တောင်ပင်လယ်လောက၏စွမ်းအား
Vol. 92 Ch. 1284
ထိုရင်သပ်ရှုမောဖွယ်ရာအခိုက်အတန့်တွင် ဟန်ချင်းလဲ့နှင့် ကျန်ဟန်မျိုးနွယ်ကျင့်ကြံသူများသည် လုံးလုံးလျားလျား အံ့ဩတုန်လှုပ်သွားကြ၏။ မန်ဟို၏လက်လှုပ်ရှားမှုလေးက ဧရာမပုံရိပ်ယောင်လက်ကြီးတစ်ဖက်ကို ကြယ်တာရာကောင်းကင်၌ ဘွားခနဲ ပေါ်လာစေခဲ့ပြီး သတ္တမတောင်ပင်လယ်မှ ကျင့်ကြံသူများ ရောက်ရှိနေသော ဧရိယာတစ်ခုလုံးအား အုပ်မိုးပြီးနောက် ခြင်ရိုက်သလို ရိုက်ချလိုက်စေသည်။
ဝုန်းခနဲ အသံကျယ်ကြီး ဟိန်းထွက်သွားပြီး အာကာသတစ်ခုလုံး တုန်ခါသွားသည်။ ကျင့်ကြံသူအားလုံး၏မျက်နှာအပေါ်တွင် ထိတ်လန့်နေသောအရိပ်အယောင်များ ပေါ်လာပြီး အတော်များများမှာ ကြောက်လန့်တကြား အော်ကြတော့သည်။
ကျင့်ကြံခြင်းအဆင့် မည်မျှပင်ဖြစ်စေ တစ်ဦးတစ်ယောက်ချင်းစီတိုင်း မယုံကြည်နိုင်ဖွယ်ဖိအားကြီးတစ်ခုသည် နှင်ထုတ်ခြင်းအားလှိုင်းနှင့် ရောနှောလျက် သူတို့ကို နင်းခြေနေကြောင်း ခံစားလိုက်ရသည်။
ကြယ်တာရာကောင်းကင်က သူတို့ကို အလိုမရှိ၍ နှင်ထုတ်ချင်နေသည့်အလားပင်။ သူတို့ကား ... တောင်ပင်လယ်လောက၏ နှင်ထုတ်ခြင်းခံနေရဟန်တူသည်။
ရှေးဟောင်းနယ်ပယ်အဆင့်ထက် နိမ့်ကျသော ကျင့်ကြံခြင်းအခြေခံများနှင့် ကျင့်ကြံသူများမှာ ဖိအားကို ခံနိုင်ရည်မရှိတော့ပေ။ ဖိအားအောက်ဝယ်တွင် သူတို့၏ခန္ဓာကိုယ်များမှာ လူရုပ်ပင် မပေါ်တော့သည့်တိုင်အောင် ပုံပျက်ဆင်းပျက်ကုန်သဖြင့် စူးစူးဝါးဝါး အော်သံများ ပွက်လောရိုက်နေသည်။ ထို့နောက် သူတို့သည် အသားစများအဖြစ် ပေါက်ကွဲသွားတော့၏။
ထို့နောက် ရှေးဟောင်းနယ်ပယ်စဦးပိုင်းအဆင့် ကျင့်ကြံသူများ၏ မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ်တို့မှ သွေးများ စတင်စီးကျလာသည်။ တခဏတောင့်ခံထားပြီးနောက် သူတို့၏မျက်နှာပေါ်တွင် ထိတ်လန့်ပူဆွေးမှုများ ဖြတ်ပြေးသွားပြီး တဖောက်ဖောက် ပြားကပ်ကုန်ကြတော့သည်။
ခါးခါးသီးသီးရယ်သံများ၊ ဒေါသတကြီးကြိမ်းဝါးသံများနှင့် အသနားခံသံများပင် ဆူညံနေသည်။ ထိုအသံများသည် ရှေးဟောင်းနယ်ပယ် အလယ်အလတ်အဆင့် ကျင့်ကြံသူများထံမှ လာ၏။ သူတို့ထက်ပို၍ အဆင့်နိမ့်သော ကျင့်ကြံခြင်းအခြေခံများဖြင့် လူတိုင်း ပြားကပ်သွားသည်ကို မြင်လျှင် သူတို့မှာ မျှော်လင့်ချက်မဲ့လာကြတော့သည်။ အတော်များများက နတ်ဘုရားစွမ်းရည်များကိုသော်လည်းကောင်း၊ မှော်ပစ္စည်းများကိုသော်လည်းကောင်း ထုတ်လွှတ်ကြသည်။ သို့သော် နတ်ဘုရားစွမ်းရည်များမှာ ပေါ်လာလျှင်ချင်း ဖျက်စီးခံလိုက်ရပြီး မှော်ပစ္စည်းများမှာတော့ ကြေမွကုန်လေသည်။
ဤကျင့်ကြံသူများမှာ မွစာကြဲအရိုးများ၊ သွေးသံရဲရဲအသားစများ ရောနေသော အပြားကြီးအဖြစ် ဖိနှိပ်မခံရခင် အသက်ရှိုက်စာအနည်းငယ်သာ တောင့်ခံနိုင်လိုက်သည်။
ထို့နောက် ရှေးဟောင်းနယ်ပယ် နှောင်းပိုင်းအဆင့်နှင့် မဟာစက်ဝန်းအဆင့် ကျင့်ကြံသူများ။ သူတို့လည်း ထွက်မပြေးနိုင်ခင် ခန္ဓာရောဝိညာဉ်ပါ ဖျက်စီးခံလိုက်ရသည်။ ဧရာမပင့်ကူကြီးသုံးကောင်နှင့်ပတ်သက်၍မူ ၎င်းတို့ထံမှ ကျိုးအက်သံများ ထွက်လာပြီး ခြေထောက်များ လိမ်ကျိုးသွားသည်။ ၎င်းတို့၏ခန္ဓာကိုယ်များ ရုပ်ပျက်ဆင်းပျက် ပျော့ကြေသွားစဉ် အစိမ်းရောင်သွေးများ ပန်းထွက်လာသည်။
နောက်ဆုံးတော့ ... တာအိုနယ်ပယ်ပညာရှင်သုံးယောက်။ ကျင့်ကြံသူသုံးထောင် ပြားကပ်သွားပြီး အဆုံးမဲ့လှိုင်းများ ကြယ်တာရာကောင်းကင်တစ်လျှောက် လိမ့်ထွက်သွားသည်ကို သူတို့သုံးယောက်သား မျက်လုံးပြူးလျက် ကြည့်နေကြသည်။ သူတို့မှာ တင်းပုတ်ငရဲသို့ ရောက်သွားသလို ခံစားလိုက်ရ၍ ကြောက်ဒူးတုန်ကာ သွေးအန်လာတော့သည်။ သူတို့လည်း ဖိအားကြီး၏ နင်းခြေခြင်း ခံနေရလေပြီ။
“မလုပ်နဲ့” သူတို့ထဲမှ တစ်ယောက်မှာ ထပ်မံမတောင့်ခံနိုင်တော့သဖြင့် ခါးသီးစွာ စတင်ရယ်တော့သည်။ သူသည် ပိုင်ဆိုင်ထားသမျှ မှော်ပစ္စည်းအားလုံးကို ထုတ်ပြီး ဧရာမခေါင်းလောင်းကြီးတစ်လုံးကိုပင် ထွေးထုတ်ကာ ပြန်တိုက်ခိုက်ဖို့ ကြိုးစား၏။ သို့သော် သူ၏မှော်ပစ္စည်းအားလုံး ကြေမွသွားပြီး သူ၏ခန္ဓာကိုယ်မှာ စတင်ပုံပျက်လာတော့သည်။
ကျန်တာအိုနယ်ပယ်ကျင့်ကြံသူနှစ်ယောက်က ခါးသီးစွာ ရယ်ရင်း ခန္ဓာဖောက်ခွဲရန် ရွေးချယ်လိုက်ကြသည်။ ကြယ်တာရာကောင်းကင်က တင်းကြပ်စွာ ပိတ်လှောင်ထားခဲ့ပြီဖြစ်သည့်အတွက် တိုက်ခိုက်ရန် မည်သို့မျှမဖြစ်နိုင်ပေ။ သူတို့အတွက် အခွင့်အရေးကို မရှိခြင်းသာ။
တာအိုနယ်ပယ်ခေါင်းဆောင်ကြီးနှစ်ယောက်၏ ခန္ဓာဖောက်ခွဲအားမှာ ဧရာမလက်ကြီး၏ စိုးမိုးခြင်းခံလိုက်ရပြီးနောက် ဖျောက်ဖျက်ခံလိုက်ရသဖြင့် ထစ်ချုန်းသံများ ထပ်ဆင့်ကဲ ဆူညံသွားသည်။
ဤအရာအားလုံးကို ဖော်ပြရန် အချိန်တချို့ ကြာလိုက်သော်လည်း တကယ်တမ်း မျက်စိတစ်မှိတ်လေးအတွင်း ဖြစ်ပျက်သွားခြင်းဖြစ်သည်။ သတ္တမတောင်ပင်လယ်ကျင့်ကြံသူသုံးထောင် ရှိခဲ့သော ဧရိယာမှာ ယခုတော့ သွေးမြူအိုင်ကြီး ဖြစ်သွားခဲ့လေပြီ။
ကျင့်ကြံသူပေါင်းများစွာနှင့် မှော်ပစ္စည်းများသည် ပင့်ကူအလောင်းများနှင့်အတူ လုံးခြေခံလိုက်ရသဖြင့် အစိမ်းရောင်၊ အဖြူရောင်နှင့် အနီရောင်အရည်များ စီးကျနေသော ဧရာမသွေးအကျိအချွဲအလုံးကြီး ဖြစ်လာသည်။ ထိုမြင်ကွင်းကား ကျောထဲစိမ့်သွားလောက်အောင် ချောက်ချားစရာကောင်းလှ၏။
ဟန်ချင်းလဲ့၏မျက်နှာ ဖြူဆုပ်နေပြီး ကျန်ဟန်မျိုးနွယ်ခေါင်းဆောင်ကြီးနှစ်ဦးလည်း သွေးချောင်းစီးတိုက်ပွဲများစွာကို ဆင်နွှဲခဲ့ဖူးသည့်တိုင် ကျောခမ်းလာပြီး မန်ဟို့ကို ကြောက်ကြောက်ရွံ့ရွံ့ လှမ်းကြည့်လိုက်ကြသည်။
ကျန်ရှိသူတိုင်းလည်း မျက်လုံးအပြူးသား၊ ပါးစပ်အဟောင်းသားနှင့် ကြည့်နေကြသည်။ အမျိုးသမီးတချို့ဆိုလျှင် ပျို့၍ပင် အန်လိုက်ကြရသည်။ မန်ဟို့ကို ကြည့်သောအခါ သူတို့၏မျက်လုံးများတွင် သွေးဆာနေသော မကောင်းဆိုးဝါးသားရဲကြီးတစ်ကောင်ကို ကြည့်နေလျှင် မြင်ရမည့် အကြောက်တရားတို့ ပြည့်နှက်နေ၏။ မန်ဟိုက သတ္တမတောင်ပင်လယ်ထက်ပင်ပို၍ ကြောက်စရာကောင်းလေသည်။
“အဲဒါ ဘာစွမ်းအားပါလိမ့်.....” ဟန်ချင်းလဲ့က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူသည် ချောက်ချားဖွယ် သွေးအကျိအချွဲလုံးကြီးကို ကြည့်ပြီး မန်ဟို့ကို ပြန်ကြည့်ပြီးနောက် မန်ဟိုကား သူ့ထက် များစွာ သာနေခဲ့ပြီဖြစ်ကြောင်း ခါးသီးစွာ သဘောပေါက်လိုက်တော့၏။ သူ ဘယ်တော့မှ လိုက်မမှီနိုင်တော့အောင် သာသွားခဲ့လေပြီ။
“တောင်ပင်လယ်လောကရဲ့ စွမ်းအား” မန်ဟိုက တိုးညင်းစွာ ဖြေသည်။ ရှေးဟောင်းနယ်ပယ်သို့ ဝင်ရောက်၍ သူ၏ပါရာဂွန်ဝိညာဉ်မီးအိမ်ကို မီးထွန်းပြီးကတည်းက သူ့အတွက် တောင်ပင်လယ်ကို ခံစားကြည့်ရန် များစွာ ပိုမိုလွယ်ကူလာခဲ့သည်။
ယခင်က သူသည် နေနှင့်လ၏စွမ်းအားကို ဆင့်ခေါ်ဖို့ သူ့ကိုယ်ထဲရှိ ပါရာဂွန်သွေးကို မလွဲမရှောင်သာ လှုံ့ဆော်ခဲ့ရ၏။ ယခုတော့ ထိုကဲ့သို့ လုပ်စရာမလိုတော့ပေ။ သူ၏အတွေးလေးတစ်ချက်ဖြင့် တောင်ပင်လယ်များ၏ စွမ်းအားကို ထုတ်ဖော်နိုင်ပြီဖြစ်သည်။
သူ့အနေဖြင့် သိပ်များများစားစား မသုံးနိုင်သေးသော်လည်း သူ၏ကျင့်ကြံအဆင့် တက်လာပြီး အထူးသဖြင့် သူ၏မိစ္ဆာချုပ်နှောင်သူအရှိန်အဝါ အားကောင်းလာသည်နှင့်အမျှ တောင်ပင်လယ်၏တည်ရှိမှုကို သူ၏အတွေးလေးတစ်ချက်ဖြင့် ဆုံးဖြတ်ပေးနိုင်မည့် နေ့ရက်သို့ မုချရောက်ရှိလာလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် သူသည် ... ကိုးဆက်မြောက်မိစ္ဆာချုပ်နှောင်သူဖြစ်သလို၊ တောင်ပင်လယ်လောက၏ သခင်လည်း ဖြစ်၍ပင်။
မန်ဟိုက ဟန်ချင်းလဲ့ကို ပြုံးကြည့်ပြီးနောက် ပြောသည်။ “ညီနောင်ဟန်၊ မန်မျိုးနွယ်စုကနေ ကြိုဆိုပါတယ်။ ဒီနေရာမှာဆို မင်းတို့ ဘေးကင်းလိမ့်မယ်။ ကျေးဇူးပြုပြီး နောက်က လိုက်ခဲ့ကြပါ”
ဟန်ချင်းလဲ့၏မျက်ဝန်းများတွင် ရှုပ်ထွေးနေသော ခံစားချက်များအား မြင်ရနိုင်သည်။ တဒင်္ဂကြာသော် သူက လက်နှစ်ဖက်ယှက်၍ မန်ဟို့ကို လေးနက်စွာ အရိုအသေပေးပြီးနောက် ကျန်ဟန်မျိုးနွယ်ကျင့်ကြံသူများနှင့်အတူ မန်ဟို့နောက်လိုက်ကာ မန်မျိုးနွယ်ဘိုးဘေးစံအိမ်သို့ ဦးတည်သွားလေသည်။ ဘွားဘွားမန်ကို ဂါဝရပြုနှုတ်ဆက်ပြီးနောက် ဟန်မျိုးနွယ်စုမှ အသက်ရှင်ကျန်ခဲ့သူများသည် ပင်မကုန်းမြေအပေါ်က ဘိုးဘေးစံအိမ်ထဲတွင် မြေတစ်မြေ ပေးအပ်ခံရ၏။ ထိုနေရာတွင် သူတို့အင်အားပြန်တည်ဆောက်နိုင်မည်။
နောက်ရက်များတွင် မန်ဟိုသည် သူ၏အချိန်အများစုကို ရုပ်တုကြီးထဲတွင် ကျင့်ကြံအားထုတ်ရင်း ကုန်ဆုံးတတ်သော်လည်း ရှေ့ဖြစ်နှောင်းဖြစ်ပြောရန် ဟန့်ချင်းလဲ့ဆီ တခါတရံ အလည်အပတ်သွားတတ်၏။
ဟန်မျိုးနွယ်စုကို ပေးအပ်ခဲ့သော မြေတွင် ကျောက်စိမ်းနှင်းငါးများ ပြည့်နေသော ရေခဲကန်တစ်ကန် ပါရှိလေသည်။ ကျောက်စိမ်းနှင်းငါးများမှာ အရသာချိုသဖြင့် မန်ဟိုသည် မြည်းကြည့်လျှင်ချင်း ခံတွင်းတွေ့သွား၍ ဟန်ချင်းလဲ့နှင့်အတူ ထိုကန်တွင် မကြာခဏ ငါးမျှားတတ်လေသည်။
၎င်းက အပြင်ဘက် အဋ္ဌမတောင်ပင်လယ်တွင် တိုက်ခိုက်နေသော ရက်ရက်စက်စက်တိုက်ပွဲနှင့် အတော်လေး ဆန့်ကျင်ဘက်ဖြစ်နေ၏။ ဟန်ချင်းလဲ့မှာ မကြာခဏ မှိုင်တွေနေတတ်ပြီး တစ်ခါတလေ အပြင်က စစ်ပွဲကိုပင် မေ့သွားတတ်သည်။
“ညီနောင်မန်.... သတ္တမတောင်ပင်လယ်က ကျူးကျော်သူတွေကို အဋ္ဌမတောင်ပင်လယ်ကနေ မောင်းထုတ်နိုင်အောင် မင်းရဲ့ ကျင့်ကြံခြင်းအခြေခံနဲ့ ဘာကြောင့် မကူညီတာလဲ” ၎င်းက ဟန်ချင်းလဲ့ ရက်ပေါင်းများစွာ စဉ်းစားနေခဲ့ပြီး မမေးဘဲ ချုပ်တည်းထားခဲ့သော မေးခွန်းဖြစ်သည်။ သို့သော် တစ်ရက်တွင် မန်ဟိုနှင့်အတူ ရေခဲကန်တွင် ငါးမျှားနေစဉ် သူက မေးလိုက်လေသည်။
မန်ဟိုက စစချင်း မဖြေ။ သူက ကန်ထဲ ချထားသော ငါးမျှားကြိုးကို ခပ်ဆတ်ဆတ် ဆွဲလိုက်ရာ ရေထဲမှ ကျောက်စိမ်းရောင် ငါးတစ်ကောင် ထွက်လာသည်။ ငါးမျှားကြိုးကို ပြန်ရစ်နေစဉ် ၎င်းသည် တစ်မီတာကောင်းကောင်းကျော်ကြောင်း တွေ့လိုက်ရ၏။ သူက ၎င်းကို လက်ညှိုးထိုးလိုက်ရာ အနားရှိ မန်မျိုးနွယ်ကျင့်ကြံသူတစ်ယောက်က ချဉ်းကပ်လာပြီး လူးလွန့်နေသော ငါးကို ဖမ်း၍ မြေကြီးနှင့်ရိုက်ကာ ပုံးထဲ ထည့်လိုက်သည်။
“ညီနောင်ဟန်” မန်ဟိုက တိုးညင်းစွာ ပြောသည်။ “ဒီစစ်ပွဲက ... ပြီးမှာမဟုတ်ဘူး။ ဒါ့အပြင် သတ္တမတောင်ပင်လယ် မလှုပ်ရှားရင်တောင်မှ တောင်ပင်လယ်တစ်ခုခုက လှုပ်ရှားဦးမှာပဲ....” ရှေးဟောင်းနယ်ပယ်သို့ ဝင်ရောက်ပြီးနောက် မန်ဟို့အသံနှင့်ပတ်သက်၍ တစ်စုံတစ်ခုက ပြောင်းလဲသွားခဲ့ပြီး ပို၍ရှေးဆန်လာသံပေါက်နေသည်။
သူက သက်ပြင်းချပြီး ကောင်းကင်ထဲက တောင်ပင်လယ်လောက၏အစပ်ရှိ ကောင်းကင်ဘုံ ၃၃ ဘုံသို့ လှမ်းကြည့်လိုက်သည်။ “ငါ လှုပ်ရှားမှာပါ။ ဒါပေမယ့် အခုတော့ အချိန်မကျသေးဘူး
“ကြယ်တာရာကောင်းကင်မှာ သူ့ကို ဖုံးထားတဲ့ အဖုံးလိုအရာမျိုးရှိတာ မင်း သတိထားမိလား။ ပြီးတော့ အဲဒီအဖုံးက ဖြည်းဖြည်းချင်း နီးနီးလာနေတာကိုရော” မန်ဟို့စကားလုံးများက ဟန်ချင်းလဲ့ကို မှင်သက်သွားစေသည်။ သူသည် အဆုံးမဲ့ကောင်းကင်ကြီးနှင့် အဆုံးမဲ့ကြယ်များကို ရုတ်တရက် မော့ကြည့်ပြီးနောက် အသက်ပြင်းပြင်းရှူသွင်းလိုက်မိ၏။
“မင်းဆိုလိုတာက ... ကောင်းကင်ဘုံ ၃၃ ဘုံလား”
တခဏတိတ်ဆိတ်နေပြီးနောက် မန်ဟိုက ရေခဲကန်ကို ပြန်ကြည့်ကာ တည်တည်ငြိမ်ငြိမ် ပြောသည်။ “မကြာခင် ကောင်းကင်ဘုံ ၃၃ ဘုံ ကျဆင်းလာနိုင်ခြေနဲ့ပတ်သက်ပြီး ငါ စိတ်ပူမိတယ်”
ဟန်ချင်းလဲ့ မျက်နှာပျက်သွားသည်။ သူသည် မန်ဟို့နည်းတူ လေဟုန်ခွင်းလောကသို့ သွားရောက်ခဲ့သော အဖွဲ့ကြားတွင် ပါဝင်ခဲ့၏။ ကောင်းကင်ဘုံ ၃၃ ဘုံက မည်သည့်အရာကို ကိုယ်စားပြုကြောင်း သူ ရှင်းလင်းပြတ်သားစွာ မှတ်မိသည့်အပြင် ထိုနေရာတွင် ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်သောပညာရှင်များ ရှိကြောင်းလည်း သိသည်။
“ဒါဆို ... ငါတို့ ဘာလုပ်ကြမလဲ” ဟန်ချင်းလဲ့က ခါးသီးစွာ မေးလိုက်သည်။ ယခင်က သတ္တမတောင်ပင်လယ်၏ကျူးကျော်မှုက အံ့အားသင့်စရာကောင်းသည်ဟု သူ ထင်ခဲ့သည်။ သို့သော် ယခုတော့ ၎င်းက သူ့ကို နေ့ရက်များ၏အဆုံးသတ်ပမာ ခံစားလိုက်ရစေသော နိဒါန်းလေးသာ ရှိသေးကြောင်း သူ သဘောပေါက်လိုက်လေပြီ။ ကောင်းကင်ဘုံ ၃၃ ဘုံနှင့် စစ်သာဖြစ်လျှင် ... သူ ဘာလုပ်ရမှန်း မသိပေ။ သူ့မှာ အာကာသကြီးကို ငေးကြည့်ရင်း ငိုင်တွေနေတော့၏။
မန်ဟိုက ဟန်ချင်းလဲ့ကို လှမ်းကြည့်ပြီးနောက် သူ၏အမူအရာသည် လေးနက်လာ၏။ “အစွမ်းပိုထက်လာအောင် လုပ်။ ငါတို့ ပြောနေတာက ဘာစစ်ပွဲပဲဖြစ်ဖြစ် သတ္တမတောင်ပင်လယ်ရဲ့ကျူးကျော်မှု ၊ တောင်ပင်လယ်တွေရဲ့စစ်ပွဲ ဒါမှမဟုတ် ကောင်းကင်ဘုံ ၃၃ ဘုံ ရောက်ချလာတာပဲဖြစ်ဖြစ်ကွာ။ ယုတ်စွအဆုံး... ဟိုးရှေးရှေးတုန်းက ပါရာဂွန်ပင်လယ်လောကကို ဖျက်စီးခဲ့တဲ့ အင်အားစုကြီးနှစ်စု ပြန်ရောက်လာတာပဲဖြစ်ဖြစ်။ မင်း ဘယ်လိုနေနေ လုပ်ဖို့ လိုအပ်လာတာက ..... ပိုပြီးအစွမ်းထက်လာအောင်ပဲ
“စစ်ပွဲကို ရှောင်ဖို့ မရဘူး။ သုခဘုံဟာ တစ်နေရာရာမှာတော့ တည်ရှိကောင်း တည်ရှိလိမ့်မယ်။ ဒါပေမဲ့ သေချာပေါက် တောင်ပင်လယ်လောကမှာတော့ မဟုတ်ဘူး
“တကယ့်စစ်ပွဲက အနှေးနဲ့အမြန် လာလိမ့်မယ်။ ပြီးရင် ငါတို့အားလုံး အဲဒီစစ်ပွဲမှာ ဝင်တိုက်ကြရလိမ့်မယ်” မန်ဟို၏မျက်လုံးများသည် ဖြေးဖြေးချင်း ဝင်းလက်တောက်ပလာသည်။ နောက်ဆုံးတွင် သူက သူ၏လက်ချောင်းကို မြေကြီးအပေါ် တောက်ကာ ဂယက်တစ်ခုအား ဖြာထွက်စေရင်း ကုန်းမြေတစ်ခုလုံးတွင် ပြည့်နှက်သွားစေသည်။
၎င်းက ပြီးခဲ့သည့်လများအတွင်း သူ မကြာခဏ လုပ်ခဲ့သော အရာဖြစ်သည်။ တံခါးပိတ်ကျင့်ကြံနေသည့်အချိန်မှာပင် သူသည် သူ၏နတ်ဘုရားအာရုံကို မကြာခဏ ဖြန့်ကျက်ရင်း သူ၏ကျင့်ကြံခြင်းအခြေခံကို မြေပြင်များနှင့် တစ်သားတည်းပေါင်းစည်းကာ ဧရာမမန္တန်ဝင်္ကပါကြီးတစ်ခု၏ ကောက်ကြောင်းကို ဖော်ဆောင်ခဲ့၏။
မန်ဟိုသည် တကယ်တမ်း မန္တန်ဝင်္ကပါများအကြောင်း သိပ်နားမလည်ပေ။ သို့သော် ယခု မြေအောက်မန္တန်ဝင်္ကပါက အရေးကြီးခြင်းမဟုတ်။ အရေးကြီးသည်က ထိုမန္တန်ဝင်္ကပါ၏ဖွဲ့စည်းပုံကို ဖော်ဆောင်ထားသည့် စွမ်းအားက ... မန်ဟို၏ တောင်ပင်လယ်လောကစွမ်းအားဖြစ်နေဖြင်းပင်။
“ပြီးခါနီးပြီ” သူက တစ်ယောက်တည်း ရေရွတ်လိုက်သည်။
ဟန်ချင်းလဲ့က ခါးသီးနေသောမျက်နှာထားဖြင့် သူ့ဘေးတွင် တိတ်ဆိတ်စွာ ထိုင်နေသည်။
“ဒါပေမဲ့ ငါ အခုထိ နားမလည်သေးဘူး” နောက်ဆုံးတော့ သူ့အသံထွက်လာသည်။ “အခု မင်း ဒီစစ်ပွဲမှာ တစ်ခုခု လုပ်ပေးနိုင်တယ်လေ။ မင်းရဲ့ကျင့်ကြံခြင်းအခြေခံနဲ့ဆို တားတောင်တားနိုင်တယ်။ လူနည်းနည်းသေရင် တောင်ပင်လယ်လောကအနေနဲ့ အင်အားပိုတောင့်မသွားဘူးလား
“ဒါ့အပြင် အခုအချိန်မှာ အပြင်ကနေ ငါတို့ကို ချောင်းနေတဲ့ ရန်သူတွေ ရှိပေမယ့် အချင်းချင်း တိုက်ခိုက်နေကြတယ်လေ။ ကိုယ့်အချင်းချင်း တိုက်ခိုက်နေစရာအကြောင်းမှ မရှိတာ”
မန်ဟိုက အတန်ကြာ တိတ်ဆိတိတ်နေပြီးနောက်မှ ပြောသည်။ “အချိန်မကျသေးဘူး။ မကြာခင် အချိန်ကျလာလိမ့်မယ်”
သူသည် ဤစစ်ပွဲတွင် သူ ဝင်မတိုက်ရသည့်အကြောင်းရင်းကို မရှင်းပြပေ။
သူ ဝင်မတိုက်ရသည့် အကြောင်းရင်းက ... အဋ္ဌမတောင်ပင်လယ်တွင် သူ တစ်ယောက်တည်းမဟုတ်သည့်အတွက်ကြောင့် ဖြစ်ကြောင်း သူကိုယ်တိုင်သာ သိသည်။ သူ့တွင် စောင့်ရှောက်ပေးရမည့် မန်မျိုးနွယ်စု ရှိနေလေသည်။
ကျန်မန်မျိုးနွယ်များကို ဂရုမစိုက်လျှင်တောင်မှ သူသည် ဘွားဘွားမန်ကို ဂရုစိုက်၏။ ထို့အပြင် သူ့အဘွားနှင့် သူမလူများက မျိုးနွယ်စုကို ဂရုစိုက်သည်။ မန်ဟိုသာ သတ္တမတောင်ပင်လယ်ကို ထွက်တိုက်လျှင် သူတို့လက်ထဲတွင် သေချာပေါက် ထိခိုက်လိမ့်မည်။ အဆုံးသတ်တွင် ....သူတစ်ယောက်တည်း ကျန်ခဲ့မည်။
သူ့အနေဖြင့် သတ္တမတောင်ပင်လယ်ကို ခုခံနိုင်သည်၊ သို့မဟုတ် ထွက်ပြေးနိုင်သည်။ သို့သော် မန်မျိုးနွယ်စုကတော့ ထိုသို့ ရွေးချယ်မည်မဟုတ်။ မန်မျိုးနွယ်စုတည်ရှိနေသရွေ့ မန်ဟို ဝင်ပါလိုက်လျှင် ... မျိုးနွယ်စုသည် အရှုပ်ထဲ ဆွဲသွင်းခံရပြီး အပြတ်ရှင်းခံရလိမ့်မည်။
ယင်းက သူ ဝင်မပါခဲ့သည့် အကြောင်းရင်ဖြစ်သလို၊ သတ္တမတောင်ပင်လယ်ကလည်း ထိုအခြင်းအရာကို သဘောပေါက်သည်။ ထို့ကြောင့် ... သူတို့သည် သူ့ကို ရန်မစဖို့ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး သူနှင့် သူတို့သည် ထိရှလွယ်သော ရှေ့မတိုးနောက်မဆုတ်အခြေအနေကို ထိန်းသိမ်းထားနိုင်ခဲ့ခြင်းဖြစ်၏။