← Chapters

မြို့စားလု

Vol. 92 Ch. 1283

မြို့စားလု

Vol. 92 Ch. 1283

မြစိမ်းရောင်ဝတ်ရုံနှင့်လူငယ်က သူ့စကားကို နားလည်ဟန်တူသော ဧရာမပင့်ကူကြီးတစ်ကောင်၏အပေါ်တွင် ထိုင်နေသည်။ စကားလုံးများ လူငယ်၏ပါးစပ်မှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ပင့်ကူကြီးက ဟိန်းဟောက်လိုက်ပြီး ၎င်း၏မျက်လုံးများတွင် ဆာလောင်လာသောအရိပ်အယောင်တို့ ထင်ဟပ်လာသည်။

ကျန်ပင့်ကူကြီးနှစ်ကောင်လည်း ဟိန်းဟောက်လိုက်ကာ တစ်ဖွဲ့လုံး၏စွမ်းအင်ကို တဖွေးဖွေး လှုပ်လာစေတော့သည်။

သိပ်မလှမ်းမကမ်းတွင် ထွက်ပြေးနေသော ဟန်မျိုးနွယ်ကျင့်ကြံသူများသည် ဟိန်းဟောက်သံများကို ကြားလျှင် မျက်စိမျက်နှာပျက်ကုန်ကြ၏။ တချို့မျက်နှာများတွင်ဆိုလျှင် ဆောက်တည်ရာမဲ့မှုတို့ ပြည့်နှက်လာတော့သည်။

ဟန်ချင်းလဲ့ဘေးရှိ တာအိုနယ်ပယ်ကျင့်ကြံသူအဘိုးအိုနှစ်ယောက်အနက်မှ တစ်ယောက်က ရေးကြီးသုတ်ပျာ ပြောသည်။ “ချင်းလဲ့ မင်းပြောခဲ့တဲ့ကိစ္စက သေချာရဲ့လားကွာ။ ငါ သိမှဖြစ်တော့မယ်။ မင်း မှားရင် ငါတို့အားလုံး သေချာပေါက် သေတော့မှာကွ။ ဟန်မျိုးနွယ်စု... တစ်ယောက်မကျန် သုတ်သင်ခံရလိမ့်မယ်”

“မန်မျိုးနွယ်စုက ကျုပ်တို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ" ဟန်ချင်းလဲ့က အံကြိတ်ထားသည့်ကြားမှ ပြောသည်။ “အဲဒီကို ရောက်တာနဲ့ ကျုပ်တို့ ဘေးကင်းပြီ” သတ္တမတောင်ပင်လယ်မှ ကျူးကျော်လာပြီးနောက် မန်မျိုးနွယ်စု စစ်ပွဲတွင် ဝင်ရောက်မတိုက်ခိုက်ကြောင်း အဋ္ဌမတောင်ပင်လယ်ရှိ လူတိုင်းနီးပါး သိရှိသွားရန် သိပ်မကြာလိုက်ပေ။

ထို့အပြင် သတ္တမတောင်ပင်လယ်မှ တပ်ဖွဲ့များသည်လည်း မန်မျိုးနွယ်စု၏ ပိုင်နက်အတွင်းသို့ ခြေလှမ်းတစ်ဝက်ပင် မချပေ။ ဂိုဏ်းအများစုနှင့် မျိုးနွယ်စုအများစုမှာ ဤအခြင်းအရာနှင့်ပတ်သက်ပြီး မတွေးတတ်တော့သည့်အပြင် မန်မျိုးနွယ်စုက အဋ္ဌမတောင်ပင်လယ်ကို သစ္စာဖောက်ခဲ့ပြီဟု သုံးသပ်သူတချို့ပင် ရှိလာသည်။

ဟန်မျိုးနွယ်စု တိုက်ခိုက်ဖျက်စီးခံရသောအခါ ဟန်ချင်းလဲ့သည် မျိုးနွယ်စု၏ စီနီယာမျိုးဆက်တစ်ဆက်လုံးနီးပါး ကျဆုံးသွားခဲ့သည်ကို တုန်လှုပ်စွာဖြင့် ကြည့်နေခဲ့ရ၏။ အစွမ်းထက်ဆုံးခေါင်းဆောင်ကြီးများစွာ အသတ်ဖြတ်ခံခဲ့ရ၍ အနှစ်သာရ ၁ ခု ခေါင်းဆောင်ကြီးနှစ်ဦးတည်းသာ ဒဏ်ရာပြင်းစွာရလျက် အသက်ရှင်ကျန်ခဲ့သည်။ သူတို့က အသက်ရှင်ကျန်ခဲ့သူများကို လွတ်ရာသို့ ဦးဆောင်ခေါ်ထုတ်လာနိုင်ခဲ့လေသည်။ မှန်ပါသည်၊ ထိုမျှော်လင့်ချက်မြူမှုန်လေးမှာလည်း မျိုးနွယ်စု၏ အစွမ်းထက်ဆုံးခေါင်းဆောင်ကြီး သူတို့အတွက် အချိန်ဆွဲပေးဖို့ အသေခံပေးခဲ့သည့်အတွက်ကြောင့်သာ ရရှိခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ပြေးစရာမြေမရှိခဲ့။ အဆုံးမရှိကျယ်ပြောသော ကြယ်ပင်လယ်အာကာသကြီးထဲတွင် မည်သည့်မျှော်လင့်ချက်မှ ရှာမတွေ့ပေ။ အဋ္ဌမတောင်ပင်လယ်သည် လုံခြုံသောပုန်းစရာနေရာဆို၍ မည်သည့်နေရာတွင်မှ မရှိဘဲ စစ်မီးတောက်ထဲတွင် စုန်းစုန်းမြုပ်နေခဲ့သည်...

ထိုကျဉ်းထဲကြပ်ထဲအခြေအနေတွင် ဟန်ချင်းလဲ့သည် မန်မျိုးနွယ်စုကို တွေးမိခဲ့၏။

သူသည် ငရဲဘုံ ၃၃ ဘုံမှာတုန်းက မန်ဟို့အရိပ်အယောင်ကို ရှာမတွေ့ခဲ့ဘဲ မန်မျိုးနွယ်ကျင့်ကြံသူလူငယ်တစ်ယောက်ကိုသာ မြင်ခဲ့ရသည့်အချက်ကို ပြန်စဉ်းစားမိလိုက်သည်။ သို့သော် မန်ဟို ထိုမျှလွယ်ကူစွာ အသတ်ခံခဲ့ရမည်ဟု သူ မယုံကြည်ပေ။ ထိုကိစ္စကို ပြန်စဉ်းစားပြီးနောက် သူ တွေ့ခဲ့သော လူငယ်သည် ... မန်ဟိုနှင့် မုချပတ်သက်နေလိမ့်မည်ဟု သေချာလာခဲ့သည်။

ထို့နောက် မထင်မှတ်ဖွယ်ကောင်းစွာနှင့် မန်မျိုးနွယ်စုက စစ်ပွဲအတွင်း၌ မဝင်ပါပေ။ ထို့နောက် သတ္တမတောင်ပင်လယ် ရောက်လာလာချင်း ထိုနေရာတွင် တိုက်ပွဲပြင်းထန်ခဲ့သည်ဆိုသော သတင်းက ပေါက်ကြားပျံ့နှံ့လာခဲ့သည်။ ထိုအခါ ဟန်ချင်းလဲ့၏ထင်မြင်ချက်များက ပိုမိုခိုင်မာလာတော့သည်။

တခြားသွားစရာ မရှိသည့်အတွက် မန်ဟိုသည် မန်မျိုးနွယ်စုတွင် ရှိနေကြောင်း လောင်းကြေးထပ်ဖို့ သူ ဆုံးဖြတ်လိုက်သည်။ သူက မန်မျိုးနွယ်စုနှင့်ပတ်သက်၍ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက မန်ဟိုကြောင့်ဖြစ်သည်ဟု လောင်းကြေးထပ်ထားလေသည်။

ပတ်ဝန်းကျင်ရှိ ဟန်မျိုးနွယ်ကျင့်ကြံသူများသည် ဟန်ချင်းလဲ့စကားကို ကြားလျှင် အရှိန်တင်လိုက်ကြ၏။ သူတို့ မန်မျိုးနွယ်စုပိုင်နက်သို့ တဟုန်ထိုး ပျံသန်းသွားနေစဉ် ဧရာမပင့်ကူကြီးသုံးကောင်ကလည်း ထပ်ကြပ်မကွာ လိုက်လာနေပြီး စက္ကန့်နှင့်အမျှ နီးကပ်လာနေသဖြင့် တဝုန်းဝုန်းမြည်သံများအား ကြားနေရသည်။

ဟန်ချင်းလဲ့နှင့်အပေါင်းအပါများ မန်မျိုးနွယ်စုပိုက်နက်၏ နယ်စပ်အနား ရောက်လာမှသာလျှင် မန်မျိုးနွယ်စုကို ... လွင့်မျောနေသော အရိုးများက စည်းဝိုင်းသဖွယ် ဝန်းရံထားကြောင်း တွေ့လိုက်ရသည်။

ထိုအရိုးများသည် စည်းဝိုင်းတစ်ခုကို ဖော်ဆောင်ရန်အလား မှော်ဆန်ဆန် စီရင်နေရာချခံထားရ၏။ ဤသည်ကား ... မန်မျိုးနွယ်စုပိုက်နက်၏ နယ်စပ်အစစ် ဖြစ်ပြီး ထိုအရိုးများက ကျူးကျော်လာခဲ့သော ရန်သူများ၏အရိုးများ ဖြစ်ပေသည်။

ဟန်ချင်းလဲ့မှာ အရိုးများကို မြင်သည်နှင့် စိတ်နှလုံးတုန်လှုပ်သွားသည်။ ကျန်ဟန်မျိုးနွယ်ကျင့်ကြံသူများလည်း ပင့်သက်ရှိုက်လိုက်ကြရ၏။ သို့သော် သူတို့အားလုံး တွန့်ဆုတ်မနေဘဲ မန်မျိုးနွယ်စုပိုက်နက်ထဲသို့ ဝင်လိုက်ကြသည်။

ထိုအခိုက်အတန့်တွင် ဧရာမပင့်ကူကြီးသုံးကောင်က အဝေးမှ တဟုန်ထိုးလာနေပြီးနောက် နယ်စပ်တွင် တုန့်ခနဲ ရပ်လိုက်ကြသည်။ မန်မျိုးနွယ်စုကုန်းမြေများကို ကြည့်နေစဉ် ၎င်းတို့၏မျက်လုံးများ၌ တွန့်ဆုတ်နေမှုအား မြင်ရနိုင်သည်။

ပင့်ကူများ ရပ်သွားသည်ကို မြင်လျှင် မြစိမ်းရောင်ဝတ်ရုံနှင့်လူငယ်က မျက်မှောင်ကြုတ်သွားသည်။ သူ့ဘေးရှိ အဘိုးအိုတစ်ဦးသည် အသံကိုနှိမ့်ကာ တိုးတိုးပြော၏။ “သခင်လေး အဲဒါက ... မန်မျိုးနွယ်စုပါ။ ကျွန်တော်တို့ရဲ့ တောင်ပင်လယ်သခင်က သူတို့ကို ပေါ့ပေါ့တန်တန် ရန်သွားမစဖို့ အမိန့်ထုတ်ထားပါတယ်”

လူငယ်က နှာခေါင်းရှုံ့သည်။ သူသည် အရိုးများနှင့် မန်မျိုးနွယ်စုနယ်နိမိတ်ကို ကြည့်ပြီးနောက် အဝေးသို့ ထွက်ပြေးနေသော ဟန်ချင်းလဲ့နှင့်အခြားသူများကို လှမ်းကြည့်လိုက်၏။ ထို့နောက် အေးစက်သောအရိပ်အယောင်က သူ၏မျက်လုံးများတွင် ဖြတ်ပြေးသွားသည်။

“တောင်ပင်လယ်သခင်က သူတို့ကို ပေါ့ပေါ့တန်တန် ရန်မစနဲ့လို့ပဲ မှာထားတာ။ ဘယ်တော့မှ ရန်မစနဲ့လို့ မှာထားတာ မဟုတ်ဘူး။ ဆက်သွား” အေးစက်စွာ ပြောလိုက်သော စကားလုံးများကြောင်း အဘိုးအိုမှာ တွန့်သွားသည်။ သူက တားဖို့ တွေးလိုက်သော်လည်း ဤစစ်အကြိုကာလတွင် သတ္တမတောင်ပင်လယ်၏တပ်ဖွဲ့များ မည်မျှအင်အားကြီးနေပြီကို ထည့်တွက်ပြီးနောက် မန်မျိုးနွယ်စု၏ နယ်စပ်ကို ထိုးဖောက်ဝင်ရောက်ခြင်းက သိပ်ရေးကြီးခွင်ကျယ်မဟုတ်လောက်ဟု ဆုံးဖြတ်လိုက်သည်။

လူငယ်၏စကားလုံးများကို တုံ့ပြန်သည့်အနေဖြင့် ထစ်ချန်းသံများ ပဲ့တင်ထပ်လာပြီး ပင့်ကူကြီးသုံးကောင်က ချက်ချင်း မန်မျိုးနွယ်စုပိုင်နက်ထဲသို့ ဝင်ရောက်ကာ ဟန်ချင်းလဲ့တို့နောက် အသည်းအသန် လိုက်လာတော့သည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းတို့ကား ထိုလူစုလေးအပေါ် ထိုးဆင်းနေလေပြီ။

ဟန်မျိုးနွယ်ကျင့်ကြံသူများသည် ရန်သူများ မန်မျိုးနွယ်စု၏တုံ့ပြန်မှုကို ဂရုမစိုက်ကြောင်း သတိထားမိလိုက်သောအခါ မျက်နှာများ ရိပ်ခနဲ ဖြစ်ကုန်ကြ၏။ သူတို့ ဘာမှမလုပ်နိုင်ခင်မှာပင် ဧရာမပင့်ကူကြီးသုံးကောင်က ပါးစပ်ဟ၍ ပင့်ကူမျှင်များကို ထွေးထုတ်လိုက်သည်။ ပင့်ကူမျှင်များသည် ဟန်မျိုးနွယ်ကျင့်ကြံသူများကို လွှမ်းခြုံတော့မည့် ဧရာမပိုက်ကွန်ကြီးအသွင် ပြောင်းသွား၏။

မြစိမ်းရောင်ဝတ်ရုံနှင့်လူငယ်က အညှာအတာကင်းမဲ့သောမျက်လုံးများဖြင့် ကြည့်နေသည်။ သတ္တမတောင်ပင်လယ်မှ ကျန်ကျင့်ကြံသူများကမူ ပြင်းထန်သော အသတ်အဖြတ်စိတ်ဆန္ဒကို ထုတ်လွှတ်နေ၏။

ဟန်မျိုးနွယ်စုမှ ခေါင်းဆောင်ကြီးနှစ်ဦးက မျက်လုံးနီနီကြီးများဖြင့် မာန်သွင်းဟိန်းဟောက်ရင်း ပြန်တိုက်ခိုက်ရန် ပြင်သည်။ သို့သော် ဤအခိုက်အတန့်တွင် ရုတ်တရက် .... အေးစက်စက်နှာမှုတ်သံတစ်သံက အာကာသထဲ၌ ဟိန်းထွက်လာသည်။ ချက်ချင်းပင် ကျဆင်းလာနေသော ပင့်ကူအိမ်ကြီးမှာ တုန်ရီလာပြီးနောက် ဖောင်းခနဲ ပေါက်ကွဲသွားတော့သည်။

ပင့်ကူကြီးသုံးကောင်က ဝေဒနာကြီးစွာ ခံစားလိုက်ရဟန်ဖြင့် အော်ဟစ်လိုက်ပြီး ရှေ့ဆက်တက်မလာရဲတော့ပေ။ အမှန်တွင် နောက်ပင် ဆုတ်သွားကြသည်။ ၎င်းတို့ကျောပေါ်ရှိ ကျင့်ကြံသူများမှာ အံ့အားသင့်ကုန်ကြလေသည်။ အေးစက်စက်နှာမှုတ်သံက ပင့်ကူအိမ်ကြီးကို ပြတ်ထွတ်သွားစေရုံသာမက သူတို့၏စိတ်များကိုလည်း ချာချာလည်မူးဝေသွားစေ၍ တချို့ဆိုလျှင် သူတို့၏ပါးစပ်မှ သွေးများ စီးကျလာသည်ကိုပင် တွေ့လိုက်ရသည်။

သခင်လေး၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး သူ့ဘေးတွင် အဘိုးအိုသုံးဦး ဘွားခနဲ ပေါ်လာသည်။ ထိုလူအားလုံးသည် တာအိုနယ်ပယ်တွင် ဖြစ်ကာ အရှေ့ရှိ အာကာသထဲတွင် ပေါ်လာနေသော လူငယ်တစ်ဦးကို တင်းမာခက်ထန်သော မျက်နှာထားများဖြင့် စိုက်ကြည့်နေကြသည်။

ထိုလူငယ်သည် အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး စာပေသမားနှင့်တူ၏။ သို့သော် သူကား အတိုင်းအတာတစ်ခုအထိ ရှေးဆန်နေသည်။ မှန်သည်၊ ထိုလူငယ်က မန်ဟိုပင်။

“မန်ဟို” ဟန်ချင်းလဲ့က ဝမ်းသာအားရ လှမ်းခေါ်သည်။

“ညီနောင်ဟန်” မန်ဟိုက မဆိုစလောက်ပြုံးရင်း ပြောသည်။ “နောက်ဆုံးတစ်ခေါက် တွေ့ပြီးကတည်းက မင်း အဆင်ပြေခဲ့မယ်လို့ ငါ ယုံကြည်ပါတယ်” သူက လက်ယှက်ပြီး ဦးညွှတ်အရိုအသေပေးသည်။

ကျန်ဟန်မျိုးနွယ်ကျင့်ကြံသူများလည်း လက်ယှက်ကာ မန်ဟို့ကို အရိုအသေပေးကြသည်။ ခေါင်းဆောင်ကြီးနှစ်ယောက်ကတော့ သူ့ကို ကြည့်ရုံသာ ကြည့်ပြီးနောက် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ မန်ဟိုတစ်ယောက်တည်းဖြစ်ကြောင်း အတည်ပြုပြီးသောအခါ သူတို့မှာ ရင်လေးသွားပြီး တစ်ခုခုပြောတော့မည့်အချိန် မြစိမ်းရောင်ဝတ်ရုံနှင့်လူငယ်က ထရပ်ပြီး အထက်စီးဆန်ဆန် ပြောသည်။ “ရာရာစစ မင်းကများ။ ငါတို့ သတ္တမတောင်ပင်လယ်ကို လာရှုပ်ရဲတယ်ပေါ့လေ။ မန်ဟို ... ငါ မင်းကို ရွေးချယ်စရာနှစ်ခု ပေးမယ်။ တစ် မင်းရဲ့ မန်မျိုးနွယ်စုကို ပြန်သွားလိုက်။ ငါ မင်းတို့လူတွေကို မသုတ်သင်ဘူး

“နှစ် ငါ မင်းကို သတ်ပြီး မင်းရဲ့မျိုးနွယ်စုကို ဒီနေ့ချက်ချင်း မြေပုံပေါ်က ဖျောက်ပေးမယ်” ဤသခင်လေးဆိုသူ၏အသံက အေးစက်ခက်ထန်နေကာ သူ၏စကားလုံးများက မောက်မာရိုင်းစိုင်းနေ၏။ အဋ္ဌမတောင်ပင်လယ်တွင် ရှိခဲ့သည့် လများအတွင်း သူ့ကို ရင်ဆိုင်ရတိုင်း ကြောက်လန့်တုန်ရီနေရုံအပြင် ဘာမှမလုပ်တတ်သည့် ဒေသခံကျင့်ကြံသူများကို သူ တွေ့ခဲ့ရပြီးလေပြီ။

ထို့ကြောင့် သူသည် မောက်မာထောင်လွှားလာခဲ့၏။ သူတို့တောင်ပင်လယ်သခင်က မန်မျိုးနွယ်စုကို ရန်မစရန် အမိန့်ပေးထားကြောင်း သိသော်လည်း သူကား မန်မျိုးနွယ်တို့ကို အထင်သေးသေး၏။

စကားလုံးများ လူငယ်၏ပါးစပ်မှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ဟန်မျိုးနွယ်ကျင့်ကြံသူများ၏မျက်နှာများတွင် ကြောက်ရွံ့နေသောအမူအရာများ ပေါ်လာပြီး သူတို့သည် သူတို့၏မျိုးနွယ်စုအတိုက်ခိုက်ခံခဲ့ရတုန်းက ရက်စက်သောတိုက်ပွဲကို ပြန်တွေးမိလိုက်ကြ၏။ ဤသခင်လေးသည် ဟန်မျိုးနွယ်စုကို သုတ်သင်ဖို့ တာဝန်ကျသည့် တပ်ဖွဲ့များထဲမှ တစ်ဖွဲ့၏ခေါင်းဆောင်သာ ဖြစ်ခဲ့သော်လည်း သူတို့၏အင်အားက ကျင့်ကြံသူသုံးထောင်အား ရှိခဲ့ရာ အင်အားအတော်လေးတောင့်တင်းသည်ဟု ဆိုရာနိုင်လေသည်။

ထိုမျှသာမက သတ္တမတောင်ပင်လယ်က ဤစစ်ပွဲအတွင်း၌ အသားစီးရထားကြောင်း သိသာထင်ရှားရာ သခင်လေးအား ပို၍ပင် ကြောက်လန့်ဖွယ်ကောင်းသွားစေသည်။

ပင့်ကူများ၏ကျောပေါ်ရှိ ကျင့်ကြံသူသုံးထောင်လုံး ထရပ်ပြီး ကျင့်ကြံခြင်းအခြေခံများကို လှည့်ပတ်လိုက်ကြသည်။ အသတ်အဖြတ်အရှိန်အဝါသည် လေမုန်တိုင်းကြီးတစ်လုံးအသွင် ပြောင်းရင်း ပေါက်ကွဲထွက်လာ၏။ လူငယ်ကို ခြံရံထားသော အဘိုးအိုသုံးယောက်ကမူ မျက်မှောင်ကြုတ်ထားသော်လည်း ကျင့်ကြံခြင်းအဆင့်ကို ထုတ်ဖော်လိုက်ကြသည်။ ထိုအဘိုးအိုသုံးဦးသည် တာအိုသခင်မဟုတ်ဘဲ အနှစ်သာရ ၁ ခု ကျင့်ကြံသူများသာ ဖြစ်သော်လည်း သတ္တမတောင်ပင်လယ်ကို ကိုယ်စားပြုသည်ကို ထည့်တွက်လျှင် အဋ္ဌမတောင်ပင်လယ်ရှိ မည်သူမှ သူတို့ကို ရန်စဝံ့မည်မဟုတ်ပေ။

“ပိတ်ထားစမ်း” မန်ဟိုက ညာလက်ကို ဝှေ့ယမ်းရင်း အေးစက်စွာ ပြောသည်။ ထိုရိုးရှင်းသော လှုပ်ရှားမှုလေးက ကြယ်တာရာကောင်းကင်မှ ဧရာမဖိအားကြီးကို သက်ရောက်လာစေသည်။ ဖိအား သခင်လေးကို ဖိချလိုက်သောအခါ သူ့မှာ မချိတင်ကဲ အော်လိုက်ရတော့သည်။ သွေးများ သူ့ပါးစပ်မှ ပန်းထွက်သွားပြီး သူ့အမူအရာသည် မောက်မာဝင့်ကြွားနေဟန်မှ ထိတ်လန့်သွားသောဟန် ဖြစ်သွား၏။

ကြယ်တာရာကောင်းကင်ကြီးက သူ့ကို ဖိနင်းနေသည့်အလားပင်။ မျက်စိတစ်မှိတ်အတွင်း သူ့မှာ ရုပ်ပျက်ဆုံးပျက် ပြားကပ်သွားတော့မလို ဖြစ်လာသည်။ သို့သော် ဤအခိုက်အတန့်တွင် သူ့ထံမှ မီးခိုးရောင်အလင်းရောင်တစ်ရောင် ဖြာထွက်လာပြီး ကြယ်တာရာကောင်းကင်၏ဖိအားကို တန်ပြန်တိုက်ခိုက်ဖို့ ကြိုးစားသည်။

ထိုမီးခိုးရောင်အလင်းရောင်သည် မဟူရာစစ်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းလူတစ်ယောက်၏ပုံရိပ် ဖြစ်လာ၏။ သူ့အနောက်တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများ တိုက်ခိုက်နေသည့် ကြယ်တာရာစစ်မြေပြင်ကြီးတစ်ခု ရှိနေသည်။

“ငါ့ရဲ့ သားတော်ကို ထိရဲတဲ့ ဘယ်ကောင်မဆို အသေဆိုးနဲ့ သေစေရမယ်” ထိုလူက ဟိန်းဟောက်သည်။ အံ့ဩဖွယ်ကောင်းစွာနှင့် သူက အနှစ်သာရ ၄ ခု တာအိုနယ်ပယ်ပညာရှင်တစ်ဦး၏ စွမ်းအားကို ထုတ်ဖော်ထားသည်။

မန်ဟို့မျက်နှာက ခံစားချက်ကင်းမဲ့နေသလို သူက ထိုလူကို ကြည့်ပင် မကြည့်ပေ။ ထိုလူ၏အသံ ကြယ်တာရာကောင်းကင်တွင် ပဲ့တင်ထပ်နေဆဲရှိသေးစဉ် မီးခိုးရောင်အလင်းသည် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားပြီး သခင်လေးမှာ ကြယ်တာရာကောင်းကင်၏ဖိအားဖြင့် နင်းခြေခံလိုက်ရသည့်အတွက် သွေးအကျိအချွဲအပြားကြီးအဖြစ် ပြားကပ်သွားတော့သည်။

၎င်းက အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့သဖြင့် ပတ်ပတ်လည်ရှိ ကျင့်ကြံသူများမှာ ပါးစပ်အဟောင်းသားနှင့်သာ ငေးကြည့်နေနိုင်တော့သည်။

“မ..မင်း...”

“မင်းက မြို့စားလုရဲ့ သားတော်ကို တကယ်ကြီး သတ်ရဲတယ်လား... မင်းး....." ပင့်ကူကြီးများအပေါ်ရှိ ကျင့်ကြံသူများမှာ အံ့အားလွန်း၍ စကားပင် ဖြောင့်ဖြောင့် မပြောနိုင်တော့ပေ။ တာအိုနယ်ပယ်ပညာရှင်သုံးယောက်က မျက်နှာဖြူဖျော့သွားပြီး တွန့်ဆုတ်မနေဘဲ မန်ဟို့ဆီ ပြေးဝင်လာသည်။

မြို့စားလု မည်မျှကြောက်စရာကောင်းကြောင်း သူတို့ ကောင်းကောင်းသိသည့်အတွက် မန်ဟို့ကို အခုချက်ချင်း မသတ်လျှင် သူတို့သုံးယောက်လုံး သူ၏အမျက်တော်ရှခံရလိမ့်မည်။ သူတို့ ပျံထွက်သွားစဉ် သူတို့၏ကျင့်ကြံခြင်းအခြေခံများက တဟူးဟူးလည်ပတ်လာကြ၏။

“ဒီကောင့်ကို သတ်ပစ်ကြ” အဘိုးအိုသုံးယောက်၏အသံများတွင် ပင့်ကူကြီးသုံးကောင်အား ဟိန်းဟောက်လိုက်စေသော လျှို့ဝှက်မှော်အစွမ်းတစ်မျိုး ရောထွေးနေသည်။ ၎င်းတို့ကျောပေါ်ရှိ ကျင့်ကြံသူများလည်း မန်ဟို့ကို သတ်ဖို့ နတ်ဘုရားစွမ်းရည်များနှင့် မှော်သိုင်းကွက်အမျိုးမျိုးကို ထုတ်လွှတ်ရင်း ပျံထွက်လာကြသည်။

ဟန်မျိုးနွယ်ကျင့်ကြံသူများမှာတော့ မန်ဟို ရန်သူကျင့်ကြံသူသုံးထောင်အား တစ်ယောက်တည်း ရင်ဆိုင်နေသည်ကို တအံ့တဩငေးကြည့်နေကြသည်။

မန်ဟိုက လာနေသော ကျင့်ကြံသူများ၊ တာအိုနယ်ပယ်ပညာရှင်သုံးယောက်နှင့် ပင့်ကူသုံးကောင်ကို အေးအေးဆေးဆေး ကြည့်လိုက်သည်။ သူ့မျက်ဝန်းများက အေးစက်စွာ တောက်ပနေပြီး သူသည် ညာလက်ကို ဖြေးညင်းစွာ မြှောက်၍ ....

အားဖြင့် ဆုပ်လိုက်၏။

ဝုန်းးးးးးးးးးးး

ကြယ်တာရာကောင်းကင်မှာ တသိမ့်သိမ့် တုန်ခါသွားလေသည်။ မီတာထောင်ချီကြီးမားသော ဧရာမလက်ကြီးတစ်ဖက်က .... ကျင့်ကြံသူသုံးထောင်ကို ဖမ်းဆုပ်ရန် အာကာသထဲ ဆန့်ထွက်သွားသည်။

All Chapters