အခန်း (၁၉၇၁-၁၉၇၅)
Vol. 121 Ch. 1971-1975
အခန်း ၁၉၇၁ ထိုက်ရှီ
“ကိစ္စမရှိပါဘူး၊ အခု မဟာထန်ရဲ့ ရန်သူကြီးတွေ မရှိတော့ပြီဖြစ်လို့ နန်းတွင်းနန်းပြင်မှာ ငါကိုယ်တိုင် ထွက်ပြီး ဖြေရှင်းစရာ ကိစ္စတွေ သိပ်မရှိတော့ပါဘူး။ အချို့ကိစ္စတွေကိုတော့ မင်းတို့တွေနဲ့တင် လုံလောက်ပါတယ်”
ဝမ်ချောင်က တည်ငြိမ်စွာ ပြောလိုက်သည်။ ၎င်းမှာ အမှန်တရားပင် ဖြစ်သည်။ ယခုအချိန်တွင် ဝမ်ချောင်သည် အိမ်ပြင်မထွက်ဘဲနှင့်ပင် ကိစ္စအဝဝကို အလွယ်တကူ စီမံခန့်ခွဲနိုင်စွမ်း ရှိနေပြီဖြစ်သည်။
“ချင်းယန်သခင်လေး”
ဝမ်ချောင်က ရုတ်တရက် ခေါ်ယူလိုက်သည်။
“အရှင်”
ချင်းယန်သခင်လေးသည် ချက်ချင်း ရှေ့သို့ တိုးလာခဲ့သည်။
“မင်း အမြန်ဆုံး လုပ်ဆောင်ပေးရမယ့် ကိစ္စတစ်ခု ရှိတယ်”
ဝမ်ချောင်က ပြောရင်း သူ၏အင်္ကျီလက်အတွင်းမှ စာရွက်စလေး တစ်ရွက်ကို ကမ်းပေးလိုက်သည်။
“ဒါဟာ အလွန်ရှားပါးတဲ့ နတ်ဆေးပင် တစ်မျိုးပဲ။ မင်း ခွန်လွန်တောင်ကို သွားပြီး အရောင်ငါးမျိုး သလင်း နတ်ဆေးပင်ကို ရအောင် ရှာပေးပါ”
“ဟုတ်ကဲ့ပါ အရှင်”
ချင်းယန်သခင်လေးသည် တွေဝေခြင်းမရှိဘဲ စာကို လက်ခံလိုက်သည်။
ဝမ်ချောင်သည် နတ်ဘုရားစစ်သည်တော်အဆင့်နှင့် ပတ်သက်သော သတင်းများကို စုံစမ်းရန် လူအင်အား၊ ပစ္စည်းအင်အား အမြောက်အမြား အသုံးပြုခဲ့သည်။ လွန်ခဲ့သော ရက်အနည်းငယ်က လုထင်ကျိသည် ရှေးဟောင်း စာအုပ်တစ်အုပ်အတွင်းမှ ဤ အရောင်ငါးမျိုး သလင်း နတ်ဆေးပင်ဟူသော လမ်းစကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ဤဆေးပင်မှာ ဒဏ္ဍာရီလာ နတ်ဘုရားများ နေထိုင်ရာ ခွန်လွန်တောင်တွင်သာ ရှိတတ်ပြီး ရှာဖွေရန် အလွန် ခက်ခဲလှသည်။ သို့သော် သူတော်စင်ဧကရာဇ်ကို ကယ်တင်ရန်မှာ ဤနည်းလမ်းတစ်ခုသာ ရှိတော့သဖြင့် ဝမ်ချောင်အနေဖြင့် အခြား ရွေးချယ်စရာ မရှိပေ။
“ဒါ့အပြင် ငါ့ရဲ့ အမိန့်ကို ထုတ်ပြန်လိုက်... အခုကစပြီး ဖုန်း၊ လင်း၊ ဟွို၊ ရှန်း(လေ၊တော၊မီး၊တောင်)ရဲ့ အဓိက စုံစမ်းမှုတွေကို အရှေ့မြောက်ဒေသဆီ အကုန် ပြောင်းလိုက်မယ်။ တာ့ခ်ခါဂန်နိတ်၊ ရှီ၊ ခီတန်နဲ့ ဂိုဂူလျော အားလုံး ပါဝင်ရမယ်”
“သိန်းငှက်အိုကြီး... ငါ မင်းကို ရွှေစင် တစ်ကုဋေ ထုတ်ပေးမယ်။ အဲဒီငွေတွေကို သုံးပြီး တာ့ခ်၊ ရှီ၊ ခီတန်နဲ့ ဂိုဂူလျောက မှူးမတ်တွေကို စည်းရုံးလိုက်။ ပြီးတော့ ဟူမျိုးနွယ် ကင်းထောက်တွေကို အများကြီး ငှားရမ်းလိုက်၊ ငါတို့လူတွေက အဲဒီမှာဆိုရင် လူပေါ်လွင်လွန်းလို့ပဲ”
ဝမ်ချောင်သည် သူ၏ စုံစမ်းထောက်လှမ်းရေး ကွန်ရက်ကို အရှိန်အဟုန်ဖြင့် တိုးမြှင့်လိုက်တော့သည်။
“ကျန်းချွယ်၊ ရွှီခဲ့ယီ... မင်းတို့နှစ်ယောက်က အစွမ်းကုန် ကူညီပေးရမယ်။ ငါ့ရဲ့ ခါးပတ်တံဆိပ်ကို ယူသွားပြီး မဟာထန် တစ်ပြည်လုံးက ဝူရှန်းသံချပ်ကာမြင်းစီးစစ်သည်၊ မိုဓားတပ်ဖွဲ့၊ အုပ်ချုပ်ရေး စစ်တပ်တွေရဲ့ လက်ရွေးစင်တွေ၊ ရှန်ဝူတပ်ဖွဲ၊ ချန်ဝူတပ်ဖွဲ့၊ ထျဲပိတပ်ဖွဲ့နဲ့ ပါဟရာမ်ရဲ့ အန်ဂါရာ လေးလံသော သံချပ်ကာ မြင်းစီးစစ်သည် အားလုံးကို အသုံးပြုနိုင်တယ်။ မင်းတို့ စိတ်ကြိုက် စစ်သည်တွေနဲ့ ကျွမ်းကျင်လုပ်သားတွေကို ရွေးချယ်နိုင်တယ်”
ဝမ်ချောင်သည် အမိန့်များကို တရစပ် ထုတ်ပြန်လိုက်ရာ၊ ခန်းမအတွင်းရှိ လူအားလုံးမှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။ ၎င်းမှာ ယခင်က အာရပ်ကို တိုက်ခိုက်စဉ်ကကဲ့သို့ပင် ပြင်းထန်လှသည်။ မဟာထန် ဟူသော စက်ယန္တရားကြီးသည် အန်းယာလုရှန်း ဟူသော ဟူဗိုလ်ချုပ်တစ်ဦးတည်းအတွက် တစ်ကျော့ပြန် လည်ပတ်လာခဲ့ပြီ ဖြစ်သည်။
အချိန်များ ကုန်ဆုံးသွားပြီး နန်းတော်အတွင်း၌ သူတော်စင်ဧကရာဇ်၏ ပြောင်းလဲမှုများက လူတိုင်းကို အာရုံစိုက်စေခဲ့သည်။ သို့သော် အမှောင်ထုထဲတွင်မူ ဝမ်ချောင်နှင့် အန်းယာလုရှန်းတို့ကြား မမြင်ရသော စစ်ပွဲကြီးတစ်ခု စတင်နေပြီ ဖြစ်သည်။
ထိုအချိန်တွင် မြို့တော်ပြင်ပ မိုင်အနည်းငယ်အကွာ၌ အလင်းတန်းတစ်ခု လက်သွားပြီး ဝတ်ရုံရှည်ကြီး ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုမှာ လေထဲတွင် ပေါ်ထွက်လာသည်။
“သခင်ကို ဂါရဝပြုပါတယ်”
ထိုပုံရိပ်ရှေ့၌ ဒူးထောက်နေသူမှာ မင်းသားသုံးပါးပုန်ကန်မှု အတွင်းမှ သီသီလေး လွတ်မြောက်သွားခဲ့သော ထျန်းဖူနတ်ဘုရားပင် ဖြစ်သည်။ သူသည် နတ်ဘုရားအဖွဲ့အစည်းအတွင်း၌ ရာထူးမြင့်မားသူ ဖြစ်သော်လည်း၊ ယခု ရှေ့မှောက်ရှိ ပုဂ္ဂိုလ်၏ ရှေ့တွင်မူ အလွန်ပင် နှိမ့်ချစွာ ရှိနေတော့သည်။
ခဏချင်းမှာပင် ထျန်းဖူနတ်ဘုရား၏ ရှေ့၌ နတ်ဘုရားတစ်ပါးကဲ့သို့သော ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။ ထိုသူ၏အော်ရာမှာ တောင်တန်းကြီးတစ်ခုကဲ့သို့ ခိုင်မာလှရာ၊ သိမ်မွေ့နယ်မြေထိပ်တန်းပညာရှင် ဖြစ်သော ထျန်းဖူနတ်ဘုရားပင်လျှင် ကလေးငယ်တစ်ဦးကဲ့သို့ သေးငယ်သွားတော့သည်။
အကယ်၍ သေသေချာချာ ကြည့်ရှုပါက ဤပုဂ္ဂိုလ်မှာ ယိုကျိုးနယ်မြေတွင် အန်းယာလုရှန်း နှင့် စကားပြောခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် ပုံရိပ်ပင် ဖြစ်သည်။ သူ၏ မျက်နှာပေါ်တွင် အဖြူရောင် မျက်နှာဖုံးတစ်ခု စွပ်ထားပြီး၊ မျက်လုံးနေရာ၌ မှင်ဖြင့် ရေးဆွဲထားသော ပုံရိပ်များက ခြောက်ခြားဖွယ် ကောင်းလှသည်။ သူ၏ အဆင့်အတန်းမှာ ကွယ်လွန်သွားပြီဖြစ်သော အဝါရောင်နဂါးမင်းထက်ပင် သာလွန်လှပေသည်။
“အဲဒီလူ ဘယ်လိုနေလဲ” ဆရာသခင်က မေးလိုက်သည်။
“သခင်… အရာအားလုံးဟာ ‘ထျန်း(ကောင်းကင်)’ ရဲ့ အစီအစဉ်အတိုင်း ဖြစ်နေပါတယ်။ လီထိုက်ယီဖိနှိပ်ထားတဲ့ ဝိညာဉ်ဟာ ထွက်လာခဲ့ပါပြီ။ အခု ညီလာခံကို သူပဲ စီမံနေတာပါ။ ‘ထျန်း’ ရဲ့ ရိုက်ချက်ကြောင့် လီထိုက်ယီဟာ အားအနည်းဆုံး အခြေအနေကို ရောက်နေပါပြီ။ သခင်... ဒီအခွင့်အရေးကို သုံးပြီး လီထိုက်ယီကို လုပ်ကြံပြီး အမြစ်ဖြတ်သင့်လား”
ထျန်းဖူနတ်ဘုရားက မေးမြန်းလိုက်သော်လည်း ဆရာသခင်က ငြင်းပယ်လိုက်သည်။
“မလိုဘူး လီထိုက်ယီဆိုတာ အလွန် လိမ္မာပါးနပ်တဲ့သူပဲ။ အခုဟာက အခွင့်အရေးကောင်းလို့ ထင်ရပေမဲ့၊ တတိယမင်းသား လီရွှမ်က ခန္ဓာကိုယ်ကို ခဏပဲ ထိန်းချုပ်ထားနိုင်တာ။ ငါတို့ တိုက်ခိုက်လိုက်ရင် လီထိုက်ယီက ရုတ်တရက် နိုးလာပြီး ဟွမ်လုံ(အဝါရောင်နဂါးမင်း)တုန်းကလို ငါတို့ကို ပြန်တိုက်ခိုက်မှာ စိုးရတယ်”
အဝါရောင်နဂါးမင်း ဆိုသည်မှာ ဒုံထျန် နယ်ပယ်ပညာရှင် ဖြစ်သော်လည်း လီထိုက်ယီ၏ တစ်ချက်တည်းသော ဓားချက်ဖြင့် ဝိညာဉ်ပါ ပျောက်ကွယ်သွားခဲ့ရသူ ဖြစ်သည်။ ထို့ကြောင့် သူတို့ သတိထားနေခြင်း ဖြစ်သည်။
“ဒါပေမဲ့ သူတော်စင်အဆင့်ကို တက်လှမ်းဖို့ ကြိုးစားပြီး ကျရှုံးသွားတဲ့ လူသားတစ်ယောက်ဟာ ကြီးမားတဲ့ အဖိုးအခကို ပေးရမှာပဲ။ လီထိုက်ယီရဲ့ ဝိညာဉ်ဟာ မူလကတည်းက ‘အပြင်က လာတဲ့ဝိညာဉ်’ပဲ။ သူ ရယူထားတဲ့ ခန္ဓာကိုယ်ဟာ သူနဲ့ တစ်သားတည်း မဟုတ်ဘူး။ ပြီးတော့ သူက အရမ်း သနားတတ်လွန်းတယ်။ လွန်ခဲ့တဲ့ ၃၇ နှစ်ကတည်းက လီရွှမ်ကို သတ်ခဲ့ရင် အခုလို ဖြစ်မှာ မဟုတ်ဘူး။ အခုတော့ ခန္ဓာကိုယ်ရဲ့မူလဝိညာဉ်က ပိုပြီးအားကောင်းလာလေလေ၊ သူက ပိုပြီးအားနည်းလာလေလေပဲ။ ငါတို့ ဘာမှ လုပ်စရာ မလိုပါဘူး၊ မကြာခင် သူ မတောင့်ခံနိုင်တော့ဘူး”
ဆရာသခင်က ယုံကြည်ချက်အပြည့်ဖြင့် ဆိုလိုက်သည်။ ယိုကျိုးမှ လောကသားတော်ကလည်း လီရွှမ်အတွက် လက်ဆောင်တစ်ခု ပြင်ထားပြီးဖြစ်ရာ၊ မကြာခင်တွင် ကြီးမားသော ပြဇာတ်ကြီး တစ်ခုကို မြင်တွေ့ရတော့မည် ဖြစ်သည်။ လေတိုက်သံနှင့်အတူ ထိုပုံရိပ် နှစ်ခုမှာ တစ္ဆေများကဲ့သို့ ပျောက်ကွယ်သွားတော့သည်။
******
အခန်း ၁၉၇၂ ကျန်းရှို့ကွေး စစ်ရှုံးခြင်း
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။ အခြေအနေများ ပြောင်းလဲမှုမှာ လူအများ ထင်ထားသည်ထက် ပို၍ပင် မြန်ဆန်လှသည်။ ဝမ်ချောင်သည် ယိုကျိုးရှိ အန်းယာလုရှန်း ကို စုံစမ်းရန် လူအင်အား အမြောက်အမြား စေလွှတ်ထားစဉ်မှာပင်၊ မည်သူမျှ မမျှော်လင့်ထားသော ကိစ္စကြီးတစ်ခု ဖြစ်ပွားခဲ့သည်။
အရှေ့မြောက်ပိုင်းတွင် စစ်ပွဲကြီး ဖြစ်ပွားခဲ့ပြီး၊ ဂိုဂူလျောအင်ပါယာ စစ်တပ်တစ်ခုလုံးသည် အန်းတုံအုပ်ချုပ်ရေးမှူးရုံးကို စတင်တိုက်ခိုက်ခဲ့ရာ၊ အန်းတုံပ်ချုပ်ရေးမှူးချုပ် ကျန်းရှို့ကွေး စစ်ရှုံးသွားခဲ့ခြင်း ဖြစ်သည်။
“ဝုန်း”
ဤသတင်း ထွက်ပေါ်လာချိန်တွင် မဟာထန် တစ်ပြည်လုံး တုန်လှုပ်သွားတော့သည်။ ကျန်းရှို့ကွေးသည် မဟာထန် တစ်ပြည်လုံးတွင် စစ်နတ်ဘုရား ဝမ်ကျုံးစစ် ပြီးလျှင် အတော်ဆုံး ပုဂ္ဂိုလ် ဖြစ်သည်။ အရှေ့မြောက်ပိုင်းတွင် သူသည် တိုင်းပြည်ကို ကာကွယ်ပေးထားသည့် အဓိက ကျောက်တိုင်ကြီး ဖြစ်ရာ၊ သူရှိနေသရွေ့ အရှေ့မြောက်ဒေသမှာ ကျောက်ဆောင်သဖွယ် ခိုင်မာနေမည်ဟု လူတိုင်း ယုံကြည်ထားခဲ့ကြသည်။
အရှေ့မြောက်ပိုင်း နယ်စပ်ဒေသမှာ တာ့ခ်၊ ရှီ၊ ခီတန်နှင့် ဂိုဂူလျောတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသဖြင့် အလွန် ရှုပ်ထွေးသော်လည်း၊ ကျန်းရှို့ကွေး ရှိနေခြင်းကြောင့် အင်ပါယာ တစ်ခုလုံးက ထိုဒေသအတွက် စိတ်အေးခဲ့ကြသည်။ သို့သော် ယခုအခါ ထို စစ်နတ်ဘုရားကြီး စစ်ရှုံးသွားခဲ့ပြီဟူသော သတင်းက လူတိုင်းကို တုန်လှုပ်စေခဲ့သည်။
၎င်းနောက်တွင် ကျန်းရှို့ကွေး မှာ အချိန်အတော်ကြာအောင် ဖျားနာနေခဲ့သည်ဟူသော သတင်းများလည်း ထွက်ပေါ်လာသည်။ အန်းတုံအုပ်ချုပ်ရေးမှူးသည် စစ်ပွဲ မဖြစ်ပွားမီ ၃ လ၊ ၄ လ ခန့်ကတည်းက ဒဏ်ရာဟောင်းများကြောင့် အပြင်းအထန် ဖျားနာနေခဲ့ခြင်း ဖြစ်သည်။ ဂိုဂူလျောတို့ စတင်တိုက်ခိုက်ချိန်တွင် ကျန်းရှို့ကွေးမှာ လုံးဝပြင်ဆင်ထားခြင်း မရှိဘဲ ဖျားနာနေသည့်ကြားမှ အတင်းအကျပ် ထ၍ ခုခံခဲ့ရခြင်း ဖြစ်သည်။ ဖျားနာမှုကြောင့် စစ်မြေပြင်တွင် ဆုံးဖြတ်ချက်များ မှားယွင်းခဲ့သဖြင့် အန်းတုံစစ်တပ်မှာ အကြီးအကျယ် အထိနာခဲ့ရသည်။
ထို့ပြင် ယိုကျိုး၏ အကျပ်အတည်းကို သိရှိသွားသော ရှီနှင့်ခီတန် တို့ကပါ ဤစစ်ပွဲအတွင်းသို့ ပါဝင်လာကြသလို၊ တာ့ခ်ခါဂန်နိတ်ကလည်း လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့သည်။ မကောင်းသော သတင်းများမှာ ယိုကျိုးထံမှ တစ်ခုပြီးတစ်ခု ရောက်ရှိလာသဖြင့် မြို့တော်အတွင်းရှိ လူတိုင်း စိုးရိမ်ထိတ်လန့်နေကြရသည်။ ဝမ်ချောင်အား အိမ်တွင်းအကျဉ်းချထားခြင်းမှ လွှတ်ပေးရန်နှင့် အရှေ့မြောက်ပိုင်း အခြေအနေကို ဖြေရှင်းခိုင်းရန် တောင်းဆိုသံများမှာလည်း မြို့တော်တစ်ခုလုံး ဟိန်းထွက်နေတော့သည်။
ထိုအချိန်တွင် မျိုးနွယ်ခြားဘုရင် အိမ်တော်အတွင်း၌မူ မီးများ လင်းထိန်နေပြီး ဝမ်ချောင်သည်လည်း ဤကိစ္စကို အလေးအနက် အာရုံစိုက်နေသည်။ အိမ်တွင်းအကျဉ်းချခံရရန် ရက်ပေါင်း ၁၅ ရက်ခန့် ကျန်ရှိနေသေးသော်လည်း၊ ပြင်ပမှ သတင်းများမှာ သူ့ထံသို့ တရစပ် ရောက်ရှိနေခြင်း ဖြစ်သည်။
အရာအားလုံးမှာ ကြိုတင်နိမိတ်မရှိဘဲ လျင်မြန်စွာ ဖြစ်ပျက်ခဲ့သည်။ တစ်သက်လုံး စစ်ရှုံးခြင်း မရှိခဲ့သော ကျန်းရှို့ကွေးမှာ သူ၏ အိုမင်းချိန်တွင် ဤမျှအထိ ကြီးမားသော စစ်ရှုံးမှုကြီးနှင့် ကြုံတွေ့ရလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။ ဝမ်ချောင်သည် ကျန်းရှို့ကွေးအပေါ် တစ်ကိုယ်ရည်အရ သဘောထား ကွဲလွဲမှုများ ရှိသော်လည်း၊ သူ တိုင်းပြည်အတွက် ဆောင်ရွက်ခဲ့သော ကောင်းမှုများကိုမူ အမြဲ လေစားခဲ့သည်။ သူရဲကောင်းကြီးတစ်ဦး၏ ဘဝနောက်ဆုံးအချိန်မှာ ယခုကဲ့သို့ ဝမ်းနည်းဖွယ် ကောင်းလှသည့် စစ်ရှုံးမှုကြီးနှင့် အဆုံးသတ်ရတော့မည်ကို ဝမ်ချောင် စိတ်မကောင်း ဖြစ်မိသည်။
သို့သော် ဝမ်ချောင်အာရုံစိုက်နေသည်မှာ ထိုမျှတင် မဟုတ်ပေ။ မဟာထန်သည် ယခုအခါ အလွန်အင်အားတောင့်တင်းနေပြီး အာရပ်အင်ပါယာကိုပင် အနိုင်ယူထားနိုင်သည်ဖြစ်ရာ၊ နယ်စပ်ရှိ နိုင်ငံငယ်လေးများ၏ တိုက်ခိုက်မှုကို မဖြေရှင်းနိုင်စရာ အကြောင်း မရှိပေ။ ဝမ်ချောင်သည် အရှေ့မြောက်ပိုင်း အခြေအနေအတွက် သိပ်မစိုးရိမ်သော်လည်း၊ ဤကိစ္စ၏ နောက်ကွယ်တွင် ထူးခြားသော လျှို့ဝှက်ချက် တစ်ခုခု ရှိနေမည်ဟု ဗီဇအရ ခံစားနေရသည်။
“သိန်းငှက်အိုကြီး၊ ကျန်းချွယ်... ငါတို့ရဲ့ ကင်းထောက်တွေ အကုန်လုံးကို အသုံးပြုပြီး ဒီစစ်ပွဲရဲ့ အချက်အလက် အားလုံးကို စုဆောင်းခိုင်းလိုက်။ အထူးသဖြင့် ဂိုဂူလျောဘက်က အသေးစိတ်တွေကို ငါ သိချင်တယ်။ ယွန်းဂျယ်စိုးမွန်းက ဘာကြောင့် ဒီအချိန်မှာ မဟာထန်ကို တိုက်ခိုက်ရဲတာလဲ ဆိုတာကို ရှာဖွေခိုင်းလိုက်”
ဝမ်ချောင်က သူတို့နှစ်ဦးကို ကြည့်ကာ အမိန့်ပေးလိုက်သည်။
ဝမ်ချောင်၏အမိန့်အရ ကင်းထောက်များစွာမှာ စစ်ပွဲနှင့် ပတ်သက်သမျှကို စတင် စုံစမ်းကြတော့သည်။ တစ်ချိန်တည်းမှာပင် ကျန်းချိုးကျန့်ချုံးနှင့် စုန့်ဘုရင်တို့က ဦးဆောင်၍ စစ်ရေးအစည်းအဝေးတစ်ခု ပြုလုပ်ကာ၊ အရှေ့မြောက်ပိုင်းသို့ စစ်ကူများ စေလွှတ်ရန် ပြင်ဆင်ကြတော့သည်။ ဝမ်ချောင်သည် အိမ်တွင်းအကျဉ်းချခံထားရသဖြင့် အပြင်သို့ ထွက်ခွင့် မရှိသော်လည်း၊ အဝေးမှနေ၍ ကိစ္စအဝဝကို အကြံပေး ဆောင်ရွက်နေခဲ့သည်။
ထိုအချိန်တွင် ဂိုဂူလျောဘက်မှ ကျန်းရှို့ကွေး ကို တိုက်ခိုက်ရသည့် အကြောင်းပြချက် စာလွှာတစ်စောင်မှာ အရှေ့မြောက်ပိုင်းတွင် ပြန့်နှံ့နေခဲ့သည်။ ၎င်းမှာ ယွန်းဂျယ်စိုးမွန်းက စစ်တပ်ကို စည်းရုံးရာတွင် အသုံးပြုခဲ့သော စာလွှာ ဖြစ်သည်။
“အရှင်... အရာအားလုံးကို စုံစမ်းပြီးပါပြီ။ ယွန်းဂျယ်စိုးမွန်းရဲ့ စာလွှာကိုလည်း မဟာထန် ဘာသာစကားကို ပြန်ဆိုပြီးပါပြီ”
“သတင်းတွေအရ ဂိုဂူလျော ဧကရာဇ်ရဲ့ နန်းတော်ထဲမှာ ချန်ပိုင်နတ်ဆေးလုံးလို့ ခေါ်တဲ့ အလွန်ရှားပါးတဲ့ ဆေးလုံးတစ်လုံး ရှိပါတယ်။ ၎င်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ရာချီက တောင်နက်ကြီးတွေထဲက ဆေးပင်တွေနဲ့ ဖော်စပ်ထားတာဖြစ်ပြီး တစ်လောကလုံးမှာ ၃ လုံးပဲ ရှိတာပါ။ ယွန်းဂျယ်စိုးမွန်းရဲ့ လက်ထဲမှာ နောက်ဆုံး တစ်လုံး ကျန်နေတာ ဖြစ်ပါတယ်”
“ဒီဆေးလုံးဟာ ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးရုံတင်မကဘဲ ဘယ်လောက်ပဲ ကြာနေပြီဖြစ်တဲ့ ဒဏ်ရာဟောင်းတွေ၊ ရောဂါဝေဒနာတွေကိုမဆို ချက်ချင်း ပျောက်ကင်းစေနိုင်တဲ့ ဂိုဂူလျောရဲ့ နံပါတ် ၁ နတ်ဆေးလုံး ဖြစ်ပါတယ်။ ၎င်းကို နန်းတော်ရဲ့ အမြင့်ဆုံးနေရာမှာ အစောင့်အကြပ် အထပ်ထပ်နဲ့ ထားရှိထားတာပါ”
“ကျန်းရှို့ကွေးဟာ ဖျားနာနေချိန်မှာ ဒီဆေးလုံးအကြောင်းကို တစ်နေရာကနေ သိသွားပြီး၊ လက်ရွေးစင် တပ်ဖွဲ့ငယ်လေး တစ်ခုကို စေလွှတ်ကာ ဂိုဂူလျော နန်းတော်ကို တိတ်တဆိတ် ဝင်ရောက်တိုက်ခိုက်ခိုင်းခဲ့ပါတယ်။ ယွန်းဂျယ်စိုးမွန်းရှေ့တန်းမှာ ရှိနေချိန်ကို အခွင့်ကောင်းယူပြီး နန်းတော်ကို မီးရှို့ကာ ဆေးလုံးကို လုယူခိုင်းခဲ့တာပါ”
“ယွန်းဂျယ်စိုးမွန်းက ဒီကိစ္စကြောင့် စစ်ပွဲစတင်ခဲ့တာလား” ဝမ်ချောင်က မေးမြန်းလိုက်သည်။
“အဲဒီထက် ပိုဆိုးတာက... အဲဒီ တပ်ဖွဲ့ငယ်လေးဟာ ဆုတ်ခွာချိန်မှာ ဂိုဂူလျော မင်းသမီး၊ ယွန်းဂျယ်စိုးမွန်းရဲ့တစ်ဦးတည်းသော သမီးတော်ကိုပါ မတော်တဆ သတ်ဖြတ်မိသွားခဲ့ပါတယ်။ ယွန်းဂျယ်စိုးမွန်းက ဒီသတင်းကို ကြားလိုက်ရချိန်မှာ အလွန်အမင်း အမျက်ထွက်သွားပြီး ဂိုဂူလျော စစ်တပ်တစ်ခုလုံးကို စုစည်းကာ အန်းတုံအုပ်ချုပ်ရေးမှူးရုံးကို တိုက်ခိုက်လာခြင်း ဖြစ်ပါတယ်” ကျန်းချွယ်က တင်ပြလိုက်သည်။
“ဒါဆို အဲဒီ ချန်ပိုင်နတ်ဆေးလုံးကရော ဘယ်မှာလဲ” ဝမ်ချောင်က မေးလိုက်သည်။
“အဲဒါကိုတော့ ကျွန်တော်တို့လူတွေ အခုထိ ရှာမတွေ့သေးပါဘူး” အနီးရှိ သိန်းငှက်အိုကြီးက ပြန်ဖြေလိုက်သည်။
“မှားနေပြီ... တစ်ခုခုတော့ အကြီးအကျယ် မှားနေပြီ”
ဝမ်ချောင်သည် မျက်မှောင်ကြုတ်လျက် စဉ်းစားနေမိသည်။
“မင်းတို့က ယွန်းဂျယ်စိုးမွန်းဆိုရင်၊ ဒီလောက် အရေးကြီးတဲ့ ဆေးလုံးကို နန်းတော်ရဲ့နောက်ကွယ်မှာ အစောင့်မပါဘဲ ထားခဲ့ပါ့မလား။ ပြီးတော့ ဂိုဂူလျောနိုင်ငံက သေးတယ်ဆိုပေမယ့် စစ်သည် သိန်းနဲ့ချီ ရှိနေတာပါ။ နန်းတော်ဆိုတာ နိုင်ငံတစ်ခုရဲ့အသက်သွေးကြောပဲ။ တပ်ဖွဲ့ငယ်လေး တစ်ခုက ဒီလောက်အလွယ်တကူ ဝင်ရောက်တိုက်ခိုက်ပြီး မီးရှို့နိုင်တယ်ဆိုတာက မယုံကြည်နိုင်စရာပဲ။ ပြီးတော့ အဲဒီတပ်ဖွဲ့ငယ်လေးဟာ ဘယ်သူတွေလဲဆိုတာကိုလည်း ဘယ်ဘက်ကမှ သတင်း မထွက်လာဘူး။ အဲဒီလူတွေဟာ တစ္ဆေတွေလို ပေါ်လာပြီး တစ္ဆေတွေလိုပဲ ပျောက်ကွယ်သွားကြတာပဲ”
ဝမ်ချောင်သည် ဤကိစ္စနောက်ကွယ်တွင် ကြီးမားသော ပရိယာယ်တစ်ခု ရှိနေမည်ကို သိရှိလိုက်သည်။
“စုံစမ်းကြစမ်း.. အရှေ့မြောက်ပိုင်း စစ်ရေးအခြေအနေကို အစွမ်းကုန် စုံစမ်းကြ။ ငါ့ရဲ့ ခံစားချက်အရ ယိုကျိုးမှာရှိတဲ့ စစ်ပွဲဟာ မကြာခင်မှာ အကြီးအကျယ် ပြောင်းလဲသွားတော့မယ်” ဝမ်ချောင်က လေးနက်သောအသံဖြင့် အမိန့်ပေးလိုက်သည်။
ဝမ်ချောင်၏အမိန့် ထုတ်ပြန်ပြီး နှစ်ရက်အတွင်းမှာပင်၊ စစ်ကူများ လမ်းတစ်ဝက်သို့ပင် မရောက်သေးမီမှာပင် သူ၏ခန့်မှန်းချက်မှာ အမှန်တကယ် ဖြစ်လာခဲ့သည်။
အရှေ့မြောက်ပိုင်းတွင် အောင်ပွဲကြီး ရရှိခဲ့ပြီ ဖြစ်သည်။
******
အခန်း ၁၉၇၃ ကျန်းရှို့ကွေး၏ အကျပ်အတည်း
စစ်ရှုံးလုနီးနီး အခြေအနေမှ မယုံကြည်နိုင်စရာ အလှည့်အပြောင်းကြီး တစ်ခု ဖြစ်ပေါ်လာခဲ့ပြီ။ ယိုကျိုးနယ်မြေနှင့် ပြည်သူ သန်းပေါင်းများစွာ အန္တရာယ်တွင်းသို့ ကျရောက်နေချိန်တွင် ထွက်ပေါ်လာသော ထိုသတင်းကား တစ်လောကလုံးကို တုန်လှုပ်သွားစေသည်မှာ အမှန်ပင်။
ဂိုဂူလျောအင်ပါယာသည် ရှီနှင့် ခီတန်တို့နှင့် ပူးပေါင်းကာ အန်းတုံအုပ်ချုပ်ရေးမှူးရုံးကို ဝိုင်းရံပိတ်ဆို့ထားစဉ်၊ အခြေအနေမှာ အလွန်ပင် စိုးရိမ်ဖွယ် ကောင်းနေခဲ့သည်။ ထိုအရေးပေါ် အခြေအနေတွင် အန်းတုံအုပ်ချုပ်ရေးမှူး ကျန်းရှို့ကွေး၏ လက်အောက်ခံ ဗိုလ်ချုပ်တစ်ဦးဖြစ်သူ အန်းယာလုရှန်းသည် အမိန့်ကို လက်ခံရယူကာ နယ်စပ်ဒေသမှ ဟူမျိုးနွယ်စုများကို စုစည်း၍ အသေခံတပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့သည်။ သူသည် စစ်ပွဲ၏ အဆုံးအဖြတ် အခိုက်အတန့်တွင် ရန်သူ့တပ်မတော်၏ အလယ်ဗဟိုကို ထိုးဖောက်ဝင်ရောက်ကာ အသက်နှင့်ရင်း၍ တိုက်ခိုက်ခဲ့သည်။ ကြီးမားသော အရင်းအနှီးများ ပေးဆပ်ခဲ့ရပြီးနောက် နောက်ဆုံးတွင် သူသည် ဂိုဂူလျောဧကရာဇ် ယွန်းဂျယ်စိုးမွန်းကို ဒဏ်ရာရရှိအောင် လုပ်ဆောင်နိုင်ခဲ့သည်။ ၎င်းကြောင့် ရန်သူ့တပ်ပေါင်းစုကြီးမှာ ဖရိုဖရဲ ဖြစ်သွားခဲ့ရပြီး အန်းတုံစစ်တပ်ကလည်း ထိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ ပြန်လည် တိုက်ခိုက်ခဲ့သဖြင့် နောက်ဆုံးတွင် စစ်ရှုံးနေရာမှ အောင်ပွဲသို့ အံ့သြဖွယ် ပြောင်းလဲနိုင်ခဲ့သည်။
ယိုကျိုး နယ်မြေ၏ ကြီးမားသော ဘေးအန္တရာယ်မှာ ဤကဲ့သို့ ကံကောင်းစွာဖြင့် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ဤသတင်းသည် မြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့သွားချိန်တွင် ပြည်သူများမှာ အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ကြပြီး “အန်းယာလုရှန်း” ဟူသော အမည်ကို လူတိုင်း စတင် သတိပြုမိလာကြတော့သည်။ သို့သော် မျိုးနွယ်ခြားဘုရင် အိမ်တော်အတွင်း၌မူ ဝမ်ချောင်၊ ရွှီခဲ့ယီ ၊ စုရွှတ်ရွှမ်းနှင့် သိန်းငှက်အိုကြီး တို့မှာ ထိုသတင်းကို ကြားရချိန်တွင် တိတ်ဆိတ်ငြိမ်သက်နေကြသည်။ အခြားသူများအတွက် ဤအမည်မှာ အသစ်အဆန်း ဖြစ်နိုင်သော်လည်း ဝမ်ချောင်၏ လက်အောက်ခံများအတွက်မူ ဤလူ၏ နောက်ကွယ်မှ လုပ်ရပ်များကို အားလုံး သိရှိထားကြသည်။ စစ်လက်နက်တိုက်များ တိတ်တဆိတ် တည်ဆောက်ခြင်း၊ ရွဲလော့ဟယ် တပ်ဖွဲ့ကို ဖွဲ့စည်းခြင်းနှင့် ကျန်းရှို့ကွေး၏အာဏာကို သိမ်းပိုက်ရန် ကြိုးစားခြင်း စသည့် အချက်များကို သိထားသဖြင့် ဤစစ်ပွဲ၏ အနောက်ကွယ်တွင် ကြီးမားသော ပရိယာယ်တစ်ခု ရှိနေသည်ကို သူတို့ ရိပ်မိလိုက်ကြသည်။
“ကျန်းရှို့ကွေးတော့ သွားပြီ...” ဝမ်ချောင်က ကြာမြင့်စွာ တိတ်ဆိတ်နေပြီးမှ လေးနက်သော အသံဖြင့် ဆိုလိုက်သည်။
နန်းတော်အတွင်း၌မူ သူတော်စင်ဧကရာဇ်သည် အလွန်ပင် ပျော်ရွှင်နေတော့သည်။ “ဟားဟားဟား... ကောင်းတယ်၊ တကယ်ကို တော်တဲ့ အန်းယာလုရှန်း ပဲ။ ငါ့ရဲ့ စိတ်ကိုလည်း သိတယ်၊ တိုက်ပွဲမှာလည်း စွမ်းဆောင်နိုင်တယ်၊ သူ့ကို ဆုလာဘ်တွေ အကြီးအကျယ် ပေးရမယ်” အော်ဟစ်လျက် သူ၏ဘေးနားရှိ ဟူမျိုးနွယ် အလှပဂေးများကို ဖက်ကာ ရယ်မောနေတော့သည်။ သူသည် မဟာထန်တွင် ဝမ်ချောင်တစ်ဦးတည်းသာ ရှိသည်မဟုတ်ကြောင်း တစ်လောကလုံးကို ပြသချင်နေပုံရသည်။ ထိုအချိန်တွင် အရာရှိငယ် ကျောက်ချန်ဖုက အနားသို့ တိုးကပ်လာကာ အကွက်ချ၍ တင်ပြလိုက်သည်။ “ဧကရာဇ်... တကယ်တော့ ဒီတစ်ခါ အောင်ပွဲဟာ အစစ်အမှန် အောင်ပွဲလို့ ပြောဖို့ ခက်ပါတယ်။ ကျန်းရှို့ကွေးဟာ နာမည်ကြီး ဗိုလ်ချုပ်တစ်ဦး ဖြစ်ပေမဲ့ ဒီလောက်အထိ အမှားအယွင်းတွေ ဖြစ်ခဲ့တာဟာ တကယ်ကို နှမြောစရာပါပဲ။ အန်းတုံစစ်တပ် အထိနာခဲ့သလို၊ သူရဲ့ အထူး လက်ရွေးစင်တပ်ဖွဲ့ဖြစ်တဲ့ ရှောင်ဟုတပ်ဖွဲ့လည်း တစ်တပ်လုံး ပြုန်းတီးသွားခဲ့ရပါတယ်”
ကျောက်ချန်ဖု၏ စကားမှာ အပြင်ပန်းတွင် စိုးရိမ်သယောင် ရှိသော်လည်း အမှန်တကယ်တွင်မူ ကျန်းရှို့ကွေးအပေါ် ဧကရာဇ် အထင်အမြင် လွဲမှားစေရန် မြှောက်ပင့်ပေးနေခြင်း ဖြစ်သည်။ “ဧကရာဇ်... အခု ဂိုဂူလျောတွေ ဆုတ်ခွာသွားပေမဲ့ ဘယ်အချိန်မှာ ပြန်လာဦးမလဲ မသိနိုင်ပါဘူး။ ကျန်းရှို့ကွေး ကလည်း အပြင်းအထန် ဖျားနာနေတုန်းဆိုတော့ စိုးရိမ်စရာပါပဲ” သူက ထပ်မံ ပြောဆိုလိုက်သည်။ ထိုစကားကြောင့် ဧကရာဇ်၏ မျက်နှာမှာ ချက်ချင်း မှောင်ကျသွားပြီး ဒေါသတကြီး အမိန့်ပေးလိုက်တော့သည်။ “ဖျားနေရင်လည်း အနားယူသင့်ပြီပေါ့။ သူက ဂိုဂူလျော နန်းတော်ကို မီးရှို့ပြီး ဒီလောက်အထိ ပြဿနာတွေ ရှာခဲ့တာကို ငါ မသိဘူးလို့ ထင်နေလား။ သူ ရန်သူကို မနှိမ်နင်းနိုင်ရင်လည်း ရာထူးကနေ ဆင်းပေးရုံပဲ။ အန်းယာလုရှန်းကို အန်းတုံအုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်လိုက်တယ်၊ ကျန်းရှို့ကွေးကိုတော့ မြို့တော်ကို အမြန်ဆုံး လာခိုင်းလိုက်စမ်း”
ကျောက်ချန်ဖုသည် နန်းတော်မှ ထွက်လာချိန်တွင် အလွန်ပင် ကျေနပ်နေတော့သည်။ သူသည် အန်းယာလုရှန်း ထံမှ ရရှိထားသော ရွှေစင် တစ်သောင်းအတွက် ကတိအတိုင်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီ ဖြစ်သည်။ တစ်ဖက်တွင်မူ ယိုကျိုးနယ်မြေမှာ စစ်ပွဲအပြီးတွင် ပျက်စီးယိုယွင်းနေခဲ့သည်။ လေထုထဲတွင် သွေးညှီနံ့များနှင့် မီးခိုးနံ့များ ပြည့်နှက်နေပြီး မြေပြင်အနှံ့တွင်လည်း စစ်သည်များ၏ အလောင်းများမှာ ပုံနေတော့သည်။ အန်းတုံဘုရင်ခံ အိမ်တော်အတွင်း၌မူ ကျန်းရှို့ကွေးသည် ကျားတစ်ကောင်ကဲ့သို့ ဟိန်းဟောက်၍ ဒေါသထွက်နေသော်လည်း၊ မကြာမီမှာပင် ပြင်းထန်သော ချောင်းဆိုးဝေဒနာ ခံစားလိုက်ရပြန်သည်။
“အရှင်... စိတ်ကို လျှော့ပါဦး၊ ကျန်းမာရေး ဂရုစိုက်ပါဦး” ဘေးနားရှိ ဗိုလ်ချုပ်များက ဝိုင်းဝန်း ဖေးမကြသော်လည်း ကျန်းရှို့ကွေး က သူတို့ကို တွန်းဖယ်လိုက်သည်။ သူသည် မာန်မာနကြီးသူ ဖြစ်သဖြင့် မည်သူ့အကူအညီကိုမျှ မလိုလားပေ။ ထိုအချိန်တွင် ဝဝကတုတ်ကုတ်နှင့် အန်းယာလုရှန်းမှာ ရှေ့သို့ တိုးလာခဲ့သည်။ သူ ပေါ်လာသည်နှင့် အခြားဗိုလ်ချုပ်များမှာ သူ့ကို လေးစားစွာဖြင့် လမ်းဖယ်ပေးလိုက်ကြသည်။ အန်းယာလုရှန်းသည် ကျန်းရှို့ကွေး ကို နှစ်သိမ့်ရန် ကြိုးစားသော်လည်း၊ ကျန်းရှို့ကွေးက မည်သည့် အရိပ်အယောင်မျှ မပြဘဲ အန်းယာလုရှန်း၏ရင်ဘတ်ကို ခြေထောက်ဖြင့် အားကုန် ကန်ထုတ်လိုက်သဖြင့် အန်းယာလုရှန်းမှာ နောက်ဘက်ရှိ နံရံသို့ ပြင်းထန်စွာ ရိုက်မိသွားတော့သည်။ “ထွက်သွားစမ်း မင်းက ငါ့ကို ရန်သူကို မနှိမ်နင်းနိုင်ဘူးလို့ လှောင်ပြောင်နေတာလား” ကျန်းရှို့ကွေးက ဒေါသတကြီး ကြုံးဝါးလိုက်သည်။
ခန်းမအတွင်းရှိ အရာရှိများ အားလုံးမှာ ထိတ်လန့်တုန်လှုပ်ကာ ဒူးထောက်လိုက်ကြရသည်။ ကျန်းရှို့ကွေးသည် သူ၏ တစ်သက်တာ စုဆောင်းခဲ့သော လက်ရွေးစင်တပ်ဖွဲ့ကို ယခုစစ်ပွဲတွင် ဆုံးရှုံးခဲ့ရသဖြင့် အလွန်ပင် ဝမ်းနည်းကြေကွဲနေခြင်း ဖြစ်သည်။ ထိုအချိန်တွင် အန်းယာလုရှန်းသည် ဒူးထောက်လျက် ရှေ့သို့ ဖြည်းညှင်းစွာ တိုးလာပြီး အလွန်ပင် နှိမ့်ချစွာ တင်ပြလိုက်သည်။ “အဖေ... ကျွန်တော့်မှာ အဲဒီလို ရည်ရွယ်ချက် လုံးဝ မရှိပါဘူး။ အဖေ စိတ်သက်သာရာ ရမယ်ဆိုရင် ကျွန်တော့် လက်တစ်ဖက်ကိုတောင် ဖြတ်ပစ်ဖို့ ဝန်မလေးပါဘူး” အန်းယာလုရှန်း၏နှုတ်ခမ်းထောင့်မှ သွေးစများနှင့် ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများကို မြင်လိုက်ရချိန်တွင် ကျန်းရှို့ကွေး၏ဒေါသများမှာ သိသိသာသာ လျော့ကျသွားခဲ့သည်။ သူသည် အန်းယာလုရှန်းကို အနားသို့ ခေါ်ယူကာ သူ၏ သွေးများကို သုတ်ပေးလိုက်ပြီး စိတ်ပြေသွားပုံရသည်။ “လုအာ... ဒီတစ်ခါ တိုက်ပွဲမှာ မင်း တကယ်ပဲ ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ငါ မင်းကို မွေးစားခဲ့တာ တကယ်ပဲ မမှားခဲ့ဘူး”
ကျန်းရှို့ကွေးသည် ရာဇပလ္လင်ပေါ်တွင် ပြန်လည် ထိုင်လိုက်ပြီး သူ၏မျက်ဝန်းများမှာ တည်ငြိမ်သွားခဲ့သည်။ “ယွန်းဂျယ်စိုးမွန်းက ငါဖျားနေချိန်ကို အခွင့်ကောင်းယူပြီး တိုက်ခိုက်ခဲ့တာကို ငါ တစ်နေ့ကျရင် သေချာပေါက် ပြန်လက်စားချေမယ်။ ဒါပေမဲ့ အခု ငါတို့ ပိုပြီး စိုးရိမ်ရတာက နန်းတော်အဖွဲ့ပဲ” သူက ဆိုလိုက်သည်။ စစ်ပွဲတွင် အနိုင်ရခဲ့သော်လည်း ဂိုဂူလျောဘက်မှ တင်ပြချက်များနှင့် အန်းတုံစစ်တပ်၏ ကြီးမားသော အထိအခိုက်များကြောင့် နန်းတော်အဖွဲ့အတွင်းရှိ သူ၏ ရန်သူများက ဤအခွင့်အရေးကို အသုံးချ၍ သူ့အား ရာထူးမှ ဖယ်ရှားရန် ကြိုးစားကြလိမ့်မည်ကို သူ သိရှိနေသည်။ ကျန်းရှို့ကွေးသည် ယိုကျိုးတွင် ရှိနေစဉ်အတွင်း အာဏာများကို တစ်ဦးတည်း ချုပ်ကိုင်ထားခဲ့သလို၊ နန်းတော်အဖွဲ့၏ စည်းကမ်းများကိုလည်း အကြိမ်ကြိမ် ချိုးဖောက်ခဲ့ဖူးသဖြင့် ယခုအခါ သူ၏ အနာဂတ်မှာ အလွန်ပင် မရေမရာ ဖြစ်နေတော့သည်။
******
အခန်း ၁၉၇၄ ပရိယာယ်နှင့် အန်းယာလုရှန်း၏ ရာထူးတက်လာခြင်း
တစ်နည်းအားဖြင့်ဆိုရလျှင် ထိုအချိန်မှစ၍ ကျန်းရှို့ကွေးသည် ယိုကျိုးနယ်မြေ၏ ပြောသမျှ အတည်ဖြစ်သော “နယ်ခံဘုရင်”တစ်ပါး ဖြစ်လာခဲ့သည်။ ယိုကျိုးမှ လူများသည် ကျန်းရှို့ကွေးကိုသာ သိကြပြီး ဧကရာဇ်ကိုမူ မသိကြတော့ပေ။ ယခင်ကမူ ကျန်းရှို့ကွေးသည် ယိုကျိုးကို အောင်မြင်စွာ ကာကွယ်နိုင်သရွေ့ မည်သူမျှ သူ့ကို ဘာမှ မလုပ်နိုင်ခဲ့သော်လည်း၊ ယခုတစ်ကြိမ် စစ်ရှုံးမှုကြီးမှာမူ သူ၏တစ်သက်တာ စုဆောင်းခဲ့သော ဂုဏ်ရှိန်နှင့် အာဏာများကို အကုန်အစင် ဆုံးရှုံးသွားစေခဲ့သည်။
“သူတို့ ဘယ်သူကများ ရဲလို့လဲ” ကျန်းရှို့ကွေး၏စကားကို ကြားရသောအခါ အန်းယာလုရှန်းသည် ခေါင်းကို ဆတ်ခနဲ မော့လိုက်ပြီး ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ “ဘယ်သူကမှ အဖေ့ကို ရာထူးက ဖယ်ရှားဖို့ မစဉ်းစားပါနဲ့၊ ကျွန်တော်နဲ့ ယိုကျိုးစစ်ဗိုလ်ချုပ်တွေကတော့ လုံးဝသဘောမတူနိုင်ပါဘူး” ခန်းမအတွင်းရှိ ယိုကျိုးဗိုလ်ချုပ်များကလည်း တညီတညွတ်တည်း ထောက်ခံအော်ဟစ်ကြသဖြင့် တစ်ခန်းမလုံး တုန်ခါသွားတော့သည်။
“အဖေ... အခု ညီလာခံမှာ အပြောင်းအလဲတွေ အများကြီး ရှိနေသလို၊ သူတော်စင်ဧကရာဇ်ကလည်း အရင်နဲ့ မတူတော့ဘူးဆိုတော့၊ အခြေအနေက အဲဒီလောက်အထိတော့ မဆိုးလောက်ပါဘူး” အန်းယာလုရှန်းက ကျန်းရှို့ကွေး၏ အင်္ကျီစကို ဆွဲလျက် ပြောလိုက်သည်။
“ဘယ်သူမှ စစ်ရှုံးတဲ့သူကို မနှစ်သက်ကြဘူး။ ယိုကျိုးစစ်ပွဲမှာ ငါတို့ အနိုင်ရခဲ့တယ်ဆိုပေမဲ့ နန်းတော်က ငါ့ကို ရာထူးက ဖယ်ရှားမှာကိုတော့ ကြိုတင် ကာကွယ်ရမယ်။ သမိုင်းတစ်လျှောက်မှာ စစ်ရှုံးလို့ စစ်အာဏာ အသိမ်းခံရတာတွေက မနည်းပါဘူး။ အခု ညီလာခံမှာ ရှိနေတာက မင်းကောင်းမင်းမြတ်လား၊ မင်းဆိုးမင်းညစ်လား ဆိုတာနဲ့ မဆိုင်တော့ဘူး။ တကယ်လို့ မင်းဆိုးမင်းညစ်သာ ဖြစ်နေမယ်ဆိုရင် ငါတို့ အခြေအနေက ပိုပြီး စိုးရိမ်ရတယ်။ ယိုကျိုးဆိုတာ ငါ့ရဲ့ တစ်သက်တာ စွမ်းအားတွေပဲ၊ တခြားသူ့လက်ထဲကို လုံးဝ အရောက်မခံနိုင်ဘူး။ တကယ်လို့ နန်းတော်က ငါ့ကို ရာထူးက ဖယ်ရှားမယ်ဆိုရင်၊ ငါက မင်းကို ငါ့ရဲ့ အုပ်ချုပ်ရေးမှူး ရာထူးအတွက် ကိုယ်စားလှယ်အဖြစ် အဆိုပြုမယ်။ အဲဒီအတွက် တင်ပြစာကိုတောင် ငါ အခု ရေးထားပြီးပြီ” ကျန်းရှို့ကွေးက ဆိုလိုက်သည်။
“မင်းက ယိုကျိုးမှာ ခုလေးတင် အောင်ပွဲ ရထားတာဆိုတော့၊ ဧကရာဇ်လည်း မင်းရဲ့ နာမည်ကို ကြားဖူးမှာပဲ။ ပြီးတော့ မင်းက ဒီနယ်ခံ ဗိုလ်ချုပ် ဖြစ်သလို အရှေ့မြောက်ပိုင်းကိုလည်း အကျွမ်းကျင်ဆုံးပဲ။ ငါ့ရဲ့ ထောက်ခံချက်ပါ ရှိမယ်ဆိုရင် နန်းတော်က ငြင်းမှာ မဟုတ်ဘူး” ကျန်းရှို့ကွေး က အန်းယာလုရှန်း၏ ပုခုံးကို ပုတ်ရင်း ပြောလိုက်သည်။ ကျန်းရှို့ကွေး၏ မျက်ဝန်းများမှာ နက်ရှိုင်းလှပြီး အရာအားလုံးကို ကြိုတင် စီစဉ်ထားပြီးဟန် ရှိသည်။
ထိုစကားကို ကြားရသောအခါ အန်းယာလုရှန်း တစ်ကိုယ်လုံး တုန်သွားပြီး သူ၏ မျက်ဝန်းထဲတွင် ထိတ်လန့်မှုနှင့်အတူ ထူးခြားသော ခံစားချက်တစ်ခု ပေါ်လာခဲ့သည်။ သို့သော် ကျန်းရှို့ကွေးက ဆက်လက်၍ ဆိုလိုက်သည်။ “မင်းက ငါ့ကိုယ်စား အန်းတုံအုပ်ချုပ်ရေးမှူးရုံးကို ထိန်းချုပ်ထားပေးပါ။ ငါ မြို့တော်ကို သွားပြီး လှုပ်ရှားမယ်။ အလွန်ဆုံး နှစ်နှစ်အတွင်းမှာ ငါ ယိုကျိုးကို ပြန်လာနိုင်မှာပါ။ အဲဒီအချိန်ကျရင် ငါတို့ သားအဖတွေ ပြန်ဆုံကြတာပေါ့။ ငါ မင်းကို ဘယ်တော့မှ ပစ်မထားပါဘူး”
ထိုစကားကို ကြားရချိန်တွင် အန်းယာလုရှန်း၏ မျက်ဝန်းများမှာ အေးစက်သွားပြီး သူ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်လာသော်လည်း၊ ချက်ချင်းပင် ဝမ်းသာအားရဟန် ပြောင်းလဲလိုက်ကာ ပြောလိုက်သည်။ “အဖေ့ကို ကျေးဇူးတင်ပါတယ်” ထိုအချိန်တွင် ကျန်းရှို့ကွေးသည် ပြင်းထန်စွာ ချောင်းဆိုးလာပြန်သည်။ သူသည် ဤမျှအထိ စကားပြောဆိုပြီးနောက် အားအင်ကုန်ခမ်းသွားဟန်ရှိပြီး မျက်နှာမှာလည်း ဖြူဖျော့နေတော့သည်။ အန်းယာလုရှန်းသည် ချက်ချင်းပင် ကျန်းရှို့ကွေးကို ဖေးမလိုက်ပြီး နောက်ကွယ်မှ ထျန်းချန်ကျန်းနှင့် ချွေချန်းယုံတို့ကို မျက်ရိပ်ပြလိုက်သည်။ “မြန်မြန်... ဆေးယူလာခဲ့ကြ”
မကြာမီ မည်းနက်ပြီး ပျစ်ချွဲနေသော ဆေးရည် တစ်ခွက် ရောက်ရှိလာသည်။ “အဖေ... တိုင်းပြည်အရေးက အရေးကြီးသလို အဖေ့ရဲ့ ကျန်းမာရေးကလည်း အရေးကြီးပါတယ်။ ဒီဆေးက အဖေ့အတွက် အကျိုးရှိမှာမို့ ကျွန်တော့်ကို တိုက်ခိုက်ခွင့်ပြုပါ” အန်းယာလုရှန်းက အလွန်ပင် တရိုတသေ ပြောလိုက်သည်။ “နှစ်ပေါင်းများစွာအတွင်းမှာ မင်းက ငါ့အပေါ် အကောင်းဆုံးပဲ” ကျန်းရှို့ကွေးက သက်ပြင်းချရင်း ပြောကာ ဆေးရည်များကို တစ်ကျိုက်တည်း သောက်ချလိုက်တော့သည်။
ကျန်းရှို့ကွေး ဆေးသောက်ပြီးနောက် အနားယူရန် ထွက်သွားချိန်တွင် ဗိုလ်ချုပ်များ အားလုံးလည်း ခန်းမအတွင်းမှ ထွက်လာခဲ့ကြသည်။ အန်းယာလုရှန်းသည် ခန်းမပြင်ပသို့ ရောက်ရှိချိန်တွင် သူ၏ ရိုးသားဖြူစင်ဟန် ဆောင်ထားသော မျက်နှာဖုံးကို ခွာချလိုက်ပြီး၊ သူ၏မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းသော မုန်းတီးမှုများနှင့် ပရိယာယ်များဖြင့် ပြည့်နှက်သွားတော့သည်။ သူသည် အန်းတုံအုပ်ချုပ်ရေးမှူးရုံးမှ ချက်ချင်း ထွက်ခွာလာခဲ့ပြီး၊ မိုင်အနည်းငယ်အကွာရှိ တိတ်ဆိတ်သော နေရာတစ်ခုတွင် ချွေချန်းယုံ၊ ထျန်းချန်ကျန်းနှင့် ကောင်းရှန်းတို့နှင့် တွေ့ဆုံလိုက်သည်။
“သခင်... အခုက ကျန်းရှို့ကွေး အားအနည်းဆုံး အချိန်ပဲ။ ဘာကြောင့် သူ့ကို တစ်ခါတည်း သတ်မပစ်တာလဲ။ ဘာကြောင့် သူ့ကို ကယ်တင်ခဲ့ရတာလဲ” ချွေချန်းယုံက စတင်မေးမြန်းလိုက်သည်။ လွန်ခဲ့သော ရက်ပိုင်းက စစ်ပွဲအတွင်း ကျန်းရှို့ကွေး အသက်အန္တရာယ် ကြုံနေရချိန်တွင် ချွေချန်းယုံသည် နောက်ကွယ်မှ တိုက်ခိုက်ရန် ပြင်ဆင်ခဲ့သော်လည်း အန်းယာလုရှန်းက တားဆီးကာ ကျန်းရှို့ကွေးကို ကယ်တင်ခဲ့ခြင်း ဖြစ်သည်။
“မင်းတို့ နားမလည်သေးဘူး။ ကျန်းရှို့ကွေးကို သတ်ရမှာ မှန်ပေမဲ့ အခု မဟုတ်သေးဘူး။ အခု အချိန်မှာ သူက ငါတို့အတွက် အသုံးဝင်နေသေးတယ်” အန်းယာလုရှန်း က သူ၏ ရည်မှန်းချက်များကို ထုတ်ဖော်လိုက်သည်။ “အန်းတုံစစ်တပ်ဆိုတာ ကျန်းရှို့ကွေး ကိုယ်တိုင် တည်ဆောက်ခဲ့တာ။ သူ့အပေါ် သစ္စာရှိတဲ့ စစ်သည်တွေ အများကြီး ရှိသေးတယ်။ ပြီးတော့ ဒါက မဟာထန်ရဲ့ နယ်မြေ၊ ငါက ဟူလူမျိုး တစ်ယောက်ပဲ။ ငါ့ရဲ့ အာဏာ တည်မြဲဖို့ဆိုရင် ကျန်းရှို့ကွေးရဲ့အသိအမှတ်ပြုမှု လိုအပ်တယ်။ အခုပဲ ကြားလိုက်ရတယ် မဟုတ်လား၊ ကျန်းရှို့ကွေး ကိုယ်တိုင်က ငါ့ကို အုပ်ချုပ်ရေးမှူးအဖြစ် ထောက်ခံပေးတော့မှာ”
အန်းယာလုရှန်း၏ မျက်ဝန်းထဲတွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။ ကျန်းရှို့ကွေး၏ ထောက်ခံချက်ဖြင့်ဆိုလျှင် သူသည် ယိုကျိုးရှိ အာဏာအားလုံးကို အလွယ်တကူ သိမ်းပိုက်နိုင်တော့မည် ဖြစ်သည်။ ကောင်းရှန်းကလည်း လေးနက်စွာ ဆိုလိုက်သည်။ “ကျန်းရှို့ကွေး အချိန် သိပ်မကျန်တော့ပါဘူး။ အရှင် ရာထူးတက်လာတာနဲ့ သူ့ကို ဖယ်ရှားလိုက်လို့ ရပါပြီ။ အဲဒီအချိန်ကျရင် သူက ငါတို့အတွက် အကူအညီ မဟုတ်တော့ဘဲ အဟန့်အတား ဖြစ်လာမှာပါ”
“အခု တစ်ခုတည်းသော အဟန့်အတားကတော့ မျိုးနွယ်ခြားဘုရင် ဝမ်ချောင်ပဲ” အန်းယာလုရှန်း၏ ဒုဗိုလ်ချုပ်ဖြစ်သူ ယန်ကျွမ်းက ပြောလိုက်သည်။ သူသည် အန်းယာလုရှန်း၏ အောက်ခြေဘဝကတည်းက အတူရှိခဲ့သူဖြစ်ပြီး အလွန်လိမ္မာပါးနပ်သူ ဖြစ်သည်။ “အရင်က ဝမ်ချောင်က ကျန်းရှို့ကွေး ဆီကို စာရေးပြီး ငါတို့ ဆေးခတ်နေတယ်လို့ သတိပေးခဲ့ဖူးတယ်။ ငါတို့သာ ကြိုပြီး မသိခဲ့ရင် အခြေအနေ မကောင်းနိုင်ဘူး။ အခုတော့ ကျန်းရှို့ကွေးရဲ့လက်ဖက်ရည်ထဲမှာ ဆေးခတ်ခြင်းအားဖြင့် သူ့ရဲ့ သံသယကို ရှောင်ကွင်းနိုင်ခဲ့ပြီ” သူက ဆက်လက် ပြောဆိုလိုက်သည်။
ဝမ်ချောင်ဟူသောအမည်ကို ကြားလိုက်ရချိန်တွင် အားလုံး၏ မျက်နှာမှာ လေးနက်သွားသည်။ မြို့တော်မှ ထိုလူငယ်မှာ အရာအားလုံးကို ကြိုတင် သိမြင်နေသကဲ့သို့ ရှိနေခြင်းမှာ သူတို့အတွက် အကြီးမားဆုံးသော စိုးရိမ်မှုပင် ဖြစ်သည်။ ကောင်းရှန်းကမူ အေးစက်စွာ ဆိုလိုက်သည်။ “ကိစ္စမရှိပါဘူး။ အခု ယိုကျိုးရဲ့ အခြေအနေက တည်ငြိမ်သွားပြီ။ ဝမ်ချောင်သိသွားရင်တောင် ဘာမှ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အနာဂတ်မှာ သူက ငါတို့ရဲ့ အကြီးမားဆုံး ရန်သူ ဖြစ်လာမှာမို့၊ အရှင် အာဏာရတာနဲ့ သူ့ကို အရင်ဆုံး ရှင်းပစ်ရမယ်”
“အသုံးမကျတဲ့ကောင်”
သူတို့ စကားပြောနေစဉ်မှာပင် ဝေးကွာသော နေရာမှ ပြင်းထန်သော ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံမှာ မိုင်ပေါင်း ဆယ်ချီအတွင်းရှိ လူတိုင်း ကြားနိုင်လောက်အောင် ကျယ်လောင်လှပြီး ကျန်းရှို့ကွေး၏ အသံဖြစ်ကြောင်း ချွေချန်းယုံက ချက်ချင်း သိလိုက်သည်။
“ဟား ဟား…အမိန့်တော် ရောက်လာပြီ ထင်တယ်” ကောင်းရှန်းနှင့် ယန်ကျွမ်းတို့က ပြုံးလျက် ဆိုလိုက်ကြသည်။
ရက်အနည်းငယ်အတွင်းမှာပင် တစ်လောကလုံးကို တုန်လှုပ်စေသော သတင်းတစ်ခု ထွက်ပေါ်လာသည်။ အန်းယာလုရှန်းသည် အရှေ့မြောက်ပိုင်း စစ်ပွဲတွင် စွမ်းဆောင်မှု ကောင်းမွန်သဖြင့် အန်းတုံဒုတိယအုပ်ချုပ်ရေးမှူးအဖြစ် ရာထူးတိုးမြှင့်ခြင်း ခံလိုက်ရသည်။ တစ်ဖက်တွင်မူ ကျန်းရှို့ကွေး မှာမူ တစ်ကိုယ်ရည် အကျိုးစီးပွားကြောင့် စစ်ပွဲကို ဖြစ်ပွားစေပြီး အန်းတုံစစ်တပ်ကို အထိနာစေခဲ့မှုကြောင့် ရာထူးမှ ဖယ်ရှားခံရပြီး၊ ကော်ကျိုးနယ်၏ အုပ်ချုပ်ရေးမှူးအဖြစ် ရာထူးလျှော့ချ ပြောင်းရွှေ့ခံလိုက်ရတော့သည်။
******
အခန်း ၁၉၇၅ သူရဲကောင်းတို့၏ဘဝနေဝင်ချိန်နှင့် ဝမ်ချောင်၏ဂါရဝ
၎င်းအပြင် ကျန်းရှို့ကွေး၏ အဆိုပြုချက်ကို လက်ခံ၍ ယခင် ယိုကျိုးဗိုလ်ချုပ်ဟောင်း အန်းယာလုရှန်းအား အန်းတုံအုပ်ချုပ်ရေးမှူးအဖြစ် ရာထူးတိုးမြှင့်ကာ သင့်တော်သောသူ မတွေ့မီအထိ ထိုရာထူးတွင် ခေတ္တတာဝန်ထမ်းဆောင်စေရန် အမိန့်ထုတ်ပြန်လိုက်သည်။
ဤသတင်း ထွက်ပေါ်လာချိန်တွင် တစ်လောကလုံး တုန်လှုပ်သွားရပြီး၊ အထူးသဖြင့် မဟာထန် စစ်ဘက်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများအကြား ပြင်းထန်သော ရိုက်ခတ်မှုများ ဖြစ်ပေါ်စေခဲ့သည်။ ကျန်းချိုးကျန့်ချုံး၊ ကောင်းရှန်းကျစ်၊ အန်းစီရှန်း ... စသည့် အင်ပါယာ၏ အုပ်ချုပ်ရေးမှူးနှင့် ဗိုလ်ချုပ်ကြီးများ အားလုံးသည် ကျန်းရှို့ကွေး၏ ဂုဏ်သတင်းနှင့်အတူ စစ်တပ်အတွင်း တစ်ဆင့်ချင်း တက်လှမ်းလာခဲ့ကြသူများ ဖြစ်သည်။ ကျန်းရှို့ကွေး နာမည်ကျော်ကြားချိန်တွင် သူတို့မှာ အရာရှိငယ်လေးများသာ ရှိသေးပြီး၊ ကျန်းရှို့ကွေး၏ စစ်ရေးအောင်မြင်မှုများမှာ လူတိုင်း အားကျအတုယူရသော အခြေအနေတွင် ရှိခဲ့သည်။
ထို့ကြောင့်သာလျှင် ကျန်းရှို့ကွေးသည် စစ်တပ်အတွင်း၌ ဩဇာအာဏာ အလွန်ကြီးမားပြီး အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေခြင်း ဖြစ်သည်။ သို့သော် ယခုအခါ စစ်မြေပြင်တွင် အမြဲအောင်ပွဲခံခဲ့သော၊ တစ်ချိန်က အင်ပါယာ၏ အမတ်ချုပ်ကြီးရာထူးကိုပင် ရည်မှန်းခဲ့သော ဤသူရဲကောင်းကြီးမှာ စစ်ပွဲတစ်ခု ရှုံးနိမ့်မှုကြောင့် စစ်အာဏာ အသိမ်းခံရရုံတင်မကဘဲ၊ ကော်ကျိုးနယ်၏ အုပ်ချုပ်ရေးမှူးအဖြစ် ရာထူး လျှော့ချခံလိုက်ရခြင်းမှာ စစ်သားတစ်ဦးအတွက် အကြီးမားဆုံးသော အရှက်ရမှုပင် ဖြစ်သည်။
“ဘယ်လိုဖြစ်တာလဲ... ကျန်းရှို့ကွေးကို မြို့တော် လာပြီး ရှင်းလင်းတင်ပြခိုင်းတာ မဟုတ်ဘူးလား။ ဘာလို့ ရုတ်တရက်ကြီး ဒီလို အမိန့်မျိုး ထုတ်လိုက်ရတာလဲ”
မျိုးနွယ်ခြားဘုရင် အိမ်တော် ခန်းမအတွင်း၌ သတင်းကို ကြားရသောအခါ ဝမ်ချောင်၏ စိတ်နှလုံးမှာ လေးလံသွားရသည်။
ကော်ကျိုးအုပ်ချုပ်ရေးမှူး…
ကင်းထောက်များ ပေးပို့လာသော သတင်းများထဲတွင် ဤစာလုံးလေးလုံးမှာ ဝမ်ချောင်ကို အတုန်လှုပ်စေဆုံး ဖြစ်သည်။ အတိတ်ဘဝတွင် ကျန်းရှို့ကွေး အသက်ပျောက်ကွယ်ခဲ့ရသည့် နေရာမှာ ဤကော်ကျိုးပင်ဖြစ်ကြောင်း သူ ကောင်းကောင်း မှတ်မိနေသည်။ သူတော်စင်ဧကရာဇ်၏ အမိန့်ဖြင့် ကော်ကျိုးသို့ ပြောင်းရွှေ့ခံရပြီးနောက် မကြာမီမှာပင် ကျန်းရှို့ကွေးမှာ စိတ်ဓာတ်ကျကာ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။
သမိုင်းကြောင်းမှာ ပြောင်းလဲမှုများ ရှိနေသော်လည်း၊ ကျန်းရှို့ကွေး၏ ကံကြမ္မာမှာမူ မူလအတိုင်းပင် ကော်ကျိုးအုပ်ချုပ်ရေးမှူးရာထူးဆီသို့ ဦးတည်နေပြန်သည်။ အန်းတုံအုပ်ချုပ်ရေးမှူးရာထူးမှ ဖယ်ရှားခံရလျှင်ပင် ကျန်းရှို့ကွေး၏ အတွေ့အကြုံနှင့်ဆိုလျှင် နောင်တစ်ချိန်တွင် ယိုကျိုးသို့ ပြန်လာရန် အခွင့်အရေး ရှိနိုင်သေးသော်လည်း၊ ယခုကဲ့သို့ စာပေအရာရှိရာထူးဖြစ်သော အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်လိုက်ခြင်းမှာ သူ၏ စစ်ရေးဘဝကို လုံးဝ အဆုံးသတ်လိုက်ခြင်းပင် ဖြစ်သည်။
“အသေးစိတ် အခြေအနေကိုတော့ ကျွန်တော်တို့လည်း မသိပါဘူး။ ထိုက်ကျိနန်းဆောင်မှာတုန်းကတော့ ဧကရာဇ်က ဗိုလ်ချုပ်ကျန်းကို မြို့တော်လာပြီး ရှင်းလင်းခိုင်းဖို့ အမိန့်ထုတ်ခဲ့တာပါ။ ဒါပေမဲ့ မကြာခင်မှာပဲ ထိုက်ဟယ်နန်းဆောင်မှာ ဧကရာဇ်က စိတ်ပြောင်းသွားပြီး၊ ကျန်းရှို့ကွေး လာတာနဲ့ မလာတာ ဘာမှ မထူးခြားဘူးလို့ ဆိုကာ၊ ရှင်းလင်းချက် တင်ပြစရာ မလိုတော့ဘဲ ကော်ကျိုးကို တိုက်ရိုက် ပြောင်းရွှေ့ဖို့ အမိန့်ပေးလိုက်တာပါ”
ကျန်းချွယ်က တုန်ရီစွာ တင်ပြလိုက်သည်။ ကျန်းရှို့ကွေး သည် စစ်ဘက်၏ အဓိက ကျောက်တိုင်ကြီးဖြစ်ပါလျက်နှင့်၊ ဧကရာဇ်က ဤမျှအထိ ပေါ့ပေါ့တန်တန် ဆုံးဖြတ်လိုက်ခြင်းမှာ မည်သူမျှ မထင်မှတ်ထားသော ကိစ္စပင် ဖြစ်သည်။
“ကျန်းရှို့ကွေး အခု ဘယ်မှာလဲ” ဝမ်ချောင်က မေးလိုက်သည်။
“ဗိုလ်ချုပ်ကျန်းဟာ အခု ကျောက်လင်မြို့ကို ရောက်နေပါပြီ။ မြို့တော် ရောက်ဖို့ ၁၀ ရက်လောက်ပဲ လိုပါတော့တယ်”ကျန်းချွယ်က ဆိုသည်။
ဝမ်ချောင်သည် မျက်မှောင်ကြုတ်လျက် စဉ်းစားနေမိသည်။ ကျန်းရှို့ကွေး ၏ အခြေအနေမှာ အလွန်ပင် အကျပ်ရိုက်နေခဲ့ပြီ ဖြစ်သည်။ သူသည် မြို့တော်သို့ ရှင်းလင်းချက် တင်ပြရန် လာခဲ့ခြင်းဖြစ်သော်လည်း၊ ယခုမူ ကော်ကျိုးအုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခံလိုက်ရသဖြင့် ဧကရာဇ်အား သွားရောက် ဖူးမြော်ရမည်လော သို့မဟုတ် အရာရှိ ရွေးချယ်ရေးဌာနသို့ တိုက်ရိုက် သွားရမည်လော ဝေခွဲမရ ဖြစ်နေပေလိမ့်မည်။
ထို့ပြင် ကျန်းရှို့ကွေးသည် အလွန် မာန်တက်သူ ဖြစ်သလို၊ အတိတ်ကလည်း နန်းတွင်း ဝန်ကြီးများစွာကို ရန်စခဲ့ဖူးသူ ဖြစ်သည်။ အကယ်၍ သူသာ အုပ်ချုပ်ရေးမှူး ရာထူး ရှိနေသေးပါက ကိစ္စမရှိသော်လည်း၊ ယခုမူ ရာထူးမဲ့နေပြီဖြစ်ရာ ရန်သူ ဝန်ကြီးများ၏ လှောင်ပြောင်မှုကို ခံရတော့မည်မှာ သေချာလှသည်။
“ငါ့ရဲ့အမိန့်ကို ထုတ်ပြန်လိုက်... မျိုးနွယ်ခြားဘုရင်က ဗိုလ်ချုပ်ကျန်း မြို့တော် ပြန်လာတာကို ကြိုဆိုကြောင်း သတင်းလွှင့်လိုက်ပါ။ သူ မြို့တော်ရောက်တဲ့နေ့မှာ ငါ ကိုယ်တိုင် ထွက်ပြီး ကြိုဆိုမယ်။ ငါတို့ မဟာထန်ရဲ့စစ်နတ်ဘုရားအတွက် ခမ်းခမ်းနားနား ဂုဏ်ပြုပေးရမယ်” ဝမ်ချောင်က ပြတ်သားစွာ အမိန့်ပေးလိုက်သည်။
“အရှင်” ဝမ်ချောင်၏ အမိန့်ကြောင့် အားလုံး အံ့အားသင့်သွားကြသည်။ ဝမ်ချောင်နှင့် ကျန်းရှို့ကွေး အကြားတွင် ရင်းနှီးသော ဆက်ဆံရေးမျိုး မရှိခဲ့ပေ။ ကျန်းရှို့ကွေးသာ ဝမ်ချောင်၏သတိပေးချက်ကို နားထောင်ခဲ့ပါက ယခုကဲ့သို့ ဖြစ်လာမည် မဟုတ်ကြောင်း ကျန်းချွယ်တို့ပင် သိထားကြသည်။
“အရှင်... အခုလို လုပ်လိုက်ရင် နန်းတွင်းက စာပေဝန်ကြီးတွေ အရှင့်အပေါ် မကျေနပ်မှုတွေ ဖြစ်လာနိုင်ပါတယ်” ရွှီခဲ့ယီက သတိပေးလိုက်သည်။ ကျန်းရှို့ကွေးသည် ယိုကျိုးတွင် ရှိနေစဉ်အတွင်း တရားမဝင် ဒင်္ဂါးသွန်းလုပ်ခြင်းစသည့် လုပ်ရပ်များကြောင့် စာပေဝန်ကြီးများ၏ အမုန်းခံထားရသူ ဖြစ်သည်။ ဝမ်ချောင်က သူ့ဘက်မှ ရပ်တည်ပေးလိုက်ခြင်းမှာ ထိုဝန်ကြီးများနှင့် ပြဿနာ ဖြစ်လာနိုင်ပေသည်။
“မင်း မှားနေပြီ” ဝမ်ချောင်က ခေါင်းခါလျက် တည်ငြိမ်စွာ ဆိုသည်။ “အပြစ်က အပြစ်၊ ကောင်းမှုက ကောင်းမှုပဲ။ ကျန်းရှို့ကွေးဟာ တစ်သက်လုံး မဟာထန်အတွက် အသက်ပေး ဆောင်ရွက်ခဲ့သူပါ။ အပြစ်အနာအဆာလေးတွေ ရှိနိုင်ပေမဲ့ ကျောက်စိမ်းရဲ့ တောက်ပမှုကိုတော့ မဖုံးကွယ်နိုင်ပါဘူး။ သူရဲကောင်းတစ်ယောက်အနေနဲ့ သူဟာ ဒီဂုဏ်ပြုမှုကို ရထိုက်ပါတယ်”
အချိန်များ ကုန်ဆုံးသွားပြီး ၁၀ ရက်မြောက်နေ့သို့ ရောက်သောအခါ၊ မြို့တော်၏ အရှေ့ဘက် တံခါးပြင်ပသို့ ဧည့်သည်တစ်ဦး ရောက်ရှိလာခဲ့သည်။ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ကာ မြင်းစီးလာသော ထိုသူမှာ မြို့တော်၏ တံခါးမကြီးကို ကြည့်ရင်း သက်ပြင်းချနေမိသည်။
သူသည် ကျန်းရှို့ကွေးပင် ဖြစ်သည်။ တစ်ချိန်က သူ မြို့တော်သို့ ကြွချီချိန်တွင် မည်သူကများ ရိုသေမှု မပြုဘဲ နေခဲ့ဖူးသနည်း။ ယခုမူ စစ်ရှုံးနိမ့်ခြင်းနှင့်အတူ ဖျားနာမှု ဝေဒနာကိုပါ ခံစားနေရကာ၊ ကြိုဆိုမည့်သူ တစ်ဦးတစ်ယောက်မျှ မရှိသည့် အခြေအနေမှာ အလွန်ပင် ဝမ်းနည်းကြေကွဲဖွယ် ကောင်းလှသည်။ စစ်ဗိုလ်ချုပ်ကြီး တစ်ဦးအား စာပေအရာရှိအဖြစ် ခန့်အပ်လိုက်ခြင်းမှာ သူ၏ဘဝကို အဆုံးသတ်လိုက်ခြင်းပင် ဖြစ်ကြောင်း သူ သိရှိထားသည်။
“ဗိုလ်ချုပ်ကျန်း”
ကျန်းရှို့ကွေး စိတ်ဓာတ်ကျနေစဉ်မှာပင်၊ မြို့တံခါးဆီမှ ဟိန်းထွက်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။
ဝုန်း မြို့တံခါးကြီး ပွင့်သွားပြီးနောက် အလံများ တလူလူ လွှင့်လျက်၊ ရွှေရောင် သံချပ်ကာများ ဝတ်ဆင်ထားသော စစ်သည်များမှာ တညီတညွတ်တည်း ထွက်ပေါ်လာသည်။ ထိုခိုင်ခံ့လှသော အငွေ့အသက်များမှာ လူတိုင်းကို တုန်လှုပ်စေတော့သည်။ ထိုစစ်သည်များ၏ အရှေ့ဆုံးတွင် ဝတ်ရုံရှည်များ ဝတ်ဆင်ထားသော ပုဂ္ဂိုလ်နှစ်ဦးမှာ အလွန်ပင် လူပေါ်လွင်နေတော့သည်။ သူတို့မှာ ဝမ်ချောင်နှင့် စုန့်ဘုရင်တို့ပင် ဖြစ်သည်။
သူတို့၏နောက်တွင် စစ်ရေးဝန်ကြီး ကျန်းချိုးကျန့်ချုံး၊ ဘဏ္ဍာရေးဝန်ကြီး ယန်ကျောက်၊ ဗိုလ်ချုပ်ကြီးကောင်းရှန်းကျစ်နှင့် အခြားသော နန်းတွင်း အရာရှိကြီးများစွာမှာ စီတန်း လိုက်ပါလာကြသည်။ ဝမ်ချောင်သည် မြင်းကို အရှေ့သို့ စီးနင်းလာပြီး အိုမင်းနေသော ကျန်းရှို့ကွေးကို ကြည့်ကာ လေးလေးစားစား ဂုဏ်ပြုလိုက်သည်။
“ကိုးပြည်နယ် အုပ်ချုပ်ရေးမှူး၊ မျိုးနွယ်ခြားဘုရင် ဝမ်ချောင်က ဗိုလ်ချုပ်ကြီးကျန်းကို ကြိုဆိုပါတယ်”
“မဟာထန် စုန့်ဘုရင်က ကြိုဆိုပါတယ်”
“စစ်ရေးဝန်ကြီး ကျန်းချိုးကျန့်ချုံးက ကြိုဆိုပါတယ်”
“အန်းရှီအုပ်ချုပ်ရေးမှူး ကောင်းရှန်းကျစ်က ကြိုဆိုပါတယ်”
ကြိုဆိုသံများမှာ မြို့တော် တစ်ခုလုံး ဟိန်းထွက်သွားတော့သည်။ ဝမ်ချောင်သည် သူ၏ အဆင့်အတန်းနှင့် ဩဇာအာဏာကို အသုံးပြု၍ ဤသူရဲကောင်းကြီး၏ နောက်ဆုံး ဂုဏ်သိက္ခာကို ကာကွယ်ပေးလိုက်ခြင်းပင် ဖြစ်တော့သည်။