← Chapters

စစ်မီးလျှံများဖြင့် မြေပြင်ကို ဆေးကြောခြင်း

Vol. 92 Ch. 1282

စစ်မီးလျှံများဖြင့် မြေပြင်ကို ဆေးကြောခြင်း

Vol. 92 Ch. 1282

ဒဏ်ရာရထားသော ခေါင်းဆောင်ကြီးငါးဦးပင်လျှင် လေးစားကြည်ညိုသောမျက်ဝန်းများဖြင့် မန်ဟို့ကို ကြည့်နေကြသည်။ မန်ဟို၏ ရဲစွမ်းသတ္တိရှိသော တင်ဆက်မှုနှင့် သူ၏ ယတိပြတ် ပြတ်သားမှုတို့က သူတို့၏နှလုံးသားများကို ကြောက်စိတ်ကြောင့် အေးစက်သွားစေခဲ့သည်။

ဘွားဘွားမန်သည် လူအုပ်ကြီးကြားထဲ၌ ရှိနေပြီး သူမလည်း ရင်သပ်ရှုမောနေလေသည်။ ဤကောင်လေးကား ... သူမကို ထပ်ခါတလဲလဲ အံ့ဩစေခဲ့သော သူမ၏မြေးအရင်းခေါက်ခေါက် ဖြစ်ချေ၏။

“ငါက မင်းတို့ရဲ့ခေါင်းဆောင်ကြီးမဟုတ်ဘူး” မန်ဟိုက မန်မျိုးနွယ်ဝင်များကို အေးစက်စွာ လှမ်းကြည့်ရင်း ပြောသည်။ “ငါဟာ မန်ချိန်လည်း မဟုတ်ဘူး ... ငါ့ နာမည်က မန်ဟို

“ငါက နဝမတောင်ပင်လယ်ရဲ့ ဖန်မျိုးနွယ်စုကနေ လာတာ” သူ၏စကားလုံးများက မန်မျိုးနွယ်အားလုံးကို ကြက်သေသေသွားစေသည်။ ရုတ်တရက် ခေါင်းဆောင်ကြီးများသည် တစ်ခုသောကိစ္စကို မှတ်မိလိုက်ကြ၍ မျက်လုံးများ ပြူးကျယ်သွားကြ၏။

မန်ဟို သူ့အဘွားဆီ လျှောက်လာစဉ် မျက်လုံးအားလုံးက သူ့အပေါ် ကျရောက်နေသည်။ လူများသည် သူ့အတွက် လမ်းဖယ်ပေးကြသည့်အတွက် မကြာခင် သူကား သူမအရှေ့တည့်တည့်တွင် ရပ်နေလေပြီ။ မန်ဟိုသည် အဘွားဖြစ်သူကို နူးညံ့ကြင်နာစွာ ကြည့်ပြီးနောက် လက်ယှက်ကာ အရိုအသေပေးလိုက်သဖြင့် ဘွားဘွားမန်၏မျက်နှာထက်တွင် ခံစားချက်များပြင်းထန်လာသော အရိပ်အယောင် ဖြစ်ပေါ်လာသည်။

“ဘွားဘွားမန်” သူက ပြောသည်။

မန်မျိုးနွယ်ဝင်များသည် မန်ဟို သူမကို အမေ့ဘက်မှအဘွားကို ခေါ်သည့် အခေါ်နှင့် ခေါ်လိုက်သည်ကို ကြားလိုက်လျှင် ဘွားဘွားမန်ကို လှည့်ကြည့်ကြ၏။ တခဏကြာတွေးပြီးသော် လူအပေါင်းကား သူမကို လက်ယှက်အရိုအသေပေးလာကြသည်။

ခေါင်းဆောင်ကြီးငါးဦးပင်လျှင် ထိုသို့လုပ်နေ၏။

ဤတိုက်ပွဲပြီးနောက် မန်ဟို့အဘွားနှင့် သူမလူများသည် ပင်မသွေးဆက် အမှန်စင်စစ် ဖြစ်လာ၏။ မန်မျိုးနွယ်စုတွင် အသက်ရှင်ကျန်ခဲ့သူများမှာ မည်သည့်သွေးဆက်ပင်ဖြစ်လင့်ကစား ကန့်ကွက်စကားတစ်ခွန်းမဆိုကြပေ။ အမှန်တွင် သူတို့သည် စိတ်ရင်းထဲမှပင် အသိအမှတ်ပြုကြ၏။

ခေါင်းဆောင်ကြီးငါးဦးလည်း ထိုနည်းတူ ခံစားရသည်။ အထူးသဖြင့် သတ္တမတောင်ပင်လယ် ကျူးကျော်လာခဲ့၍ တောင်ပင်လယ်စစ်ပွဲတစ်ပွဲ စတင်နေသည်ကို ထည့်တွက်လျှင်ပင်။ မန်ဟို့လို ကြောက်စရာကောင်းသော ပုဂ္ဂိုလ်တစ်ဦး သူတို့ကို ဦးဆောင်ဖို့ ဤနေရာတွင် ရှိနေခြင်းက မှော်အဆောင်တစ်မျိုးဖြင့် ကာကွယ်ခြင်းခံထားရသလို ခံစားရစေသည်။

ထိုအဆောင်တည်ရှိနေသရွေ့ မန်မျိုးနွယ်စုသည် စစ်ပွဲအတွင်း အန္တရာယ်ကင်းနိုင်မည့်အပြင် သေရေးရှင်ရေးအခိုက်အတန့်များတွင် အကူအညီရရှိနိုင်မည့် အခွင့်အရေးကိုလည်း ပိုင်ဆိုင်ထားလိမ့်မည်။ ဤအခိုက်အတန့်တွင် မျိုးနွယ်စုအတွင်း ပုဂ္ဂိုလ်ရေးရာပြိုင်ဆိုင်မှုများနှင့် အာဏာလုမှုများ ရပ်တန့်သွားခဲ့လေပြီ။

ခွန်အားသည် အရာရာဖြစ်လာ၏။

ဘွားဘွားမန်က မန်ဟို၏စကားကို မငြင်းပယ်ဘဲ ပျောက်ဆုံးနေသော ဘိုးဘိုးမန်၏နေရာကို ယူ၍ သူ၏လုပ်ပိုင်ခွင့်အာဏာကို ကိုင်စွဲရင်း ကိုယ်စားမျိုးနွယ်စုခေါင်းဆောင်မကြီး ဖြစ်လာသည်။ အမိန့်အမြောက်အမြား ထုတ်ပြန်ခံရသည်။ မန်မျိုးနွယ်စုသည် စစ်ပွဲတွင် အသက်ရှင်ကျန်ခဲ့ပြီး သစ္စာဖောက်များကို ကွပ်မျက်၍ ယခုတွင် ဘဝအသစ်ကို ရရှိသွားလေ၏။

အရန်ကုန်းမြေကိုးခုသည် ပြန်လည်နေရာချထားခံရပြီး မျိုးနွယ်မန္တန်ဝင်္ကပါအသစ်အသွင် ပြောင်းလဲခံရသည်။ ဘိုးဘေးစံအိမ်လည်း အစအဆုံး မွမ်းမံတည်ဆောက်ခံရသည်။

မန်ဟိုက မန်မျိုးနွယ်စုတွင် တံခါးပိတ်ကျင့်ကြံရန် ရွေးချယ်ခဲ့သည်။ သူ့အနေဖြင့် စတုတ္ထတောင်ပင်လယ်သို့ သွားလိုစိတ် အင်မတန်ပြင်းပြနေသော်လည်း လက်ရှိအချိန်တွင် မန်မျိုးနွယ်စုမှ သူ့ကို လိုအပ်သည်။

တံခါးပိတ်ကျင့်ကြံခြင်းမစတင်ခင် သူက ကြယ်တာရာကောင်းကင်ကို မော့ကြည့်လိုက်၏။ ဟိုးအဝေးက စတုတ္ထတောင်ပင်လယ်ရှိ ရှုချင်ကို သူ လှမ်းမြင်လိုက်ရသည့်အလားပင်။ သူသည် ထိုအတိုင်း တခဏ တိတ်ဆိတ်စွာ ထိုင်နေပြီးနောက် မျက်လုံးများကို ပိတ်၊ တင်ပျဉ်ခွေထိုင်ကာ ဝင်လေထွက်လေ စရှုတော့၏။

သတ္တမတောင်ပင်လယ်၏ မူလအစီအစဉ်အရ ယခုအချိန်ဆိုလျှင် မန်မျိုးနွယ်စုမှာ တစ်ယောက်မကျန် အမြစ်ဖြုတ်ခံခဲ့ရပြီးဖြစ်မည်။ ယခုတော့ ကျူးကျော်သူများအတွက် မရှုမလှရှုံးနိမ့်မှုကြီး ဖြစ်ခဲ့ပြီး ရှောင်ရိဟန်သည် ပင်မတပ်ဖွဲ့ တပ်ချထားသော နေရာ၊ တောင်ပင်လယ်နှစ်ခုအကြားက အကွဲကြောင်းသို့ ပြန်ရောက်သွားသောအခါ ဖြစ်ကြောင်းကုန်စင်ကို အစီရင်ခံတင်ပြခဲ့၏။ သူ၏အစီအရင်ခံစာအား တင်ပြပြီးလျှင် မန်ဟို့အကြောင်း မေးမြန်းခြင်းမရှိသလို၊ ထိုကိစ္စနှင့်ကို ဖုံးဖိထားဖို့လည်း မကြိုးစားကြပေ။

ထိုစဉ် ကောင်းကင်နတ်ဘုရားမဟာမိတ်တွင် ကျင့်ကြံသူငါးသောင်းနီးပါးသည် တပ်မဟာစစ်ကြောင်းတစ်ကြောင်းအဖြစ် စုရုံးနေရာယူထားကြပြီးပြီဖြစ်၏။ မရေမတွက်နိုင်သော အစွမ်းထက်ပညာရှင်များသည် စစ်သေနာပတိများအဖြစ် ရာထူးအပ်နှင်းခံရပြီး မကြာမီ သူတို့အားလုံး ကောင်းကင်နတ်ဘုရားမဟာမိတ်မှ ထွက်ခွာကာ ... သတ္တမတောင်ပင်လယ် တပ်ချထားသော အကွဲကြောင်းထံ ချီတက်သွားကြတော့သည်။

အဋ္ဌမနှင့် သတ္တမတောင်ပင်လယ်၏ ပထမဆုံးတိုက်ပွဲအစစ် ဖြစ်ပွားဖို့ မကြာတော့လေရာ ၎င်းက အာရုံစိုက်ရာဖြစ်လာသည်။ ဟန်မျိုးနွယ်စုနှင့် မန်မျိုးနွယ်စုနှစ်စုလုံး တိုက်ပွဲအတွင်း မည်သည်တို့ဖြစ်ပျက်လာနိုင်သလဲ ဦးစွာစောင့်ကြည့်လေ့လာဖို့ ကျင့်ကြံသူများအား စေလွှတ်ကြသည်။

သိပ်မကြာလိုက်ပေ။ သုံးရက်ကြာသော် ... အကွဲကြောင်း၏ အပြင်နားလေးမှာတင် တိုက်ပွဲစသည်။

သတ္တမတောင်ပင်လယ်မှ ကျင့်ကြံသူများက အကွဲကြောင်းမှ တဖွဲဖွဲ ထွက်လာနေပြီး ယခုတွင် အင်အားအားဖြင့် ခြောက်သောင်းခုနစ်သောင်းမျှ တောင့်တင်းနေလေပြီ။ တိုက်ပွဲစသောအခါ မယုံနိုင်အောင် ပြင်းထန်၏။

လူတိုင်း ဘုရင့်နောင်ဖောင်ဖျက် တိုက်ခိုက်နေကြသဖြင့် တိုက်ခိုက်သံများ၊ ညာသံပေးသံများ အဆက်မပြတ် ပွက်လောရိုက်နေသည်။ အဋ္ဌမတောင်ပင်လယ်သည် သူတို့၏အဆင့်မြင့်လက်နက်နှင့် မှော်ပစ္စည်းတချို့ကို ထုတ်သုံးရင်း အင်တိုက်အားတိုက် တိုက်ခိုက်နေကြသလို သတ္တမတောင်ပင်လယ်လည်း အလားတူဖြစ်၏။ တိုက်ပွဲသည် ခုနစ်ရက်တိုင်တိုင် မရပ်တန့်ပေ။ ပေါက်ကွဲသံများ ကြယ်တာရာကောင်းကင်တွင် ပြည့်နှက်နေပြီး ခုနစ်ရက်အတွင်း သွေးညှီနံတို့က အဋ္ဌမတောင်ပင်လယ်၏ တစ်ဝက်နီးပါးအထိ ပျံ့နှံ့လာခဲ့သည်။

နှစ်ဖက်လုံးတွင် စစ်သည်တော်များ မရေမတွက်နိုင်အောင် ကျဆုံးကြသည်။ တာအိုနယ်ပယ်ပညာရှင်များပင် ပါဝင်၏။ ရံဖန်ရံဖန် ကျင့်ကြံသူများသည် ခန္ဓာဖောက်ခွဲရင်း ပေါက်ကွဲလှိုင်းများအား အရပ်လေးမျက်နှာတစ်ခွင် ဖြာထွက်သွားစေတတ်သည်။

တိုက်ပွဲကား ပြောပြမတတ်အောင်အထိ ခါးသီးပြင်းထန်လှပေသည်....

ခုနစ်ရက်ကြာပြီးနောက် ကောင်းကင်နတ်ဘုရားမဟာမိတ် .... အထိနာအရေးနိမ့်သွားသည်။

ရှေ့တန်းလိုက်သွားခဲ့သော ကျင့်ကြံသူ ငါးသောင်းအနက်မှ နှစ်ထောင်မပြည့်တပြည့်သာ ပြန်ရောက်လာခဲ့သည်။ သတ္တမတောင်ပင်လယ်ဘက်မှ အကျအဆုံးများကား သိသိသာသာ နည်းပါး၏။ အမှန်တွင် သတ္တမတောင်ပင်လယ်မှ ကျင့်ကြံသူများ အဆက်မပြတ် စိမ့်ဝင်ရောက်လာနေသည့်အတွက် နောက်ဆုံးတွင် စစ်ကူကား သောင်းနှင့်ပင်ချီလာတော့သည်။

ထိုပထမဆုံးတိုက်ပွဲက အဋ္ဌမတောင်ပင်လယ်ကို တုန်လှုပ်သွားစေခဲ့သည်။ ကောင်းကင်နတ်ဘုရားမဟာမိတ်၏ ဂိုဏ်းများမှာ ပြိုလဲတော့မတတ် ကြောက်ရွံ့ကုန်ကြသည်။ တိုက်ခိုက်ခဲ့သောအရာက တိုက်ပွဲအစစ်ဖြစ်ပြီး ရလဒ်ထွက်လာသော ဆုံးရှုံးမှုက ကောင်းကင်နတ်ဘုရားမဟာမိတ်အတွက် အရှိုက်ကိုထိသည့် ထိုးနှက်ချက်ကြီး ဖြစ်၏။

ဤရွေ့ဤမျှသာဆိုလျှင် ရေးကြီးခွင်ကျယ်မဟုတ်။ သို့သော် သတ္တမတောင်ပင်လယ်၏ကျင့်ကြံသူများသည် အသာစီးရနေသောအခြေအနေကို အခွင့်အကောင်းယူကာ ကောင်းကင်နတ်ဘုရားမဟာမိတ်ပိုင်နက်ထဲ ထိုးဖောက်သတ်ဖြတ်ဖို့ အင်အားခုနစ်သောင်းအား စေလွှတ်လိုက်၏။

စစ်ပွဲကား .... အမှန်တကယ် စတင်ခဲ့လေပြီ။

ကောင်းကင်နတ်ဘုရားမဟာမိတ်၏အပြင်ရှိ ဟန်မျိုးနွယ်စုက အဝင်အထွက်ပိတ်ကာ အပြင်လောကနှင့် အဆက်အသွယ်အားလုံး ဖြတ်ထားသည်။ သူတို့သည် ရန်သူကို တိုက်ခိုက်ဖို့ မစဉ်းစားဘဲ သူတို့ကိုယ်သူတို့သာ ကာကွယ်နေ၏။ သို့သော် ရလဒ်အနေဖြင့် တစ်လကြာသည့်အခါ သတ္တမတောင်ပင်လယ်က သူတို့ကို တိုက်ခိုက်တော့သည်။

သတ္တမတောင်ပင်လယ် ပင်မတပ်ဖွဲ့၏ တပ်မဟာတစ်ခုလုံး သူတို့ထံ စေလွှတ်ခံလိုက်ရလေသည်။

စစ်မီးတောက်မီးလျှံများသည် အဋ္ဌမတောင်ပင်လယ်တွင် တဟုန်းဟုန်း တောက်လောင်နေ၏။ သတ်ဖြတ်မှုများ၊ တိုက်ခိုက်မှုများကား အဆုံးမရှိပေ။ ပိုဆိုးသည်က သတ္တမတောင်ပင်လယ်သားများသည် ကျိန်စာအစွမ်းအသုံးပြုရာ၌ တစ်ဖက်ကမ်းခတ် ထူးချွန်၏။ ထိုမျှသာမက သူတို့တွင် ရန်သူကို တဖြုတ်ဖြုတ် ဇီဝိန်ခြွေနိုင်သော အံ့မခန်းလိလိအင်အားကို ပိုင်ဆိုင်ထားသည့် မပျက်စီးနိုင်လုနီးပါးဖြစ်သော ခန္ဓာကိုယ်နှင့် ကိုယ်ကာယကျင့်ကြံသူများလည်း ရှိလေသည်။

သတ္တမတောင်ပင်လယ်၏ကျင့်ကြံသူများသည် တိုက်ပွဲတွင် ဧရာမသားရဲကြီးများကိုလည်း အသုံးပြု၏။ ထိုသားရဲများက ကြောက်မက်ဖွယ်စွမ်းအားကို ထုတ်လွှတ်နိုင်ရာ တိုက်ပွဲပေါ်တွင် ကြီးမားသောသက်ရောက်မှု ရှိလာလေသည်။

နည်းနည်းလေးမှ မထိခိုက်ပုံရသော အင်အားစုမှာတော့ ... မန်မျိုးနွယ်စုပင်။ သတ္တမတောင်ပင်လယ်သည် သူတို့၏ပိုင်နက်ကို တားမြစ်နေရာအဖြစ် ရှုမြင်နေကြပုံရသည်။ တောင်ပင်လယ်စစ်ပွဲစသည့် လတစ်လျှောက်လုံး မန်မျိုးနွယ်စုမှာ စိတ်ကူးယဉ်ကမ္ဘာလေးပမာ ဖြစ်နေခဲ့သည်။ မထင်မှတ်ဖွယ်ကောင်းစွာနှင့် ... သတ္တမတောင်ပင်လယ်သားတစ်ယောက်မှ ထိုဧရိယာထဲ ဝင်မလာခဲ့ပေ။

သူတို့သည် ရံဖန်ရံခါ ဖြတ်သွားတတ်သော်လည်း ထိုသို့ဖြတ်သွားတိုင်း သူတို့၏မျက်နှာများ ရိပ်ခနဲ ဖြစ်သွားတတ်ပြီး မြန်နိုင်သမျှမြန်မြန် သုတ်ခြေတင်သွားတတ်ကြ၏။

ဤသတင်းကို ဟန်မျိုးနွယ်စုနှင့် ကောင်းကင်နတ်ဘုရားမဟာမိတ်မှ မကြားဘဲမနေပေ။ သူတို့သည် အံ့အားသင့်သွားကြသော်လည်း သတ္တမတောင်ပင်လယ်၏ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေမှုကို ရင်ဆိုင်နေရသည့်အချိန်တွင် စုံစမ်းမေးမြန်းနေရန် အချိန်မရှိပေ။

မန်ဟိုကတော့ အေးအေးလူလူသာ။ သူသည် မန်မျိုးနွယ်စုတွင် သူ့အတွက် သီးသန့်ထားရှိထားသော လျှို့ဝှက်အခန်းတွင် တရားထိုင်ရင်းသာ နေ၏။ ထိုအခန်းက တောင်ပင်လယ်လောက၏ ချီစီးကြောင်းကို ပို၍ပင် ခံစားရသည့် မျိုးနွယ်စု၏အလယ်ရှိ ရုပ်တုကြီးအတွင်း၌ တည်ရှိလေသည်။ အဆိုပါချီစီးကြောင်းက သူ့ကို ကျင့်ကြံအားထုတ်ရာတွင် များစွာ အကူအညီပေး၏။

သူသည် အပြင်၍ ဖြစ်ပွားနေသော စစ်ပွဲနှင့်ပတ်သက်ပြီး စိုးရိမ်စိတ်အလျှင်းမရှိ။ ကျင့်ကြံအားထုတ်ရင်း အင်မော်တယ်စွမ်းအားနှင့်ရှေးဟောင်းမန်နာအကြားက ကွဲပြားမှုကို သုံးသပ်ရာတွင်သာ တစိုက်မတ်မတ် အာရုံပြုထား၏။

သူက သူ၏ဝိညာဉ်မီးအိမ် ၃၃ လုံးကိုလည်း အချိန်ပေးလေ့လာတတ်သည်။ တစ်စက္ကန့်ကုန်သွားတိုင်း ၎င်းတို့သည် ပိုမိုတောက်ပလာပြီး ၎င်းတို့ကို ငြှိမ်းလိုသည့် မန်ဟို၏အာသီသလည်း အလားတူ ပြင်းထန်လာသည်။

မန်မျိုးနွယ်စုသည် စစ်ဝင်မတိုက်သော်လည်း အပြင်၌ ဖြစ်ပျက်နေသောအရာများနှင့်ပတ်သက်၍ နားစွင့်ထား၏။ ထိုသတင်းများမှာ မန်ဟို ဖြစ်ကြောင်းကုန်စင်ကို အချိန်နှင့်အမျှ သိရှိစေဖို့ မန်ဟို့ထံ တစ်ဆင့်တင်ပြခံရသည်။ မန်ဟိုသည် လက်ရှိဖြစ်ပျက်နေသမျှအရာအားလုံးမှာ စလုံးရေစသာ ရှိသေးကြောင်း ကောင်းကောင်းသိထားသူ မဟုတ်ပါလော။

“တကယ့်စစ်ပွဲ .... ရောက်လာတော့မှာပဲ စိုးရိမ်မိတယ်” သူက ကြက်တူရွေး ယခုရက်ပိုင်း မည်မျှဂနာမငြိမ်ဖြစ်နေခဲ့သည်ကို တွေးရင်း ရေရွတ်လိုက်သည်။

မန်မျိုးနွယ်စုအတွင်း၌ တိတ်ဆိတ်အေးချမ်းနေ၏။ မျိုးနွယ်ဝင်များသည် ကျင့်ကြံအားထုတ်နေကြသော်လည်း ရံဖန်ရံခါ အေးစက်သောမျက်ဝန်းများဖြင့် ကြယ်တာရာကောင်းကင်ကို မော့ကြည့်တတ်ကြလေသည်။

အချိန်များ ကုန်လွန်သွားသည်။ နောက်ထပ်လဝက် ကြာခဲ့လေပြီ။ မကြာမီ အဋ္ဌမတောင်ပင်လယ်နှင့် သတ္တမတောင်ပင်လယ်အကြား စစ်ဖြစ်နေခဲ့သည်မှာ နှစ်လတိုင်ခဲ့ပြီဖြစ်သည်။ ကျင့်ကြံသူအင်အားကား သောင်းဂဏန်းမကတော့ဘဲ သိန်းသန်းချီလာတော့သည်။

ကြယ်တာရာကောင်းကင်သည် မန်မျိုးနွယ်စုအတွင်း၌ပင် ပဲ့တင်ထပ်နေသည့်တိုင်အောင် နေ့စဉ်ဆက်တိုက် ထစ်ချုန်းမြည်ဟည်းနေတော့၏။ သွေးညှီနံများလည်း နေရာတိုင်းနေရာတိုင်းတွင် တထောင်းထောင်း ထနေသည်။ ကောင်းကင်နှင့်မြေကြီး၏စွမ်းအင် ပရမ်းပတာဖြစ်လာသည်ကိုလည်း မည်သည့်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူမဆို တွေ့ရှိနိုင်လေသည်။

နောက်ဆုံးတော့ ကျန်တောင်ပင်လယ်များမှ အင်အားကြီးပုဂ္ဂိုလ်များလည်း အဋ္ဌမတောင်ပင်လယ်တွင် တောင်ပင်လယ်စစ်ပွဲတစ်ပွဲ ဖြစ်ပွားနေကြောင်း ခံစားလာကြရသည်။

အမှန်တွင် မန်ဟိုသည် တောင်ပင်လယ်လောက၏ ချီစီးကြောင်းတစ်ခုလုံးပင် ဝမ်းနည်းပူဆွေးနေသကဲ့သို့ ဖြည်းဖြည်းချင်း လွင့်ပါးလျော့နည်းလာနေသည်ကို ခံစားလိုက်ရ၏။

“အပြင်သူတွေ ရောက်လာတော့မယ့်အချိန်မှာ .... အချင်းချင်း စစ်ဖြစ်နေတာကြောင့် ပူဆွေးဝမ်းနည်းနေတာလား” မန်ဟိုက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဒါတောင် မင်းက စစ်ကို မတားပါလား... မဟာစစ်ပွဲကြီးဟာ တားလို့မရတာကြောင့် တောင်ပင်လယ်စစ်ပွဲဟာ ငါတို့ကို သွေးပေးမယ့် ဓားသွေးကျောက်ဖြစ်တယ်လို့ ငါ့လိုပဲ ခံစားနေရတာကြောင့်လား” သူက မန်မျိုးနွယ်ဝင်တစ်ယောက် ပြီးခဲ့သည့်လ၏ စစ်ရေးအခြေအနေကို သူ့ဆီ တင်ပြခဲ့သော ကျောက်စိမ်းပြားကို ငုံ့ကြည့်လိုက်သည်။

လွန်ခဲ့သည့်လဝက်က ကောင်းကင်နတ်ဘုရားမဟာမိတ်၏ နေရာရွှေ့ပြောင်းဂြိုဟ်အားလုံး ဖျက်စီးခဲ့ရပြီး သတ္တမတောင်ပင်လယ်သားကျင့်ကြံသူတစ်သန်းက ဗဟိုအထိ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ ကောင်းကင်နတ်ဘုရားမဟာမိတ်ကျင့်ကြံသူများမှာ တိုက်ပွဲတစ်ပွဲပြီးတစ်ပွဲ ဆင်နွှဲခဲ့ရ၏။ မကြာမီ စစ်ပွဲသည် ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီး အဆုံးသတ်ရလဒ်ကို မည်သူမှ ခန့်မှန်းနိုင်မည်မဟုတ်သော နောက်ဆုံးတိုက်ပွဲအတွက် အရှိန်ပြန်ယူနေကြသည့်အလား နှစ်ဖက်လုံး တပ်ပြန်ရုတ်လိုက်ကြ၏။

သို့သော် အသေးစာတိုက်ပွဲများကတော့ ဆက်တိုက်ဖြစ်ပွားနေဆဲပင်။

လွန်ခဲ့သောငါးရက်က ... ဟန်မျိုးနွယ်စုပြိုလဲသွားခဲ့သည်။ မရှုမလှ ကျဆုံးပြီးနောက် အသက်ရှင်ကျန်ခဲ့သူများက ထွက်ပြေးသွားခဲ့သော်လည်း သတ္တမတောင်ပင်လယ်သားများ၏ လိုက်ဖမ်းခံခဲ့ကြရသည်။

**

မန်ဟိုသည် ကြယ်တာရာကောင်းကင်ကို တိတ်ဆိတ်စွာ မော့ကြည့်ပြီး ဟန်ချင်းလဲ့ကို တွေးနေရင်း ရုတ်တရက် မျက်လုံးများ လင်းခနဲ လက်သွား၏။

အဝေးက မန်မျိုးနွယ်စု ထိန်းချုပ်သော ဧရိယာ၏အစပ်နားတွင် အမြင့်ဆုံးအရှိန်ဖြင့် ပျံသန်းနေကြသော ကျင့်ကြံသူရာပေါင်းများစွာကို မန်ဟို လှမ်းမြင်လိုက်သည်။ ယောက်ျားမိန်းမ၊ ကလေးလူကြီးအကုန်ပါဝင်ပြီး အားလုံးမှာ ခိုကိုးရာမဲ့နေသောအမူအရာများဖြင့် ဒဏ်ရာရထားကြလေသည်။ တစ်ခါတရံ ဒဏ်ရာဒဏ်ချက်များမှ သွေးများ ဖွားခနဲ ပန်းထွက်လာတတ်သည်။ သူတို့ကို အလွန်ဒဏ်ရာပြင်းထန်နေပုံရသော မျက်နှာဖြူဖပ်ဖြူလျော်နှင့် တာအိုနယ်ပယ်ကျင့်ကြံသူအဘိုးကြီးနှစ်ယောက်က ဦးဆောင်နေသည်။

အံ့အားသင့်ဖွယ်ကောင်းစွာနှင့် ဟန်ချင်းလဲ့သည် ထိုတာအိုနယ်ပယ်ကျင့်ကြံသူနှစ်ယောက်၏ အနောက်၌ တင်းမာခက်ထန်သောမျက်နှာထားဖြင့် ရှိနေ၏။ သူသည် အသတ်အဖြတ်အငွေ့များကို ထုတ်လွှတ်နေသော်လည်း သူ့အသားမှာ ကျိန်စာမိထားသည့်အလား မူမမှန်စွာ မည်းနက်နေသည်။ သူ့ခန္ဓာကိုယ်မှာလည်း အလွန်တရာပိန်ချုံးနေပြီး အသားအရေခမ်းခြောက်နေသော ခုလတ်တွင် ဖြစ်ဟန်တူသည်။

ဤလူများသည် မျိုးနွယ်စုအဖျက်စီးခံခဲ့ရပြီးနောက် ထွက်ပြေးလာနိုင်ခဲ့သော ဟန်မျိုးနွယ်ကျင့်ကြံသူများ ဖြစ်ကြ၏။

သူတို့အနောက်တွင် တစ်ကောင်လျှင် မီတာသုံးထောင်တိတိ ရှည်လျားသော ဧရာမသားရဲကြီးသုံးကောင်ရှိသည်။ ထိုသားရဲများက ကြမ်းကြုတ်သောအသွင်အပြင်များနှင့် မြစိမ်းရောင်ပင့်ကူကြီးများ ဖြစ်လေသည်။

ထိုပင့်ကူတစ်ကောင်စီ၏အပေါ်တွင် ထိုင်နေသူများကတော့ အားရကျေနပ်နေသောအမူအရာများဖြင့် ဟန်မျိုးနွယ်ကျင့်ကြံသူများကို သွေးအေးအေး လိုက်ဖမ်းနေသော ကျင့်ကြံသူတစ်ထောင်ကျော်ဖြစ်သည်။ အလယ်အကျဆုံးပင့်ကူကြီး၏အပေါ်က မြစိမ်းရောင်ပလ္လင်ပေါ်တွင်မူ လူငယ်တစ်ယောက် ထိုင်နေသည်။ သူ၏ခြေတစ်ဖက်က သူ့အရှေ့တွင် ကတုန်ကယင်ဖြင့် လေးဖက်ထောက်နေသော မိန်းကလေးတစ်ယောက်၏ ကျောပေါ် တင်ထားပြီး သူ့လက်တစ်ဖက်က  အမျိုးသမီးကျင့်ကြံသူတစ်ယောက်ကို သိုင်းဖက်ထားသည်။

လူငယ်၏ မျက်ဝန်းများသည် ရက်စက်ကြမ်းကြုတ်စွာဖြင့် မြစိမ်းရောင်တောက်နေ၏။

“ငါ သခင်လေးရဲ့ အမိန့်ကို နာခံကြ” သူက ကောက်ကျစ်စွာ ပြုံးရင်း ပြောသည်။ “ငါ ဟန်ချင်းလဲ့ကို အရှင်လတ်လတ် လိုချင်တယ်။ ကျန်တဲ့ကောင်တွေကိုတော့ ဧရာမမိစ္ဆာသားရဲကြီးတွေကို ကျွေးလိုက်"

All Chapters