← Chapters

အခန်း (၂၀၉-၂၁၀)

Vol. 17 Ch. 209-210

အခန်း (၂၀၉-၂၁၀)

Vol. 17 Ch. 209-210

အပိုင်း(၂၀၉)

ဖန်းအန်လို

သမုဒ္ဒရာထက်တွင် စစ်မှန်သောနတ်ဝိညဉ်ရှင် ဘူးသီးခြောက်ကြီးတစ်လုံးပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ လက်ပိုက်ထားရင်း ပင်လယ်လေအေးများက သူ့မျက်နှာကို တိုးဝှေ့နေခဲ့သည်။

သူမျက်လုံးမှိတ်ထားရင်း မျက်မှောင်ကြုံ့နေခဲ့၏။

သူတွေးမိလေလေ ပို၍ ဒေါသထွက်လာလေလေဖြစ်ပြီး မလွယ်ကူဘူးဟု ခံစားလာရလေလေပင်။

ဤတိုက်ပွဲပြီးဆုံးသွားပြီးသည့်နောက် မြင့်မြတ်ကုန်းမြတ်၏ ဂုဏ်သိက္ခာကျဆင်းသွားလေရာ သူမည်သို့ စိတ်မတိုဘဲ နေနိုင်မည်နည်း။

သို့သော် ဆရာသခင်ဓားအရှင်၏ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေအပေါ် သဘောထားကိုလည်း သူခန့်မှန်းမရခဲ့ပေ။

လတ်တလောတွင် ဆရာသခင်ဓားအရှင်သည် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေကို ရန်ပြုလိုစိတ်ရှိပုံမရပေ။ အံ့ဖွယ်အမတလင်းကို သတ်ဖြတ်လိုက်ရခြင်းမှာလည်း ထိုလူက အဓိပတိဂိုဏ်းထိ ပြဿနာသွားရှာ၍ ဖြစ်ပြီး ကျိရွှမ်လင်း အဓိပတိဂိုဏ်းသို့ ရောက်သွားချိန်မှာတော့ ဘာပြဿနာမှ မဖြစ်ခဲ့ပေ။

ဤတစ်ကြိမ်မှာလည်း အတူတူပင်။ ဆရာသခင်ဓားအရှင်သည် သူ့ကိုနောက်ဆုတ်ရန်သာ ဖိအားပေးခဲ့ပြီး သတ်ဖြတ်လိုစိတ်မရှိခဲ့ပေ။

ဆရာသခင်ဓားအရှင်သည် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေကို ကြောက်ရွံ့နေခြင်းလော သို့မဟုတ် သတ်ဖြတ်လိုစိတ်ကို ရှိမနေတာလားဆိုတာ သူမဆုံးဖြတ်‌တတ်တော့ပေ။

တကယ်တော့ မကောင်းဆိုးဝါးမိစ္ဆာ မြေလျှောက်အမတအဆင့်ကို ချိုးဖြတ်ဖို့ ပြင်နေကတည်းက သူသတိထားမိပြီးသား ဖြစ်ပြီး တမင်တကာ လွှတ်ထားပေးခဲ့ခြင်း ဖြစ်သည်။

သူတမင်သက်သက် လင်းမိသားစု အချုပ်အနှောင်မဲ့အမတနှင့် တပည့်များကို မကောင်းဆိုးဝါးမိစ္ဆာက ဝါးမြိုသည်ကို ခွင့်ပြုပေးပြီး မကောင်းဆိုးဝါးမိစ္ဆာ၏ ပုံရိပ်ကို လူအများအမြင်တွင် ပိုကြောက်စရာကောင်းသွားအောင် လုပ်ခဲ့ခြင်း ဖြစ်၏။ မကောင်းဆိုးဝါးမိစ္ဆာက ပိုကြောက်စရာကောင်းနေလေလေ ထိုကောင့်ကိုသတ်ဖြတ်လိုက်လျှင် သူရရှိမည့် ဂုဏ်သိက္ခာမှာ ပိုများလာလေလေပင်။ ဒုတိယအချက်အနေနှင့် သူဤအခွင့်အရေးကိုအသုံးချကာ လင်းမိသားစုကိုလည်းရှင်းလင်းပစ်နိုင်သလို ထိုသို့ရှင်းလင်းလိုက်ခြင်းဖြင့် ဆရာသခင်ဓားအရှင်နှင့် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေကြား ရန်ကြွေးမှာလည်း ကြေပြီးသား ဖြစ်သွားပေလိမ့်မည်။

အကယ်၍ သူသာအောင်မြင်ခဲ့ပါက မြင့်မြတ်ကုန်းမြေကလည်း ဂုဏ်သိက္ခာကြီးမားလာမည့်အပြင် ဆရာသခင်ဓားအရှင်နှင့် ရန်ကြွေးကိုလည်း ရှင်းပေးပြီးသား ဖြစ်သွားမည်ဖြစ်သောကြောင့် အခြေအနေမှာ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပင်။

သို့သော် ကိစ္စများမှာ မှားယွင်းသွားခဲ့၏။

ဆရာသခင်ဓားအရှင်က သူ့အစီအစဉ်ကို ၀င်ရှုပ်ခဲ့လေသည်။

“ဆရာသခင်ဓားအရှင်က ရွှမ်ထျန်းယီနဲ့ဆက်စပ်မှုတစ်ခုခု ရှိနေပုံပဲ သူက ကြယ်ပင်လယ်အဖွဲ့အစည်းက ဖြစ်နိုင်လောက်လား” သူထိုအကြောင်းကို တွေးမိလေလေ ထိုအရာသည် ဖြစ်နိုင်လေလေဟု သူတွေးမိလေလေပင်။

ရွှမ်ထျန်းယီ ကြယ်ပင်လယ်အဖွဲ့အစည်းသို့ မ၀င်ခင်က အဓိပတိဂိုဏ်းတွင် ထိုကဲ့သို့ကြီးမြတ်သည့် ကျင့်ကြံသူတစ်ယောက် မရှ်ိခဲ့ပေ။

ရွှမ်ထျန်းယီသည် မိစ္ဆာကပ်ဘေးလာမှာကို ကြိုသိထားသောကြောင့် သူတို့အဖွဲ့အစည်းက ဆရာသခင်ဓားအရှင်ကို ကူညီပေးဖို့ အကူအညီတောင်းခံခဲ့ခြင်း ဖြစ်နိုင်သည်ဟု သူသံသယရှ်ိမိသည်။

မှန်တယ်!

အဲ့လိုပဲ ဖြစ်ရမယ်!

ရွှမ်ထျန်းယီက ဓားအရှင်ဒဏ္ဍာရီဟူသော စာအုပ်တစ်အုပ်ရေးခဲ့မှန်းလည်း သူသတင်းရထားသေးသည်။

သူတခဏတာတွန့်ဆုတ်နေပြီးသည့်နောက် သိုလှောင်အိတ်ထဲမှ တံဆိပ်ပြားတစ်ခုကိုထုတ်ကာ တံဆိပ်ပြားထဲ နတ်အာရုံထည့်လိုက်၏။

မကြာခင်တွင် တံဆိပ်ပြားထဲမှ နတ်အာရုံလှိုင်းတစ်ခုကို အာရုံခံလိုက်မိပြီး သူကြုံခဲ့ရသည်များနှင့် သူ့အမြင်များကို ရှင်းပြခဲ့လေသည်။

တခဏကြာသောအခါ သူ့မျက်နှာ တင်းမာလာပြီး အဆူခံနေရမှန်း ထင်ရှားနေ၏။

ဆန်းကြယ်တောင်ကြားရှိ တောအုပ်ထဲတွင် ကုအန် တိတ်တဆိတ်တွေးနေမိသည်။ နတ်ဝိညဉ်ရှင် ထွက်သွားကတည်းက မျှော်လင့်မထားသည့် ဘာအဖြစ်အပျက်မှ ဖြစ်မလာစေရန် သူ့နောက်သို့ နတ်အာရုံသုံး၍ ကုအန်လိုက်သွားခြင်း ဖြစ်၏။

နတ်ဝိညဉ်အရှင် တံဆိပ်ပြားကိုထုတ်လိုက်သောအခါ သူသည် ပိုအဆင့်မြင့်သော နယ်မြေမှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ယောက်နှင့် ဆက်သွယ်နေမှန်း ကုအန် ခန့်မှန်းလိုက်မိသည်။

စစ်မှန်သောနတ်ဝိညဉ်ရှင် တံဆိပ်ပြားကို ပြန်သိမ်းလိုက်မှသာ ကုအန် သက်ပြင်းတစ်ချက် ချလိုက်နိုင်ခဲ့ပြီး သူ့မျက်လုံးများ အေးစက်လာခဲ့၏။

သူ့အမူအရာကို ကြည့်ရင်း ကုအန် တွန့်ဆုတ်နေခဲ့သည်။

သူ့သက်တမ်းသတိပေးချက်သည် တစ်ယောက်ယောက်က သူ့မူလပုံသဏ္ဍာန်အပေါ် ရန်ပြုလိုစိတ်ရှိမှသာ သတိပေးချက်ထွက်ပေါ်လာမည်ဖြစ်ပြီး အစွန်းကိုးပါးယင်ယန်ခန္ဓာသည် သူ့မူလသဏ္ဍာန်ကိုဖုံးကွယ်ထားကာ ဆရာသခင်‌ဓားအရှင်နှင့် ပတ်သက်သည့် ကမ္မတွက်ချက်မှုများကို ရှောင်ရှားနိုင်သော အရာ ဖြစ်၏။ ထို့ကြောင့် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှလူများ မြင်လိုက်ရသည်မှာ သူ့မူလပုံစံဟု မဆို‌နိုင်သောကြောင့် ကုအန်ထံ ဘာသတိပေးချက်မှ ရောက်မလာခဲ့ပေ။

တောင်နတ်ဘုရားပုံသဏ္ဍာန်အသေးလေးမှာသာ ဘာမှဖုံးကွယ်မထားသော ကုအန်၏ မူလပုံစံနှင့် အတူဆုံးအရာ ဖြစ်ပေသည်။ ထို့ကြောင့်လည်း အာဃာတကောင်းကင်ဘိုးဘေးကသူ့အား ဓားဆန္ဒမှတစ်ဆင့် အလွယ်တကူရှာတွေ့ခဲ့ခြင်း ဖြစ်၏။

မိနစ်သုံးဆယ်ခန့်ကြာသောအခါ စစ်မှန်သောနတ်ဝိညဉ်အရှင် ကျွန်းတစ်ကျွန်းပေါ် ဆင်းသက်သွားခဲ့ပြီး ကျွန်းပေါ်ရှိ ဂူတစ်လုံးထဲ ၀င်သွားခဲ့လေသည်။ ထိုနေရာတွင် စည်းမျရှိနေသည်ကို အာရုံခံမိသောကြောင့် ကုအန်လိုက်မကြည့်တော့ဘဲ ထိုနေရာကိုသာ သေချာ မှတ်ထားလိုက်၏။

ထို့နောက် ကုအန် ထရပ်ကာ ဆန်းကြယ်တောင်ကြားဆီ ပြန်ခဲ့သည်။

တောင်ကြားရှိ တပည့်များသည် အလွန်စိတ်လှုပ်ရှားနေကြကာ ကောင်းကင်တွင်မြင်တွေ့ခဲ့ရသော ပုံရိပ်ယောင်များအကြောင်း ဆွေးနွေးနေခဲ့ကြပြီး ဆရာသခင်ဓားအရှင်ကို ဝိုင်း၍ ချီးကျူးပြောဆိုနေခဲ့ကြသည်။

ကုအန်လည်း သူတို့စကားဝိုင်းထဲ၀င်ပြီး စကားခဏ ပြောလိုက်၏။

ယခုတိုက်ပွဲ၏ အကျိုးသက်ရောက်မှုသည် ဆရာသခင်ဓားအရှင် မိစ္ဆာဘိုးဘေးကို သတ်ခဲ့စဉ်ကထက်ပင် ပြင်းထန်သေးသည်။ အကြောင်းအရင်းမှာ မကောင်းဆိုးဝါးမိစ္ဆာကိုသတ်ပြီးနောက် ငြိမ်းချမ်းသွား၍ မဟုတ်ဘဲ ယခုကိစ္စတွင် မြင့်မြတ်ကုန်းမြေပါ ပါ၀င်နေ၍ ဖြစ်သည်။

ကုအန် တတိယတောင်ကြားသို့ပြန်ရောက်သောအခါ တောင်ကြားထဲတွင်လည်း မြို့ကြီးတစ်မြို့ကဲ့သို့ ဆူညံကာ စည်ကားနေသည်ကို တွေ့လိုက်ရ၏။

ကုအန်ကိုစောင့်နေသော လုလင်ကျွမ်းလည်း ချက်ချင်းသူ့ကိုဆွဲကာ အိမ်ထဲခေါ်သွားပြီး ဆရာသခင်ဓားအရှင်အကြောင်း ပြောလေတော့သည်။

သူမ၏ဆရာသခင်ဓားအရှင်ကို အားကျနေသော အမူအရာကို ကြည့်ကာ ကုအန် စိတ်ကျေနပ်နေခဲ့၏။ သို့သော် အပြင်ပန်းတွင်တော့ စိတ်လှုပ်ရှားချင်ယောင်သာ ဆောင်နေခဲ့သည်။

နောက်လတွင်လည်း ကုအန် အပြင်စည်းမြို့သို့သွားတိုင်း တပည့်များက ဆရာသခင်ဓားအရှင်အကြောင်း ချီးကျူးနေကြသည်ကိုသာ ကြားနေခဲ့ရ၏။

ထိုလတွင် ပင်လယ်ရပ်ခြားမှ ကျင့်ကြံသူများ သူတို့ကုန်းမြေတိုက်ကြီးပေါ် အလျိုလျို၀င်ရောက်လာခဲ့ကြပြီး ထိုထဲတွင် နိဗာနအဆင့်များပင် ပါသေးသည်။ ထိုလူများသည် ဆရာသခင်ဓားအရှင်အကြောင်း လာစုံစမ်းခြင်းဖြစ်မှန်း သိသာလှသည်။

ထိုလူများသည် အခြားစွမ်းအားကြီးအဖွဲ့အစည်းတစ်ခုခုမှ ဖြစ်မည်ဟု ကုအန် သံသယရှိမိသည်။

အာဃာတကောင်းကင်ဘိုးဘေး၏ ရန်သူဖြစ်သော ကြယ်ပင်လယ်အဖွဲ့အစည်းမှ ဖြစ်နိုင်သည်ဟု ကုအန် တွေးမိခဲ့၏။ ကြယ်ပင်လယ်အဖွဲ့အစည်းသည် ပင်လယ်ထဲတွင် အင်အားကြီးအင်အားစု တစ်ခုဖြစ်ပေသည်။ အနည်းဆုံးတော့ အာဃာတကောင်းကင်ဘိုးဘေး အမြင်တွင် ထိုအဖွဲ့အစည်းသည် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေနှင့် အဆင့်တူတွင်ရှိသော ကြောက်စရာ အဖွဲ့အစည်းဖြစ်၏။

ကြယ်ပင်လယ်အဖွဲ့အစည်းသည် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေကို တိုက်ခိုက်ရန် ပြင်ဆင်နေခြင်း ဖြစ်နိုင်ပါသလော။

ကုအန် ဟိုဟိုဒီဒီလျှောက်တွေးနေခဲ့သော်လည်း တည်ငြိမ်နေဆဲသာဖြစ်ပြီး သူ့လယ်သမားဘ၀လေးဖြင့်သာ ဆက်လက်နေထိုင်သွားမည် ဖြစ်၏။ နောက်ဆုံးတွင် ဆရာသခင်ဓားအရှင်က ဘယ်သူဖြစ်မှန်း ဘယ်သူမှ မသိကြပေ။

ဆောင်းနှင်းများ ကျဆင်းလာချိန်တွင် မကောင်းဆိုးဝါးမိစ္ဆာကို သွားတိုက်ကြသော ကျင့်ကြံသူများ ပြန်လာခဲ့ကြသည်။ ထိုထဲတွင် ကျန်းပုကူနှင့် လီယတို့လည်း ပါလာခဲ့ကြ၏။

သူတို့အရှိန်အဝါများ ဆန်းကြယ်တောင်ကြားဆီ ပျံသန်းလာနေသည်ကို အာရုံခံမိသောအခါ ကုအန် အိမ်ထဲတွင်သာ စောင့်‌နေခဲ့လိုက်သည်။

သူတို့နှစ်ယောက်သည် လီယ၏ မြောက်ပင်လယ်ဓားကြီးကိုသာ အတူတူစီးနေဆဲဖြစ်ပြီး နှင်းများဖြင့် ဖုံးလွှမ်းနေသော တောအုပ်ကိုကြည့်ကာ ကျန်းပုကူ ကြောက်စိတ်ပင်ပေါ်လာခဲ့ရသည်။

သူသည် သူ့အဖေနေခဲ့ဖူးသော ဆေးတောင်ကြားကိုပြန်သွားနေခြင်းဖြစ်ပြီး ဦးလေးကု နှင့်လည်း အတော်လေး တွေ့ချင်နေခဲ့၏။

ထိုအကြောင်းကို တွေးမိလေလေ ကျန်းပုကူပို၍ ကြောက်ရွံ့လာလေလေပင်။ လီယမှာတော့ ကျန်းပုကူအား ကုအန်ကို သူတို့ ဒဏ်ရာများအကြောင်း မပြောရန်နှင့် ကုအန်အမူအရာကိုလိုက်၍ ဆက်ဆံရန် သတိပေးနေခဲ့သည်။

ကျန်းပုကူအကူအညီမဲ့သလို ခံစားလိုက်ရသော်လည်း သဘောတူရုံသာ တတ်နိုင်ခဲ့၏။

တခဏအကြာတွင် လီယနှင့်ကျန်းပုကူတို့ ဆန်းကြယ်တောင်ကြားသို့ ရောက်ရှိလာခဲ့ကြသည်။

သူတို့ရောက်ရှိလာမှုက အစေခံတပည့်များ၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။

“စီနီယာအစ်ကိုလီ!” လုကျိကျား ထွက်လာပြီး စိတ်လှုပ်ရှားစွာ ခေါ်လိုက်၏။

သူတို့ဆန်းကြယ်တောင်ကြားမှ ထွက်သွားသူများထဲတွင် မည်သူက ကြောက်စရာအကောင်းဆုံးဖြစ်သနည်း။ ပုံမှန်အားဖြင့် ထိုလူမှာ လီယ သာဖြစ်သည်။

သူသည် ရွှေစာရင်းညီလာခံတွင် အန်းဟောင်အား ဆိုးဆိုးဝါးဝါးရှုံးနိမ့်ကာ ရွှေစာရင်းမှ လွဲချော်ခဲ့ရသော်လည်း အဓိပတိဂိုဏ်းကတော့ သူ၏ခွန်အားကို အသိအမှတ်ပြုပေးခဲ့ရပြီး သူသည် ဆန်းကြယ်တောင်ကြား၏ဂုဏ်ကိုဆောင်နိုင်ခဲ့သူ ဖြစ်၏။

လီယ လုကျိကျားကိုတစ်ချက်ကြည့်လိုက်ပြီး ကုအန်၏ ဂျူနီယာညီလေးမှန်း မှတ်မိသွားခဲ့သည်။ သူအသာအယာခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်၏။

“ငါကမင်းစီနီယာအစ်ကိုကိုလာတွေ့တာ”

လုကျိကျားဘာမှပြန်မပြောရသေးခင်မှာပင် အိမ်ထဲမှ အသံတစ်သံထွက်ပေါ်လာခဲ့သည်။

“စီနီယာအစ်ကိုလီ ပုကူ တက်ခဲ့ကြလေ”

ကုအန် အသံကိုကြားလိုက်ရသောအခါ ကျန်းပုကူ စိတ်လှုပ်ရှားလာခဲ့ရသည်။

လီယမှာတော့ သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး လှေကားပေါ်သို့ ဦးဆောင်တက်သွားခဲ့၏။

မကြာခင်တွင် လီယနှင့် ကျန်းပုကူတို့ အပေါ်ထပ်ရောက်သွားကြပြီး အခန်းထဲရောက်၍ ကုအန်ကိုမြင်သည်နှင့် ကျန်းပုကူစိတ်လှုပ်ရှားသွားကာ ချက်ချင်း ဒူးထောက်ချလိုက်လေသည်။

လီယတံခါးကို အမြန်ပိတ်လိုက်ရ၏။ သူ့အနီးကပ်ဆုံး ညီအစ်ကိုက သူ့ဂျူနီယာညီလေးကို ဒူးထောက်သည့်သတင်းသာ ပြန့်သွားပါက ထိုအရာက အတင်းအဖျင်းတစ်ခု ဖြစ်လာပေလိမ့်မည်။

“ပုကူ ဘာလုပ်နေတာလဲ အမြန်ထ!” ကုအန် စားပွဲတွင်ထိုင်နေရင်း အကူအညီမဲ့စွာ ပြောလိုက်၏။

လီယလည်း ကျန်းပုကူကို အမြန်ဆွဲထူလိုက်ပြီး သူ့ကိုမျက်နှာပျက်အောင်လုပ်၍ တစ်ချက်ကြည့်လိုက်သည်။

ကျန်းပုကူ လီယအကြည့်ကို လျစ်လျူရှုထားလိုက်ပြီး ကုအန်ကိုသာ ပြုံးဖြီးဖြီးလုပ်၍ ကြည့်နေခဲ့၏။

ကုအန်သူတို့ကို ထိုင်ဖို့အချက်ပြလိုက်ပြီး လက်ဖက်ရည် ငှဲ့ပေးလိုက်သည်။

“စီနီယာအစ်ကိုလီ ဒီနှစ်တွေမှာ အဆင်ပြေခဲ့ရဲ့လား” ကုအန် နွေးနွေးထွေးထွေးမေးလိုက်၏။

လီယလည်း သူကြုံတွေ့ခဲ့ရသည်များနှင့် ကျင့်ကြံခြင်းတိုးတက်မှုများကို ကြွားဝါလေတော့သည်။

သူ့စကားများကိုနားထောင်ရင်း ကျန်းပုကူ ၀င်ပြောဖို့ တွန့်ဆုတ်နေခဲ့၏။

ကုအန် သူတို့ရှေ့တွင် ငှဲ့ထားပြီးသာ လက်ဖက်ရည်နှစ်ခွက်ကို ချပေးသောအခါ သူချက်ချင်းထရပ်၍ ဂါရ၀ပြုလိုက်ချင်သော်လည်း ကုအန်က တစ်ချက်ကြည့်၍ တားလိုက်သောကြောင့် သူမရပ်ခဲ့ရပေ။

ကုအန်၏ အကြည့်တစ်ချက်က ကျန်းပုကူကို နာခံသွားစေသည်ကိုကြည့်ပြီး ဇာတ်ကြောင်းပြောနေသောလီယပင် မနာလိုဖြစ်သွားခဲ့ရသည်။

“စကားမစပ် ဂျူနီယာညီလေးကု မင်းဘယ်တုန်းက တောင်အောက်ဆင်းသွားတာလဲ ငါ့ကိုတောင်မပြောဘူး မင်း အစ်ကိုကျန်းချွမ်းချူဆီသွားမှန်းသိရင် ငါလည်းလိုက်တာပေါ့ကွ” လီယ ရုတ်တရက် ခပ်တည်တည်ပြောလိုက်၏။

ကုအန်သူ့ကို မျက်လုံးလှန်ကြည့်လိုက်ကာ ပြောလိုက်သည်။

“အဲ့ဒီတုန်းက ပုကူတောင် ငယ်ငယ်လေးပဲရှိသေးတာ အစ်ကိုကြီးက အဲ့အချိန် ကျင့်ကြံခြင်းတိုးတက်ဖို့ပဲအာရုံ‌စိုက်နေတာ ကျွန်တော်နဲ့လိုက်လာနိုင်ပါ့မလား”

လီယ သူ့စကားကိုကြားသောအခါ ရှက်ပြုံးလေးသာ ပြုံးပြလိုက်သည်။

သူနှင့် ကျန်းချွမ်းချူကြား ဆက်ဆံရေးမှာ သာမန်သာဖြစ်၏။ အကယ်၍ သူ့တွင်အားလပ်ချိန်များ ရှိနေလျှင်တောင် သူအလကားသက်သက်သွားမည် မဟုတ်ပေ။

ကုအန် ကျန်းပုကူဘက်လှည့်ကာ မေးလိုက်သည်။

“စီနီယာအစ်ကိုလီနောက်လိုက်ရတာ ဘယ်လိုနေလဲ ဒဏ်ရာရသေးလား”

ကျန်းပုကူပြောရန်ပြင်လိုက်စဉ်တွင် လီယ ဖြတ်ပြောလိုက်သည်။

“ဘယ်လိုလုပ် ငါ့နောက်လိုက်ပြီး ဒဏ်ရာရနိုင်ရမှာလဲ ဒီနှစ်တွေမှာငါတို့က အဖွဲ့ကောင်းတစ်ဖွဲ့ဖြစ်ခဲ့တာ ငါတို့လိုချင်တာမှန်သမျှရခဲ့ပြီး ကျင့်ကြံခြင်းကလည်း မြန်မြန်ဆန်ဆန်ပဲ တိုးတက်လာခဲ့တယ်”

ထိုစကားကိုကြားသောအခါ ကျန်းပုကူ ခေါင်းညိတ်ရုံသာ တတ်နိုင်‌ခဲ့သည်။

ထို့နောက် လီယ စကားလွှဲလိုက်ပြီး စကားဝိုင်းကို ဆရာသခင်ဓားအရှင်ဆီလွှဲလိုက်၏။ ကျန်းပုကူသည်လည်း ဆရာသခင်ဓားအရှင်ကို အားကျနေသူဖြစ်သောကြောင့် ထိုအကြောင်း မမောနိုင်မပန်းနိုင် ပြောနေခဲ့သည်။

ကုအန်မှာတော့ပြုံးနေပြီး တစ်ချက်တစ်ချက်၀င်ပြောတတ်၏။

လီယသည် သူ့အား သူတို့မူလဘိုးဘေးဟု အမှန်တကယ်ထင်နေခြင်း ဖြစ်နိုင်ပါသလော။

လီယမျက်နှာပေါ်မှ ဂုဏ်ယူနေသည့်အကြည့်ကြောင့် ကုအန် ရယ်ချင်နေမိသည်။

ကျန်းပုကူလည်း စိတ်လှုပ်ရှားနေသော်လည်း သူကလီယလောက် ဆိုးမနေပေ။

ကုအန်၏ ဆရာသခင်ဓားအရှင်အား ချီးကျူးသည့်စကားများကိုကြားသောအခါ လီယ ကျေနပ်နေမိ၏။

သူကုအန်အား ဆရာသခင်ဓားအရှင်သည် သူ့မူလဘိုးဘေးဖြစ်မှန်းပင် ပြောချင်နေခဲ့သည်။

သို့သော် မူလဘိုးဘေး၏ ညွှန်ကြားချက်များကြောင့် ပြောလိုက်၍ မဖြစ်ပေ။

သူမူလဘိုးဘေးကို မတွေ့ရတာ အချိန်အတန်ကြာနေလေပြီ။ မူလဘိုးဘေး ဘာတွေလုပ်နေပါသနည်း။

သူအန်းဟောင်ကို သင်ပြနေရင်း အလုပ်ရှုပ်နေလောက်လား!

လမ်းတွင် သူအန်းဟောင်နှင့်လည်း ဆက်သွယ်ခဲ့ပြီး အန်းဟောင်၏ ကျင့်ကြံခြင်းအောင်မြင်မှုများနှင့်ယှဉ်ပါက သူ့ဤနှစ်များအတွင်း အောင်မြင်မှုသည် မပြောပြလောက်တော့ပေ။

နောက်တစ်ကြိမ်သူစိတ်ပျက်သွားခဲ့မိသည်။

မူလဘိုးဘေးသည် အန်းဟောင်အား သူ့ပါရမီကို သဘောကျ၍ သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သူ့ကိုတော့ သွေးသားတော်စပ်မှုကြောင့်သာ သင်ပေးခဲ့ခြင်း ဖြစ်သည်။

ကုအန် လီယဘာတွေးနေလဲမသိသော်လည်း သူ့ခံစားချက်မကောင်းတော့သည်ကိုတော့ ခံစားမိနေခဲ့၏။

သူလီယခံစားချက်ကို စပ်စုမနေတော့ဘဲ လီယခုနက စကားများကြောင့် မကျေမနပ်ဖြစ်နေသော ကျန်းပုကူကိုသာ အာရုံစိုက်လိုက်လေသည်။

“အစ်ကိုလီယက ငါ့တူ‌ေလးကို အနိုင်ကျင့်သေးလား”

“ကျွန်တော်အဆင်ပြေပါတယ် အစ်ကိုလီက ကျွန်တော့်ကို ကောင်းကောင်းဆက်ဆံပါတယ်” ကျန်းပုကူဆီမှ စကားတစ်ခွန်းကြောင့် လီယ သွေးများ ဆောင့်တက်သွားခဲ့သည်။

ကုအန် ရယ်ချင်ပက်ကျိဖြစ်သွားပြီး မေးလိုက်၏။

“အစ်ကိုလီ ဆိုတာက”

“ဟုတ်ပါတယ် ကျွန်တော်တို့က အတူတူနေပြီး အတူတူသေဖို့ ကတိပြုထားတဲ့ သွေးသောက်ညီကိုတွေပါ ဦးလေးကု” ကျန်းပုကူ အားပါးပါပြောလိုက်လေသည်။ သူလီယ သူတို့အကြောင်းများကိုဖုံးကွယ်ထားသည်ကို လက်ခံနိုင်သော်လည်း သူတို့ကြားထဲ ဝါစဉ်ကိစ္စကိုတော့ သူဖုံးကွယ်မထားနိုင်ပေ။

လီယ၏ အမူအရာ ကို့ရိုးကားယား ဖြစ်သွားခဲ့ရ၏။

ထိုစဉ် သူ့အကြည့်က ကုအန်ရှေ့ရှိ စာရွက်ဆီရောက်ရှိသွားခဲ့သည်။ သူစာရွက်ကိုယူကြည့်လိုက်ပြီး မေးလိုက်၏။

“ဂျူနီယာညီလေးကု ဘာတွေရေးနေတာလဲ”

ကုအန်ပြုံးကာ ပြန်ဖြေလိုက်သည်။

“အနောက်အရပ်သို့ခရီးသွားခြင်းဆိုတဲ့ စာအုပ်ပါ”

“အနောက်အရပ်သို့ခရီးသွားခြင်းလား တစ်ခါမှ မကြားဖူးဘူး”

“အခုမှ ဖတ်ကြည့်ဖူးတယ်”

“ကောင်းပြီလေ ငါမင်းကို ဖန်းအန်လိုနာမည်ကြီးတစ်ယောက်ဖြစ်လာဖို့ ဆုတောင်းပေးမယ်ကွာ”

လီယ စာရွက်ကို ပြန်မချခင် စာကြောင်းအနည်းငယ် ဖတ်ခဲ့သော်လည်း လုံး၀ စိတ်မ၀င်စားခဲ့ပေ။

ကျူးပါကျဲက သူ့ဇနီးကို သယ်သွားတာတဲ့လား!

အဓိပ္ပာယ်မရှိလိုက်တာ!

ဒီစာအုပ်က တစ်ချက်ကြည့်ရုံနဲ့တင် ပျင်းစရာကောင်းပုံပေါ်နေတယ်!

အပိုင်း(၂၁၀)

စစ်မှန်သောနတ်ဝိညဉ်ရှင်ထံမှ ရန်လိုမှု

လီယ စာရွက်ကိုချလိုက်သောအခါ သူတို့စကားဝိုင်းသည် ဆရာသခင်ဓားအရှင်အကြောင်း အလိုလိုပြန်ရောက်သွားခဲ့ပြန်သည်။

ဆရာသခင်ဓားအရှင် မလှုပ်ရှားခင်က သူတို့ရှေ့မှဖြတ်သွားသော ပုံရိပ်တစ်ခုကို မြင်လိုက်ရမှန်း ကျန်းပုကူ ပြောနေခဲ့ပြီး ထိုပုံရိပ်မှာ ဆရာသခင်ဓားအရှင်ဟု သူသံသယရှိနေခဲ့၏။

လီယလည်း သူရောမြင်ခဲ့ကြောင်းပြောပြီး သူတို့နှစ်ယောက် ထိုအရာမှာဆရာသခင်ဓားအရှင်ဖြစ်မှန်း အတော်လေး ယုံကြည်နေခဲ့ကြသည်။

ကုအန်မှာတော့ ရယ်ချင်ပက်ကျိဖြစ်နေခဲ့သည်။ တကယ်တော့ သူတမင်တကာ သူတို့နှစ်ယောက်ကို မြင်အောင်လုပ်ခဲ့ခြင်း ဖြစ်သည်။ အတိအကျဆိုရလျှင် အဓိပတိဂိုဏ်းသားများကို သူ့ကိုမြင်အောင်လုပ်ပြီး သူက အဓိပတိဂိုဏ်းဘက်က ထွက်လာခြင်းဖြစ်မှန်း ပြခဲ့ခြင်း ဖြစ်၏။

အကန့်အသတ်မဲ့ လွတ်လပ်ခြင်းခြေလှမ်းနှင့်ဆိုပါက သူသာသွားချင်လျှင် နတ်ဝိညဉ်ရှင် နောက်သို့ ခြေတစ်လှမ်းတည်းဖြင့် ရောက်သွားနိုင်ပေသည်။

သူတို့သုံးယောက် တစ်နာရီခန့်စကားပြောပြီးမှသာ လီယနှင့် ကျန်းပုကူ တို့ပြန်သွားခဲ့ကြ၏။

လီယသည် ကျန်းပုကူကို ဂိုဏ်းထဲခေါ်သွင်းရန် လုပ်စရာအများအပြားရှ်ိနေသေးသောကြောင့် ကုအန်လည်း သူတို့ကို တားမနေတော့ပေ။

သူတို့နှစ်ယောက် နှင်းထုထဲပျောက်ကွယ်သွားတာကို ရပ်ကြည့်နေပြီးမှ ကုအန် အိမ်ထဲပြန်၀င်ခဲ့သည်။

…..

နှစ်ကုန်ချိန်တွင် နွေဦးပွဲတော်ကျင်းပရန် နီးကပ်လာသောကြောင့် အဓိပတိဂိုဏ်းတစ်ခုလုံး အလုပ်ရှုပ်နေခဲ့ကြ၏။ ယခုနှစ်တွင် လူသားမျိုးနွယ်သည် မိစ္ဆာကပ်ဘေးကြီးတစ်ခုလုံးကို ကျော်လွှားနိုင်ခဲ့ကာ အေးချမ်းသောနေ့ရက်များရောက်ရှိ‌လာတော့မည် ဖြစ်သောကြောင့် လုပိုင်ထျန်း ဤနှစ်နွေဦးပွဲတော်ကို ခမ်းခမ်းနားနား ကျင်းပရန် မှာထားခဲ့သည်။

နွေဦးပွဲတော်မကျင်းပခင်မှာပင် ဂိုဏ်းတစ်ခုလုံး ပြင်ဆင်မှုများ ပြုလုပ်နေကြသောကြောင့် ထိုစည်ကားနေသောလေထုက ဆန်းကြယ်တောင်ကြားနှင့် တတိယတောင်ကြားကိုပင် ကူးစက်သွားခဲ့သည်။

သွေးအကျဉ်းထောင်မဟာသူတော်စင်ကို စီးနင်းပြီး ကုအန် အပြင်စည်းမြို့ထဲတွင် လျှောက်ပတ်သွားနေခဲ့၏။ သူမြို့ထဲတွင် ကျင့်ကြံခြင်းကို ဖုံးကွယ်ကာ ရှိနေသော ကျင့်ကြံသူအမြောက်အများကိုလည်း တွေ့ခဲ့ရသည်။ ထိုထဲတွင် ဆန်းကြယ်နှလုံးသားအဆင့် ၂၀ ကျော်နှင့် မဟာယနအဆင့် ၃ ယောက်အပြင် နိဗာနအဆင့် တစ်ယောက်ပင် ပါသေးသည်။

ထိုလူများသည် ပင်လယ်ရပ်ခြားမှဖြစ်ကာ မနှစ်ကတည်းက ဂိုဏ်းထဲသို့ရောက်လာခြင်းဖြစ်ပြီး အဓိပတိဂိုဏ်း၏ မြင့်မြတ်ကုန်းမြေအပေါ်အမြင်နှင့် ဆရာသခင်ဓားအရှင်အပေါ် အမြင်များနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို စုံစမ်းနေခဲ့ကြသည်။

သူတို့သည် ကုအန်ကိုတော့ အနှောင့်အယှက်မပေးသောကြောင့် ကုအန်လည်းသူတို့ကို ဂရုစိုက်မနေတော့ပေ။

လမ်းတစ်လျှောက်လုံးတွင် မိတ်ဟောင်းဆွေဟောင်းများကိုလည်း သူတွေ့ခဲ့ရ၏။ ထိုထဲတွင် အချို့က သူ‌့ဆေးတောင်ကြားမှ အဆင့်တက်သွားသူများဖြစ်ကာ အချို့ကတော့ စာအုပ်ခန်းမနှင့် ဆေးခန်းမမှ သိခဲ့ရသူများ ဖြစ်ကြသည်။ ထိုသူတို့နှင့် စကားစမြည်ပြောရခြင်းကို ပျင်းစရာဟု သူမခံစားရပေ။

ထိုသူများ၏ လတ်တလောကြိုးစားအားထုတ်နေမှုများကို နားထောင်ရသည်မှာ သူ့အတွက်လည်း အတွေ့အကြုံသစ်များ ရရှိစေသည်။

နွေဦးပွဲတော်လေထုက မြို့ထဲရှိ လမ်းတိုင်းကို ဖုံးလွှမ်းထားပြီ းသွေးအကျဉ်းထောင် မဟာသူတော်စင်ပင် စိတ်၀င်တစား ကြည့်ရှုနေခဲ့မိ၏။

မသိလိုက်မသိဖာသာပင် ကုအန် ကောင်းကင်ပြုပြင်စင်မြင့်သို့ ရောက်ရှိလာခဲ့ပြန်သည်။

ကျယ်ပြန့်လှသော ကောင်းကင်ပြုပြင်စင်မြင့်ပေါ်တွင် ကျင့်ကြံသူများနှင့် ပြည့်နှက်နေကော ဆူညံနေပြီး စင်မြင့်အစွန်အဖျားများတွင် အပြင်စည်းတပည့်များက စောင့်နေခဲ့ကြသည်။

မိစ္ဆာဘိုးဘေးကို သတ်ဖြတ်ခဲ့သည့်အပြင် မကောင်းဆိုးဝါးမိစ္ဆာကိုလည်း သတ်ဖြတ်ပေးခဲ့သောကြောင့် ယခုအခါ ဆရာသခင်ဓားအရှင်၏ ဂုဏ်သတင်းသည် တစ်ကမ္ဘာလုံးတွင် မွှေးနေပြီဖြစ်ရာ ဂိုဏ်းပေါင်းစုံမှ တပည့်များသည် လမ်းမှန်ဂိုဏ်း ဟူသော စာလုံးသက်သက်ကို ဂါရ၀ပြုရန်ပင် နေရာအသီးသီးမှ ရောက်လာနေခဲ့ကြ၏။

အမတကျင့်ကြံခြင်းကမ္ဘာတစ်ခုလုံးက ဆရာသခင်ဓားအရှင်အကြောင်းသာ ဆွေးနွေးပြောဆိုနေကြပြီး ရွှမ်ထျန်းယီ ၏ ဓားအရှင်ဒဏ္ဍာရီ စာအုပ်ကလည်း ပေါက်သွားခဲ့သည်။

သူ့စာအုပ်ထဲတွင် ဆရာသခင်ဓားအရှင်က သူ့ရန်သူများ၏ ပုခုံးကို နောက်မှပုတ်ကာ ခြောက်လန့်ရသည်ကို ကြိုက်နှစ်သက်သည်ဟု ပါပြီး တကယ့်လက်တွေ့တွင်လည်း ဆရာသခင်ဓားအရှင်က စစ်မှန်သောနတ်ဝိညဉ်ရှင်နောက်တွင် ပေါ်လာကာ ရုတ်တရက် သူ့ပုခုံးကို ပုတ်လိုက်သည်ကို မြင်လိုက်ကြရသောကြောင့် အစိမ်းရောင်သူရဲကောင်းသည် ဆရာသခင်ဓားအရှင်နှင့် သိသလားဟူ၍ပင် သို့လော သို့လော ဖြစ်ကုန်ခဲ့ကြသည်။

ကုအန် စင်မြင့်အောက်မှ စင်မြင့်ပေါ်ရှ်ိ လူများကို ကြည့်ရှုနေခဲ့ပြီး သူ့အနားတွင် သူ့လို စိတ်လှုပ်ရှားစရာများ ကြုံရမလားဟု စောင်ကြည့်နေသော ချီကျင့်ကြံခြင်း အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူများလည်း ရှိနေခဲ့၏။

ထို့နောက်တွင်တော့ ကုအန် သွေးအကျဉ်းထောင်မဟာသူတော်စင်ကို ပုတ်လိုက်ကာ ထွက်ခွာဖို့ အချက်ပြလိုက်သည်။

လာမည့်ပွဲတော်တွင် သူ့တပည့်များကိုပေးရန် လက်ဆောင်များ ပြင်ဆင်ထားရပေဦးမည်။

နောက်တစ်နှစ်တွင် အဓိပတိဂိုဏ်းသည် သိသာသောအမြန်နှုန်းဖြင့် တိုးတက်လာတော့မည် ဖြစ်သောကြောင့် ယခုနှစ် နွေဦးပွဲတော်သည် ဂိုဏ်းအတွက် အရင်နှင့် မတူညီသောအဓိပ္ပာယ်များ ရှိနေခဲ့သည်။ ဂိုဏ်းသည် ရွှေစာရင်းညီလာခံ ဆေးတာအိုပြိုင်ပွဲနှင့် ကမ္ဘာ့အကောင်းဆုံးဓားတာအို ပြိုင်ပွဲများမှ အကျိုးအမြတ်များစွာ ရရှိခဲ့ပြီး ယခုအခါ ကမ္ဘာကြီးက ငြိမ်းချမ်းသွားတော့မည် ဖြစ်သောကြောင့် နောက်ထပ် ပွဲကြီးများ ပြင်ဆင်ရတော့မည့် အချိန်ဖြစ်သည်။

ရုတ်တရက်

ကုအန်ရှေ့တွင် စာတစ်ကြောင်းပေါ်လာခဲ့၏။

“စစ်မှန်သောနတ်ဝိညဉ်ရှင်သည် သင့်အပေါ် ရန်လိုကာ သတ်ဖြတ်လိုစိတ် ဖြစ်ပေါ်လာခဲ့ပါသည် သူ့အပေါ် သက်တမ်းစစ်ဆေးမှု အသုံးပြုလိုပါသလား”

ထိုစာကြောင်းကြောင့် ကုအန် မျက်မှောင်ကြုံ့သွားခဲ့ရသည်။

ဒီလိုဆိုမှတော့!

ကုအန် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ သက်တမ်းစစ်ဆေးခြင်းသုံးဖို့ ရွေးလိုက်၏။ သူထိုကောင်နှင့်တွေ့စဉ်က စစ်ဆေးခဲ့ပြီးဖြစ်သော်လည်း ထပ်မံ စစ်ဆေးရန်လိုနေသေးသည်။ ဤအရာမှာ ပေါ့ဆ၍ မရသော သူ့အသက်သာ ဖြစ်၏။

“စစ်မှန်သောနတ်ဝိညဉ်ရှင်(မြေလျှောက်အမတအဆင့် ၃): ၂၈၀၉၈/၁၃၀၀၀၀/၁၈၀၀၀၀”

လတ်တလောသူ့မှာ သက်တမ်း ၁သိန်း၀န်းကျင်တောင် ကျန်သေးတာပဲ!

ဒါဆိုသက်တမ်း ၁၀၀၀၀ လောက်တော့ ရိတ်သိမ်းလို့ ရသင့်တယ်!

ကုအန် စိတ်ပြောင်းသွားကာ လက်ဆောင်၀ယ်ဖို့ အတွင်းစည်းဂိုဏ်းသို့သွားမည့်အစား အနီးရှိ မထင်မရှားတောအုပ်လေးတစ်ခုသို့သာ ဦးတည်သွားခဲ့လိုက်သည်။

…..

လူသူမနီးသည့် နေရာတစ်ခုတွင် စိတ်ဝိညဉ်ကျောက်တုံးများစွာကို ခန်းမ၏ ဘေးပတ်လည်ရှိ ကျောက်တိုင်များတွင် မြှုပ်ထားသောကြောင့် ကြမ်းပြင်တွင် အလင်းရောင်များ လက်နေခဲ့သည်။ ထိုခန်းမတစ်ခုလုံးကို စိတ်ဝိညဉ်ကျောက်တုံးများနှင့် အလင်းရောင် ပေးထားခြင်း ဖြစ်၏။

ခန်းမ၏အဆုံးတွင် စစ်မှန်သောစိတ်ဝိညဉ်ရှင် အဓိပတိခုံကြီးပေါ်၌ စာလိပ်တစ်လိပ်ကို ကိုင်ထားရင်း ထိုင်နေခဲ့သည်။ သူဖြည်းဖြည်း သူ့မျက်လုံးကိုဖွင့်လိုက်ကာ ခန်းမထဲတွင် ဒူးထောက်နေသော အနက်ရောင်၀တ်စုံ၀တ်လူကို ကြည့်ကာ ပြောလ်ုက်သည်။

“မင်းသွားလို့ရပြီ”

အနက်ရောင်၀တ်စုံ၀တ်လူ ထွက်သွားကာ ခန်းမတံခါးပြန်ပိတ်သွားသည်နှင့် မျက်မှောင်ကြုံ့ထားသော နတ်ဝိညဉ်ရှင် ဘယ်လက်တွင် စာလိပ်ကိုကိုင်ထားပြီး ညာလက်ဖြင့် မေးထောက်ရင်း အတွေးလွန်နေမိ၏။

သူ့အကြည့်က မကြာခဏဆိုသလို စာလိပ်ဆီ ရောက်ရှိနေခဲ့သည်။

“ရွှမ်ထျန်းယီ…”

နတ်ဝိညဉ်ရှင် ခပ်တိုးတိုးရေရွတ်လိုက်၏။ ကုန်းမြေတိုက်ကြီးမှ ထွက်လာပြီးကတည်းက သူဆရာသခင်ဓားအရှင်ကိုကြောက်ရွံ့သော်လည်း လက်တော့မလျှော့သေးပေ။

သူအဓိပတိဂိုဏ်းထဲရှိ သူလျှိုများအားလုံးကို ရွှမ်ထျန်းယီနှင့် ပတ်သက်သည့်သူများအကြောင်း စုံစမ်းခိုင်းထားခဲ့ပြီး သူ့လက်ထဲရှိ စာလိပ်သည် ထိုလူများအကြောင်း ဖြစ်သည်။

မကောင်းဆိုးဝါးမိစ္ဆာ၏ စွမ်းအားများ တိုးတက်သွားခဲ့ရခြင်းသည် ရွှမ်ထျန်းယီနှင့် ဆက်စပ်နေပြီး ရွှမ်ထျန်းယီကို ဆရာသခင်ဓားအရှင်က ၀င်ကယ်ခဲ့၏။

ဘယ်လိုပဲစဉ်းစားစဉ်းစား သူမကောင်းဆိုးဝါးမိစ္ဆာကို တိုက်ခိုက်သည့်တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ရခြင်းမှာ ရွှမ်ထျန်းယီကြောင့်ဟုသာ သူအပြစ်တင်နေမိသည်။

ထို့ကြောင့် ရွှမ်ထျန်းယီနှင့် ဆက်စပ်နေသူများအပေါ်မှာပင် သတ်ဖြတ်လိုစိတ် ဖြစ်လာခဲ့ရသည်။

သို့သော်လည်း ထိုလူများထဲတွင် ဆရာသခင်ဓားအရှင်ရှိနေနိုင်သောကြောင့် သူအဆင်အခြင်မဲ့တော့ မလုပ်ရဲပေ။

ဆရာသခင်ဓားအရှင်‌အကြောင်းအတွေးကပင် သူ့ကို ဒုက္ခရောက်နေစေခဲ့သည်။

ကံကောင်းစွာဖြင့် ကြယ်သုံးလုံးဂူက သူ့ကိုမဆက်သွယ်တာ နှစ်ပေါင်းများစွာကြာပြီဖြစ်ပြီး အကယ်၍ ထိုလူများသာ သူ့ကိုဆက်သွယ်ခဲ့ပါက သူဘယ်လို အစီအရင်ခံရမလဲ မသိတော့ပေ။

“ဟူးး!”

နတ်ဝိညဉ်အရှင် သက်ပြင်းချလိုက်ပြီး ထရပ်လိုက်ကာ တံခါးပိတ်ကျင့်ကြံရန် စိတ်ဝိညဉ်နယ်မြေငယ်လေးတစ်ခုဆီသို့ သွားဖို့ ပြင်လိုက်၏။

သူသည် ဂူသခင်တစ်ယောက်ဖြစ်သောကြောင့် ဂိုဏ်းရေးရာကိစ္စများကို အမိန့်ပေးရန်သာ လိုပြီး လူကိုယ်တိုင်၀င်လုပ်နေစရာမလိုပေ။ ထို့ကြောင့် အေးအေးဆေးဆေး ကျင့်ကြံနိုင်ပေသည်။

သူနှစ်လှမ်းသာ လှမ်းရသေးပြီး နောက်တစ်လှမ်း လှမ်းတော့မည့် အချိန်တွင်…

လက်ကြီးတစ်ဖက် သူ့ပုခုံးပေါ် ကျရောက်လာခဲ့လေသည်။ လက်သည် ခပ်ဖြည်းဖြည်းသာ ကျရောက်လာခြင်းဖြစ်သော်လည်း သူနှလုံးခုန်သံပင် ရပ်တန့်သွားခဲ့ရ၏။

ဆရာသခင်ဓားအရှင် ရုတ်တရက် သူ့ပုခုံးကိုပုတ်လိုက်သည့် ဖြစ်ရပ်ကို သူမေ့မရသေးပေ။

သူ့စိတ်ထဲ ကြောက်စိတ်များအလိုလိုပေါ်လာပြီး စကားပြောတော့မည့် အချိန်တွင် သူ့ကိုယ်ထဲ လင်းရှီများ တိုး၀င်လာကာ သူ့အသားများ ပြာကျသွားပြီး

မူလဝိညဉ်လည်း ပျောက်ကွယ်သွားခဲ့ရသည်။

ကောင်းကင်ဈာန်အမတအဆင့် ၉ နှင့် မြေလျှောက်အမတအဆင့် ၃ ကြား ကွာဟမှုသည် ကြီးမားလွန်းလှ၏။

ကုအန်ရှေ့တွင် စစ်မှန်သောနတ်ဝိညဉ်ရှင်သည် ပုရွက်ဆိတ်နှင့် မခြားပေ။

နတ်ဝိညဉ်ရှင်လက်ထဲရှိ စာလိပ်လည်း သူနှင့်အတူပြာဖြစ်သွားခဲ့ပြီး အစွန်းကိုးပါးယင်ယန်ခန္ဓာကို အသုံးပြုထားသော ကုအန်မှာတော့ ချက်ချင်းလေထဲ ပျောက်ကွယ်သွားခဲ့လေသည်။

သူအမြန်ပင် အဓိပတိဂိုဏ်းဆီပြန်လာပြီး ခြုံပုတ်များထဲမှ ပေါ်လာကာ သွေးအကျဉ်းထောင်မဟာသူတော်စင်ဆီ လျှောက်သွားခဲ့၏။

သွေးအကျဉ်းထောင်မဟာသူတော်စင်အမြင်တွင် ကုအန်သည်အသက်ရှူကြိမ် ဆယ်ကြိမ်ခန့်သာ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ကုအန် သွေးအကျဉ်းထောင်မဟာသူတော်စင်ကိုယ်ပေါ်တက်လိုက်ပြီး တောပန်းရိုင်းလေးများကိုခူး၍ သူ့ချိုပေါ် ချည်ပေးလိုက်ကာ ဆန်းကြယ်တောင်ကြားသို့ပြန်ရန် ခိုင်းလိုက်လေသည်။

သွေးအကျဉ်းထောင်မဟာသူတော်စင်မှာတော့ ဘာမှများများစားစားတွေးမနေဘဲ ကုအန်ကိုသယ်ပြီးသာ ဆက်သွားခဲ့၏။

ထိုအခိုက်တွင် ကုအန် စိတ်အေးနေပုံပေါ်သော်လည်း သူ့ရင်ထဲတွင်တော့ အေးမနေပေ။

သူစာကြောင်းကို တစ်ဖန်ထပ်ကြည့်လိုက်သည်။ နတ်ဝိညဉ်အရှင်သည် သူ့အား သက်တမ်း ၁၀၅၀၀ ပေးခဲ့၏။

မြေလျှောက်အမတအဆင့်များသည် အမှန်တကယ်ပင် ကြောက်စရာကောင်းလှပေသည်။

သူ‌နတ်ဝိညဉ်ရှင်ကို သတ်ခဲ့စဉ်က ကုအန် ဝိညဉ်ချုပ်သိုင်းပင် မသုံးဝံ့ခဲ့ပေ။ နတ်ဝိညဉ်ရှင်သည် အဆင့်မြင့် အမတများနှင့် သိနေနိုင်သောကြောင့် သူမှတ်ညဏ်ရှာဖွေကြည့်ပါက ထိုလူများ သူ့အား သတိထားမိသွားမည်ကို သူစိုးရိမ်နေခဲ့မိသည်။

သူနတ်ဝိညဉ်ရှင်၏ ဂူကိုပင် ဘာမှမစူးစမ်းမရှာဖွေရဲခဲ့ပေ။

နတ်ဝိညဉ်အရှင်လို ကြီးမြတ်သည့် ကျင့်ကြံသူမျိုး ဆယ်စုနှစ်တစ်ခု သို့မဟုတ် ရာစုနှစ်တစ်ခုစာလောက် ပျောက်နေခြင်းမှာ ထူးဆန်းသောအရာတော့ မဟုတ်ပေ။

ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေသည် ဂိုဏ်းတပည့်များနှင့် ဆက်သွယ်လို့ရသည့် ကိရိယာမျိုး ရှိမရှိကိုသာ စောင့်ကြည့်ရမည် ဖြစ်သည်။

ကုအန်တစ်ခါက စာအုပ်တစ်အုပ်ထဲတွင် အချို့ဂိုဏ်းများ၌ ဂိုဏ်းတပည့်တစ်ယောက်သေဆုံးသွားပါက ဂိုဏ်းကအလိုလိုသိနိုင်သော ကိရိယာမျိုးရှိမှန်း ဖော်ပြထားသည်ကို ဖတ်ခဲ့ဖူး၏။

ဘာပဲဖြစ်ဖြစ် သူထိုကိစ္စတွင် အလောင်းအစားတော့ လုပ်ရမည်ဖြစ်သည်။ သူ့ကို သတ်ဖြတ်လိုစိတ်ရှိနေသူတစ်ယောက်ကို သူဒီတိုင်းတော့ လွှတ်မထားနိုင်ပေ။ သူထိုလူကို မစစ်ဆေးဘဲနေလေလေ သူ့အတွက် အန္တရာယ်က ပိုကြီးလာလေလေပင်။

….

နွေဦးပွဲတော်ပြီးဆုံးသည့်နောက် အဓိပတိဂိုဏ်းသည် ကမ္ဘာ့အကောင်းဆုံးကျင့်ကြံခြင်းပြိုင်ပွဲ ကိုပြုလုပ်ခဲ့သည်။

ကျင့်ကြံခြင်းပြိုင်ပွဲဆိုသည်မှာ မည်သည့်အရာဖြစ်သနည်း။

ဤပြိင်ပွဲကို ကောင်းကင်ပိုင်းဖြတ်ပုဆိန်ကို အတုယူ၍ ပုံဖော်ထားခြင်းဖြစ်ပြီး ပါ၀င်သူများသည် ဝိညဉ်စွမ်းအား ထိန်းချုပ်နိုင်မှုကို ယှဉ်ပြိုင်ရမှာ ဖြစ်သည်။ ထိုပြိုင်ပွဲအကြောင်း ကြေငြာလိုက်သောအခါ အမတကျင့်ကြံခြင်းကမ္ဘာရှိ လူပေါင်းများစွာ စိတ်၀င်စားသွားခဲ့ကြသည်။

ထိုကဲ့သို့သော ပြိုင်ပွဲမျိုး ကမ္ဘာပေါ်တွင် တစ်ခါမှ မရှိခဲ့ဖူးပေ။ လုပိုင်ထျန်းသည် ထိုပြိုင်ပွဲအတွက် ငါးနှစ်ကြာ ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။

နတ်ဝိညဉ်ရှင်ကို သတ်ပြီးကတည်းက ကုအန် နေ့တိုင်းမင်းဆက်သုံးခုကို နတ်အာရုံသုံး၍ စစ်ဆေးခဲ့၏။ ကံကောင်းစွာဖြင့် မင်းဆက်သုံးခုသည် ငြိမ်းချမ်းနေပြီး ဘာထူးဆန်းတာမှ မဖြစ်ခဲ့ပေ။

‌မတ်လလယ်တွင် လုပိုင်ထျန်း ကုအန်ဆီ အလည်ရောက်လာခဲ့သည်။

သူတို့နှစ်ယောက် ကုအန်အိမ်ထဲ ဝိုင်သောက်နေရင်း လုပိုင်ထျန်းက သူ့ရည်မှန်းချက်များအကြောင်းပြောပြီး ကုအန်က တစ်ချက်တစ်ချက် ၀င်ထောက်ပေးနေခဲ့သည်။

သူသည် ဂိုဏ်းတစ်ဂိုဏ်းကို ဘယ်လိုစီမံရမလဲမသိသော်လည်း အကြံညဏ်များတော့ ပေးနိုင်ပေသည်။

လုပိုင်ထျန်းသည် ဂိုဏ်းအတွက်အားကုန်ထုတ်၍ ကြိုးစားနေကော ဂိုဏ်းသားများကလည်း ဂိုဏ်းတိုးတက်မှုအတွက် အစွမ်းကုန်ကြိုးစားနေသောကြောင့် ဂိုဏ်းတွင်းပဋိပက္ခများ သိသိသာသာ လျော့နည်းနေခဲ့ရ၏။ ယခုအခါ အဓိပတိဂိုဏ်းသည် စည်းချက်ညီနေခဲ့သည်။

“ကမ္ဘာကြီးက အေးချမ်းနေပုံပေါ်ပေမယ့် လွန်ခဲ့တဲ့ နှစ်၀က်က မကောင်းဆိုးဝါးမိစ္ဆာနဲ့ ရင်ဆိုင်ရပြီးကတည်းက မလွယ်ကူဘူးလို့ ခံစားနေရတုန်းပဲ အဲ့ဒီ ဆန်းကြယ်တဲ့ကျင့်ကြံသူ သူ့ကျင့်ကြံခြင်းက မယှဉ်သာအောင် သန်မာလွန်းတယ်”

လုပိုင်ထျန်း ဝိုင်ခွက်ကိုချလိုက်ကာ သက်ပြင်းချလိုက်၏။

အဲ့ဒီလူက သေပြီလေ!

ကုအန် စိတ်ထဲ ကြိတ်ဖြေလိုက်ပြီး ပြောလိုက်သည်။

“ပြောကြတာတော့ အဲ့ဒီလူက မြင့်မြတ်ကုန်းမြေက စီနီယာ အမတတစ်ပါး မဟုတ်လား မြင့်မြတ်ကုန်းမြေကတော့ ကပ်ဘေးကို ယူမလာနိုင်ဘူး မဟုတ်လား”

လုပိုင်ထျန်းနှုတ်ခမ်းများ တွန့်ကွေးသွားကာ ပြောလိုက်၏။

“ဘယ်သူသိမှာလဲ ကောင်းပြီ ဒီအကြောင်းမပြောကြရအောင် ငါကတော့ ငါ့သက်တမ်းတစ်လျှောက်မှာ ဂိုဏ်းကနေ မဟာယနအဆင့်ကိုကျော်လွန်တဲ့ ကျင့်ကြံသူတစ်ယောက်ပေါ်ထွက်လာဖို့သာ မျှော်လင့်တယ် အဲ့ဒီအတွက် ငါအားကုန်ထုတ် ကြိုးစားသွားမယ်”

ကုအန် ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

“အန်းဟောင်က ပါရမီကောင်းလွန်းတယ် သူက အဲ့ဒီ‌ေမျှာ်လင့်ချက်အတွက် အဖြစ်နိုင်ဆုံးသူပဲ”

“အမှန်ပဲ”

လုပိုင်ထျန်း ပြုံးလိုက်၏။ မကောင်းဆိုးဝါးမိစ္ဆာကပ်ဘေးကို ရင်ဆိုင်ရပြီးသည့်နောက် သူအန်းဟောင်အပေါ် အမြင်ကောင်းပိုရှိလာခဲ့သည်။

ထိုအရာမှာ ကုအန်အတွက်လည်း ကောင်း၏။ လုပိုင်ထျန်း အန်းဟောင်ကို သဘောကျသွားကာ သူ့ကိုဂိုဏ်းချုပ်နေရာပေးလိုက်ဖို့ ကုအန် မျှော်လင့‌်နေမိသည်။

သူတို့နှစ်ယောက်အတန်ကြာ စကားပြောပြီးမှသာ လုပိုင်ထျန်း ထွက်ခွာသွားခဲ့၏။

သူကုအန်ဆီမှ အကြံညဏ်အသစ်များစွာ ရရှိသွားခဲ့သည်။ ထို့ကြောင့် ကျင့်ကြံခြင်းပြိုင်ပွဲမပြီးခင်မှာတင် နောက်ထပ်ပြိုင်ပွဲများကျင်းပဖို့အတွက် သူစဉ်းစားနေခဲ့၏။

လုပိုင်ထျန်းထွက်သွားသောအခါ ကုအန်လည်း တတိယတောင်ကြားတွင် မနေတော့ပေ။သူဆန်းကြယ်တောင်ကြားသို့ ထွက်လာခဲ့ပြီး အမြန်ပင် ထိုနေရာမှလည်း ထွက်လာခဲ့သည်။

ကုအန် အကန့်အသတ်မဲ့ဆန်းကြယ်ခြေလှမ်းကိုသုံးကာ ကုန်းမြေတိုက်ကြီးမှ ထွက်ခွာလာခဲ့၏။

ခြေလှမ်းများစွာ လှမ်းပြီးသောအခါ သူကျယ်ပြန့်လှသော ကျွန်းကြီးတစ်ကျွန်းဆီ ရောက်ရှိလာခဲ့သည်။ ထိုကျွန်းသည် ဤပင်လယ်တစ်ဝိုက်တွင် အကြီးမားဆုံးဖြစ်ကာ ကျင့်ကြံသူ ၅ သန်းကျော်နေထိုင်ပြီး အမြဲစည်းကားနေတတ်သည်။

ဤနေရာသည် အဓိပတိဂိုဏ်းနှင့် ဝေးလွန်းသောကြောင့် ကုအန် သူ့ကိုယ်သူလည်း ရုပ်ဖျက်မထားခဲ့ပေ။ မဟာယနကျင့်ကြံသူတစ်ယောက်ပင် ဤနေရာသို့ ရောက်ရှိရန် အချိန်များစွာယူရမည်ဖြစ်ပြီး လမ်းတစ်လျှောက် ပင်လယ်မိစ္ဆာများကလည်း ရှိနေသေးသည်။

ဒီနေရာတွင် သူ့ကို ဘယ်သူမှမှတ်မိမည် မဟုတ်ပေ။

ဤခရီး၏ ရည်ရွယ်ချက်မှာတော့ ဆေးပင်မျိုးစေ့များ ၀ယ်ရန် ဖြစ်၏။ သူ့ကမ္ဘာငယ်လေးထဲတွင် အဆင့် ၇ နှင့်အထက် ဆေးပင်များသာ စိုက်မည် ဖြစ်သည်။

All Chapters