← Chapters

အခန်း (၁၉၉-၂၀၀)

Vol. 16 Ch. 199-200

အခန်း (၁၉၉-၂၀၀)

Vol. 16 Ch. 199-200

အပိုင်း(၁၉၉)

အဓိပတိဂိုဏ်း၏ ရည်ရွယ်ချက်

တောင်ထိပ်တွင်သာ ဓားသိုင်းလေ့ကျင့်နေတတ်သော ချူကျင့်ဖုန်းပင် ကုအန် နွားသိုးကြီး၏ ဆွဲဆောင်မှုကို မခံနိုင်တော့ဘဲ လာကြည့်ခဲ့၏။ သူစီးတော်သားရဲအတော်များများကို မြင်ခဲ့ဖူးသော်လည်း အခုလောက် အထာကျသည့် ကောင်မျိုးကိုတော့ တစ်ခါမှ မမြင်ဖူးပေ။ ဤနွားသိုးကြီး၏ ချိုများသည် ကားတက်နေကာ အတော်လေးမိုက်ပြီး သူ့အမွှေးရှည်များက လေတိုက်ပါက မီးတောက်များလိုပင် လွင့်မျောနေကြသည်။

ဆန်းကြယ်တောင်ကြားတွင် ၁နာရီခန့်နေပြီးသောအခါ ကုအန် တတိယတောင်ကြားသို့ သွေးအကျဉ်းထောင်မဟာသူတော်စင်ကို ခေါ်သွားခဲ့သည်။

သူထိုကောင်ကို အဓိပတိဂိုဏ်းတစ်ဝိုက်သူသွားလေရာ ခေါ်သွားဖို့ စဉ်းစားထားခြင်း ဖြစ်သည်။

တတိယတောင်ကြားမှတပည့်များလည်း နွားသိုးကြီးကို စိတ်၀င်စားနေခဲ့ကြ၏။ သွေးအကျဉ်းထောင်မဟာသူတော်စင်မှာတော့ ဤနေရာရှိ စိတ်ဝိညဉ်စွမ်းအင်ကြွယ်၀မှုကြောင့် အံ့အားသင့်သွားခဲ့သည်။ ထိုကဲ့သို့ စိတ်ဝိညဉ်စွမ်းအင် ကြွယ်၀သေ ာနေရာမျိုးသည် သူတို့ စိတ်ဝိညဉ်နယ်မြေတွင်ပင် အတော်လေး ရှားပါးပေသည်။ ထို့ကြောင့် သူနောက်လာမည့် နေ့ရက်များကို မျှော်လင့်နေမိ၏။

ဤအတိုင်းသာဖြစ်လာလျှင်တော့ သူ့အတွက် ငြိမ်းချမ်းသောနေ့ရက်များ ရောက်ရှ်ိလာပေလိမ့်မည်။

သို့သော်တစ်ညကျော်လွန်သွားသောအခါ သူ့မျှော်လင့်ချက်များက ဒေါသများဖြင့် အစားထိုးခြင်းကို ခံလိုက်ရ၏။

ဤနေရာတွင် မယုံနိုင်လောက်အောင်၀ဖီးနေသော ကြွက်၀ကြီးတစ်ကောင်ရှိနေပြီး ထိုကောင်မှာ အတော်လေး စိတ်တိုစရာကောင်းလှသည်။

သူအောက်ထပ်တွင် တစ်ရေးတမောအိပ်နေစဉ် ထိုကြွက်ကြီးက သူ့ဖင်ကို လာကိုက်ခဲ့သောကြောင့် သူ့လန့်နိုးသွားခဲ့ရသည်။ ပြိုင်ဘက်ကင်းမဟာသူတော်စင် တစ်ယောက်အနေနှင့် သူကထိုကိစ္စကို မည်ကဲ့သို့ သည်းခံနိုင်မည်နည်း။

ပို၍ စိတ်တိုစရာကောင်းသည့်အရာမှာ သူထိုကြွက်ကို ဖမ်းမမိခြင်း ဖြစ်သည်။

ထိုညသည် သူ့ဘ၀တွင် အမှောင်မိုက်ဆုံးညတစ်ည ဖြစ်ခဲ့၏။

နောက်တစ်နေ့တွင် ကုအန် သွေးအကျဉ်းထောင်မဟာသူတော်စင်ကို ထျန်းယတောင်ကြားသို့ ခေါ်လာခဲ့သည်။

“မင်းဘာလို့ နွားသိုးကြီးကို စီးနေတာလဲ”

လျူဟွမ်ကုအန်နားကပ်လာကာ မေးလိုက်ပြီး နွားသိုးကြီး၏ အမွှေးများကို ပွတ်မကြည့်ဘဲ မနေနိုင်ခဲ့ပေ။

ကုအန် ပြုံးကာ ပြောလိုက်၏။

“ကျွန်တော်၀ယ်လာတာလေ ဘယ်လိုလဲ မိုက်တယ်မလား”

“တကယ်မိုက်တယ် ဒီကောင်က ဘာမျိုးလဲ”

“ကျွန်တော်လည်း သေချာမသိဘူး ကျွန်တော်ကတော့ သူ့ကို နွားသိုးမိစ္ဆာဘုရင် လို့ခေါ်တယ်”

“နွားသိုးမိစ္ဆာဘုရင်လား အဲ့နာမည်က…”

လျူဟွမ် ခေါင်းခါကာ ပြုံးလိုက်မိပြီး သွေးအကျဉ်းထောင်မဟာသူတော်စင်ကတော့ ရှက်လွန်း၍ ခေါင်းငုံ့ထားခဲ့၏။

ထိုစဉ် လုရှန်နှင့် ကျိရူလိုင်တို့လည်း နွားသိုး၏ဆွဲဆောင်မှုကြောင့် ရောက်ရှိလာခဲ့ကြသည်။

“တောင်ကြားသခင် ငါ့တတိယညီမလေးကို တွေ့မိသေးလား” ကျိရူလိုင် ကုအန်ကို မေးလိုက်၏။

ကုအန် ခေါင်းယမ်းလိုက်ကာ ပြောလိုက်သည်။

“မတွေ့မိဘူး ကျွန်တော်က တောင်ကြားထဲကထွက်တာရှားတယ်လေ ဒါနဲ့ဘာကိစ္စရှိလို့လဲ သတင်းစကားပါးချင်လို့လား”

ကျိရူလိုင်ခေါင်းညိတ်ကာ ပြောလိုက်၏။

“မိသားစုက သူ့ကို ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေဆီ ပြန်သွားစေချင်နေတယ်လေ တောင်ကြားသခင် သတင်းပါးပေးလို့ ရမလား”

ကုအန် အမြန်သဘောတူလိုက်ပြီး ဆေးပင်များသွားခူးခဲ့သည်။

မိစ္ဆာမြောက်သုံးကောင်မှာတော့ နွားသိုးကြီးနား လှည့်ပတ်ကာ သေချာကြည့်ရှုနေခဲ့ကြ၏။

သွေးအကျဉ်းထောင်မဟာသူတော်စင် အတွက် တက်လှမ်းလာသော တတိယ‌ေမြာက်နေ့သည် ပို၍ပင် ခက်ခဲလာခဲ့လေသည်။

…..

ဆောင်းဦးနှောင်းပိုင်းတွင် လုပိုင်ထျန်း ကုအန်ကို လာတွေ့ခဲ့၏။

အိမ်ပေါ်ရောက်ပြီးသည့်နောက် သူ့အကျင့်အတိုင်း အခန်းကိုစည်းချပြီးမှ စားပွဲတွင် ၀င်ထိုင်လိုက်ကာ ပြောလိုက်သည်။

“အောက်ထပ်က နွားသိုးက မင်းဟာလား သူ့အရည်အသွေးကတော့ နိမ့်တယ်နော် အဆင့် ၁ ပဲ ရှိသေးတယ် သိပ်အသုံး၀င်မှာမဟုတ်ဘူး မင်းငါ့ဆီက အဆင့် ၃ စီးတော်သားရဲ လိုချင်လား”

ကုအန် ပြုံးကာခေါင်းယမ်းလိုက်ပြီး

“မလိုပါဘူး ကျွန်တော့်မှာ ရန်သူအများကြီးလည်းမရှ်ိဘူးလေ အဲ့လောက်စွမ်းအားကြီးတဲ့ စီးတော်သားရဲမျိုး‌ေတာ့ မလိုပါဘူး နောက်ပြီး ကျွန်တော့်မှာ ဒီနွားသိုးအပေါ် အမြင်‌ကောင်းရှိတယ် သူက အတော်လေး ညဏ်ကောင်းတယ်”

“ညဏ်ကောင်းတယ်လား သူ့မျက်လုံးကိုကြည့်ရသလောက်တော့ မင်းနွားသိုးက မနက်ဖြန်ပဲ မြေမြှုပ်တော့မယ့်အတိုင်းပဲ”

“ဟားဟား”

ကုအန် မငြင်းဘဲ ရယ်မောလိုက်၏။

လုပိုင်ထျန်းလည်း သွေးအကျဉ်းထောင်မဟာသူတော်စင်ကို မလှောင်တော့ဘဲ ဂိုဏ်းကိစ္စများကိုသာ ဆွေးနွေးခဲ့လေသည်။

ကမ္ဘာ့နံပါတ် ၁ ဓားတာအို ပြိုင်ပွဲပင် မကျင်းပရသေးသော်လည်း လုပိုင်ထျန်း ဂိုဏ်းအနာဂတ်ကို တွေးနေခဲ့၏။

ကုအန်လည်း သူ့အကြံများကို ပြောပြခဲ့ပြီး လုပိုင်ထျန်းလေးလေးနက်နက်နားထောင်နေခဲ့သည်။

ကုအန်သည် နည်းလမ်းများကိုသာ ပြောပြနေခြင်းမျိုးမဟုတ်ဘဲ ဖြစ်လာနိုင်သည့် တောက်ပသောအနာဂတ်ကိုပါ ပြောပြနေသောကြောင့် လုပိုင်ထျန်း အတော်လေး ကျေနပ်နေခဲ့သည်။

အချိန်အတန်ကြာသောအခါ

ကုအန် လက်ဖက်ရည်သောက်နေသည်ကို အခွင့်ကောင်းယူကာ လုပိုင်ထျန်းမေးလိုက်၏။

“ငါတို့အဓိပတိဂိုဏ်းက မိစ္ဆာတွေအပေါ် ဘယ်လိုမြင်သင့်တယ်လို့ ထင်လဲ”

မိစ္ဆာကပ်ဘေးကာလတုန်းက မိစ္ဆာဧကရာဇ်ပို့ခဲ့သော မိစ္ဆာများသည် တိရှီ၏ ဦးဆောင်မှုအောက်တွင် အဓိပတိဂိုဏ်းထဲ၌ နေနေဆဲဖြစ်သည်။ အဓိပတိဂိုဏ်းကလည်း သူတို့ကို မောင်းမထုတ်ဘဲ တစ်ယောက်ချင်းစီအတွက် လိုဏ်ဂူများ စီစဉ်ပေးထားခဲ့၏။

ကုအန် ဖြေလိုက်သည်။

“တစ်ခါတလေ မိစ္ဆာတွေရဲ့နှလုံးသားက လူသားတွေထက်တောင် နူးညံ့နေတတ်ပါသေးတယ် ကျွန်တော်တို့က အမတလမ်းစဉ်ကိုလျှောက်လှမ်းနေကြသူတွေအနေနဲ့ ဘာလို့များ အမြင်ကျဉ်းနေကြမှာလဲ မိစ္ဆာတွေကိုရော အဓိပတိဂိုဏ်းက တပည့်အဖြစ် ဘာလို့ လက်မခံနိုင်ရမှာလဲ”

လုပိုင်ထျန်း ခေါင်းညိတ်လိုက်၏။ ထို့နောက် သူသက်ပြင်းချကာ ပြောလိုက်သည်။

“ဒါပေမယ့် အဲ့ဒီလိုလုပ်မယ်ဆိုရင် အနာဂတ်မှာ ပုန်းကွယ်နေတဲ့ အန္တရာယ်တွေရှိမလာနိုင်ဘူးလား”

“အရာရာတိုင်းမှာ အကျိုးနဲ့အပြစ်ဆိုတာ ရှိပါတယ် အပြစ်ကိုကြောက်နေရုံနဲ့ တစ်ခုခုကို မလုပ်ဘဲနေလို့မရဘူးလေ တကယ်လို့ ကျွန်တော်တို့သာ အောင်မြင်သွားရင် ဒီအဖြစ်အပျက်က အနာဂတ်မှာ လူသားနဲ့မိစ္ဆာ ကုန်းမြေပေါ်မှာ ပြဿနာမဖြစ်ဘဲ အတူယှဉ်တွဲနေထိုင်လို့ရတယ်ဆိုတဲ့ ဥပမာတစ်ခု ဖြစ်လာလိမ့်မယ် တကယ်လို့ ကျရှူံးခဲ့ရင်တော့ ဒါကို လေ့ကျင့်ခန်းတစ်ခုလိုပဲ မှတ်လိုက်ကြတာပေါ့ လိုအပ်လာရင် သူတို့ကို ဖိနှိပ်ပစ်လိုက် အင်အားစုတစ်ခုခုကို ဖိနှိပ်ပစ်ရတာက ဂိုဏ်းချုပ်အတိတ်တုန်းက အကျွမ်းကျင်ဆုံး ဘာသာရပ်ပဲ မဟုတ်လား” ကုအန် တည်တည်ကြည်ကြည်ပြောလိုက်သည်။

ကုအန် ဤနည်းလမ်းဖြင့် အဓိပတိဂိုဏ်း၏ ခွန်အားကို စုဆောင်းလိုနေခြင်း ဖြစ်သည်။

အဓိပတိဂိုဏ်းသည် အနာဂတ်တွင် တဖြည်းဖြည်းနှင့် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေနှင့် ထိပ်တိုက်တွေ့လာရပေလိမ့်မည်။

ကျိရွှမ်လင်းသည် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေကို ကိုယ်စားပြုကာ အဓိပတိဂိုဏ်းကို သိမ်းသွင်းဖို့ ကြိုးစားခဲ့ပြီး ဂိုဏ်းကတော့ ဦးမညွတ်ဘဲ ကောင်းမွန်သောဆက်ဆံရေးမျိုးဖြင့် ဆက်သွားလိုသည့် ပုံစံသာ ပြနေခြင်းက အကြီးအကဲခန်းမ၏ သဘောထားကို မြင်နိုင်ပေသည်။

ယခုအခါ အဓိပတိဂိုဏ်းသားများ၏ စိတ်ဓာတ်သည် အမြင့်ဆုံးထိ ထောင်တက်နေချိန်ဖြစ်၏။ သူတို့သည် ကုန်းမြေတိုက်ကြီး၏ မြင့်မြတ်ကုန်းမြေနောက်တစ်ခု ဖြစ်လာရန်ပင် မျှော်လင့်နေပြီး အချို့က ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေထက်ပင် သာလွန်ရန် မျှော်လင့်နေသေးသည်။

သူတို့နှစ်ယောက်အချိန်အတန်ကြာ စကားပြောပြီးမှ လုပိုင်ထျန်း စိတ်ကျေနပ်စွာဖြင့် ထွက်ခွာသွားခဲ့၏။

အောက်ထပ်သို့ ရောက်သောအခါ လုပိုင်ထျန်း လှဲ‌ေလျာင်း‌ေန‌ေသာ သွေးအကျဉ်းထောင်မဟာသူတော်စင်ကို စိတ်၀င်တစား ကြည့်ရှုနေမိသည်။ သူ ထိုနွားသိုးကြီးဆီသို့ သွားလိုက်ပြီး ခေါင်းကိုပုတ်ကာ ပြုံး၍ ပြောလိုက်၏။

“သားရဲလေး ကောင်းကောင်းကျင့်ကြံ တစ်နေ့မှာ မင်းလည်းအဓိပတိဂိုဏ်းရဲ့ တပည့်တစ်ယောက်ဖြစ်လာဖို့ အခွင့်အရေးရှိတယ် စိတ်ဝိညဉ်အခြေတည်အဆင့်ကိုရောက်ဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး”

သွေးအကျဉ်းထောင်မဟာသူတော်စင် သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး တုန့်ပြန်ရန် ပျင်းရိနေမိသည်။

ထိုအရာကြောင့် လုပိုင်ထျန်းသူများ အကဲဖြတ်မှားသွားသလားဟု သံသယဖြစ်မိသွား၏။

ထားလိုက်ပါတော့ သားရဲတစ်ကောင်နဲ့ငြင်းခုန်နေပြီး ဘာလုပ်မှာလဲ!

လုပိုင်ထျန်းထရပ်ကာ ထွက်ခွာသွားခဲ့သည်။

သွေးအကျဉ်းထောင်မဟာသူတော်စင်လည်း ထွက်ခွာသွားသော လုပိုင်ထျန်းကိုကြည့်ကာ တွေးနေမိ၏။

အဖိုးကြီး!

ခင်ဗျားစောင့်နေလိုက်!

ကျုပ်ကိုလှောင်ပြောင်ရဲတယ်ပေါ့ နှစ်တစ်ထောင်အတွင်း ခင်ဗျားကျုပ်ကို အသက်ချမ်းသာပေးဖို့ တောင်းပန်ဖို့ ပြင်ထား!

…..

နှင်းလွှာများက ကုအန်နှင့် သွေးအကျဉ်းထောင်မဟာသူတော်စင်တို့ပေါ် ကျရောက်နေချိန်တွင်သူတို့ တတိယတောင်ကြားတွင် လှည့်လည်သွားလာနေခဲ့ကြသည်။ သို့သော် တကယ်တော့ ကုအန် နတ်အာရုံက ပင်လယ်တွင်ရောက်နေခြင်းဖြစ်ကာ သူအဆင့်ချိုးဖြတ်လို့ နေရာရှာနေခြင်း ဖြစ်သည်။

ထိုစဉ် အန်းရှင်း ကုအန်နားရောက်လာပြီး စိတ်၀င်တစားမေးလိုက်၏။

“ဆရာ ဘာလို့ဘယ်သွားသွား ဒီနွားသိုးကို စီးနေတာလဲ အဲ့တာက အရမ်းနှေးတယ်မထင်ဘူးလား-

ကုအန် ခပ်ဟဟရယ်မောလိုက်ကာ ပြောလိုက်သည်။

“ငါသူ့ရဲ့ ခန္ဓာကိုယ်ကို လေ့ကျင့်ပေးနေတာပါ သူကငါ့စီးတော်သားရဲ‌ဆိုပေမယ့် ငါသူ့ကိုပစ်ပယ်မထားပါဘူး မကြာခင်မှာ ငါသူ့ကို လွတ်မြောက်ခွင့်ပေးမှာပါ”

ထိုစကားကိုကြားသောအခါ နွားသိုး၏ မျက်လုံးများ တောက်ပသွားပြီး သူ့ကိုယ်ပင်မတ်သွားခဲ့ကာ သေခါနီးနွားသိုးကြီးနှင့် တူမနေတော့ပေ။

အန်းရှင်းလည်း ခေါင်းညိတ်ပြလိုက်၏။ ထိုစဉ် သူတို့ဆီသို့ ပုံရိပ်နှစ်ခု ပျံသန်းလာခဲ့သည်။

ထိုပုံရိပ်နှစ်ခုမှာ လုလင်ကျွမ်းနှင့် ရှန်းကျန်တို့ ဖြစ်ကြ၏။

မြေပေါ်ဆင်းသက်လာသောအခါ ရှန်းကျန် ကုအန်ဆီ ၀မ်းသာအားရပြေးလာခဲ့သည်။

လုလင်ကျွမ်းမှာတော့ ကုအန်အောက်ရှ်ိနွားသိုးကို တစ်ချက်ကြည့်လိုက်ပြီး အများကြီးတော့ ဂရုမစိုက်ခဲ့ပေ။

ထို့နောက် ရှန်းကျန် သူတို့‌ကြုံတွေ့ခဲ့ရသော အခွင့်အလမ်းများအကြောင်း ၀မ်းသာအားရပြောပြခဲ့ပြီး သူတို့ဘေးရှိ အန်းရှင်းပင် အားကျနေခဲ့ရသည်။

ကုအန်လည်း ရှန်းကျန်ကျေနပ်သွားအောင် အားကျချင်ယောင်ဆောင်ပေးခဲ့၏။

ယခုအခါ ရှန်းကျန်သည် စိတ်ဝိညဉ်အခြေတည်အဆင့် ၅သို့ပင် ရောက်ရှိနေပြီဖြစ်ကာ ကံကြမ္မာကောင်းကြီးတစ်ခုနှင့် ကြုံတွေ့လာခဲ့မှန်း သိသာလှသည်။

တခဏကြာစကားပြောပြီးမှ ရှန်းကျန် ထွက်သွားခဲ့၏။ သူမသွားခင် နောက်စာအုပ်တစ်အုပ်ထုတ်မည့်အကြောင်း ပြောပြခဲ့ရာ ကုအန် ရင်တစ်ချက်ပင် ခုန်သွားခဲ့ရသည်။

ရှန်းကျန်ထွက်သွားသောအခါ အန်းရှင်းလည်းထွက်သွားခဲ့ပြီး ထိုနေရာတွင် ကုအန်နှင့် လုလင်ကျွမ်းသာ ကျန်ခဲ့၏။

ထိုအခါ လုလင်ကျွမ်း ပြောလိုက်သည်။

“ကုအန် ငါကြားတာတော့ မြောက်ပိုင်းမှာ တက်လှမ်းသူ တစ်ယောက်ပေါ်လာတယ်ဆို နင်ကဂိုဏ်းချုပ်နဲ့ နီးကပ်တော့ တစ်ခုခုများ သိထားသေးလား” လုလင်ကျွမ်း ဒဲ့သာမေးလိုက်သည်။

တက်လှမ်းသူ!

ထိုစကားကိုကြားသောအခါ သွေးအကျဉ်းထောင်မဟာသူတော်စင် ခေါင်းကို ငုံ့ထားမိ၏။

ရှက်စရာကောင်းလိုက်တာကွာ!

ကုအန် တခဏစဉ်းစားလိုက်ပြီး ခေါင်းခါလိုက်ကာ

“ငါတော့မကြားမိပါဘူး ဘာလို့နင်က တက်လှမ်းသူအကြောင်းစိတ်၀င်စားနေတာလဲ”

လုလင်ကျွမ်းတခဏ တွန့်ဆုတ်သွားပြီး ပြောလိုက်၏။

“အရိုးသားဆုံးပြောရရင် ငါကလည်း တက်လှမ်းသူ တစ်ယောက်ပဲ အဲ့တာကြောင့် နင့်ကို ဟင်းလင်းပြင်ကိုချိုးဖျက်ခြင်း ကိုရေးခိုင်းခဲ့တာ”

ကုအန်မျက်လုံးများ ပြူးကျယ်သွားကာ အံ့အားသင့်ချင်ယောင်ဆောင်လ်ုက်လေသည်။

သွေးအကျဉ်းထောင်သူတော်စင်မှာတော့ ဤတစ်ကြိမ်တွင် မော့ကြည့်လိုက်ကာ သူ့မျက်လုံးထဲ မျက်ရည်များပင် ဝဲတက်လာခဲ့သည်။

လုလင်ကျွမ်းထိုအကြောင်းကို ပြောဖို့ အခွင့်ကောင်းကို စောင့်နေခဲ့ခြင်း ဖြစ်၏။ ယခုလို သူယုံကြည်မှုရှိချိန်မှသာ ပြောရဲခြင်း ဖြစ်သည်။

“ငါဂိုဏ်းထဲမှာ ကိုယ်ပိုင်အင်အားစုတစ်ခုတည်ဆောက်ဖို့ တက်လှမ်းလာသူတွေကို သုံးချင်တယ် နင်ဘယ်လိုထင်လဲ”

လုပိုင်ထျန်း ကုအန်ဆီသို့ မကြာခဏလာတတ်သည်ကို သူသိပြီး ကုအန်ဆီမှ တစ်ဆင့်သူမအကြံကို လုပိုင်ထျန်းဆီ ရောက်စေချင်၍ ကုအန်ကိုပြောပြနေခြင်း ဖြစ်သည်။

ကုအန် စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

“ဒါပေါ့ အဲ့တာကအကြံကောင်းပဲ အဲ့တာက အဓိပတိဂိုဏ်းရဲ့ အင်အားကိုလည်း တိုးမြှင့်ပေးနိုင်မှာ ဒါပေမယ့် ငါ့မှာတကယ်ကြီး အဲ့ဒီတက်လှမ်းသူရဲ့ သတင်းအချက်အလက်မရှိဘူး”

ထိုစကားကိုကြားသောအခါ သွေးအကျဉ်းထောင်မဟာသူတော်စင် စိတ်ရှုပ်ထွေးသွားခဲ့ရသည်။

ယခုအခါ သူကျောပေါ်ရှိလူ၏ ကျင့်ကြံခြင်းကို ဘယ်သူမှ မသိမှန်း သူသိနေပြီဖြစ်သည်။

ထို့အပြင် အခုထိ သူ‌တွေ့ရသမျှ ကျင့်ကြံသူတိုင်းသည်အတော်လေး အားနည်းပြီး သူတို့စိတ်ဝိညဉ်နယ်မြေတွင်ပင် ပထမတန်းစားအဆင့်ရှိကြသူများ မဟုတ်ကြပေ။ ထိုသူများကြားတွင် အဘယ်ကြောင့် ကုအန်လို စွမ်းအားကြီးကျင့်ကြံသူက လာဟန်ဆောင်နေရသနည်း။

“အနာဂတ်မှာ အဲ့ဒီလိုသတင်းမျိုးကို အာရုံစိုက်ထားပေးပါ ငါနင့်အပေါ် မမျှမတမဆက်ဆံပါဘူး” လုလင်ကျွမ်း ပြောလိုက်သည်။

ကုအန်လည်း ခေါင်းညိတ်ကာ ပြုံးပြလိုက်၏။

သူတို့အချိန်အတန်ကြာ စကားပြောပြီးမှသာ လုလင်ကျွမ်း ထွက်ခွာသွားခဲ့လေသည်။

ထို့နောက် ကုအန် သွေးအကျဉ်းထောင်မဟာသူတော်စင်၏ ပုခုံးကိုပုတ်ကာ ရှေ့ဆက်သွားဖို့ အချက်ပြလိုက်၏။

“လူတွေက မရောက်ဖူးသေခင် သူတို့အရင်ကမသွားဖူးသေးတဲ့ နေရာတွေကို အရမ်းသွားချင်ကြတယ် ဒါပေမယ့် သူတို့ရောက်သွားတဲ့အခါ အဲ့ဒီနေရာကလည်း အတူတူပါပဲဆိုတာ သိသွားကြတယ် သူတို့ ပြန်လှည့်ချင်တဲ့အခါမှာတော့ အရာအားလုံးက နောက်ကျလွန်းသွားခဲ့ပြီ”

ကုအန် ပျင်းရိစွာပြောလိုက်ပြီး သွေးအကျဉ်းထောင်မဟာသူတော်စင်လည်း ထိုစကားများက သူ့ကိုပြောနေသည်ဟု ခံစားလိုက်ရ၏။

ကံဆိုးစွာဖြင့် သွေးအကျဉ်းထောင်မဟာသူတော်စင်က စကားမပြောနိုင်ခဲ့ပေ။ ပြောနိုင်လျှင်တော့ သူ ကုအန်နှင့် ငြင်းမည် ဖြစ်သည်။

ငါအခုလိုအခြေအနေရောက်သွားရတာ မင်းနဲ့တွေ့လိုက်ရလို့ မဟုတ်ဘူးလားဟ!

…..

ညဉ့်မနက်ခင် မိစ္ဆာနယ်မြေတွင်

ဖုန်းဆိုးမြေတစ်ခုတွင် ရွှမ်ထျန်းယီနှင့် အန်းဟောင်တို့ မီးပုံရှေ့တွင် ထိုင်နေခဲ့ကြသည်။ ကျဆင်းနေသော နှင်းများက သူတို့ဆီ မကျရောက်နိုင်ဘဲ သူတို့ပတ်လည်တစ်ဝိုက်တွင်သာ ကျရောက်နေခဲ့သည်။

ရွှမ်ထျန်းယီ စာအုပ်တစ်အုပ်ကို ကိုင်ထားရင်း ပြောလိုက်၏။

“ဒီနေရာမှာ မိစ္ဆာချီတွေက အရမ်းအားကောင်းနေတယ် မကောင်းဆိုးဝါးမိစ္ဆာက ဒီနေရာတဝိုက်မှာ ပုန်းနေတာ ဖြစ်နိုင်တယ်”

အန်းဟောင် ကျင့်ကြံနေရင်း မျက်လုံးများ ပွင့်လာကာ

“စီနီယာ ကျွန်တော်တို့ မကောင်းဆိုးဝါးမိစ္ဆာကို ရှာတွေ့ရင် ဘာလုပ်သင့်လဲ”

မြောက်ပိုင်းတွင် အခွင့်အလမ်းရှာသော ကိစ္စသည် ခေတ်စားလာသောအခါ အန်းဟောင်လည်း တောင့်မခံနိုင်တော့ဘဲ စီယန်အာကိုထားခဲ့ကာ မြောက်ပိုင်းဆီ ထွက်လာခဲ့ခြင်း ဖြစ်သည်။

သူထွက်လာရင်း ရွှမ်ထျန်းယီ နှင့်တွေ့ခဲ့ခြင်း ဖြစ်၏။

ရွှမ်ထျန်းယီ ဖြေလိုက်၏။

“အဲ့တာဆို မင်းကသတင်းပြန်ပို့ ငါက ဒီမှာနေခဲ့မယ်”

“စီနီယာက ဘာလို့နေမှာလဲ”

“ငါလည်း သူ‌ရဲကောင်းနေရာက ကစားချင်သေးတယ် ငါဆရာသခင်ဓားအရှင်ကိုပဲ မှီခိုနေလို့မရနိုင်ဘူးမဟုတ်လား”

ပြောပြီးသည်နှင့် သူစာရွက်များကိုလှန်ကာ လက်ထဲရှိ စာအုပ်ကို ဆက်ဖတ်နေခဲ့လေသည်။

အပိုင်း(၂၀၀)

ဆရာမင်းကို နားလည်ပါတယ်

ညဉ့်နက်ချိန်တွင် ဆန်းကြယ်တောင်ကြားရှိ အခန်းတစ်ခန်းထဲတွင် ဖယောင်းတိုင်မီးက တဖြတ်ဖြတ်ခါနေပြီး ရေနွေးအိုးမှ အငွေ့များက တထောင်းထောင်း ထနေခဲ့သည်။ ကျန်းချင် ခုံတစ်လုံးပေါ်တွင် ထိုင်‌နေရင်း ရေနွေးအိုးကိုကြည့်ကာ အတွေးလွန်နေခဲ့၏။

ကုအန်မှာတော့ စာရွက်တစ်ရွက်ကိုရေးသားနေပြီး ရေးပြီးသွားသောအခါ စာရွက်ကိုပြန်ဖတ်ပြီး ကျေနပ်နေခဲ့သည်။

“တပည့် ဒီကိုတစ်ချက်လာကြည့်ပါဦး”

ကျန်းချင် အမြန်ထရပ်လိုက်ကာ ကုအန်ဘေးသွား၍ စာရွက်ကို ယူဖတ်လိုက်၏။

“မဟာသူတော်စင် ၇ ပါး…..ကောင်းကင်နဲ့စစ်ပြေငြိမ်းထားတဲ့ နွားသိုးမိစ္ဆာဘုရင်”

ကျန်းချင် ကုအန်ကိုကြည့်ကာ မမေးဘဲ မနေနိုင်တော့ပေ။

“ဆရာနွားသိုးမိစ္ဆာဘုရင်ဆိုတာ အိမ်အောက်က နွားသိုးမဟုတ်လား ဆရာသူ့ကိုစာအုပ်ထဲ ထည့်ရေးထားတာလား”

ကုအန် ခပ်ဟဟရယ်မောလိုက်ကာ မေးလိုက်သည်။

“ရေးလို့မရဘူးလား”

“ဒါပေါ့ ရေးလို့ရတာပေါ့ ဒါပေမယ့် ဆရာ့အရေးအသားက…” ကျန်းချင်ခေါင်းညိတ်နေရင်း သူ့အမူအရာက တွန့်ဆုတ်နေခဲ့သည်။

ဆရာ့မှာ အဲ့လိုပါရမီမျိုးရှိနေတာလား!

ဖတ်ပြီးသောအခါ သူစာရွက်ကို ကုအန်ကိုပြန်ပေးလိုက်ပြီး ပြောလိုက်၏။

“ဆရာရေးထားတာ အရမ်းကောင်းတယ် ဒီအပိုင်းလေးကတင် နတ်ဘုရားတို့၏ရာထူးများအောက်မလျော့ဘူး ဆရာ ဒီစာအုပ်ကို ထုတ်ဝေဖို့ ပြင်နေတာလား ဆရာ ဖန်းအန်ကို ကျော်တက်နိုင်မယ်လို့ ကျွန်မမျှော်လင့်…”

သူမထိုစကားကို ဆုံးအောင် မပြောရသေးခင် သူမမျက်လုံးများပြူးကျယ်သွားပြီး အံ့ဩနေဟန်ဖြင့် ပြောလိုက်လေသည်။

“ဖန်းအန်….,ကုအန်…”

ကျန်းချင်၏ အမူအရာထူးဆန်းသွားပြီး အမြန်မေးလိုက်၏။

“ဆရာ ဆရာကတကယ်ကြီး ဖန်းအန်များလား”

ကုအန် ပြုံးကာပြောလိုက်သည်။

“ဒါက ဆရာ့ရဲ့ အကြီးဆုံးလျှို့ဝှက်ချက်ပဲ နင့်ကိုပဲပြောပြတာ ကဲ ဒါဆို ဆရာ့ကိုရော တပည့်လျှို့ဝှက်ချက်ပြောလို့ရပြီလား”

ကျန်းချင် ယနေ့သူဆီ လာရခြင်းသည် သူမပြဿနာကိုထုတ်ပြောပြဖို့ လာမှန်း ကုအန် သတိထားမိပြီး ကျန်းချင်သည်ပြောပြရန် ကြောက်ရွံ့ကာ တွန့်ဆုတ်နေသောကြောင့် ကုအန် သူ့သရုပ်မှန်ကိုပြ၍ အစဆွဲထုတ်ပေးလိုက်ခြင်း ဖြစ်သည်။

သူထိုလျှို့ဝှက်ချက်ကို သိပြီးဖြစ်သော်လည်း ကျန်းချင်သည် သူနှင့်နီးကပ်သူ တစ်ယောက်ယောက်ကို ပြောပြရန် လိုအပ်နေသောကြောင့် ကုအန် မသိချင်ယောင်ဆောင်ထားခြင်း ဖြစ်၏။

ကျန်းချင်အံကိုကြိတ်ကာ ပြောလိုက်သည်။

“ကျွန်မဆရာ့ကို ဒီပြဿနာတွေထဲ ဆွဲသွင်းမိမှာ ကြောက်မိတယ်”

“တကယ်လို့ တပည့်မပြောဘဲ တစ်ခုခုဖြစ်လာခဲ့ရင် ဆရာ့ကိုပြဿနာတွေထဲ ဆွဲသွင်းမိရုံတင်မကတော့ဘဲ အဲ့တာက ဆရာ့အတွက် လတ်တလော ၀န်ထုပ်၀န်ပိုးပါ ဖြစ်လာလိမ့်မယ် အဲ့တာက ဆရာ့ကို ပိုနာကျင်စေတယ်” ကုအန် ခေါင်းယမ်းကာ ပြောလိုက်၏။

ကျန်းချင်လည်း စိတ်သက်သာသွားပြီး သူ့မျက်နှာက ပထမဆုံးအကြိမ်အနေနှင့် ပြုံးယောင်သန်းလာခဲ့သည်။

ကုအန် လက်ဟန်ပြလိုက်သောအခါ သူမကုအန်ရှေ့ရှိ ခုံတွင် ၀င်ထိုင်လိုက်ပြီး စုဟန် သေဆုံးမှုအကြောင်း ပြောပြခဲ့၏။

ကုအန်လည်း ထရပ်ကာ လက်ဖက်ရည်များကို အိုးထဲထည့်နေခဲ့စဉ် ကျန်းချင် ကုအန်နောက်ကျောကို ကြည့်ကာ ကုအန် မည်သို့‌တုန့်ပြန်မလဲဆိုတာ ကြိုးစား၍ ခန့်မှန်းကြည့်နေခဲ့သည်။

သို့သော် သူမ ကုအန်ဆီမှ ဘာကိုမှ ဖောက်ထွင်းမမြင်ရခဲ့ပေ။

ဆရာက စီနီယာအစ်ကိုကြီးကို စိတ်ထဲထည့်မထားတော့တာ ဖြစ်နိုင်မလား!

ကျန်းချင်တစ်ယောက်တည်း တွေးမိသွား၏။ သူမသည် စုဟန်အပေါ် သူမကိုကယ်တင်ခဲ့သည့် အကြွေးတင်နေသော်လည်း ကုအန်ကတော့ ဘာမှတင်နေသူမဟုတ်ပေ။ ထို့ကြောင့် ကုအန်ကို အပြစ်ပြော၍လည်း မရပေ။

ကုအန် လက်ဖက်ရည်ပူပူများကို ကျန်းချင်ရှေ့ရှိ လက်ဖက်ရည်ခွက်ထဲ ငှဲ့ပေးလိုက်ပြီး ခပ်အေးအေးပြောလိုက်၏။

“သေတဲ့သူကလည်း သေသွားပြီပဲ တပည့်က သူ့ဆန္ဒအတိုင်းပဲ ဆက်ပြီးရှင်သန်သင့်တယ် သူ့အမုန်းတွေကို အမွေဆက်ခံမနေသင့်တော့ဘူး”

“ဒါပေမယ့်….”

“စုဟန် မသေခင် တပည့်ကိုဘာပြောသွားလဲဆိုတာ သေချာပြန်တွေးကြည့် သူက တပည့်ကိုဘာလုပ်စေချင်တယ်လို့ တပည့်ထင်လဲ”

ကုအန် သူမကိုစကားဖြတ်ပြီး မေးလိုက်၏။

ကျန်းချင် တိတ်ဆိတ်နေခဲ့သည်။

ကုအန် ဆက်ပြောလိုက်၏။

“တပည့် တစ္ဆေမိခင်ကို နိုင်မနိုင်ကိုထားပါဦး ကမ္ဘာကြီးက ဒီလောက်ကျယ်တာ သူ့ကိုဘယ်နေရာမှာ သွားရှာပါ့မလဲ တပည့်တစ်ဘ၀လုံးကို သူ့ကိုလိုက်ရှာဖို့အတွက် သုံးတော့မှာလား ကောင်းကောင်းကျင့်ကြံပြီး နင့်အစ်ကိုကြီးဖြစ်စေချင်တဲ့ ဘ၀နဲ့ ရှင်သန်လိုက်စမ်းပါ နောက်ပြီး သူမအောင်မြင်ခဲ့တဲ့ အရာတွေကို အောင်မြင်အောင်လုပ် အဲ့တာကမှ သူ့အတွက်ကောင်းမွန်တဲ့အရာပဲ နင့်အစ်ကိုကြီးက အမုန်း‌တရားတွေနဲ့ ပြည့်နှက်နေခဲ့ပေမယ့် တပည့်သူ့ဆီက အမွေဆက်ခံခဲ့ရတာက သူ့ကျင့်ကြံခြင်းတွေပဲ သူ့အမုန်းတွေမဟုတ်ဘူး အဲ့တာကြောင့် အနာဂတ်မှာ ကောင်းလာမလား ဆိုးလာမလားဆိုတာ အကုန်လုံးက တပည့်သဘောပါပဲ”

ကျန်းချင်စိတ်ထဲ အတွေးများနှင့် ပြည့်နှက်သွားခဲ့ပြီး သူ့အမူအရာက ရှုပ်ထွေးသွားခဲ့သည်။

ကုအန်အလောတကြီးမလုပ်လိုဘဲ သူမကို လမ်းညွှန်ချက်သာ ပေးခဲ့ခြင်း ဖြစ်သည်။ ရှေ့လျှောက်ဘာဆက်လုပ်မလဲဆိုတာကတော့ သူမအပေါ်တွင်သာ မူတည်၏။

ကျန်းချင် ကုအန်ကို မော့ကြည့်လိုက်သည်။ ယခုအခါ သူမမျက်လုံးထဲတွင် ကုအန်သည် အလွန်အားနည်းနေဟန် ပေါ်နေခဲ့၏။ စုဟန်၏ ကျင့်ကြံခြင်းကို အမွေဆက်ခံပြီးကတည်းက သူမသည် အခြေတည်ဝိညဉ်ကိုပင် ဖွဲ့စည်းသွားနိုင်ခဲ့ကာ ကျင့်ကြံခြင်းကလည်းဆက်လက် တိုးတက်နေဆဲပင်။

သူမအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး မေးလိုက်သည်။

“ဆရာ ကျွန်မတကယ်ပဲ အဲ့ဒီလိုကောင်းကောင်းနေထိုင်ရင် စီနီယာအစ်ကိုစုကို ကူညီနိုင်ရာ ရောက်မှာလား”

ကုအန် ဖြေလိုက်၏။ “ဆရာလည်း သေချာမသိဘူး ဒါပေမယ့် အနည်းဆုံးတော့ အဲ့ဒီနည်းလမ်းနဲ့ သူ့ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်”

ကျန်းချင် ခပ်ဟဟ‌ရယ်မောလိုက်ပြီး သူပုံစံနဲ့ အမူအရာက ပုံမှန်ပုံစံသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

“ဆရာ ဆရာကဖန်းအန်ဆိုတာ ကောင်းကောင်းကြီး ဖုံးကွယ်ထားနိုင်ခဲ့တာပဲ အရင်က ကျွန်မက ဆရာ့ကို အဓိပတိလျှို့ဝှက်မှတ်တမ်းများကို ရေးတဲ့သူလို့တောင် ထင်ထားတာ”

“အဟမ်းး အဓိပ္ပာယ်မရှိတာ ဘယ်လိုလုပ်ဆရာက အဲ့လိုလူတစ်ယောက်ဖြစ်နိုင်မှာလဲ”

နေပါဦး!

သူမလည်း အဓိပတိလျှို့ဝှက်မှတ်တမ်းများကိုဖတ်တာလား!

ကုအန်၏အမူအရာထူးဆန်းသွားခဲ့သည်။

ကျန်းချင် စနောက်လိုက်၏။

“ဆရာက အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်းကို ဖတ်ရတာကြိုက်တယ်လို့ ဘယ်သူပြောခဲ့ဖူးလဲ မသိဘူးနော်”

“အဲ့တာတွေက ကောလာဟလတွေပါ သူတို့ကို မယုံနဲ့”

ဤသို့ဖြင့် သူတို့ဆရာတပည့်နှစ်ယောက် စတင်ငြင်းခုန်လေတော့သည်။

အချိန်အတန်ကြာ ကုန်ဆုံးသွားခဲ့၏။

ထိုစဉ် ကုအန်ပြောလိုက်သည်။

“ကြမ္မာဖီဆန်နတ်ကျင့်စဉ်ကို ဆရာသိတယ် တစ်ယောက်ယောက်က ဆရာ့ကို အဲ့ဒီနတ်ကျင့်စဉ်ရဲ့ စွမ်းအားတွေ လွှဲပြောင်းပေးချင်နေတယ်လေ ဂိုဏ်းရဲ့ တပည့်ရင်းဖြစ်လာပြီး နင့်ကျင့်ကြံရေးလမ်းစဉ် အဆင်ပြေပြေ စတင်နိုင်ဖို့ ဆရာသူ့ဆီမှာ နင့်အတွက် စကားကောင်းပြောပေးမယ်”

ကျန်းချင် ထိတ်လန့်သွားပြန်သည်။ သူ့ဆရာတွင် ထိုကဲ့သို့သော အခွင့်အလမ်းကြီးရှိနေမယ်လို့ သူထင်မထားခဲ့ပေ။

“ဆရာသူက ဘယ်သူလဲ စွမ်းအားကြီးလား” ကျန်းချင် စိတ်၀င်တစားမေးလိုက်သည်။

“ဂိုဏ်းချုပ် လုပိုင်ထျန်းလေ သူကစွမ်းအားကြီးတယ်ထင်လား”

“ဟာ…..ဆိုလိုတာကဆရာက အနာဂတ်မှာ တစ်သားတည်းဖြစ်ခြင်းအဆင့်တစ်ယောက်ဖြစ်လာမှာလား”

“ဆရာ သဘောမတူခဲ့ပါဘူး နောက်ပြီး သူ့သက်တမ်းက အရမ်းရှည်ပါတယ် သူက ဆရာ့ထက် ပိုအသက်ရှည်ရှည်နေရတာမျိုးတောင် ဖြစ်နိုင်တယ် ပြဿနာတွေဖြစ်မလာစေဖို့ ဒီသတင်းက ပျံ့သွားလို့တော့ မဖြစ်ဘူးနော်”

“ကျွန်မနားလည်ပါတယ်ဆရာ အရိုးသားဆုံးပြောရရင် ကျွန်မအခု စိတ်ဝိညဉ်အခြေတည်အဆင့် တစ်ယောက်ပါ ဒီနှစ်တွေအတွင်း ကျွန်မကျင့်ကြံခြင်းကို ဖုံးကွယ်ထားရတာ တကယ်ပဲ သက်တောင့်သက်သာမဖြစ်ဘူး…”

ကျန်းချင် ညည်းတွားလိုက်သည်။

ကုအန် ရယ်မောကာ ပြောလိုက်၏။

“ဆရာမင်းကို နားလည်ပါတယ်”

“ဆရာက ဘယ်လိုနားလည်မှာလဲ”

“ကောင်းပြီလေ ဆရာနားမလည်ဘူး ဒီနားမလည်တဲ့ဆရာက ကိုယ့်ဆရာကိုယ်နောက်ပြောင်ရဲတဲ့တပည့်ကို ရိုက်လို့ရလား”

ဆရာတပည့်နှစ်ယောက် ထပ်မံငြင်းခုန်ခဲ့ကြပြန်သည်။

အာရုံတက်ချိန်ရောက်မှသာ ကျန်းချင် ပြန်သွားခဲ့၏။

သွေးအကျဉ်းထောင် မဟာသူတော်စင်နားမှ ဖြတ်သွားသောအခါ သူမ ဆောင့်ကြောင့်ထိုင်လိုက်ပြီး နွားသိုးကြီး၏ ခေါင်းကို ပွတ်ပေးလိုက်ကာ ထပ်တိုးတိုး ရယ်မောလိုက်လေသည်။

“နွားသိုးလေး ငါကအခုစိတ်ဝိညဉ်အခြေတည်အဆင့်ကိုတောင်ရောက်နေပြီ အံ့ဩစရာကောင်းတယ်မဟုတ်လား”

သွေးအကျဉ်းထောင်မဟာသူတော်စင်လည်း မျက်လုံးများပွင့်လာကာ သူမကိုတစ်ချက်ကြည့်လိုက်၏။

ရူးနေတာပဲ!

နောက်ဆုံးတော့ ဤအထက်ကမ္ဘာရှိလူတိုင်းက အရူးများဖြစ်မှန်း သူနားလည်သွားခဲ့လေသည်။

စကားအနည်းငယ်ပြောပြီးမှသာ ကျန်းချင် ပျံသန်းထွက်ခွာသွားခဲ့၏။

မွန်းတည့်ချိန်မတိုင်ခင်တွင် ကုအန် တံဆိပ်ပြားကိုသုံးကာ လုပိုင်ထျန်းနှင့် ဆက်သွယ်ခဲ့ပြီး ကျန်းချင်အား တပည့်ရင်းအဖြစ် ရာထူးတိုးပေးဖို့ အကူအညီတောင်းခဲ့သည်။

လုပိုင်ထျန်းလည်း ကြမ္မာဖီဆန်နတ်ကျင့်စဉ်ဖြင့် ကျင့်ကြံခြင်းလွှဲပြောင်းခံထားရသော ကျန်းချင်ကို စိတ်၀င်စားသွားပြီး အမြန်သဘောတူလိုက်၏။

…..

နောက်ညတစ်ညသို့ ရောက်ရှိလာခဲ့ပြန်သည်။

ထိုညတွင် ကုအန် ဆန်းကြယ်တောင်ကြားမှ ထွက်ခွာလာခဲ့ပြီး အကန့်အသတ်မဲ့လွတ်လပ်ခြင်းခြေလှမ်းသုံးကာ တောများတောင်များကိုဖြတ်၍ မြောက်အရပ်သို့ဦးတည်နေရင်း သမုဒ္ဒရာထဲ ၀င်ရောက်လာခဲ့သည်။

ထိုအခိုက်တွင် ကုအန် ခြေလှမ်းတစ်ရာ လှမ်းပြီးချိန်၌ ခပ်သေ‌း‌ေသးကုန်းမြေတိုက်တစ်ခုပေါ် ရောက်ရှိလာခဲ့၏။

ကမ်းခြေတွင်ရပ်ကာ ကုအန် နတ်အာရုံသုံး၍ စစ်ဆေးလိုက်ချိန်တွင် ဤကုန်းမြေတိုက်၌ မည်သည့်လူသားကျင့်ကြံသူမှမရှိဘဲ မိစ္ဆာသားရဲများသာ ရှိမှန်း တွေ့လိုက်ရသည်။

ဤကုန်းမြေတိုက်ကြီးကတော့ ပင်လယ်သားရဲကြီးများ ၀င်တိုက်ရုံဖြင့် ပင်လယ်ထဲ နစ်မြုပ်မသွားနိုင်သင့်ပေ။

ကုအန် တောထဲသို့၀င်သွားလိုက်ပြီး အဆင့်ချိုးဖြတ်ရန် နေရာအရင်မရှာဘဲ ကုန်းမြေတိုက်ကြီးကိုသာ အရင်စူးစမ်းနေခဲ့၏။

တစ်ချိန်တည်းမှာပင်

မိစ္ဆာနယ်မြေ၌

အလင်းခပ်မှိန်မှိန် ဂူတစ်လုံးထဲတွင် ရွှမ်ထျန်းယီနှင့် အန်းဟောင်တို့ လမ်းလျှောက်နေခဲ့ကြ၏။ အန်းဟောင် ရွှမ်ထျန်းယီနောက်မှလိုက်နေရင်း ဘေးဘီသို့ ထိတ်လန့်နေဟန်ဖြင့် ကြည့်နေခဲ့သည်။

“ကျင့်ကြံသူတွေက နတ်အာရုံသုံးပြီး လေ့လာအကဲခတ်ကြတာ မျက်လုံးနဲ့မဟုတ်ဘူး မင်းကို လုပိုင်ထျန်းက သင်မပေးခဲ့ဘူးလား”

ရှေ့မှဦးဆောင်သွားနေရင်း ရွှမ်ထျန်းယီ သာမန်ပုံစံဖြင့် မေးလိုက်၏။

အန်းဟောင် သူ့ကျောကိုကြည့်ကာ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။

ဤလူသည် အဓိပတိဂိုဏ်းရှိ တစ်ဦးတည်းသော မဟာယနအဆင့်ကျင့်ကြံသူဖြစ်၏။ မင်းဆက်သုံးခုတွင် သူသည် သူ့ဆရာပြီးနောက် အသန်မာဆုံးလူလည်း ဖြစ်ပေသည်။

အန်းဟောင် ပြောလိုက်၏။

“ဒီခရီးက ဘာမိစ္ဆာတွေရဲ့အနှောင့်အယှက်မှမရှိဘူး ကျွန်တော်တော့ ဒီကောင်တွေကျွန်တော်တို့ကို တမင်၀င်ခွင့်ပေးလိုက်တာလို့ ခံစားနေရတယ်”

“ဖြစ်နိုင်ပါတယ်”

ရွှမ်ထျန်းယီ သာမန်အတိုင်း တုန့်ပြန်လိုက်သည်။

မကြာခင်တွင် သူတို့ ဂူပေါက်ထဲမှ ထွက်လာနိုင်ခဲ့ပြီး ချောက်ကမ်းပါးတစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ချောက်ကမ်းပါးအောက်တွင် ကျယ်ပြန့်လှသော မြေအောက်နေရာလွတ်ကြီးရှိနေပြီး ထိုနေရာတွင် ချော်ရည်ပူများက ကန်တစ်ခုနှယ် တပွက်ပွက်ထ၍ ရှိနေခဲ့၏။

ရွှမ်ထျန်းယီ ချော်ရည်ပူကန်ကို ငုံ့ကြည့်နေရင်း မီးအလင်းရောင်က သူ့မျက်နှာကို ဟပ်နေခဲ့သည်။

အန်းဟောင်လည်း ငုံ့ကြည့်လိုက်ရင်း သူ့အမူအရာ တောင့်တင်းသွားခဲ့၏။

“ဒီလောက်အားကောင်းတဲ့ မိစ္ဆာချီတွေ မကောင်းဆိုးဝါးမိစ္ဆာက ဒီအောက်မှာ ပုန်းနေတာ ဖြစ်နိုင်လောက်လား” အန်းဟောင် အသံခပ်အုပ်အုပ်ဖြင့် မေးလိုက်သည်။

ထိုစဉ် ရွှမ်ထျန်းယီ ပြောလိုက်၏။

“မင်းတို့ ငါတို့နောက်ကိုလိုက်လာတာ ကြာနေပြီပဲ ဘာလို့ထွက်မလာကြသေးတာလဲ”

သူပြောလိုက်သည်နှင့် အန်းဟောင်လည်း ထိတ်လန့်သွားပြီး ဘေးဘီဝဲယာသို့ လှည့်ပတ်ကြည့်ရှုနေခဲ့သည်။

ရုတ်တရက် သူတို့နှင့်ခပ်လှမ်းလှမ်းရှ်ိ ဂူနံရံများမှ မိစ္ဆာချီများ ထွက်ပေါ်လာကာ ပုံရိပ်များပေါ်လာခဲ့ပြီး စုစုပေါင်း ၇ ခုဖြစ်သည်။

ရွှမ်ထျန်းယီ ပြောလိုက်၏။

“ငါမင်းကို အစကမပြောတာက မင်းကြောက်လန့်ပြီး ငါနဲ့ကွဲသွားရင် အန္တရာယ်ဖြစ်မှာစိုးလို့ အခုတော့ ငါဒီ ခိုးကြောင်ခိုးဝှက်ကောင်တွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ စောင့်သာ ကြည့်ပေတော့”

ပြောပြီးသည်နှင့် သူရှေ့သို့ ခြေလှမ်းလိုက်ကာ လေထဲ တက်သွားခဲ့လေသည်။

……

သစ်ပင်တစ်ပင်အောက်တွင် ကုအန် တရားထိုင်နေခဲ့၏။ ထို့နောက် သူ သက်တမ်းအလွှာကိုဖွင့်လိုက်ကာ သစ်ရွက်များကိုဖြတ်၍ လခြမ်းကွေးလေးကို ကြည့်နေမိသည်။

ဒီည ရာသီဥတုက တကယ်ကောင်းတာပဲ!

ကြည့်ရသည်မှာ ကောင်းကင်နှင့်မြေပြင်ကပင် သူ့အတွက် အောင်ပွဲကျင်းပပေးနေသလိုပင်။

ကုအန် နှုတ်ခမ်းများတွန့်ကွေးသွားပြီး စနစ်ကို ဖွင့်လိုက်၏။

အမည်: ကုအန်

သက်တမ်း: ၉၆/၁၀၃၇၆၀၀၈

ခန္ဓာ: ဆန်းကြယ်မြင့်မြတ်ခန္ဓာ

ကျင့်ကြံခြင်းအဆင့် မြေလျှောက်အမတအဆင့် ၉

…..

သက်တမ်း ၁၀သန်း ၃သိန်းကျော်!

မြေလျှောက်အမတအဆင့်မှ ကောင်းကင်ဈာန်အမတအဆင့်သို့ ချိုးဖျက်ရာတွင် ကျရှုံးထားမှုကြောင့် နောက်တစ်ခါ ပြန်စိန်ခေါ်ရန် သူသက်တမ်း ၂သောင်း ‌သုံးရဦးမည်ဖြစ်သောကြောင့် အရင်ဆုံး သက်တမ်း ၁သန်းသုံးဖို့ ဆုံးဖြတ်လိုက်လေသည်။

[သင်သည် နှစ်ပေါင်း ၂သောင်းကြာ ကျင့်ကြံခဲ့ပြီး ကောင်းကင်နှင့်မြေပြင်ကမ္ဘာဦးကျင့်စဉ်တွင် အောင်မြင်မှုများ ရရှိကာ ကောင်းကင်ဈန်အမတအဆင့်သို့ ချိုးဖြတ်နိုင်ခဲ့သည်။ သို့သော် ကောင်းကင်နှင့်မြေပြင်နတ်ဆန္ဒ ကောင်းကင်ကပ်ဘေးကို ဖြတ်‌ေကျာ်ရာတွင် ကျရှုံးခဲ့သည်]

ကျရှုံး!

ကျရှုံး!

ကုအန် စိတ်အေးနေသေးသည်။ အစပိုင်း သက်တမ်း ၂သိန်းလောက်ဖြင့် အောင်မြင်လျှင် ပိုကောင်းသော်လည်း ကျရှုံးသည်ကိုလည်း သူလက်ခံနိုင်သေးသည်။

မျှော်လင့်ထားသလိုပင် သူအကြိမ်တိုင်း ကျရှူံးခဲ့ရ၏။

ထို့နောက် ကုအန် နောက်ထပ် သက်တမ်း ၁သန်း ထပ်သုံးလိုက်ပြန်သည်။

သူ့ရှေ့တွင် စာတန်းများပေါ်လာခဲ့ပြီး ထပ်မံ ကျရှုံးခဲ့ပြန်၏။ ကုအန် ကျရှုံးနေသည်မှာ အကြိမ် ၁၀၀ ပင် ပြည့်သွားခဲ့ချေပြီ။

နောက်ထပ် အကြိမ်ငါး‌ဆယ်လောက် ထပ်လုပ်ကြတာပေါ့ အဲ့လောက်ဆိုရင်တော့ အောင်မြင်လောက်တယ် မဟုတ်လား!

နောက်ထပ်ကျရှုံးသည့့်စာတန်းများ ဆက်ပေါ်လာခဲ့ပြီး ဒီတစ်ကြိမ်တော့ ကုအန် စိတ်မအေးနိုင်တော့ပေ။

သက်တမ်း ၃ သန်းကပင် အဆင့်ချိုးဖြတ်ဖို့ မလုံလောက်ခဲ့ပေ။

ကုအန် ကောင်းကင်နှင့်မြေပြင်နတ်ဆန္ဒ ကောင်းကင်ကပ်ဘေးဟူသော စာလုံးကို မကြည့်ဘဲ မနေနိုင်တော့ပေ။

ငါတကယ်ပဲ အဲ့တာက ဘယ်လိုကပ်ဘေးကြီးလဲဆိုတာ သိချင်မိတယ်!

ကုအန်အသက်ပြင်းပြင်းရှူလိုက်ပြီး နောက်ထပ် သက်တမ်း ၅သိန်း ထပ်သုံးဖို့ ဆုံးဖြတ်လိုက်၏။

ကျရှုံး!

ကျရှုံး!

ကျရှုံးမှုများက ကုအန်နှလုံးသားကို ရိုတ်ခတ်နေခဲ့သည်။

သို့သော် မကြာခင်တွင် စာကြောင်းတစ်ကြောင်း ရုတ်တရက် ပေါ်လာခဲ့၏။

[သင်သည် နှစ်ပေါင်း ၃၈၀၀၀၀ ကြာကျင့်ကြံခဲ့ပြီး ကောင်းကင်နှင့်မြေပြင်ကမ္ဘာဦးကျင့်စဉ်တွင် အောင်မြင်မှုများ ရရှိခဲ့ပြီး ကောင်းကင်ဈာန်အမတအဆင့်သို့ ချိုးဖြတ်နိုင်ခဲ့သည်။ ကောင်းကင်နှင့်မြေပြင်နတ်ဆန္ဒ ကောင်းကင်ကပ်ဘေးကိုလည်း ကျော်ဖြတ်နိုင်ခဲ့ပြီး ကောင်းကင်ဈာန်အမတအဆင့်၁သို့ အောင်မြင်စွာ ရောက်ရှိသွားနိုင်ခဲ့သည်]

All Chapters