နတ်ဘုရားနယ်မြေ နတ်သားရဲ
Vol. 77 Ch. 1053
နတ်ဘုရားတိုက်ပွဲကွင်းပြင် ကောင်းကင်ယံရှိ ဧရာမ အက်ကြောင်းကြီးအတွင်းမှ ထွက်ပေါ်လာသော အရှိန်အဝါများကြောင့် လူအများစုမှာ လှုပ်ပင်မလှုပ်ရှားနိုင်တော့ချေ။ အကြီးအကဲ ငါးဦးစလုံးမှာလည်း ထိတ်လန့်တကြား ထရပ်လိုက်ကြပြီး ထိုအက်ကြောင်းကြီးဆီမှ ထွက်ပေါ်လာသော အန္တရာယ်ရှိသော အငွေ့အသက်များကြောင့် ဦးရေပြားများပင် ထုံကျဉ်သွားခဲ့ရသည်။
သူတို့အားလုံးမှာ နတ်ဘုရားအရှင် ကျင့်ကြံခြင်းအဆင့်ရှိသူများ ဖြစ်ကြသော်လည်း သူတို့ကိုပင် ခြိမ်းခြောက်နိုင်သော ထိုစွမ်းအားမှာ အက်ကြောင်းအတွင်းရှိ အရာသည် အလွန်ပင် အန္တရာယ်ရှိကြောင်း ထင်ရှားလှသည်။
“ဒါ ဘာအခြေအနေလဲ... ဘယ်လိုမျိုး အစွမ်းထက်တဲ့သူ ထွက်လာတော့မှာလဲ...”
အကြီးအကဲ ကောက်ဟွမ်မှာ မျက်မှောင်ကြုတ်သွားပြီး ငါးဦးစလုံးသည် လက်နက်များကို အသီးသီး ထုတ်ယူကာ တိုက်ပွဲအတွက် ပြင်ဆင်လိုက်ကြသည်။ ရုတ်တရက် အစွမ်းထက်သူတစ်ဦး ရောက်ရှိလာခြင်းမှာ ကောင်းသော ရည်ရွယ်ချက် ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။
မြေကမ္ဘာအရှင်ထျန်ချင်းမှာမူ တဖြည်းဖြည်း ပွင့်အာလာသော ဟင်းလင်းပြင်ကို မော့ကြည့်ရင်း ပါးစပ်ဘေးရှိ သွေးစများကို လက်ဖြင့် သုတ်လိုက်သည်။ ထို့နောက် သူသည် ယီထျန်းယွမ်ဘက်သို့ လှည့်ကာ ဆိုလိုက်သည်။
“စတင်နေပြီ... ခရီးစဉ်အသစ်က စတင်တော့မှာပဲ... မင်း ရွေးချယ်ခံလိုက်ရတဲ့အတွက် ဂုဏ်ယူပါတယ်...”
“ဘာ...”
ယီထျန်းယွမ်မှာ မျက်မှောင်ကြုတ်သွားပြီး သံသယဖြင့် မေးလိုက်သည်။
“ဒီလို ဖြစ်လာမယ်ဆိုတာကို မင်း သိနေတာလား...”
မြေကမ္ဘာအရှင်ထျန်ချင်းမှာ ဤကိစ္စကို ကြိုတင် သိရှိထားသည်မှာ သေချာလှသည်။ သို့မဟုတ်ပါက သူ ဤသို့ ပြောလိမ့်မည် မဟုတ်ချေ။ မြေကမ္ဘာအရှင်ထျန်ချင်း ပထမနေရာရရန် အစွမ်းကုန် ကြိုးစားခဲ့ခြင်းမှာလည်း ဤကိစ္စနှင့် သက်ဆိုင်နိုင်ပေသည်။
“ငါ သိတာပေါ့... ခဏနေရင် ဘာဖြစ်မလဲဆိုတာ မင်း သိလာပါလိမ့်မယ်...”
မြေကမ္ဘာအရှင်ထျန်ချင်းက ခေါင်းခါယမ်းလိုက်ပြီး သူ့အား မကျေမနပ် ကြည့်ကာ ဆိုလိုက်သည်။
“အရမ်းကြီး ဝမ်းမသာနေနဲ့ဦး... နောက်ကျရင် ငါ မင်းနဲ့ အနိုင်အရှုံး ပြန်ပြီး ယှဉ်ပြိုင်ဦးမှာပါ...”
“ဟေ့... ရှင်းရှင်းလင်းလင်း ပြောစမ်းပါဦး...”
ယီထျန်းယွမ်က ဆိုလိုက်သည်။
“ထွက်လာပြီ...”
မြေကမ္ဘာအရှင်ထျန်ချင်းက ကောင်းကင်ယံကို ကြည့်ကာ ဆိုလိုက်သည်။
နောက်တစ်ခဏ၌ ဗြီးခနဲ အသံနှင့်အတူ ဟင်းလင်းပြင်မှာ ပိုမိုကျယ်ပြန့်စွာ ပွင့်အာသွားပြီး ဧရာမ ခေါင်းကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ လူခေါင်း သို့မဟုတ် နဂါးခေါင်း မဟုတ်ဘဲ ထူးဆန်းသော မိစ္ဆာသားရဲ တစ်ကောင်၏ ဦးခေါင်းနှင့် တူနေသည်။ ထိုဧရာမ ဦးခေါင်းကြီးမှာ နတ်ဘုရားတိုက်ပွဲကွင်းပြင် တစ်ခုလုံးထက်ပင် ကြီးမားနေပြီး ပါးစပ်ကို ဖွင့်လိုက်ရုံဖြင့် လူအားလုံးကို ဝါးမြိုနိုင်မည့်အလား ရှိနေသည်။
- နတ်ဘုရားနယ်မြေ နတ်သားရဲ - နတ်ဘုရားအရှင် အထွက်အထိပ်အဆင့် ကျင့်ကြံခြင်းရှိပြီး ဟင်းလင်းပြင်ကို ဖြဲထုတ်နိုင်သော ထိတ်လန့်ဖွယ် စွမ်းရည် ရှိသည်။ နတ်ဘုရားနယ်မြေ အသီးသီးကြားတွင် လွတ်လပ်စွာ သွားလာနိုင်ပြီး အရှိန်အဟုန်မှာ ဝိညာဉ်လှေများထက် များစွာ သာလွန်လှသည်။ မျက်စိတစ်မှိတ်အတွင်း နတ်ဘုရားနယ်မြေ တစ်ခုမှ အခြား တစ်ခုသို့ ကူးသန်းနိုင်သည်။ ၎င်း၏ ဧရာမ ပါးစပ်ကြီးဖြင့် အရာရာကို ဝါးမြိုနိုင်ပြီး သတ်မှတ်ထားသော နေရာများသို့ လမ်းညွှန် ခေါ်ဆောင်သွားနိုင်သည်။ သူသည် အလွန် ပြင်းထန်သော စွမ်းအားနှင့် ခုခံနိုင်စွမ်းကို ပိုင်ဆိုင်ထားပြီး စုစုပေါင်း တိုက်ခိုက်ရေးစွမ်းအားမှာ သန်း ၃၀ ခန့် ရှိသည်ပြီး ဤသည်မှာ သာမန် အခြေအနေတွင်သာ ဖြစ်သည်။
“နတ်ဘုရားအရှင် အထွက်အထိပ် အဆင့်...”
ယီထျန်းယွမ်သည် ထိုဧရာမ ဦးခေါင်းကြီးကို ကြည့်ကာ အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ဤသားရဲမှာ နတ်ဘုရားနယ်မြေ နတ်သားရဲ ဖြစ်ပြီး သက်ရှိ ဝိညာဉ်လှေကြီး တစ်စင်းနှင့် တူကာ မည်သည့် ဟင်းလင်းပြင်ကိုမဆို လွတ်လပ်စွာ ဖြတ်သန်းနိုင်သည်။
၎င်းမှာ မည်သည့်နေရာမှ ထွက်ပေါ်လာသနည်း သို့မဟုတ် ရည်ရွယ်ချက်မှာ အဘယ်နည်းဆိုသည်ကိုမူ မည်သူမျှ မသိရှိကြချေ။
“နတ်ဘုရားနယ်မြေ နတ်သားရဲလား... အဆင့် ၃ နတ်ဘုရားနယ်မြေရဲ့ သီးသန့် နတ်သားရဲပဲ မဟုတ်လား...”
အကြီးအကဲ ကောက်ဟွမ်တို့မှာ ဤမြင်ကွင်းကြောင့် မှင်တက်မိသွားကြရသည်။ ဤနတ်သားရဲ တစ်ကောင်တည်းနှင့်ပင် သူတို့ ငါးဦးစလုံးကို အမှုန့်ကြိတ်ရန် လုံလောက်နေပြီ ဖြစ်သည်။
သူတို့၏ အသန်မာဆုံးသော ကျင့်ကြံခြင်းမှာ နတ်ဘုရားအရှင် အဆင့် ၆ သာ ရှိသဖြင့် အထွက်အထိပ် အဆင့်၏ စွမ်းအားနှင့် ယှဉ်လျှင် များစွာ ကွာခြားလှသည်။ အထူးသဖြင့် ၎င်းမှာ ထိတ်လန့်ဖွယ်ကောင်းသော နတ်သားရဲ တစ်ကောင် ဖြစ်သဖြင့် အဆင့်တူ ကျင့်ကြံသူများကြားတွင်ပင် အတုမဲ့ ဖြစ်သည်။
သွေးရိုးဗီဇ အရဆိုလျှင် နတ်ဘုရားနယ်မြေ နတ်သားရဲမှာ အဆင့် ၅ နေရာတွင် ရှိသည်။ ဤနေရာရှိ လူအားလုံး၏ သွေးရိုးဗီဇထက် များစွာ သာလွန်နေပြီး ၎င်း ပေါက်ကွဲထွက်လာပါက အရာရာကို ဝါးမြိုသွားပေလိမ့်မည်။
“အဆင့် ၃ နတ်ဘုရားနယ်မြေရဲ့ သီးသန့် နတ်သားရဲက ငါတို့ဆီကို ဘာလာလုပ်တာလဲ...”
သူတို့မှာ ချွေးစေးများ ထွက်လာခဲ့ကြပြီး ဤကဲ့သို့သော နတ်သားရဲကြီးကို မြင်တွေ့ရသည်မှာ အလွန်ပင် ထူးဆန်းနေသည်။
ထိုနတ်သားရဲမှာ ဘာမျှ မပြောဘဲ သူ၏ ဧရာမ မျက်လုံးကြီးများဖြင့် လူအများကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ ထို့နောက် သူ၏ ဧရာမ ပါးစပ်ကြီးကို ဖွင့်ကာ စုပ်ယူလိုက်တော့သည်။ မြေကမ္ဘာအရှင်ထျန်ချင်းမှာ အနည်းငယ်မျှပင် ရုန်းကန်ခြင်း မရှိဘဲ ထိုပါးစပ်ကြီး၏ စုပ်ယူမှုအောက်တွင် ကောင်းကင်သို့ မြောက်တက်သွားခဲ့သည်။
သူသာမက ယီထျန်းယွမ်မှာလည်း လျင်မြန်စွာ စုပ်ယူခြင်း ခံလိုက်ရပြီး ရုန်းကန်ရန် အခွင့်အရေးပင် မရဘဲ ကောင်းကင်သို့ ပါသွားတော့သည်။ သူတို့ နှစ်ဦးအပြင် အခြားသော ပြိုင်ပွဲဝင် အချို့လည်း စုပ်ယူခြင်း ခံလိုက်ရသော်လည်း ပြိုင်ပွဲဝင် အားလုံးတော့ မဟုတ်ချေ။
ယီထျန်းယွမ်မှာ ထိတ်လန့်သွားခဲ့သည်။ ဤသည်မှာ လူများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းလော။ အဆင့် ၃ နတ်ဘုရားနယ်မြေသို့ အတင်းအကျပ် ခေါ်ဆောင်သွားခြင်းလော။
နောက်တစ်ခဏ၌ သူ၏ ပုံရိပ်မှာ ဝေဝါးသွားပြီး ထိုနေရာမှ ပျောက်ကွယ်သွားကာ နတ်ဘုရားတိုက်ပွဲကွင်းပြင်၏ အပြင်ဘက်သို့ ပြောင်းရွှေ့လိုက်သဖြင့် ထိုထိတ်လန့်ဖွယ် စုပ်ယူမှုအောက်မှ လွယ်ကူစွာ လွတ်မြောက်သွားခဲ့သည်။ သူသည် ထိုအဆင့် ၃ နတ်ဘုရားနယ်မြေသို့ အတင်းအကျပ် ခေါ်ဆောင်ခြင်း မခံလိုချေ။ ထိုနေရာမှာ မည်သို့သော အခြေအနေမျိုး ရှိနေသည်ကို မသိရှိရဘဲ အဖမ်းခံရလျှင် မည်သို့ လုပ်မည်နည်း။
သူ ကွင်းပြင်မှ ပျောက်ကွယ်သွားချိန်တွင် နတ်သားရဲ၏ ဧရာမ မျက်လုံးကြီးမှာ ယီထျန်းယွမ် ပြောင်းရွှေ့သွားသော အရပ်သို့ ကြည့်လိုက်ပြီး ဟိန်းဟောက်ကာ အက်ကြောင်းအတွင်းမှ အပြင်သို့ ထိုးထွက်လာခဲ့သည်။ သူသည် ယီထျန်းယွမ် ရှိရာ နေရာသို့ တိုက်ရိုက် ပြေးဝင်သွားရာ လူတိုင်းမှာ မှင်တက်မိသွားကြရသည်။ ဤနတ်သားရဲကြီးက အပြင်သို့ အဘယ်ကြောင့် ထွက်လာရသနည်း။
“ဒီနတ်သားရဲက ငါတို့ လူတွေကို ဖမ်းသွားတာလား...”
“ကြည့်ရတာတော့ အဲဒီအတိုင်းပဲ... အဆင့် ၃ နတ်ဘုရားနယ်မြေက ဘာလို့ ငါတို့ဆီမှာ လူလာလုရတာလဲ... ဒါက တကယ်ကို လွန်လွန်းတယ်...”
“ဟုတ်တယ်... ငါတို့လို နေရာက လူတွေကိုတောင် သူတို့က အထင်ကြီးနေတာလား...”
အကြီးအကဲ ငါးဦးမှာ ထိတ်လန့်တကြားနှင့် ဒေါသထွက်နေကြသည်။ သူတို့ အမှန်တကယ် စိတ်ဝင်စားသည်မှာ ယီထျန်းယွမ်နှင့် မြေကမ္ဘာအရှင်ထျန်ချင်းတို့ နှစ်ဦးသာ ဖြစ်သော်လည်း ဤမျှ ပေါ်ပေါ်ထင်ထင် လူလာဖမ်းသွားခြင်းကိုမူ စိတ်အနှောင့်အယှက် ဖြစ်နေကြသည်။
ဧရာမ ခန္ဓာကိုယ်ကြီးမှာ အက်ကြောင်းအတွင်းမှ အပြင်သို့ ထွက်ပေါ်လာရာ ထူထပ်လှသော တိမ်တိုက်မည်းကြီး တစ်ခုကဲ့သို့ ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး အောက်ဘက်တွင် မှောင်အတိ ကျသွားခဲ့သည်။ မည်သူမျှ စကားမပြောရဲကြသလို တိုက်ခိုက်ရန်လည်း မဝံ့ရဲကြချေ။ အကြီးအကဲ ငါးဦးမှာ စွမ်းအားရှိကြသော်လည်း ဤကဲ့သို့သော နတ်သားရဲကြီးကို တိုက်ခိုက်ဝံ့ပါမည်လော။
ဤနတ်သားရဲမှာ မည်သည့် အင်အားစုမှ ဖြစ်ကြောင်း သူတို့ မသိရှိကြသော်လည်း မည်သို့မျှ ရန်စ၍ မရသော တည်ရှိမှု ဖြစ်ကြောင်းကိုမူ သိရှိထားကြသည်။ တစ်ဖက်လူက လူလာဖမ်းခြင်းကို သူတို့အနေဖြင့် ကြိတ်မှိတ် သည်းခံရုံမှအပ အခြား မရှိချေ။
ယီထျန်းယွမ်မှာ ပြောင်းရွှေ့ပြီးနောက် ရပ်လိုက်သည်နှင့် နတ်သားရဲမှာ ထပ်မံ လိုက်လံ တိုက်ခိုက်လာသည်ကို တွေ့လိုက်ရပြီး သူ၏ ပါးစပ်ကြီးကို ဖွင့်ကာ ထပ်မံ စုပ်ယူပြန်သည်။
“အမလေး... ဒီကောင်က ငါ့နောက်ကိုပဲ တကောက်ကောက် လိုက်နေပါလား...”
ယီထျန်းယွမ်မှာ ထိတ်လန့်သွားပြီး ဆုံးဖြတ်ချက် တစ်ခု ချလိုက်ကာ နေရာပြောင်းရွှေ့ကျောက်ကို ထုတ်ယူ၍ ချက်ချင်း အသုံးပြုလိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။
နေရာရွှေ့ပြောင်းခြင်းက အသုံးမဝင်လျှင် ခုန်ကူးနတ်ဘုရားကျောက်ကရော အသုံးမဝင်ဘဲ ရှိနိုင်အုံးမည်လော။
နောက်တစ်ခဏ၌ သူသည် ထျန်းယုနတ်ဘုရားနယ်မြေအတွင်းသို့ ရောက်ရှိသွားခဲ့ပြီး ထိုကွင်းပြင်နှင့် များစွာ ဝေးကွာသော နေရာသို့ ရောက်ရှိသွားခဲ့သည်။ ချက်ချင်းဆိုသလိုပင် နတ်သားရဲမှာ ယီထျန်းယွမ်၏ အငွေ့အသက်များ ပျောက်ကွယ်သွားကြောင်း သိရှိလိုက်ပြီး သူ၏ မျက်လုံးကြီးများဖြင့် ပတ်ဝန်းကျင်ကို ရှာဖွေနေသော်လည်း ယီထျန်းယွမ်ကို မတွေ့ရှိတော့ချေ။
“အူး...”
နတ်သားရဲမှာ ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ပတ်ဝန်းကျင်ကို ဆက်လက် ရှာဖွေနေသော်လည်း ယီထျန်းယွမ်၏ ပုံရိပ်ကို မည်သည့်နေရာတွင်မျှ မတွေ့ရတော့ချေ။
သူ၏ ကျင့်ကြံခြင်းမှာ နတ်ဘုရားအရှင် အထွက်အထိပ် အဆင့်သို့ ရောက်ရှိနေလျှင်ပင် သူသည် အရာရာကို သိမြင်နိုင်သော အတုမဲ့ တည်ရှိမှု မဟုတ်သဖြင့် ထျန်းယုနတ်ဘုရားနယ်မြေ၏ အခြေအနေကို အာရုံမခံနိုင်ချေ။ ထို့ကြောင့် သူသည် ဦးတည်ချက်မရှိဘဲ ဟိုဟိုဒီဒီ ရှာဖွေပြီးနောက် မတတ်သာတော့ဘဲ အက်ကြောင်းအတွင်းသို့ ပြန်လည် ဝင်ရောက်ကာ ပျောက်ကွယ်သွားတော့သည်။
သူ အက်ကြောင်းအတွင်းသို့ ပြန်ဝင်သွားသည်နှင့် ထိုအက်ကြောင်းမှာလည်း လျင်မြန်စွာ ပြန်လည် ပိတ်ဆို့သွားပြီး ဟင်းလင်းပြင်မှာ မူလအတိုင်း ပြန်လည် ကောင်းမွန်သွားခဲ့သည်။
သူ ထွက်ခွာသွားပြီးမှသာ လူတိုင်းမှာ လှုပ်ရှားနိုင်ကြပြီး အချင်းချင်း ကြောက်လန့်တကြား ကြည့်နေကြသည်။
“ခုနက သူ ဘာဖြစ်တာလဲ... ဘာကို လိုက်ရှာနေတာလဲ...”
“မင်း ငါ့ကို မေးနေတာလား... ငါက ဘယ်သူ့ကို သွားမေးရမှာလဲ...”
“လူအတော်များများ ဖမ်းခေါ်ခံလိုက်ရတယ် ထင်တယ်... ဒါက ဘာဖြစ်တာလဲ...”
လူတိုင်းမှာ သံသယများဖြင့် ပြည့်နှက်နေပြီး ဘာဖြစ်သွားသည်ကို မည်သူမျှ မသိရှိကြချေ။ ကံကောင်းသည်မှာ ထိုနတ်သားရဲကြီးက သူတို့အား တိုက်ခိုက်ခြင်း မပြုခဲ့သဖြင့် အသေအပျောက် မရှိခဲ့ပေ။
အခန်း ၁၀၅၃ ပြီးပါပြီ။