သခင်လေးအား မိသားစုခေါင်းဆောင်အသစ်အဖြစ် တင်မြှောက်ရန် မိသားစုခေါင်းဆောင်အား တောင်းဆိုခြင်း
Vol. 114 Ch. 1705
*ဟိုအင်မော်တယ် ဧကရာဇ်အဆင့် ငါးယောက်လုံး လုံးဝ ရိုကျိုးနေအောင် အဲ့ကောင်လေး ဘာများ လုပ်လိုက်ပါလိမ့်*
“ဒီပိုနေတာတွေက ဘယ်လိုဖြစ်တာလဲ”
အိုးရန်ကျန်းက အိမ်တော်ထိန်းများကို မေးလိုက်သည်။ ထိုအိမ်တော်ထိန်းများက အချင်းချင်း ပြန်ကြည့်လိုက် ပြီးနောက် မချိပြုံး ပြုံးလာကြသည်။ သူတို့ထဲမှ တစ်ယောက်က ထုတ်ပြောလာ၏။
“သခင်လေး ပြောတာကတော့ ဆယ်သန်းက ကြွေးကျန်ဖြစ်ပြီးတော့ ကျန်သန်းနှစ်ဆယ်က ကြွေးကျန် ပေးဖို့ ကျန်နေခဲ့လို့ အတိုးအနေနဲ့ ကောက်တာလို့ ပြောပါတယ်”
*အတိုး ဟုတ်လား*
*ဒါ အတိုးကြီးစားတာပဲ*
*တင်စီးလွန်းတယ်*
*သူတော်စင်သခင်အဆင့် တစ်ယောက်က ကျင်းဟွာလမ်းကို တစ်ယောက်တည်း သွားပြီး အင်မော်တယ် ဧကရာဇ်အဆင့်တွေကို စိန်ခေါ်ပြီး အတိုးပေးဖို့ ဖိအားပေးတယ်၊ ပြီးတော့ ပိုထူးဆန်းတာက သူတို့က တကယ်ကြီး ပေးလိုက်တယ်ပေါ့လေ*
ဤသည်က သူ့ဘဝတစ်လျှောက်လုံး မြင်ဖူးသမျှထဲ၌ ထိတ်လန့်စရာ အကောင်းဆုံး ဖြစ်သည်ဟု အိုးရန်ကျန်း ခံစားမိလာသည်။
သူ့မြေးက အမြဲတမ်း အံ့ဩစရာများ ယူဆောင်လာပေးသည်။ မဟုတ်သေး ထိတ်လန့်စရာများဟု ပြောမှ ပိုမှန်လောက်သည်။
သို့သော် အိုးရန်ကျန်းသည် တစ်စုံတစ်ရာကို တွေးမိသွားပြီး အိုးရန်ဟွာနှင့် အခြားသူများကို မေးလိုက်သည်။
“ကျင်းဟွာလမ်းမှာ လူဘယ်နှစ်ယောက် သေသွားလဲ”
သူ့စိတ်ထဲတွင် ယဲ့ဖန်က ထိုလူများ အညံ့ခံလာအောင် အားသုံး၍ ဖိနှိပ်ခဲ့လောက်သည်ဟု ထင်နေ၏။
သို့သော် အိုးရန်ဟွာက မှင်သေသေဖြင့် ပြန်ပြောသည်။
“တစ်ယောက်မှ မသေပါဘူး”
“မဖြစ်နိုင်ဘူး၊ ဘယ်လိုလုပ် တစ်ယောက်မှ မသေဘဲ ရှိမှာလဲ၊ သူ့ကို ကာကွယ်ပေးမနေနဲ့၊ မြန်မြန်ပြော လူဘယ်နှစ်ယောက် သေသွားလဲ”
အိုးရန်ကျန်း မေးခွန်းထပ်ထုတ်သည်။ အိုးရန်ဟွာ လိမ်ပြောနေသည်ဟု သူ ထင်နေလေသည်။
*ယဲ့ဖန် တစ်ယောက်တည်းက ဒါတွေကို လုပ်နိုင်တာလား၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*လူတွေကို ချိုချိုသာသာ နားချတယ်ပေါ့လေ*
*ဟာသပဲ*
“တစ်ယောက်မှ မသေတာ အမှန်ပါပဲ၊ ခင်ဗျား မယုံရင် သူတို့ကို မေးကြည့်လို့ရတယ်”
အိုးရန်ဟွာ အင်တင်တင် ပြုံးလိုက်မိသည်။ အစောပိုင်းက သူလည်း အိုးရန်ကျန်းကဲ့သို့ ဖြစ်ခဲ့သည်ပင်။ သူသည်လည်း သူ့လူများကို အကြိမ်ပေါင်းများစွာ မေးခဲ့သေးသည်။
အိုးရန်ကျန်း အိမ်တော်ထိန်းများကို လှည့်ကြည့်လိုက်သော် သူတို့ ခေါင်းညိတ်ပြသည်ကိုသာ တွေ့လိုက်ရသည်။
“ဘယ်သူမှ မသေတာ အမှန်ပါပဲဗျာ၊ သခင်လေးက မိသားစုခေါင်းဆောင်တွေကို အေးအေးဆေးဆေး စကားပြောပြီး ဆက်သဖို့ ပြောခဲ့တာပါ”
မှင်တက်သွားလေသည်။ အိုးရန်ကျန်း ထပ်မံ၍ အံ့ဩသွားရသည်။ သူ့ဦးနှောက်က လုံးဝ အလုပ်မလုပ်တော့သလို ဖြစ်နေ၏။
*ကြောက်စရာပဲ*
*ငါ့မြေးက လုံးဝကို ကြောက်ဖို့ကောင်းလွန်းတယ်*
ထိုအခိုက်တွင် အိုးရန်ကျန်း ကိုယ်တိုင်တောင်မှ ကြောက်လန့်နေ၏။ သူတော်စင်သခင်အဆင့်လေးမှာတောင်မှ ဤသို့သော အစွမ်းအစ ရှိနေသည် မဟုတ်ပါလော။ အကယ်၍ သူ့သိုင်းအဆင့်သို့ ယဲ့ဖန် ရောက်လာပါက မြေရိုင်းနယ်မြေတစ်ခွင်၌ သူ လိုချင်တာ ဘာမဆို ရနေလောက်နေမလား။
အိုးရန်မျိုးနွယ် ကောင်းကင်ဘုံကိုးလွှာသို့ ရောက်နိုင်ရန် သိပ်မလိုတော့ချေ။
အိုးရန်ကျန်းသည် စိတ်လှုပ်ရှားမှုကြောင့် အအေးမိသကဲ့သို့ ခိုက်ခိုက်တုန်နေ၏။ သူ ဝမ်းသာနေသည်။
သူသည်သာမက မျိုးနွယ်ဝင်များအားလုံးသည်လည်း လေးစားစိတ်တို့ ဖြစ်ပေါ်နေပြီး သူ့အား စိတ်အား ထက်သန်စွာ ကြည့်နေကြသည်။ သူတို့ မျက်လုံးတွင်းမှ စိတ်အားထက်သန်မှုကို ဖုံးဖိရ ခက်လှသည်။
နတ်ဘုရား၊ သူတို့၏ သခင်လေးသည် နတ်ဘုရားပင်။
အံ့ဩစရာ ကောင်းလှပေသည်။ တစ်ချိန်က အိုးရန်ချင်ရွှယ် ယူဆောင်လာခဲ့သော အံ့ဩမှုထက် ပို၍ ကြီးမား သေးသည်။
ဤသို့သော သခင်လေးသာ ရှိလျင် တစ်လောကလုံးကို တိုက်ခိုက်နိုင်ပေသည်။
“ဒုန်း ဒုန်း”
မျိုးနွယ်ဝင်များအားလုံး အိုးရန်ကျန်းရှေ့၌ ချက်ချင်း ဒူးထောက်လာပြီး သံပြိုင် ဟစ်ကြွေးကြသည်။
“မိသားစုခေါင်းဆောင် ကျေးဇူးပြုပြီး သခင်လေးကို မိသားစုခေါင်းဆောင်အသစ်အဖြစ် တင်မြှောက်ပေးပါ”
“မိသားစုခေါင်းဆောင် ကျေးဇူးပြုပြီး သခင်လေးကို မိသားစုခေါင်းဆောင်အသစ်အဖြစ် တင်မြှောက်ပေးပါ”
“မိသားစုခေါင်းဆောင် ကျေးဇူးပြုပြီး သခင်လေးကို မိသားစုခေါင်းဆောင်အသစ်အဖြစ် တင်မြှောက်ပေးပါ”
အိုးရန်မိသားစု၌ မျှော်လင့်ချက်ရောင်ခြည် ရှိလာစေရန်အလို့ငှာ ယဲ့ဖန် ဦးဆောင်မှကို ဖြစ်မည်။ သူတို့အားလုံး မြင်တွေ့ပြီးခဲ့လေပြီ။ ယခု သူတို့ ယဲ့ဖန်တစ်ဦးတည်းသာလျင် ယုံကြည်ကြသည်။
အိုးရန်ကျန်း သက်ပြင်းချလိုက်ပြီး အိုးရန်ဟွာဘက်လှည့်၍ ပြောလိုက်သည်။
“ယဲ့ဖန် ပြန်လာတဲ့အခါကျရင် သူ့ကို နောက်တက်မယ့် မိသားစုခေါင်းဆောင်အဖြစ် တင်မြှောက်လိုက်ပါ”
လူတိုင်း အိမ်ပြန်လာပြီး အားလုံး လိုချင်သလို ဖြစ်ရန်သာ သူ မျှော်လင့်မိသည်။
အိုးရန်ကျန်း၏ မျက်နှာတွင် ပင်ပန်းနွမ်းနယ်မှုများနှင့် ပြည့်နှက်နေသည်။ အချိန်အတော်ကြာအောင် တောင့်ခံ ထားပြီးနောက် သူ အားလုံးကို လွှတ်ချနိုင်ပေတော့မည်။
သူ အမြဲတမ်း ရာထူးမှဆင်း၍ မိသားစုခေါင်းဆောင်နေရာကို သူ့ကလေးများထံ လွှဲပေးချင်ခဲ့သည်။ သို့သော် အိုးရန်ချင်ရွှယ် တစ်ဦးတည်းသာလျင် ထိုနေရာနှင့် ထိုက်တန်သည်ဟု သူ မြင်မိသည်။
အိုးရန်ရှန့်ဖုန်းနှင့် အိုးရန်ယုတို့ နှစ်ဦးလုံးက အသုံးမကျသော အမှိုက်ကောင်များသာ ဖြစ်ပြီး သူတို့ထံ ရာထူး လွှဲပြောင်းပေးရမည့်အပေါ် စိုးရိမ်နေခဲ့ရသည်။
ယဲ့ဖန်သည် အိုးရန်မျိုးနွယ်သို့ ရောက်လာသည်မှာ တစ်လပင် မပြည့်သေးသော်လည်း ဤမျှ ကြီးမားသော အံ့ဩမှုမျိုး ယူဆောင်လာပေးခဲ့သဖြင့် အိုးရန်မျိုးနွယ်က သူ့ဦးဆောင်မှုအောက်၌ ဂုဏ်ကျက်သရေ ရရှိနိုင်စွမ်း ရှိလိမ့်မည်ဟု သူ ယုံကြည်သည်။
အိုးရန်ချင်ရွှယ်၌ ရှိသော အရာများက ယဲ့ဖန်တွင် ရှိပြီး အိုးရန်ချင်ရွှယ်၌ မရှိသော အရာများလည်း ယဲ့ဖန်၌ ရှိနေသည်။
သူတို့ အိုးရန်မျိုးနွယ်၌ ဤသို့သော သားမျိုး ပေးလာခြင်းက ကံကောင်းခြင်းသာ။
…
ထိုသို့သောအချိန်၌ လီမိသားစုအတွင်း၌။
“အဘိုး နတ်ဘုရားမျိုးနွယ်ဆီကို သွားရအောင်၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က သေရမှာပဲလေ၊ အခြားနေရာ ရှာလိုက်တာ ပိုကောင်းတယ်၊ ကျွန်တော် ဒီမှာ မနေနိုင်ဘူး၊ သွားမယ်”
လီချန်ကျစ်က အသံမာမာ ပြောလာသည်။ သူ့ကျင့်ကြံခြင်းကို ယဲ့ဖန် ဖျက်ဆီးလိုက်သဖြင့် သူသည် မသန်စွမ်းသူ တစ်ယောက် ဖြစ်လာခဲ့ရသည်။ ယဲ့ဖန် မသေပါက သူ စိတ်အေးနိုင်မည် မဟုတ်ပါ။
နတ်ဘုရားမျိုးနွယ်နှင့် ပူးပေါင်းပြီး အိုးရန်မျိုးနွယ်အား အတူတူ တိုက်ခိုက်မည်။ ထိုသို့ဆိုလျင် သူ့တွင် ယဲ့ဖန်ကို သတ်နိုင်မည့် အခွင့်အရေး ရလာလောက်သည်။
အဘိုးအိုလီက သူ့ကို လျစ်လျူရှုထားပြီး လီစစ်ယွီကိုသာ ကြည့်နေသည်။
“မင်းရော ဘယ်လိုထင်လဲ”
လီစစ်ယွီ ဘာမှမပြောချေ။ သူမမျက်နှာ၌ တုံ့ဆိုင်းမှုတို့နှင့် ပြည့်နှက်နေ၏။
အစက သူမသည်လည်း နတ်ဘုရားမျိုးနွယ်နှင့် ပူးပေါင်းခြင်းက ကောင်းမွန်သော အကြံဟု ထင်ခဲ့မိသည်။ သို့သော် ယဲ့ဖန်၏ အေးစက်၍ ကြောက်စရာကောင်းသော အကြည့်ကို မြင်ပြီးနောက် သူမ ချီတုံချတုံ ဖြစ်လာရသည်။
သူမ စိတ်မသက်မသာ ဖြစ်လာသည်။ အကယ်၍ သူမတို့သာ အိုးရန်မျိုးနွယ်ကို သစ္စာဖောက်ပြီး နတ်ဘုရား မျိုးနွယ်ထံ ခိုလှုံလိုက်လျင် သူတို့ မိသားစုသည် အိုးရန်မျိုးနွယ်၏ ဒေါသမုန်တိုင်းကို ရင်ဆိုင်နိုင်ပါမည်လား။
ထိုလူ၏ လက်စားချေမှုကို သူတို့ ခံနိုင်ရည် ရှိပါ့မလား။
ထိုလူသည် သူတော်စင်သခင်အဆင့်သာ ဖြစ်သော်လည်း သူ ထုတ်ဖော်ပြသသော လူသတ်ချင်သည့် အငွေ့အသက်က သူတော်စင်သခင်အဆင့်တစ်ယောက်၌ ရှိသင့်သော အငွေ့အသက်နှင့် မတူချေ။
ထိုမျက်လုံးတွင်းမှ သတ်တော့ဖြတ်တော့မည့်အကြည့်က မွေးကတည်းက ကြည့်တတ်သည့် အကြည့်လိုပင်။ ထို့အပြင် ကျင့်ကြံခြင်းကလည်း တစ်နေ့ထက်တစ်နေ့ တိုးတက်လာနေ၏။ သူ့ကို တစ်ချက်ကြည့်လိုက်ရုံနှင့် ကျင်ငယ်ရည် ထွက်ကျလုမတတ် ကြောက်သွားလောက်သည်။
လီစစ်ယွီ ပုန်ကန်ချင်ပါသော်လည်း မဝံ့ရဲပါ။ ထိုလူ၏ နောက်ဆုံးသော ခြိမ်းခြောက်မှုက သူမအတွေးထဲ၌ ပြတ်ပြတ်သားသား မြင်ယောင်နေဆဲပင်။ ကြောက်စရာကောင်းလှပြီး စိတ်မသက်သာစရာ ကောင်းလှသည်။
“ခင်ဗျား ဘာတွေပြောနေတာလဲ၊ အဲ့ကောင်ကို ကြောက်နေတာလား၊ အဘိုးကြီး အိုးရန်ကျန်းသာ သူ့ကို ကာမပေးထားရင် သူက ဘာမှမဟုတ်ဘူး၊ သုံးစားမရတဲ့ကောင်ပဲ”
လီချန်ကျစ်က မြေးအဘိုးနှစ်ယောက်ကို မကျေမနပ် ဖြစ်နေသည်။
*ဟမ့် အမှိုက်ကောင်လေးကို ခင်ဗျားတို့က ဘာလို့ သတိထားနေတာလဲ*
“သတင်းပို့ပါတယ်”
ထိုသို့သောအချိန်၌ အစေခံ လူငယ်လေးတစ်ယောက် ပြေးလာပြီး သတင်းပို့လာ၏။
“ယဲ့ဖန် ကျင်းဟွာလမ်းကို ခရီးထွက်သွားပါတယ်”
အဘိုးအိုလီ ချက်ချင်း ခါးမတ်သွားပြီး အသည်းအသန် မေးလိုက်သည်။
“လူဘယ်နှစ်ယောက် ခေါ်သွားလဲ”
“သိပ်မများပါဘူး၊ အားလုံးပေါင်းမှ အယောက်နှစ်ဆယ်ပဲ ရှိပါတယ်”
“ဟားဟားဟား လူအယောက် နှစ်ဆယ်လေးနဲ ကျင်းဟွာလမ်းကိုသွားပြီး ပိုက်ဆံ သွားတောင်းတယ်ပေါ့လေ၊ အဲ့မြေခွေးအိုကြီး ငါးယောက်က လွယ်တယ်လို့များ သူ ထင်နေတာလား၊ သူ စိတ်ဓာတ်ကျပြီး ပြန်လာဖို့ သိပ်မကြာဘူး ထင်တယ်”
လီချန်ကျစ်က အထင်သေးသော မျက်နှာထားနှင့် ပြောသည်။
အဘိုးအိုလီ တစ်ကိုယ်တည်း ရေရွတ်နေမိသည်။
“ငါ အထင်မှားခဲ့တာလား”
လူအယောက်နှစ်ဆယ်တည်းနှင့် သူက ကျင်းဟွာလမ်းကို သွား၍ အကြွေးသွားတောင်းသည်က ဦးနှောက်၌ ပြဿနာ ရှိနေသည်ဟု ဆိုရပေမည်။
*အဲ့ကောင်လေးက မောက်မာလွန်းသလို မဆင်မခြင် လုပ်လွန်းတာပဲ*
လက်ရှိတွင် အဘိုးအိုလီသည် ထိုကောင်လေး၏ ဖြီးလုံးဖြန်းလုံးထဲ၌ သူ မျောမိသွားသလားဟု တွေးမိနေသည်။ ထိုကောင်လေးက တကယ်တမ်း၌ ဘာမှမဟုတ်သည့် သာမန်လူများလေလား။ ထိုသို့မဟုတ်ပါက ဤသို့ ရူးမိုက်သော ကိစ္စကို အဘယ်ကြောင့် ပြုလုပ်ရသနည်း။
ထိုမြေခွေးအိုကြီး ငါးယောက်သည် တစ်ချိန်လုံး နတ်ဘုရားမျိုးနွယ်နှင့် အဆက်အသွယ် ပြုလုပ်နေခဲ့ပြီး ယဲ့ဖန်၏ အဘိုးဖြစ်သူ အိုးရန်ကျန်းကိုပင် မျက်နှာသာ မပေးချေ။ အကယ်၍ ယဲ့ဖန်က သူ့အဘိုး၏ နောက်ခံကို အသုံးချ၍ ကျင်းဟွာလမ်းကို သွားခဲ့ခြင်း ဖြစ်ပါက တုံးအလွန်းပေသည်။
“ခင်ဗျား အထင်မှားခဲ့တာပဲ၊ ကျွန်တော် ပြောမယ်၊ အဘိုး အဲ့ကောင်က ဘာမှထူးခြားနေတဲ့ကောင် မဟုတ်ဘူး၊ ကျွန်တော် ပြောတာကို ယုံပါ၊ အဲ့နေ့က သူ့နယ်မြေမှာသာ မဟုတ်ဘူးဆိုရင် အဲ့ကောင် အဲ့လောက် မောက်မာရဲမှာ မဟုတ်ဘူး”
လီချန်ကျစ်က သရော်လေသည်။ တကယ်တမ်း၌ သူသည် ယဲ့ဖန်ကို ရှုံးသွားသည့်အပေါ် တနုံ့နုံ့ စဉ်းစားမိ နေဆဲပင်။
သို့သော် ယဲ့ဖန်ကို သူ မယှဉ်နိုင်ဟု တစ်ခါမှ မခံစားမိဖူးပါ။ သို့သော် သူက ကံဆိုးခဲ့ရုံသာဖြစ်ပြီး သူ့၌ ထောက်ပံ့ပေးမည့် အိုးရန်မျိုးနွယ်ကဲ့သို့သော မိသားစုကြီးမရှိခဲ့ရုံမျှသာဟု သတ်မှတ်ထားခဲ့သည်။
“ဒါပေမဲ့ သူ တကယ် ဆက်ကြေးတွေကို ပြန်ယူလာနိုင်ခဲ့ပါတယ်”
အစေခံ လူငယ်လေးက အသံ ခပ်တိုးတိုးဖြင့် ပြောလာသည်။
*ဘာ*
ရုတ်ချည်းဆိုသလိုပင် သုံးယောက်လုံး အံ့ဩသွားပြီး အလန့်တကြား အမူအရာများ ဖြစ်သွားကြသည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*လူအယောက်နှစ်ဆယ်ပဲ ပါသွားတာလေ၊ မြေခွေးအိုကြီး ငါးယောက်လုံးက သူတို့ကို တစ်ခါတည်း မျိုချလိုက် လို့တောင် ရတယ်၊ ဘယ်လိုလုပ် သူတို့က ဒီလောက် နာခံသွားရတာလဲ*
*ဒါ လုံးဝ မဖြစ်နိုင်ဘူး*
အဘိုးအိုလီက အလျင်အမြန် မေးလိုက်သည်။
“သူ ဘယ်နှစ်ယောက်ဆီက ပြန်သယ်လာခဲ့တာလဲ”
သူ စိုးရိမ်နေသည်။ ကြောက်ရွံ့နေ၏။ သို့သော် အစေခံလေးက အမှန်အတိုင်း ပြန်ဖြေလာသောအခါ ပို၍ ထိတ်လန့် သွားရသည်။
“လျန့်ဝမ်ကျန်းကလွဲရင် အားလုံးဆီက ရလာပါတယ်”
*အားလုံးဆီကလား*
အဘိုးအိုလီ ပင့်သက်ရှိုက်သွားပြီး မျက်လုံးပြူးကာ မယုံနိုင် ဖြစ်သွားလေသည်။
သူတို့ လီမိသားစုနှင့် အင်အားချင်း ညီမျှသော မိသားစုကြီး ငါးခုလုံးက ယဲ့ဖန်ထံ၌ အားလုံး အညံ့ခံသွားသည်တဲ့လား။
*သူ ဒါကို ဘယ်လိုလုပ်လိုက်တာလဲ*
*ဒါ လုံးဝ မဖြစ်နိုင်ဘူးလေ*
အဘိုးအိုလီ ကြောက်လန့်လွန်းပြီး ခုံပေါ်မှ ပြုတ်ကျသွားသည်။ ထိုမြေခွေးအိုကြီး ငါးယောက်၏ အကျင့်ကို သူ သိပါသည်။ သူတို့သည် ယုန်ကိုမြင်လျင် မသုတ်ရ မနေနိုင်သော စွန်ရဲများပင်။
သူတို့သည် ဘာမှမလုပ်နိုင်သည်အထိ ဖိအားပေးခံရခြင်းမျိုး မဟုတ်လျင် ဘယ်သောအခါမှ လက်လျှော့မည် မဟုတ်ပါ။ တစ်နည်းအားဖြင့် ဆိုရလျင် ထိုလူငယ်လေးက သူတို့ကို အဆုံးစွန်အထိ နင်းချေခဲ့လေသလား။
“အဘိုး”
လီစစ်ယွီက အဘိုးအိုလီကို အလျင်အမြန် ဆွဲထူလေသည်။ လက်ရှိအချိန်တွင် သူမမျက်နှာ၌ သွေးပျက်ဟန် ပေါ်လွင်နေသည်။
*သေချာနေခဲ့တာပဲ၊ အဲ့လူက သွားရှုပ်လို့ လွယ်တဲ့လူူ မဟုတ်ဘူး၊ သူ ပြောခဲ့တဲ့ စကားတွေက အတည်တွေ ပါလား*
*မကောင်းဆိုးဝါး*
*သူက မကောင်းဆိုးဝါးတစ်ကောင်ပဲ*
“မဖြစ်နိုင်ဘူး၊၊ သူ့အနားမှာ သန်မာတဲ့လူတွေ ပါကိုပါရမယ်၊ သူ အဲ့လူတွေကို အင်အားနဲ့ ဖိနှိပ်ခဲ့တာပဲ ဖြစ်မယ်၊ မဟုတ်ရင် အဲ့အဘိုးကြီး ငါးယောက် အညံ့ဖို့ မဖြစ်နိုင်ဘူး၊ အိုးရန်ကျန်းက သူ့ကို နောက်ကွယ်ကနေ ပံ့ပိုးနေတာပဲ ဖြစ်လိမ့်မယ်”
လီချန်ကျစ် ဒေါသတကြီး အော်ဟစ်လာပြီး ဤအဖြစ်ကို လက်မခံနိုင် ဖြစ်နေ၏။
“သခင်လေး အထင်မှားနေပါပြီ၊ အဲ့ယဲ့ဖန်က မိသားစုခေါင်းဆောင် ငါးယောက်ကို သွေးမြေမကျစေဘဲ အညံ့ခံစေခဲ့တာပဲ၊ သူက ရရမယ့် စိတ်ဝိညာဉ် သလင်းကျောက်တွေကိုပါ ပြန်ရလာတဲ့အပြင် သူတို့ကို ပြင်းပြင်းထန်ထန် ခြိမ်းခြောက်ခဲ့ပါသေးတယ်၊ အခုထိ မိသားစုခေါင်းဆောင် ငါးယောက်ထဲက ဘယ်သူမှ ပြန်မပြောရဲပါဘူး”
*မိသားစုခေါင်းဆောင် ငါးယောက်ကို သွေးမစွန်းဘဲ အနိုင်ယူခဲ့တယ် ဟုတ်လား*
ချက်ချင်းဆိုသလိုပင် လီချန်ကျစ်တို့ သုံးယောက်လုံး အတွေးထဲ ဗလာဖြစ်သွားကြပြီး မျက်နှာတွင် သွေးပျက်ဟန်တို့နှင့် ပြည့်နှက်လာ၏။
“ဝေါ့”
ထိုစဉ် အဘိုးအိုလီသည် စိတ်လှုပ်ရှားလွန်း၍ သွေးအန်လာပြီး ကြမ်းပြင်ပေါ် လဲကျသွားသည်။
“အဘိုး”
လီစစ်ယွီ အော်ဟစ်လာပြီး ကြောက်ရွံ့သော မျက်နှာထားမျိုး ဖြစ်လာသည်။ သူမအဘိုး ဤသို့ဖြစ်သည်ကို ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
“ဟားဟားဟား ငါ့လီမိသားစု သေရတော့မယ်၊ ငါတို့ ကောင်းကင်ဘုံကို တက်လှမ်းနိုင်မယ့် အခွင့်အရေးကြီးနဲ့ လွဲသွားပြီ၊ ဘာမှမရှိတော့ဘူး၊ ဘာမှမကျန်တော့ဘူး”
အဘိုးအိုလီ ဝမ်းပန်းတနည်း ညည်းညူနေကာ ခေါင်းကိုမော့၍ အော်ဟစ်နေပုံက အရူးတစ်ယောက်နှင့် တူနေ၏။
သူ ဘာကို ဆုံးရှုံးလိုက်ရသလဲ သူ အတိအကျ သိပါသည်။
အင်မော်တယ် ဧကရာဇ်အဆင့် ငါးယောက်ကို ငါ အင်အားမှ မသုံးဘဲ ဖိနှိပ်နိုင်ခဲ့သူ၊ သူ့ဉာဏ်ပညာနှင့် နည်းလမ်းတို့ကပင် ကြောက်စရာ ကောင်းနေလေပြီ။
ထိုလူအိုကြီး ငါးယောက်အား အရှက်ခွဲပြီး နတ်ဘုရားမျိုးနွယ်အား အာခံလျင် ဖြစ်လာမည့် အကျိုးဆက်ကို သိသော်လည်း အညံ့ခံလာအောင် ပြုလုပ်နိုင်ကတည်းက ထိုလူငယ်လေး မည်မျှ ကြောက်စရာ ကောင်းနေသလဲ တွေးကြည့်၍ ရနိုင်ပေသည်။
အိုးရန်ကျန်းက အဘယ်ကြောင့် အိုးရန်မိသားစုကို ထိုလူငယ်ထံ လွှဲပေးချင်နေသလဲဆိုတာကို သူ ယခုမှ နားလည်သွားရသည်။
အဘယ်ကြောင့် အိုးရန်ဟွာက သူ့ကို သခင်အဖြစ် အသိအမှတ် ပြုသနည်း။ သူ’ တစ်မူထူးခြားမှုများကို သူတို့လို သာမန်လူများက ဘယ်လိုလုပ် သိနိုင်မည်နည်း။
“သွားစမ်း”
အဘိုးအိုလီက လီစစ်ယွီကို တွန်းထုတ်ပြီး သူမနှင့် လီချန်ကျစ်ကို လက်ညှိုးထိုးလေသည်။
“ဒါတွေအားလုံးက မင်းတို့ကြောင့်ပဲ၊ မင်းတို့ မြေးနှစ်ယောက်ကြောင့် ဖြစ်တာ၊ မင်းတို့သာ သူ့ကို အဲ့လို မစော်ကားခဲ့ဘူးဆိုရင် ငါ့လီမိသားစုက ဒီလိုမျိုး အဆုံးသတ်မှာ မဟုတ်ဘူး”
“အခု မင်းတို့ ကျေနပ်ပြီလား၊ မင်းတို့ ပျော်ပြီလား၊ ငါတို့ လီမိသားစုက အခွင့်အရေးကြီးတစ်ခုကို လွတ်သွား တာကွ”
အဘိုးအိုလီက သူ့ရင်ဘတ် သူထု၍ ခြေဆောင့်နေကာ မျက်ရည်များ စီးကျနေ၏။ သူ၏ ဝမ်းနည်းစွာ ပြောဆိုသော အသံက ပတ်ဝန်းကျင်အနှံ့ ပဲ့တင်ထပ်နေပြီး သားရဲတစ်ကောင်၏ ငိုကြွေးသံဟုပင် ထင်မှတ် ရသည်။