တောင်းဆိုခြင်း
Vol. 77 Ch. 1056
နတ်ဘုရားနယ်မြေ တက်လှမ်းခြင်းတိုက်ပွဲမှာ ဝမ်းသာသူတစ်ချို့၊ ဝမ်းနည်းသူတစ်ချို့နှင့် နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ရွေးချယ်ခြင်း မခံရသူများပင်လျှင် မိမိတို့ ရရှိထားသော တံဆိပ်ပြားများကို အသုံးပြု၍ လဲလှယ်ထားသော ဆုလာဘ်များက မိမိတို့အတွက် တစ်နည်းတစ်ဖုံ အထောက်အကူ ပြုနိုင်ပေလိမ့်မည်။
အသက်ရှင်ကျန်ရစ်သူတိုင်းမှာ တစ်စုံတစ်ရာ ရရှိခဲ့ကြသည်ဖြစ်ရာ ဤခရီးမှာ အချည်းနှီး မဖြစ်ခဲ့ဟု ဆိုနိုင်သည်။ ထို့ပြင် နောင်တစ်ကြိမ်တွင် ပြန်လည်ပါဝင်ရန် အခွင့်အရေး ရှိနေသေးသဖြင့် ဤသည်မှာ ပြဿနာ မဟုတ်ချေ။
ယခုရရှိထားသော ရတနာများကို ကောင်းမွန်စွာ အသုံးချနိုင်မည်ဆိုပါက နောက်တစ်ကြိမ် ပြိုင်ပွဲတွင် ပိုမိုကောင်းမွန်သော ရလဒ်များ ရရှိလာနိုင်မည်မှာ သေချာလှသည်။
“ဒါက လမ်းညွှန်တံဆိပ်ပြားပဲ... မင်း ဒီတံဆိပ်ပြားကို သုံးပြီး ထျန်းချွမ်နတ်ဘုရားနယ်မြေကို လာခဲ့ပါ...”
အကြီးအကဲ ကောက်ဟွမ်သည် တံဆိပ်ပြားများကို ဝေငှပေးလိုက်ရာ တစ်ခုမှာ ယီထျန်းယွမ်၏ လက်ထဲသို့ ရောက်ရှိလာသည်။
“ဗျာ... ကျွန်တော့်ကို တစ်ပါတည်း ခေါ်မသွားဘူးလား...”
ယီထျန်းယွမ်က သံသယဖြင့် မေးလိုက်သည်။
“မခေါ်ဘူး... ငါတို့ ထျန်းချွမ်နတ်ဘုရားနယ်မြေရဲ့ စည်းကမ်းက အမြဲတမ်း ဒီလိုပဲ... ဒီတံဆိပ်ပြားကို ကိုင်ပြီး မင်းဘာသာမင်း လာခဲ့ရမယ်... ဒီလောက်လေးတောင် လုပ်နိုင်စွမ်း မရှိရင် ငါတို့ ထျန်းချွမ်နတ်ဘုရားနယ်မြေကို ဝင်ဖို့ မစဉ်းစားနဲ့တော့...”
အကြီးအကဲ ကောက်ဟွမ်က ပြုံးလျက် ဆိုလိုက်သည်။
“ဒါပေမဲ့ မင်းအတွက်တော့ ဒါက ပြဿနာ မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်... အလွယ်တကူပဲ ဖြတ်ကျော်နိုင်မှာပါ...”
“ဒီလို စည်းကမ်းမျိုးလည်း ရှိသေးတာလား...”
ယီထျန်းယွမ်က မတတ်သာဘဲ ပခုံးတွန့်လိုက်သည်။ မိမိဘာသာ သတင်းပို့ရန် သွားရမည် ဖြစ်သော်လည်း ဤသည်မှာ ကြီးမားသော ပြဿနာ မဟုတ်ဘဲ စမ်းသပ်မှု အသေးစားလေးတစ်ခုသာ ဖြစ်သည်။
“ဒါဆိုရင် မင်းတို့ ရောက်လာမှာကို ငါ စောင့်နေမယ်...”
အကြီးအကဲ ကောက်ဟွမ်က ပြုံးပြလိုက်ပြီးနောက် လူများကို ခေါ်ဆောင်ကာ ထွက်ခွာသွားတော့သည်။
သူသည် အဖိုးတန် ရတနာများ သို့မဟုတ် အခြားသော အရာများကို ချန်ထားခဲ့ခြင်း မရှိဘဲ တံဆိပ်ပြား တစ်ခုကိုသာ ပေးခဲ့ခြင်း ဖြစ်သည်။ ထိုတံဆိပ်ပြား၏ အစွမ်းမှာလည်း လမ်းညွှန်ပေးရုံမှအပ အခြား မရှိချေ။
ထျန်းချွမ်နတ်ဘုရားနယ်မြေသာမက အခြားသော နတ်ဘုရားနယ်မြေများမှာလည်း အလားတူပင် ဖြစ်သည်။ တံဆိပ်ပြားများကိုသာ ပေးခဲ့ပြီး သူတို့ဘာသာ လာရန် ညွှန်ကြားခဲ့ကာ ချက်ချင်း ခေါ်ဆောင်သွားခြင်း မရှိချေ။
အမှန်စင်စစ် ဤသို့ လုပ်ဆောင်ခြင်းမှာ မဆိုးလှချေ။ သူတို့အတွက် လိုအပ်သည်များကို ပြင်ဆင်ရန်နှင့် ဤနေရာရှိ ကိစ္စရပ်များကို အပ်နှံရန် လုံလောက်သော အချိန် ရရှိစေသောကြောင့် ဖြစ်သည်။
အကြီးအကဲ ကောက်ဟွမ်သည် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ပြန်လှည့်လာကာ ဆိုလိုက်သည်။
“ဒါနဲ့... ဟိုနတ်သားရဲက အဆင့် ၃ နတ်ဘုရားနယ်မြေရဲ့ သီးသန့်သားရဲ ဖြစ်မှာ သေချာတယ်... သူတို့ အဖမ်းခံရတဲ့သူတွေကို ဘယ်ခေါ်သွားလဲ ငါတို့ မသိပေမဲ့ မင်းအနေနဲ့တော့ အထူးသတိထားရမယ်... သူက မင်းကို ဖမ်းဖို့ နောက်ကြောင်းပြန်လှည့်လာနိုင်တယ်...”
“အဆင့် ၃ နတ်ဘုရားနယ်မြေရဲ့ သီးသန့် နတ်သားရဲလား...”
ယီထျန်းယွမ်မှာ မျက်မှောင်ကြုတ်သွားခဲ့သည်။ ၎င်းမှာ အဆင့် ၃ နတ်ဘုရားနယ်မြေ အဆင့်ရှိလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။
“ဟုတ်တယ်... မင်း သတိထားတာ အကောင်းဆုံးပဲ... ငါတို့နဲ့ တစ်ပါတည်း လိုက်လာရင် ပိုပြီး လူသိထင်ရှား ဖြစ်သွားနိုင်တယ်... သူတို့ ဘာတွေးနေလဲ ငါတို့ မသိနိုင်လို့ လမ်းခရီးမှာ သတိထားဖို့ပဲ ငါ ပြောနိုင်တယ်...”
အကြီးအကဲ ကောက်ဟွမ်က ထိုသို့သာ ဆိုနိုင်တော့သည်။ အဆင့် ၃ နတ်ဘုရားနယ်မြေ အဆင့်ရှိသော အင်အားစုနှင့် ရင်ဆိုင်ရပါက သူတို့မှာ မတတ်သာချေ။
အကယ်၍ လူလာလုမည်ဆိုပါက သူတို့အနေဖြင့် ကံကြမ္မာအတိုင်းသာ လက်ခံရပေလိမ့်မည်။ နှစ်ဖက်စလုံး၏ ကွာခြားချက်မှာ အလွန်ပင် ကြီးမားလှသဖြင့် ရုတ်တရက် ရောက်လာပါက တားဆီးရန်မှာ မဖြစ်နိုင်ချေ။
သို့သော် ယီထျန်းယွမ်အနေဖြင့် ထျန်းချွမ်နတ်ဘုရားနယ်မြေသို့ ရောက်ရှိသွားပါက အခြေအနေမှာ ကွဲပြားသွားပေလိမ့်မည်။ အကြီးအကျယ် တိုက်ခိုက်လာခြင်း မဟုတ်ပါက ထျန်းချွမ်နတ်ဘုရားနယ်မြေမှာ အလျှော့ပေးမည့်သူများ မဟုတ်ချေ။ မူလက အကြီးအကဲ ကောက်ဟွမ်သည် သူ့ကို တစ်ပါတည်း ခေါ်သွားရန် ကြံစည်ခဲ့သော်လည်း ပိုမို လူသိထင်ရှားဖြစ်သွားမည်ကို စိုးရိမ်မိသည်။ အကယ်၍ နောက်ကြောင်းပြန်လှည့်လာပါက သူတို့အား ဦးစားပေး ရှာဖွေပေလိမ့်မည်။
ထို့ကြောင့် တိတ်တဆိတ် သွားခြင်းကသာ ပိုကောင်းပေလိမ့်မည်။ ထိုသို့ဆိုလျှင် အဆင့် ၃ နတ်ဘုရားနယ်မြေပင် ဖြစ်စေ ရှာတွေ့ရန် မလွယ်ကူလှချေ။ အဆင့် ၃ နတ်ဘုရားနယ်မြေသည်ပင်လျှင် အရာရာကို သိမြင်နိုင်စွမ်း မရှိကြဘဲ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားများကို အသုံးမပြုဘဲ ရှာတွေ့ရန် မဖြစ်နိုင်ချေ။
ယီထျန်းယွမ်မှာ ပါရမီရှင် ဖြစ်သည်မှာ မှန်သော်လည်း သူ့ကို ရှာဖွေရန် ထိုမျှ ပြင်းထန်သော စွမ်းအားများကို အသုံးပြုခြင်းမှာ တွက်ခြေကိုက်မည်မဟုတ်ချေ။
မှာကြားစရာရှိသည်များကို မှာကြားပြီးနောက် သူတို့ ထွက်ခွာသွားကြသည်။ ယီထျန်းယွမ်သည်လည်း ထျန်းယုနယ်မြေရှင်တို့နှင့်အတူ ပြန်လည် လိုက်ပါလာခဲ့သည်။ ဤတစ်ကြိမ်တွင် သူတို့၏ ရရှိမှုမှာ မနည်းလှဘဲ အမြတ်အစွန်းများစွာ ရရှိခဲ့ကြသည်ဟု ဆိုနိုင်သည်။
သူတို့ သတင်းပို့ရန် မသွားရသေးသော်လည်း ဆုလာဘ်အချို့ကို ကြိုတင် ရရှိထားခဲ့သည်။ ကျန်ရှိသော ဆုလာဘ်များကိုမူ ယီထျန်းယွမ် သတင်းပို့ပြီးမှသာ ပေးအပ်ပေလိမ့်မည်။
ဆုလာဘ်များမှာ အလွန်ပင် ရိုးရှင်းပြတ်သားလှသည်။ အောက်အဆင့် ကောင်းကင်လမ်းစဉ်အဆင့် သိုင်းပညာကျမ်း နှစ်အုပ်ကို တိုက်ရိုက် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ကျန်ရှိသော ဆုလာဘ်များမှာမူ ယီထျန်းယွမ် ထိုနေရာသို့ ရောက်ရှိချိန်တွင် အဆင်သင့် ပေးအပ်ရန် စောင့်ကြိုနေပေလိမ့်မည်။
သို့သော် သတင်းပို့ရမည့် အချိန်ကို ကန့်သတ်ထားသည်။ အကယ်၍ သတ်မှတ်ချိန်ထက် ကျော်လွန်သွားပါက ရှုံးနိမ့်သည်ဟု သတ်မှတ်ကာ တပည့်အဖြစ် လက်ခံမည် မဟုတ်ချေ။ ထိုအခါ ကျန်ရှိသော ဆုလာဘ်များကိုလည်း ရရှိတော့မည် မဟုတ်ပါချေ။
“ဒီတစ်ခါတော့ မင်းကြောင့်ပဲ... ငါတို့ ထျန်ယုနတ်ဘုရားနယ်မြေကတော့ ဂုဏ်ယူဝင့်ကြွားနိုင်ခဲ့ပြီ... အခုတော့ ငါတို့ကို ဘယ်သူမှ အထင်မသေးရဲတော့ဘူး...”
နျန်ချီယွီသည် အလွန်ပင် စိတ်လှုပ်ရှားနေခဲ့သည်။
သူသာမက အခြားသူများမှာလည်း ရင်ခုန်နေကြသည်။ ဆုလာဘ်များ များပြားသည်ထက် မိမိတို့၏ ဂုဏ်သိက္ခာကို ပြန်လည် ဆယ်တင်နိုင်ခဲ့ခြင်းက အဓိကပင် ဖြစ်သည်။ အောက်ဆုံးအဆင့်မှ အသန်မာဆုံးသော အဆင့်သို့ တစ်ဟုန်ထိုး တက်လှမ်းနိုင်ခဲ့ခြင်း မဟုတ်ပါလော။
လိုက်ပါလာသော အခြားသော ပြိုင်ပွဲဝင်များမှာမူ နောက်ဘက်မှ တိတ်ဆိတ်စွာ လိုက်ပါလာကြသည်။ အများစုမှာ မနာလိုစိတ်နှင့် အားကျစိတ်များ ရှိနေကြသော်လည်း ယီထျန်းယွမ်အပေါ်တွင်မူ ပိုမို၍ ကြောက်ရွံ့နေကြသည်။
စီမာခုန်းတို့မှာ ယီထျန်းယွမ်အား မကြည့်ဝံ့ကြတော့ချေ။ ယီထျန်းယွမ်၏ စွမ်းအားမှာ သူတို့ လှမ်းမမီနိုင်သော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အထူးသဖြင့် ယွမ်ထျန်းယုမှာ ခေါင်းပင် မဖော်ဝံ့တော့ချေ။ အရင်က ယီထျန်းယွမ်အား ရန်စရန် ကြံစည်ခဲ့မိသည်ကို ပြန်တွေးကြည့်ရင်း မိမိကိုယ်ကိုယ် အသုံးမကျသူ တစ်ဦးဟုသာ ခံစားနေရတော့သည်။
အဓိက စွမ်းဆောင်ရှင်များမှာ ယီထျန်းယွမ်နှင့် မုရုန်ရှောင်းတို့ ဖြစ်ပြီး ကျန်သူများမှာမူ လိုက်ပါလာရုံသက်သက်သာ ဖြစ်သည်။ ရွေးချယ်ခြင်း မခံရသရွေ့ မည်သို့ပင် ကြိုးစားခဲ့ပါစေ အပိုသာ ဖြစ်ပေလိမ့်မည်။
လူအများမှာ ရလဒ်ကိုသာ ကြည့်ကြပြီး လုပ်ငန်းစဉ်ကို ကြည့်လေ့မရှိကြချေ။
“ကံကောင်းလို့ပါ...”
ယီထျန်းယွမ်က နှိမ့်ချစွာ ပြုံးလျက် နျန်ချီယွီအား ကြည့်ကာ ဆိုလိုက်သည်။
“အကြီးအကဲနျန်... ကျွန်တော့်မှာ တောင်းဆိုစရာ တစ်ခု ရှိပါတယ်...”
“ဘာကိစ္စလဲ... ပြောသာပြောပါ...”
နျန်ချီယွီမှာ အလွန် ဝမ်းသာနေသဖြင့် ယီထျန်းယွမ်၏ တောင်းဆိုချက်မှာ လွန်လွန်ကျူးကျူး မဖြစ်သရွေ့ သူ သဘောတူမည်မှာ သေချာလှသည်။
“ရိုးရိုးလေးပါပဲ... ကျွန်တော် ထာဝရအသက်နန်းတော်ထဲက အနှစ်သာရ အစိတ်အပိုင်း အနည်းငယ်လောက် လိုချင်လို့ပါ... ရနိုင်မလား...”
ယီထျန်းယွမ်က ပွင့်ပွင့်လင်းလင်းပင် ဆိုလိုက်သည်။
ဤသည်မှာ ဝိညာဉ်မျိုးနွယ်စုနှင့် အလွန်ပတ်သက်နေသဖြင့် သူ လက်မလွှတ်နိုင်ချေ။
“ထာဝရအသက်နန်းတော်ထဲက အနှစ်သာရရဲ့ အစိတ်အပိုင်း အနည်းငယ် ဟုတ်လား...”
နျန်ချီယွီမှာ မှင်တက်မိသွားခဲ့သည်။ ယီထျန်းယွမ်က ဤသို့ တောင်းဆိုလိမ့်မည်ဟု သူ မထင်မှတ်ထားဘဲ အခြားသော ကိစ္စရပ်များကို ပြောလိမ့်မည်ဟုသာ ထင်ထားခဲ့ခြင်း ဖြစ်သည်။
“ဟုတ်ပါတယ်... အဲဒါက ကျွန်တော့်အတွက် အရမ်း အရေးကြီးလို့ပါ... အစိတ်အပိုင်း အနည်းငယ်ကို ပေးလို့ ရမလားခင်ဗျာ... အများကြီး မလိုပါဘူး... အပိုင်းအစလေး တစ်ခုဆိုရင် ရပါပြီ...”
ယီထျန်းယွမ်က ဆိုလိုက်သည်။
“ခွင့်ပြုတယ်... အဲဒီအနှစ်သာရက တဖြည်းဖြည်းချင်း ပြန်လည် ပြည့်စုံလာနိုင်တာပဲ... မင်း အနှစ်သာရရဲ့ တစ်ဝက်ကို ယူသွားနိုင်ပါတယ်...”
ဘေးမှ ထျန်းယုနယ်မြေရှင်က တိုက်ရိုက်ပင် ဝင်ရောက် ပြောဆိုလိုက်သည်။
ဘေးရှိ အကြီးအကဲများမှာ ထိတ်လန့်သွားကြသည်။ အနှစ်သာရ၏ တစ်ဝက်ဆိုသည်မှာ အလွန်ပင် များပြားလှပြီး သွေးအန်လောက်သော ပေးဆပ်မှုပင် ဖြစ်သည်။ ထိုမျှ ကြီးမားသော အနှစ်သာရ၏ တစ်ဝက်ကို ဖြတ်တောက်ပေးလိုက်ခြင်းမှာ ထာဝရအသက်နန်းတော်၏ တစ်ဝက်ကို ဖျက်ဆီးလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
“နယ်မြေရှင်... ဒါ... ဒါက...”
ဘေးရှိ အကြီးအကဲများမှာ တုန်လှုပ်သွားကြပြီး တားဆီးရန် ကြိုးစားလိုက်ကြသည်။
“ဘာမှ ထပ်မပြောနဲ့တော့... မြေကမ္ဘာအရှင်ယီထျန်းယွမ် ယူဆောင်လာပေးတဲ့ ဂုဏ်သိက္ခာက အရာအားလုံးထက် သာလွန်တယ်...”
ထျန်းယုနယ်မြေရှင်က လေးနက်စွာဖြင့် ဆိုလိုက်သည်။
“နောက်ပြီး ရရှိလာတဲ့ ဆုလာဘ်တွေနဲ့ ယှဉ်ရင် အနှစ်သာရဆိုတာ ဘာမှ မဟုတ်ဘူး... အချိန်အနည်းငယ် ပေးလိုက်ရင် ပြန်ပြည့်လာမှာပဲ... ဒါပေမဲ့ ဒီလို ဂုဏ်သိက္ခာမျိုးကတော့ အနှစ်သာရ အကြိမ်ကြိမ် ပြန်ကောင်းလာရင်တောင် တစ်ခါမှ မပေါ်ပေါက်ခဲ့ဖူးဘူး...”
ထျန်းယုနယ်မြေရှင်၏ စကားလုံးများမှာ အကျိုးအကြောင်း ခိုင်လုံလှသဖြင့် အကြီးအကဲများမှာ မှင်တက်မိသွားကြရသည်။ ထို့နောက်တွင် သူတို့အားလုံးမှာ ခေါင်းညိတ် ထောက်ခံလိုက်ကြပြီး ဆက်လက် တားဆီးခြင်း မပြုကြတော့ချေ။
ယီထျန်းယွမ်သည် မျက်မှောင်ကြုတ်လိုက်သည်။ ဤထျန်းယုနယ်မြေရှင်မှာ အမှန်တကယ်ပင် အကျိုးအကြောင်း သိမြင်သူ ဖြစ်ပြီး လက်ကြီးသူလည်း ဖြစ်သည်။ အရင်းအနှီး မရှိဘဲ အကျိုးအမြတ် မရနိုင်သည်မှာ သဘာဝပင် ဖြစ်သည်။ ဂုဏ်သိက္ခာကို လိုချင်သော်လည်း တန်ဖိုးကိုမပေးချင်ပါက မည်သူက ထျန်းယုနတ်ဘုရားနယ်မြေအတွက် အလုပ်လုပ်ပေးပါမည်နည်း။
အမှန်စင်စစ် အရာရာမှာ စွမ်းအားအပေါ်တွင်သာ အခြေခံနေသည်။ အစွမ်းထက်သော စွမ်းအား မရှိပါက အနှစ်သာရ၏ တစ်ဝက် နေနေသာသာ သဲတစ်ပွင့်ပင် ပေးလိုကြမည် မဟုတ်ချေ။ ယခုအခါ တစ်ဝက်ကို တိုက်ရိုက် ပေးအပ်ခြင်းမှာ ထျန်းယုနတ်ဘုရားနယ်မြေက သဘောကောင်းလွန်း၍ မဟုတ်ဘဲ ယီထျန်းယွမ် ကိုယ်တိုင် ကြိုးစား အားထုတ်ခဲ့သောကြောင့်သာ ဖြစ်သည်။
“နယ်မြေရှင်ကို ကျေးဇူးတင်ပါတယ်... ကျွန်တော် တစ်ဝက်အထိ မလိုပါဘူး... အစိတ်အပိုင်း အနည်းငယ်ဆိုရင် လုံလောက်ပါပြီ...”
ယီထျန်းယွမ်မှာ အလွန်အကျွံ မလိုချင်ဘဲ လိုအပ်သလောက်သာ ယူရန် ဆုံးဖြတ်လိုက်သည်။
အခန်း ၁၀၅၆ ပြီးပါပြီ။