← Chapters

လူရိုင်းခေတ်

Vol. 19 Ch. 272

လူရိုင်းခေတ်

Vol. 19 Ch. 272

*အဲ့ဒါ … ယဲ့ဖန်မလား*

ထိုအချိန်တွင် ရင်းလုံနှင့် နန်ရှန့်အကြီးအကဲတို့ အလွန် အံ့ဩသွားကြသည်။ သူတို့ ယဲ့ဖန်ကို အလွန် မုန်းတီးကြသည်။ သူ ပြာဖြစ်သွားလျင်တောင်မှ သူတို့ မှတ်မိပါသည်။

ယခင်က ယဲ့ဖန် မုချ သေရတော့မည်ဟု သူတို့ ယုံကြည်ခဲ့ကြသည်။ ထင်မှတ်မထားဘဲ ရန်သူတော်ကြီးက ခလုတ်မထိ ဆူးမညိဘဲ အကောင်းအတိုင်း ရှိနေသည်။

ပို၍ အံ့ဩဖွယ်ကောင်းသည့် အချက်က ယဲ့ဖန်သည် အမှောင်ဂိုဏ်းချုပ်၏ သခင်ကြီး ဖြစ်နေသည်။ ထို့ကြောင့် ရင်းလုံနှင့် နန်ရှန့်အကြီးအကဲတို့ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်သလို ဖြစ်နေရသည်။

"မဟုတ်ဘူး … ဒါ လုံးဝ မဖြစ်နိုင်ဘူး … ယဲ့ဖန်က အရှင့်ရဲ့သားကို သတ်လိုက်တာလေ … ဘာလို့ အရှင်က သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံနေတာလဲ … အံ့ဩဖို့ ကောင်းလိုက်တာ"

နန်ရှန့်အကြီးအကဲ၏ မျက်နှာက အလွန် ဖြူဖပ်ဖြူရော် ဖြစ်နေပြီး ဘဏ္ဍာထိန်းကျိုအား မေးလိုက်သည်။

"ဘဏ္ဍာထိန်း၊ အဲ့ခွေးမသားလေးက ဘာလို့ ဒီကို ရောက်နေတာလဲ"

*အမ်*

သူ့စကားကို ကြားသော် ဘဏ္ဍာထိန်းကျိုသည် တစ်ခဏမျှ မှင်တက်သွားသည်။ နန်ရှန့်အကြီးအကဲက ယဲ့ဖန်ကို ရည်ရွယ်ပြီး ပြောဆိုနေမှန်း သတိထားမိသောအခါ သူ့မျက်နှာက အကြီးအကျယ် ထိတ်လန့်သွားဟန် ပေါက်သွားသည်။

"ခွေးမသား မင်းကများ ငါတို့သခင်ကြီးကို စော်ကားရဲတယ်ပေါ့လေ။ နန်ရှန့်အကြီးအကဲ ခင်ဗျား သေချင်နေတာလား"

*ဘာ*

သူ့စကားကြောင့် နန်ရှန့် အကြီးအကဲနှင့် ရင်းလုံတို့ အလွန် ထိတ်လန့်ကာ သတိလစ်မတတ် ဖြစ်သွားကြသည်။

*သ…သခင်ကြီးတဲ့လား*

ကျိုကလန်နှင့် အရှင်၏ သခင်ကြီးက ယဲ့ဖန်တဲ့လား။ ရင်းလုံနှင့် နန်ရှန့်အကြီးအကဲတို့ အလွန် သွေးပျက်သွားကြသည်။

ဒုန်းခနဲ အသံနှင့်အတူ ကျိုအိမ်တော်၏ ဘဏ္ဍာထိန်းဖြစ်သူ မာစတာကျိုက ယဲ့ဖန်ရှေ့ ဒူးထောက်၍ နှုတ်ဆက်လေသည်။

"ဂါဝရပြုပါတယ် သခင်ကြီး၊ ကျွန်တော်က ခင်ဗျားရဲ့ ကျွန်အိုကြီး မာစတာကျိုပါ၊ အိမ်တော်ကနေ ကြိုဆိုပါတယ်"

သူ၏ နှုတ်ဆက်သံကြောင့် ရင်းလုံနှင့် နန်ရှန့်အကြီးအကဲတို့ ကြက်သီးတဖြန်းဖြန်းထကာ ကြမ်းပြင်ပေါ် ဒူးထောက်၍ နှုတ်ဆက်လိုက်ကြသည်။

"ကြိုဆိုပါတယ် သခင်ကြီး"

သူတို့ ယဲ့ဖန်မျက်နှာကို မော်ကြည့်ရန် သတ္တိမရှိသဖြင့် ခေါင်းကို ငုံ့ထားကြသည်။ ထို့အတူ သူတို့နဖူးမှ ချွေးများ တဒီးဒီးကျနေသည်။

သူတို့လည်ချောင်းထဲကနေ သူတို့ နှလုံးသား ခုန်ထွက်လာပြီဟုတောင် သူတို့ ခံစားမိသည်။

"သခင်ကြီး … ကျွန်တော်တို့ ရောက်ပါပြီ။ ကျေးဇူးပြုပြီး အထဲဝင်ပါဦး"

အမှောင်ဂိုဏ်း၏ ဂိုဏ်းချုပ် ကျိုချင်းချန်က ယဲ့ဖန်အား ခရီးဦးကြိုပြုလိုက်သည်။ သူ့စကားကြောင့် ယဲ့ဖန်က ခေါင်းညိတ်ပြပြီး ကျိုကလန်ထဲသို့ ချက်ချင်း ဝင်ရောက်သွားသည်။

သူက ရင်းလုံနှင့် နန်ရှန့်အကြီးအကဲတို့အား သူ တစ်ချက်ကလေးတောင် လှည့်ကြည့်ရန် မထိုက်တန်သင့် ပုရွက်ဆိတ်များကဲ့သို့ ကြည့်ကို မကြည့်သွားချေ။

ယဲ့ဖန်တို့အဖွဲ့ ခြံတံခါးကို ဖြတ်ကျော် ဝင်ရောက်သွားမှသာ ရင်းလုံနှင့် သူ့ဆရာတို့ စိတ်သက်သာရာ ရကာ သက်ပြင်းချမိကြသည်။

ငရဲမှ လွတ်လာသကဲ့သို့ သူတို့နှစ်ဦးလုံး ချွေးသံတရွှဲရွှဲဖြစ်နေသည်။ သူတို့နှစ်ယောက်လုံး ယဲ့ဖန်၏ ကျောပြင်အား အလွန် ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်လိုက်မိကြသည်။

"ရင်းလုံ … မင်းရဲ့ အမုန်းတရားတွေ အားလုံးကို လွှတ်ချလိုက်တော့။ ငါတို့နဲ့ သူက ကမ္ဘာချင်း မတူဘူး"

နန်ရှန့်အကြီးအကဲသည် ဖြူဖပ်ဖြူရော် ဖြစ်နေသော မျက်နှာက တုန်လှုပ်စွာ ပြောလိုက်သည်။

"ငါတို့ သူနဲ့ ပတ်သက်ပြီး ဆက်ပြီး မကျေမနပ် ဖြစ်နေဦးမယ်ဆိုရင် ငါတို့ အနာဂတ်မှာ အုတ်ဂူမရှိ၊ ဘာမရှိနဲ့ သေသွားရမှာကို ငါ စိုးရိမ်မိတယ်"

နန်ရှန့် အကြီးအကဲ၏ စကားကိုကြားပြီး ရင်းလုံ ချက်ချင်း တုန်ယင်သွားပြီးနောက် သူ ပြန်ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ ဆရာ"

ရင်းလုံ အောင့်သက်သက် ခံစားလိုက်ရပြီး သူ၏ နာကျည်းမှုသည်လည်း ချက်ချင်း ပျောက်ကွယ်သွားသည်။ တစ်ဘက်သူက အလွန် အင်အားကြီးနေပြီး သူကတော့ နိမ့်ကျတဲ့သူ တစ်ယောက် ဖြစ်နေချိန်တွင် သူ ဆက်၍ အမုန်းတရားကို ရင်ဝယ်မပိုက်ထားရဲတော့ပါ။

ယဲ့ဖန်နှင့် ယှည်လျင် သူက အလွန် သေးနုပ်သွားသည်။ အကယ်၍ သူသာ ယဲ့ဖန်ကို ဆက်၍ မုန်းတီးနေလျင် သူ မြန်မြန် သေသွားလိမ့်မည်။

"သူ…သူက ကျုပ် မြင်ဖူးသမျှထဲမှာ ကြောက်ဖို့အကောင်းဆုံးသူပဲ"

ရင်းလုံသည် သူ ကျန်းရှီမြို့သို့ သွားခဲ့စဉ်က ယဲ့ဖန်သည် ညအဖွဲ့မှ အရှင်သခင်သုံးယောက်သာ သူ့အစေခံ ဖြစ်ပြီး ပုရွက်ဆိတ်သာသာမျှသာ ရှိခဲ့သည်ကို သူ သတိရမိသည်။

ယခုအခါတွင်တော့ တစ်ဘက်လူသည် ဒဏ္ဍာရီလာများနှင့် ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့်များကို သူ၏ ကျေးကျွန်များအဖြစ် ထားနိုင်နေပြီ ဖြစ်သည်။

အံ့ဩစရာကောင်းလောက်အောင် ပြောင်းလဲသွားမှုနှင့် ပတ်သက်ပြီး သူ တွေးလိုက်တိုင်း သူ့ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးမွေးညင်း ထသွားရသည်။

….

ညသန်းခေါင်ချိန်၌ ယန်ကျင့်မြို့၏ ကိုရီးယားပုံစံ ဟိုတယ်တစ်ခုအတွင်းရှိ ခုတင်တစ်ခုပေါ်၌ မိန်းမပျိုလေးတစ်ယောက် လဲလျောင်းလို့နေသည်။ သူမ အခန်းပြတင်းပေါက် အပြင်ဘက် မိုးကောင်းကင်မှ ကြယ်လေးများကို ကြည့်ရင်း မျက်ရည်များ ဆက်တိုက် ကျဆင်းနေ၏။

*အစ်ကိုကြီး*

*ဖေဖေ*

*ဘိုးဘိုး*

ပုံရိပ်သုံးခုက သူမ စိတ်ထဲ ဆက်တိုက် ပေါ်နေပြီး သူမအား သူမရန်သူကို အချိန်တိုင်း သတိပေးနေသည်။

*သူက နင်အချစ်ရဆုံးသူတွေကို သတ်ခဲ့တာလေ*

*နင် သူ့ကို မုန်းသင့်တယ် … နင် သူ့ကို မုန်းရုံပဲ တတ်နိုင်တာလေ*

"မောင်ငယ်လေး … ဘာလို့ …"

ဝမ်အာသည် အိပ်မက်ကမ္ဘာထဲ ရောက်ရှိသွားပြီး ရှိုက်ငိုနေဆဲ ဖြစ်သည်။ သူမ၏ အပြစ်ကင်းစင်၍ လှပသော မျက်နှာလေးက မျက်ရည်များနှင့် တောက်ပလို့နေပြီး သူမမျက်နှာလေးက ချစ်ဖွယ်ကောင်းလှသည်။

သို့သော် ခန်းစီးက အနည်းငယ် လှုပ်ခတ်သွားသည်ကို သူမ သတိမမူမိချေ။ ထို့နောက်တွင် အဘိုးအိုတစ်ယောက်နှင့် မိန်းမငယ်လေးတစ်ယောက် သူမ အခန်းတွင်း၌ ပေါ်လာသည်။

ယဲ့ဖန်သာ ဒီမှာ ရှိနေမည်ဆိုလျင် ထိုသူတို့သည် သူ့အား နတ်ဆိုးတောင်ကြားသို့ ဝင်ရောက်ရန် ရွှေအိုရောင် ကဒ်ပြားပေးခဲ့သည့် သူတောင်းစား နှစ်ယောက်ဖြစ်သည်ကို ချက်ချင်း သတိပြုမိလောက်သည်။

"ဘိုးဘိုး … မမက သိပ်သနားဖို့ကောင်းတာပဲ"

ယန်အာသည် သူမ ပါးစပ်သေးသေးလေးကို လက်ဖြင့်အုပ်ရင်း ဝမ်အာ၏ မျက်နှာလေးကို ကြည့်ပြီး ငိုတော့မလို ဖြစ်နေသည်။

သူမ စကားကြောင့် သူတောင်းစားအိုကြီးက သက်ပြင်းရှည်ကြီး ချလိုက်ပြီး ခက်ထန်သော အကြည့်များ ခပ်မှိန်မှိန်လင်းသွားသည်။ ထို့နောက် သူက ဝမ်အာအား ခပ်အက်အက်ဖြစ်သော လူကြီးအသံဖြင့် ပြောလိုက်သည်။

"ကလေးမ … မင်း သူ့ကို မုန်းသလား"

သူမအိပ်မက်ထဲတွင် တစ်စုံတစ်ယောက်က သူမအား မေးခွန်းမေးလာသည်ဟု ဝမ်အာ ခံစားမိသည်။ ထို့နောက် သူမသည် မျက်လုံး မှိတ်ထားသော်လည်း ပြန်ဖြေလိုက်သည်။

"မုန်းတယ်၊ ကျွန်မ သူ့ကို မုန်းတယ်။ ဒါပေမယ့် ကျွန်မ သူ့ကို ချစ်လည်းချစ်တယ်…"

တစ်ချိန်တည်းမှာပင် သူမ၏ မှိတ်ထားသော မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။ ဤမြင်ကွင်းကြောင့် သူတောင်းစားအိုကြီးက သက်ပြင်းချ၍ ပြောလိုက်သည်။

"အချစ်က လူတစ်ယောက်ရဲ့ သေခြင်း သို့မဟုတ် ရှင်ခြင်းကို ဆုံးဖြတ်နိုင်တယ်၊ အချစ်ကပဲ သူတစ်ယောက်ရဲ့ ပျော်ရွှင်မှု၊‌ ဝမ်းနည်းမှုတွေကို ဆုံးဖြတ်ပေးနိုင်တယ်"

"ကလေးမ ငါတို့နဲ့ လိုက်ခဲ့ပါ။ ငါတို့ မင်း ကြီးပြင်းလာအောင် ကူညီပေးမယ်။ ငါတို့ မင်း သန်မာလာအောင် ကူညီပေးမယ်"

"မင်း တစ်နေ့ သူနဲ့ ပြန်ဆုံမှာပါ"

ထိုသို့ပြောပြီးနောက် သူတောင်းစားအိုကြီးက ယန်အာကို ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ယန်အာက ရှေ့သို့ တိုးလာပြီး ဝမ်အာအား ချက်ချင်း ပိုက်ချီလိုက်ပြီး ဝမ်အာက ယန်အာ၏ လက်မောင်းတွင်း၌ အလေးချိန်မဲ့သလို ရောက်ရှိသွားသည်။

ယန်အာ၏ ခွန်အားသည် အံ့ဩဖွယ်ကောင်းလှသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတောင်းစားအိုကြီးနှင့် သူတောင်းစားငယ်လေးတို့သည် ဖျောင်ကျုံးဝမ်နှင့်အတူ ဟိုတယ်ထဲမှ ထွက်ခွာလာခဲ့သည်။

ရှင်းလင်းနေသော လမ်းမထက်၌ ရပ်နေရင်း သူတောင်းစားအိုကြီးသည် မျက်မှောင်ကြုတ်သွားပြီး သက်ပြင်းချလိုက်သည်။

"ယန်အာ … ရေခီစွမ်းအင်တွေ အရင်ကထက် ပေါများလာတာကို မင်း သတိထားမိလား။ ကြည့်ရတာ အဲ့နေ့က စောစောရောက်လာတော့မယ်နဲ့ တူပါရဲ့"

*ဟင်*

သူတောင်းစားအိုကြီးရဲ့ စကားကြောင့် ယန်အာ မှင်တက်သွားသည်။ ထို့နောက် သူမသည် လေကို နှာတရှုံ့ရှုံ့နှင့် အနံ့ခံလိုက်ပြီး မေးလာသည်။

"ဘိုးဘိုး ဟောကိန်းထုတ်ထားတဲ့နေ့က တကယ်ပဲ ရောက်လာတော့မှာလား။ ဒါပေမယ့် သမီးတို့ ပါရမီရှင်ကို ရှာမတွေ့သေးဘူးလေ"

ပါရမီရှင်။

သူမစကားကြောင့် သူတောင်းစားအိုကြီး၏ အမူအရာက ပို၍ ပို၍ လေးနက်လာပြီး ပြန်ဖြေလိုက်သည်။

"ကမ္ဘာကြီးက ထင်မှတ်မထားတဲ့ ပြောင်းလဲမှုနဲ့ ကြုံတွေ့ရလိမ့်မယ်။ ရေခီစွမ်းအင်က ကမ္ဘာမြေကြီးကနေ ငေါက်ခနဲ ပန်းထွက်နေပြီ။ ဖြစ်ထွန်းစည်ပင်တဲ့ ခေတ်ကြီး ရောက်လာတော့မယ်"

"လျှို့ဝှက် ရှေးဟောင်းကလန်တွေ အားလုံး ပေါ်ထွက်လာတော့မယ်။ အလွန် ရှေးကျတဲ့ လျှို့ဝှက်သိုင်းကျမ်းတွေလည်း အမွေ ဆက်ခံလိမ့်မယ်"

"ဘိုးဘိုး သိထားသလောက်တော့ လူခြောက်ယောက်က အလွန် ရှေးကျတဲ့ လျှို့ဝှက်သိုင်းကျမ်းတွေကို ရရှိသွားပြီးပြီ"

"အနောက်အရပ်က အလင်းတော် ဘုန်းတော်ကြီး၊ ဥရောပက နတ်ဘုရားမ၊ ဆိုက်ဘေးရီးယားက ဝံပုလွေဘုရင်၊ အမေရိကားက ဒုစရိုက်ဧကရာဇ်၊ အိန္ဒိယက ဧကရာဇ် ကာရိုးလ်နဲ့ ထိုင်းနိုင်ငံက မှော်နက် နတ်ဘုရားမ"

"အဲ့လူခြောက်ယောက်က ကြောက်မက်ဖွယ်ကောင်းတဲ့ အလွန် ရှေးကျတဲ့ လျှို့ဝှက် သိုင်းကျမ်းတွေကို ပိုင်ဆိုင်သွားကြပြီးတော့ သူတို့ အောင်မြင် ကျော်ကြားတဲ့အချိန်ကို ရောက်လာပြီ"

"ပါရမီရှင်က သူတို့ထဲက တစ်ယောက် ဖြစ်လောက်တယ်"

*ဘယ်လို*

သူတောင်းစားအိုကြီး၏ စကားကြောင့် ယန်အာ၏ မျက်နှာသေးသေးလေးက ပို၍ တည်ကြည် လေးနက်လာသည်။

အလွန် ရှေးကျသော လျှို့ဝှက်သိုင်းကျမ်းများ ပြန်လည်ပေါ်ပေါက်လာမှုက တစ်ကမ္ဘာလုံး အနှံ့တွင် ဖြစ်ထွန်းစည်ပင်လာသော ခေတ်၏ အစဖြစ်သည်ကို သူမ သိပါသည်။ ရှေးဦးအင်အားစုများက အမိန့်သစ် ထုတ်ပြန်လာလောက်သည်။

သန်မာသော သူများသာ အသက်ရှင်ကျန်ရစ်လိမ့်မည်။ အားနည်းတဲ့သူများ သေဆုံးလိမ့်မည်။

ကမ္ဘာမြေကြီးသည် လူရိုင်းခေတ်သို့ ဝင်ရောက်လာလိမ့်မည်၊ ဤသည်မှာ ကမ္ဘာမြေ၏ အရက်စက်ဆုံး ခေတ်တစ်ခု ဖြစ်လာပေလိမ့်မည်။

ထိုစဉ် သူတောင်းစားအိုကြီးက သူ့ခေါင်းအား အလှမ်းမကမ်း မှောင်ရိပ်ထဲသို့ အနည်းငယ် ငဲ့ကြည်ပြီး သုန်မှုန်စွာ ပြောလိုက်သည်။

"ဟိုကောင်လေး လာနေပြီ …"

ထိုအချိန်တွင် မှောင်ရိပ်ထဲမှ အရိပ်တစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။

All Chapters