သန္ဓေသားဘိုးဘေး... ဒီနေရာမှာ ဘယ်လိုလုပ် ဝိညာဉ်သန္ဓေသားဘိုးဘေးက ပေါ်လာရတာလဲ..."
"ကျုပ်တို့ကို ခွင့်လွှတ်ပါ... ကျုပ်တို့ကို ဒီတစ်ကြိမ် ခွင့်လွှတ်ပေးပါ... နောက်တစ်ခါ ဒီပင်လယ်ပြင်နားကို ဘယ်တော့မှ မလာရဲတော့ပါဘူး..."
အဆိပ်မိကျောင်း မိစ္ဆာသားရဲအများအပြား ကြက်သီးမွေးညင်းများ ထောင်ထသွားကြသည်။ မူလက ဤနေရာတွင် သာမန်လူသားများ အများအပြား ရှိနေသည်ကို အာရုံခံမိပြီး၊ ရွှမ်ဟွမ်ဂိုဏ်းပင်လယ်ပြင်နဲ့ အကွာအဝေးတစ်ခု ရှိနေသေးသည့်အတွက် ကံစမ်းကာ ဤလူသားများကို စားသောက်ချင်ခဲ့ကြခြင်း ဖြစ်လေသည်။
သို့သော် ဝိညာဉ်သန္ဓေသား ဘိုးဘေးတစ်ပါးနှင့် တွေ့ဆုံရလောက်အောင် ဤမျှ ကံဆိုးလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။
ဤအချိန်တွင်မူ ၎င်းတို့ ထွက်ပြေးချင်လျှင်ပင် အချိန်နှောင်းသွားချေပြီ။
အဘယ်ကြောင့်ဆိုသော် အဖြူရောင် အေးစက်သောအငွေ့အသက်များက လွှမ်းခြုံလာပြီး လမ်းတစ်လျှောက်ရှိ အရာအားလုံးငိူ ရေခဲအဖြစ် ပြောင်းလဲသွားစေသောကြောင့် ဖြစ်လေ၏။
ဤသည်မှာ အလွန်တရာပင် ကြောက်မက်ဖွယ်ကောင်းသော ရေခဲစွမ်းအားပင် ဖြစ်ချေသည်။
မိုင်ရာချီကျယ်ဝန်းသော ပင်လယ်ပြင်သည် ဤအခိုက်အတန့်တွင် ရေခဲရိုက်ခြင်း ခံလိုက်ရပြီး ထူထဲသော ရေခဲပြင်ကြီးအဖြစ် ပြောင်းလဲသွားတော့သည်။
အဆိပ်မိကျောင်း မိစ္ဆာသားရဲသောင်းချီသည် ရုန်းကန်ရန်ပင် နည်းလမ်းမရှိတော့ပေ။
အဖြူရောင်ရေခဲစီးကြောင်းနှင့် ထိတွေ့လိုက်သည်နှင့်တပြိုင်နက် ရေခဲရုပ်တုများအဖြစ် ပြောင်းလဲသွားရပြီး အသက်စွမ်းအင်များ ဆုံးရှုံးသွားကြတော့သည်။
ထိုအဆိပ်မိကျောင်း မိစ္ဆာသားရဲများ မသေဆုံးမီတွင် ထိတ်လန့်ခြင်း၊ ကြောက်ရွံ့ခြင်းနှင့် မယုံကြည်နိုင်ခြင်း စသောအမူအရာများကို ၎င်းတို့ဆီမှ အထင်းသား မြင်တွေ့နေရဆဲ ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ မူလက ဤသင်္ဘောအုပ်စုကို ဖျက်ဆီးပစ်နိုင်သော အဆိပ်မိကျောင်းမိစ္ဆာသားရဲများသည် တစ်စက္ကန့်အတွင်း၌ မျိုးသုဉ်းသွားခဲ့ရတော့သည်။
ဤကဲ့သို့သော အပြောင်းအလဲသည် ရှိနေသော ကျင့်ကြံသူများကို အလွန်ပင် အံ့ဩတုန်လှုပ်သွားစေပြီး သဘာဝဘေးအန္တရာယ်တစ်ခုကဲ့သို့ပင် ဖြစ်နေတော့သည်။
ရွှစ်...
ဤမိစ္ဆာသားရဲအုပ်စုကို ရှင်းလင်းပြီးနောက်၊ ထိုပြိုင်ဘက်ကင်း အလှပဂေးသည် တစ်ချက်ပင် နောက်လှည့်မကြည့်ဘဲ အဖြူရောင်ခြင်္သေ့ကို စီးနင်းလျက် ဤပင်လယ်ပြင်မှ လျင်မြန်စွာ ထွက်ခွာသွားလေသည်။
သူမအတွက်မူ ဤကိစ္စသည် လက်တစ်ချောင်း မြှောက်လိုက်ရုံမျှသာ ဖြစ်ပုံရသည်။
"ဒီဝိညာဉ်သန္ဓေသား ဘိုးဘေးက ဘယ်သူလဲ... ဘာလို့ ဒီလောက်တောင် စွမ်းအားကြီးရတာလဲ... လက်တစ်ဖက်ဝှေ့လိုက်ရုံနဲ့ အဆိပ်မိကျောင်း မိစ္ဆာသားရဲသောင်းချီကို သတ်ဖြတ်လိုက်တာ... တကယ့်ကို သန်မာလွန်းတယ်..."
ကျင့်ကြံသူအများအပြားမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး ကြောက်ရွံ့တုန်လှုပ်သွားကြသည်။
"ငါထင်တာ မမှားဘူးဆိုရင်... ဒါက ရွှမ်ဟွမ်ဂိုဏ်း၊ အင်မော်တယ်ရှားတောင်ထွတ်ရဲ့ သခင်မ 'ဘိုးဘေးလန်' လန်ယွဲ့ရှီ ဖြစ်လောက်တယ်... သူမဘေးနားက အဖြူရောင်ခြင်္သေ့က တကယ်တော့ ဝိညာဉ်သားရဲ မဟုတ်ဘဲ... 'ရေခဲခြင်္သေ့ရုပ်သေး' လို့ခေါ်တဲ့ စတုတ္ထအဆင့် ရုပ်သေးရုပ်ပဲ..."
"ကြားတာတော့ ဒါက ရွှမ်ဟွမ်ဘိုးဘေး နတ်ဘုရားအသွင်ပြောင်းအဆင့် အပျက်အစီးတစ်ခုကနေ ရခဲ့ပြီးတော့... ဘိုးဘေးလန်ကို လက်ဆောင်ပေးထားတာတဲ့..."
"လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်းမှာ ဘိုးဘေးလန်က ဒီပင်လယ်ပြင်မှာ မကြာခဏ ပေါ်လာပြီး လာရောက်ကျူးကျော်တဲ့ မိစ္ဆာသားရဲတွေကို သတ်ဖြတ်လေ့ရှိတယ်..."
ကျင့်ကြံသူတစ်ဦးက ချက်ချင်း ပြောလိုက်ပြီး သူသိထားသော သတင်းအချက်အလက်များကို မျှဝေလိုက်သည်။
ဤရေခဲခြင်္သေ့ရုပ်သေးသည် သဘာဝကျစွာပင် လက်နက်သွန်းလုပ်ခြင်းဂိုဏ်းမှ ကျိုးစွေ့တစ်ယောက် ရရှိခဲ့ခြင်း ဖြစ်သည်။
သို့သော် ကျိုးစွေ့အတွက်မူ စတုတ္ထအဆင့်ရုပ်သေးသည် သူ့အား တိုက်ခိုက်ရေးစွမ်းရည် များများစားစား တိုးတက်စေခြင်း မရှိသဖြင့်၊ သူ ရရှိထားသော စတုတ္ထအဆင့် ရုပ်သေးလေးရုပ်ကို လန်ယွဲ့ရှီနှင့် အခြား တာအိုလက်တွဲဖော်များအား လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့်နှစ်များအတွင်း စတုတ္ထအဆင့်မိစ္ဆာသားရဲ ပစ္စည်းအမြောက်အမြားကို ရရှိခဲ့သဖြင့်၊ ကျိုးစွေ့သည် စတုတ္ထအဆင့် ရုပ်သေးအချို့ကို သွန်းလုပ်ခဲ့ပြီး ရွှမ်ဟွမ်ဂိုဏ်း၏ ဂိုဏ်းစောင့်ရတနာများအဖြစ် ထားရှိခဲ့ကာ၊ ဝိညာဉ်သန္ဓေသားအဆင့် တိုက်ခိုက်ရေးအင်အားများနှင့် ညီမျှပေသည်။
"ဒီလိုဆိုရင် ရွှမ်ဟွမ်ဂိုဏ်းမှာ ရွှမ်ဟွမ်ဘိုးဘေး တစ်ယောက်တည်းပဲ ဝိညာဉ်သန္ဓေသား ဖြစ်တာ မဟုတ်ဘူးပေါ့..."
လူတစ်ယောက်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"ဒါပေါ့... ရွှမ်ဟွမ်ဘိုးဘေးတစ်ယောက်တည်း ဘယ်ဟုတ်မလဲ..."
"ငါသိသလောက်ဆိုရင် ရွှမ်ဟွမ်ဂိုဏ်းတစ်ခုလုံးမှာ ဝိညာဉ်သန္ဓေသား အနည်းဆုံး ခုနစ်ပါး၊ ရှစ်ပါးလောက် ရှိတယ်..."
"ပြီးတော့ အားလုံးက အမျိုးသမီး ဝိညာဉ်သန္ဓေသားတွေချည်းပဲ... ရွှမ်ဟွမ်ဘိုးဘေးရဲ့ တာအိုလက်တွဲဖော်တွေလေ..."
ကျင့်ကြံသူတစ်ဦးက လျှို့ဝှက်စွာ ပြောပြလိုက်သည်။
"ငါလည်း ဒီကိစ္စကို ကြားဖူးတယ်..."
"အစက ဒီအမျိုးသမီးကျင့်ကြံသူတွေက ရွှေအမြုတေအဆင့်လောက်ပဲ ရှိကြတာ..."
"ဒါပေမဲ့ ရွှမ်ဟွမ်ဘိုးဘေးရဲ့ ကာကွယ်မှုကို ရရှိပြီးတော့... နောက်တဆင့် ဝိညာဉ်ရတနာလက်ဆောင်တွေ ရပြီးတဲ့နောက်မှာ... တစ်ယောက်ပြီးတစ်ယောက် ဝိညာဉ်သန္ဓေသားအဆင့်ကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ကြတာ..."
"ပြောရရင် ရွှမ်ဟွမ်ဘိုးဘေးနောက်ကို လိုက်တဲ့ အမျိုးသမီးကျင့်ကြံသူတိုင်း တစ်ယောက်မကျန် ဒေသတစ်ခုကို အုပ်စိုးနိုင်တဲ့ ဘိုးဘေးတွေ ဖြစ်လာကြတော့တာပဲ..."
"ဘယ်လောက်ပဲ ညံ့ဖျင်းပါစေ... ရွှေအမြုတေအဆင့်တော့ ဖြစ်လာတာပဲ..."
"တကယ်လို့ ငါသာ ရွှမ်ဟွမ်ဘိုးဘေးရဲ့ တာအိုလက်တွဲဖော် ဖြစ်ခွင့်ရရင်... နောက်နောင် ဝိညာဉ်သန္ဓေသား ဘိုးဘေးဖြစ်လာမယ့် အခွင့်အရေး ရှိလာနိုင်တယ်..."
အမျိုးသမီးကျင့်ကြံသူတစ်ဦး၏ မျက်ဝန်းများက တောက်ပလာသည်။
"ဟဟ... အိပ်မက်မက်မနေစမ်းနဲ့..."
"အမျိုးသမီးကျင့်ကြံသူ ဘယ်နှယောက်လောက်က ရွှမ်ဟွမ်ဘိုးဘေးကို လက်ထပ်ချင်နေကြလဲဆိုတာ မင်း မသိဘူးလား..."
"ဝမ်းနည်းစရာကောင်းတာက အဲဒီ အမျိုးသမီးကျင့်ကြံသူတွေက ရွှမ်ဟွမ်ဘိုးဘေးအနားကို ကပ်ခွင့်တောင် မရကြဘူး..."
"ချက်ချင်းလက်ငင်း ဘဝပြောင်းချင်နေတာ... ဒါက အရူးတစ်ယောက် အိပ်မက်မက်နေတာ မဟုတ်ဘူးလား..."
"ဒါပေမဲ့ တကယ်လို့ မင်းသာ ရွှမ်ဟွမ်ဘိုးဘေးရဲ့ တာအိုလက်တွဲဖော် တကယ် ဖြစ်လာခဲ့ရင်တော့... ကိုယ့်ကံကြမ္မာကို တကယ် ပြောင်းလဲနိုင်မှာ သေချာတယ်..."
ကျင့်ကြံသူအများအပြားမှာ သက်ပြင်းချလိုက်ကြသည်။
ဘေးနားရှိ အမျိုးသမီးကျင့်ကြံသူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် စိတ်လှုပ်ရှားသွားကြတော့သည်။
သို့သော် မကြာမီ သူမတို့၏ မျက်ဝန်းများ ပြန်လည်ကာ မှေးမှိန်သွားကြရသည်။
မိမိတို့သည် သာမန်ရုပ်ရည်သာ ရှိသည်ဖြစ်ရာ ရွှမ်ဟွမ်ဘိုးဘေး၏ မျက်နှာသာပေးမှုကို မည်သို့ ရရှိနိုင်ပါမည်နည်း။ တစ်ဖက်လူက ကိုယ့်ကို မျက်လုံးထဲပင် ထည့်ကြည့်မည် မဟုတ်ပေ။
"ဟုတ်သားပဲ... ဘိုးဘေးလန်က ဒီမိစ္ဆာသားရဲတွေကို သတ်သွားပြီဆိုတော့... ငါတို့ ဒီမိစ္ဆာသားရဲ အလောင်းတွေကို ကောက်ယူလို့ ရမလား..."
လူတစ်ယောက်က သေဆုံးသွားသော အဆိပ်မိကျောင်း မိစ္ဆာသားရဲများ၏ အလောင်းများကို မျက်စိကျနေသည်။ အကယ်၍ တစ်ကောင်လောက် ရလိုက်ပါက ဝိညာဉ်ကျောက်တုံး အများအပြားနှင့် လဲလှယ်နိုင်ပေလိမ့်မည်။
"အိပ်မက်မမက်စမ်းပါနဲ့... ရွှမ်ဟွမ်ဂိုဏ်းသားတွေ လှေပျံနဲ့ လာနေကြတာ မမြင်ဘူးလား..."
"ဒီမိစ္ဆာသားရဲ အလောင်းတွေကို ရွှမ်ဟွမ်ဂိုဏ်းသားတွေက အစောကြီးကတည်းက မျက်စိကျပြီးသား... ငါတို့အလှည့် ဘယ်ရောက်ပါ့မလဲ..."
"ငါတို့ ရိုးရိုးသားသား အေးအေးဆေးဆေးလေးပဲ နေကြရအောင်..."
"ဒီပင်လယ်ပြင်မှာ ခြေချခွင့်ရတာနဲ့တင် တော်တော်ကောင်းလှပါပြီ... မလိုအပ်တဲ့ ပြဿနာတွေ မရှာချင်စမ်းပါနဲ့..."
ကျင့်ကြံသူတစ်ဦးက သတိပေးလိုက်သည်။
ဤစကားကို ကြားသောအခါ ကျင့်ကြံသူအများအပြားသည် သူတို့၏ မသမာသော အတွေးစိတ်ကူးများကို ချက်ချင်းပင် ဖျောက်ပစ်လိုက်ကြတော့သည်။
......