အခန်း (၄၃၂)
Vol. 41 Ch. 432
ရှည်လျားသော ခရီးစဉ်နှင့်အတူ ကြီးမားသော သင်္ဘောပျံကြီးမှာ တိမ်တိုက် ထျန်းဖူနန်းတော် သို့ တဖြည်းဖြည်း ချဉ်းကပ်လာခဲ့သည်။
တာဝန်ကို အောင်မြင်စွာ ပြီးမြောက် နိုင်ခဲ့ခြင်းကြောင့် ဖြစ်နိုင်ပေသည်၊ အပြန်ခရီးမှာ ပို၍ ပေါ့ပါးနေခဲ့ပြီး ဤခရီးစဉ်မှာ လဝက် ကျော်ခန့် ကြာမြင့်ခဲ့၏။
ထျန်းဖူနန်းတော်သို့ ပြန်လည် ရောက်ရှိချိန်တွင် နှစ်ကုန်ပိုင်းသို့ နီးကပ်နေပြီ ဖြစ်သည်။
ရှုပ်ထွေးသော လုပ်ထုံးလုပ်နည်းများကို ကိုင်တွယ်ပြီးနောက် ထန်ထျန်းက ချင်းရွှီခြံဝင်း သို့ ပြန်လာခဲ့သည်။
တစ်လကျော်ခန့် မရှိခိုက် ရေကန်ထဲမှ ငါးကြင်း နီလေးမှာ မည်သည့်အချိန်တွင် အင်မော်တယ်နယ်ပယ်သို့ တရားဝင် တက်လှမ်းသွားခဲ့သည် မသိပေ၊ ဤခြံဝင်းအတွင်း လက်ချိုးရေတွက်၍ရသော မိစ္ဆာအင်မော်တယ်များထဲမှ တစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။
နောက်ထပ် အချိန်အနည်းငယ် ကြာပါက ၎င်းမှာ ဤငါးကန်၏ ဘုရင် ဖြစ်လာနိုင်ပေလိမ့်မည်။
သို့သော် ငါးကြင်း နီလေးက အခြေအနေကို ကောင်းစွာ နားလည်ပေသည်၊ ဤခြံဝင်း ၏ စစ်မှန်သော သခင်မှာ မည်သူဖြစ်သည်ကို သိရာ ထန်ထျန်း ပြန်လာသောအခါ ၎င်းက အင်မော်တယ်ပုလဲတစ်လုံးကို အထူးတလည် ဆက်သ၍ သစ္စာရှိမှုကို ပြသခဲ့၏။
ထန်ထျန်းက ၎င်းကို ပြုံးပျော်စွာ လက်ခံလိုက်သည်၊ ဤအကောင်လေး ယခုကဲ့သို့ ကြီးထွားလာရခြင်းမှာ သူကိုယ်တိုင် ဖန်တီးပေးခဲ့ခြင်းကြောင့် မဟုတ်ပါလား။
ခေတ္တမျှ အနားယူပြီးနောက် ထန်ထျန်းက ဝမ်ကန်း နှင့် လီဟုန် တို့ကို ခေါ်လိုက်သည်။
"အသင်းရဲ့ လတ်တလော အခြေအနေတွေက ဘယ်လိုလဲ"
ထန်ထျန်းက တိုက်ရိုက် မေးလိုက်သည်။
ဝမ်ကန်းက ရိုသေစွာဖြင့် "သခင်လေးကို တင်ပြရရင် အားလုံး အဆင်ပြေပါတယ်"
"အခုဆိုရင် ကျွန်တော်တို့ ကုန်သွယ်မှု လမ်းကြောင်းတွေကို ဖောက် ပြီးပါပြီ၊ ပုံမှန် ကုန်ပစ္စည်း ပံ့ပိုးပေးမယ့်သူတွေလည်း ရှိနေပါပြီ၊သူတော်စင် ဆရာ ကြီးတွေရဲ့ လက်ရာတွေကလည်း အလွန် နာမည်ကြီးနေပြီး လိုချင်သူတွေ အရမ်းများနေတာကြောင့် နှစ်ပတ်တစ်ကြိမ် ကြီးကျယ်တဲ့ လေလံပွဲတစ်ခု ကျင်းပပေးနေရပါတယ်"
"ဒါ့အပြင် ဝိညာဉ်စုစည်းပုတီးစေ့ နဲ့ အင်မော်တယ်ဝိညာဉ်ပုတီးစေ့ တွေကလည်း အရောင်းရဆုံး ဖြစ်နေပြီး ကျွန်တော်တို့ ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံကျော်ကို ပံ့ပိုးပေးနေပါတယ်"
"ဒီလိုနဲ့ ကျွန်တော်တို့က ဝမ်ပေါင်ကျွန်း ရဲ့ အချက်အချာကျတဲ့ နေရာမှာ အခိုင်အမာ ခြေကုပ်ယူနိုင်ခဲ့ပါပြီ"
ဝမ်ကန်း၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေ၏။
သူသည် မူလကပင် ကုန်သွယ်မှုလောကကို ဝါသနာပါသူ ဖြစ်ရာ ထန်ထျန်း၏ ပံ့ပိုးမှုဖြင့် တိမ်တိုက် ထျန်းဖူနန်းတော် ဟူသော စင်မြင့်ကြီးပေါ်တွင် သူ၏ အရည်အချင်းများကို အပြည့်အဝ ဖော်ထုတ်နိုင်ခဲ့ပြီး သူ၏ ထူးခြားသော အတွေးအခေါ်များကို အဆုံးစွန်အထိ အကောင်အထည်ဖော်နိုင်ခဲ့သည်။
ဤကဲ့သို့သော ကိစ္စမျိုးမှာ သူ ယခင်က အိပ်မက်ပင် မမက်ရဲခဲ့သော အရာပင်။
"လွန်ခဲ့တဲ့ နှစ်ပတ်ကစပြီး ကျွန်တော်တို့က အမြတ်ဘက်ကို စတင် ဦးတည်နေပါပြီ၊ အမြတ်ရရှိတဲ့ နှုန်းကလည်း လျင်မြန်စွာ တိုးတက်နေပါတယ်"
ဝမ်ကန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
သို့သော် ထန်ထျန်းမှာ ထိုသတင်းကို ကြားရသော်လည်း ထူးထူးခြားခြား တုံ့ပြန်ခြင်း မရှိပေ။
အမြတ်ရတာ ဘာဆန်းလဲ၊ အမြန်နှုန်း က အရမ်းနှေးလွန်းနေသလို သုံးစွဲမှုအမှတ်လည်း မရနိုင်ပေ။
ငွေသုံးခြင်းကသာ လမ်းမှန် ဖြစ်သည်။
"ရွှမ်ယွင်မျှော်စင် ဘက်ကရော ဘယ်လိုလဲ"
ထန်ထျန်းက မေးလိုက်၏။
ဝမ်ကန်းက ဖြေသည်။ "သူတို့မှာ နည်းလမ်း မရှိတော့ပါဘူး၊ ကျွန်တော်တို့ရဲ့ ထိုးတက်လာမှုကို သူတို့ မတားနိုင်တော့ဘူး"
"အစပိုင်းမှာ ကျွန်တော်တို့က သူတို့ဆီက ပစ္စည်းတွေကို နေ့တိုင်း အကုန်ဝယ်ပစ်လိုက်တာကြောင့် သူတို့ လဝက် လောက် ပိတ်ထားလိုက်ရတယ်"
"သခင်လေး... သခင်လေး ရဲ့ ဒီနည်းလမ်းက တကယ်ကို ပြင်းထန်ပါတယ်၊ လဝက် အတွင်းမှာတင် သူတို့ဆီက ဖောက်သည် အမြောက်အမြားကို ကျွန်တော်တို့ဘက် ရောက်လာအောင် လုပ်နိုင်ခဲ့တယ်"
"ရွှမ်ယွင်မျှော်စင် က အရွယ်အစား အရမ်းကြီးမားပြီး အတွင်းပိုင်းမှာ ရှုပ်ထွေးလွန်းတာကြောင့် ကျွန်တော်တို့ ဒီလို လုပ်မယ်ဆိုတာကို သူတို့ မမျှော်လင့်ထားခဲ့ဘူး၊ လဝက် ကြာပြီးမှသာ တုံ့ပြန်တဲ့ နည်းလမ်းတွေကို စလုပ်နိုင်ခဲ့ကြတာ"
"ဒါပေမဲ့ ကျွန်တော်ကလည်း နည်းလမ်းအသစ်တွေကို ထပ်ပြောင်းလိုက်တယ်..."
ဝမ်ကန်းက မနားတမ်း ပြောပြနေတော့သည်၊ စီးပွားရေးလောကအတွင်း တိုက်ပွဲမှာ ကျင့်ကြံသူများကြား တိုက်ပွဲထက် ပို၍ ရှုပ်ထွေးလှပေသည်။
အကြောင်းအမျိုးမျိုးကြောင့် ရွှမ်ယွင်မျှော်စင် ၏ တုံ့ပြန်မှုမှာ ဝမ်ကန်းထက် အမြဲတမ်း နောက်ကျနေခဲ့သည်။
ရလဒ်အနေဖြင့် ရွှမ်ယွင်မျှော်စင်က ဤလအနည်းငယ်အတွင်း လွန်ခဲ့သော နှစ်အနည်းငယ်စာ ဝင်ငွေမျိုးကို ရရှိခဲ့သော်လည်း တစ်ချိန်တည်းမှာပင် သူတို့၏ ဖောက်သည်များမှာ ကုန်သလောက် ဖြစ်သွားခဲ့သည်။ ကုန်ပစ္စည်း ပံ့ပိုးသူ အချို့မှာလည်း ထျန်းရှထုန် ဘက်သို့ ကူးပြောင်းလာကြပြီး သစ္စာရှိသော မိတ်ဖက်အချို့သာ ကျန်ရစ်တော့သည်။
ခြုံငုံပြောရလျှင် သူတို့မှာ အပေါ်ယံတွင် အမြတ်အစွန်းများစွာ ရလိုက်သော်လည်း အနာဂတ် တိုးတက်မှု နယ်ပယ်ကို စတေးလိုက်ရခြင်းပင်။
သို့သော် ရွှမ်ယွင်မျှော်စင် မှာ အင်အားကြီးမားလှသဖြင့် ဤမျှနှင့် ပြိုလဲသွားမည် မဟုတ်ဘဲ ကုန်သွယ်မှုလောက၏ အရှင်သခင်အဖြစ် ရှိနေဆဲ ဖြစ်သည်။
သို့သော် သူတို့မှာ ထျန်းရှထုန်အသင်း ၏ တိုးတက်မှုကို မတားဆီးနိုင်တော့ဘဲ နှစ်ဖက်စလုံးမှာ ယာယီ ငြိမ်းချမ်းရေး ကာလသို့ ရောက်ရှိသွားခဲ့သည်။
"အင်း... ဒီကိစ္စကို မင်း တကယ် ကောင်းကောင်း လုပ်နိုင်ခဲ့တယ်"
ထန်ထျန်းက ချီးကျူးလိုက်၏။
ဟုတ်ပေ သည်၊ လအနည်းငယ်အတွင်း ဘီလီယံ ရာ ချီ၍ သုံးစွဲလိုက်ခြင်းက ထန်ထျန်းအတွက် သုံးစွဲမှုအမှတ် အမြောက်အမြား သယ်ဆောင်လာပေးသဖြင့် သူက အလွန် ပျော်ရွှင်နေပေသည်။
သို့သော် ဝမ်ကန်းမှာ ထန်ထျန်း၏ အမှန်တရား ကို မသိရာ မျက်နှာပျက်သွားပြီး "ငွေကုန်တာ အရမ်းများလွန်းပါတယ်၊ နေ့တိုင်း သုံးစွဲနေရတဲ့ ဂဏန်းတွေကို ကြည့်ပြီး ကျွန်တော်တောင် ကြောက်မိတယ်"
"ဒါပေမဲ့ စိတ်ချပါ သခင်လေး၊ သခင်လေး ရဲ့ ငွေတွေကို အကုန်လုံး ပြန်ရအောင် ကျွန်တော် လုပ်ပေးပါ့မယ်"
ဝမ်ကန်းက ရင်ဘတ်ကို ပုတ်၍ အာမခံလိုက်၏။
ထန်ထျန်းက ပြုံးလျက် လက်ကို မြှောက်လိုက်သည်။
"မလောပါနဲ့ဦး၊ ဒီလို ကိစ္စမျိုးမှာ ငွေ အရင် မသုံးဘဲ ဘယ်မှာ ငွေ အများကြီး ပြန်ရမလဲ"
"ပြီးတော့ ငါ့မှာ အတွေးအသစ်တစ်ခု ရှိသေးတယ်"
"မဟုတ်ဘူး... ဒါက အမိန့်အသစ်ပဲ"
ဝမ်ကန်းက ကိုယ်ကို မတ်လိုက်ပြီး "သခင်လေး ပြောရုံသာ ပြောပါ၊ ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်"
ထန်ထျန်းက ပြုံးလျက် မေးလိုက်၏။ "ဒီလောက် အချိန်အတော်ကြာ လုပ်ကိုင်လာပြီးတော့ ဝမ်ပေါင်ရေကန် ရဲ့ အခြေအနေကို မင်း အကြမ်းဖျင်း သိလောက်ပြီ မဟုတ်လား"
ဝမ်ကန်းက ခေါင်းညိတ်ကာ "ဝမ်ပေါင်ရေကန် မှာ ကုန်သွယ်ရေးအသင်း နဲ့ လုပ်ငန်း စုစုပေါင်း ခြောက်ထောင် ခုနစ်ရာ သုံးဆယ့်နှစ်ခု ရှိပါတယ်"
"အဲဒါတွေကို အဆင့် (၅) ဆင့် ခွဲထားပါတယ်၊ အသေးစား၊ အလယ်အလတ်၊ အဆင့်မြင့် ၊ အင်အားကြီး အဆင့် နဲ့ ထိပ်တန်းအဆင့် အသင်းတွေ ဆိုပြီးတော့ပါ"
"အဲဒီထဲမှာ အသေးစားနဲ့ အလယ်အလတ် အသင်းတွေက အများဆုံးဖြစ်ပြီး ငါးထောင် သုံးရာကျော် ရှိပါတယ်"
"အဆင့်မြင့် အသင်း အရေအတွက်က ကိုးရာကျော် ရှိပြီး အင်အားကြီး အဆင့် ကတော့ နှစ်ရာကျော် ရှိပါတယ်"
"ရွှမ်ယွင်မျှော်စင်၊ ထိုက်ယိမဟာမိတ် နဲ့ မိုမိသားစု လိုမျိုး ထိပ်တန်းအဆင့် အသင်းတွေကတော့ စုစုပေါင်း ခြောက်ဆယ့်ခုနစ်ခု ရှိပါတယ်"
"အသင်း အားလုံးရဲ့ အချက်အလက်တွေကို ကျွန်တော် မှတ်သားထားပြီးပါပြီ၊ သခင်လေးက တစ်ခုခု ထပ်လုပ်ချင်လို့လား"
ထန်ထျန်းက အင်းဟု တစ်ချက်ဆိုကာ "အသင်းက အခြေကျသွားပြီဆိုတော့ ဆက်ပြီး ချဲ့ထွင်ဖို့ ပြင်ရမယ်"
"အသင်း ဘယ်နှစ်ခုကို ငါ တို့ တိုက်ရိုက် ဝယ်ယူနိုင်မလဲဆိုတာ မင်း တွက်ချက်ကြည့်ပါ၊ အကုန်လုံးကို ဝယ်မယ်ဆိုရင် တာအိုကျောက်စိမ်း စုစုပေါင်း ဘယ်လောက်လောက် လိုမလဲ"
ဝမ်ကန်း၏ မျက်လုံးများမှာ တဆတ်ဆတ် တုန်သွားခဲ့သည်။
သူ့သခင်မှာ ကြီးကျယ်သော ကိစ္စကြီးတစ်ခုကို ထပ် လုပ်တော့မည်ကို သူ သိလိုက်ပြီ ဖြစ်သည်။
သခင်လေး က ချဲ့ထွင်ဖို့ပဲ ကြည့်နေပြီး အမြတ်ရဖို့ တကယ်ပဲ မစဉ်းစားတော့ဘူးလား
ဝမ်ကန်း သင်ယူခဲ့သမျှ အရာအားလုံးက ဤသို့လုပ်ခြင်းမှာ လုံးဝ မှားယွင်းသော နည်းလမ်းဖြစ်ကြောင်း ပြောပြနေသည်။
သို့သော်လည်း အရူးအမူး ချဲ့ထွင်ရသည့် ခံစားချက်မှာ တကယ်ကို ကောင်းလှပေသည်
မည်သို့ပင်ဆိုစေ ထျန်းရှထုန်အသင်း တစ်ခုလုံး မှာ ထန်ထျန်း တစ်ဦးတည်း ပိုင်ဆိုင်ခြင်း ဖြစ်ရာ သူက အမိန့်ကိုသာ နာခံပြီး သူ၏ အရည်အချင်းကို ဖော်ထုတ်ကာ အလုပ်ကို ကောင်းကောင်း လုပ်ရန်သာ လိုအပ်သည်။
မကြာမီမှာပင် ဝမ်ကန်းက ရလဒ်ကို တွက်ချက်လိုက်သည်။
"ခန့်မှန်းခြေအားဖြင့် အသေးစားနဲ့ အလယ်အလတ် အသင်း အများစု၊ အဆင့်မြင့် အသင်း အချို့နဲ့ အင်အားကြီး အဆင့် အသင်း အနည်းငယ်ကို အောင်မြင်စွာ ဝယ်ယူနိုင်ပါလိမ့်မယ်"
"အသေးစားနဲ့ အလယ်အလတ် အသင်းတွေက ဈေးသက်သာပါတယ်၊ တစ်ဘီလီယံ ထဲနဲ့ တင် အကုန် ဝယ်နိုင်ပါတယ်"
"အဆင့်မြင့် အသင်းတွေ အတွက်ကတော့ ဆယ် ဘီလီယံ လောက် လိုပါလိမ့်မယ်"
"အင်အားကြီး အဆင့် အသင်းတွေကတော့ ပတ်သက်မှုတွေ အရမ်းများပါတယ်၊ အကုန်ဝယ်မယ်ဆိုရင် ဘီလီယံ တစ်ရာ ကနေ ထရီလီယံ တစ်ရာ အထိ ရှိနိုင်ပါတယ်"
"ဒါကြောင့် စုစုပေါင်း တွက်ချက်လိုက်ရင်တော့... ဟင်း..."
တွက်ချက်ရင်းနှင့် ဝမ်ကန်းက အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။
ထို့နောက် လည်ပင်းကို ကျုံ့ကာ တိုးတိုးလေး ပြောလိုက်သည်။"အကြမ်းဖျင်းအားဖြင့်... နှစ်ဆယ် ထရီလီယံ လောက် လိုပါလိမ့်မယ်..."
နှစ်ဆယ် ထရီလီယံ ဆိုသည်မှာ အခြားသော ပတ်သက်မှုများကို ဖယ်ထားလျှင်ပင် ရွှမ်ယွင်မျှော်စင် ကဲ့သို့သော အသင်းကြီး အမြောက်အမြားကို ဝယ်ယူနိုင်သော ပမာဏ ဖြစ်သည်။
ဤကဲ့သို့သော နက္ခတ်ဗေဒ ဂဏန်းမျိုးကို ကြည့်ရုံနှင့်ပင် စိတ်ထဲ၌ တုန်လှုပ်မိပေသည်။
ထန်ထျန်းသည်လည်း မျက်မှောင်ကြုတ်လိုက်မိ၏။
သို့သော် သူ၏ နောက်ထပ် ထွက်ပေါ်လာသော စကားလုံးက ဝမ်ကန်းကို ထိုနေရာမှာတင် လဲကျသွားမတတ် ဖြစ်စေခဲ့သည်။
"ဟာ"
"ဒီလောက်လေးပဲလား"