← Chapters

အခန်း (၂၀၃-၂၀၄)

Vol. 16 Ch. 203-204

အခန်း (၂၀၃-၂၀၄)

Vol. 16 Ch. 203-204

အပိုင်း(၂၀၃)

ကမ္ဘာကိုတုန်လှုပ်သွားစေသည့် မိစ္ဆာ

တိရှီ၏ အင်အားအောက်တွင် ကျိုးမိသားစုမှ ကျင့်ကြံသူ သူ့လူများကိုခေါ်ကာ ပြန်ဆုတ်သွားခဲ့ပြီး သူမသွားခင်တွင် ကုအန်အပေါ် မကျေနပ်စိတ်အနည်းငယ်ပင် ဖြစ်သွားခဲ့သေးသည်။ သို့သော် ထိုစိတ်သည် လိုချင်တာမရ၍ မကျေနပ်ရုံသာဖြစ်ပြီး အမုန်းတရားအဖြစ် ပြောင်းလဲမသွားခဲ့ပေ။

ထို့နောက် တိရှီ သူ့ကဒ်များကို ကုအန်ဆီ ချပြလိုက်လေသည်။

တိရှီ ကုအန်ကိုလှည့်ကြည့်လိုက်ပြီး လမ်းပေါ်တွင် ကြည့်ရှုနေသော တပည့်များ၏ အကြည့်များအောက်တွင် သူသက်ပြင်းချလိုက်မိ၏။

အခုကစပြီး ရာထူးအဆင့်အတန်းနှင့် ကျင့်ကြံခြင်းကွာဟချက်က သူနှင့်ကုအန် သူငယ်ချင်းဆက်ဖြစ်ဖို့ ခက်ခဲသွားပေတော့မည်။

သူက သူငယ်ချင်းဖြစ်ချင်ရင်တောင် ကုအန်က သူ့ဆီက ဖိအားများကို ခံနိုင်ပါမည်လော။

တိရှီ သူ့ဘ၀သူတွေးပြီး ပြုံးရုံသာ တတ်နိုင်ခဲ့သည်။

ကုအန်လည်း သွေးအကျဉ်းထောင်မဟာသူတော်စင်ကို စီးကာ ‌မြို့ထဲအနည်းငယ်လျှောက်ပတ်ခဲ့ပြီး ၂ နာရီခန့်ကြာမှ မြို့ထဲမှ ထွက်ခွာလာခဲ့သည်။

တတိယတောင်ကြားသို့ပြန်သည့်လမ်းတွင် ကုအန် သွေးအကျဉ်းထောင်မဟာသူတော်စင်အား ထိုမြင့်မြတ်မိသားစုများအကြောင်း ရှင်းပြပေးခဲ့၏။

သွေးအကျဉ်းထောင်မဟာသူတော်စင်လည်း ဂရုတစိုက်နားထောင်နေခဲ့သည်။ ကုအန်က သူ့ကို နှစ် ၁ထောင်ကြာလျှင် လွှတ်ပေးမည် ပြောထားသောကြောင့် ထိုကာလအတွင်း သူသတင်းအချက်အလက်များ စုဆောင်းထားရန် လိုပေသည်။

“ငါဘာလို့ မင်းကိုဖမ်းခဲ့လဲဆိုတာ သိလား” ကုအန် သာမန်အတိုင်းမေးလိုက်သည်။

သွေးအကျဉ်းထောင်မဟာသူတော်စင်သည် အရူးမဟုတ်ပေ။ သူအဖမ်းခံခဲ့ရခြင်းမှာ သူလိုက်နေသော မိစ္ဆာတစ်ပိုင်း လူတစ်ပိုင်း ကောင်၂ကောင်နှင့် ဆက်စပ်နေမှန်း သူသိပြီး ဖြစ်၏။

“ဒီကမ္ဘာကြီးက ဘာမှထူးခြားတာမရှိဘူးလို့ မင်းထင်ရင်ထင်နေလိမ့်မယ် ဒါပေမယ့် ဒီနေရာက မင်းထင်ထားတာထက် ပိုအန္တရာယ်များတယ် အဲ့တာကြောင့်လည်း ငါက ငါ့ကျင့်ကြံခြင်းကို ဖုံးကွယ်ထားခဲ့တာ ငါ့ကို နှစ်တစ်ထောင်အလုပ်အကြွေးပြုရတယ်ဆိုတာကလည်း ပထမဆုံးအနေနဲ့က မင်းအပြစ်တွေကိုဆေးကြောဖို့အတွက်နဲ့ ဒုတိယအချက်ကတော့ မင်းစရိုက်အသွင်အပြင်ကို တည်ငြိမ်သွားအောင်ထိန်းသိမ်းနိုင်ဖို့ပဲ ဒါကို မင်းတန်ဖိုးထားမယ်လို့ ငါမျှော်လင့်ပါတယ်”

ကုအန် ခပ်သာသာပြောလိုက်သည်။ အကယ်၍ သွေးအကျဉ်းထောင်မဟာသူတော်စင်သာ‌ ကောင်းကောင်းနေပါက သူထိုကောင့်ကို ကမ္ဘာဦးပြန်လည်မွေးဖွားခြင်းကျင့်စဉ် သင်ပေးဖို့တွန့်တိုနေမည် မဟုတ်ပေ။

ကမ္ဘာဦးပြန်လည်မွေးဖွားခြင်းကျင့်စဉ်နှင့် ကမ္ဘာဦးဝိညဉ်သို့ပြန်သွားခြင်းလမ်းစဉ် ဆိုသည်မှာ လုံး၀ပြည့်စုံသော အတွဲအစပ်သာ ဖြစ်ပေသည်။ ထိုအရာကို သွေးအကျဉ်းထောင်မဟာသူတော်စင်ပေါ်သုံး၍ အကျိုးသက်ရောက်မှု ရှိမရှိကိုသာ ကြည့်ရပေလိမ့်မည်။

“မူးးးး…”

သွေးအကျဉ်းထောင် မဟာသူတော်စင်တုန့်ပြန်လိုက်၏။ သူသည် လူစကားမပြောတတ်သော်လည်း ယခုအပြုအမူက နာခံနေခြင်းဖြစ်မှန်း ကုအန် သဘောပေါက်ပေသည်။

တကယ်တော့ သွေးအကျဉ်းထောင်မဟာသူတော်စင်၏ စိတ်လည်း ပြောင်းလဲနေပြီ ဖြစ်၏။ ကုအန်နောက်ကိုလိုက်ခြင်းက အခွင့်အလမ်းတစ်ခုဖြစ်နိုင်သည်ဟုပင် သူတွေးမိနေခဲ့သည်။

အနည်းဆုံးတော့ ကုအန်သည် သူ့အတွက်ကာကွယ်သူ ဖြစ်လာနိုင်ပေသည်။

အကယ်၍ ကုအန်သာမလှုပ်ရှားဘဲ ထိုနေရာတွင် ကုအန်နှင့်အဆင့်တူ အမတ တစ်ပါးသာ ဖြစ်ခဲ့ပါက သူသေနေတာ ကြာပြီ ဖြစ်၏။

သွေးအကျဉ်းထောင်မဟာသူတော်စင်၏ ခြေလှမ်းများက မမြန်သလို ကုအန်ကလည်းသူ့ကို လောမနေစေခဲ့ပေ။ စီးနေရင်း ကုအန်အပေါ်က စကားများတောက်လျှောက်ပြောနေပြီး သွေးအကျဉ်းထောင်မဟာသူတော်စင်လည်း ထိုအရာကို စိတ်ရှုပ်စရာဟု မထင်ခဲ့ပေ။

အကြောင်းပြချက်အချို့ကြောင့် ယခုအခါ ကုအန်သည် ပြောင်းလဲသွားပြီဟု သူခံစားနေခဲ့ရသည်။

ကုအန်ဆီက သာမန်လှုပ်ရှားမှုတစ်ခုကတင် သူ့အတွက် မဖော်ပြတတ်သော စိတ်အေးချမ်းရာလေးတစ်ခုကဲ့သို့ သူခံစားနေခဲ့ရ၏။

ထိုအရာမှာ သူ့စိတ်ထင်ဟုလည်း သူမယုံပေ။ ထိုအရာသည် ကုအန်၏ ကျင့်ကြံခြင်းနှင့် ဆက်စပ်နေတာ သေချာပေသည်။

ကုအန်ဆီက သူတစ်ခုခုသင်၍ ရလာနုိင်တာတောင် ဖြစ်နိုင်၏။

…..

စည်ကားကာ အလုပ်ရှုပ်လှသော နွေဦးပွဲတော်ပြီးဆုံးသွားသည့်အခါ ကုအန်ဘ၀သည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။ ထိုကာလအတွင်း ကျိုးမိသားစုက ကုအန်ကို ပြဿနာလာမရှာခဲ့ပေ။ သူတို့သည် ဆန်းကြယ်နှလုံးသားအဆင့်ကို ကြောက်နေ၍ ဖြစ်နိုင်သလို ကုအန်နှင့် လုပိုင်ထျန်း ဆက်ဆံရေးကို သိနေ၍လည်း ဖြစ်နိုင်ပေသည်။

ဘာပဲဖြစ်ဖြစ် ကုအန်သိပ်တော့ စိတ်မ၀င်စားခဲ့ပေ။

ယခုအခါ သူ့အတွက်ကျိုးမိသားစုသည် ခြိမ်းခြောက်စရာတစ်ခု ဟုတ်မနေတော့ပေ။ အကယ်၍ ကျိုးယီက သူ့ကို ရန်ပြုလိုစိတ်ပေါ်လာပါကလည်း သူချက်ချင်းရှင်းပစ်လိုက်မည်သာ။

နောက်ရက်များတွင် ကုအန် အတွင်းစည်းမြို့ထဲသို့သွားကာ ဆေးပင်များသွားရောင်းခဲ့ပြီး စိတ်ဝိညဉ်ကျောက်တုံးများ စုဆောင်းခဲ့၏။

သူပင်လယ်ရပ်ခြားတွင် အလွန်ကြီးမားသော မြို့ကြီးတစ်မြို့ကို တွေ့ခဲ့ရပြီး အနာဂတ်တွင်ထိုမြို့သို့သွားကာ သူ့ကမ္ဘာငယ်လေးထဲတွင် စိုက်ဖို့ အဆင့်မြင့်ဆေးပင်များ ၀ယ်ရပေလိမ့်မည်။

နေ့ရက်များသည် ပျင်းစရာကောင်းလှပါသော်လည်း ကုအန်မှာတော့ ထိုအရာကို ပျင်းစရာဟု မထင်ခဲ့ပေ။

မျက်စိတစ်မှိတ်အတွင်း နှစ်၀က်ကုန်ဆုံးသွားခဲ့ကာ ကုအန်အသက်သည် ၉၇ နှစ်ပြည့်သွားခဲ့သည်။

မြောက်အရပ်ရှိ မိစ္ဆာချီများမှာလည်း ပိုသိပ်သည်းလာခဲ့ပြီး မကောင်းဆိုးဝါးမိစ္ဆာ စည်းကိုချိုးဖြတ်လာတော့မယ့် အချိန်သည် နီးကပ်လာပုံပင်။

ကမ္ဘာ့အကောင်းဆုံးဓားတာအို ပြိုင်ပွဲလည်းကျင်းပနေပြီဖြစ်ကာ ကုအန် ထိုပွဲကိုစိတ်လှုပ်ရှားစွာ စောင့်ကြည့်နေခဲ့သည်။

အဝေးရှိ မိစ္ဆာနယ်မြေတွင်

အန်းဟောင်နှင့် ရွှမ်ထျန်းယီတို့ ရောက်ခဲ့သော မြေအောက်နေရာလွတ်ရှိ ချောက်ကမ်းပါးပေါ်တွင် ကျိရွှမ်လင်း ချောက်ကမ်းပါးအောက်ရှိ ချော်ရည်များကိုကြည့်ကာ ထိုချော်ရည်များပေါ်ရှိ မျောပါနေသော အရိုးစုများကိုလည်း မျက်‌‌ေမှာင်ကြံု့ကာ ကြည့်ရှုနေခဲ့၏။ များစွာသော အရိုးများ ထိုချော်ရည်များပေါ်တွင် ပေါလောပေါ်လာလိုက် မြုပ်သွားလိုက်ဖြစ်နေသည်ကို သူတွေ့နေခဲ့ရသည်။

သူ့နောက်တွင်မူ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှ ကျင့်ကြံသူများ ရှိနေခဲ့ကြ၏။

“ဒီအောက်မှာ မကောင်းဆိုးဝါးမိစ္ဆာကို ချိတ်ပိတ်ထားတဲ့ စည်း ရှိနေသင့်တာမဟုတ်လား”

“ဒီနေရာက မိစ္ဆာချီတွေက တကယ်ကြောက်စရာကောင်းတာပဲ ငါတို့နယ်မြေကိုပြန်ပြီး စီနီယာတွေကို ဒီကိစ္စလာကိုင်တွယ်ပေးဖို့ ပြန်ခေါ်ရမယ်”

“အမိန့်ကရောက်လာပြီးပြီ ငါတို့အရင်ဆုံးဒီနေရာကို တစ်ယောက်ယောက် ၀င်လာပြီး ငါတို့အစီအစဉ်ကိုမဖျက်ဆီးအောင်အရင်ကာကွယ်ထားရမယ်”

ကျိရွှမ်လင်းထိုစကားဝိုင်းကို လစ်လျူရှုကာ ဂူနံရံကိုသာ ကြည့်ရှုနေခဲ့သည်။ သူ့ကြည့်နေသော ဂူနံရံတွင် အက်ကွဲကြောင်းများစွာ ရှိနေပြီး ပြင်းထန်သောတိုက်ပွဲတစ်ခု ဒီနေရာတွင် ဖြစ်ပွားသွားတာ သိသာလှ၏။

ထိုထဲမှာ အက်ကွဲကြောင်းတစ်ခုကသူ့ကိုမျက်မှောင်ကြုံ့သွားစေခဲ့သည်။

“အဲ့တာ သူဖြစ်နိုင်လား” ကျိရွှမ်လင်း ရွှမ်ထျန်းယီကို တွေးလိုက်မိ၏။

သူသည် ရွှမ်ထျန်းယီနှင့် မရေတွက်နိုင်အောင်တိုက်ခိုက်ဖူးသူဖြစ်သောကြောင့် ရွှမ်ထျန်းယီ၏ နတ်သိုင်းများကို မှတ်မိပေသည်။

ဒီနေရာတွင် ရွှမ်ထျန်းယီ သေဆုံးသွားခဲ့ရသည်ဟူသော အတွေးက သူ့ကို မလွယ်ဘူးဟုခံစားသွားစေခဲ့၏။

“နေဦး စည်းကလည်းမကျိုးပျက်သေးတာကို ဒီနေရာမှာ ဘယ်သူတွေကတိုက်ခိုက်ကြမှာလဲ တစ်ယောက်ယောက်က ရွှမ်ထျန်းယီကို တားဆီးဖို့ ကြိုးစားခဲ့တာ ဖြစ်နိုင်လောက်လား ဘယ်သူကများ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေ ရောက်မလာခင် ဒီကိုရောက်လာခဲ့ကြတာလဲ”

ကျိရွှမ်လင်း မျက်ခုံးများတွန့်ကွေးသွားပြီး ကြောက်စရာကောင်းသော ခန့်မှန့်ချက်များ ပေါ်လာခဲ့ကာ သူ့မျက်နှာကို၍ပင် မည်းမှောင်လာခဲ့သည်။

ထိုစဉ် အဓိပတိဂိုဏ်း ပင်မခန်းမဆောင်ထဲ၌

အန်းဟောင် သူ့ရှေ့ရှိ ဂိုဏ်းချုပ်ခုံတွင်ထိုင်ကာ မျက်မှောင်ကြုံ့နေသော လုပိုင်ထျန်းကို စိုက်ကြည့်နေခဲ့၏။

“ဆရာ ကျွန်တော်တို့ ဘာလုပ်သင့်လဲ” အန်းဟောင် လေးလေးနက်နက်မေးလိုက်၏။

လုပိုင်ထျန်းမှာတော့ သူမျှော်လင့်ထားသလို ဒေါသထွက်မနေဘဲ ထိုအစား တိတ်ဆိတ်နေခဲ့သည်။

“စီနီယာရွှမ်က အဓိပတိဂိုဏ်းရဲ့ တစ်ဦးတည်းသော မဟာယနအဆင့်တစ်ယောက်ပါ ကျွန်တော်တို့သူ့ကို ပစ်ပယ်ထားလို့မရဘူး” အန်းဟောင် အံကိုကြိတ်ကာ ပြောလိုက်၏။

လုပိုင်ထျန်းသူ့ကိုကြည့်ကာ ပြောလိုက်သည်။

“မင်းကိုယ်တိုင်ပဲပြောပြီးပြီလေ သူကတစ်ဦးတည်းသော မဟာယနအဆင့်ပါလို့ တကယ်လို့ သူတောင်ဒါကြီးကို တောင့်မခံနိုင်ခဲ့ရင် ငါတို့က ဘာလုပ်နိုင်တော့မှာလဲ”

“ဆရာသခင်ဓားအရှင်သာ ၀င်မပါရင် ငါတို့ဘာမှလုပ်မရဘူး ဒါပေမယ့် ဆရာသခင်ဓားအရှင် ဘယ်မှာလဲဆိုတာလည်း ဘယ်သူမှမသိဘူး ငါတို့ဂိုဏ်းတစ်ဂိုဏ်းကိုလည်း လူတစ်ယောက်တည်းအတွက် ဝိုင်းတောင်းပန်ပေးခိုင်းလို့ မရဘူးမဟုတ်လား”

အန်းဟောင်၏ အမူအရာ အကြိမ်များစွာ ပြောင်းလဲသွားခဲ့သည်။

သူတစ်ညလုံး သူ့ဆရာကို ခေါ်ခဲ့ပြီးသည့်နောက် သူ့ဆရာပေါ်မလာသောအခါ သူ့ဆရာသည် ဤကိစ္စတွင် ၀င်မပါလိုဘူးဟု သူတွေးလိုက်မိသည်။ ထို့နောက်မှ သူအဓိပတိဂိုဏ်းသို့ အလောတကြီးပြန်လာခဲ့ခြင်း ဖြစ်သည်။

သူ့ဆရာကလည်း ၀င်မပါချင်သလို အဓိပတိဂိုဏ်းကလည်း ဘာမှလုပ်မပေးနိုင်ချိန်တွင် သူဘာလုပ်သင့်သနည်း။

အန်းဟောင်ကို စိတ်အနှောင့်အယှက်ပေးနေဆုံးအရာမှာ ထိုကိစ္စအတွက် သူဘယ်သူ့ကိုမှ အပြစ်ပြောမရခြင်း ဖြစ်သည်။

အကယ်၍သူ့တွင်သာ လုံလောက်သည့်ခွန်အားရှိနေပါက သူဒါမျိုး သူများကိုလိုက်တောင်းပန်နေရမည် မဟုတ်ပေ။

အဓိပတိဂိုဏ်းတွင် တပည့်များစွာရှိပြီး ထိုတပည့်များအားလုံးကို လူတစ်ယောက်တည်းအတွက် စတေးပစ်ဖို့လည်း မဖြစ်နိုင်ပေ။

သူ့ဆရာရော အဓိပတိဂိုဏ်းကပါ သူ့အပေါ် အကြွေးတင်နေခြင်းမျိုးလည်း ရှိမနေပေ။

ရုတ်တရက် အန်းဟောင်တစ်ခုခုကို တွေးမိသွားပြီး သူ့၀တ်စုံကို ချွတ်လိုက်ကာ သူ့ကျောကို လှည့်၍ လုပိုင်ထျန်းကို ပြလိုက်ကာ ပြောလိုက်သည်။

“ဒါက စီနီယာရွှမ်ချန်ထားခဲ့တာဟာပါ စည်းတစ်မျိုးမျိုးနဲ့တူတယ် ကျွန်တော့်နတ်အာရုံနဲ့ ကြည့်လို့မရဘူး”

လုပိုင်ထျန်း မျက်လုံးများ ပြူးကျယ်သွားပြီး ရုတ်တရက် အန်းဟောင်နောက်ကျောဘက်တွင် ပေါ်လာခဲ့၏။

ထို့နောက် အန်းဟောင်ပုခုံးကိုကိုင်ကာ အန်းဟောင်ရုန်းမရအောင် ချုပ်ထားလိုက်သည်။

“ဆိုတော့ အဲ့လိုကိုး….”

လုပိုင်ထျန်းစကားကြောင့် အန်းဟောင် ဇဝေဇဝါဖြစ်သွားသော်လည်း သူ့ဆရာ စည်းကိုလေ့လာနေခြင်းကို မနှောင့်ယှက်ခဲ့ပေ။

….

ဆောင်းဦးရာသီအလယ်ပိုင်းတွင် ဓားတာအိုပြိုင်ပွဲပြီးဆူံးသွားခဲ့ပြီး ပထမဆုကို ကုမိသားစုမှ ဓားတာအိုပညာရှင်တစ်ယောက်က ရရှိသွားခဲ့ပြီး တိရှီက ဒုတိယသာချိတ်ခဲ့သည်။

ကုအန်လည်း သူတို့ကြား နောက်ဆုံးတိုက်ပွဲကို ကြည့်ရှုခဲ့ပြီး အကယ်၍ တိရှီကသာ ဓားသီးသန့်ကို မသုံးခဲ့ရပါက တိရှီ ရှုံးလိမ့်မည် မဟုတ်ပေ။

တိရှီသည် ဆန်းကြယ်နှလုံးသားအဆင့်ဖြစ်သော်လည်း သူ့ဓားတာအိုမှာတော့ နုနယ်နေသေးသည်။

ဓားတာအိုပြိုင်ပွဲက ကမ္ဘာတစ်ခုလုံး၏အာရုံများကိုလည်း ဆွဲဆောင်သွားခဲ့ပြီး အဓိပတိဂိုဏ်းက ထိုပွဲအတွက် အကျိုးအမြတ်များစွာ ရရှ်ိခဲ့၏။

အခြားဂိုဏ်းများကလည်း အဓိပတိဂိုဏ်းနည်းတူ ပြိုင်ပွဲများ လိုက်လုပ်ခဲ့သော်လည်း အရင်ဆုံးကျင်းပခဲ့သော အဓိပတိဂိုဏ်းပြိုင်ပွဲများလောက် စိတ်ဝင်စားမှု မရခဲ့ပေ။

ဓားတာအိုပြိုင်ပွဲပြီးသွားသောအခါ အန်းဟောင် တတိယတောင်ကြားကို ရောက်လာပြီး သူ့ညီမအန်းရှင်းနှင့် တွေ့ဆုံခဲ့၏။ မတွေ့ရတာကြာပြီဖြစ်သောကြောင့် သူတို့နှစ်ယောက် စကားအကြာကြီးပြောဖြစ်ခဲ့ကြသည်။

အန်းဟောင်စိတ်ထဲတွင် တစ်ခုခုရှိနေသည်ကို ကုအန်သတိထားမိနေသော်လည်း သူတို့နှစ်ယောက်ဆက်ဆံရေးသည် ထိုမျှနီးကပ်မနေသောကြောင့် သူသွားမေး၍ မရပေ။

မပြန်ခင်တွင် အန်းဟောင် ကုအန်ကိုလာရှာကာ သူ့ညီမကို စောင့်ရှောက်ပေးခဲ့သည့်အတွက် ကျေးဇူးတင်စကားပြောပြီး လက်ဆောင်အဖြစ် အဆင့်မြင့်ဆေးပင်မျိုးစေ့များပင် ပေးသွားခဲ့သေးသည်။

ကုအန်လည်း ယဉ်ကျေးမှုအရ အနည်းငယ်ငြင်းပယ်လိုက်ကာ နောက်ဆုံးတွင် လက်ခံလိုက်၏။

ထို့နောက် သူတို့နှစ်ယောက်စကားခဏပြောပြီးမှ အန်းဟောင် ပြန်သွားခဲ့သည်။

ကုအန် ထွက်ခွာသွားသော အန်းဟောင်ပုံရိပ်ကို ကြည့်က အန်းဟောင်ခံစားမှုသည် သူသွားခဲ့သော မိစ္ဆာနယ်မြေရှိ အတွေ့အကြုံများနှင့် ဆက်စပ်နေရမည်ဟု ခန့်မှန်းမိခဲ့၏။

“တပည့်လေး မကြောက်ပါနဲ့ သူထွက်လာတာနဲ့ သူကသေလူပါပဲ”

ကုအန်တိတ်တဆိတ်တွေးနေမိပြီး ရွှမ်ထျန်းယီကို သတိရသွားခဲ့သည်။

အန်းဟောင်နှင့်ရွှမ်ထျန်းယီအစက အတူတူရှိနေခြင်းဖြစ်ပြီး ယခု ရွှမ်ထျန်းယီက ဘယ်ရောက်သွားသနည်း။

ကုအန် ချက်ချင်းနတ်အာရုံသုံးကာ ကုန်းမြေတိုက်ကြီးပေါ်တွင် ရွှမ်ထျန်းယီကို ရှာဖွေလိုက်၏။

ရွှမ်ထျန်းယီလည်း ချိတ်ပိတ်ခံလိုက်ရခြင်း ဖြစ်နိုင်ပါသလော!

သူဒီနေရာမှ ထွက်ခွာသွားခြင်းကိုလည်း ကုအန် မတွေ့ခဲ့မိပေ။

ကုအန်အကြည့်က ကျိရွှမ်လင်း အပါအ၀င် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှလူများ စုဝေးနေသော နေရာဆီ ရောက်ရှိသွားခဲ့သည်။

ဟိုးမြေအောက်အနက်ပိုင်းရှိ ပုန်းကွယ်နေသော နယ်မြေအချို့မှလွဲလျှင် သူမရှာဖွေနိုင်သောနေရာသည် ‌မကောင်းဆိုးဝါးမိစ္ဆာကို စည်းပိတ်ထားသောနေရာသာ ရှိ၏။

ရွှမ်ထျန်းယီသည် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေ၏ ဖမ်းဆီးခြင်းကို ခံလ်ုက်ရခြင်းလော သို့မဟုတ် မကောင်းဆိုးဝါးမိစ္ဆာ၏ ချိတ်စည်းထဲသို့ ကျရောက်သွားခြင်းပေလော။

….

နှစ်လခန့်အကြာတွင် မြောက်အရပ်မှ မိစ္ဆာချီများပေါက်ကွဲထွက်ပေါ်လာပြီး မင်းဆက်သုံးခုရှိ လူများပင် ထိုအရာကို သတိထားမိသွားခဲ့ကြသည်။

တတိယတောင်ကြားတွင် ရပ်နေရင်း ကုအန် မြောက်အရပ်ကို ကြည့်နေမိ၏။

သူနှင့်မနီးမဝေးတွင် သွေးအကျဉ်းထောင်မဟာသူတော်စင်လည်းရှိနေပြီး မြောက်အရပ်ကို သတိထားနေဟန်ဖြင့် ကြည့်နေခဲ့သည်။

ကြောက်စရာကောင်းလိုက်တဲ့ မိစ္ဆာချီ!

မဟာကောင်းကင်နဲ့မြေပြင်မှာ တကယ်ပဲ နဂါးတွေကျားတွေပုန်းအောင်းနေတာပါလား!

ထိုမိစ္ဆာချီ၏နောက်တွင် မည်သူ ရှိနေနိုင်သနည်း။

ကုအန်တစ်ချက်သာ ကြည့်လိုက်ပြီး ဆေးပင်ဆက်ခူးနေခဲ့၏။

သွေးအကျဉ်းထောင်မဟာသူတော်စင်လည်း ကုအန်၏ စိတ်အေးနေပုံကိုကြည့်ကာ စိတ်သက်သာရာ ရသွားခဲ့သည်။

ဤသို့တွေးမိမှပဲ သူကုအန်၏ ကျင့်ကြံခြင်းအဆင့်ကို မသိရသေးပေ။

တောင်ကြားမှတပည့်များလည်း အဝေးမှ မိစ္ဆာချီ၏နှောင့်ယှက်ခြင်းကိုခံလိုက်ရပြီး ထိုအကြောင်းကို လူစုကာ စတင်ဆွေးနွေးလေတော့သည်။

သူတို့ချက်ချင်းပင် ထိုအရာကို မကောင်းဆိုးဝါးမိစ္ဆာနှင့် ဆက်စပ်မိသွားခဲ့ကြသည်။

မြင့်မြတ်ကုန်းမြေ ထွက်ပေါ်လာပြီးကတည်းက မကောင်းဆိုးဝါးမိစ္ဆာ၏ ဒဏ္ဍာရီများသည် မင်းဆက်သုံးခုလုံးတွင် ပျံ့နှံ့နေပြီဖြစ်ပြီး ထိုအကြောင်းက လူထုကြားထဲတွင် ထင်ရှားသော စိတ်၀င်စားစရာတစ်ခု ဖြစ်လာခဲ့၏။

နောက်တစ်နေ့မနက်ခင်းတွင် ကျင့်ကြံသူအများအပြား မြောက်အရပ်သို့ တတိယတောင်ကြားပေါ်မှဖြတ်၍ ဖြတ်ပျံသွားခဲ့ကြသည်။

ကုအန်နတ်အာရုံက မင်းဆက်သုံးခုရှိ ဂိုဏ်းအများအပြား မြောက်အရပ်သို့ တပည့်များ ပို့နေသည်ကို အာရုံခံမိခဲ့၏။

သူစိတ်တော့ ပူမနေပေ။ လက်ရှိ အရှိန်အဝါကို ကြည့်ပါက မကောင်းဆိုးဝါးမိစ္ဆာသည် အချုပ်အနှောင်မဲ့အမတအဆင့်တွင်သာ ရှိသေးပြီး စည်းကိုလည်း လုံး၀ ချိုးဖြတ်နိုင်တာမျိုး မရှိသေးပေ။

ကုအန် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက မင်းဆက်သုံးခုကို ကူညီ၍ မကောင်းဆိုးဝါးမိစ္ဆာကို နှိမ်နှင်းပေးမလားဆိုတာကိုတော့ မြင်ချင်နေမိသည်။

ထိုစဉ် တောအုပ်တစ်ခုထဲ၌

ကျန်းပုကူ လီယနောက်မှ လိုက်လာရင်း မေးချင်စိတ်ကို မထိန်း‌နိုင်တော့ပေ။

“အစ်ကိုလီ ဒီလိုမိစ္ဆာချီမျိုးနဲ့ဆို ဒါကြီးက ဒဏ္ဍာရီလာမကောင်းဆိုးဝါးမိစ္ဆာကြီးမှန်း သေချာတယ်နော် ကျွန်တော်တို့ ဒါကြီးနဲ့ ခပ်ဝေးဝေးမှာနေပြီး ကြီးမြတ်တဲ့ကျင့်ကြံသူတွေကိုပဲ ဒီကိစ္စ ကိုင်တွယ်ခိုင်းလိုက်သင့်တယ်မဟုတ်လား”

အပိုင်း(၂၀၄)

ကျွန်တော့်ဆရာဦးလေးက ကုအန်လေ သူ့ကိုသိလား

“ကမ္ဘာကြီးက ဒီလောက်ဖရိုဖရဲဖြစ်နေတာ ငါတို့က ငြိမ်ငြိမ်လေးထိုင်ပြီး ကျင့်ကြံနေရမှာလားကွ အဲ့တာက ကျင့်ကြံခြင်းအဆင့်နဲ့မဆိုင်ဘူး စိတ်ဝိညဉ်နဲ့ပဲဆိုင်တာ”

လီယ လှည့်မကြည့်ဘဲ ပြောလိုက်သည်။ သူ့လေသံမှာလည်း အားအင်အပြည့်နှင့်ဖြစ်နေပြီး မေးမိသော ကျန်းပုကူပင် ရှက်သလိုလိုခံစားသွားရ၏။

ထိုသို့သော ကိစ္စမျိုးတွင် သူလီယကိုမမှီတာတော့ အမှန်ပင်။

“ဒါပေါ့ အခွင့်အလမ်းတစ်ခုခုရှိနေရင်တော့ အကောင်းဆုံးပဲပေါ့ ကြိုးစားကြရအောင်ပါ အဲ့ဒီမှာလူတွေပိုများများရှိနေလေလေ ငါတို့ရော၀င်ဖို့လွယ်လေလေပဲ လူတွေများနေရင် ငါတို့ကို အလွယ်တကူပစ်မှတ်ထားမခံရတော့ဘူး” လီယ လေသံကိုပြောင်းကာ ပြောလိုက်သည်။

ကျန်းပုကူလည်း လီယနှင့်ပြိုင်ငြင်းမနေတော့ပေ။

သူ့လက်မောင်းကိုသာ တစ်ချက်လှုပ်လိုက်ပြီး ပြောလိုက်၏။

“အစ်ကိုလီ ကြည့်ရတာ ကျွန်တော့်ဒဏ်ရာဟောင်းတွေ အကင်းမသေသေးပုံပဲ”

“တောင့်ခံထားဦး မင်းဒဏ်ရာက ငါ့လောက်ဆိုးနိုင်ပါဦးမလား ယောင်္ကျားတွေအတွက် အဲ့တာက ပန်းကန်လုံးတစ်လုံးစာလောက်ရှိတဲ့ အမာရွတ်လေးလောက်ပါပဲ မင်းကဘာကိုကြောက်နေတာလဲ တကယ်လို့ မင်းကြောက်နေရင် မင်းတစ်ဘ၀လုံးစာ ရှုံးနိမ့်သွားရလိမ့်မယ်”

လီယ ထေ့ငေါ့လိုက်လေသည်။ သူ့အကြည့်ကလည်း ကောင်းကင်တွင်ပြည့်နှက်နေသော မိစ္ဆာချီများဆီရောက်နေသော အတွေးများပြန့်ကျဲနေခဲ့သည်။

ကျန်းပုကူ ဆူပုတ်နေပြီး လီယသည် လေကြီးရာတွင်သာ တော်သောသူဟု ‌ကြိတ်တွေးနေမိ၏။

သို့သော် အချိန်အကြာကြီး အတူရှိပြီးသည့်နောက်တွင် သူလီယကို တစ်ယောက်တည်း ပစ်မထားနိုင်ခဲ့ပေ။

မေ့လိုက်ပါတော့လေ ညီအစ်ကိုတွေဆိုတာ တစ်သက်တာလုံး အတူတူရှိရမယ့်သူတွေ ငါအစ်ကိုလီယနောက်ကို ဓားတောင်ကိုကျော် မီးပင်လယ်ကိုဖြတ်ပြီး လိုက်မယ်ကွာ!

ကျန်းပုကူ သူ့ကိုယ်သူနှစ်သိမ့်လိုက်၏။ သူလီယနောက်လိုက်နေရင်း မေးလိုက်ပြန်သည်။

“အစ်ကိုလီ ကျွန်တော်တို့နဲ့တွေ့ခဲ့တဲ့ သွေးအကျဉ်းထောင်မဟာသူတော်စင်ဘယ်ရောက်နေပြီထင်လဲ သူက တက်လှမ်းလာသူဆိုတော့ အခုဆို သူ့ကိုယ်ပိုင်ဂိုဏ်းတည်ထောင်ဖို့ လုပ်နေလောက်လား”

လီယ သာမန်အတိုင်းဖြေလိုက်သည်။

“ပုံမှန်အားဖြင့်တော့ ကျင့်ကြံသူတစ်ယောက်က ဒီကျင့်ကြံခြင်းကမ္ဘာမှာ တစ်ယောက်တည်း မရှင်သန်နိုင်ဘူး မဟာယနအဆင့်က အစွမ်းထက်ပုံပေါ်ပေမယ့် ပြိုင်ဘက်ကင်းနေတာတော့ မဟုတ်သေးဘူး အခုဆို သူ့ကိုဂိုဏ်းကြီးတစ်ချို့က လိုက်ရှာပြီး သိမ်းသွင်းနေလောက်ပြီ ငါတို့ထက် ပိုကောင်းကောင်းနေနေရမှာတော့ သေချာပါတယ်”

“အမှန်ပဲ”

သူတို့နှစ်ယောက် စကားတပြောပြောနှင့် ရှေ့ဆက်သွားနေကြချိန်တွင် ကောင်းကင်ရှိ မိစ္ဆာချီများမှာလည်း ပိုမိုကျယ်ပြန့်လာခဲ့ပြီး သေမျိုးကမ္ဘာတစ်ခုလုံးကို ကပ်ဘေးတစ်ခုအဖြစ် ဖုံးလွှမ်းသွားတော့မည့် ပုံပင်။

….

ကုအန် နွားသိုးကိုစီးကာ သူ့အိမ်ရှိရာသို့ သွားနေရင်း သူ့နတ်အာရုံက မိစ္ဆာနယ်မြေအနက်ပိုင်းထဲ ရောက်ရှိနေခဲ့သည်။

လူသူကင်းမဲ့သော ကုန်းမြေတစ်ခုတွင် မြေပြင်က ပင့်ကူအိမ်တစ်ခုနှယ် အက်ကွဲနေကာ ‌ဆန်းကြယ်သော မိစ္ဆာချီများက မြေပြင်အက်ကြောင်းများထဲမှ တိုးထွက်နေခဲ့ကြသည်။ ကြည့်ရသည်မှာ မကောင်းဆိုးဝါးမိစ္ဆာသည် ချိတ်စည်းကို ချိုးဖြတ်လာတော့မည့်ပုံပေါ်နေကာ ကောင်းကင်နှင့်မြေပြင်ကြား အသက်ရှူကြပ်စရာ ဖိအားတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။

ကုအန် ထိုနေရာမှ မိုင်ပေါင်းငါးဆယ်ခန့်ဝေးသောနေရာရှိ ချောက်ကမ်းပါးတစ်ခုပေါ်တွင် တည်နေရာကူးပြောင်းခြင်းအစီအရင်တည်ဆောက်နေသော ကျင့်ကြံသူများကို ကြည့်ရှုနေခဲ့၏။ သူတို့သည် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှဖြစ်ကာ ထိုထဲတွင် ကျိရွှမ်လင်းပင် ပါနေသေးသည်။

ထိုအခိုက်တွင် ကျိရွှမ်လင်း ကမ်းပါးအစွန်းတွင်ရပ်ကာ မျက်ခုံးများ တွန့်ကွေးနေခဲ့၏။

ထိုစဉ် သူ့ဆီသို့ အဖြူရောင်၀တ်စုံ၀တ်မိန်းမတစ်ယောက်ရောက်လာက ာပြုံး၍ မေးလိုက်သည်။

“ဘာဖြစ်လို့လဲ နင်ကြောက်နေတာလား”

ကျိရွှမ်လင်း သူမကိုတစ်ချက်ကြည့်လိုက်ကာ မထူးခြားဟန်ဖြင့် ပြောလိုက်သည်။

“မကောင်းဆိုးဝါးမိစ္ဆာက ဘယ်လောက်သန်မာ သန်မာ ဆရာသခင်ဓားအရှင်ထက် သန်မာနိုင်မှာတဲ့လား ငါက အဓိပတိဂိုဏ်းမှာ နေလာခဲ့ဖူးတဲ့သူပါ”

“အဲ့တာက မတူဘူးလေ သူတို့နှစ်ယောက်က ဘယ်သူပိုစွမ်းလဲ သိရအောင်တိုက်မှမတိုက်ခိုက်ဖူးဘဲ နောက်ပြီး နင်က အဓိပတိဂိုဏ်းကို ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေကို ကိုယ်စားပြုပြီးသွားတာလေ ဆရာသခင်ဓားအရှင်ကနင့်ကို ဘာလို့တိုက်ခိုက်ရမှာလဲ”

အဖြူရောင်၀တ်မိန်းမ ခေါင်းခါ၍ ပြောလိုက်သည်။

ကျိရွှမ်လင်းလည်း ရှေ့သို့သာ ကြည့်နေလိုက်ပြီး ထိုမိန်းမကို လျစ်လျူရှုထားခဲ့၏။

အဖြူရောင်၀တ်မိန်းမ ထပ်ပြောလိုက်သည်။

“အကြီးအကဲလင်းလည်း ဒီမှာရှိနေတယ် သူကအချုပ်အနှောင်မဲ့အမတတစ်ပါးပဲလေ သူသာရှိနေရင် ငါတို့ဒီကပ်ဘေးကို ကျော်ဖြတ်နိုင်မှာပါ”

“အကြီးအကဲလင်းလား”

ကျိရွှမ်လင်း မျက်ခုံးများ ပိုတွန့်ကွေးလာကာ သူ့သံသယကပိုမိုကြီးမားလာခဲ့သည်။ သူ့ကြောက်စရာကောင်းသော ခန့်မှန်းချက်များကို အတည်ပြု၍ ရတော့မည့် ပုံပင်။

ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေသည် မြင့်မြတ်ကုန်းမြေဟု သူအမြဲယုံကြည်နေခဲ့ပြီး ထိုနေရာတွင် မွေးဖွားလာရခြင်းကို ဂုဏ်ယူစရာဟု သူအမြဲတွေးထားခဲ့သည်။ သို့သော် ယခုအခါ ကိစ္စများက ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေတွင် ထုတ်ပြောမရသော လျှို့ဝှက်ချက်များ ရှိနေသည်ဟု ညွှန်ပြနေပြီး ထိုလျှို့ဝှက်ချက်များသည် သူတို့၏ မြင့်မြတ်ကုန်းမြေဟူသော နာမည်ကိုပင် ချေမွပစ်နိုင်သော အရာများ ဖြစ်နေခဲ့၏။ ဤအရာက ကျိရွှမ်လင်းကို စိတ်မတည်ငြိမ်နိုင်ဖြစ်နေစေခဲ့ခြင်း ဖြစ်သည်။

သူအကြောက်ဆုံးအရာမှာတော့ ထိုအရာကို သူသိနေပါသော်လည်း ထုတ်ဖော်၍မရဘဲ အထက်ကအမိန့်များကိုသာ ဆက်လက်ဆောင်ရွက်ရမည့် အဖြစ်ကို ဖြစ်၏။

ဂျိန်းး ဂျလိန်းး…

ကောင်းကင်မှ မိစ္ဆာချီများသည် မိုးခြိမ်းသံနှယ်အသံကြီးများကို စတင်ထုတ်လွှတ်နေခဲ့ပြီး ထိုအသံများသည် ကောင်းကင်မှ ရှေးဟောင်းနတ်ဘုရားများက သက်ရှိများ စိတ်မအေးနိုင်အောင် ဟိန်းဟောက်နေသလိုပင်။

……

ကုအန် အချိန်အတန်ကြာ ကြည့်ရှုနေခဲ့၏။ သူ့စီးတော်သားရဲက အိမ်သို့ရောက်သွားသောအခါမှသာ ကုအန် နွားသိုးပေါ်မှ ဆင်းလိုက်လေသည်။

ယခုအခါ လူတိုင်းက မြောက်ပိုင်းသို့ သွားနေကြသော်လည်း ကုအန်ကတော့ လှုပ်ရှားဦးမည် မဟုတ်ပေ။

ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေသည် မကောင်းဆိုးဝါးမိစ္ဆာကို သူတို့နာမည်ရစေရန် ကိုယ်တိုင်ရှင်းပစ်ချင်နေသည်ဟု ကုအန် သံသယရှိနေပြီး ထွက်ပေါ်လာသော မိစ္ဆာချီများ၏ တိုးမြင့်လာမှုအရှိန်နှုန်းက သူတို့အစီအစဉ်ကို နှောင့်ယှက်နေမှန်း ကုအန် တွေ့နေခဲ့ရသည်။

ဤပုံအတိုင်းဆို ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေသည် မြေလျှောက်အမတတစ်ပါးကို ထုတ်လာရတော့မည်လော။

မကောင်းဆိုးဝါးမိစ္ဆာကိုသုံး၍ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေ၏ ခွန်အားကို စမ်းသပ်ရသည်မှာ ဆိုးလှသောအရာတော့ မဟုတ်ပေ။

နောက်ရက်များတွင် မကောင်းဆိုးဝါးမိစ္တာလွတ်လာပြီဟူသော သတင်းက မင်းဆက်သုံးခုလုံးတွင်ပျံ့နှံ့သွားပြီး ဆန်းကြယ်တောင်ကြားနှင့် တတိယတောင်ကြားမှတပည့်များကြားထဲတွင်ပင် ပျံ့နှံ့နေခဲ့သည်။

မကောင်းဆိုးဝါးမိစ္ဆာ၏ စည်းကိုချိုးဖြတ်ရန် ကြာချိန်သည် အကြောင်းအရင်းအချို့ကြောင့် ပိုမြန်လာမှန်း ကုအန် သတိထားမိနေခဲ့၏။

မကောင်းဆိုးဝါးမိစ္ဆာသည် သူ့ထိန်းချုပ်နိုင်စွမ်းကိုလွန်၍ အင်အားမကြီးလာသေးသမျှကာလပတ်လုံး ကုအန် ထိုအကြောင်းအရင်းကိုတော့ စိတ်၀င်စားမည် မဟုတ်ပေ။

လက်ရှိ အရှိန်အဝါအရတော့ မကောင်းဆိုးဝါးမိစ္ဆာသည် ကုအန်အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာရန် နှစ်ရာပေါင်းများစွာလိုနေသေးသည်။

ကောင်းကင်ဈာန်အမတတစ်ပါးနှင့် မြေလျှောက်အမတတစ်ပါးအကြား ကွာဟချက်သည် သေမျိုးတစ်ယောက်နှင့် မသေမျိုးတစ်ယောက်ကြား ကွာဟသလို ကွာဟခြင်းဖြစ်ပြီး မကောင်းဆိုးဝါးမိစ္ဆာသည် မြေလျှောက်အမတအဆင့်ကိုတောင်ရောက်သေးသူ မဟုတ်ပေ။

ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေလည်းမလှုပ်ရှားသေးဘဲ အခွင့်ကောင်းကို စောင့်နေခဲ့၏။ သူတို့သည် နာမည်တစ်ခုတည်‌ေဆာက်ရန် မင်းဆက်သုံးခုမှ လူများစုံမှသာ စတင်လှုပ်ရှားပေလိမ့်မည်။

မျက်စိတစ်မှိတ်အတွင်းတွင် တစ်လကုန်ဆုံးသွားခဲ့၏။ မင်းဆက်သုံးခုမှ ကျင့်ကြံသူများလည်း ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေ စခန်းချရာ နေရာတွင် ရောက်ရှိနေပြီးဖြစ်ကာ ကောင်းကင်ရှိ မိစ္ဆာချီများမှာလည်း မြေလျှောက်အမတအဆင့် နီးနီးအရှိန်အဝါသို့ တိုးမြင့်လာခဲ့သည်။ မင်းဆက်သုံးခုမှကျင့်ကြံသူများဆိုလျှင် သတင်းအချက်အလက်လောက်သာ ထောက်လှမ်းနေရပြီး ထိုမိစ္ဆာနယ်မြေသို့ နတ်အာရုံပင် မပို့ရဲတော့ပေ။

ဖုန်းဆိုးမြေတစ်ခုတွင် အဓိပတိဂိုဏ်းမှ ကျင့်ကြံသူများနေထိုင်ရန် အိမ်များဆောက်နေခဲ့ကြပြီး ပတ်ပတ်လည်တွင်လည်း ၀င်္ကပါများတည်ဆောက်နေခဲ့ကြ၏။

လုပိုင်ထျန်း တံစက်မြိတ်တစ်ခုအောက်တွင်ရပ်ကာ သူ့အကြည့်က ခပ်လှမ်းလှမ်း ချောက်ကမ်းပါးပေါ်ရောက်နေခဲ့သည်။ ထိုနေရာတွင် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက စခန်းချထားခြင်းဖြစ်ကာ သူတို့သည် မြင့်မြတ်ကုန်းမြေဖြစ်သည့်အတွက် မင်းဆက်သုံးခုနှင့် ရောရောနှောနှောမနေခဲ့ပေ။

မင်းဆက်သုံးခုလုံးက ချောက်ကမ်းပါးအောက်ရှိ ဖုန်းဆိုးမြေတွင် စခန်းချနေကြချိန်တွင် မြင့်မြတ်ကုန်းမြေကတော့ သူတို့အထက်တွင် နေရာယူထားဆဲပင်။

ထိုစဉ် ကျိဟန်ထျန်း လုပိုင်ထျန်းဆီချဉ်းကပ်လာပြီး ပြောလိုက်၏။

“ရွှမ်ထျန်းယီရဲ့ အရိပ်အယောင်မတွေ့ရဘူး သူတကယ်ကြီးမိစ္ဆာနယ်မြေမှာသေဆုံးသွားတာ ဖြစ်နိုင်လောက်လား”

သူ့မျက်ခုံးများ တွန့်ကွေးနေခဲ့၏။ ရွှမ်ထျန်းယီသည် အဓိပတိဂိုဏ်း၏ တစ်ဦးတည်းသော မဟာယနအဆင့်ဖြစ်ကာ သူသေဆုံးသွားခြင်းက အဓိပတိဂိုဏ်း၏ အုတ်မြစ်တစ်ခြမ်းယိုင်နဲ့သွားသည်ဟု ဆိုလိုနေပေသည်။

“ငါတို့ ရွှမ်ထျန်းယီဝင်မတိုက်ခိုက်နိုင်မယ့် အခြေအနေကိုလည်း ပြင်ဆင်ထားရမယ်” လုပိုင်ထျန်း လေးလေးနက်နက်ပြောလိုက်သည်။

ကျိဟန်ထျန်း လုပိုင်ထျနး်ကိုကြည့်ကာ အတွေးလွန်နေခဲ့၏။

အချိန်အတန်ကြာသောအခါ သူနောက်ဆုံးတွင် မေးလိုက်လေသည်။

“ဂိုဏ်းချုပ် ခင်ဗျားကျုပ်ကိုတစ်ခုခုဖုံးကွယ်ထားတာလား တကယ်လို့ ရွှမ်ထျန်းယီသာ တကယ်သေသွားတာဆိုရင် ခင်ဗျားဘာလို့ ဒီလောက်တည်ငြိမ်နေနိုင်တာလဲ ခင်ဗျားက စိတ်အေးလွန်းနေတယ်”

လုပိုင်ထျန်း ခေါင်းယမ်းပြလိုက်ကာ လှေကားမှ ဆင်းသွားခဲ့၏။

ခပ်လှမ်းလှမ်းတစ်နေရာတွင်

လီယ ကျန်းပုကူအား အဓိပတိဂိုဏ်းစခန်းချရာ နေရာသို့ခေါ်လာခဲ့ပြီး ကျန်းပုကူလည်း ပတ်ပတ်လည်ကိုကြည့်ကာ စိတ်လှုပ်ရှားနေခဲ့သည်။

“ငါကြားတာတော့ အဓိပတိဂိုဏ်းက မိစ္ဆာမျိုးနွယ်က တပည့်တွေကိုလည်း ဂိုဏ်းသားအဖြစ်ခန့်အပ်နေတယ်တဲ့ မင်းလည်း ဂိုဏ်းထဲ၀င်သင့်တယ် ငါမင်းကိုထောက်ခံပေးမယ်” လီယ ခပ်ဟဟရယ်ကာ ပြောလိုက်သည်။

ကျန်းပုကူ မေးလိုက်၏။

“တကယ်ကြီးပြောနေတာလား”

သူစိတ်လှုပ်ရှားနေတာ သိသာလှသည်။

လီယသူ့ကိုတစ်ချက်ကြည့်လိုက်ကာ စိတ်၀င်တစားမေးလိုက်၏။

“မင်းဘာလို့ အရမ်းစိတ်လှုပ်ရှားနေတာလဲ ငါမင်းကို ခန်းထျန်ဂိုဏ်းနဲ့ မိတ်ဆက်ပေးတုန်းက ဒီလောက်စိတ်လှုပ်ရှားမနေပါဘူး အခုက ဘာလို့လဲ”

ကျန်းပုကူ အသက်ပြင်းပြင်းရှူလိုက်ကာ

“အမှန်အတိုင်းပြောရရင် ကျွန်တော့်အဖေက အရင်က အဓိပတိဂိုဏ်းအပြင်စည်းဂိုဏ်းက အစေခံတပည့်တစ်ယောက်ဖြစ်ခဲ့ဖူးတယ် အဲ့တာကြောင့် ကျွန်တော်ငယ်ငယ်တုန်းက သူ့ဆီကတော အဓိပတိဂိုဏ်းနဲ့ပတ်သက်တဲ့ ဒဏ္ဍာရီတွေအများကြီး ကြားခဲ့ရတယ်လေ ဒါကြောင့် ကျွန်တော်ဂိုဏ်းထဲ၀င်ချင်နေတာ မဆန်းပါဘူး”

ကျန်းပုကူ ၀မ်းနည်းသွားမည်စိုးသောကြောင့် လီယတစ်ခါမှ သူ့နောက်ခံကို မမေးခဲ့ဖူးပေ။ အခုတော့ သူစိတ်၀င်စားသွားကာ မမေးဘဲ မနေနိုင်တော့ပေ။

“မင်းအဖေနာမည်က ဘယ်သူလဲ စကားမစပ်ငါလည်း ဂိုဏ်းထဲကို အစေခံတပည့်အဖြစ်စ၀င်ခဲ့တာ ငါမင်းအဖေကို သိရင်သိမှာပေါ့”

ကျန်းပုကူ လီယကိုလှည့်ကြည့်လိုက်ကာ

“ကျွန်တော့်အဖေနာမည်က ကျန်းချွမ်းချူပါ”

“ဘာ”

လီယ လမ်းလျှောက်နေသည်ကို ရပ်လိုက်ပြီး ကျန်းပုကူဘက် လှည့်ကြည့်လိုက်ကာ အံ့အားသင့်သွားခဲ့၏။

လီယအမူအရာ‌ေကြာင့် အံ့ဩသွားသော ကျန်းပုကူလည်း မေးလိုက်သည်။

“အစ်ကိုလီ ကျွန်တော့်အဖေကိုသိလို့လား”

အစက အံ့အားသင့်သွားသော်လည်း ကျန်းပုကူစကားများထဲတွင် သူ့အဖေသည် သေဆုံးသွားခဲ့ပြီဟူသော စကားပါဖူးသောကြောင့် သူ့ခံစားချက်များ မကောင်းတော့ပေ။

“မင်းအဖေက ဆေးတောင်ကြားတစ်ခုမှာ အစေခံတပည့်ဖြစ်ခဲ့ဖူးတာမဟုတ်လား ငါဂိုဏ်းထဲကို စ၀င်တုန်းက သူက ငါ့စီနီယာအစ်ကိုကြီးဖြစ်ခဲ့တာ” လီယ ခံစားချက်များ ရောထွေးနေသော အသံဖြင့် ပြောလိုက်သည်။

ကျန်းပုကူလည်းထပ်မံ စိတ်လှုပ်ရှားသွားခဲ့ကာ ပြောလိုက်သည်။

“တကယ်ကြီးလား ကျွန်တော်တို့မှာ အဲ့လိုဆက်နွယ်မှုမျိုး ရှိနေမယ်လို့ ထင်မထားမိဘူး”

“ဟုတ်တယ် မင်းအစက မင်းမှာ ဆရာ ဦးလေးတစ်ယောက်ရှိတယ်လို့ ပြောဖူးသလားလို့ သူ့နာမည်က ဘယ်သူလဲ ဘာလို့မင်းအဖေက ငါ့အကြောင်းကြ မပြောခဲ့တာလဲ” လီယ ပြောလိုက်ပြီး ရုတ်တရက် သူ့စိတ်ထဲ သိမ့်ကနဲတစ်ချက်တုန်ခါသွားခဲ့သည်။

နေပါဦး!

ဒီလိုဆို ငါတို့ဝါစဉ်က ရှုပ်ထွေးနေပြီ မဟုတ်လား!

ကျန်းပုကူ ပြန်ဖြေလိုက်သည်။

“ဆရာဦးလေးနာမည်က ကုအန်‌ေလ အစ်ကို သူ့ကိုသိလား”

“ဂျူနီယာညီလေးကု….” လီယ ရုတ်တရက် နားလည်သွားခဲ့၏။

တကယ်တော့ ဆန်းကြယ်တောင်ကြားတွင်ရှိစဉ်ကတည်းက ကျန်းချွမ်းချူ သ‌ေဘာအကျဆံုး ဂျူနီယာညီလေးသည် ကုအန် ဖြစ်ခဲ့ပေသည်။ ကုအန်သည် လူတိုင်းအပေါ်ကြင်နာကာ စိတ်သဘောထားကောင်းမွန်သောကြောင့် လူတိုင်းက သူ့ကိုနှစ်သက်ကြ၏။ ထို့ကြောင့် ကျန်းချွမ်းချူက သူ့ကိုသာ မှတ်မိနေခြင်းမှာ အံ့ဩစရာတော့ မဟုတ်ပေ။

ကျန်းပုကူလည်း နားလည်သွားပြီး ခေါင်းကုတ်လိုက်ကာ

“ကျွန်တော်အစ်ကို့ကို ဆရာဦးလေးလီလို့ ခေါ်သင့်လား”

“မေ့လိုက်တော့ အစ်ကိုလီက ပိုကောင်းတယ် ငါတို့ကကိုယ့်အကန့်နဲ့ကိုယ် သွားကြမှာ”

သူတို့သည် အချိန်အတန်ကြာ တစ်ယောက်နှင့်တစ်ယောက် ညီကိုအဖြစ်သာ ခေါ်ဝေါ်လာလေရာ အခုမှပြောင်းဖို့ ခက်ခဲလွန်းလှသည်။

ကျန်းပုကူ ထိတ်လန့်နေဟန်ဖြင့် မေးလိုက်၏။

“အစ်ကိုလီ အစ်ကိုနဲ့ ဆရာဦးလေးကုကြားဆက်ဆံရေးက ဘယ်လိုနေလဲ”

ထိုစကားကိုကြားသောအခါ လီယ ဂုဏ်ယူစွာပြုံးလိုက်ပြီး ဖြေလိုက်သည်။

“ဒါပေါ့ ငါတို့ကအကောင်းဆုံးညီကိုတွေပဲ”

“တကယ်လား” ကျန်းပုကူ အပျော်လွန်သွားခဲ့၏။

လီယ မေးလိုက်သည် ။

“မင်းကဘာလို့သူ့ကို အရမ်းစိတ်၀င်စားနေတာလဲ သူ့ကိုမြင်ဖူးလို့လား”

“ဒါပေါ့ ကျွန်တော်ငယ်ငယ်တုန်းက အဖေမသေသေးခင်က ဆရာဦးလေးကု ကျွန်တော်တို့အိမ်ကို လာခဲ့ဖူးတယ် ကျွန်တော့်ကိုတောင် ထိပ်တန်းအဆင့် စိတ်ဝိညဉ်ဆေးတွေပေးသွားသေးတယ် သူကကျွန်တော့်ရဲ့ ဒီကမ္ဘာပေါ်က တစ်ဦးတည်းသော အကြီးအကဲပဲ”

ကျန်းပုကူ လေးလေးနက်နက်ပြောလိုက်၏။

တစ်ဦးတည်သော အကြီးအကဲ….

လီယနှုတ်ခမ်းများ တွန့်ကွေးသွားကာ

“ဒီလိုဆိုမှတော့ မင်းငါ့ကို ဆရာဦးလေးလို့ခေါ်တာ ပိုကောင်းလိမ့်မယ်”

“မဖြစ်နိုင်တာ ကျွန်တော်တို့က ကိုယ့်အကန့်နဲ့ကိုယ်သွားမှာလေ”

“တကယ်လို့ ဂျူနီယာညီလေးကု ဒီကိစ္စကြီးကိုကြားရင် ရယ်စရာကြီးဖြစ်နေလိမ့်မယ်ကွ”

“ဘာလဲ မနှစ်က အစ်ကို့ကို မိစ္ဆာဘုရင် တစ်စစီစုတ်ဖြဲခါနီးတုန်းက ကျွန်တော်အစ်ကို့ကို အသက်စွန့်ပြီး ကယ်ခဲ့တာလေ အဲ့တုန်းက ကျွန်တော်တို့က တစ်ဘ၀လုံးစာ ညီအစ်ကိုတွေလို့ မပြောခဲ့ဘူးလား အခု အစ်ကိုကအဲ့တာကို ငြင်းဆန်ချင်နေပြီလား” ကျန်းပုကူ လီယကိုကြည့်ကာ ပြောလိုက်သည်။

သူတို့သည် သွေးသောက်ညီအစ်ကိုများအဖြစ် ကျိန်ဆိုထားလေရာ အဘယ်ကြောင့် အခုမှ ဆရာဦးလေးဟု ခေါ်နိုင်မည်နည်း။

လီယလည်း ပါးစပ်ဟသွားကာ တစ်ခုခုပြောချင်သော်လည်း ဘာပြောရမှန်းမသိဖြစ်နေခဲ့သည်။

ကျန်းပုကူဘေးဘီသို့ ဝဲကြည့်လိုက်ကာ ရေရွတ်လိုက်သည်။

“ဆရာဦးလေးကု ဒီမှာရှိမလား သိချင်မိတယ်…”

လီယ ၀င်ပြောလိုက်သည်။

“သူက အခြေခံတည်ဆောက်ခြင်းအဆင့်ပဲ ရှိသေးတာ နောက်ပြီး ကြောက်လည်းကြောက်တတ်သေးတယ် သူကဘယ်လိုဒီမှာရှိနိုင်မှာလဲ”

အခြေခံတည်ဆောက်ခြင်းအဆင့်လား!

ကျန်းပုကူ ပြန်တွေးနေမိသည်။ သူအရင်က ကုအန်ကို တွေ့ခဲ့စဉ်က ကုအန်သည် မိစ္ဆာများကို သတ်ဖြတ်နေခဲ့သည်။ အရိုးသားဆုံးပြောရလျှင် ကုအန်သည် လီယထက်ပင် သန်မာသည်ဟု သူခံစားနေခဲ့ရ၏။

သို့သော် ကုအန်အကြောင်းမပြောပါဘူးဟု ကတိပေးထားသောကြောင့် သူတိတ်တိတ်သာ နေလိုက်သည်။

လီယအမူအရာအရ သူကုအန်၏ ကျင့်ကြံခြင်းအစစ်အမှန်ကို မသိတာလည်း ထင်ရှားလှသည်။

သူ့လိုမာနကြီးသောလူတစ်ယောက်ကသာ ကုအန်သည် သူ့ထက်သန်မာနေမှန်း သိပါက သူနှင့်ကုအန် ရန်ပွဲဖြစ်မည်မှာ သေချာနေပေသည်။

ကျန်းပုကူ ထိုအကြောင်းတွေးနေရင်း ကြိတ်၍ စိတ်ကျေနပ်သွားမိ၏။

ဆရာဦးလေးကု၏ လျှို့ဝှက်ချက်ကို သူသိနေခြင်းဆိုသည်မှာ ဆရာဦးလေးကုက သူ့ကိုဆွေမျိုးရင်းချာတစ်ယောက်ဟု သဘောထားသည်ဟု ဆိုလိုနေခြင်း မဟုတ်ပါလော။

All Chapters