အသင်းလေး များအတွက် သတင်းကောင်း
Vol. 41 Ch. 437
နေဝင်ခါနီး အချိန်ရောက်မှသာ မိုရှောင်းရှောင်းက ချင်းရွှီခြံဝင်းမှ ထွက်ခွာသွားသည်။
ထန်ထျန်းက ထိုသူမရဲ့ မိသားစု၏ အဆင့်မြင့်ပိုင်းသို့ ရောက်ရှိသွားပြီးနောက် ကိုယ်ရည်ကိုယ်သွေးများ ပြောင်းလဲသွားသည်ကို သတိထားမိသည်။
ပို၍ သူ့ကိုယ်သူ ယုံကြည်မှု ရှိလာသလို ပို၍လည်း ပြတ်သား လာသည်။
သို့သော် ၎င်းမှာ ကောင်းသော အချက်ပင် ဖြစ်ပေသည်၊ အကြောင်းမှာ သူနှင့် မိုမိသားစုကြားမှ ပူးပေါင်းဆောင်ရွက်မှု အဆက်အသွယ် မှာ မိုရှောင်းရှောင်း တစ်ဦးတည်းသာ ရှိသောကြောင့်ပင်။
သူမ၏ နေရာ မြင့်မားလေလေ၊ ပူးပေါင်းဆောင်ရွက်မှုမှာ ပို၍ ချောမွေ့လေလေ ဖြစ်ပေလိမ့်မည်။
ထျန်းရှထုန် အသင်း၏ အဆင့်အတန်း ခိုင်မာလာရခြင်းမှာလည်း ထန်ထျန်းနှင့် မိုမိသားစုတို့ ဘက်စုံ မဟာဗျူဟာမြောက် ဆက်ဆံရေး ထူထောင်ပြီးနောက်မှသာ တရားဝင် အတည်ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
နက်ရှိုင်းသော အခြေခံအုတ်မြစ် ရှိသည့် မိသားစုတစ်ခုနှင့် မိတ်ဖက်ဖြစ်ရခြင်းမှာ အလွန်ပင် အကျိုးရှိလှပေသည်။
သို့သော် နောက်ပိုင်းတွင် သူ၏ နည်းလမ်းများမှာ ပို၍ ပြင်းထန်လာမည် ဖြစ်ရာ၊ သူ၏ ဤမိတ်ဖက်က တောင့်ခံနိုင်ပါ့မလား ဆိုသည်ကိုတော့ မသိပေ...
.....
နောက်ထပ် ရက်အနည်းငယ် အတောအတွင်း ထန်ထျန်းက ထုန်းရှန့်တောင် ကျင့်ကြံခြင်း အခန်းသို့ တစ်ဖန် ပြန်ရောက်လာခဲ့သည်။
နေလအင်မော်တယ်နန်းတော်၏ တစ်လတာ ခရီးစဉ်ကြောင့် သူ၏ ကျင့်ကြံခြင်း မှာ အနည်းငယ် နှေးကွေးသွားခဲ့သော်လည်း မြင့်မြတ်ရွှေအင်မော်တယ် အစောပိုင်း အဆင့်ကိုတော့ အောင်မြင်စွာ တည်ငြိမ်အောင် လုပ်နိုင်ခဲ့သည်။
နောက်ထပ် အချိန်အနည်းငယ် အလေးအနက် ကျင့်ကြံမည် ဆိုပါက ထုန်းရှန့်တောင် ညီလာခံ မတိုင်မီ မြင့်မြတ်ရွှေအင်မော်တယ် အလယ်အလတ် အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်မည်ဟု ခန့်မှန်းရသည်။
ထိုအတောအတွင်း ထျန်းဖူနန်းတော် ကုန်သွယ်မှုလောကအတွင်း၌ ပြင်းထန်သော မုန်တိုင်းတစ်ခု တစ်ဖန် ထပ်မံ တိုက်ခတ်လာခဲ့ပြန်သည်။
"ဘာ... ထျန်းရှထုန်က တခြား အသင်းတွေကို စပြီး ဝယ်ယူနေပြီ ဟုတ်လား"
တစ်စုံတစ်ဦးက အံ့အားသင့်စွာ ပြောသည်။
"ဟုတ်တယ်၊ ဝယ်နေတာက အသေးစား အသင်းတွေပဲ၊ ထျန်းရှထုန်ရဲ့ အခု ရှိနေတဲ့ ပမာဏနဲ့ဆိုရင် အဲဒီ အသင်းတွေကို ဝယ်တာ ဘာထူးမှာလဲ၊ သူတို့ ဘာတွေ တွေးနေလဲဆိုတာ တကယ် မသိဘူး"
အခြားတစ်ဦးက ပြန်ဖြေသည်။
"ဟားဟား၊ ဒါဆို မင်း မသိသေးလို့ပဲ"
"ငါ စုံစမ်းရသလောက်တော့ ထျန်းရှထုန်က အသေးစား အသင်းတွေကိုပဲ ဝယ်နေတာ မဟုတ်ဘူး၊ အလယ်အလတ်၊ အကြီးစား၊ နောက်ဆုံး အင်အားကြီး အသင်းတွေကိုတောင် ဆွေးနွေးနေကြတာ"
"ဒီတစ်ခါတော့ သူတို့က ဝမ်ပေါင်ရေကန် တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်မယ့် ပုံပဲ"
လူများမှာ ချက်ချင်း မှင်တက်သွားကြသည်။
ဒါက ဘယ်လို လုပ်ရပ် မျိုးလဲ။
လုံးဝ နားမလည်နိုင်အောင် ဖြစ်ရသည်။
ထျန်းရှထုန် ကုန်သွယ်ရေးအသင်းက အခြေကျကာစပဲ ရှိသေးသည်၊ အခု ချက်ချင်းပဲ နယ်ပယ်ချဲ့ထွင်ဖို့ စတင်နေပြီလား။
ဒါက အရမ်းကို ရူးသွပ်လွန်းလှပေသည်။
"ဒီလို ကိစ္စမျိုးက ထျန်းဖူနန်းတော် ရဲ့ စည်းမျဉ်းတွေကို ကျော်လွန်နေပြီ ထင်တယ်နော်"
"ငါးကြီးက ငါးလေးကို အတင်းအဓမ္မ ဝါးမျိုတာက ကုန်သွယ်မှုလောကရဲ့ တည်ငြိမ်မှုကို အတိုင်းအတာတစ်ခုအထိ သက်ရောက်မှု ရှိစေမှာပဲ။"
"ထျန်းဖူနန်းတော် က ဘာမှ မလုပ်ဘူးလား"
တစ်စုံတစ်ဦးက ထိုသံသယကို မေးမြန်းလိုက်သည်။
သို့သော် မကြာမီမှာပင် တစ်ယောက်က ရှင်းပြပေးလိုက်သည်။
"ဟားဟား... မင်းက မသိသေးပြန်ဘူး။"
"ငါ ကြားထားတဲ့ နောက်ထပ် သတင်းတစ်ခုအရတော့ ထျန်းဖူနန်းတော် က အခု တခြား အရေးကြီးတဲ့ ကိစ္စအချို့ ရှိနေလို့ ဝမ်ပေါင်ရေကန်ကို အဓိက အာရုံမစိုက်နိုင်တာတဲ့။"
"ပြီးတော့ ဘယ်သူက အတင်းအဓမ္မ ဝါးမျိုတယ် ပြောလို့လဲ"
"ထျန်းရှထုန်က အဲဒီ အသင်းတွေကို ပေးတဲ့ ကမ်းလှမ်းချက်တွေက မယုံနိုင်လောက်အောင်ကို ရက်ရောလွန်းတယ်၊ ဘယ်သူမဆို မျက်စိကျလောက်စရာပဲ။"
"ပြီးတော့ သူတို့က ရှယ်ယာပိုင်ဆိုင်မှုနဲ့ အဖွဲ့ဝင် ဆိုတဲ့ ထူးခြားတဲ့ စီမံမှု ပုံစံသစ်တစ်ခုကို တင်ပြထားသေးတယ်။"
"ဝယ်ယူခံရတယ် ဆိုပေမဲ့လည်း ကိုယ်ပိုင် လွတ်လပ်ခွင့် အချို့ကို ဆက်ထိန်းထားနိုင်ပြီး သီးခြား ဆက်လက် လည်ပတ်နိုင်သေးတယ်၊ ထျန်းရှထုန်ရဲ့ စီမံခန့်ခွဲမှု စည်းမျဉ်းတွေကို လိုက်နာဖို့ပဲ လိုတာ။"
"နောက်ပြီးတော့..."
သူက ထျန်းရှထုန်၏ ဝယ်ယူရေး အစီအစဉ်များကို အများကြီး ပြောပြနေခဲ့ရာ နားထောင်ရသည်မှာ အလှူအတန်း လုပ်နေသကဲ့သို့ပင် ခံစားရပြီး ခံစားခွင့် အမျိုးမျိုးကိုလည်း ထုတ်ပေးထားပေသည်။
သို့သော် သူ ပြောပြီးသွားသည့်အခါ သူ၏ ဘေးတွင် လူအများအပြား မရှိတော့သည်ကို တွေ့လိုက်ရသည်။
"ဟင်... သူတို့ ဘယ်သွားကြတာလဲ"
ထိုသူက မေးလိုက်သည်။
တစ်ဦးက ပြန်ဖြေသည်။ "အဲဒီလူတွေက အသင်းလေးတွေရဲ့ အသင်းခေါင်းဆောင်တွေလေ၊ မင်း ပြောတာ တစ်ဝက်လောက် ရှိသေးတယ် အလောတကြီး ထွက်သွားကြတာ။"
"ငါ့ ခန့်မှန်းချက်အရတော့ ထျန်းရှထုန်ဆီ ပူးပေါင်းဖို့ သွားရှာကြတာ ထင်တယ်"
ထိုအချိန်တွင် အခြားတစ်ဦးက ရယ်မောလျက် ပြောသည်။ "လူအ တွေကတော့ စောင့်ကြည့်နေကြတုန်းပေါ့။"
"ငါကတော့ သူတို့နဲ့ စာချုပ် ချုပ်ပြီးပြီ..."
....
ထျန်းရှထုန်၏ လှုပ်ရှားမှုမှာ ဝမ်ပေါင်ရေကန်အတွင်းသို့ အနုမြူဗုံး တစ်လုံး ချလိုက်သကဲ့သို့ပင် ဤအတွင်းပင်လယ်ကို ဆူပွက်သွားစေသည်။
အသေးစားနှင့် အလယ်အလတ် အသင်းများမှာ တုန်လှုပ်သွားကြသည်၊ အထူးသဖြင့် ရှင်သန်ရန် အလွန် ခက်ခဲနေသည့် အသင်းများမှာ ခိုင်မာသော နောက်ခံ မရှိသဖြင့် နေရာတိုင်းတွင် ကန့်သတ်ခံရကာ နေ့စဉ် အရှုံးပေါ်နေကြရသည်။
ယခုတွင်မူ နောက်ခံက သူတို့ဆီကို ကိုယ်တိုင် လာရှာနေပြီ ဖြစ်ပေသည်။
ထိုမျှမကသေးဘဲ ထိုနောက်ခံက ခံစားခွင့်များစွာကိုပါ သူတို့ရှေ့ ချပြပြီး "ဒီငွေတွေကို ယူထား၊ နောင်ကျရင် ငါ မင်းတို့ကို ကာကွယ်ပေးမယ်" ဟု ပြောနေခြင်း ဖြစ်သည်။
ဒါကို ဘယ်သူက နားမယောင်ဘဲ နေနိုင်ပါ့မလား။
ထို့ကြောင့် သူတို့မှာ ရူးသွပ်သွားကြပြီး ထျန်းရှထုန်၏ ရင်ခွင်ထဲသို့ အလုအယက် တိုးဝင်သွားကြတော့သည်။
သူတို့နေရာကို အခိုင်အမာ ယူထားပြီး ရှုပ်ထွေးသော ပတ်သက်မှုများ ရှိသည့် အသင်းများသာလျှင် ဝေခွဲမရဖြစ်ကာ ဆွေးနွေးနေကြဆဲ ဖြစ်ပေသည်။
သူတို့မှာ လက်ရှိ အကျိုးအမြတ် ခံစားနေရသူများ ဖြစ်သဖြင့် ဤဘုရင်အသစ်ကို စောင့်ကြည့်လိုကြခြင်းမှာ သဘာဝပင်။
သို့သော် အမှန်အတိုင်း ပြောရလျှင် ဤမျှ ရက်ရောသော ကမ်းလှမ်းချက်ကို မြင်ပြီး မျက်စိမကျသူမှာ အလွန် ရှားပေလိမ့်မည်။
အင်အားကြီး ကုန်သွယ်ရေးအသင်းကြီးများနှင့် ထိပ်တန်း အင်အားစုများမှာမူ ထန်ထျန်း ဤသို့ လုပ်ရသည့် ရည်ရွယ်ချက်မှာ အဘယ်နည်း ဆိုသည်ကို ညလုံးပေါက် အစည်းအဝေး လုပ်ကာ ဆွေးနွေးနေကြတော့သည်။
ရွှမ်ယွင်မျှော်စင် အတွင်း၌
ဖုန်းယွီချင်းက နူးညံ့သော ထိုင်ခုံ ပေါ်တွင် ထိုင်ရင်း သူမ၏ မျက်ခုံးနှစ်ဖက်ကို အဆက်မပြတ် နှိပ်နေမိသည်။
အောက်ဘက်တွင် ရွှမ်ယွင်မျှော်စင်၏ အဆင့်မြင့်ပိုင်းများမှာ မျက်နှာပျက်နေကြပြီး ထန်ထျန်း၏ ယခုတစ်ကြိမ် လှုပ်ရှားမှုကို ရှုထောင့်ပေါင်းစုံမှ ဆွေးနွေးနေကြသည်။
နောက်ဆုံးတွင် သူတို့မှာ တူညီသော ရလဒ်တစ်ခုကို ထုတ်ပြန်လိုက်ကြသည်။
"ထန်ထျန်းရဲ့ ဒီလုပ်ရပ်က လုံးဝကို အမှားကြီးပဲ၊ သူ့သေတွင်း သူ တူးနေတာ"
ဖုန်းယွီချင်းက ထိုစကားကို ကြားပြီးနောက် သူမရှေ့ရှိ မှင်တုံးကို စားပွဲပေါ်သို့ ရိုက်ခွဲပစ်လိုက်သည်။
သူမ၏ မျက်နှာမှာ ကြည့်မကောင်းလှဘဲ အေးစက်သော လေသံဖြင့် ပြောသည်။
"ဒီလအနည်းငယ်အတွင်းမှာ ရှင်တို့ ဒီလို ရလဒ်မျိုးကို ဘယ်နှစ်ကြိမ်တောင် ထုတ်ခဲ့ကြပြီးပြီလဲ"
"ဒါပေမဲ့ ရလဒ်က ဘာလဲ"
"ထျန်းရှထုန် ကုန်သွယ်ရေးအသင်းက ဘာမှ မဖြစ်တဲ့အပြင် သူ့ရဲ့ အခြေအနေက ပိုတောင် ခိုင်မာလာသေးတယ်။"
"ငါတို့ဘက်ကသာ ဖောက်သည် အမြောက်အမြား ဆုံးရှုံးခဲ့ရသလို၊ လဝက်လောက် ဆိုင်မဖွင့်နိုင်တဲ့ အရှက်ကွဲမှုကြီးကိုလည်း ရခဲ့တယ်"
"တခြားလူက ပြိုလဲတော့မယ်၊ ပြိုလဲတော့မယ်လို့ပဲ နေ့တိုင်း အော်နေကြတယ်။"
"အခု တခြားလူက ပိုပိုပြီး ကောင်းလာနေတယ်၊ ငါတို့သာ ဒီအတိုင်း ဆက်သွားရင် တကယ် ပြိုလဲတော့မှာ"
ဖုန်းယွီချင်းက စားပွဲကို တစ်ချက် ရိုက်လိုက်ရာ နှစ်ပေါင်း ထောင်ချီ၍ ဂုဏ်ယူစရာ အခိုက်အတန့်များစွာကို သက်သေတည်ခဲ့သည့် အစည်းအဝေးစားပွဲကြီးမှာ အက်ကြောင်းကြီး တစ်ခု ပေါ်သွားတော့သည်။
ရွှမ်ယွင်မျှော်စင်မှ အဆင့်မြင့်ပိုင်းများမှာ ကြောက်လန့်သွားကြပြီး စကားတစ်ခွန်းမှ မပြောရဲတော့ပေ။
သူတို့၏ တုံ့ပြန်မှုကို ကြည့်ပြီး ဖုန်းယွီချင်းက ကောင်းကင်ကို မော့ကြည့်ကာ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။
ဤမျှ နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့သော်လည်း ဤကဲ့သို့သော အခက်အခဲမျိုးနှင့် သူမ ပထမဆုံးအကြိမ် တွေ့ကြုံရခြင်း ဖြစ်သည်။
တစ်ဖက်လူ၏ လုပ်ရပ် မှာ ပုံမှန်အတိုင်း တစ်ခုမှ မရှိပေ၊ သူ့ကိုယ်သူ သေတွင်းတူးနေသလို ထင်ရသည့် နည်းလမ်းများစွာမှာ နောက်ဆုံးတွင် အလွန် ကောင်းမွန်သော ရလဒ်များကို ရရှိသွားခဲ့ကြသည်။
ဒါက ဘာကြောင့်ပါလိမ့်။
အတော်ကြာမှ သူမက အေးဆေးစွာ ပြောသည်။ "အားလုံး သေချာ စဉ်းစားကြစမ်း၊ ထန်ထျန်း ဒီလို လုပ်ရတဲ့ အကြောင်းရင်းက တကယ်တမ်း ဘာလဲဆိုတာကို"
အဆင့်မြင့်ပိုင်းများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အဆင့်မြင့်ပိုင်း တစ်ဦးက သတ္တိမွေး၍ ပြောသည်။ "ခန်းမသခင် ဖုန်း ၊ ဒီကိစ္စက တကယ်ကို အဓိပ္ပာယ် မရှိတာပါ။"
"သူတို့က အသေးစား အသင်းတွေကိုပဲ ဝယ်နေတာ မဟုတ်ဘူး၊ အကြီးစား၊ အင်အားကြီး ကုန်သွယ်ရေးအသင်းတွေ၊ ထိပ်တန်း အင်အားစုတွေကိုတောင် ဆက်သွယ်နေတာ။"
"ဒါက ကုန်သွယ်မှု နယ်ပယ်ကို လုံးဝ ကျော်လွန်နေပြီ။"
"ကျွန်တော် တွက်ချက်ကြည့်သလောက်တော့ သူတို့ အခု ဖြန့်ကျက်ထားတဲ့ နယ်ပယ်အရ ဆိုရင် သုံးရမယ့် တာအိုကျောက်စိမ်းက အနည်းဆုံး ထရီလီယံ တစ်ဆယ် ကျော်လိမ့်မယ်"
"တကယ်လို့ ထန်ထျန်းရဲ့ ငွေကြေးအင်အားက ဒီလောက်အထိ ကြောက်စရာ ကောင်းနေပြီ ဆိုရင်တော့..."
"ကျွန်တော်တို့တွေ အနိုင်ရဖို့ တကယ်ကို ခက်ခဲလိမ့်မယ်လို့ ခံစားရတယ်..."
ပြောပြီးနောက် အားလုံးမှာ တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားကြပြန်သည်။
ဖုန်းယွီချင်းမှာမူ သက်ပြင်းအကြီးကြီး တစ်ချက် ချလိုက်မိသည်။
ဤပြဿနာကို သူမ မသိဘဲ နေပါ့မလား။
ဒါပေမဲ့ သူမ တစ်ခါမှ အရေးမစိုက်ခဲ့ဖူးတဲ့ လူငယ်လေး တစ်ယောက်ဆီမှာ ရှုံးနိမ့်သွားမှာကိုတော့ မကျေနပ်နိုင်ပေ။
ယခုတစ်ကြိမ် လှုပ်ရှားမှုတွင် ထန်ထျန်းမှာ နက်ရှိုင်းသော ရည်ရွယ်ချက် ရှိနေပေလိမ့်မည်။
ဒါပေမဲ့ သူမမှာကော တားဆီးနိုင်မယ့် နည်းလမ်း ဘာရှိလို့လဲ...
.....
ဝယ်ယူရေး မုန်တိုင်းမှာ ဆက်လက်၍ တိုက်ခတ်နေဆဲ ဖြစ်သည်။
ကုန်သွယ်ရေးအသင်း အများအပြားမှာ ထျန်းရှထုန်၏ ရင်ခွင်ထဲသို့ စတင် ဝင်ရောက်နေကြပြီ ဖြစ်ပေသည်။
ထိုအချိန်တွင် ထန်ထျန်းက သတင်းတစ်ခု လက်ခံရရှိလိုက်သည်။
မင်ရွှမ်အင်မော်တယ်အရှင် ကျင်းပမည့် ဝမ်ပေါင်ရေကန် အခွန် ကိစ္စများမှာ မကြာမီ စတင်တော့မည် ဖြစ်ပေသည်။