အနှစ်သာရကို တူးဖော်ခြင်း
Vol. 77 Ch. 1057
တောင်းဆိုချက်ကို သဘောတူညီပြီးနောက် အနှစ်သာရကို ရယူရန်အတွက် အကြီးအကဲနျန်ချီယွီကိုယ်တိုင် ထာဝရအသက်နန်းတော်သို့ လိုက်ပါပို့ဆောင်ခဲ့သည်။ လမ်းခရီးတွင် နျန်ချီယွီက မေးမြန်းလိုက်သည်။
“အသက်ဝိညာဉ်အနှစ်သာရကို မင်း ဘယ်လောက်အထိ လိုချင်တာလဲ...”
ယီထျန်းယွမ်က အစိတ်အပိုင်း အနည်းငယ်ဟု ဆိုခဲ့သော်လည်း ထိုအနည်းငယ်ဆိုသည်မှာ မည်မျှအထိလဲဆိုသည်ကို မည်သူမျှ တိတိကျကျ မသိနိုင်ချေ။
“အများကြီးတော့ မဟုတ်ပါဘူး... သင့်တော်ရုံလောက်ပါပဲ...”
ယီထျန်းယွမ်က ပြုံးလျက် ဆိုလိုက်သည်။ သူသည် အနှစ်သာရ၏ တစ်ဝက်ကို ယူမည်မဟုတ်သော်လည်း နည်းနည်းလေးနှင့်တော့ ကျေနပ်လိမ့်မည် မဟုတ်ချေ။ ဤသည်မှာ သူ ရသင့်ရထိုက်သော အရာပင် ဖြစ်သည်။ နတ်ဘုရားနယ်မြေ တက်လှမ်းခြင်းတိုက်ပွဲ၏ ပထမဆု ဂုဏ်ထူးဆောင်ဘွဲ့မှာ ထျန်းယုနတ်ဘုရားနယ်မြေအတွက် ဤကဲ့သို့သော ဆုလာဘ်မျိုး ပေးအပ်ရန် လုံလောက်သည်ဟု သူ ယူဆထားသည်။
“ပြဿနာ မရှိပါဘူး... တစ်ဝက်အောက်ဆိုရင် မင်း ကြိုက်သလောက် ယူနိုင်ပါတယ်...”
နျန်ချီယွီသည် ယီထျန်းယွမ်က ဤအနှစ်သာရကို မည်သည့်အတွက်ကြောင့် ယူဆောင်လိုသည်ကို သိချင်နေသော်လည်း ထပ်မံ ရှင်းပြလိုက်သည်။
“အသက်ဝိညာဉ်အနှစ်သာရက တဖြည်းဖြည်းချင်း ပြန်လည် ပြည့်လာနိုင်သလို ပြန်ပြီးတော့လည်း ကြီးထွားလာနိုင်ပါတယ်... ဒါပေမဲ့ ပတ်ဝန်းကျင် အခြေအနေကတော့ သိပ်မဆိုးဖို့ လိုတယ်... မဟုတ်ရင်တော့ ပြန်ပြီး ကောင်းမွန်လာဖို့ မလွယ်ဘူး...”
“အဲဒါကတော့ ပြောရခက်တယ်...”
ယီထျန်းယွမ်သည် သုံးဘုံလောကရှိ အခြေအနေကို တွေးတောမိလိုက်သည်။ ထိုနေရာရှိ အခြေအနေမှာ အလွန်အမင်း ကောင်းမွန်လှသည်တော့ မဟုတ်ချေ။ ထို့ကြောင့် အနှစ်သာရမှာ ပြန်လည် ကောင်းမွန်လာနိုင်ပါ့မလား သူ မသေချာချေ။ သို့သော် သူသည် နောက်ဆက်တွဲ ကိစ္စရပ်များကို စဉ်းစားမနေတော့ဘဲ ဝိညာဉ်မျိုးနွယ်အတွက် အကျိုးသက်ရောက်မှု ရှိ၊ မရှိကိုသာ အဓိကထား စဉ်းစားတော့သည်။
အကယ်၍ ဤအရာများ ကုန်ဆုံးသွားခဲ့ပါက အခြားသော အနှစ်သာရများကို ထပ်မံ ရှာဖွေရုံသာ ရှိတော့သည်။ ဤအခြေအနေကို လုံးဝ ပြောင်းလဲပစ်ရန်အတွက်မူ ဝိညာဉ်မျိုးနွယ်မှ ကျင့်ကြံသူများ တိုးတက်လာပြီး ၎င်းတို့၏ ခန္ဓာကိုယ်အတွင်း၌ ကိုယ်တွင်းကမ္ဘာများ ပိုင်ဆိုင်လာချိန်မှသာ မည်သို့ ပြောင်းလဲရမည်ကို သိရှိလာနိုင်ပေလိမ့်မည်။
နျန်ချီယွီသည် သူ့ကို နက်နက်ရှိုင်းရှိုင်း တစ်ချက် ကြည့်လိုက်သော်လည်း ဘာမျှ ထပ်မပြောဘဲ ထာဝရအသက်နန်းတော်ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ မကြာမီမှာပင် ၎င်းတို့သည် ထာဝရအသက်နန်းတော်သို့ ရောက်ရှိသွားခဲ့ရာ ထိုနေရာတွင် ကျင့်ကြံသူ အမြောက်အများ ရှိနေကြသည်ကို တွေ့လိုက်ရသည်။
၎င်းတို့ ပေါ်ပေါက်လာခြင်းမှာ လူအများ၏ အာရုံစိုက်မှုကို မရရှိခဲ့သော်လည်း နျန်ချီယွီက သူ့ကို အောက်ဆုံးအဆင့်သို့ ခေါ်ဆောင်သွားသည့်အခါမှသာ လူအချို့က သတိထားမိသွားကြသည်။ ကျင့်ကြံသူများမှာ ဘာဖြစ်နေသည်ကို မသိရှိကြဘဲ ၎င်းတို့အား စူးစမ်းကြည့်နေကြတော့သည်။
“ဘယ်လောက် ယူမှာလဲ... မင်း အခုပဲ သတ်မှတ်လိုက်လို့ ရပြီ...”
နျန်ချီယွီက အချက်ပြလိုက်သည်။
ယီထျန်းယွမ်သည် သူ၏ ရှေ့မှောက်ရှိ အသက်ဝိညာဉ်အနှစ်သာရကို အပေါ်အောက် အကဲခတ်လိုက်ပြီး ဟင်းလင်းပြင်တွင် လက်ဖြင့် ဝေ့ယမ်းကာ ဧရိယာ တစ်ခုကို သတ်မှတ်လိုက်သည်။
“ဒီလောက်ဆိုရင် ရပါပြီ... သိပ်မများဘူး မဟုတ်လား...”
ယီထျန်းယွမ်က ပြုံးလျက် ဆိုလိုက်သည်။
နျန်ချီယွီက ခေါင်းညိတ်ပြလိုက်သည်။ ယီထျန်းယွမ် သတ်မှတ်လိုက်သော ဧရိယာမှာ အလွန်အမင်း ကြီးမားခြင်း မရှိသော်လည်း ဖြတ်ထုတ်ရမည်ကို တွေးကြည့်ရင်း နှမြောမိနေဆဲပင် ဖြစ်သည်။
“ကောင်းပြီ... ငါ အခုပဲ အဲဒါကို တူးထုတ်ပေးမယ်...”
နျန်ချီယွီက လက်ကို ဝှေ့ယမ်းလိုက်ရာ ထူးဆန်းသော ပုံစံရှိသည့် ချွန်ထက်သော ဓားမြှောင်တစ်လက် ပေါ်ထွက်လာသည်။
“အနှစ်သာရကို အလွယ်တကူ တူးထုတ်နိုင်ဖို့ဆိုရင် အထူးပြုလုပ်ထားတဲ့ လက်နက်တွေ လိုအပ်တယ်...”
ထိုသို့ ဆိုပြီးနောက် နျန်ချီယွီသည် ထိုဓားမြှောင်ကို အားစိုက်ကာ ထိုးသွင်းလိုက်ပြီး စတင် လှည့်ပတ် တူးဖော်တော့သည်။ အလွန် မာကျောလှသော အနှစ်သာရမှာ တဖြည်းဖြည်း ပွင့်ထွက်လာသော်လည်း လုပ်ဆောင်ရသည်မှာ အတော်လေး အားစိုက်နေရပုံရသည်။
“ကျွန်တော် လုပ်ပါရစေ...”
ယီထျန်းယွမ်က ဆိုလိုက်သည်။
နျန်ချီယွီက ခဏတာ စဉ်းစားပြီးနောက် သူ၏ လက်ထဲမှ ဓားမြှောင်ကို ယီထျန်းယွမ်ထံသို့ ပေးအပ်ကာ ဆိုလိုက်သည်။
“ဒါဆိုရင် မင်းပဲ လုပ်လိုက်ပါတော့... မင်းရဲ့ စွမ်းအားက ငါ့ထက် ပိုပြီး သန်မာတယ်လေ...”
အနှစ်သာရကို ဖြတ်တောက်ရန်အတွက် စွမ်းအား လိုအပ်ပြီး သန်မာသော ခန္ဓာကိုယ် မရှိပါက မည်သို့မျှ မလှုပ်ရှားနိုင်ချေ။
ယီထျန်းယွမ်သည် ဓားမြှောင်ကို လက်ခံရရှိပြီးနောက် အောက်သို့ ပြင်းထန်စွာ ဆွဲချလိုက်ရာ ရွှပ်ခနဲ အသံနှင့်အတူ ထိုအသက်ဝိညာဉ်အနှစ်သာရမှာ ပဲပြားကဲ့သို့ အလွယ်တကူပင် ကြီးမားသော အက်ကြောင်းကြီး ဖြစ်သွားခဲ့သည်။
အပေါ်ဘက်မှ ကြည့်နေကြသော ကျင့်ကြံသူများမှာ မျက်လုံးအပြူးသား ဖြစ်သွားကြပြီး ဘာဖြစ်နေသည်ကို မသိရှိကြဘဲ အသက်ဝိညာဉ်အနှစ်သာရကို ဖြတ်တောက်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် အံ့အားသင့်နေကြသည်။ သို့သော် အကြီးအကဲနျန်ချီယွီကိုယ်တိုင် ဘာမျှ မပြောသဖြင့် ၎င်းတို့မှာလည်း ပြောပိုင်ခွင့် မရှိကြချေ။
“အာ... အားနာလိုက်တာ... ကျွန်တော် နည်းနည်း ပိုပြီး ဖြတ်မိသွားတယ်...”
ယီထျန်းယွမ်မှာ အနည်းငယ် အားနာသွားခဲ့သည်။ သူသည် စွမ်းအား အများကြီး လိုအပ်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း အနည်းငယ် အားစိုက်လိုက်ရုံနှင့် အောက်သို့ တစ်ဟုန်ထိုး ပြတ်ထွက်သွားခဲ့ခြင်း ဖြစ်သည်။
နျန်ချီယွီ၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားခဲ့သည်။ ဤသည်မှာ လူအချင်းချင်း ကွာခြားချက်ပင် ဖြစ်သည်။ သူသည် အားစိုက်ကာ လုပ်ဆောင်မှသာ အနည်းငယ် ပွင့်ထွက်လာသော်လည်း ယီထျန်းယွမ်အတွက်မူ အလွန်ပင် လွယ်ကူလှပြီး ဖိအားပင် မရှိချေ။
“ရပါတယ်... ဒါက တစ်ဝက်အောက်မှာပဲ ရှိပါသေးတယ်...”
နျန်ချီယွီက တည်ငြိမ်စွာ ဆိုလိုက်သည်။
ထို့နောက် ယီထျန်းယွမ်သည် ဆက်လက် ဖြတ်တောက်ကာ တောင်ငယ်တစ်ခုခန့် ကြီးမားသော အစိတ်အပိုင်းကြီးကို တူးထုတ်လိုက်သည်။ ထိုမျှ ကြီးမားလှသော အရာကြီးကို သူ၏ ကိုယ်တွင်းရှိ ဂြိုဟ်သိမ်ဂြိုဟ်မွှားအတွင်းသို့ လျင်မြန်စွာ သိမ်းဆည်းလိုက်ရာ ပြည့်ဝလှသော သက်စောင့်စွမ်းအားများမှာ သူ၏ ကိုယ်တွင်း၌ စတင် စီးဆင်းလာတော့သည်။ ထည့်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်ကို စတင်၍ အကျိုးပြုလာခဲ့သည်။
“တကယ်ကို ကောင်းပါတယ်... အကြီးအကဲနျန်ကို ကျေးဇူးတင်ပါတယ်...”
ယီထျန်းယွမ်က ပြုံးလျက် ဆိုလိုက်သည်။
“မလိုပါဘူး... ဒါက မင်း ရသင့်ရထိုက်တဲ့ အရာပဲ...”
နျန်ချီယွီသည် ထိုဧရာမ ဟာကွက်ကြီးကို ကြည့်ကာ နှမြောမိနေဆဲပင် ဖြစ်သည်။ ဤအရာ ပြန်လည် ပြည့်ဝလာရန်အတွက် နှစ်ပေါင်း မည်မျှ ကြာမြင့်မည်ကို မည်သူမျှ မသိနိုင်ချေ။
“ဒါဆိုရင် ကျွန်တော် သွားတော့မယ်... ဒီရက်ပိုင်းအတွင်းမှာ စောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်...”
ယီထျန်းယွမ်က နှုတ်ဆက်လိုက်သည်။ သူ ပြန်လာရခြင်းမှာ ဤအသက်ဝိညာဉ်အနှစ်သာရကို ယူဆောင်ရန်အတွက်သာ ဖြစ်သည်။ ယူပြီးပြီ ဖြစ်ရာ သူသည် ဤနေရာမှ ထွက်ခွာပြီး ထျန်းချွမ်နတ်ဘုရားနယ်မြေသို့ တိုက်ရိုက် သွားရောက်တော့မည် ဖြစ်သည်။
“ငါတို့ကသာ မင်းကို ကျေးဇူးတင်ရမှာပါ... မင်းသာ မရှိရင် ငါတို့ ဒီလို ဂုဏ်သိက္ခာမျိုးကို ရမှာ မဟုတ်ဘူး...”
နျန်ချီယွီက ပြုံးပြလိုက်ပြီး သူ၏ မျက်ဝန်းထဲတွင်လည်း အမှန်တကယ် ကျေးဇူးတင်ကြောင်း ပေါ်လွင်နေခဲ့သည်။
“ဘာမှ ထပ်မပြောတော့ပါဘူး... ပြောရင် အရမ်း စိတ်လှုပ်ရှားစရာ ဖြစ်နေလိမ့်မယ်... နောင်တစ်ချိန်မှာ ကျွန်တော် ပြန်လာခဲ့ပါဦးမယ်... ဒီနေရာက ကျွန်တော် ပထမဆုံး ရောက်ခဲ့တဲ့ နတ်ဘုရားနယ်မြေ ဖြစ်သလို ဆရာ နှစ်ယောက်လည်း ရှိနေတာပဲလေ... သူတို့ ကျွန်တော့်ကို ဘာမှ မသင်ပေးရသေးပေမဲ့လည်းပေါ့...”
ယီထျန်းယွမ်က ပခုံးတွန့်ကာ ဆိုလိုက်သည်။ အကြီးအကဲ ယွီယန်လုံတို့ နှစ်ဦးမှာ သူ့ကို ဘာမျှ သင်ကြားပေးခဲ့ခြင်း မရှိသေးချေ။
“သူတို့က မင်းကို ဘာသင်ပေးနိုင်မှာလဲ...”
နျန်ချီယွီက ခေါင်းခါယမ်းလိုက်သည်။ အချိန်တိုအတွင်းမှာပင် လူအများစုမှာ သူ့ကို လိုက်မမီနိုင်တော့ချေ။
နှုတ်ဆက်ပြီးနောက် ယီထျန်းယွမ် ထွက်ခွာသွားခဲ့ရာ ကျင့်ကြံသူ အုပ်စုမှာ မှင်တက်မိကာ ကျန်ရစ်ခဲ့ကြသည်။ အောက်ဘက်ရှိ တူးဖော်ခံလိုက်ရသော ဧရာမ တွင်းကြီးကို ကြည့်ကာ ဘာပြောရမှန်း မသိဖြစ်နေကြတော့သည်။
၎င်းတို့မှာ ဤနေရာတွင် ကျင့်ကြံရန် လာကြခြင်း ဖြစ်သော်လည်း အခြားသူကမူ အနှစ်သာရကို တိုက်ရိုက် တူးဖော်ကာ ကျင့်ကြံရန် ယူဆောင်သွားခြင်း ဖြစ်ရာ ဤသည်မှာ အခွင့်ထူးခံခြင်း၏ ကွာခြားချက်ပင် မဟုတ်ပါလော။
ယီထျန်းယွမ်သည် ထွက်ခွာပြီးနောက် ခုန်ကူးနတ်ဘုရားကျောက်ကို အသုံးပြု၍ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။ သူသည် ထျန်းယုနတ်ဘုရားနယ်မြေတွင် ဆက်လက် မနေထိုင်ဘဲ သုံးဘုံလောက ရှိရာသို့ တိုက်ရိုက် ပြန်သွားခဲ့သည်။ ဤအနှစ်သာရကို ရရှိပြီးနောက်တွင် ဝိညာဉ်မျိုးနွယ်ထံသို့ ချက်ချင်း သွားရောက် ပေးအပ်လိုခြင်း ဖြစ်ပြီး ကိစ္စရပ်များ အားလုံး ပြီးဆုံးမှသာ ထျန်းချွမ်နတ်ဘုရားနယ်မြေသို့ သွားရောက်ရပေလိမ့်မည်။
သူ ထွက်ခွာသွားပြီး မကြာမီမှာပင် ထျန်းယုနတ်ဘုရားနယ်မြေ အနီးရှိ ဟင်းလင်းပြင်မှာ ပြင်းထန်စွာ ဖြဲထုတ်ခြင်း ခံလိုက်ရသည်။ အက်ကြောင်းတစ်ခု ပေါ်ထွက်လာသည်နှင့် ပုံရိပ်တစ်ခု ပျံထွက်လာပြီးနောက် ထိုအက်ကြောင်းမှာ ချက်ချင်း ပြန်လည် ပိတ်ဆို့သွားခဲ့သည်။ ပိတ်ဆို့သွားချိန်တွင် ဧရာမ ဦးခေါင်းကြီး တစ်ခု ထွက်ပေါ်လာသည်ကို တစ်စုံတစ်ဦးက မြင်တွေ့လိုက်မည်ဆိုပါက သေလောက်အောင် ထိတ်လန့်သွားပေလိမ့်မည်။
“ထျန်းယုနတ်ဘုရားနယ်မြေလား... သူ ခရီးမထွက်သေးဘူး ထင်တယ်နော်...”
ဤနေရာသို့ ရောက်ရှိလာသူမှာ အခြားသူ မဟုတ်ဘဲ နတ်ဘုရားအရှင်ယွီချင်း ဖြစ်သည်။ သူ၏ ဒဏ်ရာများမှာ အခြေခံအားဖြင့် ပြန်လည် ကောင်းမွန်နေပြီ ဖြစ်သည်။ သူ ယခု ရောက်လာခြင်းမှာ ယီထျန်းယွမ်အား ရှာဖွေရန်အတွက် ဖြစ်သည်။
သူ့ကို ပို့ဆောင်ပေးခဲ့သူမှာ နတ်ဘုရားနယ်မြေ နတ်သားရဲပင် ဖြစ်သည်။ သူသည် ပတ်ဝန်းကျင်ကို တစ်ပတ် လှည့်လည် ရှာဖွေပြီးနောက် စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ စုံစမ်းပြီးနောက်တွင်မူ ယီထျန်းယွမ် ခရီးထွက်သွားပြီ ဖြစ်ကြောင်း သတင်း ရရှိလိုက်သည်။
“တောက်... ထွက်သွားပြီလား...”
နတ်ဘုရားအရှင်ယွီချင်းမှာ မတတ်သာဘဲ သက်ပြင်းချလိုက်ပြီး ခေါင်းခါယမ်းကာ ဆိုလိုက်သည်။
“ထားလိုက်ပါတော့... လေညင်းခံ ထွက်လာတယ်လို့ပဲ သဘောထားရမှာပေါ့... ဘာပဲဖြစ်ဖြစ် အဲဒီ ငရဲလို နေရာမှာ ငါ ဆက်မနေချင်တော့ဘူး...”
ထိုသို့ ဆိုပြီးနောက် သူသည် ပြုံးရွှင်စွာဖြင့် ရှေ့သို့ ပျံသန်းသွားခဲ့သည်။ သူသည် ကျင့်ကြံရန် စိတ်မစောဘဲ စည်ကားလှသော ဂြိုဟ်များအတွင်းသို့ ဝင်ရောက်ကာ စတင် ပျော်ပါးနေတော့သည်။
အခန်း ၁၀၅၇ ပြီးပါပြီ။