အခန်း (၁၉၅-၁၉၆)
Vol. 16 Ch. 195-196
အပိုင်း(၁၉၅)
သိုင်းပညာဖလှယ်ရုံပဲ အသက်အန္တရာယ်မထိခိုက်ဘူး!
နွေနေ့လည်ခင်းတစ်ခုတွင် ကုအန် ဆန်းကြယ်တောင်ကြား၌ ကုအန် ဆေးပင်ခူးနေခဲ့သည်။
ကမ္ဘာပေါ်ရှိ မိစ္ဆာအရေအတွက်မှာ သိသိသာသာ လျော့ကျသွားပြီဖြစ်ပြီး ကောင်းကင်ကြီးပင် ပို၍ ပြာလဲ့လာခဲ့၏။ ယခုအခါ မင်းဆက်သုံးခု မြင့်မြတ်ကုန်းမြေနှင့် မိစ္ဆာဧကရာဇ်တို့က မိစ္ဆာများကို သုတ်သင်နေသောကြောင့် ကုအန်၏ သက်တမ်းစုဆောင်းနှုန်းပင် ကျသွားခဲ့ရသည်။
သို့သော် အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်လာခြင်းမှာ သူ့အတွက်ကောင်းသော အရာသာ ဖြစ်၏။
ငြိမ်းချမ်းသောကမ္ဘာတွင် အေးအေးဆေးဆေး စိုက်ပျိုးကာ ဖြည်းဖြည်းချင်း တိုးတက်လာခြင်း!
ဤအရာသည် သူ့အတွက် မှန်ကန်သော လမ်းစဉ်သာ ဖြစ်သည်။
ထိုစဉ် လုကျိကျား ကုအန်ဘေးရောက်လာပြီး မေးလိုက်၏။
“စီနီယာအစ်ကိုကြီး ဒီနှစ်ကုန် ဆေးတာအိုပြိုင်ပွဲမှာ ၀င်ပြိုင်မှာလား”
မိစ္ဆာဘိုးဘေးသေဆုံးသွားပြီးနောက် လုပိုင်ထျန်းသည် သူ့အစီအစဉ်ကို ပြန်လည်စတင်နေပြီ ဖြစ်သည်။ အရင်ဆုံး ရွှမ်ထျန်းယီကို စာအုပ်တစ်အုပ်အရင်ရေးခိုင်းပြီးနောက်တွင်တော့ဆေးတာအိုပြိုင်ပွဲ ကျင်းပပေးခဲ့သည်။ ပြိုင်ပွဲ၏ ကြွယ်၀လှသော ဆုလာဒ်များက လူတိုင်းကို ဆွဲဆောင်နေခဲ့ပြီး ထိုပြိုင်ပွဲတွင် အဓိပတိဂိုဏ်းသားများလည်း ၀င်ပြိုင်ကြမည် ဖြစ်သည်။
လုကျိကျား၏ အမြင်တွင် ကုအန်၏ ဆေးတာအိုအစွမ်းမှာ အတော်လေး ကောင်းမွန်ပေသည်။
“ထပ်ပြိုင်စရာမလိုတော့ပါဘူး အစ်ကိုကြီးအတွက် ရွှေစာရင်းမှာပါနေရတာကတင် လုံလောက်နေပါပြီ”
ကုအန် သာမန်အတိုင်း ပြန်ဖြေလိုက်သည်။
အနာဂတ်တွင် ထိုကဲ့သို့ အလားတူ ပြိုင်ပွဲမျိုးစုံ ရှ်ိလာဦးမည် ဖြစ်၏။ အကယ်၍ ထိုထဲတွင် လက်ရေးလှ ပြိုင်ပွဲမျိုး ပါရင်တော့ ကုအန် ၀င်ပြိုင်ကောင်း ပြိုင်ပေလိမ့်မည်။
လုကျိကျား သက်ပြင်းချလိုက်ပြီး အဓိပတိဂိုဏ်း၏ တိုးတက်လာမှုကို တွေးနေမိ၏။
ယခုအခါ အဓိပတိဂိုဏ်းသည် သူတို့၀င်ခဲ့တုန်းက အချိန်နှင့် ကွဲပြားသွားခဲ့ပြီး ဂိုဏ်းသည်တရိပ်ရိပ်ထိုးတက်နေကာ သန်မာသူများလည်း ပေါများလာခဲ့သည်။ အရင်က စိတ်ဝိညဉ်အခြေတည်အဆင့်တစ်ယောက်ကိုတောင် တွေ့ဖို့ ခက်သော်လည်း အခုတော့ နတ်အသွင်ပြောင်းခြင်းအဆင့် ဟင်းလင်းပြင်ချိုးဖျက်ခြင်းအဆင့် တစ်သားတည်းဖြစ်ခြင်းအဆင့်များကိုပင် ကောင်းကင်ပြုပြင်စင်မြင့်ပေါ်တွင် အများအပြား တွေ့မြင်နိုင်နေခဲ့သည်။
ကုအန်လည်း ဆေးပင်ခူးနေရင်း လုကျိကျား ဆက်ပြောနေသည်များကို ဂရုတစိုက်နားထောင်နေခဲ့၏။
အဆင့်နိမ့်တပည့်များ၏ အမြင်များကတစ်ဆင့် ဂိုဏ်းသည် လမ်းမှန်ပေါ်ရောက်နေလား မရောက်နေဘူးလားဆိုတာကို သူသုံးသပ် သိမြင်နိုင်ပေသည်။
နေပါဦး!
ဘာလို့ ငါ့မှာဂိုဏ်းချုပ်စိတ်ဓာတ်မျိုးကြီး ရှိနေပြန်တာလဲ!
အကုန်လုံးက လုပိုင်ထျန်းအပြစ်တွေပဲ!
သို့သော် ကုအန် လုပိုင်ထျန်းကို နောက်ကွယ်မှ အကြံပေးရသည်ကိုတော့ ကြိုက်နှစ်သက်ပေသည်။ ထိုခံစားချက်သည် အတော်လေး ကျေနပ်စရာကောင်းပြီး သူဖြစ်လိုသမျှကို သူဘာမှမလုပ်ရဘဲ ပြောလိုက်ရုံဖြင့် အလိုလိုဖြစ်လာသော ခံစားချက်မျိုး ဖြစ်၏။
မိစ္ဆာဘိုးဘေးသေဆုံးသွားသည်မှာ နှစ်ပေါင်းများစွာ ကြာလာခဲ့ပြီ ဖြစ်သည်။ အဓိပတိဂိုဏ်းသည် အတွင်းစည်းဂိုဏ်းသားများနှင့် အပြင်စည်းဂိုဏ်းသားများကို မိစ္ဆာများကို သုတ်သင်ရန် စေလွှတ်နေပြီး တပည့်ရင်းများ အမွေခံတပည့်များကိုတော့ မိစ္ဆာနယ်မြေတွင် အခွင့်အလမ်းများ ရှာဖွေရန် စေလွှတ်နေခဲ့သည်။
မိစ္ဆာနယ်မြေသည် ကျယ်ပြန့်လှပြီး မင်းဆက်သုံးခုက ဂိုဏ်းများအတွက် ရတနာရှာဖွေရာ နေရာ ဖြစ်လာခဲ့သည်။ ဆန်းကြယ်နှလုံးသားအဆင့် ကျင့်ကြံသူကြီးများပင် ထိုနေရာကို မသွားဘဲ မနေနိုင်ခဲ့ကြပေ။
လုလင်ကျွမ်းလည်း တတိယတောင်ကြားမှ ထွက်ခွာသွားပြီး သူ့ထွက်ခွာသွားမှုက တတိယတောင်ကြားကိုတော့ အကျိုးသက်ရောက်မှု မရှိခဲ့ပေ။
လုကျိကျား ပြောပြီးသောအခါ ကုအန်လည်း လေးလေးနက်နက်ပြောလိုက်၏။
“ညီလေး မင်းဝူရှင်း ထားသွားခဲ့တဲ့ ကျင့်စဉ်ကို လေးလေးနက်နက် ကျင့်ကြံရမယ် အဓိပတိဂိုဏ်းမြင့်တက်လာမှုက အရာအားလုံးပြောင်းလဲသွားပြီး ငါတို့မှာလည်း အခွင့်အလမ်းတွေ ရှိနေတယ်လို့ ညွှန်ပြနေတယ်”
လုကျိကျားလည်း ခေါင်းညိတ်ပြလိုက်ပြီး အနာဂတ်ကိုပင် စတင်စိတ်ကူးယဉ်နေလေတော့သည်။
ကုအန် ဆေးပင်များကို လုကျိကျားလက်ထဲ အပ်ထားလိုက်ပြီး ဆန်းကြယ်တောင်ကြားမှ ထွက်ခွာလာခဲ့၏။
နောက်တစ်နေရာ ဆေးပင်ခူးရန် နေရာသည် ထျန်းယ တောင်ကြားဖြစ်ကာ ထို့နောက်မှ ဆန်းကြယ်ကောင်းကင်ဂူဗိမာန် တောင်နတ်ဘုရားဘုရားကျောင်း နျန်းချူဂူ တို့ ဖြစ်ကြသည်။ ညနေချိန်တွင်မူ သူ သဘာ၀ဂူ၈လုံးဆီသို့လည်း သွားရန် လိုနေသေးသည်။ ထိုအရာသည် အလုပ်ရှုပ်တယ်ထင်ရသော်လည်း ကုအန်အတွက်တော့ စိတ်ကျေနပ်စရာကောင်းသော အရာသာ ဖြစ်၏။
ကုအန် နျန်းချူဂူကိုပင် ချဲ့ဖို့ စဉ်းစားနေပြီး ထျန်းယောင်အာအတွက် မိစ္ဆာအဖော်နှစ်ယောက်လည်း ရှာပေးရပေဦးမည်။
ညအချိန်တွင်
ကုအန် နျန်းချူဂူရှ်ိ ကျောက်စားပွဲတွင်ထိုင်ကာ လက်ဖက်ရည်သောက်နေရင်း ထျန်းယောင်အာနှင့် ကြောင်မိစ္ဆာနှစ်ကောင်ကို ကြည့်နေခဲ့သည်။
မိစ္ဆာ်နယ်မြေတွင် မိစ္ဆာမရှားသော်လည်း ကုအန်ရှာနေသည်မှာ နာကျင်ခံစားနေရသော မိစ္ဆာများ ဖြစ်၏။
ဤကြောင်မိစ္ဆာ၂ကောင်သည် အမွှာများ ဖြစ်ကြသည်။ သူတို့မိဘများသည် မိစ္ဆာကြီးများ၏ အချင်းချင်းစားသောက်ခြင်းကို ခံလိုက်ရပြီး လွန်ခဲ့သောလက သူတို့နှစ်ယောက်ပင် ဒဏ်ရာများ ရရှိသွားခဲ့သေးသည်။ ထို့ကြောင့် ထျန်းယောင်အာ အခုသူတို့ကို ဆေးထည့်ပေးနေခြင်း ဖြစ်သည်။
ထို့နောက် ကုအန် သူ့နတ်အာရုံအား မိစ္ဆာနယ်မြေအတွင်းပိုင်းသို့ ဖြန့်ကျက်လိုက်၏။ မကောင်းဆိုးဝါးမိစ္ဆာ၏ ဒဏ္ဍာရီသည် မင်းဆက်သုံးခုလုံးတွင် ပျံ့နှံ့နေပြီဖြစ်ကာ လူတိုင်း၏ အမြင်တွင် မကောင်းဆိုးဝါးမိစ္ဆာ၏ခြိမ်းခြောက်မှုသည် မိစ္ဆာဘိုးဘေးထက်ပင် ကြီးကာ မြင့်မြတ်ကုန်းမြေပင် မထိန်းချုပ်နိုင်သော အရာဖြစ်သည်။
မကောင်းဆိုးဝါးမိစ္ဆာ၏ မိစ္ဆာချီများကလည်း ကမ္ဘာပေါ်တွင် ဆက်လက်ပျံ့နှံ့နေဆဲဖြစ်၏။ ကုအန်လို မြေလျှောက်အမတအဆင့်ပင် ထိုကောင်ကို ရှာရန် အချိန်အချို့ သုံးခဲ့ရသည်။
နာရီ၀က်ခန့်ကြာသောအခါ ကုအန် ကောင်းကင်ဖီးနစ်တောင်နှင့် မိုင် ၁၀သန်းနီးနီးဝေးသော နေရာရှ်ိ တောင်တန်းဒေသတစ်ခုတွင် မိုင်၁သန်း၀န်းကျင်ကို ဖုံးလွှမ်းနေသော မိစ္ဆာချီများကို တွေ့လိုက်ရသည်။
ကုအန်၏ နတ်အာရုံ၏ မိစ္ဆာချီများ၏ အတွင်းပိုင်းသို့ ထိုးဖောက်သွားခဲ့၏။ လမ်းတစ်လျှောက်တွင် သူဆန်းကြယ်သော ကျင့်ကြံသူများကိုလည်း မြင်ခဲ့ရပြီး ထိုလူများသည် အားနည်းနေခြင်းမျိုးလည်းမရှိဘဲ အားအနည်းဆုံးလူပင် မဟာယနအဆင့် ဖြစ်သည်။ သူတို့သည် တောတောင်ထဲရှိ ဘုရားကျောင်းတစ်ခုထဲတွင် စခန်းချနေခြင်းဖြစ်ကာ တစ်ယောက်ကိုတစ်ယောက် အနှောင့်အယှက်မပေးဘဲ ကျင့်ကြံနေခဲ့ကြသည်။
ကြည့်ရသည်မှာ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေသည် မကောင်းဆိုးဝါးမိစ္ဆာ စည်းကို ကိုယ်တိုင်ချိုးဖျက်ပစ်မည်စိုး၍ အစောင့်ချထားပုံပင်။
မကြာခင်တွင် ကုအန် မြေလျှောက်အမတများသာ ချိုးဖြတ်နိုင်သည့် စည်းတစ်ခုကို တွေ့လိုက်ရသည်။ သူထိုအရာကို ချိုးဖြတ်နိုင်သော်လည်း ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေကို သတိပေးလိုက်သလို ဖြစ်သွားမှာစိုးသောကြောင့် နတ်အာရုံကို ပြန်ရုတ်လိုက်၏။
ဖြည်းဖြည်းချင်းပဲလုပ်ရမယ် လောလို့မဖြစ်ဘူး!
တခဏကြာသောအခါ ကုအန် မေးလိုက်သည်။
“နင်သူတို့ကိုနာမည်ပေးဖို့ စဉ်းစားပြီးပြီလား”
ကြောင်မိစ္ဆာလေးနှစ်ကောင်သည် အသိညဏ်နည်းပါးေသးသည့် အဆင့် ၁ မိစ္ဆာလေးများသာ ဖြစ်ကြ၏။
ထျန်းယောင်အာ တခဏစဉ်းစားလိုက်ပြီးပြောလိုက်သည်။
“သခင် သခင်ဘာလို့ ကိုယ်တိုင်မပေးတာလဲ ပြောမှပဲ ကျွန်မအခုထိ သခင့်နာမည်ကို မသိသေးဘူး”
ထိုစကားကိုပြောလိုက်စဉ် သူမကုအန်ကို မကျေမနပ်ကြည့်နေခဲ့၏။
ကုအန် သူမအကြည့်ကို လျစ်လျူရှုထားလိုက်ပြီး ပြောလိုက်သည်။
“သူတို့ကို ထျန်းချင်းနဲ့ ထျန်းပိုင် လို့ခေါ်ရအောင်”
ကြောင်မိစ္ဆာ ၂ကောင်လုံးသည် အဖြူရောင်များ ဖြစ်ကြသည်။ သူထိုနာမည်များ ပေးလိုက်ရခြင်းမှာ သူ့ ချင်းဟုန်ဓားနှင့် ရီလန်၏ စိတ်ဝိညဉ်ဓားဖြူကို တွေးလိုက်မိ၍ ဖြစ်သည်။
ထျန်းယောင်အာလည်း အမြန်ပြောလိုက်၏။
“မျှော်လင့်ထားတဲ့အတိုင်းပဲ နာမည်ကောင်းပဲ သခင်”
ထို့နောက် ကုအန် ထရပ်လိုက်ပြီး စကားတစ်ခွန်းသာ ချန်ခဲ့ပြီး ထွက်သွားခဲ့လေသည်။
“မှတ်ထားနော် သူတို့ကို အပင်တွေပေါ်မနင်းစေနဲ့”
ကုအန်လေထဲတွင် ပျောက်ကွယ်သွားသောအခါ ထျန်းယောင်အာ ကျောက်စားပွဲပေါ်တွင် ကုအန်ချန်ခဲ့သော စာအုပ် ၂ အုပ်ကို တွေ့လိုက်ရ၏။
“ဓားအရှင် ဒဏ္ဍာရီ”
ထျန်းယောင်အာလည်း စိတ်၀င်စားသွားပြီး ကြောင် ၂ကောင်ကိုချကာ စာအုပ်ကို စတင်ဖတ်ရှုလေတော့သည်။
….
နွေရာသီကုန်ချိန်တွင်လည်း အပူချိန်မှာ ကမ္ဘာကြီးပေါ်တွင် ရှိနေဆဲပင်။
တတိယတောင်ကြားတွင် ရွှမ်ထျန်းယီ စားပွဲတွင်ထိုင်ကာ စိတ်ညစ်နေခဲ့သည်။ ထို့နောက် သူမမေးဘဲ မနေနိုင်တော့ပေ။
“ငါ့ ဓားအရှင်ဒဏ္ဍာရီက ဘာလို့မင်းစာအုပ်တွေလောက် မရောင်းရတာလဲ”
ကုအန် စာရေးနေရင်း ဖြေလိုက်သည်။
“ပုံစံတူစာအုပ်တွေ အများကြီးရှိနေလို့ အကျိုးသက်ရောက်မှု နည်းသွားတာ ဖြစ်နိုင်တယ်”
အခြားဂိုဏ်းများကိုထားဦး အဓိပတိဂိုဏ်းတစ်ခုတည်းမှာပင် ဆရာသခင်ဓားအရှင်အကြောင်းစာအုပ် ၁၂အုပ်ထက်မနည်း ရှိနေခဲ့သည်။ အစိမ်းရောင်သူရဲကောင်း ဟူသော ကလောင်အမည်မှာလည်း ဖန်းအန် မဟုတ်လေရာ အဘယ်ကြောင့် အောင်မြင်တော့မည်နည်း။
ရွှမ်ထျန်းယီ သက်ပြင်းချလိုက်မိပြီး သူသည် ခရီးသွားမှတ်တမ်းများ ရေးခြင်းနှင့်သာ သင့်တော်သည်ဟု တွေးလိုက်မိသည်။
ထို့နောက် သူကုအန်ေရးပြီး၍ ချထားသော စာရွက်တစ်ရွက်ကို ယူ၍ ခပ်ကျယ်ကျယ်ဖတ်လိုက်၏။
“ဖရိုဖရဲဖြစ်နေမှုကို မဖြိုခွင်းရသေးခင် ကမ္ဘာကြီးက ကသောင်းကနင်းအခြေအနေမှာ ရှိနေခဲ့ကာ ကျယ်ပြန့်၍ အဆုံးမဲ့ပြီး မည်သူမှလည်း ကမ္ဘာကြီးကို မမြင်ရခဲ့ပေ ပန်ကုက ကမ္ဘာဦးဖရိုဖရဲဖြစ်နေမှုကို ဖြိုခွဲလိုက်ပြီးချိန်မှာတော့ ထိုအချိန်ကစပြီး ရှင်းလင်းမှုနဲ့ ဝေဝါးမှု ကောင်းကင်နဲ့မြေကြီး ယင်နဲ့ယန်ဟာ ကွဲပြားသွားလေတော့တယ်….”
နိဒါန်းအပိုဒ်ကတင် သူ့ကို ဆွဲဆောင်သွားခဲ့သည်။
ဒါက နတ်ဘုရားတို့၏ရာထူးများလို အမျိုးအစားပဲဆိုတာ သေချာတယ်!
သူအသည်းအသန်ဖတ်နေရင်း ဤစာအုပ်သည် စိတ်၀င်စားစရာ ကောင်းမှန်း သိလာရသည်။
သူပထမစာမျက်နှာကို ဖတ်ပြီးလို့ နောက်စာမျက်နှာကို ရှာချိန်တွင် ထိုစာမျက်နှာမှာ ကုအန် ရေးလက်စဖြစ်မှန်း တွေ့လိုက်ရ၏။
ကုအန်သည် ဇာတ်ကွက်ကို ပြန်စဉ်းစားနေရုံသာမက မည်သို့လှပအောင် ရေးရမည်ဟူသော လက်ရေးအရေးအသားကိုလည်း ဂရုစိုက်နေသောကြောင့် အချိန်ကြာနေခြင်း ဖြစ်သည်။
“မေ့လိုက်ပါတော့ မင်းဆက်ရေးနေဦးကွာ ငါဒီနေ့မင်းကိုနှုတ်ဆက်ရတော့မယ်” ရွှမ်ထျန်းယီ စာရွက်ကို ချကာ ပြောလိုက်သည်။
ကုအန် မော့မကြည့်ဘဲ မေးလိုက်၏။
“အစ်ကိုကြီး ဘယ်သွားမလို့လဲ”
ရွှမ်ထျန်းယီ ပြန်ပြောလိုက်သည်။
“မကောင်းဆိုးဝါးမိစ္ဆာကိုရှာဖို့ မိစ္ဆာနယ်မြေကို သွားမလို့ မြင့်မြတ်ကုန်းမြေက ငါတို့ကို ဦးဆောင်ခေါ်သွားမှာ”
ကုအန် ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
“ဂရုစိုက်ဦး ကျင့်ကြံခြင်းအဆင့်ကြောင့် စိတ်ကြီး၀င်မနေနဲ့ဦးနော်”
“ခွေးကောင်လေး မင်းကင့ါ့ကို သင်ပေးရဲတယ်ပေါ့ ငါက သမုဒ္ဒရာတစ်ခွင် လျှောက်သွားနေတဲ့ကောင်ပါ မင်းလို ဂိုဏ်းထဲ တစ်သက်လုံးနေနေတဲ့သူများ မှတ်နေလား စိတ်မပူပါနဲ့ ငါမသေနိုင်ပါဘူး ငါက အမတလမ်းစဉ်အဆင့် အောက်မှာ ပြိုင်ဘက်ကင်းပဲ”
ရွှမ်ထျန်းယီ မတ်တပ်ရပ်လိုက်ကာ ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
ကုအန် သူ့ကိုကြည့်ကာ မေးလိုက်၏။
“တကယ်လို့ အမတလမ်းစဉ်အဆင့်ကလူတွေနဲ့ တွေ့ရင်ရော”
“ဒါဆို ဂုဏ်သိက္ခာရှိရှ်ိ သေရတာပေါ့”
ရွှမ်ထျန်းယီ ပြောကာ ထွက်သွားခဲ့၏။ တံခါးသို့ရောက်သောအခါ သူတစ်ချက်ပြန်လှည့်လာပြီး လောလိုက်သည်။
“အမြန်ရေးထား မင်းအခုစာအုပ်က နတ်ဘုရားတို့၏ရာထူးများကို ကျော်နိုင်မလားလို့ ငါသိချင်သေးတယ်”
ထို့နောက် သူတံခါးကိုတွန်းဖွင့်ကာ ထွက်ခွာသွားခဲ့သည်။ ကုအန် သူ့ကိုလိုက်ပို့မနေတော့ပေ။
နတ်ဘုရားတို့၏ ရာထူးများကို ကျော်ဖို့လား!
ကုအန် ခပ်ဟဟရယ်လိုက်ကာ ဆက်ရေးနေခဲ့လေသည်။
ညနေချိန်ရောက်မှသာ သူတတိယတောင်ကြားမှ ထွက်ခွာသွားခဲ့၏။
…..
ညဉ့်နက်ချိန် တောင်တန်းများ တောအုပ်များ ကြားတွင်
တိရစ္ဆာန်သားရေကို ၀တ်ဆင်ထားကာ ခါးတွင် ကျောက်ပုဆိန်ကိုချိတ်ထားသော ကျန်းပုကူ ရှေ့သို့ ဦးတည်သွားနေခဲ့သည်။ သူ့အကြည့်က သူ့ရှေ့ရှိ တောင်တစ်လုံးပေါ်က မီးရောင်ရှိနေသော ဘုရားကျောင်းဆီ ရောက်ရှိနေခဲ့သည်။
သူသည် ဂူထဲမှ လွန်ခဲ့သော တစ်ခုခန့်က ထွက်လာခြင်းဖြစ်ပြီး မိစ္ဆာနယ်မြေသို့ အခွင့်အလမ်းများ ရှာရန် ရောက်ရှိလာခြင်း ဖြစ်၏။ ယခုအခါ သူလာရာလမ်းတစ်လျှောက်တွင် မိစ္ဆာရော လူသားရော ဘာကိုမှမတွေ့ခဲ့ရ၍ သူထိတ်လန့်လာပြီး တောင်ဆီ သတိထားကာ ချဉ်းကပ်လာနေခြင်းဖြစ်သည်။
မကြာခင်တွင် သူဘုရားကျောင်းရှေ့ ခြံ၀န်းထဲသို့ရောက်ရှိလာခဲ့၏။ သူ၀င်ဖို့ တွန့်ဆုတ်နေပြီး မီးရောင်မှာ တစ်ဖက်ရှိ နံရံနောက်တွင် ရှ်ိနေခြင်း ဖြစ်သည်။
“ရောက်နေမှတော့ ဒီကိုလာတွေ့လိုက်တော့ပေါ့!”
နံရံတစ်ဖက်မှ အသံတစ်သံထွက်ပေါ်လာမှသာ ကျန်းပုကူ စိတ်အေးသွားပြီး နံရံပေါ်သို့ ခုန်တက်သွားခဲ့၏။
သူတစ်ဖက်ရှိ မီးပုံရှေ့သို့ ကျသွားခဲ့ပြီး သူ့ရှေ့က မီးပုံတွင် အနက်ရောင်၀တ်စုံ၀တ် လူတစ်ယောက် ထိုင်နေခဲ့သည်။ ထိုလူသည် ခပ်တင်းတင်းမျက်နှာနှင့် ဖြစ်ပြီး သူ့ဘေးတွင်ဓားကြီးတစ်လက်ရှိနေ၏။
ကျန်းပုကူ လီယကို အကဲခတ်နေချိန်တွင် လီယကလည်း သူ့ကို အကဲခတ်နေခဲ့သည်။
“ကျွန်တော့်နာမည်က ကျန်းပုကူပါ ဒီက တာအိုမိတ်ဆွေနာမည်ကို သိပါရစေ” ကျန်းပုကူ လက်သီးဆုပ်နှုတ်ဆက်ကာ ပြောလိုက်သည်။
သူ့ရှေ့မှလူသည် အတော်လေး သန်မာကြောင်း သူသတိထားမိနေသော်လည်း သူထိတ်လန့်ရုံသာ ဖြစ်ပြီး ကြောက်ရွံ့ခြင်းတော့ မဖြစ်ခဲ့ပေ။ နောက်ဆုံးတွင် သူသည်လည်း အရင်လို မဟုတ်တော့ပေ။
လီယ ပြန်ပြောလိုက်၏။
“ငါ့နာမည်က လီယပါ ဘာလို့ မင်းကိုယ်ထဲမှာ မိစ္ဆာေသွးတစ်၀က်ရှိနေတာလဲ”
ကျန်းပုကူ ဖြေလိုက်သည်။
“ကျွန်တော့်အဖေက လူသား အမေက မိစ္ဆာပါ မိတ်ဆွေကလည်း ကျွန်တော်နဲ့ အတူတူပဲလား”
လီယလား!
ဒီနာမည်ကို ရင်းနှီးနေသလိုပဲ!
သူ့မေးခွန်းကိုကြားသောအခါ လီယ တစ်ချက်ထေ့ငေါ့လိုက်ပြီး ဖြေလိုက်သည်။
“ဘယ်ဟုတ်ပါ့မလဲ ငါက မိစ္ဆာရတနာတစ်ခုကြောင့် မိစ္ဆာသွေးစွမ်းအားရှိနေရုံပဲ”
ထိုစကားကြောင့် ကျန်းပုကူ အနည်းငယ်စိတ်ပျက်သွားခဲ့၏။
ကျန်းပုကူခါးရှိ ကျောက်ပုဆိန်ကိုတွေ့သောအခါ လီယထရပ်လိုက်ပြီး ပြုံးလိုက်ကာ
“ကောင်လေး ငါတို့နည်းနည်းလောက် ပညာဖလှယ်ကြည့်ကြရင် မကောင်းဘူးလား”
ဆရာသခင်ဓားအရှင်၏ ကြယ်လွှမ်းခြုံအနန္တဓားသိုင်းကို တွေ့လိုက်ပြီးကတည်းက သူသည် သူ့ထိုက်ကန်နတ်မင်သက်ဓားသိုင်းတွင် နားလည်မှုများ ပိုတိုးလာခဲ့သည်။ သူနှစ်၀က်လောက်ကြိုးစားလေ့ကျင့်ထားပြီးသည့်နောက် သူ့တိုးတက်မှုကို အတော်လေးစမ်းသပ်ချင်နေခဲ့၏။
ကျန်းပုကူ မသိစိတ်က သူ့ခါးရှိပုဆိန်ကိုဖိထားလိုက်ပြီး မေးလိုက်သည်။
“တကယ်ကြီး သိုင်းပညာဖလှယ်ရုံပဲလား”
လီယခေါင်းညိတ်ပြလိုက်၏။
“သိုင်းပညာဖလှယ်ရုံပဲ အသက်အန္တရာယ်ကို ထိခိုက်စေမယ့် အကွက်တွေ မသုံးမရဘူး ငါ ငါ့ဓားသိုင်းကို နှစ်၀က်လောက်လေ့ကျင့်ထားတော့ ဓားသိုင်းစွမ်းကို စမ်းကြည့်ချင်နေလို့”
ကျန်းပုကူ မျက်လုံးများ၀င်းလက်သွားပြီး ပြုံးလိုက်ကာ
“အရိုးသားဆုံးပြောရရင် ကျွန်တော်လည်း အချိန်အတော်ကြာ လေ့ကျင့်ထားခဲ့တာ ကောင်းပြီလေ ဒါဆို စလိုက်ကြစို့”
အပိုင်း(၁၉၆)
သတိထားနေ ဆရာသခင်ဓားအရှင်က မင်းပုခုံးကို လာပုတ်လိမ့်မယ်
ညဉ့်အမှောင်ထုထဲတွင် တောအုပ်သည် ဝုန်းဒိုင်းကြဲကာ ယိမ်းထိုးနေခဲ့သည်။
ဘုရားကျောင်းထဲရှိ မီးတောက်က လေကြောင့် တဖြတ်ဖြတ်ခါနေပြီး တောင်ခြေတွင် ဖုန်တထောင်းထောင်းထေနခဲ့သည်။
လီယ တောအုပ်ထဲ ပြတ်ကျလာခဲ့ပြီး သူ့ကိုယ်လုံးက တောင်နံရံနှင့် တိုက်မိမှ ရပ်တန့်သွားခဲ့ကာ သူ့တစ်ကိုယ်လုံးကို ဖုန်များက ဖုံးအုပ်သွားခဲ့၏။ သူ့မြောက်ပင်လယ်ဓားကြီးမှာမူ ပေပေါင်းထောင်ချီသို့ ပျံသန်းသွားခဲ့ကာ သစ်ပင်တစ်ပင်၏ ပင်စည်သို့ ထိုးခွဲသွားပြီး တောအုပ်ထဲ လွင့်ထွက်သွားခဲ့သည်။
ကျန်းပုကူ လေထဲတွင် ကျောက်ပုဆိန်ကိုကိုင်ကာ ရပ်နေခဲ့၏။ သူအောက်သို့ ကြောက်လန့်တကြားကြည့်ပြီး မေးလိုက်သည်။
“တာအိုမိတ်ဆွေလီယ အဆင်ပြေရဲ့လား”
လီယ၏ ဓားဆန္ဒသည် အလွန်အားကောင်းသောကြောင့် သူကောင်းကင်ပိုင်းဖြတ်နတ်ပုဆိန်ကို သုံးခဲ့ရခြင်း ဖြစ်သည်။ သူအစက လီယသူ့ပုဆိန်ချက်ကြောင့် လွင့်ထွက်သွား၍ ပျော်သွားသော်လည်း ထို့နောက်တွင်တော့ သူလီယကို မတော်တဆသတ်မိသွားမှာကို စိုးရိမ်သွားခဲ့သည်။
ကျန်းပုကူ လက်ကိုဝေ့ယမ်းလိုက်ပြီး ဖုန်များလွင့်သွားသောအခါ အက်ကွဲနေသော တောင်နံရံတွင် လဲနေသော လီယ ကိုတွေ့လိုက်ရ၏။
လီယသည် ခေါင်းငိုက်စိုက်ကျနေကာ တကိုယ်လုံးလည်း သွေးများဖုံးနေခဲ့သည်။
ပုဆိန်မှထွက်လာသော အားလှိုင်းက သူ့ကိုယ်ကို နှစ်ခြမ်းခွဲလုနီးနီးပင် ဖြစ်သွားခဲ့၏။ ကံကောင်းစွာဖြင့် ကမ္ဘာဦးနတ်နဂါးပုံရိပ်ကို အသက်သွင်းလိုက်မိ၍သာ သူနှပိုင်းပိုင်း မခံလိုက်ရခြင်း ဖြစ်သည်။
ကျန်းပုကူ လီယနားအမြန်ပျံသွားလိုက်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေခဲ့၏။
လီယ ခေါင်းကို ခက်ခက်ခဲခဲမော့လိုက်ပြီး အံကြိတ်ကာ ပြောလိုက်သည်။
“မင်းကဘယ်လိုမိစ္ဆာမျိုးလဲ ….”
“ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော်တမင်လုပ်တာ မဟုတ်ပါဘူး ကျွန်တော်တကယ်မရည်ရွယ်ပါဘူး မိတ်ဆွေက အရမ်းအားကောင်းနေတော့ ကျွန်တော်လည်း အားကုန်သုံးလိုက်မိတာပါ” ကျန်းပုကူ အမြန်ရှင်းပြလိုက်သည်။
ထိုစကားကိုကြားသောအခါ လီယ အနည်းငယ်စိတ်ပြေသွားခဲ့သည်။
ကံကောင်းစွာဖြင့် ဘိုးဘေးအနားမှာ ရှိမနေ၍သာ တော်သေးသည်။ မဟုတ်လျှင် ဤအရာသည် လုံး၀ အရှက်ကွဲမှုကြီး ဖြစ်သွားပေလိမ့်မည်။
ထို့နောက်တွင်တော့ ကျန်းပုကူ၏ အကူအညီနှင့် လီယ ထနိုင်သွားကာ ကုသရန် တင်ပလ္လင်ခွေထိုင်၍ စတင်ကျင့်ကြံလေတော့သည်။ ကျန်းပုကူလည်း လီယ၏ တောထဲလွင့်သွားသော မြောက်ပင်လယ်ဓားကြီးကို သွားရှာပေးနေခဲ့၏။
လီယ မျက်လုံးပြန်ပွင့်လာသောအခါ သူ့ဘေးရှိ ကျန်းပုကူကိုကြည့်ပြီး ဘာပြောရမှန်းမသိ ဖြစ်နေခဲ့သည်။
အကယ်၍ ကျန်းပုကူသာ သူ့အောင်မြင်မှုကို ကြွားဝါနေပါက သူ ကျန်းပုကူကို စိတ်တိုနိုင်ဦးမည်ဖြစ်သော်လည်း ကျန်းပုကူက ယခုလိုအမူအရာမျိုးဖြစ်နေသောအခါ သူဘာပြောရမလဲ မသိတော့ပေ။ နောက်ဆုံးတွင်တော့ သိုင်းပညာဖလှယ်ရန် ပြောခဲ့သူမှာ သူသာ ဖြစ်၏။
“မင်းအသက်ဘယ်လောက်လဲ” လီယ မေးလိုက်သည်။
“၇၁”
“.....”
၉၇ နှစ်ရှိပြီဖြစ်သောလီယ နောက်တစ်ခါ နာကျင်သွားခဲ့ရပြန်သည်။
ထိုအခိုက်တွင် တောင်တစ်တောင်ထက်မြင့်သော နောက်တောင်ရှိသည်ဟူသော စကားကို သူလုံး၀နားလည်သွားခဲ့ရသည်။
အန်းဟောင်ကို ရှူံးခဲ့ရခြင်းကို သူလက်ခံနိုင်သေးသည်။ နောက်ဆုံးတွင် အန်းဟောင်သည် ကျော်ကြားသော ပါရမီရှင်တစ်ယောက်သာ ဖြစ်၏။ သို့သော်လည်း ဘယ်ကမှန်းပင်မသိသော လူတစ်၀က် မိစ္ဆာတစ်၀က် တစ်ယောက်ကို ရှုံးနိမ့်ရခြင်းကြောင့် သူအတော်လေး ခံစားချက် ဆိုးဝါးသွားခဲ့ရသည်။
သူ့နာကျင်မှုကို ဖိနှိပ်ထားလိုက်ရင်း လီယ မေးလိုက်၏။
“မင်းဆရာက ဘယ်သူလဲ”
ကျန်းပုကူခေါင်းကုပ်လိုက်ကာ ပြောလိုက်သည်။
“ကျွန်တော့်မှာ ဆရာမရှိဘူး ဦးလေးတစ်ယောက်တော့ရှိတယ် ဒါပေမယ့် ကျွန်တော့်သိုင်းတွေအကုန်လုံးက ဂူတစ်လုံးထဲကနေ သင်လာခဲ့တာ”
ဂူတစ်လုံးလား!
လီယ ဘိုးဘေးပြောခဲ့သော စကားများကို ပြန်အမှတ်ရသွားခဲ့သည်။ ကမ္ဘာပေါ်တွင် အလွန်ကံကောင်းသူများရှိနေပြီး သူ့ဆယ်စုနှစ်များစွာ ကြိုးစားလာမှုက ထိုကံကောင်းမှုတစ်ခုကိုပင် မမှီဘူးဟု သူမျှော်လင့်မထားခဲ့ပေ။
လီယ ပဟေဠိဖြစ်နေသည်ကိုတွေ့သောအခါ ကျန်းပုကူ ကုအန် အကြောင်းကိုဖယ်၍ သူကြုံတွေ့ခဲ့ရသမျှအရာအားလုံးကို ပြောပြခဲ့၏။
ကျန်းပုကူစကားများကို နားထောင်ပြီး လီယ ပို၍ပင် ပြောစရာစကား မဲ့သွားခဲ့ရသည်။
အဲ့ဒီစာကလေးက ဘယ်ကရောက်တာလဲ!
ဘာလို့ငါရော အဲ့လိုစာကလေးမျိုး မတွေ့ခဲ့ရတာလဲ!
သူသည် လီမိသားစု၏ ကံကြမ္မာရှင်ဟု ထင်ထားသော်လည်း သူ့ကံကောင်းမှုသည် ကျန်းပုကူနှင့် ယှဉ်ပါက ဘာမှမဟုတ်တော့ပေ။
သူတို့နှစ်ယောက်သည် တိုက်ပွဲမှတစ်ဆင့် ပိုမိုရင်းနှီးသွားကြပြီး စကားလက်ဆုံကျနေခဲ့ကြ၏။
မိုင်းပေါင်းသောင်းချီအဝေးတွင် မိစ္ဆာများကို သတ်ဖြတ်နေသော ကုအန်မျက်နှာတွင် အပြုံးတစ်ပွင့်ပေါ်လာခဲ့ပြီး အမှောင်ထုထဲ ပျောက်ကွယ်သွားခဲ့လေသည်။
ဘုရားကျောင်းတွင် ၂ရက်ခန့်နေပြီးသည့်နောက် ကျန်းပုကူနှင့် လီယ ၂ယောက်ပေါင်းကာ မိစ္ဆာနယ်မြေတွင် အခွင့်အလမ်းများ ရှာဖို့ ထွက်ခွာသွားခဲ့၏။
ထိုကာလအတွင်း ကျန်းပုကူက သူ့ကို ကောင်းကင်ပိုင်းဖြတ်နတ်ပုဆိန်သိုင်းပါ သင်ပေးဖို့ လုပ်ခဲ့သောကြောင့် လီယ အတော်လေး ခံစားသွားခဲ့ရသည်။
သို့သော် သူသည် ဓားပညာကိုသာအာရုံစိုက်လိုသောကြောင့် ငြင်းဆန်ခဲ့၏။ သူ ကျန်းပုကူကို ရှုံးနိမ့်ခဲ့ရသည်မှာလည်း သူ့ဓားသိုင်းက မစွမ်း၍မဟုတ်ဘဲ ကျန်းပုကူ၏အပြင်ခန္ဓာက သန်မာလွန်းလို့ဟူ၍ သူယုံပေသည်။
ဟူးးး ဆရာတူညီလေးကုသာ ငါအခုလို ဒဏ်ရာထပ်ရတာသိရင်စိတ်ပူနေတော့မှာပဲ!
…..
အချိန်များကုန်ဆုံးသွားခဲ့ကာ နှစ်တစ်နှစ်ကုန်ဆုံးသွားခဲ့ပြန်သည်။
ထိုနှစ်၏ မေလအစတွင် ကုအန်၏ သက်တမ်းမှာ ၁၀ သန်းကျော်သွားခဲ့၏။ မင်းဆက်သုံးခုတွင်လည်း မိစ္ဆာများ မရှိသလောက်နည်းနေပြီဖြစ်သောကြောင့် သူတောင်အောက်သို့ မဆင်းတော့ပေ။ တောင်ပေါ်တွင်သာ စိုက်ပျိုးရသည့်ဘ၀သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
ထိုနှစ်တွင် တတိယတောင်ကြား၏ တပည့်အရေအတွက်သည် ၆၀၀ ကျော်သွားကာ ထိုထဲမှ လေးပုံတစ်ပုံသည် အသစ်များ ဖြစ်ကြ၏။ တောင်ကြားမှ ထွက်ခွာသွားသူများသည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိသွားကြသူများဖြစ်ပြီး ထိုလူများသည် ကုအန်၏ အခြေခံတည်ဆောက်ခြင်းဆေးလုံးကြောင့် ထိုအဆင့်သို့ ရောက်ရှိသွားသူများ ဖြစ်ကြ၏။ ထို့ကြောင့် အပြင်စည်းဂိုဏ်းအတွင်း ကုအန်၏ ကွန်ရက်မှာ ပိုမိုကျယ်ပြန့်လာခဲ့သည်။
ယခုအခါ ကုအန် အပြင်စည်းမြို့ ဘယ်နေရာကိုသွားသွား တပည့်တိုင်းကသူ့ကို နှုတ်ဆက်တတ်ကြ၏။
ဆန်းကြယ်တောင်ကြားတွင်လည်း တပည့်အရေအတွက်က ၅၀ ရှ်ိနေပြီ ဖြစ်သည်။ ကုအန် ဆန်းကြယ်တောင်ကြားကို တိုးချဲ့လိုသောကြောင့် အပြင်စည်းဂိုဏ်းမဟာအကြီးအကဲ လုစုန့်ဟန် ကိုသွားပြောလိုက်ပြီး သူကလည်း ချက်ချင်း သဘောတူခဲ့သည်။ သူသည် ကုအန်၏ ဟင်းလင်းပြင်ကိုချိုးဖျက်ခြင်း စာအုပ်ကြောင့် အကျိုးအမြတ်များ ရရှိနေသူဖြစ်ပြီး ကုအန်တွင် လုမိသားစုနောက်ခံလည်း ရှိနေသောကြောင့် ကုအန်ဘာပြောပြော သဘောတူမည့်လူ ဖြစ်သည်။
တစ်ရက်တွင် ကုအန် မြောင်ပင်လယ်တောင်တန်းဒေသသို့ တောင်နတ်ဘုရားအသွင်ဖြင့် သူတော်စင်ရွှမ်မြောင်၏ လုပ်ငန်းများကို ကြည့်ရှုဖို့ ရောက်လာခဲ့၏။
သူတော်စင်ရွှမ်မြောင်သည် ဘုရားကျောင်းတွင် သူ့ကိုကူရန် မိစ္ဆာလေးများ ခန့်အပ်ထားသောကြောင့် ကျင့်ကြံချိန်ပိုရနေခဲ့သည်။
တောင်နတ်ဘုရားရောက်လာသောအခါ သူချက်ချင်း ထကြိုဆိုလိုက်ပြီး ဆေးပင်ခူးဖို့ အဖော်လိုက်လာပေးခဲ့၏။ ကုအန် ဆေးပင်ခူးနေချိန်တွင် ဘေးမှနေ၍ မြောက်ပင်လယ်တောင်တန်းဒေသရှိ အဖြစ်အပျက်များကို ပြောပြနေခဲ့သည်။
မိစ္ဆာကပ်ဘေး ပြီးဆုံးသွားပြီဖြစ်သော်လည်း မြောက်ပင်လယ်တောင်တန်းဒေသတွင်တော့ ရတနာလုပွဲများ ရန်ငြှိုးဖြေရှင်းပွဲများက ရှိနေဆဲပင်။
“တောင်နတ်ဘုရား မြင့်မြတ်ကုန်းမြေကို ဘယ်လိုမြင်လဲ” သူတော်စင်ရွှမ်မြောင်ရုတ်တရက်မေးလိုက်ပြီး သူ့အမူအရာက အနည်းငယ်တောင့်တင်းနေခဲ့သည်။
ဆေးပင်ခူးနေရင်း ကုအန်ပြောလိုက်၏။
“ဘာလို့မေးတာလဲ”
သူတော်စင်ရွှမ်မြောင်ဖြေလိုက်သည်။
“ဒီမိစ္ဆာကပ်ဘေးက မြင့်မြတ်ကုန်းမြေနဲ့ ဆက်စပ်နေရမယ်လို့ ကျွန်တော်အမြဲခံစားနေရတယ် နောက်ပြီး မကောင်းဆိုးဝါး မိစ္ဆာနဲ့ပတ်သက်တဲ့ ကောလာဟလတွေရောပဲ ကျွန်တော်သုံးပါးတစ်ဆူတောင်က ရှေးဟောင်းမှတ်တမ်းတွေကို ရှာဖွေကြည့်တော့ မကောင်းဆိုးဝါးမိစ္ဆာက မိစ္ဆာဘိုးဘေး မွေးဖွားလာပြီးတိုင်း ထွက်လာတတ်တာ သတိထားမိတယ် သူဘယ်ကလာလဲဆိုတာရော ဘာလို့လာလဲဆိုတာရောနဲ့ ပတ်သက်ပြီး ဘာသဲလွန်စမှ မရှိဘူး”
“သုံးပါးတစ်ဆူတောင်ကိုလည်း မြင့်မြတ်ကုန်းမြေတစ်ခုအဖြစ် သတ်မှတ်လို့ရတယ်မလား မင်းတို့ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေကို သံသယရှိရင် ဘာလို့မစုံစမ်းကြည့်လဲ”
သူတော်စင်ရွှမ်မြောင် ကုအန်အနားကပ်လာကာ ခပ်တိုးတိုးပြောလိုက်၏။
“ကျွန်တော်တို့ အရင်က စုံစမ်းခဲ့ဖူးတယ် ဒါပေမယ့် ရလဒ်ကတော့ ကပ်ဘေးတစ်ခု ဖြစ်လာလုနီးနီးပဲ အဲ့ဒီနောက်ပိုင်းတော့ သုံးပါးတစ်ဆူတောင်က မြင့်မြတ်ကုန်းမြေအကြောင်း မပြောရဲတော့ဘူး ကျွန်တော့်ဆရာတောင် သူတို့အကြောင်း ထုတ်ပြောလေ့မရှိဘူး”
ကုအန် မအံ့ဩမိပေ။ မင်းဆက်များစွာ ပြောင်းလဲသွားပြီး ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေသာ ကျန်ရှိနေခြင်းကို တစ်ယောက်ယောက်ကတော့ သံသယ၀င်မိမှာပင်။ သို့သော်လည်း ဘယ်သူမှ သူတို့ကို စော်ကားရဲမှာတော့ မဟုတ်ပေ။
“ဒီည ဂရုစိုက်နေ သူတို့လူတွေမင်းဆီလာနေပြီ” ကုအန် ပြုံး၍ ရုတ်တရက်ပြောလိုက်ကာ ပျောက်ကွယ်သွားခဲ့သည်။
ကုအန် ဒီနေ့ ဘုရားကျောင်းသို့ ဆေးပင်လာခူးရသည့် ရည်ရွယ်ချက်မှာ မဟာယနအဆင့် ၂ယောက် ဤနေရာသို့ ချဉ်းကပ်လာနေသည်ကိူ တွေ့လိုက်၍ရသည်။ ထိုထဲမှ တစ်ယောက်သည် အဓိပတိဂိုဏ်းမှ ထွက်သွားခြင်း ဖြစ်၏။
သူတော်စင်ရွှမ်မြောင်ထပ်မေးချင်သော်လည်း ကုအန်က ဘာမှထပ်ပြောမသွားခဲ့ပေ။
ထို့ကြောင့် သူတော်စင်ရွှမ်မြောင်လည်း ဘာတွေကြုံရမလဲဆိုတာကိုသာ စိတ်၀င်စားမိနေခဲ့သည်။
…..
ညနေချိန်တွင် မြောက်ပင်လယ်တောင်တန်းဒေသ၌
ကျိရွှမ်လင်း ကမ်းခြေတွင်ရပ်နေရင်း ဓားအရှင်ဒဏ္ဍာရီ ဟူသော စာအုပ်ကို ကိုင်ထားခဲ့၏။
ထိုစဉ် လေထုထဲမှ ရွှေရောင်ကွပ် အနီရောင်၀တ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက် ထွက်ပေါ်လာခဲ့သည်။ ထိုလူသည် ခါးကို ညာလက်ဖြင့် ထောက်ထားပြီး အတော်လေး မာနကြီးပုံ ပေါ်ပေသည်။
“မင်းကဘာလို့ငါ့ထက်နောက်ကျနေတာလဲ” ကျိရွှမ်လင်း သာမန်အတိုင်း မေးလိုက်၏။
လင်းချန် ကျိရွှမ်လင်းကိုကြည့်ကာ ထေ့ငေါ့ဟန်ဖြင့်
“အဲ့တာက ငါမင်းကိုမေးသင့်တာပါ”
ထို့နောက်သူ့ေလသံကိုပြောင်းလိုက်ကာ မေးလိုက်သည်။
“အဓိပတိဂိုဏ်းမှ ၁ နှစ်နေခဲ့ပြီး ဆရာသခင်ဓားအရှင်အကြောင်း သတင်းရလာခဲ့လား”
“သတင်းအချက်အလက်တွေက ငါ့လက်ထဲမှာလေ မင်းကြည့်ချင်လား” ကျိရွှမ်လင်း သူ့လက်ထဲရှိ စာအုပ်ကိုမြှောက်ကာ ပြုံးလိုက်၏။
လင်းချန် စာအုပ်ကိုယူလိုက်ကာ နတ်အာရုံသုံး၍ ဖတ်ရှုလိုက်လေသည်။ ထို့နောက် ကျိရွှမ်လင်းကို မော့ကြည့်၍ အေးစက်စက်ပြောလိုက်၏။
“ မင်းငါ့ကို လာလှောင်နေတာလား”
ကျိရွှမ်လင်း မေးမော့ထားလိုက်ပြီး ပြောလိုက်သည်။
“လင်းချန် ငါကအဓိပတိဂိုဏ်းကို ဆရာသခင်ဓားအရှင်ကို စုံစမ်းဖို့လာတယ်လို့ မင်းကို ဘယ်သူပြောလဲ”
လင်းချန် မျက်မှောင်ကြုံ့လိုက်သည်။
ကျိရွှမ်လင်း ဆက်ပြောလိုက်သည်။
“အထက်ကလူတွေက ဆရာသခင်ဓားအရှင်နဲ့ မိတ်ဆွေဆက်ဆံရေး ရှိချင်ကြတာ သူက အချုပ်အနှောင်မဲ့အမတအဆင့် ၉ နဲ့ အဲ့ထက်တောင်မြင့်နေနိုင်သေးတယ် အဲ့လို ကြီးမြတ်တဲ့ကျင့်ကြံသူမျိုးက ဒီနေရာမှာ အလကားလာပေါ်လာမှာမဟုတ်ဘူး သူက ပင်လယ်ရပ်ခြားက ဂိုဏ်းကြီးတစ်ဂိုဏ်းကပဲ ဖြစ်ရမယ် စီနီယာလင်းရဲ့ သေဆုံးမှုကတော့ ကံဆိုးမှုသက်သက်ပဲ အမှားတစ်ခုခုရှိမယ်ဆိုရင် အဲ့ဒီအမှားက သူလုံလောက်အောင် မသန်မာခဲ့လို့ပဲ သူ့လို အချုပ်အနှောင်မဲ့ အမတတစ်ယောက်တောင် သေဆုံးခဲ့ရရင် ငါကတော့ မင်းကို လက်လျှော့လိုက်ဖို့ အကြံပေးချင်တယ်”
လင်းချန် အေးစက်စက်ပြန်ပြောလိုက်သည်။
“အဲ့တော့ မင်းက သူများအနိုင်ကျင့်တာကို သည်းခံနေဖို့ ရွေးချယ်လိုက်တယ်ပေါ့ ဆရာသခင်ဓားအရှင်က ငါ့အဖေကိုတောင် သတ်ရဲရင် သူက ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေအပေါ်ရော လေးစားမှုထားမယ်လို့ မင်းထင်လား”
ကျိရွှမ်လင်း ဖြေလိုက်သည်။
“ဘာလို့ အဲ့ဒီမေးခွန်းကို မင်းကိုယ်မင်းမမေးကြည့်တာလဲ ငါကတော့ ကိုယ့်သေတွင်းကိုယ် မတူချင်ဘူး အရိုးသားဆုံးပြောရရင် ငါ့မိသားစုက ငါ့ကို ဒီမှာ အဓိပတိဂိုဏ်းကို သိမ်းသွင်းဖို့ လွှတ်လိုက်တာ အဲ့တာက ဆရာသခင်ဓားအရှင်ကို သိမ်းသွင်းပါလို့ အဓိပ္ပာယ်ရတယ်”
လင်းချန် မျက်လုံးများ ဒေါသရောင်တောက်လာခဲ့၏။
ထို့နောက် သူစာအုပ်ကို ကျိရွှမ်လင်းဆီ ပြန်ပစ်ပေးလိုက်ရင်း လှည့်ထွက်လာခဲ့လေသည်။
ကျိရွှမ်လင်းစာအုပ်ကို ဖမ်းထားလိုက်ရင်း စနောက်လိုက်၏။
“မကြာခင်မှောင်တော့တာမှာနော် ဂရုစိုက်ဦး ဆရာသခင်ဓားအရှင်က မင်းပုခုံးကို လာပုတ်နေမယ်”
လင်းချန် ရပ်တန့်လိုက်ပြီး ကျိရွှမ်လင်းကို ပြန်လှည့်ကြည့်လိုက်သောအခါ သူ စာအုပ်ကို မြှောက်ပြလိုက်လေသည်။
ထို့နောက် လင်းချန် လေထဲ ပျောက်ကွယ်သွားခဲ့၏။
ကျိရွှမ်လင်းမှာတော့ ပြုံးလိုက်ပြီး စာအုပ်ကိုသာ ထိုင်ဖတ်နေခဲ့လေသည်။
ညဉ့်အချိန်တွင်
လင်းချန် သူတော်စင်ရွှမ်မြောင်ရှိရာ တောင်နတ်ဘုရား ဘုရားကျောင်းသို့ ရောက်ရှိလာခဲ့၏။ သူတောင်နတ်ဘုရားကို ဆရာသခင်ဓားအရှင်သာ ဖြစ်ရမည်ဟု သံသယရှိနေခြင်း ဖြစ်သည်။ ကုန်းမြေတစ်ခုတွင် ထိုကဲ့သို့သော ကြီးမြတ်သည့် ကျင့်ကြံသူမျိုးက အဘယ်ကြောင့် တစ်ပြိုင်တည်း နှစ်ယောက် ပေါ်လာနိုင်မည်နည်း။
သူ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေ၏ ရှေးဟောင်းမှတ်တမ်းများတွင်လည်း တောင်နတ်ဘုရား ဟူသောနာမည်ကို မတွေ့ဖူးခဲ့ပေ။
မြင့်မြတ်ကုန်းမြေသည် တောင်နတ်ဘုရားကိုလည်း သူတို့ဘက်သို့ သိမ်းသွင်းလိုနေပြီး သူ့ကိုလည်း ထိုရည်ရွယ်ချက်ဖြင့် လွှတ်လိုက်သည်ဟု လင်းချန် ထင်ပေသည်။
သူ သူတော်စင်ရွှမ်မြောင်ဆီသို့ သတိထား၍ ချဉ်းကပ်သွားခဲ့ပြီး တောင်နတ်ဘုရားကို ကိုယ်တိုင်မြင်လိုကြောင်းနှင့် အဘယ်ကြောင့် ဘုရားကျောင်းကို ဤနေရာတွင် ဆောက်ထားကြောင်း မေးမြန်းခဲ့သည်။
သို့သော် အချိန်အတန်ကြာ မေးမြန်းခဲ့သော်လည်း ကျေနပ်လောက်သည့် အဖြေမရသောကြောင့် သူစိတ်တိုလာခဲ့၏။ သတ်ဖြတ်လိုစိတ်များ ပေါ်လာခဲ့သော်လည်း တောင်နတ်ဘုရားအနီးတ္ွင် ရှိနေမည်စိုးသောကြောင့် သူချုပ်တည်းထားခဲ့ရသည်။
ထို့နောက် သူရုတ်တရက် သူတော်စင်ရွမ်မြောင်လက်ထဲရှိ သစ်သားရုပ်လေးကို မြင်သွားပြီး မေးလိုက်သည်။
“ဒါက တောင်နတ်ဘုရားရဲ့ သစ်သားရုပ်ပုံတူလား မင်းငါ့ကိုပေးလို့ရမလား”
သူတော်စင်ရွှမ်မြောင်သည် တောင်နတ်ဘုရား၏ နာမည်ကို ဖြန့်ကျက်ရန် သူပျင်းတိုင်း တောင်နတ်ဘုရားရုပ်ထုများ ထွင်းနေခြင်း ဖြစ်သည်။
သူရုပ်ထုအား လင်းချန်ဆီ ပစ်ပေးလိုက်၏။
လင်းချန်လည်း ဘာမှမပြောတော့ဘဲ ရုပ်တုကိုယူကာ ထွက်ခွာသွားခဲ့သည်။
လင်းချန် ညဉ့်အခ်ျိန် တောအုပ်ထဲတွင် သစ်သားရုပ်တုကိုကြည့်ကာ လမ်းလျှောက်နေရင်း တောင်နတ်ဘုရားသည် ဆရာသခင်ဓားအရှင်သာ ဖြစ်ရမည်ဟူသော အတွေးများ ပိုမိုတိုးပွားလာခဲ့၏။ ထို့နောက်တွင်တော့ သူ့စိတ်ထဲ သတ်ဖြတ်လိုစိတ်များ ထိန်းမရ သိမ်းမရ ပေါ်ပေါက်လာခဲ့လေသည်။